အတူတကွ ခွေးစီးနင်းခြင်း
Vol. 17 Ch. 240
ဝမ်တောင်ကြားအင်မော်တယ်ဂိုဏ်း၏ ခံစစ်နေရာတွင် လျှိုစုစုသည် သဲဖြူနယ်မြေအား ဗလာမျက်လုံးများဖြင့် ကြည့်နေမိသည်။
သူမ၏ခါးတွင် ပတ်တီးစီးထားကာ ထိုဒဏ်ရာမှ သွေးများစိမ့်ထွက်လျက်ရှိသည်။ ဤဒဏ်ရာသည် ပုရွက်ဆိတ်မျိုးနွယ်စုအား ရင်ဆိုင်တိုက်ခိုက်ခဲ့ချိန်တွင် ရရှိလာခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင် မြူခိုးနက်တံတားများ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ကောင်းကင်ဘုံပိုင်နက်မှ ရရှိသည့် အချက်အလက်များအရ တိုက်ပွဲပြီးဆုံးသွားပြီဟု ဆိုလေသည်။
သူမတို့သားအဖ ထွက်ခွာဖို့အချိန် ရောက်ရှိလာပြီ ဖြစ်သည်။
သစ်ရွက်နီမြို့သည် မြို့သေတစ်ခု ဖြစ်သွားလေပြီ။ ထို့ကြောင့် ထိုနေရာသို့ ပြန်သွားရန် မဖြစ်နိုင်တော့ချေ။ ထိုသို့ဆိုလျှင် မည်သည့်နေရာသို့ သွားကြရမည်နည်း။
ပုရွက်ဆိတ်မျိုးနွယ်စုအား တိုက်ထုတ်ပြီးသည့်နောက်တွင် သူမတို့ သားအဖသည် မိသားစုအတွက် လက်စားချေနိုင်ခဲ့ပြီး ရည်မှန်းချက် ပြည့်ဝခဲ့ကြသည်။ သို့သော်လည်း ဘာဆက်လုပ်ရမည်ကို မသိကြချေ။
သူမသည် ဓားရှည်တစ်လက်အား ကိုင်ဆောင်ထားပြီး သူမ၏မျက်နှာတွင် စိုးရိမ်ပူပန်မှု စိတ်ရှုပ်ထွေးမှုတို့ ယှက်သန်းနေလေသည်။
အချိန်အတော်ကြာပြီးသည့်နောက်တွင် ကောင်းကင်မှ ပုံရိပ်တစ်ခု ဆင်းသက်လာသည်။
လျှိုစုစု ခေါင်းမော့လိုက်သည့်အခါ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တုန်ယင်သွားပြီး မကောင်းသည့်ခံစားချက်များ ပျောက်ကွယ်သွားလေသည်။ “ဆရာကြီး အန်လင်း”
“အေး လျှိုစုစု” အန်လင်းမှာ သဘောကောင်းသည့် အမူအရာနှင့်ဖြစ်နေဆဲပင်။
သူနှင့်အတူ အလွန်လှပသည့် အမျိုးသမီးတစ်ဦး လိုက်ပါလာသည်ကို မြင်တွေ့လိုက်ရသည်။
ကျက်သရေရှိ တင့်တယ်မှုများနှင့် ထိုအမျိုးသမီးသည့် ကြည့်ရှုနေကြသူများ၏ ချစ်ခင်လေးစားမှုများအား ဆွဲဆောင်ထားလေသည်။
“ဟားဟား အန်လင်းရေ နင်က ဆရာကြီးဖြစ်သွားပြီလား။” ထိုအမျိုးသမီးသည် အန်လင်းအား လက်ဖြင့်ပုတ်လိုက်ပြီးနောက် နှစ်လိုဖွယ်ကောင်းသည့် အပြုံးတစ်ခု ချိတ်ဆွဲထားလေသည်။
“အဟမ်း အဲဒါလေးကို ကျော်သွားလိုက်ပါနော်။” အန်လင်းသည် လေသံဖြင့်ပြောလိုက်ပြီးနောက် သူမတို့နှစ်ဦးအား မိတ်ဆက်ပေးလိုက်သည်။ “ဒါက ငါ့ရဲ့သူငယ်ချင်း စုရှောင်လန် ဒါကတော့ လျှိုစုစုတဲ့။ သစ်ရွက်နီမြို့မှာတုန်းက တွေ့ခဲ့တာပေါ့။”
“ဆရာမ စုရှောင်လန်ကို နှုတ်ဆက်ပါတယ်။” လျှိုစုစုသည် လေးစားစွာဖြင့် နှုတ်ဆက်လေသည်။
သူမသည်လည်း ဆရာမဟု ခေါ်ဆိုခံရမည်ဟု မမျှော်လင့်ထားသည့်အတွက် အနည်းငယ် အံ့အားသင့်သွားလေသည်။ ထို့နောက်တွင် ခေါင်းညိတ်ကာဖြင့် “မင်္ဂလာပါ လျှိုစုစုရေ။”
လျှိုစုစု၏ ခါးတွင်ရှိသည့် ဒဏ်ရာအား သတိထားမိသည့်အတွက် အန်လင်းသည် သွေးဝိညာဉ်ဆေးလုံးတစ်လုံး ကမ်းပေးလိုက်သည်။
“ရော့ စားလိုက်။”
“ကျွန်မ အဆင်ပြေပါတယ် ဆရာကြီး အန်လင်း။ ဒဏ်ရာကို သေချာဂရုစိုက်ပြီးပါပြီ။ ရက်နည်းနည်းကြာရင် ပြန်ကောင်းသွားပါလိမ့်မယ်။”
“နင်ပြောသလိုလည်းလုပ် အခုတော့ ဒါကို စား”
“ဟုတ်ကဲ့”
လျှိုစုစုသည် ဆေးလုံးအား ယူလိုက်ပြီးနောက် အန်လင်း၏ အမူအရာအားကြည့်လိုက်သည်။ ထို့နောက်တွင် သူမ၏ အောက်နှုတ်ခမ်းအား ဖိကိုက်လိုက်ပြီးနောက် အန်လင်း ပြောသည့်တွင်း ဆေးလုံးအား သုံးစွဲလိုက်သည်။
“နင့်အဖေ ဘယ်မှာလဲ။”
“လက်နက်သွန်းတဲ့စခန်းမှာပါ။ သံချပ်ကာတစ်စုံ သွန်းလုပ်ချင်တယ်လို့ ပြောပါတယ်။”
“အိုး.. ငါသိပြီ။” အန်လင်းခေါင်းညိတ်ကာဖြင့် ပြုံးလိုက်သည်။ “တိုက်ပွဲက ပြီးသွားပြီဆိုတော့ ရှေ့ဆက်ပြီး ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ။”
လျှိုစုစု ခေါင်းခါလိုက်ပြီးနောက် “ကျွန်မ မသိဘူး။”
“နင်တို့ရဲ့အိမ်ကော အင်မော်တယ်ဂိုဏ်းကော မရှိတော့ဘူးလေ။ ဝမ်တောင်ကြားအင်မော်တယ်ဂိုဏ်းကို ဝင်မယ်ဆိုရင်ကော။” အန်လင်းသည် မေးအားပွတ်ကာဖြင့် အကြံပေးလေသည်။
လျှိုစုစုသည် မျက်လုံးများ ပြူးကျယ်လာပြီးနောက် “ဟင် ဒါပေမဲ့လည်း ကျွန်မတို့ သားအဖက စွမ်းရည်နည်းပါးတယ်လေ။”
“ကိစ္စမရှိဘူး။ အနောက်တံခါးက ဝင်ကြတာပေါ့။”
လျှိုစုစု : “…”
စုရှောင်လန် : “…”
ဤသို့ဖြင့် သူတို့သည် ဝမ်တောင်ကြားအင်မော်တယ်ဂိုဏ်း၏ အကြီးအဲဖြစ်သူ ကျိယန်လင်နှင့် တွေ့ဆုံကြလေသည်။
လွန်ခဲ့သည် တစ်နှစ်က တွေ့ဆုံခဲ့ပြီးနောက်တွင် ကျိယန်လင်သည် သိသိသာသာ ရင့်ကျတ်လာခဲ့သည်။ သူမသည် အနည်းငယ် သေးသွယ်ကာ ပိန်ပါးပါးဖြစ်နေသော်လည်း သူမ၏ မျက်လုံးများထဲမှ တက်ကြွမှုနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုတို့သည် လုံခြုံမှုနှင့် ယုံကြည်စိတ်ချရမှုတို့အား ပေးစွမ်းလေသည်။
အန်လင်းနှင့် စုရှောင်လန်အား မြင်တွေ့လိုက်သည့်အခါ သူမ၏မျက်နှာတွင် ပျော်ရွှင်မှုများ သိသိသာသာ ထင်ဟပ်လာသည်။
အသူရာချောက်နက်အတွင်း ဘေးချင်းယှဉ်ကာ တိုက်ခိုက်ခဲ့ကြသည့် ရဲဘော်ရဲဘက်များ ဖြစ်ကြသည့်အတွက် သူတို့သည် ရင်းနှီးဖော်ရွေစွာ စကားပြောဆိုကြလေသည်။
အန်လင်းသည် လျှိုဟူနှင့် လျှိုစုစုတို့ ဝမ်တောင်ကြားအင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်ခွင့်ရရှိရန် တောင်းဆိုလိုက်သည့်အခါ ကျိယန်လင်သည် တစ်စက္ကန့်မျှပင် တုံ့ဆိုင်းခြင်းမရှိ သဘောတူလေသည်။ အနောက်တံခါးအား ချောချောမောမော ဖွင့်လှစ်ပေးထားခြင်း ဖြစ်လေသည်။ ရုတ်တရက်ဆန်သည့် ကံကြမ္မာအပြောင်းအလဲကြောင့် လျှိုစုစုမှာ ကြောင်အနေမိပြီးနောက်တွင် မျက်ရည်များစီးကျကာဖြင့် ဒူးထောက်အရိုအသေပေးလေသည်။ မည်သူ့အား ကျေးဇူးတင်ရမည်ကို မသိသည့်အတွက် လူတိုင်းအား ကျေးဇူးတင်ကြောင်း ဖော်ပြနေလေသည်။
ဤနေ့ထိတိုင်အောင် ကျိယန်လင်သည် အလင်းရောင်တောက်ပခြင်းမရှိတော့သည့် ကျောက်မျက်အား ဝတ်ဆင်ထားဆဲဖြစ်သည်။ သူမ၏မှတ်ဉာဏ်ထဲတွင် စွဲထင်စွာ မှတ်မိစေလိုခြင်း ဖြစ်သည်။ သို့သော်လည်း ယင်းမှာ ကျန်းမာရေးအတွက် မကောင်းပေ။ သူတို့၏ စကားဝိုင်းမှတဆင့် သူမ၏ ဝမ်းနည်းပူဆွေးမှုတို့အား ဖြတ်ကျော်နိုင်ခဲ့ပြီကို အန်လင်းသတိပြုမိသည်။ ယင်းမှာ ဝမ်လု တွေ့မြင်လိုသည့် အရာ ဖြစ်လေသည်။
ပြန်ဆုံစည်းပြီးသည့်နောက်တွင် အန်လင်းတို့သည် ထွက်ခွာရန် အဆင်သင့်ဖြစ်နေလေပြီ။
“နေ့တိုင်း နေ့တိုင်း ကြိုးကြိုးစားစား ကျင့်ကြံပြီး တိုးတက်အောင်လုပ်။” အန်လင်း လက်ပြနှုတ်ဆက်ကာ နှုတ်ဆက်စကားဆိုလိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာကြီးအန်လင်း။ အကောင်းဆုံး ကြိုးစားပြီး တစ်နေ့ပြန်ဆုံကြပါမယ်။” လျှိုစုစု အလေးအနက်ခေါင်းညိတ်လိုက်သည်။
လေထဲတွင် ပျံသန်းနေရင်း စုရှောင်လန်သည် သိချင်စိတ်အား ထိန်းမထားနိုင်တော့ပေ။ “ရိုးရိုးသားသား ပြောစမ်းပါ။ လျှိုစုစုအပေါ် ဘာလို့များ ဒီလောက်တောင် ကြင်နာနေရတာလဲ။”
“ဘာလို့လဲဆို အစ်ကိုကြီးအန်က သူမကို သူ့ရဲ့ မောင်းမဆောင်ထဲ ထည့်ချင်လို့ပေါ့။” တပိုင် တက်ကြွစွာဖြင့် ဖြေလေသည်။
ဖြောင်း
တပိုင်မှာ ချက်ချင်းဆိုသလို အရိုက်ခံလိက်ရသည်။
အန်လင်းသည် ထိုမေးခွန်းအား ခေတ္တမျှ စဉ်းစားပြီးသည့်နောက် “အင်း ဘာလို့လဲဆိုတော့ သူမက ငါ့ကို ဆရာကြီး လို့ ပထမဦးဆုံး ခေါ်တဲ့သူ မို့လို့ပဲ။”
လျှိုစုစုသည် အန်လင်းထွက်ခွာသွားသည့် ပုံရိပ်အား မြေပြင်မှ ကြည့်နေမိပြီး မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည့်တိုင်အောင် အချိန်အတော်ကြာ ကြည့်နေမိလေသည်။
…
…
နှစ်ဆုံးစာမေးပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။ ကောင်းကင်ဘုံပိုင်နက်အား သတင်းမပို့ခင် ၁၀ ရက်ခန့် အနားယူလိုက်ရသည်။ ထို့နောက်တွင် အားလပ်ရက် တစ်လ ရရှိလာလေသည်။
ကောင်းကင်မြစ်ပြည်နယ်၏ စီရင်စုအတွင်း၌ လူများပျားပန်းခပ် လှုပ်ရှားသွားလာနေကြသည်။
စုရှောင်လန်နှင့်အတူ အန်လင်းသည် တပိုင်၏ ကျောပေါ်တွင် စီးနင်းကာဖြင့် ဦးတည်ရာမဲ့ လျှောက်သွားနေကြလေသည်။
အန်လင်းအတွက် ခွေးစီးနင်းရင်း ဈေးဝယ်ထွက်ခြင်းမှာ အကျင့်တစ်ခုလိုပင် ဖြစ်နေလေပြီ။ သို့သော်လည်း စုရှောင်လန်မှာမူ သားရဲစီးနင်းဖူးခြင်း မရှိသဖြင့် ဘေးတွင်သာ ခြေကျင်လျှောက်ကာဖြင့် လိုက်ပါလာသည်။ ထိုအချက်မှာ အနည်းငယ် အားတုံ့အားနာ ဖြစ်ရသည်။
“ရှောင်လန်ရေ ဒီကိုလာပြီး စီးပါလား။” အန်လင်းသည် တပိုင်၏ကျောအား ပုတ်ပြလိုက်သည်။
“ဟမ် အဲလိုရလား။” စုရှောင်လန်၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တောက်ပလာသည်။
အန်လင်းမှာ အူလှိုက်သည်းလှိုက် ရယ်မောကာဖြင့် “ရတာပေါ့။”
တပိုင်သည်လည်း သဘောတူကြောင်းပြသည့်အနေဖြင့် အမြီးလှုပ်ပြလေသည်။
စုရှောင်လန်သည် တပိုင်၏ကျောပေါ်သို့ ခုန်တက်လိုက်ပြီးနောက် နူးညံ့နွေးထွေးသည့် အမွေးများအား ထိတွေ့လိုက်သည်။ “တပိုင်ရေ ငါက နင့်ကို အမြဲတမ်း စီးချင်ခဲ့တာ သိလား။”
တပိုင်သည် မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီးနောက် “ကျွန်တော်ကလည်း နတ်မိမယ် ရှောင်လန်ကို သယ်ဆောင်ပေးချင်နေတာပါခင်ဗျ။ ဝုတ်”
အန်လင်း : “…”
စုရှောင်လန် : “တပိုင်က ပုံမှန်မဟုတ်ဘူးထင်တယ်။ လမ်းလျှောက်လိုက်တာပဲ ကောင်းပါတယ်။”
“မဟုတ်ပါဘူး။ တပိုင်က သန့်ရှင်းပြီး ဖြူစင်ပါတယ်။ ငါအာမခံတယ်။” အန်လင်းမှာ ချက်ချင်းဆိုသလို တပိုင်အတွက် အာမခံလိုက်လေသည်။
“ကျွန်တော်က ချင်ဟွာကိုပဲ ချစ်တာပါ။ ဝုတ်”
စုရှောင်လန်မှာ မကျေမနပ်ဖြင့် နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်သည်။ တပိုင်နှင့် အန်လင်းတို့၏ ဗြောင်လိမ်နေမှုအား လုံးဝ မယုံကြည်နိုင်ပေ။ သို့သော်လည်း သူမသည် တပိုင်အပေါ်မှ ဆင်းလိုစိတ် မရှိပေ။
သူတို့နှစ်ဦးသည် တပိုင်အား စီးနင်းကာဖြင့် ဈေးလမ်းများအတွင်း လှည့်လည်သွားလာနေကြလေသည်။
စုရှောင်လန်သည် တပိုင်၏ အမွေးများအား လက်ဖင့်ဆုတ်ကိုင်လက်မိပြီးနောက် မသင့်တော်ဘူး ခံစားမိသည့်အတွက် အန်လင်း၏ အင်္ကျီစကိုသာလျှင် ဆုပ်ကိုင်လိုက်လေသည်။
အန်လင်းမှာ အလွန်အမင်း ကျေနပ်ပီတိဖြစ်သွားပြီး “ငါအရင်က ရိုဆန်တဲ့ သိုင်းဝတ္ထုတွေ ဖတ်ဖူးတယ်။ အဲဒီထဲမှာဆို သူရဲကောင်းတွေက သူတို့ရဲ့ ချစ်သူနဲ့အတူ မြင်းစီးကြတာကို အမြဲမြင်နေရတာ။ ငါလည်း တစ်နေ့ကျ အဲလိုလုပ်နိုင်ရမယ်လို့ စိတ်ကူးထားခဲ့တယ်။”
“အခုတော့ ငါ့ရဲ့အိပ်မက်တွေက အမှန်ဖြစ်လာပြီ။ ခွေးစီးနေရတယ် ဆိုပေမဲ့လည်းပေါ့နော်။ အဆင့်အတန်းကတော့ နည်းနည်းကျဆင်းသွားတာပေါ့။ ဒါပေမဲ့လည်း နတ်မိမယ်ချစ်သူလေးနဲ့ အစားထိုးလိုက်ပြန်တော့လည်း ပြန်ပြီးမြင့်တက်သွားပြန်ရော။”
တပိုင်မှာ ချက်ချင်းဆိုသလို ဒေါသတကြီး ဆန္ဒပြတော့သည်။ “ဝုတ် အရမ်းများသွားပြီ။ ဘာလို့များ မင်းရဲ့ ညီအစ်ကိုကို မိန်းမတစ်ယောက်အတွက်နဲ့ စော်ကားရက်ရတာလဲ။”
စုရှောင်လန်မှာ မည်သည့်စကားမျှ မဆိုသော်လည်း ခေါင်းမော့ကာဖြင့် ပြုံးလိုက်သည်။ သူမသည် ကြွေရုပ်သဏ္ဌာန် ရုပ်ရည်သွင်ပြင်နှင့် မျက်လုံးလေးများ မှေးကျဉ်းကာဖြင့် နေရောင်အောက်တွင် စိတ်အေးချမ်းသာစွာ ရှိနေပုံပင်။
သူမ၏ လက်များသည် အန်လင်း၏ အင်္ကျိအား ဆုပ်ကိုင်ထားပြီး ရုတ်တရက်ဆိုသလို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။
ခန့်ညားချောမော့သည့် အမျိုးသားတစ်ဦးနှင့် အလွန်လှပသည့် အမျိုးသမီးလေးတစ်ဦးတို့သည် ကြီးမားလှသည့်ခွေးကြီးအား စီးကာဖြင့် တစ်ချိန်တည်းမှာပင် နှစ်လိုဖွယ်ကောင်းပြီး တင့်တယ်နေလေသည်မှာ ပျားပန်းခပ်တမျှ စီကားလှသည့် ဈေးလမ်းများထဲတွင် ထူးခြားသည့်မြင်ကွင်းအား ပေးစွမ်းနေလေသည်။
ခွေး၏နောက်ကျောပေါ်တွင် လိုက်ပါလာခဲ့သည့် စုရှောင်လန်နှင် အန်လင်းတို့မှာ ထို့နေ့ ထိုနေရာကို ဖြတ်သန်းသွားလာကြသူများ၏ နှလုံးသားထဲတွင် အမှတ်တရအဖြစ် တည်ရှိနေကြပေလိမ့်မည် ဖြစ်ပေသည်။
***