ဓါးသခင်ရဲ့အရှုံး
Vol. 18 Ch. 247
အန်လင်း၊ တပိုင်နှင့် ရှောင်ချိုးတို့ အားလုံး အံ့အားသင့်သွားခဲ့ကြသည်။ သူတို့သည်ထို ဒီ masochist ဂိမှာန်ငှက်ကို စုရှောင်လန်က အနိုင်ယူနိုင်လိမ့်မည်ဟု လုံးဝထင်မထားပေ။
(masochist _ သူတစ်ပါးနာကျင်ဒုက္ခရောက်ခြင်းအား သာယာသူ)
သူတို့သုံးဦး မျက်နှာဘယ်နားထားရမလဲမသိဖြစ်သွားသည်။ သူတို့ ခေါင်းများကို နံရံနှင့်ဆောင့်ချင်စိတ်များ ဖြစ်ပေါ်လာကြသည်။
ဂိမှာန်ငှက်သည် စုရှောင်လန်ထံသို့ ရွှေရောင်မီးသစ်စေ့တစ်စေ့ကို မှုတ်ထုတ်ရင်းပြောလိုက်သည်။
“မျက်စိမှိတ်ပြီးအာရုံစိုက်ထား”
စုရှောင်လန်က ဂိမှာန်ငှက် ပြောသည့်အတိုင်း သူမ၏မျက်လုံးများကိုမှိတ်လိုက်ရာ ရွှေရောင်မီးသစ်စေ့က သူမ၏ မျက်ခုံးနှစ်ခုကြားနေရာသို့ စီးဝင်သွားသည်။
ဘုန်း...!
ကောင်းကင်နှင့်မြေပြင်မှ ချီစွမ်းအင်များ ရုတ်တရက် စတင်စုစည်းရောက်ရှိလာကြသည်။
“စုရှောင်လန် ရဲ့အော်ရာကငါ့ထက် ပိုပြီးအစွမ်းထက်လာနေတာလား”
သူ့ရှေ့ရှိနေသည့်မိန်းကလေးကို မျက်မှောင်ကြုတ်ကာကြည့်လိုက်ပြီး အန်လင်းမေးခွန်းထုတ်လိုက်သည်။
"သူပိုပြီးအားကောင်းလာတာကို ကျွန်တော်လဲခံစားမိတယ် ကြည့်ရတာ အမွေအနှစ်ကိုလက်ခံတဲ့အချိန်မှာ ဆက်ခံသူရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်လာစေနိုင်တာလား...ဝုတ်!” တပိုင်လည်း စိတ်ရှုပ်ထွေးသွားသည်။
ထိုအခါ ဂိမှာန်ငှက်က ရယ်မောရင်းပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ သူဒီအမွေအနှစ်ကို လက်ခံလိုက်တဲ့အချိန်မှာ ဉာဏ်အလင်းတချို့ရခဲ့တာကြောင့်ပဲ... သူ့ရဲ့ ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ မီးတောက်တွေကို သန့်စင်နေတဲ့အချိန် ဖြစ်ပေါ်လာတဲ့အပေါ်မှာ အခွင့်အရေးယူပြီး သူ့ရဲ့မီးတောက်ကိုသန့်စင်စေလိုက်တာ ဒီလိုမျိုး အခွင့်အလမ်းကို ဆုပ်ကိုင်နိုင်တာ... မီးတောက်လမ်းစဉ်မှာ သူဟာ အလွန်ပါရမီရှိတဲ့သူဆိုတာငြင်းမရဘူး ”
ထိုအချိန်တွင် စုရှောင်လန်၏ အနီးတစ်ဝိုက်မှ ရုတ်တရက် လွင့်မျောနေသောမီးတောက်များ ထွက်ပေါ်လာသည်။ ထိုအဝါရောင်မီးတောက်များသည် ရွှေရောင်သမ်းနေပြီး ကျွမ်းလောင်စေသောအော်ရာများကိုထုတ်လွှင့်နေသည်။
သူမသည် စိတ်လှုပ်ရှားနေသောမျက်နှာဖြင့် မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။
"ငါအောင်မြင်သွားပြီ...!"
ဂိမှာန်ငှက်ခေါင်းညိတ်လိုက်သည်။
"အမွေအနှစ်လွှဲပြောင်းတာ ပြီးသွားပြီဆိုတော့ ငါအခုထွက်သွားတော့မယ်... ငါတို့တစ်နေ့နေ့မှာ ပြန်ဆုံတွေ့ ရလိမ့်မယ်လို့ ထင်တယ်... နောက်တစ်ခါပြန်တွေ့ကြရင် မင်းကောင်တွေ ငါ့ကို ခွန်အားအပြည့်နဲ့ ရိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်ကွာ... အ..အို…”
ထိုသို့ပြောပြီး မီးတောက်များ တောက်လောင်နေသော သူ့တောင်ပံများကို ဖြန့်လိုက်ကာ နဂါးသင်္ချိုင်း ဝင်ပေါက်ဆီသို့ ပျံသန်းသွားသည်။
အန်လင်း- “…”
တပိုင်နှင့်ရှောင်ချိုး နှစ်ယောက်လုံးသည် သူတို့၏ အသေးစားခန္ဓာကိုယ်များအဖြစ်သို့ပြန်ပြောင်းလိုက်သည်။ သူတို့နှစ်ယောက်စလုံး အလွန်အမင်း စိတ်ဓာတ်ကျနေကြသည်။ သူတို့ မြက်ပင်များဖြစ်သွားလျှင်ကောင်းမည်ဟု တွေးနေမိကြသည်။
"ဟုတ်ပြီ..ဟုတ်ပြီ... နောက်နန်းတော်တစ်ခုကိုသွားကြရအောင်"
စုရှောင်လန်သည် စိတ်ဓါတ်တက်ကြွစွာ ပြောလိုက်သည်။အခုအချိန်တွင် စုရှောင်လန် တစ်ယောက်တည်းကသာ အားတက်သရောရှိနေသည်။ ထိုစွန့်စားခန်းခရီးသည် သူမအတွက်အလွန်အထောက်အကူပြုသည့် အမွေနှစ်ခု ရရှိစေခဲ့သည်။
တတိယနန်းတော်ကို ဆောင်းဦးနန်းတော်ဟုခေါ်သည်။ အန်လင်းနှင့် အခြားသူများသည် သူတို့တံခါးကို ဖွင့်လိုက်သည်နှင့် “မလွယ်ဘူး”ဟူသော ခံစားချက်မျိုးရနေကြသည်။ သူတို့အာရုံများသည် မြက်ခင်းပေါ်တွင် ထိုင်နေသော အမျိုးသမီးတစ်ဦးဆီရောက်သွားကြသည်။ သူမသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏သေးသွယ်သောခြေထောက်များပေါ်တွင် ရှေးဓားတစ်ချောင်းတင်ထားသည်။ သူမသည် တိတ်ဆိတ်စွာြဖင့် ကျင့်ကြံအားထုတ်နေသည်။
အန်လင်းသည် ထိုအမျိုးသမီးအားကြည့်ကာ အလွန်ဆွဲဆောင်မှုရှိသည်ဟုခံစားရသည်။ ဟမ့်… အဆိပ်ပြင်းမဲ့ အရှင်သခင်တစ်ယောက်ပဲ..
ထိုသို့ဆရာသခင်မျိုးကျင့်ကြံနေချိန်တွင် အနှောက်အယှက်ပြုခြင်းသည် အလွန်မလေးစားသည့် အပြုအမူဖြစ်သွား ပေလိမ့်မည်။ အကောင်းဆုံးနည်းလမ်းမှာ သူမဘေးတွင် တိတ်ဆိတ်စွာရပ်နေပြီး သူမကျင့်ကြံပြီးချိန်တွင် နှုတ်ဆက်ရန် စောင့်ဆိုင်းနေခြင်းပင်ဖြစ်သည်။
စုရှောင်လန်လည်း ထိုသို့ စိတ်ကူးမိကာ အန်လင်း နှင့်အတူ တိတ်တဆိတ်မတ်တပ်ရပ်ပြီး စိတ်လှုပ်ရှားခြင်းများ နှင့်အတူ မျှော်လင့်ချက်အနည်းငယ်ထားကာ ထိုမိန်းမပျိုကိုစောင့်ကြည့်နေလိုက်သည်။
အချိန်များ ဖြည်းဖြည်းချင်းကုန်လွန်လာသည်။
ဤစမ်းသပ်မှုသည် သူတို့၏စိတ်ရှည်မှုကို စမ်းသပ်ခြင်းဖြစ်နိုင်သည်ဟု ခံစားရသဖြင့် အန်လင်းသည် တိတ်တဆိတ် ဆက်ရပ်နေသည်။ မသိလိုက်မသိဘာသာဖြင့် အချိန်များစွာ ကြာမြင့်လာခဲ့သည်။ အနီရောင် ၀တ်စုံ၀တ်ထားသော ခန္ဓာကိုယ်လေးသည် လှုပ်ရှားလာပြီး ခေါင်းကိုဘေးသို့စောင်းလိုက်သည်။ သူမ၏ နှုတ်ခမ်းများ အနည်းငယ်ပွင့်ဟသွားပြီး တောက်ပသောသွားရည်စီးကြောင်းတစ်ခုဖြစ်ပေါ်လာသည်။
အန်လင်း-“…”
စုရှောင်လန်_ “…”
"သူအိပ်ပျော်နေတာလား" အန်လင်းသည် စုရှောင်လန်အား စိတ်ဖြင့်ဆက်သွယ်လိုက်သည်။
"ဖြစ်နိုင်တယ်" စုရှောင်လန်လည်းပြန်ပို့လိုက်သည်။
"သူသွားရည်တောင်ကျနေတာလေ… ကျင့်ကြံနေတဲ့အချိန် သွားရည်ကျနေတဲ့လူ နင်မြင်ဖူးလို့လား"
"သူ့ကိုနှိုးလိုက်ကြရအောင်" အန်လင်း ဆက်ပြောလိုက်သည်။
“ငါတို့ သူ့ကို အလျင်စလို နှိုးလိုက်လို့ သူဒေါသထွက်သွားပြီး ဒီကအမွေအနှစ်ကို ငါတို့ ဆုံးရှုံးမသွားနိုင်ဘူးလား။ ”
စုရှောင်လန် အနည်းငယ် စိုးရိမ်စွာပြောလိုက်သည်။အန်လင်း ခေါင်းညိတ်လိုက်သည်။ သူလည်း ထိုသို့ဖြစ်နိုင် သည်ဟု ခံစားရသောကြောင့် သေးငယ်သည့်ပုံပြောင်းထားသော တပိုင်ကို ပစ်လွှတ်လိုက်သည်။
“တပိုင် မင်းသွားလိုက်!”
“ဝုတ်.... ဘာလို့ငါဖြစ်ရပြန်တာလဲ”
တပိုင်သည်သူ၏စိတ်ဒဏ်ရာများ ပြန်လည်ကောင်းမွန်မလာသေးခင် ဝေဒနာတစ်ခုထပ်ရလိုက်ပြီး တီးတိုးရေရွတ် လိုက်သည်။ ထို့နောက်သူ၏ခွေးမျက်နှာနှင့် မိန်းမငယ်၏မျက်နှာ တိုက်မိသွားသည်....
ဘန်း!
မိန်းမငယ်သည်နောက်သို့ ပြင်းထန်စွာ ပစ်လဲသွားသည်။
စုရှောင်လန်_“ …”
အန်လင်း၏ မျက်လုံးများပြူးထွက်လာသည် ။ တပိုင်ကို ပစ်ချလိုက်တာ အားများသွားပြီဟု ခံစားလိုက်ရသည်။ ထိုသို့ ဖြစ်စေရန် ရည်ရွယ်ချက်မရှိသည်မှာ အမှန်ဖြစ်ပြီး တပိုင်က ထိုမျှပေါ့ပါးနေလိမ့်မည်ဟု သူလုံးဝ မထင်မှတ်ခဲ့ပေ။
“အို.... ဘယ်သူလဲ.... ဝိုး.... ခွေး”
အနီရောင်ဝတ်ဆင်ထားသောအမျိုးသမီးသည် ထိတ်လန့်တကြားအော်ဟစ်လိုက်ပြီး သူမကိုကျော်ခွသွားသည့် အရာကို ကြည့်လိုက်ရာ တပိုင်၏ ချစ်စဖွယ်ခွေးမျက်နှာလေးကိုတွေ့လိုက်ရသည်။
သူမ ခေါင်းမော့ကြည့်လိုက်ရာ အန်လင်း နှင့် စုရှောင်လန်အပြင် အလွန်ရုပ်ဆိုးလှသည့် မျောက်တစ်ကောင် ကိုလည်းတွေ့ခဲ့သည်။ ရုတ်တရက် သူမ၏ခံစားမှုများ ပြောင်းလဲသွားပြီး သူမ၏ခန္ဓာကိုယ်မှ အလွန် ပြင်းထန်သော ဓါးအိမ်မှထုတ်လိုက်သော ဓါးတစ်ချောင်းကဲ့သို့ချွန်ထက်သော အော်ရာများ ထွက်ပေါ်လာသည်။
“ဆောင်းဦးနန်းတော်မှကြိုဆိုပါတယ် .... ကံကောင်းတဲ့လူသားတို့.... ဆောင်းနဂါးသင်္ချိုင်းရဲ့ ဓါးအမွေအနှစ်ကို ဆက်ခံချင်ပါသလား...”
သူမရဲ့အသံကကြည်လင်ပြတ်သားပြီးနှစ်သက်စရာကောင်းပေမယ့် ထိတ်လန့်မှုကြောင့် အနည်းငယ် တုန်ခါ နေသည်။ ထိုစကားကို အန်လင်းကြားလိုက်သောအခါ ဝမ်းသာပီတိဖြစ်သွားသည်။
ဓားအမွေအနှစ်လား…
ငါ… ဓါးတန်ခိုးရှင်အန်လင်းကပဲ…. ဒီအမွေအနှစ်ကို ငါရယူနိုင်မယ်ဆိုတာ သေချာပြီးသား....
သူသည် စစ်နတ်ဘုရားခုတ်ချက်ခြောက်ချက်ကိုပင် ရယူနိုင်ခဲ့ပြီဖြစ်ရာ ဆောင်းနဂါးသင်္ချိုင်းရဲ့ ဓါးအမွေအနှစ်ကို ရယူရန်မည်သို့ ခက်ခဲမည်နည်း။ စုရှောင်လန် အမွေအနှစ်နှစ်ခု ရရှိခဲ့သည်ကို မြင်တွေ့ရပြီးနောက် အန်လင်း ရှက်ရွံ့နေခဲ့ရာ ယခုတွင် သူကျွမ်းကျင်သော နယ်ပယ်တစ်ခုကို တွေ့ပြီဖြစ်သည်။
"ဒီဓားအမွေအနှစ်ကို ရဖို့အတော်လေးလွယ်ကူပါတယ်" ဟုမိန်းမငယ်ကပြောသည်။
“ငါက ဓါးကိုတစ်ကြိမ်ကစားပြမယ်.. ပြီးတော့ မင်းနားလည်လိုက်တာကို အခြေခံပြီးငါ့ဓားကွက်ကို ပြန်ကစားပြ ရမယ်.. မင်းတို့ထဲက တစ်ယောက်က ငါ့အမွေအနှစ်ကို ဆက်ခံနိုင်မယ်လို့ထင်တယ်”
အန်လင်းစိတ်အားထက်သန်စွာခေါင်းညိတ်လိုက်သည်။
"သိပါပြီ....ဆောင်းဦးပျိုလေး!"
“ဟမ်...ငါ့ကိုယ်ငါ ခုထိ မိတ်မဆက်ပေးရသေးဘူးလေ... ငါ့နာမည်ကို ဘယ်လိုလုပ် သိနေတာလဲ..”
အနီရောင်ဝတ်ဆင်ထားသော အမျိုးသမီး၏ မျက်နှာပေါ်တွင် သိချင်စိတ်များပေါ်နေပြီး မျက်လုံးများပင် တောက်ပနေသည်။
နွေဦးလူသားနဲ့ ဂိမှာန်ငှက်ဆိုတဲ့ သောက်ကျိုးနည်း နာမည်ပေးနည်းကြီးကို သိထားမှတော့ ခင်ဗျားနာမည်ကို ခန့်မှန်းရတာ ဘာများခက်လို့လဲ...
သို့သော် သူထိုကဲ့သို့ အမှန်အတိုင်း လုံး၀ဖွင့်ပြောမည်မဟုတ်ပေ။ သူကလျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့်ပြုံးလိုက်ပြီး..
“ ဒီတိုင်း တိုက်ဆိုင်သွားတာနေမှာပါ”
ထိုသို့ကြားရသည့်အခါ ဆောင်းဦးပျိုလေး အနည်းငယ်အံ့သြသွား ပြီးနောက် "နင်က အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့လူပဲ"
အန်လင်း တိတ်တခိုး ပီတိဖြာသွားမိသည်။
သူအထင်ကြီးသွားအောင် လုပ်နိုင်လိုက်ပြီကွ...
စုရှောင်လန် နှလုံးသားထဲမှာ ဒေါသမီးများ တောက်လောင်စွာဖြင့် နှုတ်ခမ်းကိုကိုက်လိုက်သည်။ ထိုအကောင် အန်လင်းသည် သူမ၏ရှေ့မှ မိန်းကလေးကို ကောင်းကောင်းရိုက်စားလုပ်နေသည်။
ဆောင်းဦးပျိုလေးသည် သူမ၏ဓားသရုပ်ဖေါ်အကကိုစတင်လိုက်သည်။
သူမ၏ အနီရောင်ဝတ်စုံနှင့်သွယ်လျသော လက်ချောင်းများသည်လည်း ဓါးသိုင်းနှင့်အတူ ကခုန်နေသည်မှာ မေပယ်သစ်တောတစ်လျှောက်ဝဲပျံနေသော လိပ်ပြာလေးနှင့်တူပြီး လှပကြော့ရှင်းလွန်းလှသည်။ ထို့အပြင် အထီးကျန်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ကိုလည်း တစ်ပြိုင်နက်တည်း ခံစားမိကြရသည်။
အန်လင်းသည် ထိုဓါးကွက်များအား အလွန်နှစ်သက်သွားကို ဝန်ခံလိုက်သည်။ ဒီဓားကွက်တွေက လုံး၀အလန်းပဲ!
"ဟူး... ငါ သရုပ်ပြတာပြီးပြီ... နင်တို့အလှည့်”
ဆောင်းဦးပျိုလေးသည် သူမ၏ဓားသရုပ်ပြမှု အပြီးတွင် သက်ပြင်းချလိုက်ပြီး သူမရှေ့ရှိ လူနှစ်ယောက်ကို တောက်ပသောမျက်လုံးများဖြင့်ကြည့်လိုက်သည်။
သူမ၏မျက်လုံးများ အန်လင်းအပေါ် ပိုများနေသည်ကို ကြည့်ခြင်းဖြင့် သူပြသမည့် အရည်အချင်းကောင်းများကို မျှော်လင့်နေမှန်းသိသာသည်။
“အာဟာ့”
ထိုစကားကိုကြားသောအခါ သူ့နှလုံးသားမှ အန္တရာယ်အငွေ့အသက်များကို ခံစားမိပြီး ရင်ခုန်လာသည်။ အန်လင်းသည် ဆောင်းဦးပျိုလေး၏ ဓားသရုပ်ဖေါ်အကတွင် သာယာပျော်ဝင်သွားမိပြီး အားလုံးပြီးသွားချိန်တွင် သူ ဘာကိုမှ မမှတ်မိလိုက်သည်ကို သတိပြုမိသွားသည်။
သူဘာကိုမှ နားမလည်လိုက်တာလား.. ဒါမှမဟုတ် နားလည်ဖို့ ဉာဏ်မမီတာလား…
ငါသူ့ပုံစံအတိုင်းလိုက်လုပ်ပြနိုင်မှာလဲ... ရုပ်မြင်သံကြားမှာပြတဲ့ ကိုယ်လက် လေ့ကျင့်ခန်းလုပ်နည်းတွေကို သရုပ်ဖေါ်ပြ လိုက်ရင် ကောင်းမလား…
ထိုအချိန်တွင် စုရှောင်လန်သည် သူမ၏ဓားသရုပ်ဖေါ်အကကိုစတင်လိုက်သည်။ တပိုင်နှင့်ရှောင်ချိုး တို့သည် ပါဝင်ယှဉ်ပြိုင်ခွင့်ကို ချက်ချင်းစွန့်လွှတ်လိုက်ကြသည်။
အန်လင်းသည် ရှုံးနိမ့်ခြင်းကို မခံမရပ်နိုင်ဖြင့် သူ၏မိစ္ဆာရှင်းဓားကိုစတင်ထိုးနှက်ခဲ့သည်။ စုရှောင်လန်၏ ဓါးသရုပ်ဖေါ်အကကိုမြင်သောအခါ ဆောင်းဦးပျိုလေး ခေါင်းတဆတ်ဆတ်ညိမ့်လိုက်သည်။ ထို့နောက် အန်လင်း ကိုကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။ ဒီကောင်ဘာတွေလုပ်နေပါလိမ့်….?
ဓါးသရုပ်ဖေါ်အကများပြသပြီးနောက် စုရှောင်လန်၏နဖူးမှ ချွေးပေါက်များစီးကျလာသည်။ အန်လင်းမှာ သူ ငယ်ငယ်က ပြုလုပ်ခဲ့သော အားကစားလေ့ကျင့်ခန်းတစ်ခုကို အားတက်သရော ပြသရင်း ငယ်ဘဝကို ပြန်လည်ခံစားနေကာ ထိုအထဲတွင်စိတ်နှစ်ထားပြီး အရာရာကို ဉပေက္ခာပြုထားသည်။
ဆောင်းဦးပျိုလေးသည် အန်လင်းဆီသို့ လှမ်းလာခဲ့ရာ အန်လင်း၏ နှလုံးခုန်နှုန်းများမြန်လာပြီး စိတ်လှုပ်ရှား လာခဲ့သည်။
ငါနောက်ဆုံးရွေးချယ်ခံလိုက်ရတာလား...ငါ့ရဲ့ဓါးကွက်ဆန်းတွေကို ကြည့်ပြီး ငါဟာဓါးပညာမှာ အံ့အားသင့် လောက်အောင် ပါရမီပါတယ်ဆိုတာ သူမြင်သွားပြီပေါ့လေ...
"ဒါက မင်းနဲ့ကံမစပ်ဘူးထင်တယ်... ကောင်းပြီလေ... ဓါးလမ်းစဉ်မှာ မင်းရဲ့စွမ်းရည်က အရမ်းဆိုးဝါးနေပေမယ့် ကမ္ဘာပေါ်မှ ထောင်သောင်းချီတဲ့ကျင့်စဉ်တွေရှိပါသေးတယ် မင်းနဲ့လိုက်ဖက်မယ့် တစ်ခုတော့ရှိနေမှာပါ...”
ဆောင်းဦးပျိုလေးသည် အန်လင်းပခုံးကိုပုတ်လိုက်ပြီး အားပေးစကားပြောလိုက်သည်။
အန်လင်း ကြက်သေသေသွားပြီး ပါးစပ်ဟသွားသည်။ ဆောင်းဦးပျိုလေးသည် စုရှောင်လန်ဆီသို့ ပြုံးရွှင်သော မျက်နှာဖြင့်လှမ်းသွားလိုက်ပြီး...
" ကံကောင်းတဲ့လူသားလေး.... မင်း ဆောင်းနဂါးသင်္ချိုင်း၏ဓားအမွေအနှစ်ကို ဆက်ခံဖို့ဆန္ဒရှိပါသလား"
စုရှောင်လန် ခေါင်းကို ခပ်သွက်သွက်ညိမ့်လိုက်သည်။
သူမသည် အန်လင်း၏ ထိပ်တန်းဓါးပညာကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ဖူးရာ ဆောင်းဦးပျိုလေးက သူမကို ရွေးချယ် လိုက်ခြင်းအား အံ့အားသင့်နေမိသည်။ အန်လင်းများ ရည်ရွယ်ချက်ရှိရှိ အရှုံးပေးလိုက်တာလား။
အဲတုန်းက အန်လင်းဓါးသရုပ်ဖေါ်နေတာ ထင်မှတ်မထားလောက်အောင် တော်တော်လေး အော်ဂလီဆန်စရာ ကောင်းနေတာ... ကြည့်ရတာ သူရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာပဲဖြစ်မယ်...
ထိုအကြောင်းကို တွေးမိသောအခါ အန်လင်းကို ကျေးဇူးတင်စွာဖြင့်ကြည့်လိုက်ပြီး သူမစိတ်ထဲတွင် ထိုကျေးဇူးတရားများကို အသိအမှတ်ပြုလိုက်သည်။
***