← Chapters

အခန်း (၅၅၄)

Vol. 56 Ch. 554

အခန်း (၅၅၄)

Vol. 56 Ch. 554

တုပိုင်က ပြောလိုက်၏။

“ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှာ အရည်အချင်းရှိတဲ့သူတွေ အများကြီးပဲ။ အထူးသဖြင့် မြို့စားမင်းလေးနဲ့ ဖူဟုန်ပင်းတို့လို ပထမတပ်မတော်ရဲ့ တပ်မှူးတွေ။ အားလုံးက ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တပ်ရင်းတွေထဲမှာပဲ ရှိနေတာ နှမြောစရာကောင်းတယ်။ မြို့စားမင်းလေးကို အသစ်ဖွဲ့စည်းလိုက်တဲ့ တတိယတပ်မတော်ဖြစ်တဲ့ ပိုင်ဆယ်တပ်မတော်မှာ တပ်မှူးအနေနဲ့ သွားရောက်တာဝန်ထမ်းဆောင်စေချင်ပါတယ်။ ဒီတပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံက နည်းနည်း ရှုပ်ထွေးပြီး ၊ တိုက်ခိုက်ရေးစွမ်းရည်ကလည်း ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်သည်တွေလောက် မကောင်းမွန်နိုင်သေးပါဘူး။ မြို့စားမင်းလေးရဲ့ ကျီမျိုးနွယ်စု စစ်သည်တွေကိုတော့ ညီဖြစ်သူ ဒါမှမဟုတ် ဇနီးသည်ဆီ လွှဲပြောင်းပေးခဲ့လို့ ရပါတယ်။”

မြို့စားမင်းလေး ကျီချန်က ပြောလိုက်သည်။

“သခင်လေး။ ကျွန်တော် သွားပါ့မယ်။ ကျွန်တော့်ရဲ့ ကျီမျိုးနွယ်စု စစ်သည် ထောင်ချီကတော့ အထက်လူကြီးရဲ့ စီမံခန့်ခွဲမှုအတိုင်း လုံးဝ နာခံမှာပါ။ အခုအချိန်မှာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တပ်မတော်ပဲ ရှိတော့တာပါ။ ကျီမျိုးနွယ်စု ဆိုတာ မရှိတော့သလို ၊ ဖူမျိုးနွယ်စု ဆိုတာလည်း မရှိတော့ပါဘူး။ ကျွန်တော် တတိယတပ်မတော်ကို သွားပါ့မယ်။ ဒါပေမဲ့ ကျွန်တော် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်သည် တစ်ထောင်လောက် ခေါ်သွားချင်ပါတယ်။ အဓိကကတော့ စံပြအနေနဲ့ ထားရှိချင်လို့ပါ ၊ ပြီးတော့ လိုအပ်ရင် ကြီးကြပ်ရေးအဖွဲ့ ၊ အသေခံတပ်ဖွဲ့ နဲ့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အနေနဲ့ သုံးလို့ ရတာပေါ့။”

တုပိုင် ခွင့်ပြုလိုက်သည်။

“ကောင်းပြီ။”

**--**--**--**--**--**--**--**

တတိယတပ်မတော်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ မြို့စားမင်းလေး ကျီချန်က တပ်မှူးအဖြစ် တာဝန်ယူပြီး ၊ လီလင်းက ဒုတိယတပ်မှူးအဖြစ် တာဝန်ယူလေသည်။

စစ်ပွဲမစတင်မီတွင် တုပိုင်၏ တပ်မတော်ကြီး သုံးခုကို တရားဝင် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

ပထမတပ်မတော် ဖြစ်သော ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တပ်မတော်ကို ဖူဟုန်ပင်းက တပ်မှူးအဖြစ် ဦးဆောင်ပြီး စုစုပေါင်း စစ်သည်အင်အား ငါးသောင်းနှစ်ထောင် ရှိသည်။

ဒုတိယတပ်မတော် ဖြစ်သော မီးနတ်ဘုရား တပ်မတော်ကို မီးနတ်ဘုရား ဘုန်းတော်ကြီးဟောင်း ယန်လျဲ့က တပ်မှူးအဖြစ် ဦးဆောင်ပြီး စုစုပေါင်း စစ်သည်အင်အား တစ်သောင်းရှစ်ထောင် ရှိသည်။

တတိယတပ်မတော် ဖြစ်သော ပိုင်ဆယ်တပ်မတော်ကို ကျီချန်က တပ်မှူးအဖြစ် ဦးဆောင်ပြီး စုစုပေါင်း စစ်သည်အင်အား နှစ်သောင်းသုံးထောင် ရှိ၏။

**--**--**--**--**--**--**--**

ကွမ်ရှီးပြည်နယ် ၊ နန်နင်းစီရင်စု။

ယွမ်ထျန်ကျောက်၏ ဝန်ကြီးဌာန လက်အောက်ခံ လက်ရွေးစင်တပ်သား ငါးသောင်းသည် အရှိန်အဟုန်ပြင်းစွာဖြင့် မြောက်ဘက်သို့ ချီတက်နေကြသည်။

“ဘုန်းးး ဘုန်းးး ဘုန်းးး”

သံချပ်ကာတပ်သား ငါးသောင်းသည် မြှားတို ၊ ဓား ၊ လေး ၊ မြှား အစုံအလင်ဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားကြသည်။

သံချပ်ကာဝတ် မြင်းစီးတပ်သား ငါးထောင်က ရှေ့မှ လမ်းရှင်းပေးပြီး မြေကြီးကို နင်းခြေကာ ချီတက်လာရာ ငှက်များနှင့် သားရဲတိရစ္ဆာန်များ အားလုံး ထွက်ပြေးပုန်းရှောင်သွားကြရသည်။

ယခင်အမှားမျိုး ထပ်မံ မဖြစ်ပွားစေရန်အတွက် ဤတစ်ကြိမ်တွင်မူ ယွမ်ထျန်ကျောက်၏ တပ်သား ငါးသောင်းသည် လီရူဟိုင်၏ စစ်တပ်ထက်ပင် စောစီးစွာ ထွက်ခွာလာခဲ့ကြသည်။

ရည်မှန်းချက် တစ်ခုတည်းသာ ရှိသည်။ တုပိုင်၏ တပ်မတော် မသေမချင်း ယွမ်ထျန်ကျောက်၏ တပ်သား ငါးသောင်းသည် အချိန်မီ ဝင်ရောက် တိုက်ခိုက် ချေမှုန်းရန် ဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ သခင်လေးသည် အမိန့်ပြတ် ပေးထားသည်။ တုပိုင် မသေသရွေ့ယွမ်ထျန်ကျောက် လုံးဝ တပ်ဆုတ်မည် မဟုတ်ပေ။

ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက် တပ်ဆုတ်ပြီး ချန်တူးသို့ ပြန်သွားသောအခါ တာ့ယန်တိုင်းပြည်၏ အိမ်ရှေ့စံ လီကျန်းသည်လည်း သူ၏ တပ်ကို ဦးဆောင်ပြီး မြို့တော်သို့ ပြန်လည် ဆုတ်ခွာလာခဲ့သည်။

ဤအချိန်၌ တာ့ယန်နေပြည်တော် ဝန်းကျင်၌ စစ်သည်အင်အား သုံးသိန်းကိုးသောင်း စုဝေးရောက်ရှိနေပြီ ဖြစ်သည်။

ဤအခြေအနေသည် တာ့ယန်တိုင်းပြည်၏ ရိက္ခာထောက်ပံ့မှုအပေါ် ကြီးမားသော ဖိအား ဖြစ်စေပြီး နှစ်ပေါင်းများစွာ သိုလှောင်ထားခဲ့သော စပါးရိက္ခာများကို လျင်မြန်စွာ ကုန်ဆုံးစေလျက် ရှိသည်။

ကံကောင်းသည်မှာ လီကျန်းသည် ယွန်းနန်နှင့် ကွေ့ကျိုးဒေသများကို လုယက်တိုက်ခိုက်ခဲ့သလို ၊ ပင်လယ်ရပ်ခြား အင်ပါယာမှ စပါးရိက္ခာများကိုလည်း ဆက်တိုက် တင်သွင်းနေခဲ့သည်။ သို့မဟုတ်ပါက စစ်သည် လေးသိန်းနီးပါး၏ ရိက္ခာထောက်ပံ့မှုသည် အသစ်စက်စက် တည်ထောင်ထားသော တိုင်းပြည်ငယ်တစ်ခုကို ပြိုလဲသွားစေနိုင်သည်။

စစ်သည် သုံးသိန်းကိုးသောင်းသော တပ်မတော်ကြီးသည် တာ့ယန်နေပြည်တော်၏ လူဦးရေထက်ပင် ကျော်လွန်နေလေသည်။ မိုင်ပေါင်းရာချီသော စခန်းချနေရာများသည် မဆုံးနိုင်မကုန်နိုင် ပြည့်နှက်နေလေ၏။

တာ့ယန်ဘုရင် လီရူဟိုင်သည် နန်းတော်၏ အမြင့်ဆုံးနေရာတွင် ရပ်လျက် သူ၏ တပ်မတော်ကြီးကို ငုံ့ကြည့်နေသည်။

ဤတပ်မတော်သည် ပိုင်ဆယ်မြို့၏ အမြင့်ဆုံး လူဦးရေထက် နှစ်ဆ ၊ သုံးဆခန့် ပိုမို များပြားနေသည်။ မည်သည့် တိုက်ခိုက်ရေးပုံစံဖြင့် တိုက်ခိုက်သည်ဖြစ်စေ ၊ တုပိုင်၏ ပိုင်ဆယ်မြို့ကို လွှမ်းမိုးဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။

ထိုအချိန်၌ အနောက်ဘက်မှ ခရာမှုတ်သံတစ်ခု ထွက်ပေါ်လာလေ၏။ ထို့နောက် အနောက်ဘက် မိုးကုပ်စက်ဝိုင်းဆီမှ ဖုန်မှုန့်များ ထကြွလာသည်။

အနက်နှင့် အနီရောင် ရောစပ်နေသော တပ်မတော်ကြီးသည် ညီညာသော ခြေလှမ်းများဖြင့် ဧရာမ သားရဲကြီးတစ်ကောင်ကဲ့သို့ တာ့ယန်နေပြည်တော်သို့ ချီတက်ဝင်ရောက်လာသည်။

အစွန်းရောက် လက်ရွေးစင် တပ်ဖွဲ့ဖြစ်ပြီး ၊ မြှားတို ၊ ဓား ၊ လေး ၊ မြှား အစုံအလင်ဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားကြသည်။

ထူးခြားသော သံချပ်ကာများ ၊ ထူးခြားသော ဝတ်ရုံများနှင့် ရင်းနှီးပြီးသား မီးနတ်ဘုရား အမှတ်အသားများ ပါရှိသည်။

အနောက်ဘက်ဒေသ မီးနတ်ဘုရား စစ်ကြောင်းကြီးပင် ဖြစ်လေသည်။ လီရူဟိုင် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

အနောက်ဘက်ဒေသ မီးနတ်ဘုရား စစ်ကြောင်းကြီး ရောက်လာပြီဖြစ်၏။ အနောက်ဘက်ဒေသ မီးနတ်ဘုရားဂိုဏ်း၏ လက်တံများသည် မြေပြန့်လွင်ပြင် အင်ပါယာထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အနောက်ဘက်ဒေသ မီးနတ်ဘုရား စစ်ကြောင်းမှ လက်ရွေးစင် ငါးသောင်းသည် တာ့ယန်နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြသည်။

“မီးနတ်ဘုရား စစ်ကြောင်း တပ်မှူးအက်စ် က ယန်ဘုရင်မင်းမြတ်ကို ဂါရဝပြုပါတယ်။”

အရပ်ရှည်ပြီး သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦးသည် လီရူဟိုင်ကို ဦးညွှတ် ဂါရဝပြုလိုက်သည်။

လီရူဟိုင်သည် မြို့ပြင်သို့ ကိုယ်တိုင် ထွက်ကြိုပြီး ၊ စိတ်ထဲတွင် အကြိမ်ကြိမ် သက်ပြင်းချနေမိသည်။

သူ၏ စစ်သည် သုံးသိန်းနှင့် အနောက်ဘက်ဒေသ မီးနတ်ဘုရား စစ်ကြောင်းမှ လက်ရွေးစင် ငါးသောင်း ၊ စုစုပေါင်း သုံးသိန်းခွဲသော တပ်မတော်ကြီးသည် တောင်ပိုင်းအင်ပါယာ တစ်ခုလုံးကို သိမ်းပိုက်ရန် လုံလောက်ပေသည်။

တုပိုင် ဆိုသော မိန်းမစိုးငယ် တစ်ယောက်တည်းကို တိုက်ခိုက်ဖို့ သုံးရတာကတော့ အလွန်အကျွံ ဖြုန်းတီးရာ ကျလွန်းသည်။

ကြက်ကလေး တစ်ကောင်ကို သတ်ဖို့ ဧရာမ သံတူကြီးကို သုံးသလို ၊ ခြင်္သေ့တစ်ကောင်က ယုန်ငယ်တစ်ကောင်ကို ဖမ်းဖို့ အစွမ်းကုန် သုံးနေသလို ဖြစ်နေသည်။

“တုပိုင်။ ဒီတစ်ခေါက်တော့ တကယ်ကို ကောင်းကင်ကြီး တုန်ခါသွားရပြီ။ မင်းကို ပြာဖြစ်အောင် လုပ်ပစ်လိုက်မယ်။”

**--**--**--**--**--**--**--**

ပိုင်ဆယ်မြို့အတွင်း၌ ဖြစ်သည်။ တုပိုင်သည် သူ့ရှေ့တွင် စီစီရီရီ ချထားသော ဖျက်ဆီးခြင်းမြှား တစ်ရာ့တစ်ဆယ်ကို ကြည့်လိုက်သည်။

နောက်ဆုံးတော့ ပြီးသွားပြီဖြစ်၏။ ညစ်ညမ်းနေသော သန့်စင်ခြင်းရေ ကျင်းတစ်သိန်းခွဲကို အကုန်အစင် ထုတ်ယူပြီးစီးသွားပြီ ဖြစ်သည်။ အမှောင်ဒြပ်ထု ပမာဏ အနည်းငယ်သာ ရရှိခဲ့ပြီး ၊ ယခင် ဆယ်ချောင်းနှင့် ပေါင်းကာ ဖျက်ဆီးခြင်းမြှား အချောင်း တစ်ရာ ပြုလုပ်နိုင်ခဲ့သည်။ စုစုပေါင်း တစ်ရာ့တစ်ဆယ် ဖြစ်သည်။

ဤ ကောင်းကင်ဆန့်ကျင် ဖျက်ဆီးရေးလက်နက် တစ်ရာ့တစ်ဆယ်ဖြင့် လူပေါင်း မည်မျှကို သတ်ဖြတ်နိုင်မည်နည်း။

တုပိုင် မသိချေ။ တစ်သိန်းလား ၊ နှစ်သိန်းလား။

သို့သော် ဖျက်ဆီးခြင်းမြှား အချောင်း တစ်ရာ ပွင့်လန်းလာသည့် အချိန်သည် ကမ္ဘာကြီး အမှန်တကယ် ပျက်စီးသွားသည့်အချိန် ၊ မြေပြင်ပေါ်တွင် ငရဲကျရောက်သည့် အချိန် ၊ စကြဝဠာတစ်ခုလုံး တုန်ခါသွားရမည့် အချိန်ပင် ဖြစ်လိမ့်မည်။

“သခင်လေး။ တပ်မတော် စုဝေးပြီးပါပြီ။”

ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်သည်တစ်ဦးက သတင်းပို့လိုက်သည်။ ထိုအချိန်၌ မွေးစားအဖေ လီဝမ်ဟွေ့ အလျင်အမြန် ဆင်းလာပြီး ပြောလိုက်သည်။

“တုပိုင်။ မင်းသမီးနင်းရွှဲ့ ရောက်လာတယ်။ ဧကရာဇ်ရဲ့ နောက်ဆုံး အမိန့်တော် ပါလာတယ်။”

တုပိုင် ချက်ချင်း မှင်သက်သွားရသည်။

‘မင်းသမီးနင်းရွှဲ့က တပ်မတော်သစ်ရဲ့ စစ်သေနာပတိချုပ်လေ။ သူကိုယ်တိုင် မြို့တော်ကနေ ထွက်ခွာပြီး ပိုင်ဆယ်မြို့အထိ လာရောက် အမိန့်ပြန်တမ်း ပေးပို့ရလောက်အောင် ဘာကိစ္စများ ရှိလို့လဲ။’

**--**--**--**--**--**--**--**

ပိုင်ဆယ်စီရင်စု အုပ်ချုပ်ရေးမှူးရုံး။

ဖုန်မှုန့်များ ပေကျံနေသော မင်းသမီးနင်းရွှဲ့သည် လုံးဝ ပိန်ကျသွားလေသည်။

“တုပိုင်။ တပ်မတော် အဆင်သင့် ဖြစ်ပြီလား။”

မင်းသမီးနင်းရွှဲ့သည် တိုးတိုးလေး မေးလိုက်သည်။

တုပိုင်က ဖြေသည်။

“ဟုတ်ကဲ့ မင်းသမီး။”

မင်းသမီးနင်းရွှဲ့သည် ဧကရာဇ်အမိန့်ပြန်တမ်းကို ဖြန့်လိုက်ပြီး ဖတ်ကြားလေ၏။

“ကောင်းကင်ဘုံအမိန့်အရ ဧကရာဇ်မင်းမြတ် မိန့်ကြားတော်မူသည်မှာ... တုပိုင်၏ လက်အောက်ခံ တပ်ဖွဲ့အားလုံး တောင်ဘက်သို့ ဆုတ်ခွာပြီး အန်နမ်နိုင်ငံထဲသို့ ဝင်ရောက်ကာ ကျန်းနန်နယ်စားမင်းနှင့် သွားရောက် ပူးပေါင်းရမည်။”

ဤအမိန့်ပြန်တမ်းကို ကြားလိုက်ရသည့်အခါ တုပိုင် အံ့သြသွားရသည်။

မင်းသမီးနင်းရွှဲ့သည် ပြောလိုက်သည်။

“ခမည်းတော်က ရှင့်ကို တောင်းပန်ပါတယ်တဲ့။ ဖိအားတွေ အားလုံးကို ရှင့်ခေါင်းပေါ် ပုံမချသင့်ဘူးတဲ့။ အခု အခြေအနေတွေက လုံးဝ ပျက်စီးသွားပြီ။ ကျန့်ကော်နယ်စားမင်းကလည်း ဆုတ်ခွာသွားပြီ ၊ ရွှမ်ချန်နယ်စားမင်းကလည်း ရပ်ကြည့်နေတယ် ၊ လီရူဟိုင်ဆီမှာ စစ်သည် သုံးလေးသိန်းလောက် စုဝေးနေပြီး ၊ ယွမ်ထျန်ကျောက်ရဲ့ တပ်သား ငါးသောင်းကလည်း မြောက်ဘက်ကို ချီတက်လာနေပြီ။ ဒီတိုက်ပွဲမှာ နိုင်နိုင်ခြေ လုံးဝ မရှိတော့ဘူး။ ခမည်းတော်က အကျိုးမဲ့ အသေခံတာမျိုး မလုပ်စေချင်ဘူးတဲ့။ အခု ရှင် တပ်ကို ဦးဆောင်ပြီး တောင်ဘက် အန်နမ်နိုင်ငံထဲ ဝင်သွားရင် အချိန်မီပါသေးတယ်။ တပ်မတော်ကို ထိန်းသိမ်းထားနိုင်သမျှ ကာလပတ်လုံး အနာဂတ် ရှိနေဦးမှာပါ။”

တုပိုင်က မေးလိုက်သည်။ “ဧကရာဇ်မင်းမြတ်ကရော။”

မင်းသမီးနင်းရွှဲ့က ပြောလိုက်၏။ “မြို့တော်မှာ ရိက္ခာပြတ်လပ်တော့မယ်။ မြို့တော်က သန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် ၊ ရိက္ခာပြတ်လပ်တဲ့ နေ့ကျရင်...”

“အဲဒီအချိန်ကျရင် အိမ်ရှေ့စံမောင်လေး နန်းတက်လိမ့်မယ်။ ဘိုးဘေး လီလျန်တင်းက ခမည်းတော်ကို သင်္ဂြိုဟ်ပေးဖို့ ဆုံးဖြတ်ထားပြီးပြီ ၊ ကျွန်မရဲ့ တပ်မတော်သစ်ကိုလည်း ဖျက်သိမ်းလိုက်မယ် ၊ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့လည်း ဆုတ်ခွာလိမ့်မယ်။ ကျွန်မ သူတို့ကို အပိုင်းလိုက်ခွဲပြီး ခေါ်ဆောင်သွားမယ် ၊ ပြီးရင် အန်နမ်နိုင်ငံထဲ ဝင်ရောက်ပြီး ရှင်နဲ့ လာတွေ့ဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်။”

နောက်ဆုံးတော့ ဧကရာဇ်သည် အခြားသူများ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် မိမိကိုယ်ကို အသေခံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သူသည် စွန့်စားပြီး လီရူဟိုင်ကို မတိုက်ခိုက်လိုတော့ပေ။ တုပိုင် ခက်ခက်ခဲခဲ တည်ထောင်ထားသော တပ်မတော်ကြီးကို ကယ်တင်ရန်အတွက် မိမိကိုယ်ကို အသေခံရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

“ခမည်းတော်က ရှင် နားမထောင်မှာ စိုးလို့ ကျွန်မကို အမိန့်ပြန်တမ်း လာပို့ခိုင်းတာ။”

မင်းသမီးနင်းရွှဲ့သည် ပြောလိုက်၏။

“သစ်ပင်ရှိသရွေ့ ထင်းမရှားဘူး။ မြို့စားမင်းတုပိုင်... ရှင့်တပ်မတော်လည်း စုစည်းပြီးပြီဆိုတော့ ချက်ချင်း တောင်ဘက်ကို ဆုတ်ပြီး အန်နမ်နိုင်ငံထဲ ဝင်ရောက်လိုက်ပါ။ ရေစက်ပါရင် နောင်တစ်ချိန် အန်နမ်နိုင်ငံမှာ ပြန်ဆုံကြတာပေါ့။”

**--**--**--**--**--**--**--**

လက်ရှိအချိန်တွင် ကျန့်ကော်နယ်စားမင်းနှင့် ရွှမ်ချန်နယ်စားမင်းတို့သည် တံတိုင်းပေါ်မှ ရပ်ကြည့်နေကြပြီး နှစ်ဖက်စလုံးမှ အမြတ်ထုတ်ရန် စောင့်ဆိုင်းနေကြသည်။

လီရူဟိုင်၌ စစ်သည် သိန်းချီရှိပြီး ၊ ယွမ်ထျန်ကျောက်ထံတွင် စစ်သည် ငါးသောင်း ရှိသည်။ ဤအခြေအနေသည် တုပိုင်တို့အတွက် လုံးဝ မျှော်လင့်ချက်မဲ့နေသယောင် ရှိသည်။ ဧကရာဇ်က မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ပြီး အခြားသူများ အသက်ရှင်ဖို့အတွက် ကိုယ်တိုင် အသေခံရန် ဆုံးဖြတ်လိုက်ခြင်းမှာ မဆန်းတော့ပေ။

ဧကရာဇ်သည် ဧကရာဇ် ပီသပါပေသည်။ နောက်ဆုံးအချိန်အထိ သူ ကာကွယ်ချင်သော သူများကို ကာကွယ်ပေးချင်နေဆဲပင်။ သူကိုယ်၌က စွမ်းအားမဲ့နေလျှင်တောင်မှ ကာကွယ်ပေးချင်နေဆဲ ဖြစ်သည်။

တုပိုင်သည် မင်းသမီးနင်းရွှဲ့ကို ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်သည်။

“မင်းသမီး။ ဧကရာဇ်ကို လျှောက်တင်ပေးပါ။ ကျွန်တော် တပ်မတော်ကို စုစည်းနေတာက တောင်ဘက် အန်နမ်နိုင်ငံကို ဆုတ်ခွာဖို့ မဟုတ်ပါဘူး။ လီမိသားစုရဲ့ ရုပ်သေး တာ့ယန်တိုင်းပြည်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ပါ။ ကျွန်တော်က စတင်တိုက်ခိုက်ပြီး ပုန်ကန်မှုကို ချေမှုန်းမှာပါ။”

ထိုစကားကို ကြားလိုက်သည်နှင့် မင်းသမီးနင်းရွှဲ့ လုံးဝ တုန်လှုပ်သွားပြီး သူမ၏ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။

တုပိုင်က ဆက်ပြောသည်။

“မင်းသမီး။ ဧကရာဇ်ကို ပြောလိုက်ပါ။ တုပိုင်က သူ့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူးလို့။ မကြာခင် ကျွန်တော့်ရဲ့ အောင်ပွဲသတင်းကို သူ ကြားရပါလိမ့်မယ်လို့။”

“ကျွန်တော် သူ့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။”

“ကျွန်တော် ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်သလို ၊ ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ပါဘူး။ တောင်ဘက်ကို ဆုတ်ခွာတာ ၊ ထွက်ပြေးတာမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။”

“မင်းသမီး မြို့တော်မှာ နေပြီး ကျွန်တော် လီမိသားစုရဲ့ ပုန်ကန်မှုကို အမြစ်ပြတ် ချေမှုန်းမယ့် သတင်းကောင်းကို စောင့်နေလိုက်ပါ။”

ထို့နောက် တုပိုင်သည် ငွေရောင်သရဖူကို ဆောင်းလိုက်ပြီး ၊ အင်ပါယာ အနောက်ဘက်ဒေသကာကွယ်ရေး မြို့စားမင်း ဝတ်စုံကို ဝတ်ဆင်ကာ ၊ တံခါးပေါက်မှ ထွက်ခွာပြီး အပြင်ဘက်ရှိ ကွင်းပြင်ကျယ်ကြီးဆီသို့ လျှောက်သွားလိုက်သည်။

ကွင်းပြင်ကျယ်ကြီးထဲတွင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တပ်မတော် သုံးသောင်းနှစ်ထောင်နှင့် မီးနတ်ဘုရား တပ်မတော် တစ်သောင်းရှစ်ထောင်သည် ညီညာစွာ တန်းစီရပ်နေကြသည်။

စစ်သည် ငါးသောင်းသည် အဆုံးအစမရှိအောင် များပြားနေသည်။ ငါးသောင်းသာ ရှိသော်လည်း စစ်သည်တိုင်းသည် မြှားတို ၊ ဓား ၊ လေး ၊ မြှား အစုံအလင်ဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားကြပြီး ၊ တောက်ပသော သံချပ်ကာများကို ဝတ်ဆင်ထားကြသည်။

အင်အားကြီးမားပြီး ၊ သတ်ဖြတ်လိုသော အရှိန်အဝါသည် စစ်သည်တစ်သိန်း ၊ တစ်သိန်းခွဲထက်ပင် ပိုမို ပြင်းထန်နေသည်။

တုပိုင် မြင်းပေါ်သို့ ခုန်တက်လိုက်ပြီး ၊ အနောက်ဘက်သို့ ဓားကို ညွှန်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ငါ၏တပ်မတော်။ လီမိသားစုကို တိုက်ခိုက်ချေမှုန်းပြီး ပုန်ကန်မှုကို နှိမ်နင်းဖို့... ချီတက်။”

“ဘုန်းးး ဘုန်းးး ဘုန်းးး”

စစ်သည် ငါးသောင်းသည် မြို့ပြင်သို့ အရှိန်အဟုန်ပြင်းစွာ ထွက်ခွာသွားကြလေ၏။ သူတို့သည် လီမိသားစု၏ တာ့ယန်တိုင်းပြည်ကို သတ်ဖြတ်ချေမှုန်းရန် ချီတက်သွားကြသည်။ ရုတ်တရက် ကောင်းကင်ကြီးသည် အရောင်ပြောင်းသွားပြီး တောင်တန်းများပင် တုန်ခါသွားရလေတော့သည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၅၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters