ဘဝင်ခိုက်နေကြသောရှေးဟောင်းပစ္စည်းများ
Vol. 18 Ch. 243
အပြာရောင်ကျောက်စိမ်းဆွဲပြားသည် အန်လင်းလက်ဝါးထဲသို့ ပြန်လည်ပျံသန်းလာပြီး အေးမြလန်းဆန်းစေသော ခံစားမှုကို စတင်ထုတ်လွှတ်သည်။
“သမုဒ္ဒရာရဲ့နှလုံးသား ငါအောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့ပြီ” အန်လင်းကပြုံးပြီးပြောသည်။ "ဒါဆိုရင်အခုဒါကိုငါပိုင်သွားပြီပေါ့" ယန်မုန့်သည် သူမ၏ပါးစပ်ကိုလက်ဖြင့်အုပ်ထားကာ အံ့ဩမဆုံး ဖြစ်နေဆဲ ဖြစ်သည်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”သူမနားမလည်နိုင်အောင်ဖြစ်နေသည်။ ဟေးမူ၊ လျှိုဟောင်၊ ဟွမ်ရှစ်တို့သည်လည်း ထိတ်လန့်တုန်လှုပ်မှုများမပြေပျောက်သေးပေ။ ထိုအရာသည် အလွန်ထိတ်လန့်စရာကောင်းသည်။ အထူးသဖြင့် သူတို့လို ရှေးဟောင်းပစ္စည်းများ၏ နောက်ကွယ်မှ သမိုင်းကြောင်းများကို သိထားသူများအဖို့ ဖြစ်သည်။ နှစ်ပေါင်း ရာချီအတွင်း ရှေးဟောင်း ပစ္စည်းတစ်ခုမျှ ပိုင်ရှင်ကို မရွေးချယ်ခဲ့ကြောင်းသူတို့သိထားကြသည်။ ယခုရှေးဟောင်း ပစ္စည်းတစ်ခုက ဦးဆုံးအနေဖြင့် ပိုင်ရှင်တစ်ယောက်ကို ရွေးလိုက်ပြီဖြစ်သည်။ သူတို့မည်သို့ ဆက်လုပ်သင့် ပါသနည်း။
ထိုအတောအတွင်း စုရှောင်လန်သည် တည်ငြိမ်အေးဆေးလျက်ရှိသည်။ သူမသည် အန်လင်းနှင့် အချိန်ကြာမြင့်စွာ ဖြတ်သန်းလာပြီးနောက်တွင် သူမနားမလည်သောအရာများကို မသိသလိုသာနေလိုက်တော့သည်။ သူမသည် ခံနိုင်ရည်ရှိသောစိတ်ကို မွေးမြူနိုင်ခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပိုမိုနေသားကျလာခဲ့သည်။
"ဒါကပိုင်ရှင်တစ်ယောက်ကိုရွေးလိုက်တယ် တကယ်ကြီးပိုင်ရှင်ကိုရွေးလိုက်တယ်ပေါ့ ... "
ဦးလေးကျုံးသည် အနည်းငယ်တုန်ရီနေပြီး အန်လင်းဆီသို့ လျှောက်လာသည်။ တလက်လက်တောက်ပနေသော ကျောက်စိမ်းဆွဲပြားအားကြည့်လိုက်ပြီး သူ့မျက်လုံးများ အနည်းငယ်နီလာသည်။ သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခုပေါ်လာသည်။
“ ဒါကိုကောင်းကောင်းတန်ဖိုးထားပါ…”
"စိတ်ချပါ တန်ဖိုးထားပါ့မယ်" အန်လင်း ခေါင်းညိတ်ပြလိုက်ပြီး အပြာရောင် ကျောက်စိမ်းဆွဲပြားအား သူ၏သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။
"နင်တကယ်ကြီးအောင်မြင်သွားတယ်။ ဘယ်လိုလုပ်လိုက်တာလဲ" ယန်မုန့်သည် အံ့အားသင့်နေဆဲ မျက်နှာဖြင့် အန်လင်းကိုကြည့်ကာ မေးလိုက်သည်။
"ဒါကတိုက်ဆိုင်သွားတာပါ" အန်လင်းကရယ်ပြီး ပြောလိုက်သည်။
“ငါကရှေးဟောင်းပစ္စည်းကို သားရဲတစ်ကောင်လိုသဘောထားပြီး စိတ်ဝိညာဉ်သားရဲချုပ်ဆိုလိုက်တာ အဲဒါပဲ လေ...”
“နင်…” ယန်မုန့်ဒေါသထွက်လွန်းပြီးရင်ဘတ်ထဲတွင်တင်းကြပ်လာသည်။ သူမ၏ပင်ကို ကြီးမားသော ရင်ဘတ် သည် ယခုအခါတွင် ပိုမိုမို့မောက်လာသည်။
အန်လင်းသည် သူမကိုဂရုမစိုက်ဘဲ ဦးလေးကျုံးကို ချီကျောက်တုံးတစ်တုံးပေးလိုက်ပြီး ရှေးဟောင်းပစ္စည်းများကို ဆက်လက်လေ့လာလိုက်သည်။
"ဟေ့ နင်ဆက်ရွေးဦးမလို့လား" ယန်မုန့်ဒေါသတကြီးအော်ဟစ်လိုက်သည်။ "တစ်ခါလောက် တိုက်ဆိုင်ပြီး ကံကောင်းသွားတာကို ရှေ့ဆက်ပြီးကံကောင်းဦးမယ်ထင်နေတာလား"
အန်လင်းသည် အာချောင်လှသော ထိုမိန်းမကိုလျစ်လျူရှုလိုက်သည်။ မကြာမီအချိန်တွင် သူသည်အလွန် ဆန်းပြားလှပသောစာလိပ်တစ်ခုကိုရွေးယူလိုက်သည်။ ထိုစာလိပ်ကို အနုစိတ်လှသော ယန္တရားတစ်ခုဖြင့် ကာကွယ်ထားပြီး အကာအကွယ်အတွင်း၌ထူးခြားသောအရာများရှိနေနိုင်သည်။
နတ်ဘုရားစစ်ဆေးခြင်းနည်းစနစ်!
“ဆောင်းနဂါးသင်္ချိုင်းမြေပုံ တောင်ပံနဂါးရှန်းယင်၏ သင်္ချိုင်းတည်နေရာကို ဤမြေပုံတွင် မှတ်တမ်းတင်ထား သည်။ စာလိပ်ကို ပြင်းပြသောစိတ်ခံစားမှုများကသာ နှိုးထလာစေနိုင်သည်။ အချစ်သီချင်းကို သီဆိုခြင်းဖြင့် ဤစာလိပ်၏စိတ်ဝိညာဉ်ကိုနိုးထစေနိုင်သည်။”
အန်လင်းအံ့အားသင့်သွားပြန်သည်။
သီချင်းတစ်ပုဒ်ဆိုပြီးတော့ဒါကိုသန့်စင်ရမှာလား ဒီနည်းကအတော်ထူးဆန်းတာပဲဟ..
သူအတန်ငယ် တွန့်ဆုတ်နေပြီးနောက် ကိုးပြည်ထောင်နိုင်ငံတော်တွင် လေ့လာသင်ယူခဲ့သော အချစ်သီချင်းကို စတင်သီဆိုလိုက်သည်။ သူစာလိပ်ကိုသီချင်းဆိုပြချိန်တွင် နူးညံ့ပြီး ချစ်ခင်ကြင်နာသည့်လေသံကို မမေ့မလျော့ ထည့်ဆိုလိုက်သည်။
မိုးရေထဲမှာပဲ.... မင်းကိုလွမ်းနေဆဲ... မင်းမရှိတဲ့နေ့ရက်တွေခြောက်ကပ်ကာသွား... မင်းမိဘရဲ့စကားတွေကို ကြောက်တတ်တာလား.... ဖရူ... ဖရူ .. ဖရူ့ ဖရူ...
ရုတ်တရက်သီချင်းထဆိုသော အန်လင်း၏အသံကြောင့် ရှိနေကြသူများသည် ထပ်မံလန့်ဖြတ်သွားကြသည်။
သူတို့အားလုံးသည် ခံစားချက်အပြည့်ဖြင့်သီချင်းဆိုနေသည့်အန်လင်းအားကြည့်ကာ စိတ်ရှုပ်ထွေးသွား ကြသည်။
ဒီသောက်ရူးကောင်က ဘာကိစ္စသီချင်းထဆိုရတာလဲဟ
သူတို့ဘာမှမပြောနိုင်သေးခင် စာလိပ်ပေါ်ရှိ ယန္တရားမှခလုတ်ပွင့်သည့် တီးတိုးသံများ ထွက်ပေါ်လာသည်။ ထိုနောက်တွင်မူ စာလိပ်သည် အန်လင်းဖွင့်စရာမလိုဘဲ သူ့အလိုလို ဖြည်းဖြည်းချင်း ဖွင့်လှစ်လာသည်။ ဖြည်းဖြည်းချင်းပွင့်လာပြီးနောက် စာလိပ်သည် ချစ်ခင်နှစ်လိုသည့်ဟန်ဖြင့် အန်လင်းထံသို့ ခုန်ပေါက်သွား လေသည်။
ယန်မုန့် နောက်တစ်ခါ ထပ်ပြီးမျက်လုံးပြူးသွားပြန်သည်။ ဟေးမူ၊ လျှိုဟော်၊ ဟွမ်ရှစ် တို့သည် ပန်းနာရင်ကျပ် ရောဂါ ခံစားရသည့်သူများပမာ အသက်ရှုမြန်လာကြသည်။
သောက်ကျိုးတော့နည်းပြီ ဒီကောင်ကသီချင်းတစ်ပုဒ် ဆိုပြလိုက်ရုံနဲ့ ရှေးဟောင်းပစ္စည်းကို ပိုင်ရှင်အဖြစ် အသိအမှတ်ပြုအောင် လုပ်နိုင်တယ်ပေါ့ ဘယ်လိုငရဲမျိုးလဲဟ.. မဟားတရားကို လွှမ်းမိုးနိုင်စွမ်းရှိလွန်းပါတယ်ကွာ ဟုတ်ပြီလား
“ဟားဟား...ကျေးဇူးပဲ” အန်လင်းသည် ရယ်မောပြီးစာလိပ်ကို သူ၏သိုလှောင်လက်စွပ်ထဲသို့ထည့်လိုက်သည်။ သူသည် ချီကျောက်တုံးတစ်တုံးကို မဆိုင်းမတွထုတ်ယူပြီး ဦးလေးကျုံးကို ပေးလိုက်သည်။ရှေးဟောင်းပစ္စည်း တစ်ခုအတွက် စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းက တကယ်ကိုကောင်းမွန်သည်ဟု ခံစားနေရသည်။
သူဆက်လုပ်ဦးမလို့လား။ ဟေးမူနှင့် လျှိုဟော်တို့၏ အမြင်အာရုံများ မှောင်မိုက်သွားကာ တုန်လှုပ်ခြောက်ခြား သွားကြသည်။ သူတို့ကအန်လင်းသည် ငါးကြီးတစ်ကောင်ဖြစ်သည်ဟု ယူဆထားပြီး ငါးကြီးတစ်ကောင် အစာ လာဟပ်သည်ဟု ထင်ခဲ့ကြသည်။ အမှန်အားဖြင့် သူတို့သည်သာ ဝံပုလွေကိုသိုးအုပ်ထဲသို့ ဖိတ်ကြားခဲ့မိသည်ဟု မည်သူ ထင်မည် နည်း။ ဒီစောင်ဓါးပြကောင်...! ရှေးဟောင်းပစ္စည်းတစ်ခုကို ဝိညာဉ်ကျောက်တုံးတစ်သောင်း... ဒါကဓါးပြ တိုက်တာမဟုတ်ခဲ့ရင်ဘာလဲ....
ဓါးအိမ်ပါသောကြေးနီရောင်ဓါးမြှောင်တစ်ချောင်းကိုအန်လင်းကောက်ယူလိုက်သည်။ နတ်ဘုရားစစ်ဆေးခြင်း နည်းစနစ်ကို အသုံးပြုလိုက်ပြန်သည်။
“အောင်မြင်မှုကတိပြုဒိုင်းကာ... တာအိုသခင် စန်းကျွီမှ ဖုံးကွယ်ပြုလုပ်ထားသော အသက်ကယ်ဝတ်စုံ၊ အောင်ပွဲနှင့် ကတိသစ္စာများကို ရယူပြီး စုဆောင်းပေးနိုင်သည်။ အလွန်အစွမ်းထက်သော အကာအကွယ်စွမ်းရည် ကိုပိုင်ဆိုင်သည်။ အချိန်ကြာမြင့်စွာ အသုံးမပြုသဖြင့် ဖုန်မှုန့်များတင်ရှိနေသည်။ အန္တရာယ်တွေဝန်းရံနေတဲ့ ခံစားချက်ကိုမေ့လျော့သွားစေပြီး ငြိမ်းချမ်းခြင်း နှင့်ပျော်ရွှင်ခြင်းများကို ခံစားချက်တို့ရရှိစေပါသည်။ ရလဒ်မှာ.."
ဒါဆိုဒီဓားမြှောင်ကတိုက်ခိုက်ဖို့မဟုတ်ဘဲခုခံကာကွယ်ဖို့လုပ်ထားတာပေါ့လေ...
နတ်ဘုရားစစ်ဆေးခြင်းနည်းစနစ်မှ ရရှိသောသတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက် အန်လင်း၏ မျက်လုံးများဝင်းလက်သွားသည်။သူသည် ပြင်းထန်သည့်တိုက်ခိုက်လိုစိတ်ကို ထုတ်လွှင့်လိုက်ပြီး ဓားမြှောင်ကို လေထဲပစ်တင်ကာ မိစ္ဆာရှင်းဓားကို ဆွဲထုတ်ပြီး ဓားမြှောင်ကို ပြင်းပြင်းထန်ထန်ထိုးနှက်တိုက်ခိုက်လိုက်သည်။
"ရပ်လိုက်စမ်း! မင်းဘာလုပ်နေတာလဲ”
ယခုတစ်ကြိမ်တွင်တော့ ဦးလေးကျုံးပင်လျှင် ထိတ်လန့်တုန်လှုပ်သွားပြီး အန်လင်းကို အလန့်တကြား တားမြစ် လိုက်သည်။ ထိုအဖိုးတန်ရှေးဟောင်းပစ္စည်းများကို ထိုသို့ ရက်ရက်စက်စက်အကြမ်းပတမ်း လုပ်ရန် ခွင့်မပြု နိုင်ပေ။ အကယ်၍ မတော်တဆ ရှေးဟောင်းပစ္စည်းများ ပျက်စီးသွားလျှင် ဖြစ်လာမည့်အကျိုးဆက်များကို တာဝန်ယူ မည်နည်း။
“ သွားစမ်း!” သို့သော်အန်လင်းရဲ့ဓါးက ဓါးမြှောင်အပေါ်သို့ ခုတ်ဖြတ်ချလိုက်ပြီးဖြစ်သည်။
"ဒင်!" ကျောက်စိမ်းနှစ်ခု တိုက်မိသည့် အသံမျိုးထွက်ပေါ်လာပြီး ကျောက်စိမ်းပလ္လင်တစ်ဝိုက် ပဲ့တင်သံများ ဖြစ်ပေါ်လာသည်။ ဓါးမြှောင်တွင် စီမံရေးဆွဲထားခဲ့သော ရွှေရောင်အကာအကွယ် အသက်ဝင်လာပြီး၎င်းမှ ထည်ဝါအားကောင်းသည့်အော်ရာများထွက်ပေါ်နေသည်။ ထိုအရာများကိုမြင်သောအခါ အန်လင်းသည် ရပ်တံ့ ရမည့်အစား ပိုမိုလျင်မြန်စွာ ထိုးနှက်လိုက်ပြန်သည်။
“ဒင်..!ဒင်..!ဒင်..!” ဓားနှင့်ဓားမြှောင်ထိခတ်သည့် ကြည်လင်သောအသံသည် အဆက်မပြတ် ထွက်ပေါ်လာ သည်။ သူ၏ဓားသည်အဆက်မပြတ်လှုပ်ရှားနေသလို မီးပွှားလေးများလည်းတဖွါးဖွါးပျံ့လွှင့်နေသည်။
“ငါ့ကိုပိုင်ရှင်အဖြစ်အသိအမှတ်ပြုမလား မပြုဘူးလား ငါ့ကိုပိုင်ရှင်အဖြစ် အသိအမှတ်မပြုဘူးဆိုရင် မင်းကို သေတဲ့အထိ ရိုက်ပစ်မယ်ကွ”
အန်လင်းသည် ကျယ်လောင်စွာ အော်ဟစ်မေးမြန်းရင်း ဓားမြှောင်ကို ရက်ရက်စက်စက် ဆက်လက် တိုက်ခိုက် နေသည်။ ယန်မုန့်၊ ဟေးမူ နှင့်အခြားသူများအားလုံးသည် အန်လင်း အမှန်တကယ်ရူးသွပ်သွားပြီလို့ ခံစားကြရကာ မယုံကြည်နိုင်သည့် မျက်လုံးပြူးများဖြင့် ကြည့်နေမိကြသည်။
ဦးလေးကျုံးသည် အန်လင်း၏ကြမ်းတမ်းသည့်အပြုအမူများကို တားမြစ်ရန်အသည်းအသန်ကြိုးစားလိုက်သည်။
ထိုအချိန်အတွင်းမှာပင် ဓားမြှောင်သည် ရုတ်တရက်သူ့အလိုလို ဓါးအိမ်မှထွက်လာပြီး ရွှေရောင်အလင်းတန်းများ တောက်ပစွာ ဖြာထွက်လာကာ ရွှေရောင်အမှုန်များသည် အန်လင်းဆီသို့ တဟုန်ထိုးဝင်သွားသည်။
"သတိထား" ထိုအရာသည် စုရှောင်လန်ကိုပင် ထိတ်လန့်လှုပ်ရှားသွားစေသည် ။
ထိုအချိန်တွင် တစ်စုံတစ်ရာကို အာရုံခံမိသွားသော အန်လင်းသည် လက်နှစ်ချောင်းထောင်ကာ ဓါးသွားကို ဖမ်းယူလိုက်သည်။
“ခရက်!”
“မင်းကတော်တော်စည်းကမ်းမဲ့တဲ့ကောင်ပဲ ပြန်သွားစမ်း” အန်လင်းသည် ဓားမြှောင်ကို တံတွေးဖြင့်ထွေးကာ ပြောလိုက်သည်။ ဓားမြှောင်သည်နာခံစွာ“ခေါင်းညိတ်”ပြီး ဓါးအိမ်သို့ ပြန်ဝင်သွားပြီး အန်လင်းအနီးတွင် ရွှင်မြူးစွာ လှည့်ပတ် နေသည်။
ဦးလေးကျုံး : “……”
ဟေးမူ: “……”
လျှိုဟော်:“……”
စုရှောင်လန်:“……”
ယန်မုန့်၏ကိုယ်ခန္ဓာသည်အံ့ဩမှုကြောင့်တုန်လှုပ်နေသော်လည်း ဦးနှောက်က လက်မခံနိုင်ဖြစ်နေသည်။ "ဒါတွေက ပုံရိပ်ယောင်တွေ... အတုအယောင်တွေ... "
“ဘုရားရေ... လက်နက်တွေကို ဒီလိုမျိုးတကယ်ကြီးသန့်စင်နိုင်တာလား ငါများအမြင်မှားနေတာလား ငါဘာတွေမြင်နေရတာလဲ” ဟွမ်ရှစ်သည် သူ့မျက်နှာသူ ကုပ်ဆွဲနေမိသည်။
အန်လင်းသည်သူတို့၏ခံစားချက်များကိုသတိမပြုမိဘဲ လက်နက်တွေကို သိမ်းလိုက်ပြီး ချီကျောက်တုံးတစ်တုံးကို ထုတ်ယူကာ ဦးလေးကျုံးကို ပေးလိုက်သည်။ သူနောက်တစ်ခုရွေးဖို့ အသင့်ဖြစ်နေချေပြီ။ ဦးလေးကျုံးသည် ရှေ့တွင်ရှိသောချီကျောက်တုံးကို စိုက်ကြည့်နေမိသည်။ သူ့နှလုံးသားလေးမှာမူ အကြောက်တရားများဖြင့် တုန်ရီနေလေပြီ။
သူ့ရှေ့တွင်ရပ်နေသော ထိုငနဲကောင်သည် ရှေးဟောင်းပစ္စည်းများကို ထူးခြားသောနည်းအမျိုးမျိုးအသုံးပြုပြီး သန့်စင်ခဲ့ကာ ရှေးဟောင်းပစ္စည်းများကလည်း သူနည်းလမ်းများအား မလွန်ဆန်နိုင်ကြပေ။ ဒါက အရမ်းကြောက်စရာကောင်းလွန်းတယ်မလား!
ရှေးဟောင်းပစ္စည်းများအဖို့ နေ့သစ်များကို ပြန်လည်ဖြတ်သန်းရမည့်အဖြစ်မှာ ကောင်းမွန်သော အကြောင်း ချင်းရာဖြစ်သော်လည်း ထိုငနဲကောင်သာ ထိုသို့ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ရွှေဘုံစံကျောင်းမှာ အမှန်ပင် ဒေဝါလီခံရပေလိမ့်မည်…
ဦးလေးကျုံးသည် အန်လင်းအား ချီကျောက်တုံးကို မည်သို့အကြောင်းပြပြီး ပြန်ပေးရမည်ကို စဉ်းစားနေချိန်တွင်
လေထုသည် ကြောက်မက်ဖွယ်ပြောင်းလဲလာနေသည်။ ချက်ချင်းဆိုသလိုပင် ကျန်ရှိနေသေးသော ရှေးဟောင်း ပစ္စည်း သုံးဆယ့်နှစ်ခုသည် အစွမ်းထက်သော စွမ်းအားများကို ထုတ်ဖေါ်လာကြရာ ရှေးဟောင်းပစ္စည်းများ၏ ရှေးဆန်သောစွမ်းအင်နှင့် စိတ်စွမ်းအားများသည် ကျောက်ပလ္လင်တစ်လျှောက်တွင် ပျံ့နှံ့သွားသည်။
ထိုရှိသမျှလူတိုင်း၏စိတ်ထဲတွင် ထိုအရာများ၏ရည်ရွယ်ချက်ကို ပြောစရာမလိုဘဲ အလိုလိုနားလည်နေကြသည်။
ဒါပေါ့... ရှိသမျှလူတိုင်းက သူတို့ဘာဖြစ်ချင်နေကြတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းနားလည်ကြတာပေါ့
ရည်ရွယ်ချက်က ရိုးရိုးလေးပဲ....
အဲဒါကတော့: “ငါ့ကိုရွေးပါ...ငါ့ကိုရွေးပါ...ငါ့ကိုရွေးပါ”
ထိုအရာသည်လူတိုင်းကိုကြက်သေသေသွားစေသည်။ သူတို့အားလုံးသာမက ရုတ်ရုတ်သဲသဲဖြစ်စဉ်များ ဖြစ်နေသည်ကို အာရုံခံမိပြီး အလျင်အမြန်ရောက်လာခဲ့သော ရွှေဘုံစံကျောင်းသခင်သည်လည်း အံ့အားသင့်ကာ ဆွံ့အသွားသည်။
…
သူတို့၏ဖုန်တက်နေသော စိတ်ဝိညာဉ်အပေါင်းအဖော်များကို အန်လင်းက ပစ္စည်းတစ်ခုချင်းစီတိုင်း၏ ဆန္ဒရှိသည့် နည်းလမ်းအတိုင်း သန့်စင်ခံရပြီးခေါ်ဆောင်သွားသည်ကို မြင်ရပြီးနောက်တွင်…
ထိုရှေးဟောင်းပစ္စည်းများ၏ စိတ်ကျေနပ်မှုများမြင့်တက်လာပြီး နောက်ဆုံးတွင်မူ အထိပ်အထိပ်သို့ရောက်ရှိ သွားပြီဖြစ်သည်။
၎င်းတို့သည် အလွန်အမင်းစိတ်လှုပ်ရှားပျော်ရွှင်မှုများကို အရိုးရှင်းဆုံးဖေါ်ပြနေကြသည်....
"ငါ့ကိုရွေးပါ! ငါ့ကိုရွေးပါ! ငါ့ကိုရွေးပါ!"
ဟေးမူနှင့် လျှိုဟော်တို့၏ခန္ဓာကိုယ်များသည် ထိန်းချုပ်မရအောင်တုန်ရီနေကြပြီး အန်လင်းကို စိုက်ကြည့်နေ မိကြသည်။ မည်သို့သောလူမျိုးကိုသူတို့ဖိတ်ခဲ့မိပါသနည်း။ ထိုသို့သာဆက်ဖြစ်နေပါက ရွှေဘုံစံကျောင်း၏ ငွေရှာပေးသည့်လာဘ်ကောင်လေးများကို အန်လင်းသိမ်းကြုံးယူသွားပေတော့မည်။
ရွှေဘုံစံကျောင်းပင် ပြိုလဲသွားနိုင်မလားဆိုတာ ဘယ်သူသိနိုင်မည်နည်း။ သို့သော် ထိုသို့ ဖြစ်လာနိုင်သည်ကို သူတို့ အသေအချာသိနေပေသည်။
***