အအောင်မြင်ဆုံးသူကြီး စုရှောင်လန်
Vol. 18 Ch. 248
ဆောင်းဦးနန်းတော်၏ ဓါးအမွေအနှစ်ကိုဆက်ခံပြီးနောက် စုရှောင်လန်၏ အော်ရာသည် ပို၍ အားကောင်း လာသည်။
"အာ…... နောက်ဆုံးတော့ ငါလွတ်လပ်ပြီပဲ... မင်းလဲ အမွေအနှစ်ကို ဆက်ခံပြီးသွားပြီဆိုတော့ ကောင်းကောင်း အနားယူလိုက်ဦး " ဆောင်းဦးပျိုလေးသည် တစ်ခုခုကို အမှတ်ရသွားပုံပေါ်ပြီး ခါးသက်စွာ ပြုံးပြီးခေါင်းကို ခါလိုက်သည်။
ဆောင်းဦးပျိုလေးသည် ဘာမှထပ်မပြောတော့ဘဲ အန်လင်းနှင့်အခြားသူများကို နှုတ်ဆက်ပြီး ဆောင်းဦး နန်းတော်မှ ထွက်ခွာသွားခဲ့သည်။
စုရှောင်လန်သည် အန်လင်းကို ဟေမန္တနန်းတော်သို့ စိတ်အားထက်သန်စွာ ဆွဲခေါ်သွားသည်။သူအလွန် ဂုဏ်ယူခဲ့သည့် ဓါးသမားဘဝအား ရိုက်ချိုးခံလိုက်ရပြီးနောက် အန်လင်း၏ စိတ်အခြေအနေသည် တပိုင်နှင့်တူညီ သွားခဲ့သည်။ တစ်ယောက်မှာဓားသမားတစ်ဦး ဂုဏ်သိက္ခာကိုထိခိုက်ခံခဲ့ရပြီး တစ်ယောက်မှာ ယောက်ျား တစ်ယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်ခံခဲ့ရသည်ဖြစ်ရာ သူတို့နှစ်ယောက်စလုံး စိတ်တည်ငြိမ်မှုရစေရန် အချိန်တစ်ခုတော့လိုပေသည်။
ဟေမန္တနန်းတော်တွင် ငွေရောင်ဆံပင်များရှိသော အမျိုးသားတစ်ယောက်ကို တွေ့ကြရသည်။ ဟေမန်လူသား သူတို့ကိုတွေ့ရသည့်အခါ ပထမဆုံး ပြောကြားခဲ့သည်မှာ...
“ဘဝဟာ အေးစက်လွန်းတဲ့ ဆီးနှင်းတွေကြားမှာ လျှောက်လှမ်းနေရတဲ့ အထီးကျန်ခရီးရှည်ကြီးပါပဲ... ငါ့အထီးကျန်ကမ္ဘာကြီးကို ဘယ်သူကများ အလင်းရောင်တွေယူလာပေးမှာလဲ...."
ထို့နောက်သူသည် ဖီးနစ်တစ်ကောင်ကဲ့သို့ လှပတင့်တယ်လှသော စုရှောင်လန်ကိုတွေ့သောအခါ ပန်းရောင်သန်းသောမျက်နှာဖြင့်ပြောလိုက်သည်။
"အို ... မင်းလေးဟာ အမှောင်ထဲက မီးအိမ်လေးနဲ့တူတယ်... မင်းငါ့နှလုံးသားကိုအရည်ပျော်စေခဲ့တယ်"
"မိန်းမလှလေးရေ... မင်းငါ့ရဲ့နှင်းခဲအမွေအနှစ်ကို ဆက်ခံချင်သလား"
အမွေအနှစ်ကို ချက်ချင်းကြီးကို လက်ဆောင်ပေးပစ်လိုက်တာလား။ အန်လင်းနှင့်တပိုင်တို့သည် ချက်ချင်း ဆွံ့အသွားသည်။
သို့သော် စုရှောင်လန်သည် ပြတ်သားစွာ ခေါင်းခါလိုက်သည်။ "ငါ မလိုချင်ဘူး... ငါ့ရဲ့အခြေခံကမီးလေ...."
“မင်းအခု နားလည်မှုလွဲနေတယ်ထင်တယ် တကယ်တော့ ရေခဲနှင့်မီးစွမ်းအင်ဟာ ဆန့်ကျင်ဘက်တွေ မဟုတ်ဘူး” ဟေမန်လူသားသည် စိတ်အားထက်သန်စွာဖြင့် ရှင်းပြလိုက်သည်။
"အဲလိုမဟုတ်ဘဲ သူတို့က အပြန်အလှန်ဆက်စပ်နေကြတယ် နေရာတစ်ခုရဲ့ အေးမြမှုတွေကုန်ဆုံးသွားတယ် ဆိုရင်... ပြီးရင်... မီးဖြစ်လာနိုင်တယ်လေ..."
သူသည် ထိုကြောင်းအရာများကို အချိန်ကြာမြင့်စွာ ဆက်လက်ပြောဆို စည်းရုံးသိမ်းသွင်းပြီးနောက်ဆုံးတွင် စုရှောင်လန်သည် ယုံကြည်လက်ခံလာပြီး နှင်းခဲအမွေကို ဆက်ခံရန် သဘောတူခဲ့သည်။ သူမ၏ လက်ဝါးထဲသို့ ရေခဲအပိုင်းအစတစ်ခု ပျော်ဝင်သွားသည်။
သူမသည် ဟေမန်လူသားရဲ့စကားအပေါ် သံသယရှိနေပေမယ့် ဘာမျှမရသည်ထက်စာလျှင် တစ်ခုခုရသည်က ပို၍ကောင်းပေသည်။ ထို့ကြောင့် တွေဝေနေပေမယ့် ထိုအမွေအနှစ်ကို လက်ခံလိုက်သည်။
...
"မမလေး စုရှောင်လန်... အသေးစိတ်တွေကို အသံလွှင့်အဆောင်လက်ဖွဲ့ကနေ လွှဲပြောင်းလိုက်ကြစို့" ဟေမန်လူသား၏ မျက်စိထဲတွင် စိတ်အားထက်သန်စွာ လင်းလက်နေသည်။
"ငါမလုပ်ချင်ဘူး... တကယ်လို့ ရေစက်ရှိရင်တော့ ငါတို့သေချာပေါက် နောက်တစ်ခေါက် ပြန်တွေ့ကြမှာပဲလေ" စုရှောင်လန်က သူ၏တောင်းဆိုချက်ကို ပွင့်ပွင့်လင်းလင်းငြင်းပယ်လိုက်သည်။
“အင်း...ငါမင်းရဲ့ မီးတောက်အရည်အသွေးကိုကြိုက်တယ်” ဟေမန်လူသားသည် သူ၏လက်ကို နှလုံးသားပေါ်တင်လိုက်သည်။ သူ၏နှလုံးသည် နောက်ထပ် အရည်ပျော် သွားတော့မလိုခံစားလိုက်ရသည်။
"ဒီလိုဆိုမှတော့ ငါအရင်ဆုံး ထွက်သွားလိုက်ပါ့မယ်လေ... နောက်တစ်ခါတွေ့ရင် ငါ့ကို မင်းချစ်တတ်လာအောင် သင်ပေးမယ်”
ထိုအရှက်မဲ့စကားများကို ပြောဆိုပြီးနောက် ဟေမန်လူသားသည် ဟေမန္တနန်းတော်မှ ပျံသန်းထွက်ခွါသွားခဲ့သည်။
အစမှအဆုံးအထိ ဟေမန်လူသားသည် အန်လင်း၊ ရှောင်ချိုး သို့မဟုတ် တပိုင်တို့အား မည်သည့်စကား တစ်ခွန်းမျှမဆိုခဲ့ဘဲ သူတို့ကို ဘာမျှမရှိသောလေထုလိုသာ သဘောထားခဲ့လေသည်။
“ဟားဟား ကြည့်ရတာ ဒီနှင်းခဲအမွေအနှစ်က တကယ်ကို အသုံးဝင်တာပဲ... ရေခဲပြင်တွေနဲ့ နှင်းဖုံးနေတဲ့ အခြေအနေတွေမှာ တိုက်ပွဲဖြစ်ခဲ့ရင် အအေးဓါတ်တွေက ငါ့မီးတောက်စွမ်းအားတွေအပေါ် သက်ရောက်မှုမရှိဘဲ အမြင့်ဆုံး အခြေအနေကနေ တိုက်နိုင်အောင် ဒီဟာက ကူညီပေးလိမ့်မယ်” စုရှောင်လန် အလွန်ဝမ်းသာသွားသည်။
သူမသည် အန်လင်း၏ လက်ကို တရွတ်တိုက်ဆွဲကာ နောက်နန်းတော်တစ်ခုသို့ ဦးတည်လိုက်သည်။ အားလုံးက အရမ်းအဆင်ပြေနေတာကို...။
အန်လင်းသည် သူ၏မျက်နှာကိုပွတ်သပ်ပြီး ကူကယ်ရာမဲ့စွာဖြင့်မေးလိုက်သည်။ “ စုရှောင်လန်… မင်းရဲ့မိသားစုကများ ဒီဆောင်းနဂါးသင်္ချိုင်းကို ပိုင်ဆိုင်သလားဟင်...”
“ဟမ်...” စုရှောင်လန်က အန်လင်းကိုရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ပြီး သူဘာကို ဆိုလိုမှန်းနားလည်သွားပြီး သူမ၏ လက်များကို လှုပ်ခါပြီးရယ်လိုက်သည်။
“ဒီနဂါးသင်္ချိုင်းနဲ့ ရေစက်ပါတာနေမှာပါဟယ်...”
အန်လင်း လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
“ကံတရားက စကားလုံးတွေနဲ့ ဖေါ်ပြလို့မရအောင်ကို ဆန်းကြယ်လွန်းတယ်”
သူတို့နှစ်ဦးသည် ယီနန်းတော်ဟုခေါ်သော ပဉ္စမမြောက်နန်းတော်သို့ရောက်ရှိလာကြသည်။
(တကယ်တမ်းတော့ နန်းတော်နာမည်ကိုက တစ်နှစ် လို့ပဲ မှည့်ထားတာ။ တစ်နှစ်ဆိုတာကြီးက ခေါ်မကောင်းလို့ တစ် ကိုပဲ ယူပြီး ယီနန်းတော် လို့ ပြင်လိုက်တာပါ_)
"တစ်နှစ်မှာ လေးရာသီရှိတယ်ဆိုတော့ ဒီနန်းတော်ကအရင်နန်းတော်လေးခုနဲ့ဆက်စပ်မှုရှိနိုင်မလား” စုရှောင်လန်သည် သူမရှေ့ရှိ နန်းတော်ကိုကြည့်ရင်း မျှော်လင့်ချက်များဖြင့် စိတ်ဓါတ်များတက်ကြွနေခဲ့သည်။
"ဖြစ်နိုင်ချေများတယ်.... ဒါမှမဟုတ်ဒီနာမည်က ဒီနဂါးသင်္ချိုင်းပိုင်ရှင်ရဲ့ သောက်**စာထဲမှာပြောထားတဲ့အတိုင်း ဆက်လုပ်တာလဲဖြစ်နိုင်တယ် ”
အန်လင်းလည်း သေချာမပြောနိုင်ပေ။ မည်သို့ပင်ဖြစ်စေ၊ သူတို့ ဤနန်းတော်ထဲဝင်ပြီးနောက် ထိုမေးခွန်း၏ အဖြေကို ရှာကြရပေမည်။
သူတို့သည် တံခါးကိုဖွင့်၍ နန်းတော်ထဲသို့ဝင်လိုက်ကြသောအခါ ယဉ်ကျေးသိမ်မွေ့သော လူလတ်ပိုင်း အမျိုးသား တစ်ဦးက သူတို့အားကြိုဆိုနေသည်။
“ယီနန်းတော်မှ ကြိုဆိုပါတယ်... နွေဦး၊ ဂိမာန၊ ဆောင်းဦး၊ ဟေမန္တ တို့ရဲ့ အမွေအနှစ်တွေကို ရရှိခဲ့တဲ့ အတွက်ဂုဏ်ပြုတယ်... ငါ့နာမည်က အရှင်နျန်ဖန်ပါ ”
အရှင်နျန်ဖန်သည် နန်းတော်ြကီးငါးခု၏ခေါင်းဆောင်ဖြစ်ကာ သူတို့ အခြားနန်းတော်လေးခုမှ အမွေအနှစ်များ ရရှိခဲ့သည်ကိုသိရှိနေခဲ့ပြီးဖြစ်သည်။
သူ၏ နှုတ်ခွန်းဆက်စကားကိုကြားရသောအခါ အန်လင်း နှင့် စုရှောင်လန်တို့သည်လည်း ပြန်လည်မိတ်ဆက် လိုက်ပြီး သူတို့ရှေ့မှ အမျိုးသားကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။
ထိုနေရာမှ နန်းတော်များ အလုပ်လုပ်သည့်ပုံစံကို သူတို့ အတော်အတန်နားလည်သွားကြသည်။ နန်းတော် တိုင်းတွင် သင်္ချိုင်းဂူများရှိပြီး ထိုနေရာတွင် စောင့်ကြပ်သူက သူတို့၏အမွေအနှစ်ဆက်ခံမည့်သူများကို ရွေးချယ် နိုင်သည်။ တောင်ပံနဂါးရှန်းယင်၏ စိတ်ဆန္ဒ အော်ရာကသာ ရွေးချယ်ထားသည့်သူကို ငြင်းပယ်ခြင်းမရှိလျှင် အမွေအနှစ်ကို ရရှိနိုင်ပေမည်။ ထိုအရာပြီးသည်နှင့် သင်္ချိုင်းစောင့်များသည် သူတို့၏လွတ်လပ်မှုကိုပြန်လည် ရရှိကြလိမ့်မည်။
ထိုသင်္ချိုင်းစောင့်များသည် ထူးဆန်းလှသော စမ်းသပ်မှုအမျိုးမျိုးကိုပြုလုပ်ခဲ့ပြီး သူတို့၏စိတ်ခံစားချက်အပေါ် အခြေခံကာ မည်သူအား အမွေဆက်ခံစေမည်ကိုလည်း သူတို့ဘာသာဆုံးဖြတ်ခဲ့ကြသည်။ ဖြတ်သန်းခဲ့သည့် နန်းတော်လေးခုမှ ထူးဆန်းသောအဖြစ်အပျက်များကို ကြည့်ခြင်းအားဖြင့် ထိုအရာကိုတွေ့ရှိနိုင်ပေသည်။
ကြည့်ရသည်မှာ အရှင်နျန်ဖန်သည် ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်းရှိပုံပေါ်သည်။ သူ၏အပြုအမူသည် အကြီးအကဲတစ်ဦးနှင့် ပိုတူသည်။
သူတို့၏ မိတ်ဆက်စကားကို ကြားပြီးနောက် နွေးထွေးစွာပြုံးပြလိုက်သည်။
“လေးရာသီနန်းတော်ရဲ့ အမွေဆက်ခံခြင်းသည် ရာသီခွင်နန်းတော်တွေထက်အများကြီးပိုကောင်းတယ် အရင်က ကျင့်ကြံသူအုပ်စုနှစ်ခုကို ကောင်းကင်နန်းတော်မှာ ကျဆုံးသွားပြီး အမွေအနှစ်တွေနဲ့လွဲချော်သွားခဲ့တာ နှမျှောစရာပဲ မင်းတို့အုပ်စုကတော့ ကောင်းကင်နန်းတော်ရဲ့ နတ်ဘုရားအလင်းရောင်သွေးဆောင်မှုကို တွန်းလှန် နိုင်ပြီး နန်းတော်တစ်ခုပြီးမှတစ်ခု ဆက်သွားခဲ့တယ် မင်းတို့အရမ်းတော်ကြတယ်... "
အန်လင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သူ၏ အကုန်လုံးကို သိမ်းယူခြင်းနည်းစနစ်က ထိုမျှ နက်ရှိုင်းလေးနက်သည်လား....။
“ ဒါဆိုရင် လေးရာသီနန်းတော်က အမွေအနှစ်တွေကို မင်းတို့အုပ်စုက ဘယ်သူတွေရခဲ့တာလဲ” အရှင်နျန်ဖန်သည် အန်လင်း၊ စုရှောင်လန်၊ တပိုင်၊ ရှောင်ချိုးတို့ကိုကြည့်ကာ စိတ်ဝင်တစားမေးလိုက်သည်။
စုရှောင်လန်က အားနာသည့်ပုံဖြင့် ရယ်လိုက်ပြီး ရှေ့သို့တစ်လှမ်းတိုး လိုက်သည်။ အရှင်နျန်ဖန် ခေါင်းညိတ်ကာ ကျန်အဖွဲ့ဝင်သုံးဦးကို ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် တိတ်ဆိတ်မှုများ ကြီးစိုးသွားသည်။
ကျန်ရှိနေသေးသောအဖွဲ့၀င်သုံးဦး၏ မတုန်မလှုပ်ပုံစံကိုမြင်ရသောအခါ မနေနိုင်စွာမေးလိုက်သည်။
“ဒါအကုန်ပဲလား”
စုရှောင်လန်ခေါင်းညိတ်လိုက်သည်။ “အမွေအနှစ်တွေအားလုံးကို ကျွန်မပဲဆက်ခံခဲ့တာပါ”
အရှင်နျန်ဖန် အံ့အားသင့်သွားသည်။ “ကလေးမက လေးရာသီနန်းတော်တွေက အမွေအနှစ်တွေအားလုံးကို ဆက်ခံခဲ့တာလား”
စုရှောင်လန်သည် အနည်းငယ်ရှက်ရွံ့မှုကို ခံစားလိုက်ရပြီး မျက်နှာတစ်ပြင်လုံး နီရဲသွားခဲ့သော်လည်း အတည်ပြုသည့်အနေဖြင့် ခေါင်းညိမ့်ပြလိုက်သည်။
အရှင်နျန်ဖန် အံ့အားသင့်သွားသည်။ “ကံတရားကတော်တော် လျှို့ဝှက်ဆန်းကြယ်တာပဲ…”
ထိုအချိန်တွင် အန်လင်းသည် တစ်စုံတစ်ခုကို ဝင်ပြောချင်သွားသည်။
ကြည့်ပါဦး...အရှင်..အကြီးအကဲရယ်... စုရှောင်လန်က အမွေအနှစ်တွေအများကြီး ရထားပြီးပါပြီ... ငါတို့ ညီအစ်ကိုတွေကိုလည်း အလှည့်နည်းနည်းတော့ပေးသင့်တယ်မဟုတ်ဘူးလား...
အရှင်နျန်ဖန်သည် စုရှောင်လန် ၏မျက်နှာကိုလေးစားစွာကြည့်လိုက်သည်။
“ငါ့ရဲ့နဂိုအစီအစဉ်က အမွေအနှစ်တွေကို လက်ခံရရှိတဲ့သူတွေ အချင်းချင်းအပြန်အလှန် တိုက်ခိုက်ပြီးမှ အမွေအနှစ်အားလုံးကို နောက်ဆုံး အနိုင်ရတဲ့သူ တစ်ယောက်တည်းကသာ ရနိုင်မှာဖြစ်တယ်... အမွေအနှစ် အားလုံးကို တစ်ယောက်တည်းက ရထားတယ်ဆိုတော့ တော်တော်ကောင်းသွားတာပေါ့”
"ပြီးတော့ တောင်ပံနဂါးရှန်းယင်၏ စိတ်ဆန္ဒ အော်ရာက အဲဒီလူကို မရွေးချယ်ခဲ့ဘူးဆိုရင်လဲ အဲဒီ လေးရာသီ နန်းတော်ကလူတွေအကုန်လုံးက....”
"မမလေး စုရှောင်လန် ဒီလေးရာသီဝိညာဉ်ကျောက်မျက်က အခုမင့်ဟာပဲ"
ထိုသို့ပြောလိုက်ပြီး အရှင်နျန်ဖန်သည် အစိမ်း၊ အဝါ၊ အနီနှင့် အဖြူရောင် စသော အရောင်လေးမျိုး လှည့်ပတ် စီးဆင်းနေသော ကျောက်မျက်ရတနာတစ်ခုကို ထုတ်ယူပြီး စုရှောင်လန်ကိုပေးလိုက်သည်။
စုရှောင်လန်သည် ထိုသာယာကြည်နူးဖွယ် စိတ်အခြေအနေမှ ရုန်းမထွက်နိုင်သေးဘဲ ယောင်ဝါးဝါးဖြင့် လေးရာသီဝိညာဉ်ကျောက်ကို လက်ခံရယူလိုက်သည်။
ဒါဟာ အမွေအနှစ်ဆက်ခံခြင်းအစား ရတနာလက်ဆောင်ပေးတာများလား အတော့်ကိုကောင်းတာပဲဟ ...
အန်လင်း၏ မျက်လုံးများပြူးထွက်လာပြီး နှုတ်ခမ်းများတုန်ခါလျက်လာသည်။ သူ့နှလုံးသားထဲတွင် ဓားဖြင့်ထိုးမွှေ နေသလိုခံစားနေရ၏။
ငလူး.. အခုဘာတွေဖြစ်နေတာလဲဟ… ငါတို့ခုထိ ဘာဖြေရှင်းချက်မှ ကောင်းကောင်းမလုပ်ရသေးဘူးလေ... ခင်ဗျားက သူ့ကိုချက်ချင်းကြီး ရတနာပစ္စည်းကို လက်ဆောင်ပေးလိုက်ပြီလား...
ထို့နောက် သူမည်သည့်အရာကိုမျှအာရုံမစိုက်နိုင်တော့ဘဲ အမြင်အာရုံများ ကွယ်ပျောက်သွားသည်။
ငါကဘယ်သူလဲ? ငါဘာကြောင့်ဒီကိုလာခဲ့တာလဲ? ငါ့ကိုဒီနေရာကိုလာခဲ့တဲ့အဓိပ္ပာယ်ကဘာများလဲ?
သူသည် ထိုနေရာတွင် မည်သည့်အတွက်မှ အရေးပါပုံမရသည့် ရုပ်ရှင်ကားတစ်ကားမှ ဖြတ်လျှောက် တစ်ယောက်လို ခံစားလိုက်ရသည်။
"ကျုပ်ရဲ့တာဝန်တွေပြီးဆုံးသွားပါပြီ.. မျှမျှတတနဲ့ စိတ်ကျေကျေနပ်နပ်နဲ့ ပြီးဆုံးသွားခဲ့တာမို့ ထုံးစံအတိုင်း...”
ထို့နောက် အရှင်နျန်ဖန်သည် စုရှောင်လန်ကိုလှည့်ကြည့်ကာ ပြုံးလိုက်သည်။
"ကျုပ် ထွက်သွားရတော့မယ့်အချိန်ကျပြီ.... ငါတို့တစ်နေ့နေ့မှာထပ်ပြီးတွေ့ကြတာပေါ့"
ထို့နောက် အရှင်နျန်ဖန်သည် ကောင်းကင်သို့ ပျံတက်သွားကာ နန်းတော်မှထွက်ခွာသွားသည်။ တပိုင်နှင့် ရှောင်ချိုးတို့သည် ထိုသို့သော တိုးတက်လာမှုများနှင့် အကျွမ်းတဝင်ရှိကြရာ သူတို့၏ကံကြမ္မာကို အေးဆေး တည်ငြိမ်သော မျက်နှာများဖြင့်လက်ခံခဲ့ကြသည်။
“အာ.. ဒီကျောက်မျက်ရတနာက ငါ့ရဲ့စွမ်းအားကိုပြောင်းလဲသွားစေသလိုခံစားနေရတယ်!” စုရှောင်လန်၏ မျက်ဝန်းများသည် အံ့အားသင့်စွာဖြင့် တောက်ပကာနေသည်။ ထိုအချိန်တွင် သူမလက်ထဲရှိ လေးရာသီဝိညာဉ်ကျောက်မျက်မှ အရောင်လေးရောင်ရှိသော အလင်းရောင်များတောက်ပစွာ ဖြာထွက်လာ ခဲ့သည်။
ခနအတွင်းတွင် သူမ၏ခံစားချက်များ အကြီးအကျယ်ပြောင်းလဲသွားသည်။ “ အာ... ငါ့ကိုယ်ခန္ဓာထဲက စွမ်းအင်တွေ မြန်မြန်ဆန်ဆန်ကြီးထွားလာနေသလို ခံစားနေရတယ်”
ထိုသို့ ကြားရသောအခါ အန်လင်း ချက်ချင်းပင်စိတ်ပူသွားကာ...
" စုရှောင်လန် ထိန်းထားဦး…"
ထိတ်လန့်စွာဖြင့်အော်ဟစ်မေးမြန်းလိုက်သည်။ “ ဘယ်နေရာမှာနာကျင်နေတာလဲ ”
စုရှောင်လန်၏လှပသောမျက်နှာလေးသည် ပြင်းထန်သောနာကျင်မှုကို ခံစားနေရသည့်ဟန်ဖြင့် အနီရောင်သန်း နေသည်။ အန်လင်းနှလုံးသားထဲတွင် ကြောက်ရွံ့ထိတ်လန့် မှုများဖြင့်ပြည့်နှက်သွားသည်။
တပိုင်နှင့်ရှောင်ချိုးတို့လည်းစိုးရိမ်ပူပန်မှုဖြင့် အနားသို့ကပ်လာကြသည်။ ရှောင်ချိုးသည် သူတို့အားလုံးတွင် အဆင့်အမြင့်ဆုံး ဝိညာဉ်ဖွဲ့စည်းခြင်းတစ်ပိုင်းအဆင့် တစ်ယောက်ဖြစ်သည်။ သူသည် စုရှောင်လန်၏ သွေးခုန်နှုန်း ကို စစ်ဆေးဖို့ပြင်လိုက်သော်လည်း စုရှောင်လန်သည် မလိုအပ်ကြောင်း လက်ကိုခါယမ်းပြလိုက်သည်။ စုရှောင်လန်သည် ကျင့်ကြံရန်အနေအထားသို့ ပြောင်းလိုက်ပြီးခေါင်းကိုညင်သာစွာခါလိုက်သည်။
"စိတ်မပူကြပါနဲ့... ငါနေကောင်းပါတယ်.. ငါအဆင့်တက်တော့မယ်လို့ ခံစားနေရတယ်..."
အန်လင်း-“…”
တပိုင်-“…”
ရှောင်ချိုး -“ …”
***