← Chapters

သမုဒ္ဒရာ၏နှလုံးသား

Vol. 18 Ch. 242

သမုဒ္ဒရာ၏နှလုံးသား

Vol. 18 Ch. 242

အန်လင်းသည် ထိုလူနှစ်ဦးအား ကြည့်ကာဖြင့် ကောင်းကင်မြစ်ပြည်နယ်တွင် သူတို့နှစ်ဦးသည် မျှတကာ ရိုးသားကြသည်ဟု ကျော်ကြားသည်ကို သတိပြုလိုက်မိသည်။ ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်ပစ္စည်းအများအပြားကို ထုတ်ယူလိုက်သည်။

ချက်ဆိုသလို စိတ်ဝိညာဉ်ပစ္စည်းများကြောင့် အခန်းအတွင်းရှိ စွမ်းအင်မငြိမ်မသက် ဖြစ်လာသည်။ လွန်စွာတောက်ပနေကြပြီး အရည်အသွေးမှာလည်း ဩချလောက်စရာပင်။

“ဒီဟာက..” ဟေးမူနှင့် လျှိုဟော်တို့ နှစ်ဦးစလုံးသည် မျက်လုံးများ ပြူးကျယ်ကာဖြင့် အသက်ရှူမြန်လာကာ ကြောင်အလျက်ရှိလေသည်။ အလေးမထားသည့်အသွင်ဖြင့် ကြမ်းပစ်ပေါ်သို့ ပစ်ချခံလိုက်ရသော ထိုပစ္စည်းများသည် အမှန်တကယ်ကိုပင် စိတ်ဝိညာဉ်ပစ္စည်းများ ဖြစ်ခြင်းမှာ သံသယဖြစ်ရန်ပင် မလိုချေ။ ထိုအပြင် အရည်အသွေးမှာလည်း အတော်လေး မြင့်လှသည်။

ဟွမ်ရှစ်သည်လည်း အံ့အားသင့်နေမိသည်။ သူ၏စိတ်အား သေချာစွာ ပြင်ဆင်ထားပြီး ဖြစ်သော်လည်း အနည်းငယ် ကြောက်ရွံ့နေဆဲပင်။ အန်လင်းသည် ထိုစိတ်ဝိညာဉ်ပစ္စည်းများအား ကျောက်တုံးများသဖွယ် သိုလှောင်လက်စွပ်အတွင်းမှ ထုတ်ယူကာ ပစ်ချလိုက်ခြင်းဖြစ်သည်။

“အိုးးး ဒီ လက်နက်ထုလုပ်တဲ့ ပစ္စည်းလေးတွေနဲ့ ရှားပါးဆေးမြစ်လေးတွေကိုလည်း ရောင်းချင်ပါသေးတယ်။ လက်နက်သွန်းလုပ်တဲ့ အကြောင်းနဲ့ ဆေးလုံးဖော်တာကို ကျွန်တော် မသိလို့ပါ။”

ထိုသို့ပြောရင်းဖြင့် အန်လင်းသည် သူ၏သိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်းများအား ထပ်မံထုတ်ယူလိုက်ပြန်သည်။ ရှားပါးသတ္တုအပုံလောက် ကြမ်းပြင်ပေါ်သို့ ကျလာသည်။ ရှားပါးဆေးမြစ်များမှာလည်း အဖိုးမဲ့ကုန်ပစ္စည်းများသဖွယ်ပင်။ ကြမ်းပြင်ပေါ်ရှိ ထိုအရာအားလုံးသည် စိတ်စွမ်းအင်ပေါပေါများများ ထုတ်လွှတ်နေကြလေသည်။

ဟေးမူနှင့် လျှိုစော်တို့နှစ်ဦးစလုံးမှာ မသက်မသာဖြင့် တံတွေးမျိုချမိလိုက်ပြီး အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဟိုလီရှစ်.. ဘာလဲ ဂိုဏ်းကြီး လေးဂိုဏ်းက အမွေခံ သခင်လေးလား မင်းသားလေးလား။ တစ်ခုခုကို အဆင်မပြေလို့ ဘိုးဘွားပိုင်ပစ္စည်းတွေကို ယူလာပြီး ဖြေဖျောက်နေတာလား။

ဟွမ်ရှစ် ရှုံ့မဲ့သွားလေသည်။ ကံကောင်းသည်မှာ ထိုအမျိုးသားအား နှိမ့်ချကာ မဆက်ဆံခဲ့မိခြင်းပင်။ သို့မဟုတ်လျှင် သူ၏မျက်နှာမှာ ရိုက်နှက်ခံရမှုကြောင့် အရောင်ပြောင်းနေလောက်ပြီ ဖြစ်သည်။

“အင်း ဒါတွေအားလုံးကို ရောင်းချင်ပါတယ်ဗျ။ တွက်ပေးပါဦး။” အန်လင်း၏အမူအရာမှာ ဝန်ပိုတစ်ခုအား လွှတ်ချလိုက်သကဲ့သို့ပင်။ လက်နှစ်ဖက်အား ပွတ်သပ်လိုက်ပြီးနောက် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။

အန်လင်း၏ အပြုအမူအား ကြည့်ပြီးနောက်တွင် ဟွမ်ရှစ်မှာ စိတ်ထိခိုက်လာလေသည်။ ဤသို့ အမှန်တကယ်ကို အော်ဟစ်ပစ်လိုက်ချင်သည်။ “ခင်ဗျားရဲ့ အထင်သေးတဲ့ အကြည့်တွေက ဘာတုန်း။ အဲဒီရတနာတွေက ခင်ဗျားကို ကိုက်နေလို့လား။”

ဟေးမူနှင့် လျှိုဟော်မှာမူ ကျွမ်းကျင်သူ ပီသလေသည်။ အလျင်အမြန်ပင် ရတနာများ၏ တန်ဖိုးအား တွက်ချက်လိုက်ကြသည်။ ရတနာ တစ်ခုချင်းစီ၏ အားသာချက်၊ အားနည်းချက်တို့အပြင် အရည်အသွေးအပေါ် မူတည်ပြီး ဆုံးဖြတ်ကြသည်။ ထို့နောက်တွင် ဝယ်ယူမည့်ဈေးနှုန်းအား သတ်မှတ်ကြမည် ဖြစ်သည်။ ရွှေဘုံစံကျောင်းမှ ပေးနိုင်သည့် ဈေးနှုန်းအား အန်လင်း မကျေနပ်လျှင် ထိုပစ္စည်းများအား မရောင်းချရန် ပြုလုပ်နိုင်သည်။

ရွှေဘုံစံကျောင်းသည် ကောင်းကင်မြစ်ပြည်နယ်တွင် နှစ်ပေါင်းထောင်ချီ တည်တံ့လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ ဂုဏ်သိက္ခာမှာ မေးခွန်းထုတ်သင့်သည့်အရာ မဟုတ်ချေ။ ထို့အပြင် ထိုအကြီးအကဲ နှစ်ဦးမှာ စွန်ရဲကဲ့သို့ ထက်မြက်သည့် မျက်လုံးများနှင့် အတွေ့အကြုံ ပြည့်ဝနေကြသည်။ ထို့ကြောင့် မည်သည့်ရတနာအတွက်ကိုမဆို အထွန့်တက်ရန် မလိုအပ်ပေ။

အတော်ကြာပြီးနောက်တွင် တွက်ချက်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။ စုစုပေါင်းဈေးနှုန်းအားဖြင့် စိတ်ဝိညာဉ်ကျောက်တုံး ၃.၀၅ သန်း သို့တည်းမဟုတ် ချီကျောက်တုံး ၃၀၅ တုံး ရရှိပေမည်။

အန်လင်းသည် ခေါင်းညိတ်ကာ လက်ခံလိုက်ပြီးနောက် ချီကျောက်တုံး ၃၀၅ တုံးအား သိုလှောင်လက်စွပ်အတွင်းသို့ ထည့်သိမ်းလိုက်သည်။ သူ့ထံတွင် စိတ်ဝိညာဉ်ကျောက်တုံး ၄.၂ သန်း ရှိနေပြီး ဖြစ်သည့်အတွက် ယခုအခါတွင် စုစုပေါင် စိတ်ဝိညာဉ်ကျောက်တုံး ၇.၂၅ သန်း ရှိလာပြီ ဖြစ်သည်။

ဒီကြွယ်ဝမှု.... ထိုအကြောင်းနှင့်ပတ်သက်ပြီး မည်သည့်မှတ်ချက်မျှ မပေးလိုချေ။

သူ့အတွက် စိတ်ဝိညာဉ်ကျောက်တုံးများမှာ အရေအတွက်တစ်ခုသာလျှင် ဖြစ်သည်။

ထို့နောက် ဟွမ်ရှန့်အား စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ ပေးလိုက်သည်။ အကြောင်းပြချက်မရှိချေ။ စိတ်ပျော်ရွှင်နေသည့်အတွက် မုန့်ဖိုးပေးလိုက်ချင်းမျှသာ။

ဟွမ်ရှန့်မှာ စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ အား ကိုင်ကာဖြင့် ရှုံ့မဲ့နေမိပြီး ခန္ဓာကိုယ်တစ်ခုလုံး ပစ်လဲကျလုနီးနီးပင်။

ငလူး သောက်ကပ်စေးနှဲ။ ခင်ဗျားက တိုင်ကွန်းမဟုတ်ဘူးလား။

စုရှောင်လန်မှာ နှုတ်ခမ်းတင်းတင်းစေ့ထားလေသည်။ ထိုအပြုအမူနှင့် ပတ်သက်၍ သူမရင်းနှီးပြီးသားပင်။ ထို့နောက်တွင် ထိုလူသည် သူ၏အင်္ကျီလက်အား ဝှေ့ယမ်းကာဖြင့် တင့်တယ်စွာ ထွက်ခွာသွားလိမ့်မည်။

သေချာပေါက်ပင် အန်လင်းသည် စုရှောင်လန်အား ကြည့်လိုက်ပြီးနောက် ပြုံးကာဖြင့် “သွားကြစို့။”

အန်လင်းမှာ အလွန့်အလွန် ချမ်းသာကြွယ်ဝသူဖြစ်ကြောင်း သိလိုက်ပြီးနောက်တွင် ဟေးမူနှင့် လျှိုဟော်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့သည် မျှမျှတတနှင့် ကျွမ်းကျင်သူ ပီပီသသ ပြုမူခဲ့ကြသည်။ သို့သော်လည်း အခြားသော အကျိုးအမြတ်များ ရရှိအောင် မပြုလုပ်ဟု မဆိုလိုပေ။

“သခင်လေး အန်လင်း ခဏလောက် နေပါဦး။ ရွှေဘုံစံကျောင်းရဲ့ စုဆောင်းထားတဲ့ ရှေးဟောင်းပစ္စည်းတွေကို သခင်လေး ကြည့်ချင်လား။” လျှိုဟော်သည် ထွက်ခွာသွားတော့မည့် အန်လင်းအား အော်ခေါ်လိုက်သည်။

အန်လင်း ရပ်တံ့သွားပြီးနောက် သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ “အဲဒီ ရှေးဟောင်းပစ္စည်းတွေက စိတ်ဝင်စားဖို့ ကောင်းလို့လား။”

လျှိုဟော် လျှို့ဝှက်စွာ ပြုံးလိုက်ပြီးနောက် “ဟီးဟီးဟီး ရှေးဟောင်းပစ္စည်းတွေနဲ့ ဆက်နွယ်မှု ရှိတယ်ဆိုရင်တော့ ယူသွားလို့ရပါတယ်။”

“တကယ်လား။” အန်လင်းမျက်လုံးများ အရောင်လက်လာသည်။

ရွှေဘုံစံကျောင်းတွင် ဤကဲ့သို့သောအရာမျိုး ရှိနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ သူ၏စိတ်ဝင်စားမှုမှာလည်း တဟုန်ထိုး တိုးလာခဲ့သည်။

နားလည်ထားရမည်မှာ ကိုးပြည်ထောင်နိုင်ငံတော်တွင် ‘ရှေးဟောင်းပစ္စည်း’ ဟူ၍ ရည်ညွှန်းခေါ်ဆိုသည့် အရာများမှာ အလှဆင်ရုံသပ်သပ် အသုံးပြုကြသည့် ရှေးပစ္စည်းများ မဟုတ်ကြပေ။ ထိုအရာများတွင် ရှေးဟောင်းစွမ်းအင်များ ပါဝင်နေလေသည်။

အချို့တွင် လျှို့ဝှက်ကျင့်ကြံနည်းစနစ်များ၊ အချို့တွင် အတုမဲ့စွမ်းအားများ၊ အချို့တွင် တုန်လှုပ်ထိတ်လန့်စရာ လျှို့ဝှက်ချက်များ စသဖြင့် ဖြစ်လေသည်။ လွန်စွာအဖိုးထိုက်တန်သည့် အရာများဟု ဆိုရမည်ပင်။

“ကျွန်တော့်နောက်ကနေ လိုက်ခဲ့ပေးပါ သခင်လေး အန်လင်း။” လျှိုဟော်သည် ခပ်ယဲ့ယဲ့ပြုံးကာဖြင့် ဦးဆောင်လမ်းပြလေသည်။

အန်လင်းသည် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီးနောက် လျှိုဟော်နောက်မှ လိုက်ပါသွားသည်။

စုရှောင်လန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသော်လည်း မည်သို့မျှ မဆိုချေ။

ဟေးမူနှင့် ဟွမ်ရှန့်တို့မှ တည်ငြိမ်စွာဖြင့် ရှိနေပုံပေါ်သော်လည်း သူတို့၏ စိတ်ထဲမှာမူ ပျော်ရွှင်မှုကြောင့် ကခုန်နေကြပြီ ဖြစ်သည်။

ဒီငါးကြီးက နောက်ဆုံးတော့ အစာဟပ်ပြီလေ...။

လျှိုဟော်၏ ဦးဆောင်မှုနောက်တွင် အန်လင်းနှင့် စုရှောင်လန်တို့သည် ထိပ်တန်းရှေးပစ္စည်းများ၏ အံ့ဖွယ်နေရာသို့ ရောက်ရှိလာခဲ့သည်။ ရှေးဟောင်းကျောက်သားပလ္လင်ပေါ်တွင် အဖြူရောင်အလင်းတန်းများ ဖုံးလွှမ်းကာ လေထဲတွင် ဝဲပျံနေသည့် ရှေးဟောင်းပစ္စည်းများကို တွေ့ကြရသည်။ အထက်တန်းကျသည့် ဝတ်စုံ များကိုဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ချို့ရပ်နေကြပြီး ရှေးဟောင်းကျောက်သား ပလ္လင်ပေါ်ရှိ ရှေးဟောင်း ပစ္စည်းများကို လေးနက်စွာ စိုက်ကြည့်နေကြသည်။

“ရွှေဘုံစံကျောင်းမှာ နှစ်ပေါင်းထောင်ချီနေတဲ့ သမိုင်းကြောင်းတစ်ခုရှိတယ်” လျှိုဟော်က အပြုံးမျက်နှာဖြင့် ရှင်းပြသည်။

“အခုထိကျွန်တော်တို့က ရှေးဟောင်းရှေးဟောင်းပစ္စည်း သုံးဆယ့်ငါးခုပဲ စုဆောင်းနိုင်သေးတယ် ဒီနေရာက ရှေးဟောင်းပစ္စည်းတိုင်းက တန်ဖိုးမဖြတ်နိုင်ဘူး သူတို့အားလုံးက သူတို့ပိုင်ရှင်ဖြစ်နိုင်လာနိုင်မဲ့သူကို စောင့်မျှော် နေကြတာ" အန်လင်းသည် လေထဲတွင်ဝဲပျံနေသော ရှေးဟောင်းပစ္စည်းများကို ကြည့်ပြီး အလွန်စိတ်လှုပ်ရှားသွားကာ ကျောက်ပလ္လင်ဆီသို့ ချဉ်းကပ်သွားလိုက်သည်။

ထိုအချိန်တွင် ကြင်နာတတ်ပုံပေါ်သော အနီရောင်တာအိုအဝတ်စုံဝတ်ဆင်ထားသည့် မိန်းမလှလေးတစ်ဦးမှ ရုတ်တရက် “ ဦးလေးကျုံး ဒီရှေးဟောင်းပစ္စည်းကို ကျွန်မ သန့်စင်ချင်တယ်” ဟုပြောလိုက်သည်။

ကျောက်သားပလ္လင်နားရှိ အဘိုးအိုတစ်ဦး ခေါင်းငြိမ့်ပြလိုက်သည်။ အဘိုးအိုသည် အဖြူရောင်အလင်းများကို အထူးနည်းတစ်ခုကိုသုံးကာ ဖွင့်လိုက်ပြီး ရှေးဟောင်းပစ္စည်းကို အနီရောင်ဝတ်မိန်းကလေးအားပေးလိုက်သည်။

“အဲဒီအဘိုးကြီးရဲ့ နာမည်က ဦးလေးကျုံးတဲ့” လျှိုဟောင်မှ မိတ်ဆက်ပေးသည်။  “ဦးလေးကျုံးကရှေးဟောင်းပစ္စည်းတွေကို စောင့်ရှောက်ရတဲ့သူပဲ အဲဒီမိန်းကလေးက ကောင်းကင်မြစ်ပြည်နယ်၊ မီးတောက်မြစ် အင်ပါယာမိသားစုရဲ့ ဒုတိယမြောက်မင်းသမီးလေးပဲ"

အန်လင်း အနည်းငယ်အံ့အားသင့်သွားသည်။ မီးတောက်မြစ်အင်ပါယာမိသားစုသည် အင်ပါယာမိသားစုကိုးခုထဲမှ တစ်ခုဖြစ်သည်။ ဧကရာဇ်၏ မိသားစုဝင်တစ်ဦးသည် ကံစမ်းရန်အတွက် ဒီနေရာသို့ ရောက်နေလိမ့်မည်ဟု မည်သူကထင်ပါမည်နည်း။

အနီရောင်ဝတ်စုံဝတ် မိန်းကလေးယန်မုန့်သည် ရှေးဟောင်းရွှေရောင် ရက္ကန်းလွန်းတံတစ်ခုကိုရွေးလိုက်သည်။ သူမသည် ရှေးဟောင်းရွှေရောင် ရက္ကန်းလွန်းတံအား စွမ်းအားအကုန်သုံးကာဖြင့် အရူးအမူးသန့်စင်ရန် ကြိုးစား လိုက်သော်လည်း လွန်းတံမှတုံ့ပြန်မှုကိုမရခဲ့ပေ။ လွန်းတံအတွင်းပါရှိသော ရှေးဟောင်းစွမ်းအင်လှိုင်းသည် အသက်ဝင်နေဆဲသာဖြစ်သည်။

လျှိုဟော်ကပြုံးရယ်လိုက်ပြီးပြောလိုက်သည်။ “ရှေးဟောင်းပစ္စည်းလို့ သတ်မှတ်ထားတဲ့ပစ္စည်းအားလုံးက စိတ်ဝိညာဉ်တွေရှိကြတယ် သူတို့ကို အမှန်တကယ် နားလည်တဲ့ ပိုင်ရှင်ကိုပဲ သူတို့ကရွေးချယ်လေ့ရှိကြတယ် စွမ်းအားကို အတင်းအကျပ် အသုံးပြုပြီးတော့ သူတို့ကို သန့်စင်ယူဆောင်သွားမယ်ဆိုရင် ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာဘဲ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကိုပဲ ရလိမ့်မယ် တကယ်လို့များ ရှေးဟောင်းပစ္စည်းရဲ့ စိတ်ဝိညာဉ်ကိုဖျက်ဆီးလိုက်ရင် အဲဒါက အမှိုက်သာသာပဲ ဖြစ်သွားလိမ့်မယ် အရှင်းဆုံးပြောရရင် အားလုံးကကံတရားအပေါ်မှာပဲမူတည်တာပေါ့”

“ဟမ့်  ဒီလို အမှိုက်သာသာလေးကများ" ယန်မုန့်သည် အလွန်စိတ်ဓာတ်ကျသွားပြီး ရွှေရောင်ရက္ကန်းလွန်းတံကို ချလိုက်သည်။ ထို့နောက်သူမသည် ကျန်ရှိနေသေးသော ရှေးဟောင်းပစ္စည်းများကို မလေ့လာမီ သိုလှောင်လက်စွပ်ထဲမှ ချီကျောက်တုံးကို ထုတ်ယူပြီး  ဦးလေးကျုံးကိုပေးလိုက်သည်။

လျှိုဟော်က ကြည့်ပြီးခေါင်းခါလိုက်သည်။ ထို့နောက်အန်လင်းဘက်သို့လှည့်ကာမေးလိုက်သည်။

“အစ်ကိုအန်လင်း စမ်းကြည့်ချင်လား အစ်ကို ချီကျောက်တစ်တုံးပေးနိုင်နေသ၍ ရှေးဟောင်း ပစ္စည်းတစ်ခုကို စိတ်ကြိုက်ရွေးယူပြီး သန့်စင်ကြည့်နိုင်တယ် ”

အန်လင်းတစ်ယောက်ခေါင်းညိတ်လိုက်သည်။ ယခုသူပိုင်ဆိုင်သော ချမ်းသာကြွယ်ဝမှုနှင့်ဆိုလျှင် တစ်ကြိမ်စမ်းသပ်ရန် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း ပေးရခြင်းမှာ ဈေးကြီးသည်ဟု မဆိုနိုင်ပေ။ အရေးအကြီးဆုံးအချက်သည် အောင်မြင် နိုင်မှုနှုန်းသာ ဖြစ်သည်။

လျှိုဟော်သည်  အေးဆေးတည်ငြိမ်စွာဖြင့် အန်လင်းကိုကြည့်ကာ ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ ဝမ်းမြှောက်ကြည်နူးခြင်းများပြည့်နေသည်။ ဒီငါးကြီးကပိုက်ဆံဘယ်လောက်တောင်သုံးမှာလဲမသိဘူး။

အစစ်အမှန် တိုင်ကွန်းများသာ ဤနေရာသို့ လာနိုင်သည်။ တစ်ချိန်တည်းမှာပင် ဤနေရာအား တိုင်ကွန်း သတ်ကွင်းအဖြစ် လုပ်ဆောင်ထားခဲ့သည်။ ဤအန်လင်းသည် မသိသားဆိုးရွားသော တိုင်ကွန်း တစ်ယောက်ဖြစ်ခဲ့မည်ဆိုလျှင် သူသည်ရှေးဟောင်းပစ္စည်း သုံးဆယ့်ငါး ခုလုံးအား တစ်ခုချင်းစီ သန့်စင်ရန်ကြိုးစား ပေလိမ့်မည်။ သူသာထိုသို့ လုပ်ခဲ့လျှင် ရွှေဘုံစံကျောင်း၏ဝင်ငွေသည် စိတ်ဝိညာဉ်ကျောက်တုံး သုံးသိန်း ငါးသောင်းခန့်ရရှိပေလိမ့်မည်။ ထို့အပြင် သူသည်လည်း သုံးသောင်းငါးထောင်ခန့်ရှိသော စိတ်ဝိညာဉ် ကျောက်တုံးများကို အကျိုးဆောင်ခ ရရှိနိုင်ပေသည်။ လျှိုဟော်သည် ထိုအကြောင်းကို စဉ်းစားရင်းဖြင့် စိတ်ရွှင်လန်း နေခဲ့သည်။

“အန်လင်း တစ်ခါနှစ်ခါလောက်ပဲ လုပ်ကြည့်နော် နင်ပိုက်ဆံသိပ်မဖြုန်းနဲ့” စုရှောင်လန်သည် အန်လင်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်မှာကို စိုးရိမ်နေသောကြောင့် သတိပေးလိုက်သည်။

"စိတ်မပူပါနဲ့။ ပထမတော့ နည်းနည်းခက်မှာပေါ့" အန်လင်းသည်ခေါင်းတညိတ်ညိတ်နှင့် ဦးလေးကျုံးအား ချီကျောက်တုံးတစ်တုံးပေးလိုက်ပြီးဝဲပျံနေသောရှေးဟောင်းပစ္စည်းများဆီ သွားလိုက်သည်။

ရှေးဟောင်းကျောက်သားပလ္လင်ပေါ်မှ ရှေးဟောင်းပစ္စည်းများကို စမ်းသပ်သူမှာ အန်လင်းအပါအဝင် သုံးဦးသာ ရှိသည်။ ယန်မုန့်အပြင် ခရမ်းရောင်သားမွှေးအင်္ကျီ ၀တ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက် လည်းရှိသည်။ သူသည်လေထဲတွင် ပျံသန်းနေသည့် ရှေးဟောင်းပစ္စည်းများကို အသေအချာစစ်ဆေးနေခဲ့သည်။ အန်လင်းသည် အဖြူရောင်အလင်းများကိုဖြတ်ပြီး အတွင်းရှိရှေးဟောင်းပစ္စည်းများကိုကြည့်နေသည်။ ပထမဆုံး ပစ္စည်းမှာ ရှေးဟောင်းစာအုပ်တစ်အုပ်ဖြစ်သည်။

ခေတ္တမျှ စဉ်းစားလိုက်သည် ။ ဗဟုသုတများသည်ဘဝကို ပြောင်းလဲသွားစေနိုင်သော်လည်း၊ စာအုပ် အတွင်းရှိ ရှေးဟောင်းစာများ၊ စကားဝှက်များကို သူနားလည်နိုင်ခြင်းမရှိပါက အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်သူ ထိုရှေးဟောင်းပစ္စည်းကို လျစ်လျူရှုလိုက်သည်။

ဒုတိယပစ္စည်းကို ကြည့်လိုက်သည်။ ထိုအရာမှာ ရှေးဟောင်းဓါးတစ်ချောင်း ဖြစ်သည်။

ဟမ်.. ငါ့မှာ ဓါးရှိပြီးသားပဲဟာ... နောက်တစ်ခု...။

တတိယပစ္စည်း...စတုတ္ထပစ္စည်း...

တစ်ခုပြီးတစ်ခု ကြည့်လိုက်ပြီး တစ်ခုပြီးတစ်ခုကျော်သွားခဲ့သည်။ သူ့စိတ်ကို လှုပ်ရှားရိုက်ခတ်စေသော ရှေးဟောင်းပစ္စည်းကိုသာ စတင် ရွေးခြယ်ချင်သည်။ မြင်မြင်ချင်းအချစ်ကပဲ ပြီးပြည့်စုံသောစတင်ခြင်းကို ဖြစ်ပေါ်စေနိုင်သည် မဟုတ်လား။

ထိုသို့ဖြင့် သူသည်မိုးပြာရောင် ကျောက်စိမ်းဆွဲပြားတစ်ခုကိုတွေ့လိုက်ရသည်။

၎င်းသည်နှစ်ပေါင်း သောင်းချီ ဖြတ်သန်းခဲ့ပြီးပုံပေါ်သော်လည်း အိပ်မက်ဆန်သောတောက်ပမှုများ ရောင်ပြန်ဟပ်ပြီးတလက်လက် တောက်ပ နေသည်။

ထိုဆွဲပြားကိုမြင်ရခြင်းသည် ကြီးမားသောသမုဒ္ဒရာကို တွေ့မြင်သကဲ့သို့ခံစားမိလာစေသည်။

အန်လင်းသည်  ကျောက်စိမ်းဆွဲအားညွှန်ပြပြီး ကျယ်လောင်စွာအော်ပြောလိုက်သည်။ “ဦးလေးကျုံး ဒီရှေးဟောင်းပစ္စည်းကို သန့်စင်ချင်တယ်”

တစ်ချိန်တည်းမှာပင် ဆွဲဆောင်နိုင်သောအသံတစ်သံကိုကြားလိုက်ရသည်။ “ဦးလေးကျုံး ဒီရှေးဟောင်းပစ္စည်းကို သန့်စင်ချင်တယ်”

အန်လင်းအနည်းငယ် စိတ်ရှုပ်သွားသည်။ သူဘေးကိုကြည့်လိုက်သောအခါ သူ့လိုပင် စိတ်ရှုပ်ထွေးနေသော ယန်မုန့်ကို တွေ့လိုက်ရသည်။

အန်လင်းသည် လူကြီးလူကောင်းဆန်သူဖြစ်ရာ အမျိုးသမီးကို ဦးစားပေးသောအားဖြင့် လျင်မြန်စွာ တုန့်ပြန် လိုက်သည်။  သူအလျင်အမြန်ပြောလိုက်သည်။ “ဦးလေးကျုံး ကျွန်တော်အရင်ဆုံးပြောတာနော် ”

"ဦးလေးကျုံး ကျွန်မက အရင်ဆုံးပြောလိုက်တာ" ထိုမိန်းကလေးရဲ့အသံသည် တစ်ချိန်တည်းမှာ တူညီစွာထွက်ပေါ်လာသည်။

ဦးလေးကျုံး -“ …”

သူတို့နှစ်ဦးလုံးစိတ်ရှုပ်သွားပြန်ကြသည်။ သူတို့နှစ်ဦး တစ်ယောက်နှင့်တစ်ယောက် မီးပွင့်မတတ် ကြည့်လိုက် ကြသည်။

သူတို့နှစ်ယောက်သည်တစ်ဦး နှင့်တစ်ဦး ထိပ်တိုက်တွေ့နေကြသည်ကို လျှိုဟော် နှင့် ဟေးမူတို့ နှစ်‌ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ လူတွေဟာသူတို့ကို ပိုက်ဆံလက်ဆောင်ပေးဖို့ရန်အတွက် ထိပ်တိုက် တိုက်ပွဲဝင်ကြသည့် ရက်တစ်ရက်ရှိလာမယ်လို့ သူတို့ဘယ်တုန်းကမှ မတွေးမိခဲ့ကြချေ။

ယန်မုန့်က ရင်ကိုကော့ပြီးသရော်တော်တော်အပြုံးဖြင့်မေးလိုက်သည်။ “နင်ဘယ်သူလဲ  နင်က... '' အရင်လာတဲ့သူကို ဦးစားပေးရမယ်'' ဆိုတဲ့စည်းကမ်းလေးကိုတောင် နားမလည် ဘူးလား ငါဒီမှာရွေးနေတာ ကြာလှပြီ  နင်ကအခုမှ ဒီကိုရောက်တာလေ ငါ့ကိုလေးစားသမှုနဲ့ ဦးစားပေး ရွေးခိုင်းသင့် တာပေါ့”

“ဟမ့်... မင်းပြောတာမှန်တယ် မင်းကိုအရင်လုပ်ခိုင်းလိုက်မယ် ဘယ်လိုပဲလုပ်လုပ် မင်းဒါကိုလုပ်နိုင်မှာမှ မဟုတ်တာ" တစ်စုံတစ်ရာကို စဉ်းစားမိပြီးနောက် အန်လင်းသည် ဧကရာဇ်မိသားစု၏ မင်းသမီးနှင့် ဆန့်ကျင် ခြင်းသည် အဓိပ္ပာယ်မရှိဟု ဆုံးဖြတ်လိုက်သည်။ သည်တစ်ကြိမ်တော့ သူ့ရဲ့မြင့်မြတ်လှသော ကြင်နာမှုနှင့် သည်းခံမှုကိုပြသရပေမည်။

“နင်…” ယန်မုန့် ယမ်းပုံမီးကျဖြစ်သွားသည်။ "ငါဒီကျောက်စိမ်းဆွဲပြားကို သေချာပေါက် ရကိုရရမယ် နင်နောင်တရဖို့သာပြင်ထားပေတော့" ဦးလေးကျုံးထံမှ အပြာရောင်ဆွဲပြားကို ယူလိုက်ပြီး ယန်မုန့်ဒေါသတကြီးအော်ဟစ်လိုက်သည်။

ထို့နောက် သူမသည် နူးညံ့သိမ်မွေ့စွာတစ်နည်း၊ အင်အားသုံးကာတစ်ဖုံ၊ မန္တန်ရွတ်ဖတ်ခြင်းတစ်မျိုး၊ စွမ်းအား သုံးခြင်း တစ်သွယ်စသဖြင့် ရှိသမျှနည်းလမ်းပေါင်းစုံဖြင့် ကျောက်စိမ်းဆွဲပြားအား သန့်စင်ရန် ကြိုးစားလေ တော့သည်။  အန်လင်းတစ်ယောက် အံ့အားသင့်သွားသည်။

သောက်ကျိုးနည်း အမြင်ပွင့်ပါပေတယ်...ဒါပေမယ့် သူမကြိုးစားပမ်းစားလုပ်သမျှအားလုံးက သဲထဲရေသွန် ဖြစ်ကုန်တာပဲ

အချိန်တွေကုန်လွန်သွားသော်လည်း အပြာရောင်ကျောက်စိမ်းဆွဲပြားမှာ အပြောင်းအလဲမရှိ တည်ရှိနေဆဲသာ ဖြစ်သည်။ မည်သည့်နည်းလမ်းအပေါ်တွင်မှ တုံ့ပြန်မှုလုံးဝမရှိခဲ့။ ယန်မုန့်သည် စိတ်ပျက်လက်ပျက်ဖြင့် ကျောက်စိမ်းဆွဲပြားအား ပြန်ပေးလိုက်သည်။

"ဟားဟား...ငါ့အလှည့်ရောက်ပြီ"

အန်လင်းသည် ကျောက်စိမ်းဆွဲပြားကို စိတ်အားထက်သန်စွာ ကောက်ယူလိုက်သည်။ ယန်မုန့်သည် အန်လင်းအား ကြည့်ပြီးလှောင်ရယ်လိုက်သည်။

“ဘာလို့ဒီလောက်စိတ်လှုပ်ရှားနေရတာလဲ  ငါတောင်အဲဒါကို မသန့်စင်နိုင်ပါဘူးဆို နင်က ဘယ်လိုလုပ်ပြီး သန့်စင်နိုင်မှာလဲ အိပ်မက်မက်မနေနဲ့”

အန်လင်းသည် ထိုဘဝင်ရူးမကို လျစ်လျူရှုလိုက်ပြီး ကျောက်စိမ်းပြားကို ကိုင်ကာသေချာလေ့လာလိုက်သည်။

သူသည်ရိုးရိုးသန့်စင်ခြင်းနည်းလမ်းဖြင့် ပထမဆုံးကြိုးစားကြည့်လိုက်သည်။  ဘာမှမဖြစ်တာ အသေအချာ...

ယန်မုန့်ကြည့်ပြီးရယ်လိုက်သည်။

သူမသည် အခြားရှေးဟောင်းပစ္စည်းများကို မကြည့်ရှုတော့ဘဲ ထိုနေရာတွင်ဆက်လက်နေပြီး အန်လင်း ရုန်းကန် ကြိုးစားနေသည်ကို စောင့်ကြည့်နေသည်။

နတ်ဘုရားစစ်ဆေးခြင်းနည်းစနစ်!

အန်လင်း၏မျက်လုံးများသည် နှင်းကဲ့သို့အဖြူရောင်ပြောင်းလာသည်။ သူ၏လက်ချောင်းများသည် ကျောက်စိမ်း ဆွဲပြားအား ထိထားပြီး သူ၏စိတ်ထဲတွင်သတင်းအချက်အလက်များ ထွက်ပေါ်လာသည်။

“သမုဒ္ဒရာ၏နှလုံးသား...အနောက်ပင်လယ် ဘုန်းတော်ကြီး အိုက်ရယ်၏ စိတ်နှလုံးမှသန့်စင်ခဲ့သည်။ ထိုအရာသည် အနောက်ပင်လယ်မှ သားရဲများကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ ၎င်း၏အားနည်းချက်မှာ အချိန်များစွာ ကြာမြင့်လာသဖြင့် စိတ်ဝိညာဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ၎င်း၏စွမ်းအင် လည်ပတ်မှုသည်လည်း ပိတ်ဆို့ကာခန်းခြောက်နေသည်။ သန့်စင်ရန်အတွက် လူတစ်ဦး၏ သွေးအဆီအနှစ်သာလိုအပ်သည်။ အားနည်းချက်များကိုပြုပြင်ရန်အတွက် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံခြင်း နည်းစနစ်ဖြင့် ရေဒြပ်စင် ကိုအသက်ဝင်စေရန်လိုအပ်သည်။”

"သတင်းအချက်အချက်အလက်တွေက အသေးစိတ်ကျလွန်းတယ်”  အန်လင်း တုန်လှုပ်သွားသည်။

ဒါကတစ်ခုခုကို အရသာရှိတယ်နဲ့ ရွံ့စရာကောင်းတယ်လောက်ပဲ မှတ်ချက်ပေးတတ်တဲ့ သောက်ကျိုးနည်း နတ်ဘုရား စစ်ဆေးခြင်း နည်းစနစ်ကြီးနဲ့ အတူတူပဲလားဟ ဘယ်အချိန်မှစပြီး နတ်ဘုရား စစ်ဆေးခြင်း နည်းစနစ်က ဒီလိုယုံကြည်စရာကောင်းသွားတာလဲဟ...

သူအံ့အားသင့်မှုကို မြိုသိပ်လိုက်ပြီး သူ့လက်ချောင်းထိပ်ကို ကိုက်ကာ ကျောက်စိမ်းဆွဲပြားပေါ်သို့ သွေးတစ်စက် ချလိုက်သည်။ တစ်ချိန်တည်းတွင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံခြင်း နည်းစနစ်ဖြင့် ရေစွမ်းအားကို အသက်သွင်းလိုက်သည်။

ယန်မုန့်သည် အန်လင်း၏ လုပ်ရပ်ကိုမြင်သောအခါ အနည်းငယ်တွေဝေသွားပြီး လှောင်ပြောင်ကာ ပြောလိုက် သည်။

“ဟားဟား သွေးအဆီအနှစ်နဲ့သန့်စင်ရအောင်  စိတ်ဝိညာဉ်သားရဲချုပ်ဆိုနေတယ်များ ထင်နေလား ဘယ်လို တောင် မစဉ်းစားတတ်တာလဲ မရှက်တတ်ဘူးလား "

သို့သော်ယန်မုန့် ထိုသို့ပြောနေချိန်မှာပင်  အန်လင်း၏လက်ထဲရှိ ကျောက်စိမ်းဆွဲပြားမှ တောက်ပသော အပြာရောင် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းတွင် ရှေးကျသောအရှိန်အဝါများ ဖြာထွက် နေပြီး အတိုင်းအဆမဲ့သော သမုဒ္ဒရာ၏အော်ရာများက လေထုထဲတွင် ပျံ့နှံ့သွားသည်။ သူ့လက်ထဲရှိ ကျောက်စိမ်း ဆွဲပြားသည် သူနှင့်ထူးဆန်းသည့် ဆက်နွယ်မှုတစ်ခုရှိနေပြီ ဖြစ်ကြောင်းအန်လင်း တွေ့ရှိခဲ့သည်။ သူတို့သည် စိတ်ခံစားချက်ခြင်း ချိတ်ဆက်သွားခြင်းဖြစ်ပြီး ကျောက်စိမ်းဆွဲပြားသည် သူ့အား ပိုင်ရှင်အဖြစ် ရွေးချယ်လိုက်ပြီ ဖြစ်သည်။

ယန်မုန့် ထိတ်လန့်ကာမျက်လုံးပြူးသွားသည်။ ကဲ့ရဲ့လှောင်ပြောင်နေသောသူမ၏ပါးစပ်သည် ပန်းသီးတစ်လုံး ဝင်နိုင်လောက်သည်အထိပင် ဟပြဲသွားသည်။ ဟဲမူ၊  လျှိုဟော်နှင့် ဟွမ်ရှစ်တို့လည်း ကြက်သေသေသွားသည်။ သူတို့သည် အန်လင်းလက်ထဲတွင်ရှိသော ကျောက်စိမ်းဆွဲပြားအားငေးစိုက်ကြည့်နေကြသည်။

“ဘာတွေဖြစ်ကုန်တာလဲဟ” ဦးလေးကျုံး မျက်ရည်ဝဲသွားကာ ထိုမြင်ကွင်းကို ကြည့်နေရင်း သူ့ခန္ဓာကိုယ်က တုန်ခါလာသည်။

“ဒင်…လင်..”

ကျောက်စိမ်းဆွဲပြားသည် ထင်ရှားစွာ လှုပ်ခတ်သွားသည်။ ၎င်းသည် ရွှင်လန်းတက်ကြွနေပုံပေါ်သည်။ ဆွဲပြားသည် အန်လင်း၏ ပတ်၀န်းကျင်တွင် ပျော်ရွှင်စွာ လှည့်ပတ်နေပြီး နောက်ဆုံးတွင် အန်လင်း၏ လက်ဖဝါး ပေါ်သို့ ကျဆင်းသွားသည်။ ထိုအရာကို မြင်သူတိုင်း  မည်မျှပင်တုံးအသူဖြစ်စေကာမူ ကျောက်စိမ်းဆွဲပြားသည် ၎င်း၏ပိုင်ရှင်အားရွေးချယ်သွားခဲ့ပြီဖြစ်ကြောင်းပြောနိုင်ပေလိမ့်မည်။

***

All Chapters