← Chapters

အခန်း (၅၅၅)

Vol. 56 Ch. 555

အခန်း (၅၅၅)

Vol. 56 Ch. 555

မင်းသမီးနင်းရွှဲ့သည် မြင်းပေါ်တွင် ထိုင်လျက် တုပိုင်၏ တပ်မတော်ကြီး ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။

သူမ မြင်နေရသည်မှာ အလွန် အစွမ်းထက်သော လက်ရွေးစင်တပ်ဖွဲ့ကြီး ဖြစ်၏။ တာ့နင်အင်ပါယာရှိ မည်သည့်တပ်ဖွဲ့ထက်မဆို သာလွန်ကောင်းမွန်နေပြီး၊ မင်းသမီးနင်းရွှဲ့ အိပ်မက်မက်ခဲ့ရသော တပ်မတော်မျိုး ဖြစ်ပေသည်။

နေရောင်ခြည်သည် တပ်မတော်ကြီးအပေါ် ဖြာကျနေပြီး၊ တောက်ပသော အလင်းရောင်များ ပြန်လည်ဟပ်နေသည်။

ဤသောင်းနှင့်ချီသော တပ်မတော်ကြီး ချီတက်သွားသည်ကို ကြည့်ရသည်မှာ မျက်စိပသာဒ ဖြစ်စရာပင်။ အထူးသဖြင့် ရှေ့ဆုံးမှ ဦးဆောင်ချီတက်သွားသော တပ်သား သုံးသောင်းကျော်သည် အလွန် စည်းစနစ်ကျနလှ၏။

လီဝမ်ဟွေ့သည် မင်းသမီးနင်းရွှဲ့အနားသို့ လျှောက်လာပြီး ပြောလိုက်သည်။

“မင်းသမီး။ သွားနားလိုက်ပါဦး။”

မင်းသမီးနင်းရွှဲ့က မေးလိုက်သည်။

“မြို့စားမင်းတုပိုင်ဆီမှာ စစ်သည်အင်အား တစ်သိန်းနီးပါး ရှိတယ် မဟုတ်လား။”

လီဝမ်ဟွေ့က ဖြေသည်။

“ကိုးသောင်းနှစ်ထောင်ကျော်၊ ကိုးသောင်းသုံးထောင်နီးပါး ရှိပါတယ်။”

မင်းသမီးနင်းရွှဲ့က ဆက်မေးသည်။

“ဒါဆို... ဒါဆို ဘာလို့ သူက တပ်ကို ခွဲပြီး လီမိသားစုကို သွားတိုက်တာလဲ။”

ဤအချက်သည် အမှန်တကယ် နားလည်ရခက်လှသည်။ စစ်သည် ကိုးသောင်းဖြင့် မြို့ကို ခုခံကာကွယ်ခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သင့်သည်။

လီဝမ်ဟွေ့သည် ရှင်းပြလေ၏။

“မြို့တော်မှာ ရိက္ခာပြတ်လပ်တော့မယ်။ အချိန်မစောင့်နိုင်တော့ဘူး။ လီရူဟိုင်ရဲ့ စစ်သည် သုံးလေးသိန်းက အခုမှ စုစည်းပြီးတာ ဆိုတော့ ပိုင်ဆယ်မြို့ကို လာတိုက်ဖို့ နောက်ထပ် တစ်လလောက် ကြာဦးမယ်။ အဲဒီအချိန်ကျရင် မြို့တော်က မရေမတွက်နိုင်တဲ့ ပြည်သူတွေ အစာငတ်ပြီး သေကုန်ကြလိမ့်မယ်။ ဧကရာဇ်မင်းမြတ်လည်း တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။”

မင်းသမီးနင်းရွှဲ့၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်များ စီးကျလာလေသည်။ သူမ၏ ရင်ထဲတွင် ခံစားရသော ထိရှမှုသည် စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။

လီဝမ်ဟွေ့က ဆက်ပြောသည်။

“မင်းသမီး။ ဧကရာဇ်ကို ပြောပေးပါ။ လုံးဝ လက်မလျှော့ဖို့၊ ဇွဲမလျှော့ဖို့။ တုပိုင်ကို ယုံကြည်ပါ၊ သူက အံ့ဖွယ်ရာတွေကို ဖန်တီးနိုင်တယ်ဆိုတာ ယုံကြည်ပေးပါ။”

စစ်သည် ငါးသောင်းဖြင့် ပင်လယ်ရေလို များပြားလှသော ရန်သူ လေးသိန်းကို သွားရောက် ရင်ဆိုင်ရမည်။ ထို့အပြင် ခံစစ်မဟုတ်ဘဲ တိုက်စစ်ဆင်မည် ဖြစ်လေ၏။

ဤတိုက်ပွဲကို မည်သို့ နိုင်အောင် တိုက်မည်နည်း ဆိုတာကို မင်းသမီးနင်းရွှဲ့ လုံးဝ စဉ်းစား၍ မရနိုင်ပေ။ သို့သော် တုပိုင်က နိုင်မည်ဟု ဆိုသည်။ လီဝမ်ဟွေ့ကလည်း နိုင်မည်ဟု ဆိုသည်။ ထို့ကြောင့် အမှန်တကယ် နိုင်ပေလိမ့်မည်။

“ဦးရီးတော်လီဝမ်ဟွေ့။ ယွမ်ထျန်ကျောက်ရဲ့ တပ်သား ငါးသောင်းက မြောက်ဘက်ကို ချီတက်လာနေတယ်လို့ ကြားတယ်။”

မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။

“ဒါဆို အဆိုးဆုံး အခြေအနေမှာ ရှင်တို့က စစ်ပွဲနှစ်ပွဲ ၊ စစ်မြေပြင်နှစ်ခုကို ရင်ဆိုင်ရမှာလား။”

လီဝမ်ဟွေ့ ခေါင်းညိတ်လိုက်သည်။

တုပိုင်သည် စစ်သည် ငါးသောင်း ခေါ်ဆောင်သွားသည်။ ကျန်ရှိနေသည်မှာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ တပ်သားသစ် နှစ်သောင်း ၊ မြို့စားမင်းလေး ကျီချန် ဦးဆောင်သော ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်သည် တစ်ထောင် ၊ နှင့် တတိယတပ်မတော်မှ နှစ်သောင်းကျော် ၊ စုစုပေါင်း လေးသောင်းကျော်တို့သည် ပိုင်ဆယ်မြို့တွင် ကျန်ရစ်ခဲ့သည်။

အကယ်၍သာ ယွမ်ထျန်ကျောက်၏ တပ်သား ငါးသောင်း ပိုင်ဆယ်မြို့ကို တိုက်ခိုက်လာပါက ၊ အမှန်တကယ် ခက်ခဲသော တိုက်ပွဲ ဖြစ်လာပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် တပ်သား တစ်သောင်းငါးထောင်မှာ မိုမိသားစု၏ အဖွဲ့ဝင်ဟောင်း စစ်သားသစ်များ ဖြစ်နေသောကြောင့်ပင်။ ယခုအချိန်တွင် သူတို့ အလွန် နာခံမှု ရှိနေသော်လည်း ၊ သူတို့သည် စစ်မြေပြင်တွင် တောပုန်းဓားပြများအဖြစ် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သူများ ဖြစ်သည်။ တိုက်ပွဲစသောအခါ ဘာမဆို ဖြစ်သွားနိုင်သည်။

ထို့ကြောင့် လီဝမ်ဟွေ့ ၊ မင်းသမီးယွီကျိန်းနှင့် မြို့စားမင်းလေး ကျီချန်တို့သည် ပိုင်ဆယ်မြို့တွင် ကျန်ရစ်ခဲ့ရခြင်း ဖြစ်သည်။ မင်းသမီးနင်းရွှဲ့၏ မျက်လုံးများတွင် ပြင်းပြသော ဆန္ဒများ ပေါ်ထွက်လာပြီး ပြောလိုက်သည်။

“ကျွန်မ ဒီမှာ နေခဲ့ပြီး ရှင်တို့နဲ့အတူ တိုက်ပွဲဝင်ချင်လိုက်တာ။”

လီဝမ်ဟွေ့က ပြောလိုက်သည်။ “မင်းသမီး။ ကျွန်တော်တို့ကို ယုံကြည်ပါ ၊ တုပိုင်ကို ယုံကြည်ပါ။ ဒါက မိုးမလင်းခင် အမှောင်မိုက်ဆုံး အချိန်ပါ။ ဒီအဆင့်ကို ကျော်ဖြတ်ပြီးတာနဲ့ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားမယ့် အခြေအနေတွေကို ကြုံတွေ့ရပါလိမ့်မယ်။”

မင်းသမီးနင်းရွှဲ့သည် လီဝမ်ဟွေ့ကို ဦးညွှတ် ဂါရဝပြုလိုက်ပြီး ပြောလေ၏။ “နင်းမိသားစုက တုပိုင်ရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။ ဖွားဖက်တော်လီရဲ့ ကျေးဇူးကိုလည်း မမေ့ပါဘူး။ ကျွန်မ မြို့တော်ကို ပြန်ပြီး ဒီက အကြောင်းတွေ အားလုံးကို ခမည်းတော်ဆီ ပြောပြပါ့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် တောင့်ခံထားဖို့ ပြောပါ့မယ်။”

လီဝမ်ဟွေ့က ပြောသည်။

“မင်းသမီး။ နေ့ဝက်လောက်တောင် မနားတော့ဘူးလား။”

မင်းသမီးနင်းရွှဲ့ ခေါင်းခါလိုက်ပြီး ပြောလေ၏။

“အရေးပေါ် အခြေအနေမို့လို့ပါ။ နားနေဖို့ အချိန်မရှိတော့ဘူး။”

ထို့ကြောင့် လီဝမ်ဟွေ့သည် မင်းသမီးနင်းရွှဲ့အတွက် ကောင်းမွန်သော ထမင်းတစ်နပ်ကို အမြန် ပြင်ဆင်ပေးလိုက်ပြီး ၊ သူမနှင့်အတူ ထမင်းစားပြီးနောက် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ မြင်းကောင်းတစ်ကောင်ကို စီစဉ်ပေးလိုက်သည်။

တစ်ခဏ ကြာပြီးနောက် မင်းသမီးနင်းရွှဲ့သည် လူတစ်ဒါဇင်ခန့်ကို ခေါ်ဆောင်ကာ မြောက်ဘက်သို့ အရှိန်ပြင်းစွာ ပြန်လည် ထွက်ခွာသွားလေ၏။

ယခင်က သူမသည် မြို့တော်မှ ပိုင်ဆယ်မြို့အထိ မိုင်တစ်သောင်းကျော် ခရီးကို ဆယ်ရက်အတွင်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ပိုင်ဆယ်မြို့တွင် တစ်နာရီကျော်သာ နေထိုင်ပြီးနောက် ချက်ချင်းပင် မြောက်ဘက်သို့ ပြန်လည် ထွက်ခွာသွားခြင်း ဖြစ်သည်။

သူမ ပေါင်ချိန် ဆယ်ပေါင်ခန့် ကျဆင်းသွားသည်မှာ မဆန်းတော့ပေ။

**--**--**--**--**--**--**--**

ဟူနန်ပြည်နယ် ၊ ယုံကျိုးစီရင်စု။

“ထျန်ယွင် ခွေးအိုကြီး... ထျန်ယွင် ခွေးအိုကြီး... မင်းက ငါ့မိသားစုကို သတ်ရဲတယ်ပေါ့လေ။”

ရွှမ်ချန်နယ်စားမင်း လုကျန့်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ငါက နေမကောင်းလို့ ရက်နည်းနည်းလောက် ကြန့်ကြာနေတာကို ၊ မင်းက ငါ့မိသားစုကို သတ်တယ်ပေါ့။ ဒီလောကကြီးမှာ ဘယ်သူကများ မင်းတို့ နင်းမိသားစုကို သစ္စာရှိရဲတော့မှာလဲ။”

သူသည် ဓားကို ဆွဲထုတ်ပြီး ခန်းမထဲရှိ တာ့နင်အင်ပါယာ ပထမဧကရာဇ် ထိုက်ကျူ၏ ပုံတူပန်းချီကားကို ခုတ်ပိုင်းပစ်လိုက်လေသည်။ ဧကရာဇ်သည် သူ့ကို တပ်ဦးဆောင်ပြီး တောင်ဘက်သို့ ချီတက်စေရန်အတွက် ငွေတုံး သုံးသိန်း ပေးခဲ့ပြီး ၊ မိသားစုကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့သည်။

ထို့နောက် ဖန်းအုပ်စုထံမှ ငွေ လေးငါးသိန်း ရရှိပြီးနောက်တွင် ၊ သူသည် ချက်ချင်းပင် နေမကောင်းဟု အကြောင်းပြပြီး ရှေ့ဆက် မတိုးတော့ဘဲ ရပ်တန့်နေခဲ့သည်။

ဧကရာဇ်သည် သည်းမခံနိုင်တော့သဖြင့် သူ၏ မိသားစုဝင်များကို စတင် သတ်ဖြတ်ခဲ့ပြီး ၊ တစ်နေ့လျှင် ဆယ်ယောက်နှုန်းဖြင့် သတ်ဖြတ်ခဲ့ရာ ယခုအခါ သူ၏ ဆွေမျိုးရင်းချာများ အလှည့် ရောက်လာပြီ ဖြစ်သည်။

ထို့ကြောင့် ရွှမ်ချန်နယ်စားမင်း ဒေါသထွက်နေခြင်း ဖြစ်သည်။

သို့သော် သူသည် ဤအချိန်ရောက်လာမည်ကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ သူ ဤမျှ ဝမ်းနည်းပူဆွေးပြီး ဒေါသထွက်ပြနေခြင်းမှာ သူ၏ လက်အောက်ငယ်သားများ ယုံကြည်စေရန်အတွက် ဟန်ဆောင်နေခြင်း သက်သက်သာ ဖြစ်သည်။

သူ၏ ရင်ထဲမှ အစစ်အမှန် ခံစားချက်မှာ တစ်ခုတည်းသာ ရှိသည်။ ‘ယောက်ျားကောင်းတစ်ယောက်မှာ မိန်းမ မရှားပါဘူး’ ဟူ၍သာ။

ခဏအကြာတွင် ဧည့်တွေ့ခွင့်စာလွှာတစ်ခု ရောက်ရှိလာသည်။ ရွှမ်ချန်နယ်စားမင်း လုကျန့် အံ့သြသွားသည်။ ကွမ်ရှီးပြည်နယ်အုပ်ချုပ်ရေးမှူး တုကျန်း၏ သံတမန်တုကျန့်ဖြစ်နေ၏။

ဤကာလများအတွင်း သူ အတော်ပင် အလုပ်များနေခဲ့သည်။ ဟူနန်နှင့် စိချွမ်းကြား ခေါက်တုံ့ခေါက်ပြန် သွားလာနေခဲ့ရသည်။ သို့သော် သူသည် နေမကောင်း၍ ရှေ့ဆက်မတိုးနိုင်ဟု ပြောထားပြီး ဖြစ်သည်။ ယနေ့တွက် အဘယ်ကြောင့် ရောက်လာသနည်း။

တုကျန့်သည် ယခင်ကထက် ပိုမို လွတ်လပ်ပေါ့ပါးပြီး ယုံကြည်မှု ရှိနေပုံရသည်။ မကြာသေးမီက စည်းရုံးရေးခရီးစဉ်များ အောင်မြင်ခဲ့သဖြင့် ၊ သူသည် မိမိကိုယ်ကို ယုံကြည်မှု ပိုမို မြင့်မားလာပြီး ၊ မိုင်ပေါင်းထောင်ချီ အကွာအဝေးမှနေ၍ စစ်ပွဲကို အနိုင်ယူနိုင်စွမ်းရှိသူ တစ်ယောက်ကဲ့သို့ ခံစားနေရသည်။ ရှေးခေတ်က ကျန်းယီ၏ ပုံစံမျိုး ရှိနေသည်။

“ရွှမ်ချန်နယ်စားမင်း။ ကျွန်တော် အခုလေးတင် သတင်းရလိုက်တယ်။”

တုကျန့်က ပြောလိုက်သည်။

“မနေ့မနက်က တုပိုင်ဟာ စစ်သည် ငါးသောင်းကို ဦးဆောင်ပြီး လီမိသားစုရဲ့ တာ့ယန်တိုင်းပြည်ကို စတင် တိုက်ခိုက်လိုက်ပြီတဲ့။”

ဖန်းမိသားစုက တကယ်ကို အစွမ်းထက်သည်။ တုပိုင် စစ်ချီလိုက်သည်နှင့် ချက်ချင်း သတင်းရရှိခဲ့သည်။

ထိုစကားကို ကြားလိုက်သည်နှင့် ရွှမ်ချန်နယ်စားမင်း လုကျန့်သည် သူ့နားသူ မယုံနိုင်အောင် ဖြစ်သွားရသည်။

“တကယ်လား။” လုကျန့် အံ့သြစွာ မေးလိုက်သည်။

တုပိုင်၏ ဦးလေး တုကျန့်က ဖြေသည်။ “သေချာပေါက် အမှန်ပါပဲ။”

လုကျန့်က ထပ်မေးလိုက်သည်။ “တုပိုင်က ဦးနှောက်ပျက်သွားတာလား။ သူ ရူးသွားပြီလား။”

လူတိုင်း၏ အမြင်တွင် တုပိုင်သည် ရူးသွပ်နေပြီ ဖြစ်သည်။ သူ့ထံ၌ စုစုပေါင်း စစ်သည် ကိုးသောင်းသာ ရှိသည် ၊ ထိုအထဲမှ အများစုသည်လည်း ယခုမှ ဖမ်းမိထားသည့် တပ်သားသစ်များ ဖြစ်၍ တိုက်ခိုက်ရေးစွမ်းရည် သိပ်မရှိသေးချေ။ မြို့ထဲ၌ ခံစစ်ဆင်လျှင်ပင် နိုင်ရန် မလွယ်ကူပေ။ သို့သော် ယခု တပ်ကို ခွဲပြီး စတင် တိုက်စစ်ဆင်သည်လား။

ထိုအကောင် ဦးနှောက်ထဲ ရေဝင်သွားခြင်းလော။ “သူ သေချင်နေတာပဲ။ ဒါက ကျောက်ဆောင်ကို ကြက်ဥနဲ့ ပေါက်သလို ဖြစ်နေပြီ။”

လုကျန့်က ပြောလိုက်သည်။ “ပြီးတော့ သူ့ရဲ့ စစ်သည် ကိုးသောင်းက အစက သဲပွင့်တွေလို ပြန့်ကျဲနေတာ ၊ အခု နှစ်ဖက် ခွဲလိုက်တော့ ပိုင်ဆယ်မြို့ထဲက စစ်တပ်က ဘယ်လို လုပ်မလဲ။”

တုကျန့်က ဖြေသည်။ “အားလုံးက တပ်သားသစ်တွေလေ။ တစ်သောင်း ၊ နှစ်သောင်းလောက်က အဖမ်းခံရတာ လဝက်လောက်ပဲ ရှိသေးတာ။”

ရွှမ်ချန်နယ်စားမင်းက ပြောလိုက်သည်။ “ငါ အရူးကို မြင်ဖူးပါတယ်။ ဒါပေမဲ့ ဒီလောက် ရူးတဲ့ကောင် ၊ ဒီလောက် ဦးနှောက် ရေဝင်နေတဲ့ကောင်ကိုတော့ မမြင်ဖူးဘူး။ ဒီလောက်တောင် သေချင်နေတဲ့ကောင် ရှိပါ့မလား။”

တုကျန့်က ပြောလိုက်သည်။ “သူဒီလိုလုပ်ရတဲ့ အကြောင်းရင်း ရှိတယ်။ မြို့တော်မှာ ဧကရာဇ်က ရိက္ခာပြတ်လပ်တော့မယ် ၊ အချိန်မရှိတော့ဘူး။ ဒါကြောင့် မင်းသမီးနင်းရွှဲ့က ပိုင်ဆယ်မြို့ကို သွားပြီး အမိန့်ပြန်တမ်း အသစ် ထုတ်ပြန်လိုက်တာလေ။”

လူတိုင်း၏ အမြင်တွင် ဧကရာဇ်၏ အမိန့်ပြန်တမ်း အသစ်သည် တုပိုင်ကို အတင်းအကျပ် စစ်တိုက်ခိုင်းသည်ဟု ထင်မြင်ယူဆကြသည်။

ရွှမ်ချန်နယ်စားမင်း လုကျန့်က ပြောလိုက်သည်။ “တုပိုင် ဆိုတဲ့ မိန်းမစိုးကောင်က တကယ်ကို ရမ္မက်ကြီးတာပဲ။ မင်းသမီးနင်းရွှဲ့ရဲ့ အလှအပနဲ့ ဧကရာဇ်ရဲ့ မြှောက်ပင့်မှုအောက်မှာ တကယ်ပဲ စစ်ထွက်လာခဲ့တယ်။”

တုကျန့်က ပြောလိုက်သည်။ “လူငယ်လေးက ခေါင်းမူးနေတာလေ။ မိတ်လိုက်ချိန်ရောက်နေတဲ့ တောခွေးရိုင်းလိုပဲ ၊ ဘယ်လိုမှ ဆွဲခေါ်လို့ မရတော့ဘူး။”

အမှန်စင်စစ် လူယုတ်မာတို့သည် လူကြီးလူကောင်း၏ စိတ်ထားကို အထင်လွဲနေကြခြင်း ဖြစ်သည်။ ဧကရာဇ်က တုပိုင်၏ အသက်နှင့် ခက်ခက်ခဲခဲ ရရှိထားသော တပ်မတော်ကို ကယ်တင်ရန်အတွက် ၊ တောင်ဘက် အန်နမ်နိုင်ငံသို့ ဆုတ်ခွာရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သော်လည်း ၊ သူတို့ကမူ တုပိုင်ကို အတင်းအကျပ် စစ်တိုက်ခိုင်းသည်ဟု အဓိပ္ပာယ်ကောက်ယူနေကြသည်။ သောက်ကျိုးနည်းလှ၏။

တုကျန့်က မေးလိုက်သည်။ “ရွှမ်ချန်နယ်စားမင်း။ ခင်ဗျားရဲ့ မိသားစုဝင် ဘယ်နှယောက်လောက် မသေဘဲ ကျန်သေးလဲ။”

ရွှမ်ချန်နယ်စားမင်း လုကျန့်၏ မျက်နှာ အရောင်ပြောင်းသွားပြီး အံကြိတ်ကာ ပြောလိုက်သည်။

“ကိုယ်လုပ်တော်တွေ အကုန် အသတ်ခံလိုက်ရပြီ။ မြေးတွေလည်း အသတ်ခံလိုက်ရပြီ။ မိဘတွေ ၊ ဇနီးသည် နဲ့ ကိုယ်လုပ်တော် အနည်းငယ်ပဲ ကျန်တော့တယ်။”

တုကျန့်က ပြောလိုက်သည်။ “ဒါဆိုရင် ခင်ဗျားအနေနဲ့ ဧကရာဇ်ရဲ့ ဆန္ဒအတိုင်း လိုက်လျောပြီး တပ်ကို ဦးဆောင်ကာ တောင်ဘက်ကို ချီတက်လိုက်ပါလား။”

ရွှမ်ချန်နယ်စားမင်း လုကျန့် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မေးလိုက်သည်။ “ခင်... ခင်ဗျား ဆိုလိုတာက ကျွန်တော့်ကို... ပိုင်ဆယ်မြို့ကို သိမ်းခိုင်းတာလား။”

လုကျန့်သည် မလုပ်ချင်ပေ။ သူသည် ဤတပ်မတော်ကို သူ၏ အသက်ကဲ့သို့ သဘောထားပြီး ၊ အလဟဿ အဆုံးရှုံး မခံချင်ပေ။

တုကျန့်က မေးလိုက်သည်။ “ရွှမ်ချန်နယ်စားမင်း။ ကွမ်ရှီး နဲ့ ဟူနန် ကို ဘယ်လို မြင်သလဲ။”

လုကျန့်က ဖြေသည်။ “ကောင်းတာပေါ့။”

တုကျန့်က ဆက်မေးသည်။ “တာထုံစီရင်စု နဲ့ ယှဉ်ရင်ရော။”

လုကျန့်က ဖြေသည်။ “သေချာပေါက် ပိုကောင်းတာပေါ့။”

တုကျန့်က ပြောလိုက်သည်။ “တုပိုင် ဆိုတဲ့ ခွေးကောင်က မကြာခင် သေတော့မယ်။ ဧကရာဇ်လည်း သေတော့မယ်။ အကယ်၍ အိမ်ရှေ့စံသာ လိမ္မာရင် သူ့ကို နန်းတင်ပေးမယ် ၊ မလိမ္မာရင်တော့ တခြားတစ်ယောက်ကို နန်းတင်ပေးလိုက်မှာပဲ။”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၅၅ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters