← Chapters

ဝူရှန်းဒေသ

Vol. 138 Ch. 1929

ဝူရှန်းဒေသ

Vol. 138 Ch. 1929

ရှီမာယူယူသည် အကျဉ်းထောင်ထဲမှလူများကိုကြည့်ပြီး အန်းရှီကို ပြော လိုက်သည် “အပြင်ရန်သူနဲ့ ပူးပေါင်းတဲ့သူတွေကို စည်းကမ်းအရရှင်းလိုက်… မီးလှန့်တုန်းဖျာခင်းတတ်တဲ့လူတွေကိုတော့ အကျဉ်းချပြီး တခြားသူတွေကို သတိပေးလိုက်”

ပြင်ပရန်သူများနှင့် ပူးပေါင်းသည့်အပြစ်အတွက် မည်သို့အပြစ်ဒဏ်ရှိ သည်ကို သူမ မသိပေ။ သူတို့သည် သေဒဏ်ပေးမည်မှာ သေချာသော်လည်း ခပ်မြန်မြန်ပဲ သေခွင့်ပေးမည်လား ညှဉ်းပန်းပြီးမှ သေခွင့်ပေးမည်လားဆိုသည် ကိုတော့ ပြစ်ဒဏ်ပေါ်တွင် မူတည်သည်။

သူမ ပြောလိုက်သည့် စကားကိုကြားသောအခါ ဝေ့မျိုးနွယ်များသည် စိတ်သက်သာရာရသွားကြသည်။ သူတို့ အသက်ရှင်နေသေးသရွေ့ အဆင်ပြေ သည်။ အသက်ရှိလျှင် မျှော်လင့်ချက်ရှိသေးသည်။

သို့သော် သူတို့သည် ကိစ္စများကို ရိုးရှင်းစွာတွေးလွန်းသည်။ သူတို့ အချုပ် ခံထားရချိန်တွင် ဟွားမျိုးနွယ်သည် ကျန်းမျိုးနွယ်ကို ဝါးမျိုလိုက်ပြီး ဝေ့မျိုးနွယ် ၏ ပိုင်ဆိုင်မှုများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ဝေ့မျိုးနွယ်၏ အရေးပါသော အဖွဲ့ဝင်များ လွတ်လာသောအခါ ဝေ့မျိုးနွယ်တွင် ဘာမှမကျန်တော့ပေ။

ဟွားမျိုးနွယ်သည် ကျန်းမျိုးနွယ်နှင့် ဝေ့မျိုးနွယ်၏ ပိုင်ဆိုင်မှုများကို သိမ်း ယူပြီးနောက် သူတို့၏ စီးပွားရေးအခြေအနေမှာ အဆုံးမရှိတက်လာသည်။ ငွေ ရေးကြေးရေးများလာသောအခါ အရင်းအမြစ်များပိုရလာရာ သူတို့၏ အင်အား တစ်ခုလုံးမှာ တိုးတက်လာပြီး မျိုးနွယ်သည်လည်း နောက်တစ်ဆင့်သို့တက် လေသည်။

မျိုးနွယ်နှစ်ခုကြားမှ ကွာခြားချက်သည် ကြီးမားသွားသည်။ ဝေ့မျိုးနွယ်၏ မကောင်းသော ဂုဏ်သတင်းများပါ ပေါင်းလိုက်သောအခါ ဟိုးအောက်ခြေအထိ ဆင်းကျသွားပြီး အဆင့်အတန်းပင်မဝင်တော့ပေ။

ထိုကိစ္စများသည် နောက်ပိုင်းမှ ဖြစ်လာခြင်းပင်။ ယနေ့ သူမ၏ ဆုံးဖြတ် ချက်သည် နောက်ပိုင်း မိသားစုသုံးခု၏ ရလဒ်ကို သက်ရောက်သွားလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။

သူတို့ အကျဉ်းထောင်မှ ထွက်လာသောအခါ ဟွားရွှီ မေးလေသည် “မင်းသမီးလေး ဘာသိထားသေးလဲ ကျုပ်တို့ ဘာလုပ်ဖို့လိုလဲ”

“အခုတော့ ဘာမှမလိုသေးပါဘူး ဟွားမျိုးနွယ်က ကိုယ့်ကိစ္စကိုယ်ပဲ လုပ် ကြပါ.. လိုတာရှိရင် ကျွန်မ ပြန်လာရှာပါမယ်” ရှီမာယူယူသည် သူတို့၏ ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်သည်။

ထိုစကားသည် သူတို့၏ ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်ခြင်းဖြစ် ကြောင်း ဟွားရွှီသိသည်။ သို့သော် ဟွားမျိုးနွယ်သည် လက်ရှိတွင် အလုပ်များ နေပြီး နောက်ဆက်တွဲကိစ္စများကို ကိုင်တွယ်ရန် များလှသည်။ ထို့ကြောင့် သူ အချိန်မဆွဲတော့ဘဲ ထွက်သွားလိုက်သည်။

“ကျွန်မတို့ လမ်းလျှောက်လို့ရမယ့် နေရာကိုသွားကြတာပေါ့” ရှီမာယူယူ သည် အန်းရှီကို ပြောလိုက်သည်။

သူမသည် ၁၇ ၏ မှတ်ဉာဏ်ထဲမှ အရေးကြီးသည့် သတင်းရခဲ့သည်ကို အန်းရှီနားလည်လိုက်သဖြင့် ချက်ချင်းပင် သူ၏ စာကြည့်ဆောင်ကို ခေါ်သွား လိုက်သည်။

“မြို့စားအန်း သူတို့အစီအစဉ်က ဟွားမျိုးနွယ်ကို အရင်ရှင်းမယ် ပြီးတာနဲ့ ဟွားမျိုးနွယ်ရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းပိုက်ပြီးရင် ဝေ့မျိုးနွယ်ကို ရှင်းမှာပဲ.. အဲဒါ တွေ အကုန်ပြီးတာနဲ့ နောက်ဆုံးကျတော့ ရှင့်ကို ရှင်းပစ်ဖို့ ကျန်းဝေ့မင်ကို ခိုင်း လိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကျုပ်ကို ရှင်းပစ်မယ်ဟုတ်လား အနောက်ဖျားဒေသက အဲလောက် အရေးကြီးတဲ့နေရာလည်းမဟုတ်ဘူး ဘာလို့ ဒီနေရာကိုရွေးတာလဲ” အန်းရှီ သည် နားမလည်နိုင်ဖြစ်နေသည်။

“ဒီနေရာက အရေးမကြီးလို့ ဒီနေရာက စပြီးလမ်းပေါက်ဖွင့်မယ်လို့ ဆုံးဖြတ်လိုက်တာဖြစ်မယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီတင်မဟုတ်ဘူး တခြားနေရာတချို့လည်းရှိသေးတယ်.. သူတို့ အကြံက ဒီနေရာအကုန်လုံးကို ဖောက်ဝင်ပြီး အကုန်လုံးကို ဆက်မလို့ထင်တယ်.. သူတို့တွေက နယ်နိမိတ်ကို ဖြတ်ပြီးလာဖို့ စီစဉ်ထားတာပဲ”

“ဒါဆို သူတို့အစီအစဉ်ထဲမှာ ပါတဲ့တခြားနေရာတွေက ဘာတွေလဲ”

“အဲဒါကို ၁၇ မသိဘူး.. သူတို့က တစ်ယောက်နဲ့တစ်ယောက် မှီခိုနေရ တာ.. နေရာတစ်နေရာ ကျရှုံးသွားရင် တခြားနေရာတွေကိုလည်း သက်ရောက် လိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ကျွန်မထင်တာတော့ ဒီမှာ ဒီနည်းလမ်းကိုသုံးတယ်ဆိုတော့ တခြားနေရာတွေမှာလည်း နည်းလမ်းတစ်ခု တည်းကိုပဲ သုံးမှာပဲ.. ဒီနားက ဒေသတွေမှာ လတ်တလော ရှုပ်ထွေးမှုတွေရှိ လားလို့ စုံစမ်းလိုက်ပါ.. သဲလွန်စရလာနိုင်တယ်”

“စုံစမ်းဖို့ ချက်ချင်းပဲ လူလွှတ်လိုက်ပါမယ်” အန်းရှီသည် ထတော့မည် အပြုတွင် ရှီမာယူယူတားလိုက်လေသည်။

“အဲဒီကိစ္စကို နောက်မှရှင်းလို့ရတယ်” ရှီမာယူယူ ပြောလိုက်သည် “ပြီးခဲ့ တဲ့ နှစ်ရက်မှာ အဲလူတွေကို အကုန်ဖမ်းမိပြီလား”

“အကုန်လုံးကို ဖမ်းလိုက်ပါပြီ.. ဒါပေမဲ့ စစ်မေးတာက အသုံးမဝင်ဘူး သူတို့ ဘာမှမပြောကြဘူး” အန်းရှီ ပြောလိုက်သည် “မင်းသမီးလေး ကိုယ်တိုင် ဝင်ပါမှဖြစ်မယ်ထင်တယ်”

သူမ လုပ်ခဲ့သည့်အရာမှာ သူ့ကို အမှန်တကယ်ပင် ထိတ်လန့်စေသည်။ ထိုလက်နှင့်ဆိုလျှင် စစ်ဆေးရာတွင် အကျိုးမရှိမည်ကို စိုးရိမ်ရန်မလိုပေ။

“၁၇ ရဲ့မှတ်ဉာဏ်ထဲကိုဝင်တော့ သိပ်မသေချာတဲ့ သတင်းတွေရှိတယ်.. အဲတော့ အဲလူတွေကိုလည်း စစ်ကြည့်ဖို့လိုတယ်”

“ဒါပေမဲ့ အဲလူတွေရဲ့ အဆင့်က ၁၇ လောက်မမြင့်တော့ သူတို့သိထားပါ့ မလား”

“စမ်းကြည့်တာပေါ့” ရှီမာယူယူ မသေချာပေ “အဲလူတွေက သူတို့နောက် လိုက်နေတာမဟုတ်တော့ အတင်းအဖျင်းတွေ သိနေတာလည်း ဖြစ်နိုင်တယ်”

“ဒါဆို သူတို့ကို သွားခေါ်လိုက်ပါမယ်”

အန်းရှီသည် ထွက်သွားပြီး ဝိညာဉ်မျိုးနွယ်မှလူများကို ခေါ်လာရန် အမိန့် ပေးလိုက်ရင်းနှင့် ဆင်တူဖြစ်ရပ်များဖြစ်နေသည့် မြို့များအကြောင်းကိုလည်း စုံစမ်းရန် ညွှန်ကြားလိုက်သည်။

မကြာမီတွင် အသက်မျှင်းမျှင်းသာရှိတော့သည့် ဝိညာဉ်မျိုးနွယ်ဝင်များကို ခေါ်လာကြသည်။ ရှီမာယူယူကို ထိတ်လန့်ခြင်းမဖြစ်စေရန် အန်းရှီသည် သူတို့ ကို အင်္ကျီပြောင်းဝတ်စေသည်။

ရှီမာယူယူလျှောက်လာရာ သူတို့၏ စိတ်စွမ်းအားများသည် ညှဉ်းပန်း နှိပ်စက်ခံထားရသည်ကို မြင်လိုက်သည်။ ထို့ကြောင့် သူတို့ကိုမသတ်ဘဲ အံ့ဖွယ် အာရုံကိုသာ သူတို့စိတ်ထဲသို့ လွှတ်လိုက်သည်။ လူကိုးယောက်၏ မှတ်ဉာဏ်ထဲ သို့ဝင်ရောက်သည်မှာ အလွန်ခက်ခဲပင်ပန်းကာ သုံးရသည့်စိတ်စွမ်းအားမှာ လည်း ကြီးမားသဖြင့် သူမ၏ အသားအရေသည် တဖြည်းဖြည်းဖြူဖျော့လာ သည်…

သူမကို မည်သူမှမနှောင့်ယှက်ကြဘဲ တဖြည်းဖြည်းအတွေးများကို ပြန် ရုတ်သိမ်းကာ သူမကို အနားယူခိုင်းလိုက်သည်။

ခဏအကြာတွင် ရှီမာယူယူ မျက်လုံးဖွင့်လာပြီး ပြောလေသည် “ဒီလူ တွေကို မလိုတော့ဘူး”

သူတို့ကို မလိုအပ်တော့သဖြင့် သတ်လိုက်ရုံသာရှိသည်။

အန်းရှီသည် လက်ကိုယမ်းလိုက်ရာ တပ်သားတစ်ယောက်သည် ဝိညာဉ် မျိုးနွယ်များကို ဆွဲခေါ်သွားလေသည်။

“ဘယ်လိုလဲ” မိုယွိ မေးလိုက်သည်။

“၁၇ ရဲ့မှတ်ဉာဏ်နဲ့ တူတဲ့လူတစ်ယောက်ရှိတယ်” ရှီမာယူယူ ပြောလိုက် သည် “၁၇ ရဲ့မှတ်ဉာဏ်ထဲမှာ တစ္ဆေလောကကိုရောက်နေတဲ့လူကို သူ သိနေ တယ်.. အခုဒီလူတွေရဲ့ မှတ်ဉာဏ်ကိုဖတ်လိုက်တော့ ဝူရှန်းလို့ခေါ်တဲ့နေရာကို ရောက်နေကြတယ်”

“အဲဒီဝူရှန်းဒေသလား”

“အစတုန်းက အဲလူတွေကို ဝူရှန်းကိုပို့ထားခဲ့ကြတာ ဒါပေမဲ့ နောက်တော့ ဒီကိုယာယီရောက်လာတယ်.. အဲဒါကြောင့် ဝိညာဉ်မျိုးနွယ်က ဝူရှန်းကိုလည်း ရောက်နေပြီလို့ထင်တယ်” ရှီမာယူယူ မှန်းဆလေသည်။

“ဝူရှန်းဒေသရဲ့ အုပ်ချုပ်သူနဲ့ ကျုပ်နဲ့က အဆင်ပြေတယ်.. လွန်ခဲ့တဲ့ ရက် ပိုင်းကတင် ဒီမှာဖြစ်နေတဲ့ ဟွားမျိုးနွယ်နဲ့ ကျန်းမျိုးနွယ်အခြေအနေလိုမျိုး မရှိ ဘူးလားလို့ သူ့ကိုမေးနေသေးတယ်” အန်းရှီ ပြောလေသည်။

“ဒါပေမဲ့ ဝိညာဉ်မျိုးနွယ်လူတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲမှာပေါ်လာတဲ့ တစ္ဆေလောကရဲ့ မြို့တစ်ခုမှာ ပုံမှန်မဟုတ်တာရှိနေတယ်”

“ကိုယ်တို့တွေမသေချာသေးတော့ သွားကြည့်ကြတာပေါ့” ဝူလင်းယူ အကြံပြုလေသည်။

ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည် “ဟုတ်ပြီ အရင်သွားကြတာပေါ့ မြို့စားအန်း ဝမ်းကွဲအစ်ကိုက မကြာခင်ရောက်ပါလိမ့် မယ်.. သူရောက်လာတာနဲ့ ကျွန်မတို့ ဝူရှန်းဒေသကိုသွားတယ်လို့ သူ့ကိုပြောပြ လိုက်ပါ”

“ဟုတ်ပါပြီ” အန်းရှီ ပြန်ဖြေလေသည်။ ရှီမာယူယူ ထရပ်သည်ကိုမြင် သောအခါ သူ မေးလိုက်သည် “အခု သွားတော့မလို့လား”

“ရှင်က ဒီကအခြေအနေကို ထိန်းချုပ်နိုင်နေပြီလေ.. ဝူရှန်းဒေသကို စောစောသွားလိုက်ရင် အခြေအနေကို မြန်မြန်ဆုံးဖြတ်လို့ရတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“အဲလိုဆိုလည်း ကျုပ်ရဲ့ဖြတ်လမ်းဝင်္ကပါကိုသုံးလိုက်ပါ မင်းသမီးလေး အဲဒီကိုတိုက်ရိုက်ရောက်ပါလိမ့်မယ်”

“ဟုတ်ပါပြီ ဒါဆို ရှင့်ကိုပဲ ဒုက္ခပေးရတော့မယ်”

“မင်းသမီးလေး ယဉ်ကျေးနေပါပြီ ကျုပ်နောက်ကို လိုက်ခဲ့ပါ”

အန်းရှီသည် သူတို့ကို သူ၏ကိုယ်ပိုင် ဖြတ်လမ်းဝင်္ကပါရှိသည့် ခြံဝန်း အနောက်သို့ခေါ်သွားလေသည်။ ရှီမာယူယူသည် အရိပ်မည်းနှင့် ဟွမ်တို့ကို ဆက်သွယ်လိုက်ရာ ခဏအကြာတွင် သူတို့ရောက်လာကြသည်။

အန်းရှီသည် သူတို့နှစ်ယောက်၏ အားအင်ကိုမြင်သောအခါ အံ့ဩသွား သည်။ သူတို့က အရမ်းကိုအားကောင်းကြတာပဲ။

လူငါးယောက်တို့သည် ဖြတ်လမ်းဝင်္ကပါသို့တက်လိုက်ကြပြီး အန်းရှီ သည် ဝင်္ကပါကိုအသက်သွင်းပြီးသည်နှင့် သူတို့ထွက်သွားသည်ကို စောင့်ကြည့် ပေးသည်။ သူတို့ ပျောက်သွားပြီးမကြာခင်တွင် လူတစ်စုသည် သူ၏ အိမ်တော် သို့ရုတ်တရက် ဖောက်ဝင်လာခဲ့သည်။

“မင်းသမီးလေးဘယ်မှာလဲ” ဟန့်ဖန်းသည် တည်ငြိမ်စွာပင် မေးလေ သည်။

သူမ ခရီးရှည်သွားသည်ဟု ခံစားရသည်။ သူသည် နေရာကို အတည်ပြု နိုင်သော်လည်း တိုက်ရိုက်ပင် မေးလိုက်သည်။

တစ္ဆေဘုရင်၏ ဘေးတွင်ရှိနေတတ်သော သူ့ကို အန်းရှီသည် မှတ်မိသွား ပြီး အမြန်ပင် အရိုအသေပြုကာ ပြောလိုက်သည် “မင်းသမီးလေးက ဝူရှန်းဒေသကိုသွားတာပါ”

“မင်းသမီးလေးက ရုတ်တရက် ဒီလောက်အဝေးကြီးသွားတာ…” ဟန့်ရှန်းသည် အန်းရှီ၏ ဖြတ်လမ်းဝင်္ကပါကိုမြင်သည်နှင့် ပြောလေသည် “ခင်ဗျား ဒါသုံးပြီး ကျုပ်တို့ကိုပို့ပေးပါ”

**

All Chapters