အခန်း (၁၃၆-၁၃၈)
Vol. 10 Ch. 136-138
အခန်း ၁၃၆: လူသာလျှင် အန္တရာယ်အများဆုံး
"ဟေး... မင်းတို့နှစ်ယောက် ရှေ့ဆက်မတိုးနဲ့တော့... မိစ္ဆာသားရဲတောအုပ်က အခုချိန်မှာ ဖရိုဖရဲ ဖြစ်နေပြီးတော့ ကျင့်ကြံသူတွေ အများကြီး ရောက်နေကြတယ်... မင်းတို့ ကစားချင်ရင် လုံခြုံတဲ့တစ်နေရာရာကို သွားကြတော့..."
ခေါင်းဆောင်ဖြစ်ပုံရသော ကျင့်ကြံသူက ကြင်နာစွာဖြင့် သတိပေးစကား ပြောဆိုလိုက်၏။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး... ကျွန်တော်တို့လည်း ကျင့်ကြံသူတွေမလို့ အန္တရာယ်ကို မကြောက်ပါဘူး... ဒါပေမဲ့ ကျွန်တော်တို့က သတ္တုတွင်းရဲ့တည်နေရာကို မသိလို့ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါလား..."
ချင်းမင်က သူ၏လက်ကိုပူးဆုပ်၍ ဂါရဝပြုပြီး မေးမြန်းလိုက်သည်။
"မင်းတို့နှစ်ယောက်ကလည်း သတ္တုတွင်းကို လာကြတာလား..."
ထိုကျင့်ကြံသူက ချင်းမင်နှင့်ချင်းချင်းတို့ကို ကြည့်ပြီး ဆက်လက်၍ ပြောဆိုသည်။
"အဲဒီသတ္တုတွင်းကို လောလောဆယ်မှာ အနက်ရောင်ဝတ်စုံဝတ် လူတစ်စုက စောင့်ကြပ်နေတယ်... မင်းတို့ အဲဒီကို သွားလည်း ကံကောင်းမှာ မဟုတ်ဘူး..."
"ခေါင်းဆောင်... ဘာလို့ သူတို့ကို အများကြီး ပြောပြနေတာလဲ... သူတို့ကို ဒုက္ခနည်းနည်း ခံစားခိုင်းလိုက်စမ်းပါ... ဒါမှ သူတို့အလိုလို နားလည်သွားလိမ့်မယ်..."
ခေါင်းဆောင်ကျင့်ကြံသူ၏ နောက်မှ လေးသည်တော် ဝတ်စုံဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ဦးက ဝင်ရောက်၍ ပြောဆိုသည်။
ထိုစကားကိုကြားချိန်၌ ခေါင်းဆောင်ဖြစ်သူသည် မည်သည့်စကားမျှ ဆက်မပြောတော့ချေ။ လမ်းညွှန်ပြသပေးပြီးနောက် သူသည် အဝေးသို့ ထွက်ခွာသွားတော့သည်။
"အစ်ကို... ဟိုလူက ဘာပြောသွားတာလဲ... ကျင့်ကြံသူတွေ အများကြီးရှိလို့ မိစ္ဆာသားရဲတောအုပ်က ရှုပ်ထွေးနေတယ်ဆိုတာက ဘာလဲ..."
ချင်းချင်းက သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
"လူသားကျင့်ကြံသူတွေ များလာလေလေ... နတ်ဆိုးသားရဲတွေက ထွက်မလာရဲလေလေ ဖြစ်သင့်တာ မဟုတ်ဘူးလား... ဘာလို့ ပိုပြီး အန္တရာယ်များတယ်လို့ ပြောရတာလဲ..."
ချင်းမင်က ချင်းချင်း၏ခေါင်းကို ပုတ်လိုက်ပြီး သူ၏နက်နဲသော အကြည့်များဖြင့် တောအုပ်၏ အတွင်းပိုင်းကို လှမ်းမျှော်ကြည့်ကာ တိုးညှင်းသော အသံဖြင့် ပြောဆိုလိုက်သည်။
"နတ်ဆိုးသားရဲတွေက ကြောက်စရာ မကောင်းဘူး... ကြောက်စရာ အကောင်းဆုံးက လူတွေပဲ... ကျင့်ကြံသူတွေက သူတို့ရဲ့ဘဝတစ်ခုလုံး ကြိုးစားအားထုတ်ပြီးတော့ နက်နဲတဲ့ သိုင်းပညာရပ်တွေကို လေ့လာတယ်... မြင့်မားတဲ့ နယ်ပယ်တွေကို ရောက်အောင် ကြိုးစားကြတယ်... အဲ့ဒါက နတ်ဆိုးသားရဲတွေကို တိုက်ခိုက်ဖို့ မဟုတ်ဘဲနဲ့ လူအချင်းချင်း တိုက်ခိုက်ဖို့ပဲ... တချို့က အကျိုးအမြတ်အတွက်... တချို့က လောဘအတွက်... တချို့ကျတော့လည်း အသက်ရှင်ရပ်တည်နိုင်ဖို့အတွက်ပေါ့..."
"ထားလိုက်ပါတော့... ဒီအကြောင်းတွေ မပြောဘဲ ရှေ့ဆက်သွားကြစို့..."
ချင်းမင်က ဆက်လက်၍ ပြောဆိုသည်။
"ချင်းချင်း... ညီမလေး သိထားရမှာက...ဒီလောကကြီးမှာ အန္တရာယ်အရှိဆုံးအရာက နတ်ဆိုးသားရဲတွေ ဘယ်တော့မှ မဟုတ်ဘူး... လူတွေကသာ အန္တရာယ်အရှိဆုံးပဲ..."
ချင်းချင်းသည် နားမလည်တစ်ဝက်လည်တစ်ဝက်ဖြင့် ခေါင်းညိတ်လိုက်ပြီး သူမ၏အစ်ကိုဖြစ်သူနောက်မှ လိုက်ပါသွားသည်။
အချိန်တခဏအကြာတွင် ချင်းမင်နှင့်ချင်းချင်းတို့သည် တောင်ကုန်းငယ်တစ်ခုသို့ ရောက်ရှိလာပြီး အဝေးတစ်နေရာ၌ ကျင့်ကြံသူတစ်စုက အနက်ရောင်ဝတ်စုံဝတ်လူတစ်စုကို ဝိုင်းရံထားသည်အား လှမ်းမြင်လိုက်ရ၏။
အနက်ရောင်ဝတ်စုံဝတ်လူများ၏ မျက်နှာပေါ်ရှိ အထင်အမြင်သေးမှုများမှာ သိသာထင်ရှားလှသည်။
"အစ်ကို... သူတို့က ဘာလုပ်နေကြတာလဲ..."
ချင်းချင်းက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
ချင်းမင်က အပြုံးနှင့် ပြောဆိုလေ၏။
"သူတို့ ပစ္စည်းလုနေကြတာ... အနက်ရောင်ဝတ်စုံဝတ်လူတွေရဲ့ နောက်မှာရှိတဲ့ သတ္တုရိုင်းတွေကို လုယူဖို့ တိုက်ခိုက်နေကြတာပဲ..."
"အဲ့ဒီ သတ္တုရိုင်းတွေက ဘာလုပ်လို့ရတာလဲ..."
"သတ္တုရိုင်းတွေက ပစ္စည်းကောင်းတွေပဲ... အဲ့ဒါတွေကို စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီးနဲ့ ရောင်းစားလို့ရတယ်..."
ချင်းမင်က ထိပ်တိုက်တွေ့နေကြသော နှစ်ဖက်အင်အားစုများကို ကြည့်ရင်း ရှင်းပြလိုက်သည်။
"စိတ်ဝိညာဉ် ကျောက်တုံး" ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် ချင်းချင်းသည် ခေါင်းမညိတ်ဘဲ မနေနိုင်တော့ချေ။
"ဒါဆိုရင် ဒီသတ္တုရိုင်းတွေက တကယ့်ကို ပစ္စည်းကောင်းတွေပေါ့...ဒါကြောင့် သူတို့တွေက လုချင်နေကြတာလား..."
ချင်းမင်က အဝေးသို့ လှမ်းကြည့်ပြီး ပြောဆိုလိုက်သည်။
"လာပါ... အနီးအနားမှာ စူးစမ်းလေ့လာကြည့်ရအောင်... ပျော်စရာကောင်းတာ တစ်ခုခု ရှိမလားလို့ သွားကြည့်ကြစို့..."
"ကောင်းပြီလေ... ဒီနေရာက ပျင်းစရာကောင်းလွန်းတယ်... ခြောက်ကပ်ပြီး စိတ်ဝင်စားစရာ လုံးဝမကောင်းဘူး..."
ချင်းချင်းသည် တခြားနေရာသို့ သွားရောက်ဆော့ကစားလိုစိတ် ဖြစ်ပေါ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလပြီ။ အစ်ကိုဖြစ်သူက ဤနေရာသို့လာရန် အတင်းအကျပ် မတိုက်တွန်းခဲ့လျှင် သူမအနေဖြင့် ဤဘက်သို့ ခြေဦးပင်လှည့်လာမည် မဟုတ်ချေ။
"မိစ္ဆာသားရဲတောအုပ်ထဲက ရွှံ့နွံတောအကြောင်း ညီမလေး သိလား..."
ချင်းမင်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် မေးမြန်းလိုက်သည်။
"ရွှံ့နွံတော..."
ချင်းချင်းက သေသေချာချာစဉ်းစားပြီး တုံ့ပြန်အဖြေပေးသည်။
"အမေ ပြောဖူးတာတော့ ကြားမိတယ်... မိစ္ဆာသားရဲတောအုပ်ထဲမှာ ကြီးမားတဲ့ ရွှံ့နွံတောကြီး ရှိတယ်တဲ့... အဲ့ဒီထဲမှာ အဆိပ်ပိုးမွှားတွေ အများကြီးရှိပြီးတော့ အရမ်းအန္တရာယ်များတယ်လို့ ပြောတယ်..."
"ဒါဆိုရင် အဲ့ဒီနေရာကို သွားကစားကြမယ်..."
ချင်းမင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောဆိုလိုက်၏။
ယေဘုယျအားဖြင့် အဆိပ်ပိုးမွှားများ အလွန်များပြားသော နေရာများတွင် စိမ်းလန်းစိုပြေသော ပန်းမန်များနှင့် အပင်များလည်း ရှိတတ်ကြပြီး ဤရာသီသည် ပန်းပွင့်ချိန်လည်း ဖြစ်နေသည်။
"ဒါက အန္တရာယ်မများဘူးလာ..."
ချင်းချင်းက စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။
"အစ်ကို မမှားဘူးဆိုရင် အဲ့ဒီနေရာမှာ လှပတဲ့ ပန်းပွင့်တွေ အများကြီး ရှိလိမ့်မယ်... ညီမလေး သွားမကြည့်ချင်ဘူးလား..."
ညီမဖြစ်သူ၏ စိုးရိမ်ပူပန်နေသော ချစ်စဖွယ်မျက်နှာလေးကို ကြည့်ရင်း ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"ကြည့်ချင်တယ်... ဒါပေမဲ့..."
ချင်းချင်းသည် အနည်းငယ် စိတ်ယိမ်းယိုင်သွားပေ၏။
"ကဲ... ညီမလေး သွားချင်တယ်ဆိုရင် သွားကြမယ်... အန္တရာယ်အတွက်ကတော့ အစ်ကို့နောက်ကသာ လိုက်ခဲ့... အစ်ကို ရှိနေမှတော့ ညီမလေးမှာ ဘယ်လိုလုပ်ပြီး အန္တရာယ် ရှိနိုင်မှာလဲ..."
ချင်းမင်က ချင်းချင်း၏လက်ကို ဆွဲကိုင်ပြီး ရွှံ့နွံတောရှိရာဘက်သို့ ဦးတည်၍ လျှောက်လှမ်းသွားတော့သည်။
အခန်း ၁၃၇: ရွှံ့နွံတောအတွင်းသို့ ဝင်ရောက်ခြင်း
မိစ္ဆာသားရဲတောအုပ်သည် ခြောက်ကပ်နေသော်လည်း ထိုအရာအတွင်း၌ စိမ်းလန်းသော နေရာတစ်ခု တည်ရှိနေသည်။ ထိုနေရာကို မိစ္ဆာသားရဲတောအုပ်၏ နာမည်ကျော် "သေမင်းတမန်နယ်မြေ" ဟုလည်း ခေါ်ဆိုကြ၏။
ယနေ့တွင် ထိုသေမင်းတမန်နယ်မြေသို့ မဖိတ်ခေါ်ထားသော ဧည့်သည်နှစ်ဦး ရောက်ရှိလာခဲ့သည်။
"အစ်ကို... ဒီနေရာက အရမ်းလှတာပဲ..."
တောင်ကုန်းငယ်လေးတစ်ခုပေါ်တွင် ချင်းချင်းသည် သူမ၏ရှေ့ရှိ ပန်းခင်းကြီးကို ငေးမောကြည့်ရင်း အံ့အားတသင့် ရေရွတ်လိုက်သည်။
ရွှံ့နွံတောအတွင်း၌ အနီရောင် အဖြူရောင် ပန်းရောင်နှင့် တောက်ပသော ရောင်စုံပန်းများသည် ထင်ရှားစွာ ပေါ်လွင်နေပြီး ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းတစ်ခုကို ဖန်တီးထားသည်။
"အထဲဝင်ပြီး သွားကြည့်ချင်လား..."
ချင်းမင်က အပြုံးနှင့် မေးမြန်းသည်။
"အဲ့ဒီနေရာမှာ အဆိပ်ပိုးမွှားတွေ အများကြီး ရှိတယ်... ညီမလေး အကိုက်ခံရရင် ဘယ်လိုလုပ်မလဲ..."
ချင်းချင်းက သူမ၏လက်ကို အလျင်အမြန် ဝှေ့ယမ်းပြီး ငြင်းဆန်လိုက်သည်။
"အစ်ကို့ကို ကြည့်..."
ထိုသို့ပြောဆိုပြီးနောက် ချင်းမင်သည် ကျောက်စိမ်းပုလင်းငယ်တစ်လုံးကို ထုတ်ယူကာ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ပြီးပြည့်စုံခြင်းအဆင့် အကွက်ကိုးကွက်ဆေးလုံးကို ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။
"ဒီနေရာမှာ စောင့်နေနော်..."
ချင်းမင်သည် နောက်သို့လှည့်ကာ ရွှံ့နွံတောဆီသို့ အပြေးသွားလိုက်ပြီး လျှင်မြန်စွာပင် ရွှံ့နွံတော၏မျက်နှာပြင်သို့ ရောက်ရှိသွားသည်။
ချင်းမင်သည် ရပ်တန့်မနေဘဲ သူ၏အရှိန်ကို မြှင့်တင်ကာ ဖြတ်ကျော်ပြေးလွှားလိုက်သည်။
"အစ်ကို..."
အစ်ကိုဖြစ်သူ နစ်မြုပ်သွားမည်ကို စိုးရိမ်နေသော ချင်းချင်းသည် သူမ တွေးထင်ထားသကဲ့သို့ နစ်မြုပ်မသွားသည်ကို မြင်တွေ့ချိန်၌ အသက်ရှူမှားသွားသည်။
ချင်းမင်၏အရှိန်သည် မယုံနိုင်လောက်အောင် မြန်ဆန်ပြီး ညီသာပြန့်ပြူးသော မြေပြင်၌ ပြေးလွှားနေသည့်အလားပင်။ ဤနေရာသည် ရွှံ့နွံတောဖြစ်ကြောင်း ချင်းချင်း ကြိုတင်မသိရှိထားပါက သူမအနေဖြင့် အံ့အားသင့်မိမည် မဟုတ်ချေ။
ချင်းမင် ပြေးလွှားသွားသည်နှင့်အမျှ အဆိပ်ပိုးမွှားများသည် သဘာဝရန်သူနှင့် တွေ့ကြုံရသည်အလား အသည်းအသန် ထွက်ပြေး၍ ပျံသန်းသွားကြတော့သည်။
ချင်းမင်သည် နှစ်လီခန့် ပြေးလွှားပြီးနောက် သူ၏ခြေထောက်များက ခိုင်မာသော မြေပြင်နှင့် ထိတွေ့သွားပေ၏။ သူသည် ရပ်တန့်လိုက်ပြီး ပန်းခင်းထဲသို့ ဝင်ရောက်ကာ လတ်ဆတ်သော ပန်းပွင့်တချို့ကို ခူးယူပြီးနောက် ပြန်လည်၍ပြေးလွှားလာခဲ့သည်။
"ဒီပန်းပွင့်တွေက လှလား..."
ချင်းမင်က ပန်းပွင့်များကိုဆုပ်ကိုင်ပြီး ချင်းချင်းအား လက်ကမ်းပေးလိုက်သည်။
ချင်းချင်းက ပန်းများကို ပျော်ရွှင်စွာ ယူဆောင်လိုက်ပြီး အော်ဟစ်လိုက်၏။
"လှတယ်... ဒီပန်းတွေက အရမ်းလှတာပဲ... အစ်ကို ဘယ်လိုလုပ်လိုက်တာလဲ..."
"တကယ်တော့... မင်းက လုံလောက်တဲ့ အမြန်နှုန်းနဲ့ ပြေးနိုင်မယ်ဆိုရင် ရွှံ့နွံထဲမှာ နစ်မြုပ်မှာ မဟုတ်ဘူး..."
ချင်းမင်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
သူသည် ရိုးရှင်းသယောင် ပြောဆိုနေသော်လည်း မည်သူကများ ဤမျှထိ အန္တရာယ်များသော ရွှံ့နွံတောပေါ်တွင် ပြေးလွှားရဲမည်နည်း။ ဤသည်က သေလမ်းရှာခြင်းသက်သက် မဟုတ်လော။
ထိုအဆိပ်ပိုးမွှားများ၏အမြန်နှုန်းသည် ပြေးလွှားနေသော ကျင့်ကြံသူတစ်ယောက်ထက် ပို၍မြန်ဆန်ပြီး သူတို့ထံတွင် သဘာဝအရ မြေနေရာအနေအထား အားသာချက်လည်း ရှိနေသည်။ ထိုရွှံနွံတောအတွင်းသို့ ပြေးဝင်သွားသော မည်သူမဆို သေဆုံးရန်မှာ သေချာသလောက်နီးပါးပင်။
သို့သော် ချင်းချင်းကမူ ထိုမျှထိ တွေးတောခြင်း မရှိချေ။ သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ညီမလေးလည်း ဝင်ချင်တယ်... ညီမလေးလည်း ဝင်ချင်တယ်..."
သူမ၏စိတ်ထဲတွင် အစ်ကိုဖြစ်သူ လွယ်လင့်တကူ ဝင်ရောက်နိုင်လျှင် သူမလည်း သေချာပေါက် ဝင်နိုင်မည်ဟု တွေးထင်ထားသည်။
သူမ၏အစ်ကိုသည် လက်ရှိအချိန်တွင် သူမနှင့် ကျင့်ကြံဆင့်နယ်ပယ်တူညီသော သိုင်းစစ်သည်တော် ပထမအဆင့်တွက်သာ ရှိသေးကြောင်း ပြောပြထားဖူးသည်။
ထို့ကြောင့် သူမလည်း အစ်ကိုဖြစ်သူကဲ့သို့ လွယ်လင့်တကူ ပြေးဝင်နိုင်ပေမည်။
"ဒီဆေးလုံးကို အရင်သောက်ရမယ်... ဒါမှသာ အဆိပ်ပိုးမွှားတွေက ညီမလေးကို မကိုက်မှာ..."
ချင်းမင်က ဆေးလုံးတစ်လုံးကို လက်ကမ်းပေးရင်း ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့..."
ချင်းချင်းသည် စဉ်းစားမနေဘဲ ဆေးလုံးကို ယူကာ ချက်ချင်းမျိုချလိုက်၏။
"အခု သွားလို့ရပြီလား..."
ချင်းမင်က ခေါင်းညိတ်လိုက်ပြီး ချင်းချင်း၏ လက်ကိုဆွဲကာ ရွှံ့နွံတောဆီသို့ ပြေးထွက်သွားသည်။ ရွှံ့နွံတောထဲသို့ မဝင်ရောက်မီ ချင်းချင်းထံ၌ စိုးရိမ်စိတ် အနည်းငယ် ရှိနေသေးသော်လည်း ချင်းမင်၏ပြေးလွှားနှုန်းမှာ မယုံနိုင်လောက်အောင် မြန်ဆန်သည်။
သူမ ပြန်လည်မတုံ့ပြန်နိုင်ခင်မှာပင် သူက သူမကို ရွှံ့နွံတောထဲသို့ ခေါ်ဆောင်သွားပြီး ဖြစ်ပေ၏။ သူမအနေဖြင့် မြေပြင်သည် အနည်းငယ် ပျော့ပျောင်းပြီး စိုစွတ်နေသည်ဟု ခံစားလိုက်ရသော်လည်း နစ်မြုပ်သွားခြင်း မရှိချေ။
ထို့ပြင် သူမ ပြေးလွှားနေစဉ် ထိုအဆိပ်ပိုးမွှားများက သူမကို လာရောက်ကိုက်ခဲခြင်း မရှိဘဲ သူမ၏အနားမှ လျှင်မြန်စွာ ရှောင်ဖယ်သွားကြသည်။
"ပျော်စရာကြီး... ဒါက အရမ်း ပျော်စရာကောင်းတာပဲ..."
ချင်းချင်းသည် ရွှံ့နွံတောထဲသို့ ပြေးဝင်ပြီးနောက် ခုန်ပေါက်နေတော့သည်။
"လာ... အတွင်းပိုင်းကို ဝင်ကြည့်ရအောင်... ဒီရွှံ့နွံတောကြီးက အရမ်းကျယ်တယ်... အထဲမှာ ဘယ်လို ပျော်စရာကောင်းတာတွေ ရှိမလဲဆိုတာ သိချင်တယ်..."
ချင်းမင်က အဝေးသို့ လှမ်းကြည့်ရင်း ပြောဆိုလိုက်သည်။
ယခင်က မည်သူမျှ ဤနေရာသို့ မဝင်ရောက်ဖူးပေ။ နေရာတိုင်းတွင် တွေ့မြင်နေရသော အဆင့်နိမ့် စိတ်ဝိညာဉ်အပင်များက ပို၍နက်ရှိုင်းသော နေရာတွင် မည်သည့်အရာများ ရှိနေမည်ကို သူ့အား သိချင်စိတ် ဖြစ်ပေါ်စေပြီး စူးစမ်းရှာဖွေချင်စိတ်များ ပေါက်ဖွားလာစေသည်။
အခန်း ၁၃၈: လျှို့ဝှက်တောင်ကြား
"ကောင်းတာပေါ့..."
အပြင်ဘက်တွင် ပန်းများစွာရှိနေလျှင် အတွင်းပိုင်းတွင် ပို၍လှပမည်မှာ သေချာသဖြင့် ချင်းချင်းက သဘောတူလိုက်၏။
အန္တရာယ်အတွက်ကမူ သူမ၏အစ်ကို ရှိနေသရွေ့ သူမအနေဖြင့် မည်သည့်အရာကိုမျှ မကြောက်ချေ။
"ဒါဆို အစ်ကိုရဲ့နောက်က လိုက်ခဲ့..."
ချင်းမင်က ညီမဖြစ်သူ၏ရှေ့မှဦးဆောင်ကာ တောင်ကြားထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားသည်။
ချင်းချင်းသည် စွန့်စားခန်းတစ်ခု ဖွင့်လှစ်လိုက်ရသကဲ့သို့ ခံစားနေရပြီး အလွန်အမင်း စိတ်လှုပ်ရှားနေပေ၏။ ဤရွှံနွံတောအတွင်းရှိ အရာအားလုံးသည် သူမ မသိရှိရသေးသော အရာများဖြစ်သဖြင့် သူမထံ၌ သိချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
သူတို့နှစ်ယောက်သည် ရွှံနွံတောထဲသို့ ပို၍နက်ရှိုင်းစွာ ဝင်ရောက်မိလေလေ အဆိပ်ရှိပိုးမွှားများ ပို၍များပြားလာလေလေပင်။ သူတို့ လျှောက်လှမ်းလာစဉ် ရုတ်တရက် ချောက်ကမ်းပါးတစ်ခုကို မြင်တွေ့လိုက်ရသည်။ ချင်းမင်နှင့်ချင်းချင်းတို့သည် ချောက်ကမ်းပါးများကြားရှိ ခြေတစ်လှမ်းစာလမ်းကြောင်းကို ဖြတ်သန်းကာ စူးစမ်းကြည့်ရှုလိုက်ကြ၏။
ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီးနောက် ချင်းချင်း စိတ်မရှည်ဖြစ်စပြုလာချိန်တွင်...တောင်ကြားတစ်ခုက သူတို့၏ရှေ့၌ ထွက်ပေါ်လာသည်။ ထိုတောင်ကြားသည် တိမ်တိုက်များနှင့်မြူခိုးများ ဝန်းရံထားပြီး မတ်စောက်သော မြေမျက်နှာသွင်ပြင် ရှိကာ ပျံသန်းနေသော နတ်ဆိုးသားရဲများ၏အော်မြည်သံသဲ့သဲ့ကို ကြားနေရပေ၏။
ဤနေရာတွင် အဆိပ်ပိုးမွှားများ ပျောက်ကွယ်သွားပြီး လေထုသည် လတ်ဆတ်နေကာ တောင်ကြား၏အပြင်ဘက်ရှိ အခြေအနေနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။
"ဒီနေရာက အရမ်းလှတာပဲ..."
ချင်းချင်းက အံ့အားတသင့် ရေရွတ်လိုက်သည်။
ဤနေရာသည် မြေပြင်ပေါ်ရှိ သုခဘုံအလား ပန်းပွင့်များ အစုလိုက်အပြုံလိုက် ပွင့်ဖူးနေပြီး သီးပင်စားပင်မျိုးစုံလည်း ပေါက်ရောက်နေသည်။
"ညီမလေးတို့သာ ဒီနေရာမှာ နေနိုင်ရင် ကောင်းမှာပဲ..."
ချင်းချင်းက လေကို ရှူရှိုက်ကာ လန်းဆန်းမှုကို ခံစားရင်း ပြောဆိုသည်။
"ဒီနေရာမှာ နေရမှာလား..."
ထိုစကားကို ကြားချိန်၌ ချင်းမင်သည် လျှို့ဝှက်အင်အားစုတစ်စု တည်ထောင်ရန် စဉ်းစားနေခဲ့သည်ကို သတိရသွားပေ၏။
ဤနေရာသည် ပြီးပြည့်စုံနေသည် မဟုတ်လော....
အပြင်ဘက်တွင် အဆိပ်ပိုးမွှားများ ပြည့်နှက်နေသဖြင့် သာမန်လူများ ဝင်ရောက်နိုင်ရန် မဖြစ်နိုင်ပေ။
ထို့ပြင် အတွင်းဘက်ရှိ ပတ်ဝန်းကျင်သည် တင့်တယ်လှပပြီး မျက်စိတဆုံး ကျယ်ပြန့်လှသဖြင့် နေထိုင်ရန် အလွန်ကောင်းမွန်သော နေရာတစ်ခုပင်။
အကယ်၍ ဤနေရာကို ပြုပြင်မွမ်းမံလိုက်ပါက စိုက်ပျိုးမြေသည် လျှိုမြို့ထက် လျော့နည်းမည် မဟုတ်ချေ။
"သွားကြစို့... တောင်ကြားထဲကို ဝင်ကြည့်ရအောင်..."
ချင်းမင်က ပြောဆိုလိုက်သည်။
"ကောင်းပြီ..."
သူတို့အနေဖြင့် ဤနေရာတွင် မနေထိုင်နိုင်လျှင်ပင် ရံဖန်ရံခါ လာရောက်ဆော့ကစားရသည်မှာ ကောင်းမွန်ပေ၏။
ချင်းချင်းသည် သူမ၏အစ်ကိုဖြစ်သူက ဤနေရာကို သူ၏အနာဂတ်အင်အားစုအတွက် အခြေစိုက်စခန်းအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း မသိရှိဘဲ ဤနေရာတွင် မနေထိုင်နိုင်သည့်အတွက် နောင်တရနေမိဆဲပင်။
တောင်ကြားအတွင်း၌ သစ်ပင်များ ရေနှင့်မြေသြဇာကောင်းသော မြေများ ရှိနေပြီး လူသားများ နေထိုင်ရန်အတွက် ပြီးပြည့်စုံသည်။ ချင်းမင်သည် ဤနေရာကို ကြည့်လေလေ ပို၍စိတ်ကျေနပ်လေလေပင်။
သွားလာရေး မခက်ခဲပါက ချင်းမင်သည် ဤနေရာတွင် မြို့တစ်မြို့ပင် တည်ဆောက်ရန် စဥ်းစားလိုက်သည်။
အချိန်တခဏကြာမျှ ကစားပြီးနောက် ချင်းမင်နှင့်ချင်းချင်းတို့သည် လာရာလမ်းအတိုင်း ပြန်လှည့်လာခဲ့ကြ၏။
ချင်းမင်သည် ဤတစ်ခေါက်တွင် သူ၏ညီမကို ခေါ်ထုတ်လာခဲ့ခြင်း ဖြစ်သဖြင့် သူတို့ ကြာမြင့်စွာနေပါက မိသားစုမှ သေချာပေါက် စိုးရိမ်နေကြပေလိမ့်မည်။
သူတို့သည် အသွားလမ်းကို ရှာဖွေခဲ့ရသော်လည်း အပြန်လမ်းကိုမူ ရှာဖွေရန် မလိုတော့ချေ။ သူတို့နှစ်ယောက်သား လျင်မြန်စွာ သွားလာခဲ့ကြပြီး ညနေခင်းတွင် လျှိုမြို့သို့ ပြန်လည်ရောက်ရှိလာကြသည်။
ချင်းအိမ်တော်ဆီသို့ ဦးတည်ပြီး သူတို့ ပြန်လာသော လမ်းမပေါ်တွင် ကျင့်ကြံသူများသည် နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲဖြင့် လျှိုမြို့ကို ဖြတ်သန်းသွားလာနေကြသည်အား မြင်တွေ့လိုက်ရသည်။ သူတို့၏ဝတ်စားဆင်ယင်မှုနှင့် လေယူလေသိမ်းအရ ဤကျင့်ကြံသူများသည် လျှိုမြို့ဒေသခံများ မဟုတ်ကြသည်မှာ သိသာထင်ရှားလှ၏။
"ကြည့်ရတာတော့ ဒီ အဆင့်နှစ် သံတိမ်တိုက် သတ္တုတွင်းက အရမ်းဆွဲဆောင်မှုရှိနေပုံပဲ... ဒီ ကျင့်ကြံသူတွေနဲ့ အင်အားစုတွေက စိတ်မထိန်းနိုင်ကြတော့ဘူး..."
ချင်းမင်၏စိတ်နှလုံးထဲတွင် သက်ပြင်းချသံ တစ်ချက် ဖြတ်သန်းသွားသည်။
အကျိုးအမြတ်ရှိသော နေရာတွင် ကျင့်ကြံသူများ ရှိတတ်စမြဲပင်။
ဤကျင့်ကြံသူများထဲအနက် အင်အားစုအသီးသီးမှ သူလျှိုများ ပါဝင်နေသည့်အပြင် အကျိုးအမြတ်တချို့ ရရှိရန် အခွင့်အရေး ရှာဖွေနေကြသော တစ်ကိုယ်တော် လေလွင့်ကျင့်ကြံသူများလည်း ပါဝင်နေကြသည်။
မဟာအင်အားစုကြီးများမှ သူလျှိုများသည် ကိစ္စမရှိသော်လည်း အခွင့်အရေးရယူရန် ရောက်ရှိလာကြသော ဤလေလွင့်ကျင့်ကြံသူများကမူ အမှန်တကယ်ကို သေလမ်းရှာနေကြခြင်းပင်။
သတ္တုတွင်းထဲသို့ ဝင်ရောက်သော ကျင့်ကြံသူတစ်ဦးသည် အစွမ်းကုန် တူးဖော်ပါက တစ်ရက်အတွင်း၌ သိုင်းဆရာကြီးဆယ်ယောက်ကို လက်နက်တပ်ဆင်ပေးနိုင်သော သံသတ္တုရိုင်း ပမာဏကို တူးဖော်နိုင်ပေလိမ့်မည်။
လေလွင့်ကျင့်ကြံသူများအတွက် ဤသတ္ထုတွင်းကို တစ်ရက်တာ တူးဖော်ခြင်းက ဓနဥစ္စာ အမြောက်အမြားကို ရရှိစေနိုင်သည်။
သို့သော် သတ္တုတွင်းတူးဖော်ခြင်းသည် ဤမျှထိ လွယ်ကူနိုင်မည်လော....
သတ္တုတွင်းကို စတင်တွေ့ရှိခဲ့သော ကျင့်ကြံသူများမှလွဲ၍ တခြားမည်သည့် ကျင့်ကြံသူသည် အေးချမ်းစွာ တူးဖော်နိုင်မည်နည်း။
ဉာဏ်ကောင်းသော လေလွင့်ကျင့်ကြံသူများသည် ဤနေရာသို့ လာရောက်ကြမည် မဟုတ်ချေ။
သို့သော် လူအများသည် လောဘကြီးတတ်ကြသဖြင့် အကျိုးအမြတ်ကြောင့် မျက်စိကန်းနေသော လေလွင့်ကျင့်ကြံသူများ ရှိနေခြင်းမှာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စတစ်ရပ်ပင်။
ဤမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် သတ္တုတွင်းကို အပြည့်အဝ မသိမ်းပိုက်နိုင်မီ လျှိုမြို့သည် အတော်လေး စည်ကားနေမည့်ပုံ ပေါက်နေသည်။