← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း ၁၅၃ အကြိတ်အနယ် ယှဉ်ပြိုင်ခြင်း...

ကျင့်ကျူးဆောင်။

လေးလံထိုင်းမှိုင်းသော လေထုမှာ ဆက်လက် ဖုံးလွှမ်းနေဆဲပင်။ ခန်းမကြီးအတွင်း၌ တပည့်များစွာ ထိုင်နေကြသော်လည်း မည်သူမျှ စကားမပြောရဲကြဘဲ တစ်ဦးကိုတစ်ဦး အကြည့်ချင်းသာ ဖလှယ်နေကြသည်။

အဘယ်ကြောင့်ဆိုသော်... ပတ်ဝန်းကျင်ရှိ အရှိန်အဝါ များမှာ အလွန်ပင် ဖိနှိပ်လွန်းနေသောကြောင့် ဖြစ်သည်။

တောင်ကင်းလှည့် တာဝန်ကျသော တပည့်မလေး ဝင်လာပြီး "ဂျိချန်းဖန် တွေ့ခွင့်တောင်းနေပါတယ်" ဟု ဂရန်းမာစတာရွှယ်ယွဲ့ ကို သတင်းပို့ခဲ့ခြင်းမှလွဲ၍ ကြားထဲတွင် ဘာမှ ထူးထူးခြားခြား ဖြစ်မလာခဲ့ပေ။

ရွှယ်ယွဲ့ ဂရန်းမာစတာသည် မျက်လုံးများကို အနည်းငယ် မှိတ်ထားကာ ပင်မထိုင်ခုံတွင် တည်ငြိမ်စွာ ထိုင်နေ၏။ သူမ၏ မြင့်မားသော ကိုယ်ဟန်အနေအထားနှင့် ထိုင်ပုံထိုင်နည်းမှာ အလွန်ပင် အေးစက်လှပပြီး မြင့်မြတ်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

သူမ၏ ဘေးတွင်မူ စူးရူက ကူရာကယ်ရာမဲ့စွာ ထိုင်နေသည်။ သူမသည် သူမဘေးရှိ ကျင့်ပင်အာကို ကြည့်ရင်း ဤမိန်းကလေးမှာ မည်သည့်နေရာမှ သတ္တိများ ရလာသနည်းဟု ဇဝေဇဝါ ဖြစ်နေမိသည်။

လုရွှယ်ချီနှင့် တွေ့ရန် ရှောင်ကျူးတောင်ထိပ်သို့ ဗြောင်ကျကျ လာရဲသည်လား.......... ဤသည်မှာ သူမကိုယ်သူမ အထင်ကြီးလွန်းနေခြင်း မဟုတ်ပါလား.....

သို့သော်... အမှန်တကယ်က ထိုသို့ပင်လော.....

တကယ်တော့ မဟုတ်ချေ။ ကျင့်ပင်အာသည် စူးရူ၏ နောက်တွင် ထိုင်နေပြီး ပတ်ဝန်းကျင်မှ အကြည့်များကို လျစ်လျူရှုထားကာ ခန်းမအပြင်ဘက်သို့သာ အာရုံစိုက်ရင်း တိတ်တဆိတ် စောင့်ဆိုင်းနေသည်။

ဤ ရှောင်ကျူးတောင်ထိပ် ခရီးစဉ်နှင့် ပတ်သက်၍ သူမတွင် ကိုယ်ပိုင် အစီအစဉ်များ ရှိပြီးသား ဖြစ်သည်။ သို့သော် လုရွှယ်ချီနှင့် ထိပ်တိုက်တွေ့ရန်လား..... ၎င်းမှာ မဖြစ်နိုင်ပေ။ လူတစ်ယောက်တွင် မိမိကိုယ်မိမိ သိသော အသိစိတ် ရှိရမည် ဖြစ်သည်။

ကျင့်ပင်အာသည် သူမကိုယ်သူမ လုရွှယ်ချီနှင့် မနှိုင်းယှဉ်နိုင်မှန်း ကောင်းကောင်းသိသည်။ အကယ်၍ သူမသာ လုရွှယ်ချီနှင့် တကယ်တမ်း အားပြိုင်မည်ဆိုပါက သူမကိုယ်သူမ လှည့်စားနေခြင်းသာ ဖြစ်ပေလိမ့်မည်...။ ထို့ကြောင့် သူမ ယနေ့ ရှောင်ကျူးတောင်ထိပ်သို့ လာခြင်းမှာ အမှန်တကယ်တော့ ဂါရဝပြုရန် ဖြစ်သည်။

သို့သော်လည်း လူတိုင်းတွင် မကျေနပ်မှု သို့မဟုတ် အားမလိုအားမရဖြစ်မှုများ ရှိကြသည်သာ။ ကျင့်ပင်အာသည်လည်း ထိုနည်းအတိုင်းပင်။ သူမသည် လုရွှယ်ချီမှာ အမှန်တကယ် မည်ကဲ့သို့သော ထူးခြားသည့် အမျိုးသမီးဖြစ်သည်ကို မြင်ချင်နေသည်။

အကယ်၍ တစ်ဖက်လူမှာ အမှန်တကယ်ပင် ပါရမီထူးချွန်ပြီး ထူးခြားလှပသူဖြစ်ပါက သူမအနေဖြင့် လိုလိုလားလားပင် "စီနီယာအစ်မ လု" ဟု ခေါ်ရန် ဝန်လေးမည် မဟုတ်ပေ.....

တစ်ဖက်လူက သူမကို လက်ခံခြင်း ရှိ၊ မရှိမှာမူ သူမ စိုးရိမ်ရမည့် ကိစ္စမဟုတ်ပေ။ ၎င်းမှာ ဂျိချန်းဖန်သာ စိုးရိမ်ရမည့် ကိစ္စဖြစ်သည်။

ဤသို့တွေးနေစဉ်အတွင်း ကျင့်ကျူးဆောင်အတွင်းမှ လေထုမှာ ပို၍ပင် ဖိနှိပ်လာတော့သည်။ ထိုအချိန်မှာပင် ခန်းမအပြင်ဘက်မှ တိုးညင်းသော ခြေသံများ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

ရှူး.....

ကျင့်ကျူးဆောင်အတွင်းရှိ တပည့်များအားလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အားလုံး၏ အကြည့်မှာ ခန်းမအပြင်ဘက်သို့ ပြိုင်တူ ရောက်သွားကြသည်။ သူတို့၏ မျက်လုံးများတွင် အတင်းအဖျင်း သတင်းများကို စပ်စုလိုသည့် အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားကြသည်။

သူမ လာပြီလား.....

"ဇနီးကြီး" လာပြီ.....

ဝှစ်.....

ဂရန်းမာစတာရွှယ်ယွဲ့ သည် သူမ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူမ၏ တည်ငြိမ်လှသော မျက်လုံးများတွင် ထူးခြားသော အရိပ်အယောင်တစ်ခု လက်သွားကာ စိတ်ထဲတွင်လည်း အခြားသော မျှော်လင့်ချက်တစ်ခု ပေါ်ပေါက်လာသည်။

သူမ ဤမျှ သက်တမ်းရှည်ခဲ့သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။

ဟင်း... လက်လွတ်မခံသင့်တဲ့ ပွဲပဲ.....

စူးရူသည်လည်း သူမ၏ ထိုင်ပုံကို မသိမသာ ပြင်လိုက်ပြီး ဘေးမှ ကျင့်ပင်အာကို ကြည့်လိုက်ရာ သူမတွင် မည်သည့် ထိတ်လန့်တုန်လှုပ်မှုမျှ မရှိသည်ကို မြင်လိုက်ရသည်။

ထူးဆန်းလိုက်တာ။

စူးရူ ပို၍ စပ်စုချင်လာသည်။ သူမ၏ စိတ်ထဲတွင်လည်း စပ်စုလိုစိတ်များ အလိုလို ပေါ်ပေါက်လာပြီး မကြာမီ ဖြစ်ပျက်တော့မည့် 'ရှူရာကွင်းပြင်' အခြေအနေကို မျှော်လင့်နေမိသည်။ အခြားနည်းလမ်း မရှိပေ။ အတင်းအဖျင်း စပ်စုခြင်းမှာ အမျိုးသမီးတို့၏ သဘာဝ ဖြစ်သလို ခန်းမထဲတွင် ထိုင်နေသူများမှာလည်း အမျိုးသမီးများချည်းသာ ဖြစ်နေသောကြောင့်ပင်။

ဒေါက်.....

ခြေသံများ ပို၍ နီးကပ်လာသည်။ တစ်ချိန်တည်းမှာပင် ခန်းမအပြင်ဘက်မှ ကလေးငယ်တစ်ဦး၏ အသံကို ကြားလိုက်ရသည် .....

"စီနီယာအစ်မ လု... အဲ့ဒီ တိုက်ကျူးတောင်ထိပ်က စီနီယာအစ်ကို ဂျိက တကယ်ပဲ နာမည်ကျော် ဟုန်လူ ဓားနတ်ဘုရား လားဟင်....."

"အင်း.." အေးစက်ကြည်လင်သော အသံလေးတစ်ခုက ပြန်လည် ထူးလိုက်သည်။

ဤအသံတွင် အနီးကပ်မခံနိုင်လောက်သော အေးစက်မှုများ ပါဝင်နေသော်လည်း သေသေချာချာ နားထောင်လျှင် နူးညံ့မှု အနည်းငယ်ကို ခံစားနိုင်သည်။ အသံကို ကြားရုံဖြင့် တစ်ဖက်လူမှာ အပြင်ပန်းတွင် အေးစက်သော်လည်း အတွင်းစိတ် နွေးထွေးသူဖြစ်မှန်း သိနိုင်သည်။

ရှူး..... ကျင့်ကျူးဆောင် အပြင်ဘက်မှ နေရောင်ခြည်မှာ အနည်းငယ် ရွေ့လျားသွားသည်။ အရွယ်အစားမတူသော ပုံရိပ်နှစ်ခုမှာ လူတိုင်း၏ မျက်စိရှေ့တွင် ဖြည်းဖြည်းချင်း ပေါ်လာတော့သည်။

အဖြူရောင် ဝတ်စုံဝတ် အမျိုးသမီးငယ်လေးတစ်ဦးသည် ကလေးမလေးတစ်ဦး၏ လက်ကို ဆွဲကာ လူတိုင်း၏ အကြည့်ကို တည်ငြိမ်စွာ ရင်ဆိုင်လျက် ခန်းမအတွင်းသို့ လှမ်းဝင်လာသည်။

သူမ၏ အဖြူရောင် ဝတ်စုံမှာ လွင့်ပျံနေပြီး ဆံနွယ်များမှာလည်း လှုပ်ခတ်နေသည်။ သူမ၏ ဝတ်စုံမှာ နှင်းပမာ ဖြူဖွေးနေသလို သူမသည်လည်း ကျောက်စိမ်းကဲ့သို့ လှပလှသည်။ သူမ၏ နုနယ်သော မျက်နှာလေးမှာ ကြည်လင်သန့်စင်နေပြီး အသားအရေမှာလည်း ကြွေထည်ကဲ့သို့ ဖြူစင်ချောမွတ်နေကာ အလွန်ပင် အေးစက်မြင့်မြတ်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်...။

နတ်သမီးတစ်ပါးကဲ့သို့ပင်။

အမျိုးသမီးငယ်သည် ကလေးမလေးကို တစ်ဖက်က ဆွဲထားပြီး အခြားတစ်ဖက်တွင်မူ အမှောင်ဆီးနှင်းဓားကို ကိုင်ဆောင်ထားသည်။ သူမသည် ခန်းမအလယ်သို့ ရောက်သောအခါ သူမ၏ ဂရန်းမာစတာကို ကြည့်ကာ အနည်းငယ် ဂါရဝပြုလိုက်သည် .....

"တပည့် လုရွှယ်ချီ... ဆရာမကို ဂါရဝပြုပါတယ်....."

"အင်း.." ရွှယ်ယွဲ့ ဂရန်းမာစတာသည် အသာအယာ ခေါင်းငြိမ့်သည်။ သူမ၏ မျက်လုံးများတွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာ၏။ နှစ်ပေါင်းများစွာအတွင်း လုရွှယ်ချီမှာ သူမ၏ အချစ်ဆုံးနှင့် အမြတ်နိုးဆုံး တပည့်ပင် ဖြစ်သည်။

"စီနီယာဒေါ်လေး စူးရူကို ဂါရဝပြုပါတယ်" လုရွှယ်ချီသည် စူးရူဘက်သို့ လှည့်ကာ အနည်းငယ် ဂါရဝပြုပြန်သည်။ သူမ၏ မျက်လုံးများမှာ ကြည်လင်နေပြီး အဖြူရောင် ဝတ်စုံမှာလည်း လွင့်ပျံနေသည်။

သူမသည် စူးရူ၏ ဘေးတွင် ထိုင်နေသော ရူယွမ်ဝတ်စုံဝတ် အမျိုးသမီးငယ်ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ပေ။ တစ်ဖက်လူက သူမကို စူးစိုက်ကြည့်နေသော်လည်း လုရွှယ်ချီမှာမူ ဂရုမထားချေ...။

"လိမ္မာတဲ့ကလေး" စူးရူက ပြုံးပြီး ခေါင်းငြိမ့်သည်။ သူမ စိတ်ကူးထားသလို 'ရှူရာကွင်းပြင်' အခြေအနေမှာ ချက်ချင်းကြီး ပေါက်ကွဲမလာသည့်အတွက် စိတ်သက်သာရာ ရသွားမိသည်။ သို့သော် တစ်ဖက်တွင်မူ အနည်းငယ် နှမြောသလိုလည်း ခံစားရပြန်သည်။

"လုရွှယ်ချီ၊ ထိုင်ဦး" ရွှယ်ယွဲ့ ဂရန်းမာစတာက ဘေးနားရှိ ထိုင်ခုံတစ်ခုကို ညွှန်ပြလိုက်သည်။

"ဟုတ်ကဲ့ ဆရာမ" လုရွှယ်ချီက အသာအယာ ခေါင်းငြိမ့်သည်။ သူမဘေးရှိ ကလေးမလေးမှာမူ အနည်းငယ် ကြောင်နေမိသည်။ ကျင့်ကျူးဆောင်အတွင်းမှ လေထုမှာ အလွန်ပင် ဖိနှိပ်လွန်းနေသောကြောင့် ရှောင်ရှီမှာ ငယ်သေးသော်လည်း တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း ခံစားမိသည်။

ထို့ပြင်..... သူမ ကျင့်ကျူးဆောင်အတွင်းသို့ လှမ်းဝင်လိုက်သည့် အချိန်မှစ၍ သူမဘေးရှိ လုရွှယ်ချီ၏ အရှိန်အဝါမှာ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူမ၏ နဂို နူးညံ့မှုများ ပျောက်ကွယ်သွားပြီး... အလွန်အမင်း အေးစက်မှုများဖြင့် အစားထိုးသွားခဲ့သည်။

ဤရုတ်တရက် အပြောင်းအလဲကြောင့် ရှောင်ရှီမှာ ကြောင်တောင်တောင် ဖြစ်သွားကာ လူကြီးနှစ်ဦးဖြစ်သော ရွှယ်ယွဲ့ ဂရန်းမာစတာနှင့် စီနီယာဒေါ်လေး စူးရူတို့ကို ဂါရဝပြုရန်ပင် ခေတ္တ မေ့လျော့သွားတော့သည်။ ကံကောင်းသည်မှာ သူမသည် ငယ်သေးသဖြင့် မည်သူမျှ ဘာမှမပြောကြပေ။

"ရှောင်ရှီ... ဒီကို မြန်မြန်လာ" စီနီယာအစ်မ ဝမ်မင် က သူမ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းပြပြီး ကြောင်နေသော ရှောင်ရှီကို သတိပေးလိုက်သည်။ ရှောင်ရှီ သတိပြန်ဝင်လာပြီး သူမ၏ လည်ပင်းကို ကြောက်ကြောက်လန့်လန့်ဖြင့် အသာကျုံ့ကာ ဝမ်မင်ရှိရာသို့ မြန်မြန် လျှောက်သွားပြီး ဘေးတွင် ထိုင်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် လုရွှယ်ချီသည်လည်း ဂရန်းမာစတာရွှယ်ယွဲ့ ၏ ဘေးတွင် ထိုင်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင်... သူမ၏ ရှေ့တည့်တည့်တွင် ကျင့်ပင်အာ ရှိနေခဲ့သည်။ ဤကဲ့သို့ ထိုင်ပုံထိုင်နည်းကြောင့် ကျင့်ကျူးဆောင်အတွင်းမှ လေထုမှာ ချက်ချင်းပင် ဖိနှိပ်သွားတော့သည်။

လုရွှယ်ချီသည် သူမ၏ မျက်လုံးများကို အနည်းငယ် ပင့်ကြည့်လိုက်ရာ သူမ၏ ရှေ့တည့်တည့်ရှိ ရူယွမ်ဝတ်စုံဝတ် အမျိုးသမီးငယ်ကို မြင်လိုက်ရသည်။

ရှူး.....

အမျိုးသမီးငယ် နှစ်ဦး၏ အကြည့်များ ဆုံတွေ့သွားကြသည်။ မမြင်နိုင်သော၊ ရှင်းပြ၍မရသော အရှိန်အဝါတစ်ခု ပျံ့နှံ့သွားသကဲ့သို့ ဖြစ်ကာ ပတ်ဝန်းကျင်ရှိ လူများကို ဖိနှိပ်မှုတစ်ခု ခံစားရစေသည်။

ကျင့်ပင်အာ၏ မျက်လုံးများမှာ အနည်းငယ် လှုပ်ခတ်သွားသည်။ သူမသည် သူမရှေ့ရှိ အေးစက်မြင့်မြတ်လှသော အမျိုးသမီးငယ်ကို စူးစိုက်ကြည့်ရင်း စိတ်ထဲမှ ချီးကျူးနေမိသည်။

အမှန်အတိုင်း ပြောရလျှင် တစ်ဖက်လူကို မြင်မြင်ချင်းမှာပင် သူမ ရှုံးနိမ့်သွားမှန်း သိလိုက်ရသည်။ တစ်ဖက်လူ၏ ကျင့်စဉ်၊ အရှိန်အဝါနှင့် ပါရမီတို့မှာ အလွန်ပင် ထူးချွန်လွန်းလှသလို ရုပ်ရည်မှာလည်း နတ်သမီးတစ်ပါးကဲ့သို့ပင်။ ထိုက်တန်ပေသည်.......

ဤကဲ့သို့သော လူမျိုးသာလျှင် ဂျိချန်းဖန်နှင့် ထိုက်တန်ပေလိမ့်မည်။ ထို့ပြင် ဤကဲ့သို့သော လူမျိုးကိုသာ သူမအနေဖြင့် လိုလိုလားလားပင် "စီနီယာအစ်မ" ဟု ခေါ်နိုင်ပေလိမ့်မည်။

ကျင့်ပင်အာသည် သူမ၏ နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်သည်။ ဤမမြင်နိုင်သော အားပြိုင်မှုတွင် သူမက ပထမဆုံး ခေါင်းငုံ့ကာ အလျှော့ပေးသည့် အနေအထားကို ပြလိုက်တော့သည်။

ဤမြင်ကွင်းကြောင့် ကျင့်ကျူးဆောင်အတွင်းရှိ လူများမှာ အံ့အားသင့်သွားကြသည်။

သူမက အရှုံးပေးလိုက်ပြီလား.....

မဖြစ်နိုင်တာ..........

အခန်း ၁၅၄

"စီနီယာအစ်မ လုကို ဂါရဝပြုပါတယ်"

အမှန်အတိုင်း ပြောရလျှင် ကျင့်ပင်အာအတွက် အလျှော့ပေးခြင်းဆိုသည်မှာ အရှုံးပေးခြင်း မဟုတ်ပေ။

......

အဘယ်ကြောင့်ဆိုသော် သူမသည် အစကတည်းက လုရွှယ်ချီနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်ချက် မရှိခဲ့သောကြောင့် ဖြစ်သည်...။

သူမသည် ထိုမျှအထိ မိုက်မဲသူမဟုတ်ပေ။ ယခုအချိန်၌ သူမ၏ ခွန်အားနှင့် အဆင့်အတန်းမှာ လုရွှယ်ချီထက် နိမ့်ကျနေသည်ဖြစ်ရာ ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ မိမိကိုယ်ကိုယ် ဒုက္ခရှာခြင်းသာ ဖြစ်မှန်း သူမ ကောင်းကောင်းသိသည်။

အားလုံးကို ခြုံငုံကြည့်လျှင်... လုရွှယ်ချီသည် ရှန်ကျင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ကာ အနာဂတ် ရှောင်ကျူးတောင်ထိပ်၏ ဆက်ခံသူလည်း ဖြစ်သည်။

ထို့ပြင် အနာဂတ် ဂိုဏ်းချုပ်ကတော်လည်း ဖြစ်နိုင်သည် မဟုတ်ပါလား.....။

အင်း... ဂိုဏ်းချုပ်ကတော်ဆိုသည့် အဆင့်အတန်းကို ကျင်းယွမ်ကလန် တစ်ခုလုံးက အသိအမှတ်ပြုထားကြပြီး ဖြစ်သော်လည်း ကျင့်ပင်အာမှာမူ မည်သို့နည်း။

သူမ၏ ပါရမီမှာ မဆိုးလှဘဲ ထူးခြားသည့် ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်သော်လည်း ကျင့်စဉ်ကြောင့် လက်ရှိတွင် သူမ၏ ကျင့်စဉ်အဆင့်မှာ သိပ်မမြင့်သေးဘဲ ယူကျင်း အဆင့် (၈) ဝန်းကျင်သာ ရှိသေးသည်။

သို့သော် ဤအရာမှာ ပြဿနာမဟုတ်ပေ။

ယခုမူ သူမသည် ဟဲ့ဟွမ်ဂိုဏ်း၏ စစ်မှန်သော ကျင့်စဉ်ကို ရရှိထားပြီး ဖြစ်သည်။

သူမကို အချိန်အနည်းငယ် ပေးလိုက်မည်ဆိုပါက ၃ နှစ်မှ ၅ နှစ်အတွင်း ရှန်ကျင်းနယ်ပယ်သို့ တက်လှမ်းရန် သူမ ယုံကြည်မှု ရှိသည်။

အဓိက ပြဿနာမှာ သူမ၏ အနေခက်လှသော အဆင့်အတန်းပင် ဖြစ်သည်။

ဟဲ့ဟွမ်ဂိုဏ်းမှ ကျင်းယွမ်ကလန်သို့ ရောက်လာပြီး တောင်ခုနစ်တောင်ထိပ် မှစစ်ဆေးမေးမြန်းပွဲ အပြီးတွင် ရွှမ်ချာဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာမည် ဆိုသော်လည်း...

မမေ့ပါနှင့်။ ရွှမ်ချာဂိုဏ်းမှာ ယခုမှ စတင်တည်ထောင်ခါစသာ ရှိသေးသည်။ သူမသည် အမည်ခံ ဂိုဏ်းချုပ်သာ ဖြစ်၏။ အနာဂတ် ရှောင်ကျူးတောင်ထိပ် ဆက်ခံသူ၊ သို့မဟုတ် အနာဂတ် ဂိုဏ်းချုပ်ကတော်နှင့် သူမ မည်သို့ ယှဉ်နိုင်ပါမည်နည်း.......... နှိုင်းယှဉ်စရာပင် မလိုချေ။

ခဏတာမျှ ကျင့်ကျူးဆောင်အတွင်း လေထုမှာ တိတ်ဆိတ်သွားသည်။ မိန်းကလေးနှစ်ဦးစလုံး အရင်စကားမပြောကြဘဲ တစ်ဦးကိုတစ်ဦး တည်ငြိမ်စွာ ကြည့်နေကြသည်။

သူတို့၏ ဆံနွယ်များမှာ လွင့်ပျံနေပြီး နှစ်ဦးစလုံးမှာ ထိပ်တန်း အလှနတ်သမီးများ ဖြစ်ကြသည်။

ယခု ငယ်ရွယ်သေးသော်လည်း နောက်ထပ် နှစ်အနည်းငယ်အတွင်း သူတို့နှစ်ဦးစလုံးမှာ လောက၏ ထိပ်တန်း အမျိုးသမီးများ ဖြစ်လာကြမည်မှာ ငြင်းမရသော အချက်ပင်။

ရွှမ်ချာဂိုဏ်း တည်ထောင်ခြင်းက ကျင့်ပင်အာ၏ အမည်ကို နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် ကျော်ကြားစေလိမ့်မည်။

လုရွှယ်ချီ၏ ခွန်အားမှာလည်း အံ့မခန်းဖြစ်ကာ ယခု ရှန်ကျင်းနယ်ပယ်သို့ တက်လှမ်းနိုင်ခြင်းက သူမကို အထက်လမ်းနှင့် နတ်ဆိုးလမ်းစဉ် နှစ်ဖက်စလုံး၏ ထိပ်တန်း တိုက်ခိုက်ရေးသမားများ စာရင်းဝင်သွားစေပြီ ဖြစ်သည်။

"အဟွတ် အဟွတ်"

ဂရန်းမာစတာရွှယ်ယွဲ့က အသာအယာ ချောင်းဟန့်လိုက်သည်။ ချက်ချင်းပင် ကျင့်ကျူးဆောင်အတွင်းရှိ လူအားလုံး လှည့်ကြည့်လိုက်ကြ၏။

ဂရန်းမာစတာရွှယ်ယွဲ့ သည် လုရွှယ်ချီကို ကြည့်ကာ စူးရူ၏ ဘေးရှိ ကျင့်ပင်အာကို ညွှန်ပြပြီး တည်ငြိမ်စွာ ပြောလိုက်သည် .....

"ရွှယ်ချီ... ငါ မိတ်ဆက်ပေးမယ်။ ဒါက ရွှမ်ချာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ..."

သူမသည် ကျင့်ပင်အာ၏ အထောက်အထားကို ထုတ်ဖော်ကာ မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။ ဤမြင်ကွင်းကြောင့် ဘေးမှ စူးရူမှာ တစ်မျိုးကြီး ခံစားလိုက်ရသည်။

ဘာလို့ သူမရဲ့ စီနီယာအစ်မက မီးလောင်ရာ လေပင့်ပေးနေသလို ခံစားနေရတာလဲ။ဟုတ်တယ်..... အတိအကျပဲ..... မီးလောင်ရာ လေပင့်ပေးနေတာပဲ။

.......

လုရွှယ်ချီ အစောပိုင်းက ရောက်လာစဉ်တွင် မည်သူ့ကိုမျှ မိတ်ဆက်မပေးခဲ့ဘဲ ယခု အနေရဆုံး အခက်ဆုံး အချိန်ကျမှ သူမက ရာထူးအဆင့်အတန်းကို ထုတ်ဖော်မိတ်ဆက်ပေးနေခြင်း ဖြစ်သည်။

လုရွှယ်ချီက ကျင့်ပင်အာရဲ့ အထောက်အထားကို မသိဘဲ နေပါ့မလား..... စူးရူ၏ အမူအရာမှာ ထူးဆန်းနေသည်။

ဂျိချန်းဖန်က သူမရဲ့ စီနီယာအစ်မကို တစ်ချိန်ချိန်မှာ စိတ်ဆိုးအောင် လုပ်ထားခဲ့ဖူးသလား..... ထူးဆန်းလိုက်တာ။

ယခုအချိန်တွင် သူမ၏ ဆရာမ မိတ်ဆက်ပေးမှုကို နားထောင်ပြီးနောက် အေးစက်လှသော မိန်းကလေး၏ အကြည့်မှာ ကျင့်ပင်အာထံသို့ တစ်ဖန် ရောက်ရှိသွားပြန်သည်။

သူမ၏ မျက်လုံးများမှာ ကြည်လင်နေပြီး တည်ငြိမ်သည့် အမူအရာဖြင့် သူမ၏ နှုတ်ခမ်းနီနီလေးများကို အသာဟကာ ပြောလိုက်သည် .....

"စီနီယာအစ်ကို ဂျိက မင်းအကြောင်း ငါ့ကို ပြောပြဖူးတယ်"

ဤစကား ထွက်လာသည်နှင့် ကျင့်ကျူးဆောင်အတွင်းရှိ လူများအားလုံး အနည်းငယ် တုန်လှုပ်သွားကြသည်။

သူတို့သည် ခါးကို မတ်လိုက်ကြပြီး လုရွှယ်ချီနှင့် ကျင့်ပင်အာကြား အကြည့်ချင်း ကူးလူးနေကြသည်ကို စောင့်ကြည့်နေကြသည်။

စတော့မှာလား..... စတော့မှာလား.....

ရန်ဖြစ်တော့မှာလား..........

ဂရန်းမာစတာရွှယ်ယွဲ့သည် သူမ၏ နားကို မသိမသာ စွင့်ထားလိုက်သည်။ အပြင်ပန်းတွင် မျက်လုံးမှိတ် အနားယူနေပုံရသော်လည်း အမှန်တကယ်တွင်မူ ကျင့်ကျူးဆောင်အတွင်းရှိ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေခြင်း ဖြစ်သည်။

နှစ်တစ်ရာမှာ တစ်ခါသာ ကြုံရခဲသည့် ဤကဲ့သို့ စိတ်လှုပ်ရှားစရာ မြင်ကွင်းကို သူမ မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။

စူးရူ၏ ရင်ထဲတွင် အနည်းငယ် တင်းကျပ်သွားကာ အသက်ရှူပင် မဝချင်တော့ပေ။

မိန်းကလေးနှစ်ဦးကြား အကြည့်ချင်း ဖလှယ်နေသည်ကို ကြည့်ကာ တစ်ယောက်ယောက်က ရုတ်တရက် ပေါက်ကွဲပြီး ထိပ်တိုက် တိုက်ခိုက်ကြမည်ကို သူမ စိုးရိမ်နေမိသည်...။

သို့သော် ကံကောင်းထောက်မစွာပင် ထိုကဲ့သို့သော စိတ်ကူးယဉ်မှုများမှာ ဖြစ်မလာခဲ့ပေ။

ကျင့်ပင်အာသည် အေးစက်လှသော မိန်းကလေး၏ စကားကို ရင်ဆိုင်ကာ ညင်သာစွာ ပြုံးလိုက်သည်။ သူမ၏ အပြစ်ပြောစရာမရှိသော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး .....

"ကျွန်မလည်း သခင်လေးက စီနီယာအစ်မ လု အကြောင်း ပြောပြတာကို ကြားဖူးပါတယ်"

"သခင်လေးက ပြောတယ်... စီနီယာအစ်မ လုက သူ့ဘဝရဲ့ အချစ်ဆုံးသူတဲ့၊ အကယ်၍ သူသာ ရွေးချယ်စရာရှိခဲ့ရင် သံသယဖြစ်ဖွယ်မရှိဘဲ စီနီယာအစ်မ လုကိုပဲ ရွေးချယ်မှာပါတဲ့"

ကျင့်ပင်အာ၏ တောက်ပသော မျက်လုံးများမှာ လုရွှယ်ချီကို ကြည့်နေပြီး သူမ၏ မျက်လုံးထဲတွင် အားကျသည့် အရိပ်အယောင်များ ပါဝင်နေသည်။

သူမ သိမြင်နိုင်သည်မှာ... ဂျိချန်းဖန်နှင့် လုရွှယ်ချီတို့မှာ အမှန်တကယ်ပင် လိုက်ဖက်ညီလှသည့် စုံတွဲဖြစ်သည်ကိုပင်။

.......

ပတ်ဝန်းကျင်ရှိ ရှောင်ကျူးတောင်ထိပ် တပည့်များမှာ အံ့အားသင့်သွားကြသည်။

ဘာ.....

စီနီယာအစ်မ လု ဟုတ်လား.....

သူမက "စီနီယာအစ်မ" လို့တောင် ခေါ်နေပြီလား.....

သူတို့သည် ကျင့်ပင်အာ ယခုလေးတင် ပြောလိုက်သည့် စကားများကို ဂရုမစိုက်မိကြဘဲ "စီနီယာအစ်မ လု" ဆိုသည့် အခေါ်အဝေါ်ကိုသာ ကြားလိုက်ရသဖြင့် လုရွှယ်ချီ ဘာတွေးနေသနည်းဟု သူတို့ သိချင်နေကြသည်။

ဤသို့တွေးပြီး အားလုံး၏ အကြည့်မှာ လုရွှယ်ချီထံသို့ ရောက်သွားကြသည်။

သူမသည် ဖြည်းဖြည်းချင်း တွေးတောနေသည်ကို မြင်လိုက်ရ၏။ အခြားသူများနှင့် မတူသည်မှာ လုရွှယ်ချီသည် ကျင့်ပင်အာ ပြောလိုသည့် အဓိပ္ပာယ်ကို နားလည်လိုက်ခြင်း ဖြစ်သည်။

သူမ ပြောလိုသည်မှာ... အကယ်၍ လုရွှယ်ချီသာ ကျင့်ပင်အာကို လက်မခံခဲ့ပါက ဂျိချန်းဖန်သည် သံသယဖြစ်ဖွယ်မရှိဘဲ လုရွှယ်ချီကိုသာ ရွေးချယ်မည် မဟုတ်ပါလား.....

ထို့ကြောင့် ကျင့်ပင်အာက ခေါင်းငုံ့ပြီး အလျှော့ပေးလိုက်ခြင်းလော..... ထိုသို့လား.....

လုရွှယ်ချီ မသိပေ။

သို့သော် ကျင့်ပင်အာ လိမ်ညာနေခြင်း မဟုတ်မှန်း သူမ သိသည်။

အကယ်၍ ရွေးချယ်စရာ ရှိခဲ့လျှင် ဂျိချန်းဖန်သည် သူမကိုသာ မဆိုင်းမတွ ရွေးချယ်မည်မှာ အမှန်ပင်။ လုရွှယ်ချီတွင် ဤအပေါ်၌ ကိုယ်ပိုင် ယုံကြည်မှု ရှိသည်။

အဘယ်ကြောင့်ဆိုသော် သူမနှင့် ဂျိချန်းဖန်ကြားရှိ သံယောဇဉ်ကို မည်သူမျှ ဖြတ်တောက်၍ မရနိုင်သောကြောင့်ပင်။ မည်သူမျှ မရနိုင်ပေ။

သို့သော်လည်း သူမသည် ဂျိချန်းဖန်အပေါ် အလွန်အမင်း ဂရုစိုက်လွန်းလှသဖြင့် ကိစ္စရပ်များစွာတွင် သူမက ထပ်တလဲလဲ အလျှော့ပေးခဲ့ရသည်။

ပိယောင်၏ ကိစ္စကဲ့သို့ပင်။ လုရွှယ်ချီသည် ဤကိစ္စကို ဂျိချန်းဖန်၏ ရှေ့တွင် အစမှ အဆုံးအထိ တစ်ခါမျှ ထုတ်မပြောခဲ့ပေ။ သူမ ဂရုမစိုက်လို့လား..... အမှန်တကယ်တော့ မဟုတ်ပေ။ သူမတွင် ကိုယ်ပိုင် ယုံကြည်မှု ရှိသောကြောင့်သာ ဖြစ်သည်။

ဂျိချန်းဖန်၏ နှလုံးသားထဲမှ သူမ၏ နေရာကို မည်သူမျှ လှုပ်ခါနိုင်မည်ဟု သူမ မယုံကြည်ပေ။

သူမ ယခင်ကလည်း ထိုသို့ တွေးခဲ့သလို၊ ယခုလည်း တွေးနေဆဲဖြစ်ကာ အနာဂတ်တွင်လည်း ပြောင်းလဲမည် မဟုတ်ပေ။

သို့သော်လည်း ကျင့်ပင်အာအကြောင်း သိလိုက်ရချိန်တွင် လုရွှယ်ချီ အနည်းငယ် ဝမ်းနည်းမိသော်လည်း... ထိုဝမ်းနည်းမှုမှာ လွန်ခဲ့သော လရောင်အောက်မှ ပန်းခင်းထဲ၌ 'လရောင်အောက်မှ ပန်းပွင့်များ' ဓားချက်အောက်တွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဂျိချန်းဖန်၏ နှလုံးသားထဲတွင် သူမ၏ နေရာမှာ မလှုပ်မယှက် ရှိနေမှန်း သူမ ကောင်းကောင်းသိသည်။ ထို့ကြောင့် အခြေအနေမှာ ဤသို့ဖြစ်နေလျှင်မူ... သူမ သူ့ကို နောက်တစ်ကြိမ် ထပ်ပြီး ခွင့်လွှတ်ပေးလိုက်မည်။

တကယ့် ရိုမန့်တစ်ဆန်လှသော အချစ်မျိုးကို မည်သူက ငြင်းပယ်နိုင်ပါမည်နည်း..... လုရွှယ်ချီ၏ မျက်လုံးများတွင် နူးညံ့မှုများ ယှက်သန်းလာသည်။

သူ့ကို အကြိမ်ကြိမ် ခွင့်လွှတ်ပေးခဲ့ပြီးမှတော့ နောက်ထပ်တစ်ကြိမ် ခွင့်လွှတ်ပေးလိုက်လျှင် ဘာဖြစ်သွားမှာမို့လို့လဲ..... အနည်းဆုံးတော့ သူမ ဘယ်တော့မှ ရှုံးနိမ့်မှာ မဟုတ်ဘူး မဟုတ်လား.....

ဤပြိုင်ပွဲတွင် လုရွှယ်ချီသည် မည်သူမျှ လှုပ်ခါ၍ မရသော၊ ငြင်းပယ်၍ မရသော "ဇနီးကြီး" အဖြစ် အမြဲတမ်း ရှိနေပေလိမ့်မည်..........

သင့်ရှေ့တွင် ရပ်နေသူမှာ မည်သူဟု ထင်ပါသနည်း..... အနာဂတ် ရှောင်ကျူးတောင်ထိပ်၏ ဆက်ခံသူ၊ အမှောင်ဆီးနှင်းဓား၏ ပိုင်ရှင်၊ ဘိုးဘေး ကျင်းယွမ်ပြီးလျှင် ပါရမီအရှိဆုံးဟု တင်စားခံရသူ၊ ဂျိချန်းဖန်မှလွဲ၍ မျိုးဆက်သစ်တို့၏ ခေါင်းဆောင်.......၊

ငြင်းပယ်၍ မရသော ဇနီးကြီး၊ ကျင်းယွမ်ကလန်၏ အနာဂတ် ဂိုဏ်းချုပ်ကတော်၊ ကိုးကမ္ဘာနတ်သမီးဟု ကျော်ကြားလှသည့် ..... လုရွှယ်ချီ ပင် ဖြစ်သည်။

အေးစက်လှသော မိန်းကလေးမှာ ထိုနေရာတွင် ထိုင်နေသည်။ သူမထံမှ အလွန်အမင်း အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသော်လည်း သူမ၏ ကြည်လင်သော မျက်လုံးများတွင် နူးညံ့မှု အရိပ်အယောင်လေး ပေါ်လာသည်။

သူမသည် ကျင့်ပင်အာကို မော့ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောခဲ့ပေ။

သူမသည် တစ်ဖက်လူကို ဗြောင်ကျကျ အသိအမှတ်ပြုခြင်းလည်း မပြုသလို၊ တစ်ဖက်လူ၏ "စီနီယာအစ်မ လု" ဆိုသည့် ခေါ်ဝေါ်မှုကိုလည်း ဗြောင်ကျကျ ငြင်းပယ်ခြင်း မပြုခဲ့ပေ။

ဤကဲ့သို့သော သဘောထားမျိုးက ကျင့်ကျူးဆောင်အတွင်းရှိ လူတိုင်းကို အမှန်တကယ်ပင် ဇဝေဇဝါ ဖြစ်စေတော့သည်။

All Chapters