← Chapters

အခန်း (၅၅၉)

Vol. 56 Ch. 559

အခန်း (၅၅၉)

Vol. 56 Ch. 559

လီမိသားစု၏ တာ့ယန်နေပြည်တော်၌ တာ့ယန်ဘုရင် လီရူဟိုင်သည် အနောက်ဘက်ဒေသ မီးနတ်ဘုရား စစ်တပ်၏ စစ်သေနာပတိချုပ်အက်စ် ကို လက်ခံတွေ့ဆုံနေလေသည်။

“ဗိုလ်ချုပ်ကြီး။ လမ်းခရီးမှာ တကယ်ပဲ ပင်ပန်းခဲ့ရမှာပဲ။”

လီရူဟိုင်က နှုတ်ဆက်လိုက်သည်။ “ခရီးစဉ်က ချောမွေ့ပါတယ်။”

အနောက်ဘက်ဒေသ မီးနတ်ဘုရား စစ်သည် ငါးသောင်း၏ စစ်သေနာပတိချုပ်က ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ဘုရင်မင်းမြတ် ပုန်ကန်တဲ့အချိန်မှာ ၊ ဂိုဏ်းချုပ်ကြီးက မင်းကြီးရဲ့ ကြီးမြတ်တဲ့ အစီအစဉ်ကို ထောက်ခံဖို့ စစ်တပ်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီးပါပြီ။ လူ သုံးသောင်း စုစည်းဖို့ လဝက်လောက်ပဲ ကြာခဲ့ပါတယ်။ မိုင်ပေါင်း တစ်သောင်းကျော် ခရီးနှင်ပြီးတဲ့နောက် ၊ နိုင်ငံပေါင်းများစွာကို ဖြတ်သန်းခဲ့ရပေမဲ့ အဲဒီနိုင်ငံတွေ အားလုံးက ကျွန်တော်တို့ရဲ့ နယ်မြေတွေပါပဲ။ လုံလောက်တဲ့ ထောက်ပံ့မှုတွေ ရခဲ့သလို ၊ နောက်ထပ် စစ်သည် နှစ်သောင်းကိုလည်း ထပ်မံ စုစည်းနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံတစ်ခုတည်းကပဲ ကျွန်တော်တို့ရဲ့ စစ်သည်တွေကို တားစီးခဲ့တာပါ။ ရွှေတုံးတစ်သောင်းပေးပြီးနောက်မှာတော့ ခရီးစဉ်က အရမ်း ချောမွေ့ခဲ့ပါတယ်။”

မြန်မာနိုင်ငံသည် အလွန်အားကောင်းပြီး လျှို့ဝှက်ဆန်းကြယ်လှသည်။ အက်စ်အနေဖြင့် မြန်မာနိုင်ငံနှင့် အမှန်တကယ် မတိုက်ခိုက်လိုချေ။ မကြောက်ရွံ့ဘူးဆိုသော်ငြား ကျားနှစ်ကောင် ကိုက်ပါက နှစ်ဖက်လုံးက အထိနာလိမ့်ပေမည်။ လက်ရှိမြန်မာနိုင်ငံသည် ခေတ်သစ်ကလို ဖွတ်ကျားမဟုတ်လေဘဲ ကျားစင်စစ်ဖြစ်လေ၏။

အက်စ်သည် လီရူဟိုင်အပေါ် ကြီးမားသော လေးစားမှု မပြသခဲ့ပေ။ သူသည် လီရူဟိုင်နှင့် တန်းတူပုံစံ ထိုင်နေလေသည်။ အစပိုင်းတွင် သူသည် လီရူဟိုင်ကဲ့သို့ပင် အစားအစာကို တူဖြင့် ညှပ်စားသော်လည်း ၊ နောက်ပိုင်းတွင် ဓားတစ်ချောင်း တောင်းပြီး အသားကို တိုက်ရိုက် လှီးဖြတ် စားသောက်လေတော့သည်။

လီရူဟိုင်သည် သူ့စကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုသို့ဆိုလျှင် ဤအကောင်၏ စစ်သည် ငါးသောင်းဟာ အာရှအလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံအသီးသီးမှာ စုစည်းထားပုံရသည်။ ဤလူစုသည် မျက်စိ နဖူးပေါ် ရောက်နေကြသည် ဆိုသည်မှာ သိသာ၏။

“ဘုရင်မင်းမြတ်။ ခင်ဗျားရဲ့ ရန်သူက သာမညောင်ည မိန်းမစိုးလေး တစ်ယောက်လို့ ကြားတယ်။”

အနောက်ဘက်ဒေသ မီးနတ်ဘုရား စစ်တပ်၏ စစ်သေနာပတိချုပ် အက်စ်က ပြောလိုက်သည်။ “ကျွန်တော်တို့ နေရာမှာဆိုရင် သင်းကွပ်ခံထားရတဲ့ ကောင်တွေဟာ ညစ်ညမ်းပြီး အမည်မဖော်လိုသူတွေပါ။ သခင်တွေ စားသောက်နေတဲ့အချိန်ဆိုရင် သူတို့က စားပွဲနားမှာ ရပ်နေဖို့တောင် အရည်အချင်း မရှိပါဘူး။”

ထိုစကားကို ကြားလိုက်သည်နှင့် လီရူဟိုင်၏ ဘေးနားရှိ မိန်းမစိုးသည် အလိုအလျောက် ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိသည်။

လီရူဟိုင်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ပြီးတော့ သူက ငယ်ရွယ်တဲ့ မိန်းမစိုးလေး တစ်ယောက်ပါ။ သူက လက်ရွေးစင် စစ်တပ်တစ်ခုကို ရထားပြီး မြို့တစ်မြို့ကို သိမ်းပိုက်ထားပါတယ်။”

အက်စ်က မေးလိုက်သည်။ “သူ့ရဲ့ မြို့က ခင်ဗျားရဲ့ နေပြည်တော်နဲ့ ယှဉ်ရင် ဘယ်လောက်ရှိလဲ။”

လီရူဟိုင်က ဖြေသည်။ “ကျွန်တော့် နေပြည်တော်ရဲ့ လေးပုံတစ်ပုံလောက်ပဲ ရှိမှာပါ။”

အက်စ်က ဆက်မေးသည်။ “တုပိုင်လို့ ခေါ်တဲ့ အဲဒီ အောက်တန်းကျတဲ့ မိန်းမစိုးဆီမှာ စစ်သည်အင်အား ဘယ်လောက်ရှိလဲ။”

“ရှစ်သောင်း ၊ ကိုးသောင်းလောက် ရှိမယ်။”

လီရူဟိုင်က ဖြေသည်။ “အဲဒီအထဲက ခြောက်သောင်းလောက်က တပ်သားသစ်တွေပါ။”

အက်စ်သည် စပျစ်ဝိုင်ခွက်ကို ယူကာ မော့သောက်လိုက်ပြီး ပြောလေ၏။ “ဟားဟား... ဒီလောက် သေးနုပ်တဲ့ ရန်သူလေးကို ရင်ဆိုင်ဖို့အတွက် ဘုရင်မင်းမြတ်က စစ်သည် လေးသိန်းတောင် စုစည်းထားတယ် ဟုတ်လား။ အရှေ့တိုင်းကမ္ဘာက ဒီလောက်တောင် အားနည်းနေပြီလား။ ခင်ဗျားတို့ အသားဝါလူမျိုးတွေရဲ့ စစ်တပ်က ဒီလောက်တောင် ရယ်စရာ ကောင်းနေပြီလား။ ခင်ဗျားတို့ အရှေ့တိုင်းကမ္ဘာက အသားဝါလူမျိုးတွေက တွင်းအောင်းပြီး ကောင်းကင်ကို မော့ကြည့်နေတာကြာလွန်းနေပြီ။ ကမ္ဘာကြီးရဲ့ အဆင့်မြင့် ယဉ်ကျေးမှုက ခင်ဗျားတို့ကို စွန့်ပစ်ထားခဲ့ပြီ။ ကံကောင်းစွာနဲ့ပဲ ကျွန်တော် ရောက်လာခဲ့ပြီ ၊ ခင်ဗျားတို့ကို အဆင့်မြင့် ယဉ်ကျေးမှုရဲ့ စစ်တပ်နဲ့ စစ်ဆင်ရေး နည်းလမ်းတွေကို ပြသပေးပါ့မယ်။”

လီရူဟိုင်၏ မျက်နှာ ရုတ်တရက် ရှုံ့မဲ့သွားသည်။ အကယ်၍ မီးနတ်ဘုရားဂိုဏ်းက အလွန် အင်အားကြီးမားပြီး လီရူဟိုင်၏ အကြီးမားဆုံး ကျောထောက်နောက်ခံ ဖြစ်မနေခဲ့လျှင် ၊ တာ့ယန်ဘုရင်သည် ဤအက်စ်ဆိုသောကောင်ကို ခေါင်းဖြတ်သတ်ရန် အမိန့်ပေးလိုက်ပြီ ဖြစ်သည်။

အက်စ်က ပြောလိုက်သည်။ “ဘုရင်မင်းမြတ်။ အရှေ့တိုင်းကမ္ဘာက စစ်ပွဲဆိုတာ ဘာလဲ နားမလည်ပါဘူး။ ခင်ဗျားတို့က အရမ်း ခေတ်နောက်ကျလွန်းတယ် ၊ အရမ်း ခေတ်နောက်ကျလွန်းတယ်။”

စပျစ်ဝိုင်တစ်ခွက်ကို ထပ်မံ သောက်သုံးပြီးနောက် ၊ အနောက်ဘက်ဒေသ မီးနတ်ဘုရား စစ်တပ်၏ စစ်သေနာပတိချုပ် အက်စ်က ဆက်ပြောလိုက်သည်။

“ဘုရင်မင်းမြတ်။ စစ်ပွဲပုံစံတွေက ပြောင်းလဲသွားပြီ။ ခင်ဗျားတို့ မျက်လုံးဖွင့်ပြီး ကမ္ဘာကြီးကို ကြည့်ဖို့ အချိန်တန်ပြီ။ အခုခေတ်က လေးနဲ့မြှားတွေ ၊ ဓားတွေ ၊ မြင်းစီးတပ်တွေ သုံးပြီး စစ်တိုက်တဲ့ခေတ် မဟုတ်တော့ဘူး။ တိကျမှု မရှိတဲ့ ကျောက်ခဲပစ်စက်ကြီးတွေ သုံးတဲ့ခေတ် မဟုတ်တော့ဘူး။ အမြောက်တွေ သုံးတဲ့ခေတ် ၊ စစ်နတ်ဘုရားအသစ်ရဲ့ ခေတ်ကို ရောက်နေပြီ။ ကျွန်တော်တို့က ကမ္ဘာ့အင်အားရဲ့ သုံးပုံတစ်ပုံကို ဦးဆောင်ထားပြီး ၊ အနောက်တိုင်းကမ္ဘာတစ်ခုလုံးကို ဦးဆောင်လာတာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပြီ ၊ ခင်ဗျားတို့ကတော့ လုံးဝ နောက်ကျကျန်ရစ်နေပြီး ဘာမှ မသိနားမလည် ဖြစ်နေတုန်းပဲ။”

“ဘုရင်မင်းမြတ်။ တုပိုင်လို့ ခေါ်တဲ့ အောက်တန်းကျတဲ့ မိန်းမစိုးဆီမှာ စစ်သည် ရှစ်သောင်း ၊ ကိုးသောင်း ရှိတယ် ၊ ခြောက်သောင်းက တပ်သားသစ်တွေ ဆိုတော့... သူ့မှာ အလယ်အလတ်စား မြို့တစ်မြို့ ရှိတယ် မဟုတ်လား။”

အက်စ်က မေးလိုက်သည်။

လီရူဟိုင်သည် မောက်မာသော အက်စ်ကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။ “ဟုတ်ပါတယ်။”

အက်စ်က ပြောလိုက်သည်။ “ခင်ဗျားရဲ့ စစ်သည် လေးသိန်း အနားယူလို့ ရပါပြီ။ ကျွန်တော့်ရဲ့ စစ်သည် ငါးသောင်းက တုပိုင်ရဲ့ အောက်တန်းကျတဲ့ မိန်းမစိုး တပ်သား ကိုးသောင်းကို အလွယ်တကူ ချေမှုန်းပစ်နိုင်ပါတယ်။ သူ့ရဲ့ မြို့ကိုလည်း အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပါတယ်။ ဟင့်အင်း... မဟုတ်သေးဘူး ၊ ကျွန်တော် လူ တစ်သောင်းပဲ လိုတယ်။ လူ တစ်သောင်းနဲ့တင် သူ့တပ်မတော်ကို အကုန်သတ်ပြီး ၊ သူ့မြို့ကို မြေလှန်ပစ်နိုင်တယ်။”

ထိုအချိန်၌ လီရူဟိုင်၏ ယုံကြည်ရသော စစ်သည်တစ်ဦး အပြေးဝင်လာပြီး လျှို့ဝှက်စာတစ်စောင် ပေးအပ်လိုက်သည်။ တာ့ယန်ဘုရင် လီရူဟိုင်သည် လျှို့ဝှက်စာကို ဖွင့်ဖောက်ကြည့်ရှုလိုက်သည်။

စာထဲတွင် ရေးသားထားသည်မှာကား ၊ တုပိုင်၏ တပ်မတော်သည် ဖူကျိုးမြို့ကို တိုက်ခိုက်နေသည်။ သွေးစွန်းသော တိုက်ပွဲကြီး ဖြစ်ပွားနေပြီး နှစ်ဖက်စလုံး အထိအခိုက် အကျအဆုံး များပြားနေသည်။

သူ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားပြီး ၊ မျက်စိရှေ့မှ စာကို မယုံနိုင်အောင် ဖြစ်သွားရလေသည်။

‘တုပိုင်... ဒီကောင် ရူးသွားပြီလား။’

‘သူ ကျိန်းသေပေါက် ရူးနေပြီ။’

‘သူ့ဆီမှာ စစ်သည် ကိုးသောင်းပဲ ရှိတာ ၊ ပြီးတော့ ခြောက်သောင်းက လေ့ကျင့်ဖို့ အချိန်မရသေးတဲ့ တပ်သားသစ်တွေ။’

‘ဒီလောက် အင်အားလေးနဲ့ သူက တပ်ခွဲပြီး လီမိသားစုရဲ့ မြို့ကို စတင် တိုက်စစ်ဆင်ရဲတယ် ဟုတ်လား။’

‘သူ့ဦးနှောက်ထဲ ရေဝင်သွားတာလား။’

‘ဖူကျိုးမြို့မှာ လီရူလုံ နဲ့ လီဟုန်တို့ နှစ်ယောက် ရှိတယ် ၊ စစ်သည် သုံးသောင်း ရှိတယ် ၊ မြို့ထဲမှာ အစစအရာရာ ပြည့်စုံတယ် ၊ ရက်နည်းနည်းလောက် တောင့်ခံထားဖို့ ဘာပြဿနာမှ မရှိဘူး။’

ခဏအကြာတွင် နောက်ထပ် လျှို့ဝှက်စာတစ်စောင် ရောက်လာပြန်သည်။ လီဟုန်၏ သား လီရူကျန့်ထံမှ ဖြစ်သည်။ စာအကြောင်းအရာကား အတူတူပင်။ တုပိုင်၏ တပ်မတော် ဖူကျိုးမြို့ကို တိုက်ခိုက်နေပြီး ၊ တိုက်ပွဲ ပြင်းထန်ကာ ၊ နှစ်ဖက်စလုံး အထိအခိုက် အကျအဆုံး များပြားကြောင်း ရေးသားထားသည်။

“ဟားဟားဟား” လီရူဟိုင် စိတ်ထဲမှ တစ်ဆင့် လှောင်ရယ်လိုက်သည်။

‘တုပိုင်... မင်းက တကယ်ကို သေလမ်းရှာနေတာပဲ။’

ယခုအချိန်၌ တာ့ယန်နေပြည်တော် ဝန်းကျင်တွင် စစ်သည် လေးသိန်းနီးပါး စုဝေးရောက်ရှိနေပြီ ဖြစ်သည်။ နောက်ထပ် ရက်အနည်းငယ် ကြာလျှင် သူကိုယ်တိုင် စစ်သည် သုံးသိန်းခွဲကို ဦးဆောင်ပြီး ၊ မိုးကြိုးပစ်ချသကဲ့သို့ အရှိန်အဟုန်ဖြင့် တုပိုင်၏ ပိုင်ဆယ်မြို့ကို ချေမှုန်းပစ်မည်။ သူ့ထံပါလာသော သောင်းဂဏန်းသော တပ်ဖွဲ့ကိုလည်း ခေါင်းဖြတ်သတ်ပစ်မည်။

တုပိုင်သည် မွေးခါစ ကျားပေါက်လေးသာ ဖြစ်ပြီး ၊ သူ အားနည်းနေချိန်တွင် အင်အားအကုန်သုံးပြီး အပြတ်ရှင်းပစ်ရမည်။

သို့သော် လီရူဟိုင်သည် တုပိုင်ကို အထင်ကြီးလွန်းခဲ့သည်ဟု ခံစားမိလိုက်လေသည်။ လွန်ခဲ့သော တိုက်ပွဲတွင် ကံကောင်းထောက်မစွာဖြင့် အနိုင်ရခဲ့ပြီးနောက် ၊ တုပိုင်သည် လုံးဝ ဘဝင်မြင့်သွားပြီး ၊ ယခုကဲ့သို့ စတင် တိုက်စစ်ဆင်လာခြင်း ဖြစ်သည်။

အဘယ်ကြောင့် လီရူလုံ နှင့် လီဟုန် တို့၏ သားများကသာ အကူအညီတောင်းခံစာ ရေးရသနည်း။ လီရူလုံ နှင့် လီဟုန် ကိုယ်တိုင် ဘာကြောင့် မရေးသနည်း။

လီရူဟိုင် ကောင်းကောင်း နားလည်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုတပ်မှူးကြီး နှစ်ဦးသည် တုပိုင်၏ ဝိုင်းရံမှုကို တားဆီးနိုင်စွမ်း ရှိသည်ဟု ခံစားရသောကြောင့် ၊ ကိုယ်တိုင် အကူအညီတောင်းရန် ရှက်ရွံ့နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် သားများကို စာရေးခိုင်းခြင်း ဖြစ်သည်။

“ဘုရင်မင်းမြတ်။ ဘာဖြစ်လို့လဲ။” အနောက်ဘက်ဒေသ မီးနတ်ဘုရား စစ်သေနာပတိချုပ် အက်စ်က မေးလိုက်သည်။

တာ့ယန်ဘုရင် လီရူဟိုင်က ပြောလိုက်သည်။ “မိန်းမစိုးလေး တုပိုင်က လုံးဝ ရူးသွပ်သွားပြီ။ သူက စစ်သည် သောင်းဂဏန်းလောက် ဦးဆောင်ပြီး ကျွန်တော့်ရဲ့ မြို့ကို လာတိုက်နေတယ်။”

အက်စ် မျက်လုံးများ ပြူးကျယ်သွားပြီး ၊ ပုံကြီးချဲ့သော လေသံဖြင့် ပြောလိုက်သည်။.“ဘုရားရေ... ခင်ဗျားတို့ အရှေ့တိုင်းသားတွေက ဒီလောက်တောင် မိုက်မဲကြတာလား။ သူ့ဆီမှာ စစ်သည် ရှစ်သောင်း ၊ ကိုးသောင်းလောက်ပဲ ရှိတာလေ ၊ ပြီးတော့ လေ့ကျင့်မထားတဲ့ တပ်သားသစ်တွေ အများကြီး ပါသေးတယ်။ သူသာ ဉာဏ်ရှိရင် ချက်ချင်း ထွက်ပြေးသင့်တယ်။ သိပ်ဉာဏ်မရှိရင်တောင်မှ သူ့မြို့မှာပဲ ခံစစ်ဆင်သင့်တာ။ အခု သူက ဘုရင်မင်းမြတ်ရဲ့ မြို့ကို စတင် တိုက်စစ်ဆင်တယ် ဟုတ်လား။ အကန့်အသတ်ရှိတဲ့ စစ်သည်တွေကို မြို့သိမ်းတိုက်ပွဲမှာ ဖြုန်းတီးပစ်နေတယ်ပေါ့။ မီးနတ်ဘုရား ဘုရားသခင်... ခင်ဗျားတို့က ဘယ်လိုတောင် မိုက်မဲပြီး အသုံးမကျတဲ့ ရန်သူမျိုးကို ရင်ဆိုင်နေရတာလဲ။”

တာ့ယန်ဘုရင် လီရူဟိုင်က ရုတ်တရက် ပြောလိုက်သည်။

“ဗိုလ်ချုပ်ကြီး အက်စ်။ ခင်ဗျားတို့ စစ်တပ်ရဲ့ ယုံကြည်ချက်က ဘယ်လိုလဲ။ ဒီမိန်းမစိုးလေး တုပိုင်က လူတွေကို လှည့်စားတဲ့ လှည့်ကွက်တွေ လုပ်တတ်တယ် ၊ လူတွေ သူ့ကို မသေမျိုးလို့ ယုံကြည်အောင် ၊ မီးနတ်ဘုရား ပူးကပ်တယ်လို့ ယုံကြည်အောင် လုပ်တတ်တယ်။ ဒီနည်းနဲ့ပဲ မီးနတ်ဘုရား စစ်သည်တွေ သူ့ဘက် ပါသွားခဲ့ကြတာ။”

“ဟားဟားဟား” အက်စ်က ရယ်မောလိုက်ပြီး ပြောလေ၏။

“ကျွန်တော် လုံးဝ မအံ့သြပါဘူး။ ခင်ဗျားတို့ အရှေ့တိုင်းသားတွေက လူတွေကို အရူးလုပ်ပြီး ဟန်ဆောင်တာ အတော်ဆုံးပဲလေ။ ဘုရင်ကို အမှုထမ်းတာကလွဲရင် ၊ ဒီမိန်းမစိုးတွေ အများစုက မျက်လှည့်ပွဲတွေမှာ လူရွှင်တော် လုပ်နေကြတာလေ။ သူ ကျွမ်းကျင်တာက မျက်လှည့်ပြတာပဲ နေမှာပါ။ ကျွန်တော့် စစ်တပ်ရဲ့ ယုံကြည်ချက် ဟုတ်လား။ ကျွန်တော် ခင်ဗျားကို ပြောပြမယ်။ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကဆိုရင် ဒီစစ်သားတွေက မီးနတ်ဘုရား ကြွလာတဲ့ လှည့်ကွက်မျိုး မြင်ရင် ဒူးထောက်ကြမှာပေါ့။ ဒါပေမဲ့ အခုတော့... အရာအားလုံး ပြောင်းလဲသွားပြီ။ အားလုံးက မီးနတ်ဘုရားကို ယုံကြည်ကြပါတယ် ၊ ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်တာက တစ်ခုတည်းပါ ၊ အဲဒါကတော့ အင်အားပါပဲ။”

အကယ်၍ တုပိုင်သာ ရှိနေခဲ့လျှင် ဤစကားကို ကောင်းကောင်း နားလည်ပေလိမ့်မည်။ ဥရောပ အလယ်ခေတ် ၊ ပုပ်ရဟန်းမင်းကြီး အာဏာအရှိဆုံး အချိန်ကာလကဲ့သို့ပင် ၊ ဘုရင်တိုင်း ပုပ်ရဟန်းမင်းကြီး၏ သရဖူဆောင်းပေးမှုကို လိုအပ်ခဲ့ကြသည်။

သို့ရာတွင် ထိုဘုရင်များနှင့် ပုပ်ရဟန်းမင်းကြီးအဖွဲ့ဝင် အဆင့်မြင့်ပုဂ္ဂိုလ်များအား ဘုရားသခင် တည်ရှိသည်ကို အမှန်တကယ် ယုံကြည်ပါသလောဟု မေးမြန်းကြည့်ပါ။ နှုတ်မှ ထုတ်ဖော်မဖြေကြားသော်လည်း အဖြေကား ရှင်းလင်းလှပေ၏။ ဆာအိုင်ဇက်နယူတန်ကဲ့သို့သော သိပ္ပံပညာရှင်များကသာလျှင် နောက်ဆုံးတွင် ဘုရားသခင်ရှိကြောင်း ယုံကြည်သွားကြခြင်းဖြစ်ပြီး အာဏာရှိသူများကမူ မည်သည့်အခါမျှ ယုံကြည်ကြမည် မဟုတ်ပေ။

အက်စ်က မေးလိုက်သည်။

“ဘုရင်မင်းမြတ်။ ခင်ဗျားရဲ့ စစ်သည် လေးသိန်းက ပြင်ဆင်ဖို့ ဘယ်နှရက်လောက် လိုဦးမလဲ။”

လီရူဟိုင်က ဖြေသည်။ “ခုနစ်ရက်လောက်ပါပဲ။”

အနောက်ဘက်ဒေသ မီးနတ်ဘုရား စစ်သေနာပတိချုပ် အက်စ်က ပြောလိုက်သည်။

“ဒီလိုဆိုရင် ခင်ဗျားရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အားလုံးကို ရပ်တန့်လိုက်လို့ ရပါပြီ။ စစ်ပွဲအားလုံးကို ကျွန်တော်တို့ဆီ လွှဲပေးလိုက်ပါ။ အရှေ့တိုင်းကမ္ဘာတစ်ခုလုံးကို စစ်ပွဲပုံစံသစ် ပြသပေးပါ့မယ်။ ဘုရင်မင်းမြတ်ကို လုံးဝ တုန်လှုပ်သွားစေရမယ် ၊ ဒီအရှေ့တိုင်းအင်ပါယာရဲ့ ဧကရာဇ်ကိုလည်း တုန်လှုပ်သွားစေရမယ် ၊ ယဉ်ကျေးမှုရဲ့ စစ်မှန်တဲ့ ဂုဏ်ဒြပ်ကို ခံစားရစေမယ် ၊ စစ်မှန်တဲ့ စစ်နတ်ဘုရားကို မြင်တွေ့ရစေမယ်။”

“ကျွန်တော့်ရဲ့ စစ်သည် ငါးသောင်းကို ဦးဆောင်ပြီး ခင်ဗျားရဲ့ ဖူကျိုးမြို့ကို သွားရောက် ကူညီမယ်။ ခင်ဗျားက လမ်းပြအဖွဲ့တစ်ဖွဲ့ ထည့်ပေးလိုက်ရင် ရပြီ။”

အက်စ်က ဆက်ပြောသည်။ “ကျွန်တော်က ခင်ဗျားကို ဘယ်တုန်းကမှ မကြုံဖူးတဲ့ စစ်ပွဲအနုပညာကို ပြသပေးမယ်။ တုပိုင်လို့ ခေါ်တဲ့ အောက်တန်းကျတဲ့ မိန်းမစိုးလေးကို ယဉ်ကျေးမှုရဲ့ အပြစ်ပေးခြင်း ဆိုတာ ဘာလဲ နားလည်သွားအောင် လုပ်ပေးမယ်။ ဒါပေမဲ့ ဘုရင်မင်းမြတ်... ကျွန်တော် ကြိုပြောထားမယ် ၊ ကျွန်တော့်ရဲ့ စစ်ပွဲ စတင်ပြီ ဆိုတာနဲ့ ဘယ်တော့မှ ရပ်တန့်လို့ မရတော့ဘူးနော်။ ခင်ဗျား စိတ်ပြင်ဆင်ထားပါ ၊ ဖြစ်နိုင်တာက နာရီပိုင်း အတွင်းမှာပဲ တုပိုင်ရဲ့ မိန်းမစိုးတပ်ဖွဲ့ကို အကုန် သတ်ပစ်လိုက်နိုင်တယ်။ ရက်ပိုင်းအတွင်းမှာပဲ သူ့မြို့ကို ပြာကျအောင် လုပ်ပစ်နိုင်တယ်။ သူ့ရဲ့ ပြည်သူတွေနဲ့ စစ်သည်တွေ အားလုံး ကျွန်တော့်ခြေရင်းမှာ ဒူးထောက်ပြီး တုန်ရီ ငိုကြွေးနေကြလိမ့်မယ်။ ခင်ဗျားရဲ့ စစ်သည် လေးသိန်းက အသုံးမလိုတော့ဘူး ဖြစ်သွားနိုင်တယ် ၊ ဒါကြောင့် ဒီအတိုင်းပဲ ဖျက်သိမ်းလိုက်တာ ပိုကောင်းမလား။”

လီရူဟိုင် ပြုံးလိုက်ပြီး ပြောလေ၏။

“အဲဒါဆိုရင်တော့ အကောင်းဆုံးပေါ့။”

အက်စ်သည် ဖန်ခွက်ထဲမှ စပျစ်ဝိုင်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ပြောလိုက်သည်။

“ခင်ဗျားတို့ အရှေ့တိုင်းက မိုက်မဲတဲ့ အသားဝါလူမျိုးတွေ ၊ စစ်မှန်တဲ့ စစ်ပွဲဆိုတာ ဘယ်လိုမျိုးလဲ မြင်တွေ့ရမယ့်အချိန် ရောက်ပြီ။”

သမိုင်းသည် လုံးဝ ပြောင်းလဲသွားပြီဖြစ်သည်။ လုံးဝကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့ပြီဖြစ်၏။ ကမ္ဘာ့အင်အား သုံးပုံတစ်ပုံကို ချုပ်ကိုင်ထားသော မီးနတ်ဘုရားဘာသာသည် လွန်ခဲ့သော နှစ် ငါးဆယ်ကတည်းက ကမ္ဘာမြေကို တုန်လှုပ်စေသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။

သူတို့သည် မီးနတ်ဘုရားကို ကိုးကွယ်ကြသော်လည်း ၊ နောက်ဆုံးတွင် အပူစွမ်းအင်သုံး လက်နက်များကို ကိုးကွယ်သော လမ်းစဉ်သို့ စောစီးစွာ ရောက်ရှိသွားခဲ့သည်။

ထက်ဝက်က အစွမ်းထက်သော ကိုယ်ပိုင်သိုင်းပညာကို ကိုးကွယ်ကြပြီး ၊ ကျန်ထက်ဝက်က အစွမ်းထက်သော စစ်နတ်ဘုရားကို ကိုးကွယ်ကြသည်။ စစ်နတ်ဘုရားဆိုသည်မှာ နည်းပညာကို ဆိုလိုချင်းပင်။

လွန်ခဲ့သော နှစ် ရှစ်ဆယ်ခန့်ကတည်းက သူတို့နှင့် အနောက်တိုင်းကမ္ဘာကြား ဖြစ်ပွားခဲ့သော စစ်ပွဲကြီးမှ စတင်ခဲ့သည်။ လွန်ခဲ့သော နှစ် နှစ်ရာခန့်က အနောက်တိုင်းကမ္ဘာတွင် သိပ္ပံပညာ ထွန်းကားလာခဲ့ပြီး ၊ ဆယ်စုနှစ် အနည်းငယ်အတွင်း အနောက်တိုင်းတစ်ခုလုံး ပြောင်းလဲသွားခဲ့သည်။

ဆရာသခင် နင်ဇောင်ဝူ၏ သင်္ချာစွမ်းရည် ၊ အနောက်တိုင်းကမ္ဘာ၏ သင်္ချာပညာရှင်များထံမှ သဲလွန်စများကို ကြည့်ခြင်းအားဖြင့် တုပိုင် ကြိုတင် ခန့်မှန်းထားသင့်ပေသည်။

နည်းပညာအလင်းရောင် ပေါ်ထွန်းလာပြီ ဆိုသည်နှင့် ၊ ဖွံ့ဖြိုးတိုးတက်မှုသည် ပေါက်ကွဲထွက်သကဲ့သို့ လျင်မြန်လာစမြဲ ဖြစ်သည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၅၉ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters