မျက်နှာလိုက်ရန်ကြိုးစားအားထုတ်ခြင်း
Vol. 139 Ch. 1938
ထိုပညာကို သူ့ကိုသင်ပေးမည်ဟု ဆိုလာသဖြင့် သူမ၏အတွေးကိုမသိဘဲ ဒိကျဲ့သည် အလွန်ပင် ရင်ထဲထိနေမိသည်။
သို့သော် ပညာသင်ပြီး တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးမေးမြန်းပြီး နောက်တွင် သူမသည် စိတ်ကောင်းနှင့် သင်ပေးခြင်းမဟုတ်သည်ကို နောက်ဆုံးမှပင် သဘောပေါက်သွားလေသည်။ သူမသည် သူမကိုယ်တိုင်မလုပ် လိုသဖြင့် သူ့ကိုသင်ပေးခြင်းဖြစ်သည်။
သည်လိုနှင့် သူသည် ဒိယိနှင့်ဒိအာတို့ကို သွားရှာကာ ပညာသင်ပေးပြန် သည်။ သူတို့ကို ထိုလူများကိုစစ်ဆေးစေပြီး စိတ်ထဲမှ သတင်းများကို ရယူစေ သည်။
ဒိယိနှင့် ဒိအာတို့ သင်ပြီးနောက် မေးမြန်းစစ်ဆေးရာ ပို၍သက်ရောက်မှု ဖြစ်လေသည်။ သူတို့သည် အသုံးဝင်သည့် သတင်းအတော်အသင့်ရလိုက်၏။
ရှီမာယူယူသည် ဒိကျဲ့ကို ပညာသင်ပေးပြီးနောက် စစ်ဆေးမေးမြန်းသည့် တာဝန်ကို ချက်ချင်းပင် သူ့ကိုလွှဲပြောင်းပေးလိုက်သည်။
“ဂီတညှို့ယူဂိုဏ်းနဲ့ ပတ်သက်တဲ့ တာဝန်ငါ့ကိုသာ ပေးထားလိုက်” ဒိကျဲ့ ပြောလိုက်သည် “အခုတော့ ဝိညာဉ်ဂိုဏ်းတွေနဲ့ ပတ်သက်တဲ့ကိစ္စမှာ မင်း ဝင်မပါတာကောင်းမယ် ဟုတ်ပြီလား”
အခုအချိန်တွင် သူမ၏ ဝိညာဉ်သည် အလွန်ဆွဲဆောင်မှုရှိလွန်းသည်။ သူမသည် ဒေါ်လေး၏ သမီးဖြစ်နေခြင်းကြောင့်သာမဟုတ်လျှင် သူပါ သူမ၏ ဆွဲဆောင်မှုအောက်တွင် ရောက်သွားမည်ဖြစ်သည်။ ဝိညာဉ်များကို စွဲလမ်း တတ်သည့် ဝိညာဉ်မျိုးနွယ်များဆိုလျှင် ပြောရန်ပင်မလိုပေ။ သူမ ကိုယ့်ဘာသာ မကာကွယ်နိုင်မည်ကို သူ စိုးရိမ်ခြင်းဖြစ်သည်။
ထို့ကြောင့်ပင် ထိုလူများနှင့် ဆက်စပ်သည့်အလုပ်ကို ရှောင်နေသည်က ကောင်းသည်။
သူမ၏ ဝိညာဉ်သည် အလွန်အရာကောင်းလှပြီး လက်ရှိတွင် အားမသန် သေးသည်ကိုလည်း ရှီမာယူယူသိသည်။ သူမသည် အကြောင်းမဲ့ ထိုလူများနှင့် အဆက်အဆံလုပ်မည်မဟုတ်ပေ။
“ဝမ်းကွဲအစ်ကို ဝိညာဉ်မျိုးနွယ်ရဲ့ စစ်သူကြီးကို အရင်ကတွေ့ဖူးလား” ရှီမာယူယူ မေးလိုက်သည်။
“အဝေးကနေတော့ မြင်ဖူးတယ်” ဒိကျဲ့သည် ခပ်တိုတိုပင် ရေရွတ်လိုက် သည် “အဲလူက သူ့ရဲ့အားကောင်းတဲ့ မရဏာသားရဲတွေကို အရမ်းမှီခိုပြီးတော့ ငါ့ကိုလည်း အကြိမ်ပေါင်းများစွာ ရန်လာစဖူးတယ်… ဟိုးတလောက မကောင်း တဲ့ကိစ္စတွေဖြစ်တော့ သူ ထွက်ပြေးသွားတာလလေ သူက ဘာကောင်ကြီးမှ မဟုတ်ဘူး”
“ဒါပေမဲ့ သူက အရမ်းအားကောင်းတယ်လို့ ကြားတယ်” ရှီမာယူယူသည် သူ့ကို မယုံပေ။ သူ့မျက်နှာထားကို ကြည့်ရသလောက် သူသည် ထိုလူ၏ လက် ထဲတွင် အတော်အတန်ခံစားခဲ့ရသည့်ပုံပင်။
“ငါ့ကို မယုံဘူးလား”
“မယုံဘူး” ရှီမာယူယူသည် သူ့ကို ပွင့်လင်းစွာပင် ပြန်ဖြေလိုက်သည်။
“….”
“အနောက်ဖျားမြို့တော်နဲ့ ဝူရှန်းမြို့ကိစ္စမှာဖြစ်သွားတဲ့ မတော်တဆမှု တွေက…” ရှီမာယူယူသည် သူဒေါသထွက်တော့မည်ကို မြင်သဖြင့် အမြန်ပင် စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ဘာတွေ့ထားတာလဲ”
“ဘာမှမတွေ့ဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “အဲလူတွေက အရမ်း သတိရှိကြတယ်.. ကျွန်မသေချာနေပြီကို အဲလူတွေက ဝိညာဉ်မျိုးနွယ်တွေနဲ့ကို ရှုပ်ထွေးနေကြတာ.. ဒါပေမဲ့ သူတို့ကို ထိန်းချုပ်နေတဲ့သူကို ရှာမတွေ့ဘူး”
“သူတို့တွေက ဘယ်သူလဲဆိုတာပြော ကျန်တာကို ငါ့ကိုသာအပ်ထား လိုက်တော့” ဒိကျဲ့ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ” သူလုပ်မည်ဟု ပြောလာသဖြင့် ရှီမာယူယူသည် အလွန် ပျော်သွားလေသည်။ သည်လိုနှင့် သူမသည် အကြောင်းစုံပြောပြလိုက်သည်။
သူမ အတွေးကို ဒိကျဲ့မသိစရာအကြောင်းမရှိပေ။ သို့သော် ဝိညာဉ် မျိုးနွယ်နှင့် သူမကို ဝင်မပတ်သက်စေချင်သောကြောင့် သူ တာဝန်ယူလိုက်ခြင်း ဖြစ်သည်။ သူမအတွက်ကတော့ နေ့ရက်များကို ပျော်ရွှင်စွာ ဖြတ်ကျော်လျှင် သူ ကျေနပ်ပြီဖြစ်သည်။
“မင်းသိထားတာ ငါ့ကို ပြော.. ပြီးရင် နီရဲပျားတွေကိုသုံးပြီး အခြေအနေ ကို စောင့်ကြည့်ထားပေး.. သတင်းတစ်ခုခုရရင် ငါ့ကိုပြောပေး” ဒိကျဲ့ ပြော လိုက်သည်။
ရှီမာယူယူ စဉ်းစားကြည့်ပြီးနောက် နီရဲပျားများကိုထုတ်ကာ သူ့လက်ထဲ ထည့်ပေးပြီး ပြောလိုက်သည် “ဒါက အခုလေးတင် မွေးထားတဲ့ နီရဲပျားဘုရင်မ ပဲ.. ကျွန်မအကောင်လောက် အားမကောင်းပေမဲ့ နီရဲပျားတွေကို မွေးထုတ်ပေး နိုင်တယ်.. သူနဲ့ စာချုပ်တည်ထောင်လိုက်ရင် နီရဲပျားတွေနဲ့ ဆက်သွယ်လို့ရ တယ်”
အချိန်တစ်ခုကြာပြီးနောက်တွင် နီရဲပျားသည် ဘုရင်မအသစ်ကို မွေးထုတ်လိုက်ပြီဖြစ်သည်။ ဘုရင်မအသစ်သည် ပျားတချို့နှင့်ခွဲထွက်ကာ ပျားအိမ်အသစ် စတင်ဆောက်နေပြီဖြစ်သည်။ နီရဲပျားဘုရင်မအသစ်များမှာ သူမ၏ ဝိညာဉ်စေတီထဲတွင်ရှိနေပြီဖြစ်သည်။ သို့သော် သူမတွင်ရှိသည့် မူလ ဘုရင်မနှင့်တော့ မယှဉ်နိုင်ပေ။ သူမတွင် အစစ်အမှန်နီရဲပျားဘုရင်မရှိကာ ပျား သောင်းချီရှိသည်။
“ငါ့ကို ပေးချင်လို့လား” ဒိကျဲ့သည် ထိုနီရဲပျားများကို ပျော်ရွှင်စွာ ကြည့် လေသည်။ ရှီမာယူယူသည် သတင်းထောက်လှမ်းရန် နီရဲပျားများအသုံးပြုသည် ကို သူသိထားပြီး ဤကဲ့သို့ အသုံးဝင်သည့်သားရဲနှင့် စာချုပ်တည်ထောင်ထား သည်ကိုလည်း အားကျနေခဲ့သည်။ သူ့ကိုပါ လက်ဆောင်တစ်ကောင်ပေးလိမ့် မည်ဟု သူထင်မထားပေ။
“နီရဲပျားကထုတ်တဲ့ အကောင်တွေကိုကျ သိပ်လည်းမသုံးဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “ဒီလိုဆိုရင် ပျားတွေက အစ်ကို့အတွက် သတင်း ထောက်လှမ်းပေးနိုင်မယ်.. အစ်ကိုလည်း တစ်ခါတည်းသိနိုင်မယ်လေ”
“အင်း ဟင်း တကယ်ပဲ ငါ့အတွက် အသုံးဝင်ပါတယ်… ဒါဆိုလည်း အားမနာတော့ဘူး” ဒိကျဲ့သည် နီရဲပျားကိုယူပြီး ချက်ချင်းပင် စာချုပ်တည် ထောင်လိုက်သည်။
နောက်ပိုင်းတွင် ရှီမာယူယူသည် သူ၏နီရဲပျားများကို ထုတ်လိုက်သည် “သူတို့တွေနဲ့တော့ စာချုပ်တည်ထောင်စရာမလိုဘူး.. သူတို့အတွက်နေရာမရှိ ရင် အပြင်ကနေပဲလိုက်ခွင့်ပြုလိုက်ပေါ့.. သူတို့က ပျားဘုရင်မနဲ့ ဆက်သွယ် ချက်ရှိတယ်.. အစ်ကို တစ်ခုခုပြောလိုက်တာနဲ့ သူတို့လည်းိသမှာပဲ”
“အဲလောက်ကြီး ဒုက္ခခံဖို့မလိုပါဘူး” ဒိကျဲ့သည် ပြောရင်းနှင့် နီရဲပျားများ ကို သိမ်းလိုက်သည်။
သူ၏ ကိုယ်ပိုင်နေရာလေးသည် သက်ရှိများကို ထိန်းသိမ်းနိုင်လေသည်။
“ဒါဆိုလည်း ကိုယ့်ဘာသာပဲ စုံစမ်းလိုက်တော့.. ကျွန်မပျားတွေကိုတော့ မသိမ်းတော့ဘူး အခြေအနေကိုပဲ စောင့်ကြည့်လိမ့်မယ်” ရှီမာယူယူ ပြောလိုက် သည်။
“ဟုတ်ပြီ” ဒိကျဲ့ ပြန်ဖြေလိုက်သည်။ သူမသည် ပြဿနာများကို သူ့ဆီသို့ ပစ်ပေးပြီး ဤကိစ္စမှလက်ရှောင်လိုက်သော်လည်း အတော်အသင့်တော့ ဂရုစိုက်သေးသည်။
“အိုး မိုးတောင်လင်းပြီ ဝမ်းကွဲအစ်ကို.. ဒီလောက်ခရီးရှည်ကြီးလာရတာ ပင်ပန်းနေမှာပဲ ဘာလို့အနားမယူလဲ” ရှီမာယူယူ ပြောလိုက်သည်။
ဒိကျဲ့ ထရပ်လိုက်သည် “ငါ လက်ရှိအခြေအနေကို ပီလင်းနဲ့ ဆွေးနွေးချင် သေးတယ်.. မင်း ဒီမှာပဲနေခဲ့.. အချိန်တစ်ခုတော့ ဘယ်မှမသွားနဲ့ ဟုတ်ပြီလား” ဒိကျဲ့ ပြောလိုက်သည်။
“ဝမ်းကွဲအစ်ကို ဘာတွေ စိုးရိမ်နေတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ရွှီယွိက ဒိကိစ္စကို စီစဉ်ထားပေမဲ့ ဒီအနီးအနားမှာပဲရှိလိမ့်မယ်… သူတို့ က ဝိညာဉ်စားရတာကြိုက်သလို ဝိညာဉ်တွေကိုလည်း အာရုံခံကောင်းတယ် သူတို့ မင်းကိုသာတွေ့သွားရင် ပြဿနာဖြစ်လိမ့်မယ်” ဒိကျဲ့ ပြောလိုက်သည်။
“သိပါပြီ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“အင်း.. ဒီကဘဏ္ဍာထိန်းက ငါ့လူထဲကတစ်ယောက်ပဲ… အဲဒါကြောင့် ဒီနေ့က ဖြစ်တဲ့ကိစ္စကိုတော့ စိတ်ပူဖို့မလိုဘူး” ဒိကျဲ့ ထွက်သွားသည်နှင့် အိမ်ထဲ မှလူများသည် သူနှင့်အတူထွက်သွားလေသည်။ တည်းခိုဆောင်သည် တဖန် တိတ်ဆိတ်သွားပြန်သည်။
“ဟူး” ရှီမာယူယူသည် သက်ပြင်းရှည်ကြီးချပြီး ရေရွတ်လိုက်သည် “ဝမ်းကွဲအစ်ကိုက လေးနက်နေတဲ့အချိန်ဆို အရမ်းခက်ထန်တာပဲ”
ဝူလင်းယူ ရယ်မောလိုက်သည် “သူက မင်းကိုစိတ်ပူတာပါ”
“ညီမလည်း သိတာပေါ့.. မဟုတ်ရင် သူ့ကို လွှင့်သွားတောင် တစ်ချက် လောက်တီးလိုက်ပြီ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဒါလည်း ကောင်း တာပဲ.. သူဒီမှာရှိနေရင် သူ့ကိုပဲ အပ်ထားပြီး ဘာကိုမှစိတ်ပူနေဖို့မလိုတော့ဘူး”
ဝူလင်းယူသည် သူမအပြုံးကို မြင်လိုက်သည်။ သူမသည် ဤကိစ္စကို အာရုံမစိုက်သော်လည်း လုံးဝကြီးလျစ်လျူမရှုနိုင်ပေ။ သူမသည် တာဝန်ယူစရာ မလိုတော့ဘဲ အနားယူရုံသာရှိသည်။
သူမသည် အနားယူရန် အခန်းသို့ပြန်သွားလိုက်သည်။ ရှီမာယူယူသည် နောက်နေ့ နေ့လည်အထိ အိပ်သည်။ သူမ နိုးလာချိန်တွင် မည်းနက်နေသော မျက်နှာနှင့် ဝူလင်းယူအပြင် အေးအေးလူလူလက်ဖက်ရည်သောက်နေသော မိုယွိကို တွေ့လိုက်ရသည်။
သူမ မျက်မှောင်ကြုတ်လိုက်သည်။ အဲလူနှစ်ယောက်ကလည်း အားကောင်းလိုက်ကြတာ။ သူတို့ ရှိနေတာကို သူမတောင် သတိမထားမိဘူး။
“ကျွန်မအခန်းက ဘယ်တုန်းက ရှင်တို့ ဝင်ချင်တိုင်းဝင်လို့ရတဲ့နေရာဖြစ် သွားတာလဲ ချက်ချင်းပဲ ထွက်သွားပေးလို့ရမလား” သူမ ထရပ်ပြီး ထိုလူနှစ် ယောက်အား တည်တံ့စွာ ကြည့်လိုက်သည်။
ဝူလင်းယူသည် မိုယွိကို ကြည့်လိုက်သည်။ သူ ယူယူ့အခန်းထဲသို့ ဝင်ပြီး နောက်မှပင် သူ့ကိုသတိထားမိခြင်းဖြစ်သည်။ သူသည် မိုယွိကို မောင်းထုတ် ချင်သော်လည်း သူတို့နှစ်ယောက် တိုက်ခိုက်ပါက သူမ နိုးသွားမည်ဖြစ်သည်။ ထို့ကြောင့် သူသည် မိုယွိကို ကြည့်ရုံသာကြည့်နိုင်သည်။
မိုယွိသည် ရှီမာယူယူ ဒေါသထွက်နေသည်ကို လျစ်လျူရှုပြီး သူမကို ကြည့်ရင်းနှင့် ပြောလေသည် “ငါလည်း နီရဲပျားလိုချင်တယ်”
အဲဒီ ဒိကျဲ့လေ။ သူပြန်လာတာနဲ့ ယူယူက နီရဲပျားပေးပါတယ်ဆိုပြီး လာ ကြွားတာ။ သူ့ကိုယ်သူ ဘဝင်တွေမြင့်ပြီး ထိုးချင်စရာကောင်းလိုက်တာ။
“ဒီကိုအပျော်လာတာလား” ရှီမာယူယူသည် သူ့ကို မျက်လုံးလှိမ့်ပြလိုက် သည်။
“မင်းက သူ့ကိုတောင် တစ်ကောင်ပေးသေးတာပဲ.. ငါလည်း လိုချင်တယ် အဲဒါမှ သူလာမကြွားတော့မှာ”
ရှီမာယူယူသည် နှုတ်ခမ်းတွန့်မိသည်။ ဒိကျဲ့ကတော့လေ တကယ်ပဲ အသုံးမဝင်တာတွေ လုပ်နေတာပဲ။ သွားပြီးတောင် ကြွားလိုက်သေးတယ်။ သူမ ပိုဆွံ့အမိသည်မှာ သူမရှေ့ကလူကိုပင်ဖြစ်သည်။ သူ့လိုမျိုး နှစ်တွေအများကြီး နေလာခဲ့တဲ့ အဘိုးကြီးက ဒီလိုကိစ္စကြောင့်နဲ့ သူမဆီကိုပြေးလာသေးတယ်။ သူ့ ဂုဏ်သိက္ခာဆိုတာ ဘယ်မှာလဲ။
***