အထီးကျန်သင်္ချိုင်းစောင့်
Vol. 18 Ch. 245
ဆောင်းနဂါးသင်္ချိုင်းသည် ကောင်းကင်မြစ်ပြည်နယ်နှင့် ကျောက်နဂါးပြည်နယ် နယ်စပ်ရှိ ကုန်းမြင့်ပိုင်းတွင် တည်ရှိသည်။ အန်လင်းသည် တပိုင်ကိုစီးကာ ကီလိုမီတာ ထောင့်ငါးရာ ပျံသန်းလာပြီးနောက်တွင် ထိုကုန်းမြင့်သို့ ရောက်ရှိခဲ့သည်။
“အင်း…မြေပုံမှာပြထားတာတော့..ဒီနေရာဖြစ်မယ်ထင်တယ်”
အန်လင်းသည် သစ်ပင်ခြောက်များ ဝိုင်းရံနေသောနေရာတစ်ခုကို ညွှန်ပြကာပြောလိုက်သည်။
စုရှောင်လန်က မဝေးလှသောထိုနေရာသို့ကြည့်ရင်း.. “အဲဒီမှာ ဘာမှမရှိဘူးကြည့်ရတာ ဖုံးကွယ်တဲ့မန္တန်ဝင်္ကဘာတစ်ခုခုနဲ့ဖုံးထားတယ်ထင်တယ်"
အန်လင်းခေါင်းညိတ်လိုက်သည်။ "မြေပုံကငါ့ကို အဲဒီနေရာမှာ အာကာသအစီအရင်ဝင်္ကဘာရှိတယ်လို့ပြောတယ် သစ်ပင်ခြောက်တွေက ဝင်္ကဘာအလံတွေပဲ ငါတို့ကသင်္ချိုင်းဂူထဲဝင်ချင်ရင် အလံတွေကိုရွှေ့ပြောင်းပြီး ဝင်္ကဘာကို ဖွင့်နိုင်ဖို့လိုတယ်”
“နင်မြေပုံနဲ့စကားပြောနိုင်တယ်လား”စုရှောင်လန်အံ့အားသင့်စွာမေးလိုက်သည်။
"ဒါပေါ့!" အန်လင်းဂုဏ်ယူစွာဖြင့်ပြန်ဖြေသည်။
"မြေပုံရဲ့စိတ်ဝိညာဉ်ကငါ့ကိုပိုင်ရှင်အဖြစ်အသိအမှတ်ပြုထားတာ ငါတို့ရဲ့ စိတ်ထဲကနေ တစ်ယောက်ကို တစ်ယောက် ဆက်သွယ်နိုင်တယ်”
စုရှောင်လန်အံ့ဩတကြီးဖြစ်သွားသည်။
စိတ်ဝိညာဉ်တစ်ခုကသက်တမ်းကြာလာရင် တကယ်ကြီးအဲလိုလုပ်နိုင်တာလား
မြေပုံ၏ညွှန်ကြားချက်များအတိုင်း အန်လင်းသည် အင်မော်တယ် မန္တာန်များကို အသက်သွင်းလိုက်ပြီး သစ်ပင်သေများ၏ အနေအထားကို ရွေ့ပြောင်းလိုက်သည်။ နောက်ဆုံး သစ်ပင်ခြောက်ကို ရွှေ့ပြောင်းပြီးချိန်တွင် ချီစွမ်းအင်များ စတင်မတည်မငြိမ်ဖြစ်လာသည်။ မြေပြင်ပေါ်တွင် ဧရာမမန္တာန်ဝင်္ကဘာကြီးပေါ်ထွက်လာပြီး ကောင်းကင်၌ တောက်ပသော ခုနစ်ရောင်ခြယ် တိမ်တိုက်များ ဖြစ်ပေါ်လာသည်။ ထိုအရာသည် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်လာစေသည်။
"ကျွတ်… ကျွတ်… ကျွတ်… အရမ်းမျက်စိကျိန်းစရာကောင်းတာပဲနော် ကောင်းကင်ဘုံက ရှားပါးရတနာတစ်ခု ထွက်ပေါ်လာနေသလိုပဲ ဒါကတခြားလူတွေကို ဆွဲဆောင်လာမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။” အန်လင်းသည်မကျေမနပ် ဖြစ်နေသော်လည်း မည်သို့မျှမတတ်နိုင်ပေ။
"ကြောက်မနေစမ်းပါနဲ့ဟယ်" စုရှောင်လန်ကအန်လင်းကို ကြည့်ကာပြောလိုက်သည်။ အန်လင်း ပါးစပ်ပိတ် သွားသည်။ ထိုကဲ့သို့ သာမန်မဟုတ်ဘဲ ထူးဆန်းသော အရာများကို ကျင့်ကြံခြင်းများ ပြုလုပ်ပြီးနောက် ပိုမိုကြုံတွေ့လာသည်ဖြစ်ရာ ယခုကဲ့သို့ဆန်းကြယ်သော ကမ္မဖြစ်စဉ်များကို ပိုမို၍ လေးစားကြောက်ရွံ့လာသည်။
မကြာခင်အချိန်တွင် အဖြူရောင် အလင်းများဖြင့် တောက်ပနေသော တံခါးတစ်ခုသည် ဝင်္ကဘာ၏ အလယ်တွင် ပေါ်လာသည်။ တံခါး၏နောက်တွင် မည်သည့်အရာများ ရှိနေသည်ကို သူတို့ ရှင်းရှင်းလင်းလင်း မမြင်ရပေ။
"မြေပုံရဲ့ခွင့်ပြုချက်မပါဘဲနဲ့ ဘယ်သူမှ ဒီတံခါးကိုမဖြတ်နိုင်ဘူး ငါ့လက်ကိုတင်းတင်းဆုပ်ထား"
ထိုသို့ပြောပြီး အန်လင်းသည် စုရှောင်လန်၏ နူးညံ့ပျော့ပြောင်းသောလက်ကလေးကို ဆွဲကိုင်ကာ အာကာသ ဝင်ပေါက်ထံသို့တိုးဝင်သွားသည်။ စုရှောင်လန်၏ မျက်နှာအနည်းငယ်တင်းမာသွားသော်လည်း မည်သို့မျှမပြောဘဲ အန်လင်းခေါ်ရာနောက် လိုက်ပါသွားသည်။ တံခါးဝသို့ ရောက်သောအခါတွင် ဆန်းကျယ်သော သီးခြားဘုံ တစ်ခုက သူတို့ကို ဆီးကြို နေသည်။
ကောင်းကင်ကြီးသည် ဖြူဖွေးနေပြီး မြေပြင်မရှိပေ။ မြေပြင်အစား ဧရာမ ကျောက်တုံးကြီးများသာ လေထဲတွင် ဝဲပျံနေကြသည်။ ကျောက်တုံးတစ်ခုစီတိုင်းတွင် ခမ်းနားသော နန်းတော်တစ်ခုစီရှိကြသည်။
"ဝိုး! ဒီနေရာက အရမ်းခမ်းနားတာပဲ... နန်းတော်တွေရဲ့ပုံစံတွေကိုကြည့်တာနဲ့တင် ဒီနေရာက အထင်ကြီးစရာ ကောင်းနေပြီ!”
သစ်တောစိမ်းအင်ပါယာ နန်းတော်ကို လှည့်လည်သွားလာခဲ့ဖူးသည့်သူတစ်ဦးဖြစ်သည့် အန်လင်းသည်ပင် အသက်ရှု မှားသွားရသည်။ နန်းတော်များ၏ ပြင်ပတည်ဆောက်ပုံများအရ သစ်တောစိမ်းအင်ပါယာ နန်းတော်နှင့်မတူညီ ကြဘဲ ကျောက်စိမ်း နန်းဆောင်များ နှင့်ရွှေနန်းတော်များ ဖြစ်ကြပြီး အားလုံးသည် အလွန်သာယာလှပသည့် အငွေ့အသက်များ လွှမ်းခြုံထားပြီး လှပတင့်တယ်လွန်းလှသည်။
စုရှောင်လန်ပြုံးလိုက်ပြီး.. “ နန်းတော်တွေက အများကြီးပဲ ငါတို့ ဘယ်ဟာကိုအရင်သွားကြမလဲ”
"အနီးဆုံးနန်းတော်ကနေ စကြတာပေါ့.. ပြီးမှတစ်ခုပြီးတစ်ခုဝင်ပြီး တန်ဖိုးရှိတာတွေအကုန် သိမ်းကြမယ် "
အန်လင်းသည် ကျောက်တုံးများပေါ်တွင်နန်းတော် ၂၃ လုံးခန့်ရှိမည်ဟု ခန့်မှန်းလိုက်သည်။ ၎င်းတို့သည် အခြားမျောလွင့်နေသည့် ကျောက်တုံးအပိုင်းအစများနှင့်ပေါင်းစပ်ကာ ထူးခြားသည့် အကွေ့အကောက်များနှင့် ကြီးမားသော နဂါးတစ်ကောင် တစ်ကောင်ပုံစံ ဖြစ်တည်နေသည်။
အဝေးဆုံးနန်းတော်သည် အဖြူရောင်အလင်းရောင်များ ဖြာထွက်လာပြီး သူတို့ကို မြင်တွေ့လိုက်ရသည့်အခါ လျင်လျင်မြန်မြန် စုံစမ်းစစ်ဆေးရန် ကြိုးစားနေသည်ဟု ခံစားရသည်။ သို့သော် အန်လင်းသည် မြေပုံများ၏ လှည့်စားတတ်သော သဘောတရားများကို သိထားပြီးဖြစ်သဖြင့် ပထမဆုံးနန်းတော်မှသာ စတင်လိုက်သည်။
ထိုသို့ဖြင့် စိမ်းပြာရောင်နန်းတော်ရှိနေသည့် ပထမဆုံး မျောလွင့်ကျောက်ဆောင်ပေါ်သို့ တက်လာကြသည်။ ထိုနန်းတော်မုခ်ဝတွင် “နွေဦးနန်းတော်"ဟု ရေးထွင်းထားသည်။
…
…
ပျင်းစရာအကောင်းဆုံးအလုပ်ကဘာလဲ...
သက်တော်စောင့်တစ်ယောက်လား... ကိုယ်ရံတော်တွင် လွတ်လပ်ခွင့်မှ မရှိသော်လည်း အနည်းဆုံး သူတို့၏ သခင် သွားလေရာ နေရာတိုင်းသို့ လိုက်ပါနိုင်ကြပြီး အချိန်ကြာလာသည့်နှင့်အမျှ သူတို့သခင်များနှင့် ပိုမို နီးကပ်လာ စေနိုင်သည်။
တံခါးစောင့်တစ်ယောက်လား.. တံခါးစောင့်များသည် တစ်နေရာတည်းတွင်အမြဲတမ်းရှိနေရသော်လည်း အနည်းဆုံးအားလပ်ရက်များရရှိခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတို့ဖြင့် ပျော်မွေ့နိုင်သည်။ သူတို့အလုပ်တွင်လည်း ကွဲပြားခြားနားသောလူမျိုးစုံနှင့် တွေ့ဆုံနိုင်ပေသည်။ တာဝန်ချိန်အတွင်းတွင်ပင် ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်ဖြုန်းနိုင်သည့် အရာများစွာလုပ်နိုင်ကြသေးသည်။
နွေဦးလူသားအဖို့ရာမှာ ငြီးငွေ့စရာအကောင်းဆုံးအလုပ်မှာ သင်္ချိုင်းစောင့်အလုပ်ဖြစ်သည်ဟု ဖြေရပေလိမ့်မည်။
ဟုတ်တယ်... သူအခုလုပ်နေရတဲ့အလုပ်က မဟားတရား ပျင်းဖို့အကောင်းဆုံးပဲ။ ကိုယ်ပိုင်လွတ်လပ်ခွင့် ဟုတ်လား.. မရှိဘူး... သူက ဒီဘုံအတွင်းပိုင်းမှာ အထီးကျန်စွာ ပိတ်မိနေပြီး သူ့မှာ ထွက်သွားလိုတဲ့ ဆန္ဒရှိ ရင်တောင် စွန့်ခွာမသွားနိုင်ခဲ့ဘူးလေ....... အာ... အားလပ်ရက်လား သူ့အတွက် ဒီအလုပ်ကနေ အားလပ်ရက် ယူလို့ရမယ်လို့ သတ်မှတ်မထားခဲ့...
ဒီနန်းတော်မှာ သူ ဆန္ဒရှိသလိုလုပ်လို့ရသည်။ ထိုအရာများကို ရိုက်နှက်ခြင်း၊ ပျက်စီးစေခြင်း၊ မီးရှို့ခြင်းများ မပြုလုပ်ရသည်ကလွဲလျှင် သူအလိုရှိရာမှန်သမျှကိုလုပ်နိုင်သည်။ သို့သော် သူလုပ်ခဲ့သမျှအရာတိုင်းသည်လည်း ပျင်းစရာကောင်းလွန်းသည်။ နောက်ဆုံးတွင် သူပျော်ရွှင်စေမည့် ဆော့ကစားစရာများ မရှိတော့ပါ။ ကျယ်လောင်စွာ သီချင်းအော်ဆိုချင်သော်လည်း တောင်းဆိုမည့်ပရိသတ်မှာ ခြင်တစ်ကောင်ပင်မရှိလေရာ...
သူဒီမှာ ဘယ်လောက်တောင်ကြာပြီလဲ အနှစ်တစ်ရာလား.. အနှစ်တစ်ထောင်လား.. အနှစ်တစ်သောင်းလား…
နွေဦးလူသားသည် မည်မျှကြာသည်ကိုပင် ရှင်းရှင်းလင်းလင်းမမှတ်မိတော့ပါ။ သူ့တစ်သက်တာတွင် သင်္ချိုင်း စောင့်ဖြစ်ရန် ရွေးချယ်ခြင်းသည် အကြီးမားဆုံးနောင်တဖြစ်သည်ကိုသာ သူသိတော့သည်။ သူသည် သောက်ရူးထကာ ဤဆောင်းနဂါးသင်္ချိုင်းကို ကာကွယ်စောင့်ရှောက်ပါ့မည်ဟု ကောင်းကင်တာအို ကတိသစ္စာ ကျိန်ဆိုခဲ့ပြီး ရေစက်ပါသောသူတစ်ဦးမှ အမွေအနှစ်များကို အမွေဆက်ခံသောအခါမှသာ လွတ်လပ်မှု ကို ပြန်လည်ရရှိမည်ဖြစ်သည်။
အကယ်၍ မိုးကောင်းကင်မျက်နှာသာပေး၍ ရှန်းယင်၏ ရှေ့တွင် နောက်တစ်ကြိမ် ထပ်ရပ်နိုင်သော အခွင့်အရေး ရနိုင်မည်ဆိုပါက ဤစကားနှစ်ခွန်းကို ကျိန်းသေပြောပေမည်။
“ငလူးပဲ”
ထိုစကားလုံးနှစ်လုံးကို ပြော၍ နောက်ထပ် နှစ်ပေါင်းတစ်ထောင် ထပ်နေရမည်ဆိုလျှင်ပင် သူပြောမည်ဖြစ်သည်။
…
နွေဦးလူသားသည် အမြဲတမ်း ထာဝရသင်္ချိုင်းစောင့်အဖြစ်ထမ်းဆောင်ရင်း နေသွားရမည်ဟုပင် ခံစားနေရသည်။ ယနေ့တွင် နွေဦးလူသားသည် ခါတိုင်းလိုပင် နွေဦးနန်းတော်၏ ထိုင်ခုံပေါ်တွင် ထိုင်နေခဲ့သည်။ သူသည် ထိုနေရာ မှမထွက်နိုင်သည်ဖြစ်ရာ ထိုနန်းတော်အတွင်းရှိ နံရံများ၊ ခိုင်ခံ့သောတိုင်များ အပါအဝင် အရာအားလုံးကို စိတ်ပျက်ပျင်းရိနေခဲ့သည်။
“ ဒီနေ့လဲ ပျင်းစရာနေ့တစ်နေ့ပဲ…” နွေဦးလူသား ညည်းညူလိုက်ပြီး...
"အာ… စုံ-စွမ်-စိ ဆော့နေတာပဲကောင်းပါတယ်" သူ၏ဘယ်လက်နှင့် ညာလက်ကို မျက်နှာချင်းဆိုင် ဆန့်ထားကာ... "စုံ-စွမ်-စိ...!"(ကျောက်တုံး-စက္ကူ-ကတ်ကြေး) သူ၏ဘယ်ဘက်လက်သည် ကျောက်တုံးဖြစ်ပြီး သူ၏ညာဘက် လက်သည်စက္ကူဖြစ်သည်။
"စုံ-စွမ်-စိ...” သူ၏ဘယ်ဘက်လက်သည်ကတ်ကြေးဖြစ်ပြီး.. ညာလက်သည်ကျောက်တုံးဖြစ်သည်..
"ဟီး… ဘယ်ကလေး မင်းကဂိမ်းနှစ်ခုရှုံးတယ် မင်းကအလုပ်ပိုလုပ်ရမယ်”
…
…
ကလစ်...
ရုတ်တရက်ထွက်ပေါ်လာသော အသံသည်နွေဦးလူသား၏ ဂိမ်းကိုရပ်တန့်သွားစေသည်။
တံခါးပွင့်သွားတာလား...
နွေဦးလူသားရဲ့ ခန္ဓာကိုယ်တုန်ခါသွားသည်။ လေတိုက်လို့လဲမဟုတ်ဘူး၊ သရဲတစ္ဆေလဲမဟုတ်ဘူး၊ ဒါက လူတွေပဲ!!! ထွန်းလင်းတောက်ပနေသည့်နေရောင်ခြည်ကို နောက်ခံထား၍ ပုံရိပ်နှစ်ခုပေါ်လာသည်ကို မြင်လိုက် ရသည်။
ဒါကအရုဏ်ဦးရဲ့အလင်းရောင်ပဲ.... ဒါကလွတ်မြောက်ခြင်းလမ်းစပဲ...! ဒါကဘဝရဲ့မျှော်လင့်ချက်လေးပဲ....!
အာ့... နွေဦးလူသားသည် ထူးဆန်းစွာအော်လိုက်ပြီး လူနှစ်ယောက်ဆီသို့ခုန်ချလိုက်သည်။
"ကံတရားကပို့ဆောင်လေးလိုက်တဲ့လူသားလေးတွေ”
တောင်ခွင်းလျှပ်စီးလက်သီး....
အံဖွယ်ဇာမဏီခုတ်ချက်....
နွေဦးလူသားသည် ရွှေရောင်လျှပ်လက်သီးဖြင့် ထိုးခံလိုက်ရပြီး မီးတောက်ဓားဖြင့်ထိုးနှက်ခြင်းပါခံလိုက်ရသည်။ သူသည်ကြမ်းပြင်သို့ပြုတ်ကျပြီး အတော်လှမ်းသည့်နေရာသို့ လှိမ့်ထွက်သွားသည်။
"အား ... နာတယ်ဟ တကယ်ကြီးနာတယ်... ငါအိပ်မက် မက်နေတာမဟုတ်ဘူးကွ ဟားဟား…!”
နွေဦးလူသား သည် အပျော်လွန်စွာ ရယ်မောလိုက်သည်။ ပျော်ရွှင်မှုကြောင့် မျက်ရည်များပင်ကျလာရသည်။
နွေဦးနန်းတော်သို့ ၀င်ရောက်လာသူနှစ်ဦးမှာ အန်လင်းနှင့်စုရှောင်လန်တို့မှလွဲ၍ အခြားသူများ မဟုတ်ပါ။
သူတို့သည် တစ်ဦးနှင့်တစ်ဦး ဝေခွဲမရစွာကြည့်လိုက်ကြသည်။
ဒီနန်းတော်အစောင့်က ရူးများနေတာလား
နွေဦးလူသားသည် မတ်တပ်ထရပ်လိုက်သည်။ သူ၏တစ်ကိုယ်လုံးမှာ လှုပ်ခါနေဆဲပင် ဖြစ်သည်။ ဤသည်မှာ သူ၏သွေးထဲတွင် အချိန်ကြာမြင့်စွာရှိနေခဲ့သော စိတ်ပျက်မှုများ လောင်ကျွမ်းခြင်းကြောင့် ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။
သူ့ပတ်ပတ်လည်မှာ လွင့်မျောနေသည့် စိမ်းလန်းသောသစ်ပင်များ၏ ပုံရိပ်များ ရုတ်တရက်ထွက်ပေါ်လာတယ်။ ထိုအပင်များ၏ အကိုင်းအခက်များနှင့်နွယ်ပင်များသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ၎င်းသည် စွမ်းအားပြင်းထန်လှသော ဖွဲ့စည်းခြင်းပင်ဖြစ်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်...
နွေဦးလူသားကိုကြည့်ပြီး အန်လင်းနှင့် စုရှောင်လန်တို့နှစ်ဦးလုံးတုန်လှုပ်သွားသည်။ ရှေးဟောင်းသင်္ချိုင်းဂူထဲသို့ ၀င်ရောက်ပြီးနောက် ထိုမျှအင်အားကြီးမားသော ရန်သူကိုနှင့်ဆုံတွေ့ရမည်ဟု မမျှော်လင့်ခဲ့သည့်အတွက် မည်သို့ ပြုလုပ်ရမည်မသိဖြစ်သွားသည်။
“ဟားဟား! နွေဦးနန်းတော်မှကြိုဆိုပါတယ်... ကံတရားက ပို့ဆောင်လေးလိုက်တဲ့ လူသားလေးတွေရေ.. ငါနန်းတော်ရဲ့အုပ်ချုပ်သူ နွေဦးလူသားပါ... တကယ်လို့ မင်းတို့သာ ငါ့ရဲ့ အသိအမှတ်ပြုခြင်းကို ရနိုင်ရင် နွေဦးနန်းတော်ဆေးလုံးဖော်စပ်ခြင်း အမွေအနှစ်ကိုရရှိနိုင်မှာဖြစ်တယ် " နွေဦးလူသား ကြည်လင်စွာ ရယ်မောပြီး ကြိုဆိုလိုက်သည်။ သူ၏အပြုအမူများသည် သူ့အား ယုံကြည်စိတ်ချရသူ၊ စွမ်းအားကြီးသူဟု ခံစားမိလာစေသည်။
အန်လင်း မျက်မှောင်ကြုတ်လိုက်မိသည်။
“နွေဦးလူသား... ဘယ်သူက သူ့ကိုဒီလိုထူးဆန်းတဲ့နာမည်မျိုးပေးခဲ့တာပါလိမ့်”
“ဒါဆိုမင်းရဲ့အသိအမှတ်ပြုမှုကိုရအောင် ဘယ်လိုလုပ်ရမလဲ။” စုရှောင်လန်က သတိကြီးကြီးထားကာ မေးလိုက်သည်။
"မေးခွန်းကောင်းပဲ" နွေဦးလူသားသည်သူ၏ အင်္ကျီလက်ကို ရမ်းလိုက်ပြီး “ ပထမ မင်းရဲ့ဆေးလုံးဖေါ်စပ်တဲ့အဆင့်ဟာ အနည်းဆုံး စိတ်ဝိညာဉ်စုဆောင်းခြင်းအဆင့်ရှိရမယ်"
အန်လင်း:“...........”
“စိတ်ဝိညာဉ်စုဆောင်းခြင်းအဆင့်ကဘယ်အဆင့်လဲ"
“နင် အတန်းထဲမှာသေချာနားမထောင်ဘူးလား” စုရှောင်လန်မေးလိုက်သည်။
“ဆေးလုံးဖော်စပ်တဲ့အဆင့် ငါးဆင့်ရှိတယ် မီးတောက်ထိန်းချုပ်အဆင့်၊ စိတ်ကျေနပ်မှုအဆင့်၊ စိတ်ဝိညာဉ် စုဆောင်းခြင်း အဆင့်၊ ဝိညာဉ်ဖန်တီးခြင်းအဆင့်၊ အန္တိမအဆင့် အခု ငါကစိတ်ကျေနပ်မှုအဆင့်ပဲရှိသေးတယ် ”
“ငါက ရွှံ့လုံးလေးတွေလုံးတာလောက်ပဲသိတဲ့ဟာကို မီးတောက်ထိန်းချုပ်မှုအဆင့်တောင်ရောက်ဦးမှာမဟုတ်ဘူး သူနဲ့ပဲတိုက်လိုက်ကြရအောင်ပါ ”
စုရှောင်လန်ကသူ့ကိုတစ်ချက်ကြည့်လိုက်သည်။ "နင်ရူးနေလား အမွေအနှစ်တွေကို မရနိုင်မှတော့ ဘာလို့တိုက်နေဦးမှာလဲ ပြန်လှည့်ပြေးကြမယ်”
အန်လင်း သူ့လက်နှစ်ဖက်ကို လိမ်ယှက်လိုက်ပြီး... "ဒါမှန်တယ်"
ထို့နောက် သူတို့နှစ်ယောက် လှည့်ပြေးလိုက်ကြသည်။
"မထားခဲ့ကြပါနဲ့!!!" နွေဦးလူသား အော်ညည်းလိုက်ပြီး သူ၏လက်မှ သစ်ကိုင်းများနှင့်နွယ်ပင်များကိုအလျင်အမြန် ထုတ်ပစ်လိုက်ပြီးတံခါးကိုပိတ်လိုက်သည်။
“စောစောတုန်းကငါပြောခဲ့တာကို ငါဘယ်တုန်းကမှမပြောခဲ့ဘူးလို့ မှတ်ယူလိုက်ပါ” နွေဦးလူသား မျက်လုံးများနီရဲလာကာပြောလိုက်သည်။
“အာ..” အန်လင်းရပ်လိုက်ပြီး ထူးဆန်းလှသောနွေဦးလူသားကို ကြည့်လိုက်တယ်။
“တကယ်တော့ မင်းတို့သာ စိတ်ဝိညာဉ်ဆေးလုံးကို ဘယ်လိုဖော်စပ်ရမယ်ဆိုတာ သိတယ်ဆိုရင်ပဲ ငါ့ရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်ပါပြီ”
အန်လင်း:“....”
စုရှောင်လန်: “…”
“အာ.. ငါအဆင့်ရှစ်အောက် စိတ်ဝိညာဉ်ဆေးလုံးဖေါ်စပ်နိုင်မယ်ထင်တယ် ” စုရှောင်လန်က ရှက်ရွံ့စွာရယ်ပြီး ပြေလိုက်သည်။
နွေဦးလူသား ခေါင်းညိတ်လိုက်သည်။ သူက စုရှောင်လန်ကို ညွှန်ပြပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။
“ကောင်းပြီ.. ဂုဏ်ယူပါတယ်…ကံကောင်းတဲ့လူသားလေး စစ်ဆေးခြင်းကို အောင်မြင်သွားပြီဖြစ်လို့ နွေဦးနန်းတော် ဆေးလုံးဖော်စပ်ခြင်း အမွေအနှစ်ကိုလက်ခံယူလိုက်ပါ ”
အန်လင်း:“....”
စုရှောင်လန်: “…”
***