← Chapters

အခန်း (၅၅၂)

Vol. 56 Ch. 552

အခန်း (၅၅၂)

Vol. 56 Ch. 552

ဤငရဲမီးတောက်ငယ်လေးကို အထင်မသေးလိုက်သင့်ချေ။ ယင်းမီးတောက်သည် တုပိုင်၏ အတွင်းအားစွမ်းအင်များကို အလွန်လျင်မြန်စွာဖြင့် လောင်ကျွမ်းနေလျက် ရှိ၏။ ယခုအချိန်၌ တုပိုင်သည် ဒုတိယအဆင့် သိုင်းပညာရှင် ကျင့်ကြံမှုသာ ရှိသေးရာ ဤမျှ သေးငယ်သော ငရဲမီးတောက်ကို မိနစ်အနည်းငယ်သာ ထုတ်ဖော်ထားနိုင်သေးသည်။

"ရွှီးးး"

လေတိုးသံ တိုးတိုးလေးနှင့်အတူ တုပိုင်သည် မီးစာကို ငရဲမီးတောက်ဖြင့် မီးညှိလိုက်သည်။ အဖြူရောင် ငရဲမီးတောက်သည် ချက်ချင်းပင် ထတောက်လာ၏။ ထိုအခါ မီးတောက်သည် မီးစာကြိုးတစ်လျှောက်မှတစ်ဆင့် အမှောင်ဒြပ်ထုများ ဖြည့်ဆည်းထားသော ကျောက်တုံးပြွန်ဆီသို့ တရိပ်ရိပ် ပြေးဝင်သွားလေသည်။

တုပိုင်သည် လင်းပိုဝေပု ခြေလှမ်းသိုင်းကို ထုတ်သုံးကာ ထိုနေရာမှ လျင်မြန်စွာ ခွာလိုက်သည်။ သူ၏ အလျင်မှာ လှိုင်းစီးသကဲ့သို့ လျင်မြန်လွန်းလှ၏။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် တုပိုင်သည် ပေရာပေါင်းများစွာ အကွာသို့ ရောက်ရှိသွားလေသည်။

ထို့နောက် ရေကန်အလယ်ကို စိုက်ကြည့်ရင်း သူ အသက်အောင့်ထားလိုက်မိသည်။ မီးစာသည် လျင်မြန်စွာ လောင်ကျွမ်းသွား၏။

မျက်တောင်အနည်းငယ် ခတ်ပြီးနောက် ပေဆယ်ဂဏန်းခန့် ရှည်လျားသော မီးစာကြိုးတစ်လျှောက် လောင်ကျွမ်းသွားပြီ ဖြစ်သည်။ အဖြူရောင် ငရဲမီးတောက်သည် ကျောက်တုံးပြွန်ထဲသို့ တိုးဝင်သွားပြီး ညစ်ညမ်းနေသော သန့်စင်ရည်တွင်းမှ ထုတ်ယူထားသည့် အမှောင်ဒြပ်ထုထဲသို့ စီးဝင်သွားလေသည်။

ထို့နောက် ပျောက်ကွယ်သွား၏။ မှန်ပေသည်။ အရာအားလုံးကို လောင်ကျွမ်းဖျက်ဆီးနိုင်သော အဖြူရောင် ငရဲမီးတောက်သည် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်၌ တုပိုင်၏ အသက်ရှူသံများ ရပ်တန့်မတတ် ဖြစ်သွားရပြီး နှလုံးခုန်သံပါ ရပ်တန့်လုနီးပါး ခံစားလိုက်ရသည်။

စမ်းသပ်မှုသည် မဖြစ်မနေ အောင်မြင်ရပေမည်။

အချိန်မရှိတော့ချေ။ အကယ်၍သာ စမ်းသပ်မှု မအောင်မြင်ခဲ့လျှင် လျှို့ဝှက်လက်နက် ဆိုသည်မှာ ရှိလာတော့မည် မဟုတ်ဘဲ လီရူဟိုင်၏ စစ်သည် သိန်းချီသော တပ်မကြီးကို အနိုင်ယူရန် အလွန် ခက်ခဲသွားပေလိမ့်မည်။ လက်ရှိအချိန်၌ အချိန်ရပ်တန့်သွားသလိုကို တုပိုင် ခံစားလိုက်ရသည်။

ကျောက်တုံးပြွန်ထဲရှိ အမှောင်ဒြပ်ထုသည် မည်သို့မျှ တုံ့ပြန်မှု မရှိသေးပေ။ အခြေအနေသည် ရှုံးနိမ့်ခြင်းဘက်သို့ ဦးတည်နေသယောင် ရှိနေသည်။ တုပိုင်၏ စိတ်နှလုံးသည် နက်ရှိုင်းသော ချောက်ထဲသို့ ထိုးကျသွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး အေးစက်သွားလေ၏။

ကျီပြောင်ပြောင်နှင့် စစ်ခုန်းယဲ့တို့သည် ရေကန်အလယ်ရှိ စမ်းသပ်ကွင်းကို မကြည့်ကြတော့ဘဲ တုပိုင်ကိုသာ စိုက်ကြည့်နေကြသည်။ စက္ကန့်တိုင်းသည် တစ်နှစ်ခန့် ကြာရှည်နေသယောင်ပင်။

တုပိုင် မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်နေချိန်မှာပင် ရုတ်တရက် ကျောက်တုံးပြွန်ထဲရှိ အမှောင်ဒြပ်ထုသည် အရောင်ပြောင်းလဲလာလေ၏။

အနက်ရောင်မှ အနီရောင်သို့ ၊ ခေတ္တမျှ ကြာပြီးနောက် အနီရောင်မှ အဖြူရောင်သို့ ၊ နောက်ဆုံးတွင် အနက်နှင့် အစိမ်း ရောယှက်နေသော အရောင်အဖြစ်သို့ ပြောင်းလဲသွားလေ၏။

ထို့နောက်

"ဝုန်းးး"

မျက်စိတစ်မှိတ်အတွင်း ကောင်းကင်မှ နေရောင်ခြည်ပင် မှေးမှိန်သွားရလေသည်။ ထိုအလင်းရောင်သည် အလွန်အမင်း လင်းထိန်နေခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထွက်ပေါ်လာသော မီးတောက်သည် ထူးဆန်းပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော အစိမ်းရောင် ဖြစ်နေသောကြောင့်ပင်။

ထူးဆန်းသည်မှာ အသံထွက်မလာခြင်း ဖြစ်သည်။ ကမ္ဘာပျက်မတတ် ကျယ်လောင်သော ပေါက်ကွဲသံမျိုး ထွက်မလာခဲ့ချေ။ အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်ရသည်နည်းကို တုပိုင် နားမလည်နိုင်အောင် ဖြစ်နေရ၏။ မည်သည့်ပေါက်ကွဲမှုမဆို ကျယ်လောင်သော အသံ ရှိစမြဲ ဖြစ်သည်။ သို့သော် ယခု ပေါက်ကွဲမှုသည် လုံးဝ တိတ်ဆိတ်ငြိမ်သက်နေလေ၏။

ရုတ်တရက် ကောင်းကင်ကို တုန်ခါသွားစေလောက်သည့် မီးတောက်ကြီး ပေါက်ကွဲထွက်ပေါ်လာ၏။ အချင်း ပေပေါင်း သုံးရာကျော် ရှိသော မီးတောက်ကြီး ဖြစ်သည်။

တုန်လှုပ်ဖွယ်ရာ အစိမ်းရောင် မီးတောက်ကြီး ဖြစ်၏။

တုပိုင် ၊ စစ်ခုန်းယဲ့နှင့် ကျီပြောင်ပြောင်တို့၏ မြင်ကွင်းတစ်ခုလုံးသည် ဤကမ္ဘာဖျက် အစိမ်းရောင် မီးတောက်ကြီးဖြင့် ဖုံးလွှမ်းသွားတော့သည်။

ထို့နောက်တွင်ကား အရာအားလုံး ပျောက်ကွယ်သွားလေ၏။ ငရဲမီးတောက်သည် အမှောင်ဒြပ်ထု၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီးနောက် လျင်မြန်စွာ ပေါင်းစပ်သွားပြီး စွမ်းအင်များ ထိန်းမနိုင်သိမ်းမရ ပွားများလာကာ အဆပေါင်းရာချီ ၊ ထောင်ချီ၊ မရေမတွက်နိုင်အောင် များပြားလာသည်။

အထွတ်အထိပ်သို့ ရောက်ရှိအောင် ပွားများပြီးနောက် ရုတ်တရက် ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။ ထို့နောက် ဘောလုံးကွင်း တစ်ကွင်းခွဲခန့် ကျယ်ဝန်းသော ဧရိယာအတွင်းရှိ အရာအားလုံး ပျောက်ကွယ်သွားလေတော့သည်။

ဝါးဖောင်များ၊ ဝါးဖောင်ပေါ်ရှိ သံမဏိများ ၊ ကျောက်တုံးများနှင့် သစ်တုံးများ အားလုံး ပျောက်ကွယ်သွားပြီး အမှုန့်ဖြစ်သွားကာ ပြာအဖြစ်သို့ လွင့်စင်သွားတော့သည်။ ထို့အပြင် ရေကန်တစ်ခုလုံးသည် ရေအနက် ပေဝက်ခန့် လျော့နည်းသွားလေ၏။

ဧရာမ ရေထုထည်ကြီးသည် ချက်ချင်း အငွေ့ပျံ ပျောက်ကွယ်သွားလေ၏။ ထို့နောက်တွင် တုပိုင်သည် အသေးစား စမ်းသပ်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ဤကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် လက်နက်၏ သဘောတရားကို အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့သည်။

**--**--**--**--**--**--**--**

ယနေ့တွင် တုပိုင်သည် လီဝမ်ဟွေ့ ၊ ဖူဟုန်ပင်း ၊ မြို့စားမင်းလေး ကျီချန် ၊ လီလင်းနှင့် အခြားသူများကို တောထဲသို့ ခေါ်ဆောင်လာ၏။

"ကျွန်တော်က လူအင်အား သောင်းဂဏန်းလောက်နဲ့ လီမိသားစုရဲ့ တာ့ယန်တိုင်းပြည်ကို စတင်တိုက်ခိုက်မယ်လို့ ပြောတုန်းက လူတော်တော်များများက ကျွန်တော့်ကို အရူးလို့ ပြောကြတယ်။"

တုပိုင်သည် ပြောလိုက်၏။

"အခုတော့ အားလုံးကို ကျွန်တော် တုပိုင်က ရူးမနေပါဘူး။ ကျွန်တော်အတည်ပြောနေတယ်ဆိုတာကို သက်သေပြမယ်။"

ထို့နောက် သူသည် ပေရာပေါင်းများစွာ အကွာရှိ အိမ်တစ်လုံးကို ညွှန်ပြလိုက်ပြီး ပြောလေ၏။

"ဟိုမှာ ကျောက်တုံးတွေ သစ်တုံးတွေနဲ့ ဆောက်ထားတဲ့ စွန့်ပစ်ခံ ခံတပ်ပျက်တစ်ခု ရှိတယ်။"

ထို့နောက် သူသည် မြှားတစ်စင်းကို ထုတ်ယူလိုက်သည်။ မြှားတံတွင် ညစ်ညမ်းသော သန့်စင်ရေ ကျင်းနှစ်ထောင်မှ ထုတ်ယူရရှိထားသည့် အမှောင်ဒြပ်ထု တစ်စက်၏ တစ်ဝက်ခန့် ပါဝင်သော ကျောက်တုံးပြွန်လေးကို ချည်နှောင်ထားသည်။

ပြီးနောက်တွင် လက်ဝါးပြင်ပေါ်တွင် ငရဲမီးတောက်ကို ထုတ်ဖော်လိုက်ပြီး မီးစာကို မီးညှိလိုက်သည်။ ဤတစ်ကြိမ်တွင် မီးစာသည် အလွန် တိုတောင်းလေသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်သည် အမှောင်ဒြပ်ထု ပေါက်ကွဲမည့် အချိန်ကို အတိအကျ တွက်ချက်ထားပြီး ဖြစ်သောကြောင့်ပင်။

မီးစာ လောင်ကျွမ်းသွားပြီး ငရဲမီးတောက်သည် ကျောက်တုံးပြွန်ထဲရှိ အမှောင်ဒြပ်ထုထဲသို့ ဝင်ရောက်သွားသည်။ တစ်ချိန်တည်တွင် တုပိုင်သည် လေးကို ငင်ပြီး မြှားကို ရွယ်လိုက်၏။

စက္ကန့်အနည်းငယ် ထပ်စောင့်ပြီးနောက် မြှားတံပေါ်ရှိ ကျောက်တုံးပြွန်ထဲမှ အမှောင်ဒြပ်ထုသည် အရောင်စတင် ပြောင်းလဲလာပြီး အနီရောင် ၊ ထို့နောက် အဖြူရောင်သို့ ပြောင်းလဲသွားလေ၏။

"ရွှီးးး"

အချိန်ကျသောအခါ တုပိုင် မြှားကိုပစ်လွှတ်လိုက်၏။ မြှားသည် ပေတစ်ထောင်ကျော် အကွာအဝေးသို့ လေထဲတွင် လှပသော မျဉ်းကွေးတစ်ခု ရေးဆွဲလျက် ပျံသန်းသွားပြီး ကြီးမားသော စွန့်ပစ်ခံ ခံတပ်ပျက်ကြီးကို တည့်တည့် ထိမှန်သွားလေသည်။

လီဝမ်ဟွေ့ ၊ ဖူဟုန်ပင်း ၊ မင်းသမီးယွီကျိန်းနှင့် ပြိုင်ဘက်ကင်းမြို့တော်မှ မြို့စားမင်းလေးများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သို့သော် နောက်တစ်ခဏတွင်

"ဝုန်းးး"

ပေရာပေါင်းများစွာ အကွာတွင် တုန်လှုပ်ဖွယ်ရာ အစိမ်းရောင် မီးတောက်ကြီး ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

အံ့သြဖွယ်ရာပင်။

"ဝုန်းးး"

ထိုအသံသည် လူတိုင်း၏ စိတ်ထဲတွင် ထင်ယောင်ထင်မှား ကြားယောင်လိုက်မိသော အသံသာ ဖြစ်သည်။ ထို့နောက် စွန့်ပစ်ခံ ခံတပ်ပျက်ကြီးသည် လုံးဝ ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်မှ လုံးဝ သုတ်သင်ဖယ်ရှားခြင်း ခံလိုက်ရလေသည်။

ရုတ်တရက် ကြည့်နေသူအားလုံး သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ လီဝမ်ဟွေ့ ၊ မင်းသမီးယွီကျိန်း ၊ မြို့စားမင်းလေး ကျီချန်တို့ အပါအဝင် ရှိနေသူအားလုံးသည် လုံးဝ တုန်လှုပ်ခြောက်ခြားသွားကြပြီး စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။

"ဒါက ဘာကြီးလဲ။"

စစ်ခုန်းယဲ့က ပြောလိုက်သည်။

"ဒါက သခင်လေးရဲ့ ဉာဏ်ပညာ ပုံဆောင်ခဲပါပဲ။ အခြားကမ္ဘာတစ်ခုကနေ ဆွဲထုတ်ယူထားတဲ့ စွမ်းအင်။ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအင်လေ။"

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

'တုပိုင်က လီမိသားစုရဲ့ တာ့ယန်တိုင်းပြည်ကို စတင်တိုက်ခိုက်မယ်လို့ ပြောတာ မဆန်းတော့ဘူးပဲ။ ဒီလို ဖျက်ဆီးရေးလက်နက်မျိုးသာ ရှိရင် ဘယ်စစ်တပ်ကို မနိုင်ဘဲ နေမှာလဲ။'

ဤလက်နက်သည် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဖော်ပြရုံဖြင့် မလုံလောက်ပေ။ လုံးဝ ဖျက်ဆီးပစ်နိုင်သော ၊ အခြေအနေကို ပြောင်းလဲပစ်နိုင်သော လက်နက်ဖြစ်သည်။ ထို့အပြင် စစ်ခုန်းယဲ့၏ လေသံအရ ဤဖျက်ဆီးရေးလက်နက်ကို တုပိုင်က ဖန်တီးခဲ့၏။ ပြိုင်ဘက်ကင်းမြို့တော်မှ မြို့စားမင်းလေးများသည် တုပိုင်အား စိတ်ထဲတွင် ပိုမို လေးစားကြည်ညိုသွားကြသည်။

မင်းသမီးယွီကျိန်းနှင့် လီဝမ်ဟွေ့တို့သည် အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြ၏။ အတော်ကြာပြီးနောက် မင်းသမီးယွီကျိန်းက မေးလိုက်သည်။

"တုပိုင်။ ဒီလိုပစ္စည်းမျိုး ဘယ်လောက်များများ ရှိသလဲ။"

ဤမေးခွန်းက အဓိကအချက်ကို မေးလိုက်ခြင်း ဖြစ်သည်။ တုပိုင်သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ ထွက်ခွာလာစဉ်က ညစ်ညမ်းနေသော သန့်စင်ရည်များ အားလုံးကို ထုပ်ပိုးသယ်ဆောင်လာခဲ့သည်။ တွင်းသည် အလွန်နက်ရှိုင်းသဖြင့် ညစ်ညမ်းရေ ကျင်း နှစ်သိန်းခန့် ရရှိခဲ့သည်။

ပမာဏ အလွန်များပြားသည်ဟု ထင်ရသည်။ သို့သော် ညစ်ညမ်းရည် ကျင်း နှစ်ထောင်မှသာ အမှောင်ဒြပ်ထု တစ်စက်ခန့်ကို ထုတ်ယူရရှိနိုင်သည်။

ထို့အပြင် လမ်းလွဲများစွာ လျှောက်ခဲ့ရပြီး စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့ရသဖြင့် ကျင်း နှစ်သိန်းအနက် တစ်သိန်းခွဲခန့်သာ ကျန်ရှိတော့သည်။ ထို တစ်သိန်းခွဲအားလုံးကို ထုတ်ယူလိုက်သည့်အခါ အမှောင်ဒြပ်ထု တစ်စက်ပါဝင်သည့် အလုံးရေ ခုနစ်ဆယ်သာသာခန့်သာ ရရှိလေသည်။

လျှို့ဝှက်လက်နက် တစ်ရာခန့် ပြုလုပ်နိုင်သည်။ ငါးဆယ်မှာ အမှောင်ဒြပ်ထု တစ်စက်ခန့် ပါဝင်ပြီး ၊ ကျန် ငါးဆယ်မှာ တစ်စက်၏တစ်ဝက်ခန့် ပါဝင်သည်။

အလုံးရေ တစ်ရာဆိုသည်မှာ အမှန်တကယ် မများလှပေ။ သို့သော် ဤစစ်ပွဲကို အနိုင်ယူရန် လုံလောက်ပေလိမ့်မည်။

"အလုံး တစ်ရာ။"

တုပိုင် ဖြေလိုက်သည်။

မင်းသမီးယွီကျိန်း အံ့သြသွားပြီးနောက် ပြောလိုက်သည်။

"အလုံး တစ်ရာဆိုရင် ကျွန်မတို့ ဒီပွဲကို နိုင်လောက်ပါပြီ။"

လီဝမ်ဟွေ့သည် အလုံးရေ တစ်ရာအကြောင်း ကြားလိုက်ရသည့်အခါ သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ဤလက်နက်သည် အလွန် ရက်စက်လွန်းပြီး ၊ အကယ်၍သာ အမြောက်အမြား ရှိနေခဲ့မည်ဆိုပါက ကမ္ဘာကြီးတစ်ခုလုံးကို ကမောက်ကမ ဖြစ်သွားစေနိုင်သောကြောင့် ဖြစ်ပေ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၅၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters