← Chapters

လူသားတော်လှန်ရေး

Vol. 17 Ch. 238

လူသားတော်လှန်ရေး

Vol. 17 Ch. 238

အသူရာချောက်နက်တစ်ဖက်စွန်းသို့ နေဝင်သွားပြီ ဖြစ်သည်။

ဤနေရာတွင် အမှောင်ထုသာလျှင် ထာဝရတည်ရှိပြီး အချိန်မရှိ၊ လှုပ်ရှားတက်ကြွမှုလည်း မရှိချေ။ အဆုံးမဲ့အန္တရာယ်နှင့် တိတ်ဆိတ်မှုတို့သည်သာလျှင် ရှိ၏။

အသူရာချောက်နက် မည်မျှ နက်စောက်သည်ကို မည်သူမျှ မသိကြ‌ချေ။ မရေမတွက်နိင်သည့် အက်ကွဲကြောင်းများစွာ ရှိနေပြီး ယင်းအက်ကွဲကြောင်းများမှာ လွန်စွာရှုပ်ထွေးနေလေသည်။ မည်သည့်စူးစမ်းရှာဖွေသူမဆို အသူရာချောက်နက်၏ အောက်ခြေထိတိုင်အောင် မရောက်ရှိခဲ့ဖူးချေ။ လမ်းတစ်ဝက်မှာပင် သေဆုံးသွားခဲ့ကြသူချည်းပင် ဖြစ်သည်။

သို့သော်လည်း အသူရာချောက်နက်၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် ရုတ်တရက်ဆိုသလို အလင်းဖျော့ဖျော့တစ်ခု ထွန်းတောက်နေလေသည်။

ယင်းအလင်းရောင်သည် လောကတစ်ခွင် လွှမ်းခြုံထားပုံရပြီး လွန်စွာနူးညံ့သိမ်မွေ့လေသည်။ အကယ်၍ လူတစ်ဦးသည် ထိုအလင်းရောင်အား တိုက်ရိုက်ကြည့်မည်ဆိုလျှင် အပြိုင်ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသယောင် ခံစားရမည် ဖြစ်သည်။

များပြားလှသည့် စွမ်းအားကြီး နတ်ဆိုးယုတ်များ၊ မိစ္ဆာများအားလုံး နောက်ဆုတ်သွားကြသည်။ ထိုအလင်းရောင်အား ထိပ်တိုက်မကြည့်ဝံ့ကြချေ။

ထိုအလင်းရောင်အား အသူရာချောက်နက်၏ အောက်ခြေသို့ ယူဆောင်လာသူမှာ ငွေရောင်ဆံပင်ရှည်များရှိပြီး ကြယ်စင်ဝတ်စုံအား ဝတ်ဆင်ထားကာ အေးစက်သည့် မျက်နှာအမူအရာနှင့် လူတစ်ဦးဖြစ်သည်။ ထိုလူမှာ ကောင်းကင်ဘုံပိုင်နက်၏ အင်ပါယာတစ်ဦးဖြစ်သူ ကောင်းကင်အင်ပါယာ ကျိဝေ ဖြစ်လေသည်။ ထိုလူသည် အင်မော်တယ်မန္တန်များအားလုံးကို ကျွမ်းကျင်ပိုင်နိုင်သည်သာမက ကောင်းကင်နှင့်မြေပြင်၏ အဆီအနှစ် နှင့် စကြဝဠာကြီး၏ ကံတရားကိုပါ ထိန်းချုပ်နိုင်စွမ်းရှိသည်။

အင်ပါယာကျိဝေသည် အသူရာချောက်နက်ရှိ နေရာတစ်ခုသို့ ရောက်ရှိလာပြီးနောက်တွင် မျက်လုံးများမှိတ်ကာဖြင့် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေလေသည်။

အချိန်တဖြည်းဖြည်း ကုန်လွန်သွားပြီးနောက် ချောက်နက်အတွင်း တိတ်ဆိတ်မှုများသာ လွှမ်းခြုံနေလေသည်။

“ထွက်လာခဲ့။”

အချိန်အများအပြား ကုန်လွန်သွားပြီးသည့်နောက်တွင်မှ စကားပြောလိုက်သည်။

သူ၏အသံမှာ လေဟာနယ်အား ထိုးဖောက်ဖြတ်သန်းသွားပြီး အမှောင်ထုတစ်နေရာသို့ ရောက်ရှိသွားသည်။

အမှောင်ထုထဲတွင် လှိုင်းတွန့်လေးများ ဖြစ်ပေါ်လာသည်။

ကောင်းကင်အင်ပါယာ ကျိဝေ၏ အရှေ့တွင် အနက်ရောင်ပုံရိပ်တစ်ခု စတင်ထွက်ပေါ်လာပြီး အိပ်မက်မှ ဖြစ်တည်လာခြင်းဖြစ်သည်။ ထိုပုံရိပ်သည် တည်မြဲခြင်းနှင့် မတည်မြဲခြင်းတို့အကြား၌ တည်ရှိပြီး မျက်လုံးများသာ ပါရှိသည်။ ထိုမျက်လုံးများသည် ကြယ်စင်များကဲ့သို့ တောက်ပပြီး ယင်း၏တည်ရှိမှုအား သတ်မှတ်ပေးနေခြင်းလည်း ဖြစ်သည်။

“ညအကြီးအကဲ တံတားတွေကို ပြန်ရုတ်သိမ်းလိုက်တော့။” အင်ပါယာကျိဝေ အေးစက်စွာဖြင့် ဆိုသည်။

“အချိန်မကျသေးဘူး။” ထိုညအကြီးအကဲဟု ဆိုသူမှ ပြတ်သားစွာပြောသည်။

အင်ပါယာကျိဝေသည် ညအကြီးအကဲအား ခေတ္တမျှ စိုက်ကြည့်လိုက်ပြီးနောက် “ဒီလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် ပုရွက်ဆိတ်မျိုးနွယ်စုကို မျိုးဖြုတ်ပစ်ရလိမ့်မယ်။”

“ပုရွက်ဆိတ်မျိုးနွယ်စုကို မျိုးဖြုတ်ပစ်လိုက်မယ်ဆိုရင် ကောင်းကင်ဘုံပိုင်နက်က ငရဲမိစ္ဆာတွေကို စောင့်ရှောက်ပေးမှာလား။” ညအကြီးအကဲ ခေါင်းယမ်းလိုက်သည်။ “မင်းမလုပ်ရဲပါဘူးကွာ။”

ဝုန်း

အလင်းရောင် တဖြည်းဖြည်းချင်း ကျယ်ပြန့်လာပြီးနောက် ပတ်ပတ်လည်အား ပြင်းထန်စွာ တုန်ခါသွားစေသည်။ ထိုအလင်းတန်းသည် ယင်း၏လမ်းကြောင်းရှိ အရာအားလုံးအား ဝါးမျိုဖျက်ဆီးပစ်လိုက်သည်။ ကျောက်တုံးများ၊ နတ်ဆိုးယုတ်များ၊ ငရဲမိစ္ဆာများ နှင့် လေထု အပါအဝင် ယင်းနှင့်ထိတွေ့မိသမျှ အားလုံးကို သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်ကာ ပေသောင်းနှင့်ချီ၍ လွင်တီးခေါင်မြေအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

ထိုအရာအားလုံး၏ အလယ်တွင် ညအကြီးအကဲအား ရင်ဆိုင်နေသော အင်ပါယာ ကျိဝေ ရှိနေလေသည်။

ညအကြီးအကဲ၏မျက်နှာတွင် စိတ်ခံစားချက် စိုးစိမျှပင် ရှိမနေဘဲနှင့် သူ၏အရှေ့တွင်ရှိသည့် လူကိုသာ ကြည့်နေလေသည်။ “ပုရွက်ဆိတ်မျိုးနွယ်စုက အကြီးအကဲအသစ် လိုအပ်နေပြီ။ အဲဒါကြောင့် သုတ်သင်ပစ်ဖို့ လိုအပ်တာ။ မဟုတ်ရင် ကိုးပြည်ထောင်နိုင်ငံတော်က ဒီထက်ပိုပြီး ပေးဆပ်ရလိမ့်မယ်။”

အင်ပါယာကျိဝေ အေးစက်စွာဖြင့် ဟွန့်ခနဲ အသံပြုလိုက်သည်။ “အဲလိုလုပ်ဖို့ မလိုဘူး။ နွီဝါးအရှင်မက ကောင်းကင်ဘုံပိုင်နက်ဘက်မှာဆိုတာ မမေ့နဲ့။”

“နွီဝါးအရှင်မက လူသားတွေကို အမှန်တကယ် သဘောကျတာကြောင့် လူသားတွေ နေထိုင်ဖို့ ဂြိုဟ်တစ်ခု ဖန်တီးပေးဖို့အတွက် ဝေးလံတဲ့အရပ်ကို ထွက်ခွာသွားခဲ့တယ်။ ဒါပေမဲ့လည်း သူမက လူသားမဟုတ်ဘူးလေ။”

“ဒီကပ်ဘေးက ကုန်းမြေကြီးတစ်ခုလုံးရဲ့ တုံ့ပြန်မှုကနေ ဖြစ်လာတာ။ အဓိကကပ်ဘေးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် အရှင်မရဲ့ ဆုံးဖြတ်ချက်က ဘာလဲဆိုတာ မင်းသိမယ်လို့ ငါထင်တယ်။”

“ဒီလိုအသေးအဖွဲလေးကိုတောင် မစွန့်လွှတ်နိုင်ဘူးဆိုရင် ဒီလောကထဲမှာ ဘယ်လိုမျိုး ဆက်နေနိုင်ဖို့ မျှော်လင့်နေသေးတာလဲ။”

ညအကြီးအကဲ၏ စကားများသည် မနှေးမမြန်ဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။ စကားလုံးတိုင်း စာကြောင်းတိုင်းသည် နားထောင်သူအား သိမ်းသွင်းနေပုံရသည်။

အင်ပါယာကျိဝေသည် မျက်လုံးများမှိတ်လိုက်ပြီး ဖိနှိပ်ထားသည့် အလင်းရောင်မှာလည်း တဖြည်းဖြည်းချင်း မှေးမှိန်ဖျော့တော့လာသည်။

အမှောင်ထုအား လှည့်ကြည့်လိုက်ပြီးနောက် သာမန်လူတစ်ဦးကဲ့သို့ ထွက်ခွာသွားလေသည်။

“ပုရွက်ဆိတ်မျိုးနွယ်စုရဲ့ အကြီးအကဲကို ကျွေးမွေးဖို့အတွက် လူသားတွေရဲ့ အသွေးအသားတွေကို ယစ်ပူဇော်နေရတာကို ငါရပ်ကြည့်မနေနိုင်ဘူး။”

အင်ပါယာကျိဝေသည် ထိုသို့ပြောပြီးနောက် သူ၏ခန္ဓာကိုယ်မှာ အမှောင်ထုအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

အသူရာချောက်နက်အတွင်းရှိ ပုရွက်ဆိတ်မျိုးနွယ်စုစစ်တပ်၏ ဒုတိယအသုတ်သည် ပြင်းထန်စွာ စုစည်းလျက်ရှိပြီး လူသားကျင့်ကြံသူများ တည်ဆောက်ထားသည့် အရံအတားများထံသို့ ဦးတည်လျက်ရှိလေသည်။

တံတားအချို့အား ကောင်းစွာမကာကွယ်နိုင်ခဲ့သဖြင့် ခံစစ်ကျိုးပေါက်သွားကာ ပုရွက်ဆိတ်မျိုးနွယ်စု ဝင်ရောက်လာနိုင်ခဲ့ကာ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးအား ဝါးမျိုစားသောက်ပစ်ကာ လူသားကျင့်ကြံသူများသည် ပုရွက်ဆိတ်ပင်လယ်အတွင်းသို့ နစ်မြုပ်သွားကြရသည်။

ဝမ်အင်မော်တယ်တောင်ကြားဂိုဏ်းတွင် ကောင်းကင်နှင့်မြေပြင်မှ စွမ်းအင်များအား စုဝေးစေမည့် စွမ်းအင်စုဆုံခြင်းဝင်္ကပါတစ်ခု ခင်းကျင်းထားပြီး ကျင့်ကြံသူများအားလုံးကို ဝင်္ကပါအတွင်း ထည့်သွင်းထားသည်။

တောင်ကြီးတစ်လုံး၏ထိပ်တွင် ရပ်ကာဖြင့် အောက်ခြေရှိ ပုရွက်ဆိတ်များအား အညှာအတာ ကင်းမဲ့စွာဖြင့် အင်မော်တယ်မန္တန်များ အသုံးပြုနေလေသည်။

ဤတောင်သည် အလယ်အလတ်အဆင့်ရှိ စိတ်ဝိညာဉ်ပစ္စည်းမှ ဖန်တီးထားြင်းဖြစ်ကာ အလွန်မာကြောပြီး ပုရွတ်ဆိတ်သွားများ ထိုးမဖောက်နိုင်ပေ။

တောင်ခြေတွင် ပုရွက်ဆိတ် အသေကော်များ တောင်လိုပုံနေပြီး သွေးချောင်းစီးလျက်ရှိသည်။

တစ်ချိန်တည်းမှာပင် ပုရွက်စိတ်များသည် တောင်ပေါ်သို့ လှိုင်းများသဖွယ် အထပ်ထပ် ထပ်ကာဖြင့် တက်ရောက်ရန်ကြိုးစားနေကြလေသည်။

ဤအနက်ရောင်ကောင်များ တောင်ထပ်သို့ ရောက်ရှိလာမည်ဆိုလျှင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများမှအပ ကျန်သူအားလုံး သေဆုံးသွားကြမည်ဖြစ်သည်။

လျှိုစုစုသည် ရွှေရောင်ဓားအား ကိုင်ဆောင်ကာဖြင့် အောက်ခြေတွင်ရှိသည့် ပုရွက်ဆိတ်များအား ခုတ်ပိုင်းနေလေသည်။ သူမသည် တာအိုခန္ဓာ အဆင့် ၅ သာလျှင် ရှိနေသေးသည့်အတွက် စွမ်းအင်စုဆုံဝင်္ကပါ၏ အကူအညီနှင့်ပင်လျှင် သူမ၏ ဓားခုတ်ချက်များသည် ပုရွက်ဆိတ်ကြီးများ၏ ဦးခေါင်းအား သေးငယ်သည့် ခြစ်ရာများ ထင်ကျန်စေရုံမှအပ မစွမ်းဆောင်နိုင်ချေ။

သို့တိုင်အောင် သူမသည် အံတင်းတင်းကြိတ်ကာဖြင့် ဓားရှည်အား ဆက်လက်ဝှေ့ယမ်းနေဆဲ ဖြစ်သည်။

သူမ၏ မိသားစုဝင်များသည် ပုရွက်ဆိတ်များ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ရသည်။ ဆရာကြီး အန်လင်းသည် သူမအား ဓားရှည်တစ်ချောင်းလက်ဆောင်ပေးခဲ့သည်။ ထိုအကြောင်းများအား စဉ်းစားမိတိုင်း သူမသည် စိတ်ပျက်အားလျော့သွားခြင်း မရှိဘဲ တတ်စွမ်းသလောက် ကြိုးစားကာ တိုက်ခိုက်နေလေသည်။

အနက်ရောင်လှိုင်းများ တရိပ်ရိပ် မြင့်တက်လာနေပြီး များမကြာမီအချိန်တွင် သူမသည် ပုရွက်ဆိတ်များကြောင့် သေကြေပျက်သုန်းရပေတော့မည်။

လျှိုစုစု၏ နူးညံ့ညံ့မျက်နှာလေးတွေ နောင်တတရားတို့ ထင်ဟပ်လာသည်။ ဆရာကြီးအန်လင်း၏ ဓားအား ဖြုန်းတီးမိလေပြီ။

အကြီးဆုံးသော မြူခိုးနက်တံတားတွင် ပုရွက်ဆိတ်များ ပြင်းထန်စွာ တိုက်စစ်ဆင်နေကြလေသည်။

မြေပြင်တွင် အနက်ရောင်ပုရွက်ဆိတ်များ ပြည့်နှက်နေသည်သာမက ကောင်းကင်မှ ပုရွက်ပျံများသည်လည်း ကျိုင်းကောင်များ ကျူးကျော်လာသကဲ့သို့ သိပ်သည်းလွန်းလှသည်။

ကောင်းကင်ဘုံပိုင်နက်၏ ခံတပ်တည်ရှိရာ နေရာသည် ပင်လယ်နက်အတွင်းရှိ လှိုင်းများအလယ်မှ ကျောက်တုံးကြီးနှင့်တူနေပြီး ပုရွက်ဆိတ်အများအပြားအား ခုခံတွန်းလှန်နေလေသည်။

အင်မော်တယ်မန္တန်အများအပြားသည် ပုရွက်ဆိတ်များအပေါ်သို့ မိုးပေါက်များကဲ့သို့ ကျဆင်းလျက်ရှိပြီး ပုရွက်ဆိတ်တပ်မ၏ စုစည်းတိုက်ခိုက်မှုကြောင့် ရွှေရောင်မြို့ရိုးမှာလည်း တုန်ခါလျက်ရှိသည်။ ပုရွက်ပျံများသည် ကောင်းကင်တွင် ပျံသန်းကာဖြင့် ကျင့်ကြံသူများအား အညှာအတာမရှိ သတ်ဖြတ်နေကြပြီး မည်သည့်ကျင့်ကြံသူကိုမဆို အစွယ်များဖြင့် ထိုးစိုက်သတ်ဖြတ်ကာ ခံစစ်မျဉ်းအား ထိုးဖောက်လျက်ရှိသည်။

ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာများသည်ပင်လျှင် စွမ်းအင်ကုန်ခမ်းကာ ထိခိုက်ဒဏ်ရာ ရရှိကြသည်။ ပုရွက်ဆိတ်အရေအတွက် များပြားလွန်းသည့် အတွက်ကြောင့်ပင်။ ထိုပုရွက်ဆိတ်များမှာ မတောမသတ်နိုင်လောက်အောင် များပြားလှသော်လည်း ကျင့်ကြံသူများမှာမူ အင်မော်တယ်မန္တန်များအား ဆက်တိုက်အသုံးမပြုနိုင်ပေ။

ကျောင်းသားထောင်ပေါင်းများစွာ၏ စိတ်ထဲတွင် သူတို့၏ ဝင်္ကပါမှာ အချိန်မရွေး ပြိုကျသွားတော့မည်ဟု ခံစားနေကြရသည်။

ဤကဲ့သို့သော တိုက်ပွဲမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ဖူးခြင်း မရှိကြချေ။ လူသေအလောင်းများသည် တောင်တစ်လုံးတစ်ဖွယ် ရှိနေပြီး သွေးချောင်းစီးလျက် ရှိကာ မြေပြင်အား အရောင်မျိုးစုံဖြင့် ဆေးခြယ်ထားကြလေသည်။ သေဆုံးမှုများ ပိုမိုများပြားလာလေသည်။ ဤအခြေအနေမျိုးတွင် သူတို့ဩ အာရုံစိုက်နိုင်စွမ်း ဆုံးရှုံးသွားမည် ဆိုပါက ပုရွက်ပျံများကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားရပေလိမ့်မည်။

မရပ်တံ့နိုင်ကြချေ။ မရပ်တံ့ရဲကြချေ။ စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးလုံးအား သောက်သုံးကာ စွမ်းအားဖြည့်အချိုရည်များ သုံးစွဲခြင်းဖြင့် အသိစိတ်ရှိရှိဖြင့် ဆက်လက်တိုက်ပွဲဝင်နေကြသည်။ ဤတိုက်ပွဲ၏ ဆင့်ကဲဖြစ်စဉ်အား ခံစားရပေလိမ့််မည်။ သို့တည်းမဟုတ် ထာဝရအိပ်စက်ခြင်းသို့ ရောက်ရှိသွားပေလိမ့်မည်။

ဝမ်အင်မော်တယ်တောင်ကြားဂိုဏ်း၏ ခံစစ်ကြောင်း။

ပုရွက်ဆိတ်မျိုးနွယ်စုသည် တောင်ထိပ်သို့ အောင်မြင်စွာ ရောက်ရှိလာခဲ့ကြကာ သူတို့၏ပါးစပ်များကို ကျယ်လောင်စွာ ဖွင့်ဟကာဖြင့် လူသားများထံသို့ ပြေးဝင်သွားကြလေသည်။

လျှိုဟူသည် လျှိုစုစုအား သူ၏နောက်တွင်ထားလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ ထိန်းချုပ်မရနိုင်လောက်အောင် တုန်ယင်နေလေသည်။

သိ့သော်လည်း ထိုအချိန်မှာပင် ပုရွက်ဆိတ်တပ်မကြီးသည် ရုတ်တရက်ဆိုသလို ရပ်တံ့သွားကြလေသည်။

သူတို့၏မျက်လုံးများ ဆုံချက်မဲ့နေပြီး ခန္ဓာကိုယ်များသည်လည်း အသက်မဲ့သည့် အရုပ်များသဖွယ် ဖြစ်လာသည်။

ဘုန်း

ပုရွက်ဆိတ်များ တောင်ထိပ်သို့ ရောက်ရှိလာသည့်တိုင်အောင် ကျင့်ကြံသူများသည် ရပ်တံ့ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်လျက်လျက်ရှီကြသည်။

ပုရွက်ဆိတ်များ မည်သည့်ကြောင့် ရပ်တံ့သွားရခြင်းကို မတွေးနိုင်ခင်မှာပင် ထိုပုရွက်ဆိတ် တပ်မသည် နောက်တစ်ဖန် ရွေ့လျားလာကြပြန်သည်။

ကျင့်ကြံသူများအားလုံးသည် စိုးရိမ်ပူပန်လာကြပြီး အင်မော်တယ်မန္တန် အများအပြား အသုံးပြုကြလေသည်။

ထိုအခိုက်အတံ့မှာပင် ပုရွက်ဆိတ်မျိုးနွယ်စု၏ ဖွဲ့စည်းပုံ ပြိုလဲသွားလေသည်။ ကနဦးတွင် သူတို့၏ အဆင့်အတန်းများအား လမ်းကြောင်းရှာနိုင်ခြင်း၊ ကြိုးစားအားထုတ်မှုရှိခြင်းတို့ဖြင့် အစီအစဉ်ကျနစွာ စီစဉ်ထားခြင်းဖြစ်သည်။ သို့သော်လည်း ပုရွက်ဆိတ်မျိုးနွယ်စုသည် ရုတ်တရက်ဆိုသလို ဖရိုဖရဲဖြစ်ကာ အစီအစဉ်မကျတော့ချေ။ ဦးတည်ရာမဲ့ လျှောက်သွားလျက်ရှိကြပြီး အချို့ပုရွက်ဆိတ်များသည် မျိုးနွယ်တူချင်း ပြန်လည်ကာ ဝါးမျိုစားသောက်နေလေသည်။

ကျင့်ကြံသူအားလုံးတို့သည် ပါးစပ်အဟောင်းသားဖြစ်ကာဖြင့် ထိုပုရွက်ဆိတ်တပ်မအား ကြည့်နေမိကြသည်။

“ဘာတွေ ဖြစ်နေတာတုန်း။ သူတို့တွေ ရူးသွားကြတာလား။”

လျှိုစုစု၏ မျက်လုံးတောက်တောက်လေးများမှာ မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်လျက်ရှိလေသည်။

ပုရွက်ဆိတ်မျိုးနွယ်စုမှာ အမှန်တကယ်ကိုပင် အလွန်အမင်း ရက်စက်ကြမ်းတမ်းကြလေသည်။ သို့သော်လည်း သူတို့အချင်းချင်း သတ်ဖြတ်စားသောက်ခြင်းကိုမူ ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ပုရွက်ဆိတ်များသည် တောင်ပေါ်ရှိ ကျင့်ကြံသူများအား တိုက်ခိုက်ခြင်းမပြုကြတော့သော်လည်း ကျင့်ကြံသူများသည် သူတို့၏တိုက်ခိုက်မှုများအား ရုတ်သိမ်းခြင်းမပြုကြချေ။

မြို့ရိုးထိပ်တွင် ကောင်းကင်ဘုံပိုင်နက်၏ ခံစစ်ကြောင်းတွင် ပုရွက်ဆိတ်တပ်မ ပြိုကွဲသွားသည်ကို မြင်လိုက်သည့်အခါ ရွှင်မြူးဝမ်းမြောက်စွာဖြင့် အောင်ပွဲခံနေကြလေသည်။

ပုရွက်ဆိတ်ဘုရင်မသည် ပုရွက်ဆိတ်တပ်မတစ်ခုလုံးအား နောက်ကွယ်မှနေ ထိန်းချုပ်နေခြင်း ဖြစ်သည်။ ထိုပုရွက်ဆိတ်များ တပ်ပျက်သွားရသည့် အကြောင်းအရင်း တစ်ခုတည်းသာလျှင် ရှိသည်။ ယင်းမှာ ပုရွက်ဆိတ်ဘုရင်မ သေဆုံးသွားခြင်းကြောင့်ပင်။ ပုရွက်ဆိတ်ဘုရင်မအား သတ်ဖြတ်ရမည့် တာဝန် အောင်မြင်သွားပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူတို့အားလုံးတို့သည် ပုရွက်ဆိတ်မျိုးနွယ်စုအား စတင်သတ်ဖြတ်လေတော့သည်။

***

All Chapters