← Chapters

အခန်း (၅၅၃)

Vol. 56 Ch. 553

အခန်း (၅၅၃)

Vol. 56 Ch. 553

သို့သော် ဤစစ်ပွဲတွင် တုပိုင် အနိုင်ရရှိရေးသည် အရေးအကြီးဆုံး မဟုတ်ပါလော။ မှန်ပေသည်။ လက်ရှိအချိန်တွင် အမှောင်ဒြပ်ထုသည် ဆယ်ခုခန့်သာ ကျန်ရှိတော့ပြီး ၊ အားလုံးသည် တစ်စက်၏ တစ်ဝက်ခန့်သာ ပါဝင်သော အရာများ ဖြစ်ချေသည်။

တုပိုင်က ပြောလိုက်သည်။ “စစ်ခုန်းယဲ့။ ဆရာသခင် အစွမ်းကုန် ကြိုးစားပေးပါ။ ညစ်ညမ်းနေတဲ့ သန့်စင်ခြင်းရေတွေ အကုန်လုံးကို ထုတ်ယူဖို့ ဘယ်လောက်ကြာမလဲ။”

စစ်ခုန်းယဲ့သည် ပထမဆုံး အမှောင်ဒြပ်ထု တစ်စက်ကို ထုတ်ယူရန် လဝက်ခန့် အချိန်ယူခဲ့ရသည်။

စစ်ခုန်းယဲ့ ခေတ္တမျှ စဉ်းစားပြီး ပြောလိုက်သည်။ “ကျွန်တော် ဖော်မြူလာကို ပြန်ပြင်ပြီးတော့ မလိုအပ်တဲ့ အဆင့်တွေ အများကြီးကို ဖယ်ထုတ်လိုက်ပါပြီ။ အရင်တုန်းကတော့ ဒီပစ္စည်းက ကြောက်စရာကောင်းတဲ့ စွမ်းအင်တွေ ပေါက်ကွဲထွက်လာမှာ စိုးရိမ်လို့ ကျွန်တော် အမြဲ သတိထားနေခဲ့ရပြီး ထုတ်ယူမှု ပမာဏကိုလည်း အများကြီး လျှော့ချထားခဲ့ရတာ။ အခုတော့ သူ့ရဲ့ စွမ်းအင်သဘာဝကို ကျွန်တော် နားလည်သွားပြီဆိုတော့ စိတ်ချလက်ချ အကြီးစား ထုတ်ယူမှုတွေ လုပ်နိုင်ပါပြီ။ ပြီးတော့ ယုံကြည်စိတ်ချရတဲ့ လူသုံးယောက်လောက် ရှာပေးရင် ၊ ခုနစ်ရက်အတွင်း ညစ်ညမ်းနေတဲ့ သန့်စင်ခြင်းရေ ပိဿာချိန် တစ်သိန်းခွဲစလုံးကို အပြီး ထုတ်ယူပေးပါ့မယ်။”

“ကောင်းပြီ။ ကျွန်တော် ဆရာသခင်ကို ငါးယောက် ပေးမယ်။ ကျီယိ၊ ကျီအော့၊ ကျီဆန်း၊ ကျီစွတ်နဲ့ ကျီဝူ တို့ပါပဲ။”

တုပိုင်က ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤငါးယောက်သည် စစ်ခုန်းယဲ့ကဲ့သို့ပင် ကျပ်မပြည့်ကြသော သူများဖြစ်ကြပြီး ဆန္ဒဟူ၍ မရှိသလောက် နည်းပါးကြသည်။ ကျီယင်ယင် သတိမေ့မြောနေပြီးနောက် တုပိုင်သည်သာ သူတို့ နာခံမည့် တစ်ဦးတည်းသော သခင်ဖြစ်လာသဖြင့် လုံးဝ ယုံကြည်စိတ်ချရသူများ ဖြစ်ကြသည်။

နောက်ရက်များတွင် တုပိုင် ၊ စစ်ခုန်းယဲ့နှင့် ကောင်းကင်မိစ္ဆာစစ်တပ်မှ တပ်မှူးငယ် ငါးဦးတို့သည် ဓာတ်ခွဲခန်းထဲ၌ အချိန်ကုန်ဆုံးကြပြီး ၊ နေ့တိုင်းလိုလို မအိပ်မနေဘဲ ညစ်ညမ်းနေသော သန့်စင်ခြင်းရေ ပိဿာချိန် တစ်သိန်းခွဲကို အပြင်းအထန် ထုတ်ယူနေကြလေ၏။

တစ်ချိန်တည်းတွင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များသည် တုပိုင် ခေါ်ဆောင်လာခဲ့သော မိုမိသားစု၏ အဖွဲ့ဝင်ဟောင်းများ ဖြစ်သည့် တပ်သားသစ် တစ်သောင်းခွဲကို အသေအလဲ လေ့ကျင့်ပေးနေကြသည်။

သူတို့ကို လေ့ကျင့်ပေးရသည်မှာ ထင်ထားသည်ထက် ပိုမို လွယ်ကူလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် စစ်သားဟောင်းများ ဖြစ်ကြပြီး ၊ တောပုန်းဓားပြများမှာလည်း အပြင်လောကကို မတွေ့မြင်ရသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များ၏ သန်မာထွားကြိုင်းမှုနှင့် စွမ်းရည်များကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ စိတ်ထဲတွင် အလိုအလျောက်ပင် အားကျလေးစားစိတ်နှင့် ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာကြသည်။

အရေးကြီးဆုံး အချက်မှာ သူတို့သည် တုပိုင်၏ လက်ချက်ဖြင့် တကယ်ပင် စစ်ရှုံးခဲ့ဖူးသူများ ဖြစ်ခြင်းပင်။ ထို့ကြောင့် လေ့ကျင့်ရေးကွင်းပြင်တွင် နည်းပြဆရာများ ခိုင်းစေသမျှကို မငြင်းဆန်ရဲကြဘဲ လုပ်ဆောင်ကြသည်။ ယခင်က သိုင်းပညာရှင် တပ်သားသစ်များကို လေ့ကျင့်ပေးစဉ်ကနှင့် နှိုင်းယှဉ်လျှင် အခြေအနေမှာ များစွာ သာလွန်ကောင်းမွန်လှသည်။

နှစ်လနီးပါး လေ့ကျင့်ပြီးနောက် ၊ တပ်သားသစ် တစ်သောင်းခွဲကျော် ပါဝင်သော တပ်မတော်သစ်ကြီးသည် စစ်တပ်တစ်ခုအသွင် ပီပြင်လာခဲ့သည်။

တကယ်တမ်းတွင် သူတို့သည် စစ်သားသစ်စစ်စစ်များ မဟုတ်ကြပေ။ တစ်ယောက်ချင်းစီတိုင်းသည် လက်ဆေးမင်္ဂလာ ပြုလုပ်ထားသော စစ်သည်များ ဖြစ်ကြပြီး၊ ကိုယ်ပိုင် ကာယကြံ့ခိုင်မှုနှင့် တိုက်ခိုက်ရေး စွမ်းရည်မှာ အလွန် မြင့်မားကြသည်။

လေ့ကျင့်ပေးရန် လိုအပ်သည်မှာ စစ်ရေးပြ ဖွဲ့စည်းပုံ ၊ စည်းကမ်းနှင့် နာခံမှုတို့သာ ဖြစ်သည်။

နှစ်လတာ အချိန်သည် မလုံလောက်သော်လည်း ၊ သူတို့သည် မီးနတ်ဘုရားစစ်တပ်နှင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်တပ်တို့ကဲ့သို့ အကောင်းဆုံး လက်ရွေးစင် တပ်ဖွဲ့ ဖြစ်မလာနိုင်သေးပေ။ စစ်ချီရာတွင်ဖြစ်စေ ၊ စစ်ရေးပြောင်းလဲရာတွင်ဖြစ်စေ လူထောင်ပေါင်းများစွာသည် လူတစ်ယောက်တည်းကဲ့သို့ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ခြင်း မရှိသေးပေ။

သို့သော် အနည်းဆုံးတော့ ကောင်းမွန်သော တိုက်ခိုက်ရေး စွမ်းရည် ရှိနေပြီ ဖြစ်သည်။

ဤစစ်သည် တစ်သောင်းခွဲကို သီးခြားတပ်ဖွဲ့တစ်ခုအဖြစ် ဖွဲ့စည်းသင့်သလား ၊ သို့မဟုတ် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တပ်ရင်းများထဲသို့ ဖြန့်ခွဲပြီး ထည့်သွင်းသင့်သလား ဆိုသည်ကို တုပိုင် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့သည်။

နောက်ဆုံးတွင် သူသည် သူ့ကိုယ်သူပင် မထင်မှတ်ထားသော အလွန် သင့်လျော်သော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေ၏။

ထိုအချိန်၌ လူလေးဦးသည် သူ့ရှေ့တွင် ဒူးထောက်နေကြသည်။ မီးနတ်ဘုရား ဘုန်းတော်ကြီးများနှင့် မီးနတ်ဘုရားစစ်တပ်မှ တပ်မှူးသုံးဦး ဖြစ်ကြသည်။

တုပိုင် ခေါ်လိုက်သည်။.”ယန်လျဲ့ ၊ ယန်ဖုန်း ၊ ယန်ဆော့ ၊ ယန်ကျူး။”

မီးနတ်ဘုရားစစ်တပ်၏ ခေါင်းဆောင်လေးဦးသည် ညီညာစွာ ဒူးထောက်လိုက်ကြသည်။

တုပိုင်က ပြောလိုက်သည်။

“ကျွန်တော် ဆုံးဖြတ်လိုက်ပြီ။ သိုင်းပညာရှင် တပ်သားသစ် တစ်သောင်းခွဲကို မီးနတ်ဘုရားစစ်တပ်ထဲ ထည့်သွင်းဖွဲ့စည်းမယ်။ ခင်ဗျားတို့ သုံးထောင်နဲ့ပေါင်းရင် မီးနတ်ဘုရားစစ်တပ်သစ်မှာ လူအင်အား တစ်သောင်းရှစ်ထောင် ရှိလာလိမ့်မယ်။”

“ဒီနေ့ကစပြီး မီးနတ်ဘုရားစစ်တပ်ပဲ ရှိတော့မယ်။ မီးနတ်ဘုရား ဂိုဏ်းသားတွေ ဆိုတာ မရှိတော့ဘူး။”

တုပိုင် အမိန့်ပေးလိုက်သည်။

“သခင်လေးရဲ့ အမိန့်တော်အတိုင်းပါ။” မီးနတ်ဘုရားစစ်တပ် ခေါင်းဆောင်လေးဦးသည် ဦးညွှတ်လိုက်ကြ၏။

တုပိုင် ဆက်ပြောသည်။

“နောင်ကျရင် မီးနတ်ဘုရားစစ်တပ်ကို လူအင်အား သုံးသောင်းအထိ တိုးချဲ့ဖွဲ့စည်းမယ်။ ယန်လျဲ့က မီးနတ်ဘုရားစစ်တပ်ရဲ့ တပ်မှူးချုပ်အဖြစ် တာဝန်ယူရမယ်။ ယန်ပေါင်၊ ယန်ဆော့ နဲ့ ယန်ကျူး တို့က တပ်ဖွဲ့ဝင် တစ်သောင်းပါဝင်တဲ့ တပ်ရင်းတွေကို ဦးဆောင်ရမယ်။”

“သခင်လေးရဲ့ အမိန့်တော်အတိုင်းပါ။”

တုပိုင်က ဆက်ပြော၏။ “ဒီနေ့ နေ့လယ်မှာပဲ ဝတ်စုံအပြည့်အစုံ လဲလှယ်ကြမယ်။ တပ်သားသစ် တစ်သောင်းခွဲသာမက၊ ခင်ဗျားတို့လည်း အရင်ဝတ်စုံတွေကို စွန့်လွှတ်ပြီး သံချပ်ကာ အသစ်တွေကို ဝတ်ဆင်ကြရမယ်။”

“ဟုတ်ကဲ့ပါ။”

တုပိုင်က မှာကြားလိုက်သည်။

“သိုင်းပညာရှင် တပ်သားသစ် တစ်သောင်းခွဲကို မီးနတ်ဘုရားစစ်တပ်ထဲ ထည့်သွင်းပြီးရင် ၊ ခင်ဗျားတို့က ခေါင်းဆောင်တွေ ဖြစ်သွားပြီ။ သူတို့ကို ကူညီရမယ် ၊ ကြီးကြပ်ရမယ် ၊ တိုးတက်လာအောင် လှုံ့ဆော်ပေးရမယ်။ အတိုချုပ်ပြောရရင် ဒီလူ တစ်သောင်းခွဲကို ခင်ဗျားတို့လို သစ္စာရှိပြီး သန်မာတဲ့သူတွေ ဖြစ်လာအောင် လုပ်ပေးရမယ်။”

ယန်ဆော့၏ မျက်လုံးများ အရောင်တောက်သွားပြီး ပြောလိုက်သည်။

“ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပါ့မယ်။”

ဤသိုင်းပညာရှင် တပ်သားသစ် တစ်သောင်းခွဲ၏ ကာယကြံ့ခိုင်မှုနှင့် တိုက်ခိုက်ရေးစွမ်းရည်အတွက် စိုးရိမ်စရာ မလိုပေ။ တစ်ခုတည်းသော စိုးရိမ်စရာမှာ စည်းကမ်းမရှိသော စရိုက်လက္ခဏာပင် ဖြစ်သည်။ သို့သော် မီးနတ်ဘုရားစစ်တပ် သုံးထောင်၏ ထိန်းချုပ်မှုအောက်တွင် ဤလူများသည် နှစ်လအတွင်း လုံးဝ ပုံစံသစ် ဖြစ်လာလိမ့်မည်ဟု တုပိုင် ယုံကြည်ထားသည်။

အဘယ်ကြောင့်ဆိုသော် ဤမီးနတ်ဘုရား ဂိုဏ်းသား သုံးထောင်သည် လုံးဝ အရူးများ ဖြစ်ကြပြီး ၊ သူတို့၏ နှလုံးသားထဲတွင် ယုံကြည်ချက် ပြင်းထန်သော အရူးများ ဖြစ်ကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် တုပိုင်အား မီးနတ်ဘုရား ပူးကပ်စီးနင်းသည်ကို မြင်တွေ့ခဲ့ရပြီး၊ ငရဲမီးတောက်ကို တုပိုင် အောင်နိုင်သွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသောကြောင့် ဖြစ်သည်။

သူတို့၏ ယုံကြည်ချက်ကို မည်သူမျှ လှုပ်ခါနိုင်ခြင်း မရှိပေ။ နောက်ပိုင်းတွင် ဤလူ သုံးထောင်သည် တပ်သားသစ် တစ်သောင်းခွဲကို ရူးသွပ်စွာ ဦးနှောက်ဆေးကြောကြပေလိမ့်မည်။

ထိုလူ တစ်သောင်းခွဲသည်လည်း တုပိုင်အပေါ် လုံးဝ ယုံကြည်ကိုးကွယ်လာပြီး ၊ တုပိုင် အမိန့်ပေးလိုက်သည်နှင့် မီးပင်လယ်ထဲသို့ ခုန်ဆင်းရမည် ဆိုလျှင်ပင် တုံ့ဆိုင်းနေမည် မဟုတ်သည့် အခြေအနေသို့ ရောက်ရှိလာသည်အထိ ဖြစ်ပေသည်။

“မီးနတ်ဘုရားစစ်တပ်။ အားလုံး ဝတ်စုံလဲကြ။”

တုပိုင်၏ အမိန့်ပေးသံနှင့်အတူ ကွင်းပြင်ကျယ်ကြီးထဲရှိ လူ တစ်သောင်းရှစ်ထောင်သည် ညီညာစွာ လှုပ်ရှားလိုက်ကြသည်။

သူတို့၏ စစ်ဝတ်စုံဟောင်းများကို ချွတ်ပြီး သံချပ်ကာ အသစ်များကို ဝတ်ဆင်လိုက်ကြသည်။ ယင်းတို့မှာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ သိုလှောင်ထားသော အလင်းရွှေရောင် သံချပ်ကာများ ဖြစ်ပြီး ၊ အလွန် ခိုင်ခံ့သော်လည်း သံမဏိထက် များစွာ ပေါ့ပါးလေ၏။

ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသော သံချပ်ကာဖြစ်ပြီး မျက်လုံးနှစ်လုံးသာ ဖော်ထားလေသည်။ မြှားတို ၊ စစ်ဓား ၊ ဓားတို ၊ ဒူးလေး၊ လေးနှင့်မြှား အစရှိသဖြင့် အရာအားလုံးကို အပြည့်အစုံ တပ်ဆင်ထားကြ၏။

လက်နက်ကိရိယာ သက်သက်ဖြင့် ယှဉ်လျှင် ယွမ်ထျန်ကျောက်၏ စစ်တပ်ထက်ပင် သာလွန်ကောင်းမွန်နေသေးသည်။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်တပ်နှင့် မတူသည်မှာ ၊ ဤစစ်တပ်၏ ရင်ဘတ်ပေါ်တွင် အနီရောင် မီးနတ်ဘုရား အမှတ်အသား ပါရှိပြီး ဦးထုပ်၏ ထိပ်တွင်လည်း အနီရောင် အမြီးအမောက် ပါရှိလေသည်။

ထို့ကြောင့် လူ တစ်သောင်းရှစ်ထောင် စုဝေးရပ်နေကြသည်မှာ မီးတောက်များ စုဝေးနေသကဲ့သို့ ဖြစ်နေသည်။

စစ်ဝတ်စုံသည် စစ်တပ်တစ်ခု၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ကျိန်းသေ မြှင့်တင်ပေးနိုင်သည်။ ဝတ်စုံလဲလှယ်ပြီးနောက် စစ်တပ်တစ်ခုလုံး၏ ပုံစံသည် လုံးဝ ပြောင်းလဲသွားပြီး အလိုအလျောက်ပင် သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ပြည့်နှက်လာတော့သည်။

သံချပ်ကာ အသစ်စက်စက်ကို ဝတ်ဆင်ပြီးနောက် လီစစ်ချောင်၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး ၊ သွေးကြွဓာတ်များ မြင့်တက်လာကာ ခါးကို မတ်မတ်ထားပြီး ခေါင်းမော့ ရင်ကော့လိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် ဤသံချပ်ကာသည် အလွန် ခန့်ညားလှပသောကြောင့်ပင်။ ပိုမို အရေးကြီးသော အကြောင်းပြချက်မှာ သူ ရာထူးတိုးသွားပြီး တပ်စုမှူး ဖြစ်လာသောကြောင့် ဖြစ်သည်။

ထို့အပြင် သူ၏ မိဘများ ၊ ဇနီးနှင့် သားသမီးများကလည်း ကြည့်ရှုနေကြသည်။

‘ခွေးမသား။ တကယ်ကို ငရဲပဲ။ ငါ အစတုန်းက တုပိုင်ကို လုံးဝ မကျေနပ်ခဲ့ပေမဲ့၊ အခုတော့... ငါ အစွမ်းကုန် အမှုထမ်းပြီး သူကောင်းပြုခံချင်လာပြီ။ သူ့ကို ကိုးကွယ်ချင်လာပြီ။’

ဤသည်မှာ လီစစ်ချောင်အနေဖြင့် တုပိုင်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ သူ့ထက် အများကြီး ငယ်ရွယ်သည်။

အလွန် ချောမောပြီး ၊ အလွန် ပိန်ပါးကာ ၊ အရပ်ရှည်ပြီး ၊ အလွန် အေးစက်သည်။ လက်ရှိအချိန်တွင် တုပိုင်သည် အရပ် ခြောက်ပေခန့်အထိ ရှည်ထွက်လာသလို ဆက်လက်ပြီးလည်း ကြီးထွားနေဆဲ ဖြစ်သည်။

သွေးကြောပြောင်းလဲခြင်း ဖြစ်စဉ် ပြီးဆုံးပြီးနောက် သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။ လမ်းလျှောက်သည်ဖြစ်စေ ၊ အော်ဟစ်သည်ဖြစ်စေ ၊ နဂါးတစ်ကောင်ကဲ့သို့ ခံစားရစေသည်။

ငရဲမီးတောက်ကို ဝါးမြိုပြီးနောက် သူ၏ မျက်လုံးများလည်း ပြောင်းလဲသွားခဲ့သည်။ လူများကို ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲတွင် သွေးရောင်လွှမ်းသော မီးတောက်များ ပြည့်နှက်နေသကဲ့သို့ ဖြစ်ပြီး ၊ အရာအားလုံးကို လောင်ကျွမ်းပစ်တော့မည့်အလား ထင်ရသည်။

မြင့်မားသော နေရာတွင် ရပ်လျက် တုပိုင်သည် ဤလူ တစ်သောင်းရှစ်ထောင်ကို ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်သည်။

“မီးနတ်ဘုရား စစ်တပ်ကြီး တရားဝင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်တယ်။”

မိုမိသားစု၏ လက်အောက်ခံဟောင်းများ ဖြစ်ကြသော လူ တစ်သောင်းခွဲသည် ဆက်လက် လေ့ကျင့်နေကြဆဲ ဖြစ်သည်။

သို့သော် တုပိုင်၏ လက်အောက်ရှိ တတိယမြောက် တပ်မကြီးသည်လည်း ဖွဲ့စည်းရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ ဤတပ်မကြီးကို ယခင် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ သိုင်းပညာရှင်များ ၊ ကွေ့မင်းသားအိမ်တော်မှ မြင်းစီးတပ်သားများ ၊ အပြာရောင်နဂါးဂိုဏ်းမှ သိုင်းပညာရှင်များ ၊ လီဝမ်ဟွေ့၏ တပ်ဖွဲ့ဝင်များ ၊ ကောင်းကင်မိစ္ဆာ သွေးစစ်တပ်နှင့် မိုမိသားစု၏ အဖွဲ့ဝင်ဟောင်း တစ်သောင်းခွဲတို့ဖြင့် ဖွဲ့စည်းထားပြီး ၊ စုစုပေါင်း လူအင်အား နှစ်သောင်းကျော် ရှိလေသည်။

သို့သော် ဤတပ်မကြီးအတွက် သင့်လျော်သော တပ်မှူးကို တုပိုင် လုံးဝ ရှာမတွေ့ခဲ့ပေ။ မွေးစားဖခင် လီဝမ်ဝွေ့ လုပ်နိုင်သော်လည်း သူသည် အရှေ့ဘက်ကွပ်ကဲရေးရုံးကို ပြန်လည် တာဝန်ယူရမည် ဖြစ်ပြီး ၊ အချိန်အတိုင်းအတာ တစ်ခုအထိ ဆက်လက် နေထိုင်ရဦးမည် ဖြစ်သည်။ ထို့အပြင် ယခုအချိန်တွင် သူ၏ ရာထူးမှာ အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ဒုတိယကြီးကြပ်ရေးမှူးချုပ် ဖြစ်ပြီး ၊ တာ့နင်အင်ပါယာ၏ အနောက်တောင်ပိုင်း ကြီးကြပ်ရေးမှူး ရာထူးကိုပါ ပူးတွဲ ထမ်းဆောင်နေရသည်။

မင်းသမီးယွီကျိန်းသည်လည်း မဆိုးသော်လည်း သူမသည် အန်နမ်နိုင်ငံနှင့် ကျန်းနန်နယ်စားမင်း၏ စစ်တပ်ထံသို့ ပြန်သွားရမည် ဖြစ်သည်။

ကျမ်းသစ္စာကျိန်ဆိုထားသော အစ်ကို လီလင်းမှာ ယခင်က ကွေ့မင်းသားအိမ်တော်၏ ဒုတိယအထွေထွေအိမ်တော်ထိန်း ဖြစ်ပြီး ၊ အိမ်တော်စောင့်တပ်သား နှစ်ထောင် သုံးထောင်ခန့်ကို ဦးဆောင်ခဲ့ဖူးသည်။ သို့သော် သူသည် အလွန် သဘောကောင်းလွန်းပြီး ပြတ်သားမှု မရှိပေ။

အစ်မ ကျီပြောင်ပြောင်သည်လည်း မဖြစ်နိုင်ပေ။ သူမ၏ အရည်အချင်းက မလုံလောက်သေးပေ။

ယောက္ခထီးကြီးကျီချင်း ရှိနေလျှင်တော့ ဤရာထူးကို ရယူနိုင်သော်လည်း ၊ ယခုအချိန်၌ သူသည် ပေမင်ဓားဂိုဏ်း၏ ဖမ်းဆီးခြင်းကို ခံထားရသည်။

နောက်ဆုံးတွင် တုပိုင်သည် မြို့စားမင်းလေး ကျီချန်ကို သွားရောက် တွေ့ဆုံလိုက်သည်။

“မြို့စားမင်းလေး။”

တုပိုင် ခေါ်လိုက်သည်။

မြို့စားမင်းလေး ကျီချန်က ပြောလိုက်သည်။

“သခင်ကြီး။ အခုအချိန်မှာ သခင်ကြီးက ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ထဲမှာ ရှိနေတာ မဟုတ်ပါဘူး။ ကျွန်တော့်ကို မြို့စားမင်းလေးလို့ ခေါ်စရာ မလိုပါဘူး။”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၅၃ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters