အခန်း (၅၅၇)
Vol. 56 Ch. 557
အရာအားလုံးသည် မြန်ဆန်လွန်းလှ၏။ လီရူလုံသည် နာကျင်မှုကို ခံစားလိုက်ရခြင်း မရှိဘဲ ပျောက်ကွယ်သွားရသည်။
အစိမ်းရောင် ငရဲမီးတောက် ပေါက်ကွဲသွားသောအခါ အချင်း ပေသုံးရာ အတွင်းရှိ အရာအားလုံးသည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားရသည်။ လီရူလုံနှင့်အတူ လီမိသားစု စစ်သည် တစ်ထောင်နီးပါးလည်း တစ်ပြိုင်နက်တည်း ဖျက်ဆီးခံလိုက်ရသည်။
“ဝေါ...” ဟူသော အသံတစ်ချက်ဖြင့် အားလုံး ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ဤမြင်ကွင်းသည် လူတိုင်းကို လုံးဝ တုန်လှုပ်သွားစေခဲ့သည်။ တုပိုင်၏ တပ်မတော် အပါအဝင် အားလုံးက တုန်လှုပ်သွားကြသည်။ လက်တွေ့တွင် တုပိုင်သည် ဖူကျိုးမြို့တစ်ခုလုံးကို ဝိုင်းရံရန် အမိန့်ပေးလိုက်စဉ်က လီစစ်ချောင် အပါအဝင် စစ်သည်အများအပြားသည် စိတ်ထဲတွင် သံသယဖြစ်နေခဲ့ကြသည်။
လီစစ်ချောင်သည် စစ်ရေးဗျူဟာကို နားမလည်သော်လည်း ၊ ဤမျှ ပါးလွှာသော ဝိုင်းရံမှုသည် လုံးဝ အသုံးမဝင်ကြောင်း သိထားသည်။ သူသည် အမိန့်ကို တိကျစွာ နာခံခဲ့သော်လည်း စိတ်ထဲတွင်တော့ ညည်းညူနေမိသည်။
‘သခင်လေး တုပိုင်က ဦးနှောက်မရှိတာလား။ ဒီလောက် နိမ့်ကျတဲ့ အမှားမျိုးကို လုပ်ရလား။ ငါ့လောက်တောင် အသုံးမကျဘူး။’
သို့သော် သူညည်းညူနေစဥ် တုပိုင်သည် တုန်လှုပ်ဖွယ်ရာ မြှားတစ်စင်းကို ပစ်လွှတ်လိုက်၏။ ထို့နောက် တုန်လှုပ်ဖွယ်ရာ အစိမ်းရောင် မီးတောက်ကြီး ပေါက်ကွဲထွက်ပေါ်လာပြီး ၊ ရန်သူတပ်မှူးချုပ် အပါအဝင် ရန်သူများကို ချက်ချင်း သုတ်သင်ပစ်လိုက်လေသည်။
ထိုအခိုက်အတန့်၌ လီစစ်ချောင်၏ ခြေထောက်များ ပျော့ခွေသွားပြီး ဒူးထောက်လုနီးပါး ဖြစ်သွားရသည်။ လီစစ်ချောင် သာမက ၊ တုပိုင်ဘက်တော်သား စစ်သည်အားလုံးတွင်လည်း ဒူးထောက်ချင်စိတ်များ ဖြစ်ပေါ်လာကြသည်။
‘ကောင်းကင်ဘုံ... ငါတို့ သခင်ကြီးက ဒီလောက်တောင် ကြမ်းတာလား။’
‘ငါလခွမ်း... ငါတို့ သခင်ကြီးက ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်တဲ့ အဆင့် ရောက်နေပြီလား။ ငါ တကယ်ကို ဂုဏ်ယူမိတယ်။’
အထူးသဖြင့် မီးနတ်ဘုရား ဂိုဏ်းသားဟောင်း သုံးထောင်ကျော်၏ မျက်လုံးများထဲတွင် ကိုးကွယ်ယုံကြည်မှုနှင့် စိတ်အားထက်သန်မှုများ ပြည့်နှက်နေပြီး ၊ မျက်လုံးထဲမှပင် ထွက်ကျလုမတတ် ဖြစ်နေသည်။ ထို့နောက် သူတို့သည် မီးနတ်ဘုရား တပ်သားသစ် တစ်သောင်းခွဲကို စူးရဲစွာ ကြည့်လိုက်ကြ၏။
“မြင်ကြလား။ ဒါ ငါတို့ရဲ့ သခင်ကြီးပဲ။ သူက လူသား မဟုတ်ဘူး ၊ လူသားတွေကို ကယ်တင်ဖို့ ကောင်းကင်က စေလွှတ်လိုက်တဲ့ မီးနတ်ဘုရားပဲ။”
ဤကာလအတွင်း မီးနတ်ဘုရား ဂိုဏ်းသားဟောင်း သုံးထောင်သည် တပ်သားသစ် တစ်သောင်းခွဲကို ရူးသွပ်စွာ မှိုင်းတိုက်နေခဲ့ကြပြီး ၊ တုပိုင်အား လူသားအားလုံးကို ကယ်တင်မည့် နတ်ဘုရားအဖြစ် ယုံကြည်ကိုးကွယ်စေရန် အပြင်းအထန် ကြိုးစားခဲ့ကြသည်။
စိတ်ဓာတ် မခိုင်မာသော သိုင်းပညာရှင် တပ်သားသစ်အချို့သည် ယုံကြည်လုနီးပါး ဖြစ်နေသော်လည်း ၊ အများစုမှာ မယုံကြည်ကြသေးပေ။ ထို့အပြင် တုပိုင်သည် စစ်သည် ငါးသောင်းဖြင့် လီမိသားစု၏ စစ်သည် သိန်းချီရှိသော တာ့ယန်တိုင်းပြည်ကို တိုက်ခိုက်ခြင်းမှာ ရူးသွပ်ခြင်း ဖြစ်သည်ဟု သူတို့ ထင်မြင်ယူဆခဲ့ကြသည်။
ဤတပ်သားသစ် တစ်သောင်းခွဲသည် အမိန့်ကို နာခံသော်လည်း ၊ စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေပြီး အဆိုးမြင်စိတ်များဖြင့် လွှမ်းမိုးနေခဲ့သည်။ သခင်ကြီး တုပိုင် ရူးသွပ်နေပြီး သူတို့ကို သေလမ်းသို့ ခေါ်ဆောင်သွားနေသည်ဟု ခံစားနေခဲ့ကြရသည်။
သို့သော် ယခုအချိန်တွင် ထိုအဆိုးမြင်စိတ်များ အားလုံး ပျောက်ကွယ်သွားပြီး ရူးသွပ်ဖွယ်ရာ ကိုးကွယ်ယုံကြည်မှုအဖြစ် ပြောင်းလဲသွားကာ ၊ စိတ်ဓာတ်များ အလွန်အမင်း မြင့်တက်လာကြသည်။
တုပိုင်၏ တုန်လှုပ်ဖွယ်ရာ မြှားတစ်စင်း၏ စွမ်းအားသည် လူတိုင်း၏ အတွေးအခေါ်ကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီး လူသားတစ်ယောက် ပစ်ခတ်လိုက်သော မြှားနှင့် လုံးဝ မတူတော့ပေ။
ဖူကျိုးမြို့ရိုးပေါ်ရှိ လီမိသားစု စစ်သည်များသည် အစပိုင်းတွင် သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ ထို့နောက် ရုတ်တရက် တုန်လှုပ်ချောက်ချားသွားကြသည်။ စစ်သည်အများစုသည် ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။ တိုက်ပွဲစတင်သည်နှင့် ရန်သူတပ်မှူးချုပ် တုပိုင်သည် သူတို့၏ တပ်မှူးချုပ် လီရူလုံကို မြှားတစ်စင်းတည်းဖြင့် သတ်ဖြတ်လိုက်ရုံသာမက ၊ စစ်သည်ထောင်ချီကိုပါ မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်လိုက်သည် မဟုတ်လား။
ထူးဆန်းသည်မှာ ထိုမြို့ရိုးအပိုင်းသည် ပျက်စီးသွားခြင်း မရှိဘဲ ၊ မူလအတိုင်း တည်ရှိနေခြင်း ဖြစ်သည်။ လက်တွေ့တွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။ ဤဖျက်ဆီးရေးလက်နက်ကြီး၏ စွမ်းအားသည် အချင်း ပေသုံးရာ ရှိသော ပန်းကန်လုံးခြမ်းပုံစံ ဧရိယာကိုသာ ဖျက်ဆီးပစ်ခြင်း ဖြစ်ပြီး ၊ အောက်ဘက်ပိုင်းကို ထိခိုက်မှု မရှိစေပေ။
ထို့ကြောင့် တုပိုင်၏ ကောင်းကင်ဆန့်ကျင် မြှားတစ်စင်းသည် မြို့ရိုးထိပ်ပိုင်း လက်တစ်သစ်အနည်းငယ်ကိုသာ ဖျက်ဆီးပစ်လိုက်ပြီး ၊ ကျန်အပိုင်းများမှာ မူလအတိုင်း ကျန်ရှိနေသေးသည်။
ဖူကျိုးမြို့ရှိ လီမိသားစု စစ်သည်များ အားလုံးသည် တုပိုင်ကို ကြည့်လိုက်ကြပြီး၊ မျက်လုံးထဲတွင် အဆုံးမဲ့သော ကြောက်ရွံ့မှုနှင့် ရိုသေမှုများ ပြည့်နှက်နေလေသည်။
တုပိုင်သည် တောရိုင်းမြင်းဘုရင်ပေါ်တွင် ထိုင်လျက် မြို့ရိုးပေါ်သို့ အေးစက်စွာ ကြည့်ကာ အမိန့်ပေးလိုက်သည်။
“မီးနတ်ဘုရား စစ်သည် ငါးထောင် ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်သည် တစ်သောင်း... မြို့ကို တိုက်။”
ရုတ်တရက် မီးနတ်ဘုရား စစ်သည် ငါးထောင်နှင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်သည် တစ်သောင်း စတင် စုဝေးလိုက်ကြသည်။
“ဘုန်းးး ဘုန်းးး ဘုန်းးး”
တုပိုင်ဘက်မှ စစ်ဗုံသံများ ထွက်ပေါ်လာသည်။ စစ်သည် တစ်သောင်းခွဲသည် ညီညာစွာ တန်းစီလိုက်ကြပြီး ၊ တုပိုင် မြှားဖြင့် ရှင်းလင်းပေးလိုက်သော မြို့ရိုးအပိုင်းသို့ ချီတက်သွားကြသည်။
ကျန်ရှိသော စစ်သည် သုံးသောင်းခွဲသည် ဖူကျိုးမြို့ကို ဆက်လက် ဝိုင်းရံထားကြသော်လည်း ၊ ဝိုင်းရံမှုသည် ပိုမို ပါးလွှာပြီး ကျဲပါးသွားလေသည်။
“ဘုန်းးး ဘုန်းးး ဘုန်းးး”
စစ်သည် တစ်သောင်းခွဲသည် မြို့ကို တိုက်ခိုက်နေချိန်တွင်ပင် ညီညာသပ်ရပ်စွာ လှုပ်ရှားနေကြသည်။ ပြေးလွှားနေစဉ်တွင်ပင် သူတို့၏ စစ်ကြောင်းပုံစံက မပျက်သွားပေ။
ဖူကျိုးမြို့ရိုးပေါ်ရှိ စစ်သည်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မည်သည်ကိုဆက်လုပ်ရမည်မှန်း မသိ ဖြစ်နေသွား၏။
တပ်မှူးချုပ် လီရူလုံ သေဆုံးသွားပြီ ဖြစ်သဖြင့် ၊ မည်သူက အမိန့်ပေးရမှန်း မသိ ဖြစ်နေကြသည်။ ယခုအချိန်တွင် ပေ သုံးရာကျော် ရှည်လျားသော မြို့ရိုးအပိုင်းသည် လုံးဝ ကွက်လပ်ဖြစ်နေသည်။ ကာကွယ်ရေးအတွက် လူလွှတ်သင့်သလား။
“ဘာကြောင်ကြည့်နေတာလဲ။ ချက်ချင်း မြို့ရိုးကို ကာကွယ်ကြ ၊ မြှားတွေ ပစ်ကြ ၊ ရန်သူ မြို့ပေါ် မတက်နိုင်အောင် တားဆီးကြ။”
အသက်ကြီးသော်လည်း အသံသြဇာ ပြည့်ဝသော အသံတစ်သံ ထွက်ပေါ်လာသည်။ ခန့်ညားထည်ဝါသော စစ်သူကြီးတစ်ဦး ပြေးထွက်လာသည်။ သူသည် လီရူဟိုင်၏ ဝမ်းကွဲညီအစ်ကို လီဟုန် ဖြစ်သည်။
လီရူလုံ ရာထူးမချခံရမီက လီဟုန်သည် ဖူကျိုးမြို့၏ တပ်မှူးချုပ် ဖြစ်ခဲ့ဖူးသည်။ ထို့နောက် သူသည် စစ်သည် နှစ်ထောင်ကို ဦးဆောင်ပြီး ကွက်လပ်ဖြစ်နေသော မြို့ရိုးအပိုင်းသို့ ချက်ချင်း ပြေးသွားလိုက်သည်။
“တုပိုင် ခွေးမသားလေးဆီမှာ ကြောက်စရာကောင်းတဲ့ လက်နက် တစ်မျိုးပဲ ရှိတာ။ ဘာကြောက်စရာ လိုလို့လဲ။”
ဖူကျိုးမြို့စောင့်တပ် ဒုတိယတပ်မှူး လီဟုန်က အော်ဟစ်လိုက်သည်။
“ရွှီ... ရွှီ... ရွှီ...”
ရုတ်တရက် မြို့ရိုးပေါ်ရှိ လီမိသားစု စစ်သည်များ၏ မြှားမိုးရွာကျလာပြီး ၊ မြို့ကို တိုက်ခိုက်နေသော တုပိုင်၏ စစ်သည် တစ်သောင်းခွဲကို ရူးသွပ်စွာ ပစ်ခတ်လိုက်ကြသည်။
ချိန်ရွယ်စရာပင် မလိုပေ။ အဘယ်ကြောင့်ဆိုသော် တုပိုင်၏ စစ်သည်များသည် ညီညာစွာနှင့် သိပ်သည်းစွာ စုဝေးနေသောကြောင့် ဖြစ်သည်။
သို့သော် ဤမြှားမိုးများသည် အသုံးမဝင်ပေ။ တုပိုင်၏ စစ်သည်များသည် လည်ပင်းအထိ ဖုံးအုပ်ထားသော သံချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားကြသည်။
မြှားများသည် သံချပ်ကာပေါ်သို့ ထိမှန်သွားသော်လည်း ယား၍ကုတ်သလောက်သာ ရှိလေသည်။ လီဟုန်သည် စစ်သည် နှစ်ထောင်ကို ဦးဆောင်ပြီး ပေသုံးရာကျော် ကျယ်ဝန်းသော မြို့ရိုးကွက်လပ်ကို လျင်မြန်စွာ ဖြည့်ဆည်းလိုက်သည်။
မြို့ရိုးသည် ပေ သုံးရာကျော် ရှည်လျားသော်လည်း အကျယ် ပေသုံးဆယ်ခန့်သာ ရှိသည်။ ထိုနေရာတွင် လူ နှစ်ထောင် ပြည့်ကျပ်နေအောင် နေရာယူထားခြင်း ဖြစ်သည်။ ဤအဘိုးကြီး အမှန်တကယ် ရဲရင့်ပါပေသည်။ သို့မဟုတ် မိုက်မဲသည်။
“သစ်တုံးတွေ ပြင်ထား ၊ ကျောက်တုံးတွေ ပြင်ထား ၊ ရေနွေးပူတွေ ၊ ရေနံဆီတွေ ပြင်ထား။”
လီဟုန် အော်ဟစ်လိုက်သည်။ အစာက မြို့ရိုးပေါ်ရှိ တိုက်ခိုက်ရေးပစ္စည်းများ အားလုံး ပျက်စီးသွားပြီ ဖြစ်သဖြင့် ၊ ဒုတိယတပ်မှူး လီဟုန်၏ အမိန့်ဖြင့် ပစ္စည်းများကို မြို့ရိုးပေါ်သို့ ဆက်တိုက် သယ်ဆောင်လာကြသည်။
သစ်တုံးများ ၊ ကျောက်တုံးများ ၊ ရေနံဆီအိုးများကို မြို့ရိုးပေါ်တွင် အစီအရီ ချထားလိုက်ကြ၏။ တုပိုင်၏ စစ်သည်များ မြို့ရိုးပေါ်သို့ စတင် တက်ရောက်လာသည်နှင့် ဤပစ္စည်းများသည် သေစေနိုင်သော ဒဏ်ရာများကို ပေးစွမ်းနိုင်ပေလိမ့်မည်။
လီဟုန်သည် တုပိုင်ကို ကြည့်ပြီး လှောင်ပြောင်လိုက်သည်။
“တုပိုင် ခွေးမသားလေး။ မင်းဆီမှာ ကြောက်စရာကောင်းတဲ့ လက်နက် တစ်မျိုးပဲ ရှိတယ်ဆိုတာ ငါသိတယ်။ မင်းရဲ့ စစ်သည်တွေ ဝတ်ထားတဲ့ သံချပ်ကာတွေ ဘယ်လောက်ပဲ ကောင်းကောင်း ၊ သစ်တုံးတွေကို ခံနိုင်မလား။ ရေနံဆီတွေကို ခံနိုင်မလား။ ဒီပစ္စည်းတွေ ငါ့ဆီမှာ အများကြီး ရှိတယ်။ မင်းရဲ့ စစ်သည်တွေကို အကုန် သတ်ပစ်ဖို့ လုံလောက်တယ်။”
“ဘုန်းးး ဘုန်းးး ဘုန်းးး”
တုပိုင်၏ စစ်သည် တစ်သောင်းခွဲသည် မြှားမိုးများကို ဂရုမစိုက်ဘဲ ဆက်လက် ချီတက်လာကြသည်။ ကြောက်မက်ဖွယ်ကောင်းပြီး ညီညာသော စစ်ကြောင်းသည် ကြီးမားသော ဖိအားကို ပေးစွမ်းနေသည်။
“လာစမ်း... လာစမ်း။”
လီဟုန် အော်ဟစ်လိုက်သည်။
“ကျောက်တုံးတွေ ပြင်ထား၊ ရေနွေးပူတွေ ပြင်ထား၊ ရေနံဆီတွေ ပြင်ထား။ တုပိုင် မိန်းမစိုးရဲ့ စစ်တပ်ကို သတ်ပစ်ကြ။”
တုပိုင်၏ စစ်တပ်သည် မြို့ရိုးနှင့် ပိုမို နီးကပ်လာသည်။
မြို့ရိုးပေါ်တွင် အဆင်သင့် ဖြစ်နေပြီဖြစ်၏။ အမိန့်ပေးလိုက်သည်နှင့် မရေမတွက်နိုင်သော သစ်တုံးများ ၊ ရေနံဆီများ ၊ ကျောက်တုံးကြီးများ ပြုတ်ကျလာကာ ၊ တုပိုင်၏ စစ်တပ်ကို ကြီးမားသော အထိအခိုက် အကျအဆုံး ဖြစ်စေပေလိမ့်မည်။
သို့သော် မြို့ရိုးနှင့် ပေ လေးငါးရာခန့် အကွာအဝေးတွင် ဖူဟုန်ပင်းသည် လက်နှစ်ဖက်ကို ရုတ်တရက် မြှောက်လိုက်သည်။ ချက်ချင်းပင် မြို့ကို တိုက်ခိုက်နေသော စစ်သည် တစ်သောင်းခွဲသည် ချက်ချင်း ရပ်တန့်လိုက်ပြီး မလှုပ်မယှက် ငြိမ်သက်သွားကြသည်။
ထို့နောက် တုပိုင်သည် လေးကို ငင်ပြီး မြှားကို ရွယ်လိုက်၏။ ထို့နောက် သူ၏ လက်ဝါးပြင်ပေါ်တွင် ငရဲမီးတောက်ကို ထုတ်ဖော်လိုက်ပြီး အမှောင်ဒြပ်ထု၏ မီးစာကြိုးကို မီးညှိလိုက်၏။
စက္ကန့်အနည်းငယ် ကြာပြီးနောက် အမှောင်ဒြပ်ထုသည် အနီရောင် ၊ ထို့နောက် အဖြူရောင်သို့ ပြောင်းလဲသွားလေသည်။
“ရွှီးးးးးး” တုပိုင် နောက်ထပ် မြှားတစ်စင်းကို ပြင်းထန်စွာ ပစ်လွှတ်လိုက်ပြန်သည်။ မြှားသည် လေထဲတွင် လှပသော မျဉ်းကွေးတစ်ခု ရေးဆွဲလျက် ၊ ပေ တစ်ထောင်ကျော် အကွာအဝေးကို ဖြတ်ကျော်ပြီး ၊ ဖူကျိုးမြို့ရိုးပေါ်သို့ ကျရောက်လာ၏။
‘အတု... အတု... ဒါ အတု ဖြစ်ရမယ်။’ လီဟုန် စိတ်ထဲတွင် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သူ့ဘေးပတ်လည်ရှိ စစ်သည်များ အားလုံး တောင့်တင်းသွားကြပြီး အချို့မှာ ဆီးသွားပြီး ဖြစ်သော်လည်း ၊ ထပ်မံ ဆီးထွက်ကျလာလေသည်။
“အားးး”
စစ်သူကြီးဟောင်း လီဟုန်သည် လှံရှည်ကို ဆွဲထုတ်လိုက်ပြီး၊ တုပိုင် ပစ်လိုက်သော ဖျက်ဆီးခြင်းမြှားကို လေထဲတွင်ပင် ရိုက်ချရန် ကြိုးစားလိုက်သည်။
သို့သော် ယခုအကြိမ်တွင်မူ ဖျက်ဆီးခြင်းမြှားသည် မြေပြင်ပေါ်သို့ မကျရောက်မီ လေထဲတွင်ပင် ပေါက်ကွဲသွားလေ၏။
“ဝုန်းးးးး”
တုန်လှုပ်ဖွယ်ရာ အစိမ်းရောင် ငရဲမီးတောက်ကြီးသည်ထပ်မံ၍ ထွက်ပေါ်လာပြန်၏။ ရင်သပ်ရှုမောဖွယ် လှပပြီး ထူးဆန်း၍ ကြောက်မက်ဖွယ် ကောင်းလှသည်။ ကမ္ဘာပျက်မတတ် ရက်စက်ပြီး လှပသော မြင်ကွင်းတစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။
“အားးးး”
စစ်သူကြီးဟောင်း လီဟုန်သည် မကျေမနပ် အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ တစ်ကိုယ်လုံး ချက်ချင်း ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားလေတော့သည်။
တစ်ချိန်တည်းတွင် သူ့ဘေးပတ်လည်၌ ပြည့်ကျပ်နေသော စစ်သည် တစ်ထောင်ကျော်သည်လည်း ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားကြသည်။
မြို့ရိုးပေါ်ရှိ ပစ္စည်းများ အားလုံး ၊ ကျောက်တုံးများ ၊ သစ်တုံးများ ၊ ရေနံဆီများ အားလုံးသည် ပြင်းထန်သော မီးတောက်များ အဖြစ်သို့ ပြောင်းလဲသွားပြီး ပြာကျသွားကြသည်။
စက္ကန့်အနည်းငယ် အတွင်း အချင်း ပေ သုံးရာကျော် အတွင်းရှိ သက်ရှိ သက်မဲ့ အရာအားလုံး လုံးဝ ပျောက်ကွယ်သွားပြန်သည်။
မြို့ရိုးပေါ်တွင် ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားပြန်၏။ ထူးဆန်းသည်မှာ မြို့ရိုးသည် လက်တစ်လုံးခန့် ပိုပါးသွားသော်လည်း ၊ အေးစက်စွာ ခိုင်ခိုင်ခံ့ခံ့ဖြင့် တည်ရှိနေဆဲ ဖြစ်လေသည်။
ဖူဟုန်ပင်းက အေးစက်စွာ အော်ဟစ်လိုက်သည်။ “တိုက်။”
ရုတ်တရက် စစ်သည် တစ်သောင်းခွဲ ထပ်မံ တိုက်ခိုက်ကြပြန်သည်။ လီရူလုံ သေဆုံးသွားပြီ၊ ဒုတိယတပ်မှူး လီဟုန်လည်း သေဆုံးသွားပြီ။ ဖူကျိုးမြို့တွင် ခေါင်းဆောင် မရှိတော့ပေ။ တပ်ရင်းမှူး သုံးဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး စကားတစ်ခွန်းမျှ မပြောနိုင်ကြတော့ပေ။
ယခု အခြေအနေမှာ အလွန် ရှင်းလင်းနေသည်။ ပေ သုံးရာကျော် ကျယ်ဝန်းသော မြို့ရိုးကွက်လပ်ကို မည်သူ ကာကွယ်ရဲမည်နည်း။ ကာကွယ်သူတိုင်း သေလမ်းသာ ရှိလေသည်။
လူ တစ်ထောင် ဖြစ်စေ ၊ နှစ်ထောင် ဖြစ်စေ ၊ တုပိုင်၏ ဖျက်ဆီးခြင်းမြှားတစ်စင်းကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။.ခေါင်းဆောင်ကြီး နှစ်ဦး သေဆုံးပြီးနောက် ၊ မည်သူမျှ ထိုမြို့ရိုးကွက်လပ်ကို မိမိအသက်ဖြင့် ကာကွယ်ရဲခြင်း မရှိကြတော့ပေ။ ထိုအခိုက် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။
ဖူကျိုးမြို့ရိုး၏ အခြားနေရာများတွင် စစ်သည်များ ပြည့်နှက်နေသော်လည်း ၊ ပေ သုံးရာကျော် ကျယ်ဝန်းသော မြို့ရိုးကွက်လပ်တွင်မူ စစ်သည်တစ်ဦးမျှ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။
လီမိသားစု စစ်သည် အများအပြားသည် မြှားများကို ရူးသွပ်စွာ ပစ်ခတ်နေကြသော်လည်း ၊ မြှားမိုးသည် တုပိုင်၏ စစ်တပ်အပေါ် သက်ရောက်မှု မရှိကြောင်း သူတို့ သိကြသည်။ သို့သော် မြှားမပစ်လျှင် ပိုမို အပြစ်ရှိသကဲ့သို့ ခံစားရပြီး နေရခက်နေကြလေသည်။
“ရွှီ... ရွှီ... ရွှီ...”
တုပိုင်၏ စစ်တပ်သည် မြို့ကို တိုက်ခိုက်ရန် လှေကားပင် မလိုအပ်ပေ။ ကြိုးချိတ်များစွာကို ပစ်တင်လိုက်ပြီး၊ လက်ရွေးစင် စစ်သည်များသည် ကြိုးကို ဆွဲကာ မြို့ရိုးကို ခြေကန်၍ လျင်မြန်စွာ ခုန်တက်သွားကြသည်။
ခဏအတွင်းမှာပင် တုပိုက်၏ စစ်တပ်မှ စစ်သည်အများအပြားသည် မြို့ရိုးပေါ်သို့ ရောက်ရှိလာကြသည်။
တုပိုင်၏ စစ်သည် တစ်ထောင်ကျော် မြို့ရိုးပေါ်သို့ ရောက်ရှိလာသောအခါ ၊ သူတို့သည် တန်းစီပြီး မြို့ရိုးပေါ်တွင် နေရာယူလိုက်ကြသည်။
ထို့နောက် ဘေးနှစ်ဖက်သို့ စတင် တိုက်ခိုက်ကြတော့သည်။
“ရွှပ်... ရွှပ်... ရွှပ်...” သူတို့သည် တညီတညွတ်တည်း ရှေ့သို့ တက်ကာ သတ်ဖြတ်ခြင်းနတ်ဘုရားကဲ့သို့ကို ရူးသွပ်စွာ သတ်ဖြတ်လိုက်ကြတော့သည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၅၇ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team