နောက်ကွယ်မှလူ
Vol. 138 Ch. 1926
ဝေ့မျိုးနွယ်သည် ဤကိစ္စတွင် ပါဝင်နေသော်လည်း ဝိညာဉ်မျိုးနွယ် အကြောင်းမသိထားသည်ကို သိထားသဖြင့် အစီအစဉ်ကို ဆွေးနွေးချိန်တွင် ဟွားမျိုးနွယ်နှင့် အန်းရှီတို့သည် သူတို့ကို ထိုအစီအစဉ်တွင် ထည့်မစဉ်းစားထားပေ။
ဟွားမျိုးနွယ်အတွက် ဤကိစ္စသည် ကြီးမားသောပြဿနာဟု ခံစားမိနိုင် သော်လည်း မြို့စားအိမ်တော်၏ လုပ်ပိုင်ခွင့်နှင့်ဆိုလျှင် ဝေ့မျိုးနွယ်သည် ဘာမှ မဟုတ်ပေ။
ရှီမာယူယူနှင့် မိုယွိတို့သည် သူတို့အစီအစဉ်များ ဆွဲနေသည်ကို နားထောင်နေသည်။ မြို့စားအိမ်တော် ပါဝင်လာသောအခါ ကိစ္စများမှာ ပို၍ လွယ်ကူလာသည်။ ရှီမာယူယူနှင့် မိုယွိတို့သည် ဆွေးနွေးမှုပြီးသည်အထိစောင့် ပြီး ယာယီနေထိုင်သည် ခြံဝန်းသို့ ပြန်လာခဲ့လိုက်ကြသည်။
“ဘယ်လိုလဲ”
ရှီမာယူယူသည် သူတို့စီစဉ်ထားသည်များကို ပြန်ပြောပြလိုက်သည်။
“အနောက်ဖျားဒေသမြို့စား ဝင်ပါလိုက်တော့ ပြဿနာမဟုတ်တော့ဘူးပဲ ဝိညာဉ်မျိုးနွယ်ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ပေါ်လာ မှာပဲ” ဝူလင်းယူ ပြောလိုက်သည်။
“ညီမက အဲဒါကိုစိတ်ပူတာမဟုတ်ဘူး အနောက်ဖျားကမြို့စားက အစွမ်းအစရှိတဲ့လူလို့ ထင်တယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “စိုးရိမ်တာက ဝိညာဉ်မျိုးနွယ်က အနောက်ဖျားဒေသမှာရှိနေတာဆိုတော့ တခြားနေရာကို လည်းသွားနိုင်တယ်.. တခြားမြို့စားအိမ်တော်တွေမှာလည်း ဒီလိုအခြေအနေ ဆိုရင် ဝိညာဉ်မျိုးနွယ်က အကြီးကြီးကို ကြံစည်ထားတာပဲ”
“အဲဒါကိုတော့ ဘာမှစိတ်ပူနေဖို့မလိုဘူး.. လူတစ်ယောက်ရဲ့ စွမ်းအား ဆိုတာ အကန့်အသတ်ရှိတယ်.. ဒါပေမဲ့ ဝိညာဉ်မျိုးနွယ်အကြောင်း ဒိကျဲ့ကို ပြောထားပြီးသားဆိုတော့ သူလည်း ဒါကိုတွေးထားမှာပဲ.. အဲတော့ သူက ဒီကိစ္စ ကိုဒီတိုင်းမထားပါဘူး.. သူ အဲဒီကိုသွားတောင်သွားနေလောက်ပြီ.. ဒီကိစ္စကို သူ့ကိုအပ်ထားလိုက် စိတ်မပူနဲ့တော့” ဝူလင်းယူသည် သူမကိုနှစ်သိမ့်ရန် ကြိုးစားလေသည်။
“အစ်ကိုပြောတာလည်း ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “ရှေး တည်ဆောက်မှုက တစ်ဝက်လောက်ပြီးနေပြီ… ကျန်တာကို ဒီမှာပဲလုပ်လိုက် ကြမလား.. နောက်ကို သုံးလို့ရရင်ရမှာ”
“ဟုတ်ပြီလေ” ဝူလင်းယူသည် ပြုံးပြီး ပြန်ဖြေလေသည်။
အစကတည်းက သူ့ကိုလျစ်လျူရှုထားသော မိုယွိသည် အားပျော့စွာပင် ပြောလေသည် “ငါ မင်းရဲ့ လက်ဖက်ရည်သောက်ချင်နေတာ”
“ကိုယ့်ဘာသာပဲ နှပ်လိုက်တော့.. ရှင်နှပ်တဲ့ လက်ဖက်ရည်က သောက် မကောင်းတာလည်း မဟုတ်ဘဲနဲ့” ရှီမာယူယူသည် တိုက်ရိုက်ပင် ငြင်းဆန်လေ သည်။
“….”
မိုယွိသည် ခံစားသွားရာကာ ဟွမ်နှင့် အရိပ်မည်းတို့ကို ဆွဲပြီး ခြံဝန်းထဲ တွင် လက်ဖက်ရည်သွားသောက်လေသည်။ သူငယ်ချင်းကို မေ့ထားတဲ့သူမကို တော့ စကားမပြောရန် ဆုံးဖြတ်ထားလိုက်သည်။
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အခန်းထဲသို့သွားလိုက်ကြသည်။ မသွား ခင်တွင် သူပြောလိုက်သည့် စကားများကို တိတ်တဆိတ် မျက်လုံးလှိမ့်မိသည်။
သူမသည် ရှေးဟောင်းတည်ဆောက်မှုကို လေ့လာရန်သွားမည်ဖြစ်သဖြင့် သူ၏ခြိမ်းခြောက်မှုသည် သူမအတွက် အသုံးမဝင်ပေ။
နောက်ရက်အနည်းငယ်ကြာပြီးနောက် အပြင်အခြေအနေကို စောင့် ကြည့်ရန် နီရဲပျားများကို ပြောထားကာ ပုံမှန်မဟုတ်သည့် ကိစ္စဖြစ်လာသည် နှင့် ချက်ချင်းပင် အသိပေးရန် ပြောထားသည်။ ဝူလင်းယူနှင့် သူမတို့သည် ဝိညာဉ်စေတီအတွင်းဝင်ကာ ရှေးဟောင်းတည်ဆောက်မှုကို လေ့လာကြသည်။ ဝိညာဉ်စေတီအတွင်းတွင် ငါးလကြာ ဖြတ်သန်းပြီးနောက် ရှေးဟောင်း တည် ဆောက်မှုကို အောင်မြင်စွာလေ့လာပြီးလေသည်။ အသေးစိတ်မလေ့လာရ သေးသဖြင့် ယခုသုံးလျှင် သုံးနိုင်သော်လည်း စွမ်းအားကို အပြည့်အဝသုံးမရ သေးပေ။
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ဝိညာဉ်စေတီအတွင်းတွင် ကိုယ်တိုင် အသုံးပြုခဲ့ကြသည်။ ဝူလင်းယူ၏ စွမ်းအားနှင့် အရည်အချင်းအပြင် ထိုတည် ဆောက်မှုကို နားလည်နိုင်စွမ်းကိုပါ ပေါင်းလိုက်သောအခါ သူတို့ မထိမခိုက်ဘဲ ထွက်လာနိုင်ခဲ့သည်။ တခြားသူများသာ အထဲရောက်သွားပါက တစ်သက်လုံး ထွက်လာနိုင်မည်မဟုတ်ပေ။
ထိုအချိန်တွင် ကျန်းမျိုးနွယ်အတွင်းမှ ဝိညာဉ်မျိုးနွယ်များ စတင်လှုပ်ရှား နေပြီဟု အပြင်မှနီရဲပျားများ သတင်းပို့လာသည်။
ရှီမာယူယူသည် နောက်မှလိုက်သွားရန် ပြောပြီး ပေါ်မသွားစေရန် သတိ ပေးပြီးနောက် ဝိညာဉ်စေတီမှ ဝူလင်းယူနှင့်အတူ ထွက်လာခဲ့လိုက်သည်။
သူမ ထွက်လာသည်ကိုမြင်သည်နှင့် အရိပ်မည်းသည် နှုတ်ဆက်လေ သည် “သခင်မလေး ဘာလို့ထွက်လာတာလဲ ရှေးတည်ဆောက်မှုက အသင့်ဖြစ် ပြီလား”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “အကုန်လုံးပြီးတာတော့ မဟုတ်ဘူး ဒါပေမဲ့ သုံးလို့တော့ရပြိ နောက်ရက်မှ မင်းတို့ကို စမ်းခိုင်းရမယ်”
“တစ်ခုခုဖြစ်လို့လား” ဟွမ်သည် လျှောက်လာပြီး မေးလေသည်။
“ကျန်းမျိုးနွယ်က ဝိညာဉ်မျိုးနွယ်တွေ လှုပ်ရှားနေပြီ” ရှီမာယူယူ ပြော လိုက်သည်။ “နီရဲပျားတွေဆီကရတဲ့ နောက်ဆုံးရတဲ့ သတင်းအရတော့ သူတို့ တွေ မြို့ကနေထွက်သွားလိုက်ပြီ”
“နောက်ကလိုက်သွားပြီး ကြည့်မလား”
ရှီမာယူယူသည် ခေတ္တမျှစဉ်းစားလိုက်သည်။ ဤကိစ္စကို အန်းရှီတို့ စီစဉ် လိမ့်မည်ဟု သူမ ပြောခဲ့သော်လည်း ဝိညာဉ်မျိုးနွယ်လှုပ်ရှားနေသည်ကို သူတို့ မသိကြသဖြင့် သူမတို့ကိုယ်တိုင် ဝင်ပါရမည့်ပုံပင်။
“မိုယွိကိုခေါ်လိုက်.. မြို့အပြင်ကို သွားကြည့်ကြတာပေါ့”
သူတို့လေးယောက်သည် ဝိညာဉ်မျိုးနွယ်အကြောင်းကို များများစားစား မသိပေ။ မိုယွိသည် ပိုသိနိုင်သည်။
မိုယွိသည် အခြေအနေကို သိပြီးနောက် ပြန်လာလျှင် လက်ဖက်ရည်နှပ် ပေးရမည်ဆိုသည့် သဘောတူချက်နှင့် သူတို့နှင့်အတူ မြို့အပြင်သို့ထွက်လာခဲ့ ကြသည်။
ဟွမ်ဖွင့်သော လေဟာပြင်မှာ အလွန်သိုသိပ်သည်။ ရှီမာယူယူတို့သည် လေဟာနယ်ထဲတွင် ပုန်းနေရာ ဝိညာဉ်မျိုးနွယ်မှလူများ သတိမထားမိကြပေ။ သို့သော် ဝိညာဉ်မျိုးနွယ်မှ လူများကိုမြင်သောအခါ မိုယွိ၏ မျက်လုံးများ လေးနက်သွားသည်။
သူပြောင်းလဲသွားသည်ကို ရှီမာယူယူ သတိထားမိရာ ထိုလူကို သေချာ ကြည့်နေလိက်သည်။ သူသည် မက်မွန်ပန်းပွင့်မျက်လုံးရှိပြီး အပြုအမူမှာ နူးညံ့ သည်။ ထိုအရာကိုကြည့်လျှင် သူသည် ခန္ဓာကိုယ်တည်ဆောက်နိုင်ပြီး ကိုယ်ပိုင် အင်အားမှာလည်း မနိမ့်သည့်ပုံပင်။
“တပ်မှူးကိုတွေ့ဆုံပါတယ်” ကျန်းမိုးနွယ်မှထွက်လာသော ဝိညာဉ် မျိုးနွယ်ဝင်သည် ဒူးထောက်ပြီးအရိုအသေပေးလေသည်။
ရွှီယွိသည် လက်ပိုက်ရပ်နေသည် “၁၇ အခြေအနေ ဘယ်လိုနေလဲ”
“တပ်မှူး ညွှန်ကြားထားတဲ့အတိုင်းပါပဲ အနောက်ဖျားမြို့က မိသားစုတွေ အကုန်လုံးကို ရှင်းပြီးပါပြီ.. အခု ကျန်းမျိုးနွယ်က ကျွန်တော်တို့ စကားကိုပဲ နာခံ နေရပါပြီ.. အပြင်ကလူတွေ ပြန်လာတော့မှာပါ.. နောက်နှစ်ရက်နေရင် သူတို့ တွေ ဟွားမျိုးနွယ်ကို နောက်ဆုံးတိုက်ပွဲနွှဲတော့မှာပါ” ၁၇ ပြန်ဖြေလေသည်။
“ကျန်းမျိုးနွယ်က ဟွားမျိုးနွယ်ကိုရှင်းပြီးရင် ဝေ့မျိုးနွယ်ကိုလည်း အဲလိုပဲ လုပ်လိမ့်မယ်.. ပြီးတာနဲ့ အနောက်ဖျားဒေသရဲ့ မြို့စားကိုရှင်းရုံပဲ” ရွှီယွိ ပြော လိုက်သည် “ငါတို့ အနောက်ဖျားဒေသကို ဖျက်ဆီးပစ်ရမယ်”
“လက်အောက်ငယ်သားတွေကလည်း တပ်မှူးကို လက်မလျှော့စေရပါ ဘူး” ၁၇ ပြောလေသည်။
“အင်း မှတ်ထား.. ငါတို့ပတ်သက်နေတာကို တစ္ဆေမျိုးနွယ်တွေ မသိစေနဲ့ စစ်သူကြီးရဲ့ အစီအစဉ်ပျက်သွားတာနဲ့ မင်းတို့မိသားစုအသက် ပျောက်သွား မယ်” ရွှီယွိ၏ အသံမှာတိုးညင်းသော်လည်း တစ်ဖက်လူကို ကြက်သီးထသွားစေ သည်။
“လက်အောက်ငယ်သားက အကောင်းဆုံးလုပ်ပါမယ်” ၁၇ ပြောလေ၏။
“ငါထားခဲ့တဲ့လူတွေက ဒီနေ့မင်းကို ဆက်သွယ်လိမ့်မယ်.. တစ်ခုခုလိုတာ ရှိရင် သူတို့ကူညီလိမ့်မယ်” ရွှီယွိ ပြောလိုက်သည်။
“လက်အောက်ငယ်သား နားလည်ပါပြီ”
“သွားလို့ရပြီ”
ရွှီယွိ ပြောလိုက်သည်နှင့် ၁၇ သည် အချိန်မဆွဲဘဲ ထွက်သွားတော့သည်။ သူ့ရှေ့ရောက်သည့်အချိန်တိုင်းတွင် အသက်ရှုကြပ်ပြီး ဖိနှိပ်ခံရသလို ခံစားရ သည်။
ရွှီယွိလည်း ထွက်သွားသည်။ အားလုံးသွားလိုက်ချိန်တွင် ရှီမာယူယူတို့ သွားကြည့်လေသည်။
“မိုယွိ အဲလူကိုသိလား”
“သူက ရွှီယွိလို့ခေါ်တယ် ဝိညာဉ်နယ်မြေရဲ့ စစ်သူကြီးရှောင်ဟော် လက်အောက်က တပ်မှူး ၁၀ ယောက်ထဲက တစ်ယောက်ပဲ.. သူက ရက်စက် တယ်.. လောကနှစ်ပါးကြားက တိုက်ပွဲတော်တော်များများမှာ ဝင်ပါဖူးပြီး ငါတို့ မျိုးနွယ်တွေကို အများကြီးသတ်ဖူးတယ်” မိုယွိ ပြောလိုက်သည် “ပြီးတော့ ဒီ ရွှီယွိက ဒီရောက်နေတယ်.. ရှောင်ဟော်က ရာထူးမြင့်တယ်.. သူက ဒီကိုရောက် နေတယ်ဆိုတော့ ရှောင်ဟော်ရဲ့ သဘောထားအရဖြစ်မယ်.. ဒီတစ်ခါ အဖြစ်အပျက်က ဝိညာဉ်နယ်မြေက အထက်ပိုင်းက လှည့်ကွက်သေးသေးလေး တွေပါ”
“ခုနက သူပြောသွားသလိုဆိုရင် သူတို့အစီအစဉ်က အနောက်ဖျားဒေသ တင်မဟုတ်ဘဲ ဒါပေမဲ့ အနောက်ဖျားဒေသက အရေးကြီးဆုံးအပိုင်းထဲပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ကြည့်ရတာ ၁၇ ကိုရှင်းလိုက်တာနဲ့တင်မပြီးနိုင် ဘူး သူ့ပါးစပ်ကနေ တခြားကိစ္စတွေပါ ထွက်လာအောင် လုပ်ရမယ်”
“မဟုတ်သေးဘူး” မိုယွိ ခေါင်းခါသည် “သူတို့လိုဆိုရင် သူတို့ရဲ့တာဝန်ကို ပဲသိပြီး အစီအစဉ်တစ်ခုလုံးကို မသိနိုင်ဘူး.. ရည်ရွယ်ချက်က ဝင်နှောင့်ယှက်ဖို့ ပဲ”
“တခြားနည်းလမ်းမရှိတော့ဘူးလား”
“မရှိဘူး ဒိကျဲ့ရောက်လာရင် ဒီကိစ္စကိုစုံစမ်းဖို့ နည်းလမ်းရှိမှာပဲ… သူက စစ်သူကြီးပဲ.. ဒီလိုကိစ္စတွေနဲ့ရင်းနှီးနေမှာ.. သူတို့ဘက်က ဥပဒေကိုလည်း သူ သိသလို ဝိညာဉ်မျိုးနွယ်ကလူတွေကို ဘယ်လိုရှာရမလဲဆိုတာ သိမှာပဲ”
“ဒါဆိုလည်း ဝမ်းကွဲအစ်ကိုကို စောင့်ကြတာပေါ့”
နှစ်ရက်ကြာပြီးနောက် ကျန်းမျိုးနွယ်သည် ဟွားမျိုးနွယ်ကို ရုတ်တရက် ဝိုင်းပီဲး အနောက်ဖျားဒေသမှထွက်သွားရန် တောင်းဆိုသည်။ မဟုတ်လျှင် သတ်ပစ်မည်ပြု ဆိုလေသည်။
***