← Chapters

အခန်း (၁၃၉-၁၄၁)

Vol. 10 Ch. 139-141

အခန်း (၁၃၉-၁၄၁)

Vol. 10 Ch. 139-141

အခန်း ၁၃၉: ရက်စက်ကြမ်းကြုတ် အကြွင်းမဲ့နဂါး

ချင်းအိမ်တော်သို့ ပြန်ရောက်ပြီးနောက် ချင်းမင်သည် သူ၏ညီမနှင့် လမ်းခွဲလိုက်ပြီး လေ့ကျင့်ရေးခန်းမတွင် တစ်ယောက်တည်း တိတ်တဆိတ် ပုန်းအောင်းကာ အာရုံစူးစိုက်မှု အပြည့်ဖြင့် စတင်၍ ကျင့်ကြံအားထုတ်တော့သည်။

ချင်းမိသားစုသည် လက်ရှိတွင် စားသောက်ပွဲ ကျင်းပနေပြီး လျှိုမြို့ရှိ မိသားစုကြီးငယ် အားလုံး ရောက်ရှိနေကြသဖြင့် အလွန်စည်ကားသိုက်မြိုက်နေပေ၏။

ချင်းမင်သည် ထိုကဲ့သို့ ပွဲလမ်းသဘင်များကို စိတ်ဝင်စားခြင်း မရှိပေ။ သူသည် သူ၏ ကိုယ်ပိုင်အစွမ်းအစကိုသာ တိုးတက်စေလိုပြီး လျှိုမြို့ရှိ မိသားစုအသီးသီးနှင့် ဟန်ဆောင်ပန်ဆောင် ဆက်ဆံနေရန် အချိန်မရှိချေ။

လက်ရှိတွင် ချင်းမင်၏ကျင့်ကြံမှုအမြန်နှုန်းမှာ တစ်ဟုန်ထိုး တိုးတက်နေသည်ဟု ဆိုနိုင်သည်။ သူသည် နေ့စဉ်နှင့်အမျှ တိုးတက်နေသည်ကို ခံစားနေရပြီး ဤတိုးတက်မှု၏ပျော်ရွှင်မှုက အပြင်ဘက်ရှိ စားသောက်ပွဲထက် များစွာပို၍ စိတ်ဝင်စားဖွယ် ကောင်းလှသည်။

ချင်းမိသားစုတွင် အကြီးအကဲအမြောက်အများ ရှိနေကြသည်။ ဤအကြီးအကဲများသည် ပုံမှန်အားဖြင့် ကြီးမားသော ကိစ္စရပ်များကို ကိုင်တွယ်နိုင်ခြင်း မရှိသော်လည်း ဤကဲ့သို့ အခမ်းအနားမျိုးတွင် အလွန်ကျွမ်းကျင်ကြသည်။ ချင်းမင်သည် သူတို့၏လက်သို့ ဤကိစ္စများကို လွှဲပြောင်းပေးနိုင်သဖြင့် စိတ်အေးလက်အေး ရှိနေပေ၏။

ထို့အပြင် ချင်းမင်၏စိတ်ထဲတွင် လျှိုမြို့ရှိ မည်သည့်မိသားစုမျှ အရေးပါအရာရောက်ခြင်း မရှိပေ။

လျှိုမြို့တစ်မြို့လုံးကို ထိန်းချုပ်ရန် ချင်းမိသားစုက သူတို့၏အကူအညီ လိုအပ်နေခြင်းကြောင့်သာ မဟုတ်လျှင် ချင်းမင်အနေဖြင့် သူတို့ကို အသိအမှတ်ပြုရန်ပင် ပျင်းရိနေမည်မှာ သေချာပေါက်ပင်။

"ခုနစ်ကြိမ်မြောက်..."

သူ၏ကျင့်ကြံမှု ပြီးဆုံးသွားချိန်၌ ချင်းမင်က မတ်တတ်ရပ်လိုက်ပြီး သူ၏တိုးတက်မှုကို ခံစားမိကာ ဝမ်းမြောက်သော အမူအယာတစ်ရပ်က သူ၏မျက်နှာပေါ်တွင် ထင်ဟပ်လာသည်။

"အခု သိုင်းပညာနည်းစနစ်တွေကို လေ့ကျင့်ဖို့ အချိန်ရောက်ပြီ..."

ချင်းမင်သည် နောက်ပိုင်းတွင် မိသားစုအတွက် အလုပ်များနေခဲ့ပြီး သိုင်းပညာနည်းစနစ်များကို လေ့ကျင့်ရန် အချိန်မရှိခဲ့ပေ။ သို့သော် ယခုအချိန်၌ လျှိုမြို့ရှိ ကိစ္စရပ်များသည် ယာယီအားဖြင့် ပြီးဆုံးသွားခဲ့လေပြီ။

သူသည် သတ္တုတွင်းအရင်းအမြစ်များ၏ နောက်ဆုံးပိုင်ဆိုင်ခွင့် အတည်တကျ ဖြစ်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းရန် လိုအပ်တော့သည်။ ထိုအချိန်ရောက်မှသာ လျှိုမြို့သည် အမှန်တကယ် အေးချမ်းသွားပေလိမ့်မည်။

လက်ရှိချိန်၌ ချင်းမိသားစုသည် ချင်းမင်၏ အကူအညီ မလိုအပ်တော့သဖြင့် သူသည် သိုင်းပညာနည်းစနစ်များကို စတင်၍ လေ့ကျင့်ရန် ရည်ရွယ်လိုက်သည်။

"ငါက မူလဘူတယွမ်ကျင့်စဉ်ကို ကျင့်ကြံထားတဲ့အတွက် ငါ့ရဲ့ခန္ဓာကိုယ်က သာမန်ကျင့်ကြံသူတွေထက် အများကြီး ပိုပြီးကြံ့ခိုင်တယ်... ဒီဘဝမှာတော့ ငါက အင်အားပြင်းပြင်းနဲ့ အသုံးပြုလို့ရတဲ့ သိုင်းပညာနည်းစနစ်တွေကို လေ့ကျင့်တာက ပိုကောင်းလိမ့်မယ်..."

"ဘယ် သိုင်းပညာနည်းစနစ်ကို ရွေးချယ်သင့်လဲ..."

ကောင်းကင်အဆင့် သိုင်းပညာနည်းစနစ်များက ချင်းမင်၏စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားသည်။ နောက်ဆုံးတွင် သူသည် သူနှင့် အလွန်ကိုက်ညီသော သိုင်းပညာနည်းစနစ် တစ်ခုကို စဉ်းစားမိလေ၏။

"ရက်စက်ကြမ်းကြုတ် အကြွင်းမဲ့နဂါး သိုင်းပညာနည်းစနစ်... ဒါက အဆင့်မြင့် ကောင်းကင်အဆင့် သိုင်းပညာနည်းစနစ်တစ်ခုပဲ... ခြေထောက်သိုင်းကွက် လက်သီးသိုင်းကွက် နဲ့ လက်ဝါးသိုင်းကွက်တွေ ပါဝင်ပြီးတော့ ပြီးပြည့်စုံတဲ့ သိုင်းပညာနည်းစနစ်တစ်ခုပဲ..."

"ခန္ဓာကိုယ် သန်မာလေလေ... ရက်စက်ကြမ်းကြုတ် အကြွင်းမဲ့နဂါး သိုင်းနည်းစနစ်ရဲ့ စွမ်းအားက ကြီးမားလေလေပဲ..."

ချင်းမင်သည် သူ၏စိတ်ထဲရှိ များပြားလှသော ကောင်းကင်အဆင့် သိုင်းပညာနည်းစနစ်များအနက်မှ ဤ 'ရက်စက်ကြမ်းကြုတ် အကြွင်းမဲ့နဂါး သိုင်းနည်းစနစ်' ကို ရွေးချယ်ရသည့် အကြောင်းအရင်းမှာ ထိုအရာသည် ဘက်ပေါင်းစုံမှ ပြည့်စုံနေသောကြောင့်ပင်။

ဤနည်းစနစ်တွင် ခန္ဓာကိုယ်ကို အသုံးပြုမှုအမျိုးမျိုး ပါဝင်ပြီး ချင်းမင်ကို ပို၍လိုက်လျောညီထွေစွာ အသုံးပြုခွင့် ပေးနိုင်ပေ၏။

သာမန် သိုင်းပညာနည်းစနစ်များတွင် သီးခြားသိုင်းပညာရပ်များသာ ပါဝင်သော်လည်း ဤ ကောင်းကင်အဆင့် 'ရက်စက်ကြမ်းကြုတ် အကြွင်းမဲ့နဂါး သိုင်းကျမ်း' ကမူ ကွဲပြားခြားနားသည်။

ဤသည်က ရန်သူကိုအနိုင်ယူရန် တစ်စုံတစ်ယောက်သည် သူ၏ခန္ဓာကိုယ်ကို မည်သို့ အသုံးပြုရမည်အား သင်ကြားပေးခြင်းအပေါ် ပို၍အာရုံစိုက်ထားသည်။ ဤသည်ကို သိုင်းပညာနည်းစနစ်တစ်ခုဟု ခေါ်ဆိုသည်ထက် ခန္ဓာကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေရန် လမ်းညွှန်ချက်တစ်ခုနှင့် ပို၍တူညီသည်။

နောက်ဆုံးတွင် ဤသိုင်းပညာနည်းစနစ်သည် ကျင့်ကြံသူတစ်ဦးအား လူသားပုံသဏ္ဌာန် ရက်စက်ကြမ်းကြုတ်သော နဂါးတစ်ကောင်အဖြစ် ကျင့်ကြံလာစေနိုင်သည်။

'ရက်စက်ကြမ်းကြုတ် အကြွင်းမဲ့နဂါး သိုင်းပညာနည်းစနစ်' ဟူသော နာမည်မှာ ရိုင်းစိုင်းသော်လည်း အတွင်းရှိ အကြောင်းအရာများသည် အလွန်နက်နဲသိမ်မွေ့ပြီး သာမန်ကျင့်ကြံသူတစ်ဦး လေ့ကျင့်နိုင်သည့်အရာ မဟုတ်ပေ။

'ရက်စက်ကြမ်းကြုတ် အကြွင်းမဲ့နဂါး သိုင်းကညာနည်းစနစ်' ကို လေ့ကျင့်သော ကျင့်ကြံသူတစ်ဦးသည် လုံလောက်သော ရုပ်ခန္ဓာကိုယ်ခွန်အားမရှိပါက ထိုအရာ၏စွမ်းအားကို ထုတ်ဖော်နိုင်မည် မဟုတ်သည့်အပြင် ကိုယ့်ကိုယ်ကိုယ်လည်း အတွင်းဒဏ်ရာ ရရှိစေနိုင်သည်။

သာမန်ကျင့်ကြံသူတစ်ဦးအတွက် ဤ 'ရက်စက်ကြမ်းကြုတ် အကြွင်းမဲ့နဂါး သိုင်းပညာနည်းစနစ်' သည် မြေကမ္ဘာအဆင့် သိုင်းပညာနည်းစနစ်လောက်ပင် အသုံးမဝင်ဟု ပြောနိုင်ပေ၏။

'ရက်စက်ကြမ်းကြုတ် အကြွင်းမဲ့နဂါး သိုင်းပညာနည်းစနစ်' ၏ အကြောင်းအရာများကို ပြန်လည်တွေးတောရင်း ချင်းမင်က ထူးဆန်းသော ကိုယ်နေဟန်ထားတစ်ခုကို ပြုလုပ်လိုက်သည်။

သူသည် သူ၏လက်များကို ကောင်းကင်သို့ မြှောက်ကာ ခြေထောက်များကို ကြက်ခြေခတ်ပုံစံထား၍ ဖြည်းညင်းစွာ ထိုင်ချလိုက်ပြီး ကျင့်စဉ်နှင့်အညီ စိတ်ဝိညာဉ်ချီစွမ်းအင်ကို လှည့်ပတ်စီးဆင်းစေလိုက်သည်။ ချင်းမင်၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများသည် လေမှုတ်သွင်းခံရသည့်အလား ဖြည်းညင်းစွာ ဖောင်းပွလာပေ၏။

ထို့နောက် ကြွက်သားများသည် ဖြည်းညင်းစွာ ပြန်လည်၍ကျုံ့သွားပြီး ထပ်မံဖောင်းပွလာကာ ထပ်မံကျုံ့သွားပြန်သည်။ ချင်းမင်သည် တခြား လှုပ်ရှားမှုတစ်ခုသို့ မပြောင်းလဲမီ ဤကဲ့သို့ ကိုးကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ပြုလုပ်ခဲ့ပြီး သူ၏ ကြွက်သားများကလည်း အလားတူ ပြောင်းလဲမှုများကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပေ၏။

ချင်းမင်၏နဖူးမှ ချွေးစက်များ ယိုစီးကျလာပြီး သူ၏လေ့ကျင့်ရေး ဝတ်စုံကို စိုရွှဲသွားစေကာ မြေပြင်ကိုပင် ပို၍စိုစွတ်သွားစေခဲ့သည်။

"ဟူး..."

ချင်းမင်သည် ပင်ပန်းကြီးစွာဖြင့် မွေ့ယာပေါ်သို့ ခြေပစ်လက်ပစ် လဲကျသွားသည်။ ဤသည်မှာ သူ့အတွက် အမှန်တကယ်ကို ပင်ပန်းလွန်းပေ၏။

အခန်း ၁၄၀: စီးမာမိသားစု

'ရက်စက်ကြမ်းကြုတ် အကြွင်းမဲ့နဂါး သိုင်းပညာနည်းစနစ်'ကို ကျင့်ကြံခြင်းသည် ဤမျှထိ ခက်ခဲလိမ့်မည်ဟု ချင်းမင် တွေးထင်မထားခဲ့ပေ။ သူ၏စိတ်ထဲတွင် လက်လျှော့လိုက်ချင်သော အတွေးတစ်ချက် ဖြတ်သန်းသွားသည်။

ရုတ်ချည်းဆိုသလိုပင် သိုင်းနတ်ဘုရား ဖြစ်လာရန်ဟူသော သူ၏စွဲလမ်းစိတ်က ထိုအတွေးကို ရိုက်ချိုးဖျက်ဆီးလိုက်သည်။

"ပင်ပန်းပေမယ့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကလည်း အများကြီးပဲ..."

သူ၏ခန္ဓာကိုယ်ကြွက်သားများမှ ပြောင်းလဲမှုကို ခံစားရင်း ချင်းမင်က ခါးသည်းစွာ ပြုံးလိုက်သည်။

'ရက်စက်ကြမ်းကြုတ် အကြွင်းမဲ့နဂါး သိုင်းပညာနည်းစနစ်'အတွက် လိုအပ်ချက်များသည် အလွန်တင်းကြပ်နေခြင်းမှာ အံ့အားသင့်စရာ မဟုတ်ပေ။ အလွန်သန်မာသော ရုပ်ခန္ဓာကိုယ်ရှိသည့် ကျင့်ကြံသူများသာလျှင် ထိုနည်းစနစ်ကို ကျင့်ကြံနိုင်ပေမည်။

သာမန်ပါရမီသာရှိသော ကျင့်ကြံသူတစ်ဦးသည် 'ရက်စက်ကြမ်းကြုတ် အကြွင်းမဲ့နဂါး သိုင်းနည်းစနစ်' ကို ကျင့်ကြံပါက ထိုအရာကို မကျွမ်းကျင်နိုင်မီမှာပင် မသန်မစွမ်း ဖြစ်သွားနိုင်ခြေ ရှိပေ၏။

"ကြည့်ရတာ ဒီနည်းစနစ်ကို ကျင့်ကြံရတဲ့ အခက်အခဲက ငါထင်ထားတာထက် ပိုမြင့်နေပုံပဲ... ရလာမယ့် အကျိုးရလဒ်တွေကလည်း မျှော်လင့်ထားတာထက် ကျော်လွန်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ..."

ကောင်းကင်ထက်တွင် ချိတ်ဆွဲထားသော လမင်းကြီးကို ကြည့်ရင်း မြို့တော်ဝန်အိမ်တော်သည် လုံးဝတိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ ချင်းမင်သည် လေ့ကျင့်ရေးခန်းမမှ ထွက်ခွာပြီး သူ၏အိပ်ခန်းဆီသို့ လျှောက်လှမ်းလာခဲ့သည်။

ချင်းမင်၏ခြေလှမ်းများ ပုံမှန်ထက် များစွာပို၍ နှေးကွေးနေသည်။ သူသည် ကြွက်သားများ နာကျင်ကိုက်ခဲမှုကို ခံစားနေရပြီး ခါးပင် မဆန့်နိုင်တော့ချေ။

နောက်တစ်နေ့တွင် ချင်းမင်သည် စောစောစီးစီး နိုးထလာပြီး သူ၏အခန်းထဲတွင် 'ရက်စက်ကြမ်းကြုတ် အကြွင်းမဲ့နဂါး သိုင်းပညာနည်းစနစ်' ကို ချက်ချင်း စတင်၍ကျင့်ကြံတော့သည်။

သူ ဤမျှထိ အရေးတကြီး ကျင့်ကြံနေရသည့် အကြောင်းအရင်းမှာ ယနေ့ နိုးထလာချိန်တွင် ချင်းမင်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ ခွန်အားများ ပြည့်ဝနေသည်ကို ခံစားလိုက်ရသောကြောင့်ပင်။

ယမန်နေ့ညက အိပ်ယာထဲသို့ မနည်းကုန်းရုန်းတက်ခဲ့ရသောသူမှာ ချင်းမင် မဟုတ်ခဲ့သည့်အလားပင်။

"'ရက်စက်ကြမ်းကြုတ် အကြွင်းမဲ့နဂါး သိုင်းနည်းစနစ်' က ကောင်းကင်အဆင့် နည်းစနစ်ဆိုတဲ့ နာမည်နဲ့ တကယ့်ကို လိုက်ဖက်တာပဲ... ကျင့်ကြံရတဲ့ အခက်အခဲက ကြောက်စရာကောင်းလောက်အောင် မြင့်မားပေမယ့် အကျိုးသက်ရောက်မှုက အံ့အားသင့်စရာကောင်းလောက်အောင် ကောင်းမွန်တယ်..."

ခက်ခဲသော ကိုယ်နေဟန်ထားကို ထိန်းသိမ်းထားရင်း ချင်းမင်က ရင်နာစွာဖြင့် တွေးတောနေမိသည်။

မကြာမီ ချင်းမင်၏ ခန္ဓာကိုယ်မှ မိုးရေစက်များကဲ့သို့ ချွေးများ ထပ်မံ ကျဆင်းလာပြီး မြေပြင်တစ်ခုလုံးကို စိုရွှဲသွားစေသည်။

"နောက်ဆုံးတော့ လေ့ကျင့်လို့ ပြီးသွားပြီ..."

ချင်းမင်သည် ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ရပ်လိုက်ပြီး ထမင်းစားဆောင်ဆီသို့ လျှောက်သွားလိုက်သည်။ သူသည် လုံးဝအားကုန်နေသည်ဟု ခံစားရပြီး တစ်စုံတစ်ခု စားချင်စိတ်သာ ရှိတော့သည်။

ထိုအချိန်တွင် ကတုန်ကရင်ဖြစ်နေသော အစေခံတစ်ဦး ပြေးဝင်လာပေ၏။

"ဘာဖြစ်တာလဲ..."

ချင်းမင်က ကျယ်လောင်စွာ အော်ဟစ်၍ မေးမြန်းလိုက်သည်။

"သခင်လေး..."

ချင်းမင်ကို မြင်တွေ့ချိန်၌ အစေခံက ချက်ချင်း ပြောဆိုသည်။

"ဒုက္ခပါပဲ... သခင်မလေး အဖမ်းခံလိုက်ရပြီ..."

"ဘာ... ချင်းချင်း အဖမ်းခံလိုက်ရတာလား...ဘယ်သူ ဖမ်းသွားတာလဲ... ပြီးတော့ သူတို့ ဘယ်ဘက်ကို သွားကြတာလဲ..."

ချင်းမင်၏မျက်နှာထား ရုတ်ခြည်းပြောင်းလဲသွားပြီး အစေခံ၏ပခုံးကို ဆွဲကိုင်ကာ မေးမြန်းလိုက်သည်။

"အား..."

အစေခံက နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။

ချင်းမင်သည် သူ၏ တင်းကြပ်သော ဆုပ်ကိုင်မှုကို လျင်မြန်စွာ လွှတ်ပေးလိုက်ပြီး စိုးရိမ်ပူပန်သော အမူအယာဖြင့် အစေခံကို ကြည့်လိုက်သည်။

"ချန်ယန်မြို့က စီးမာမိသားစု ဖမ်းသွားတာလို့ ကြားပါတယ်... သူတို့ ထွက်သွားကြတာ အတော်ကြာပြီ... ဘယ်ကို သွားလဲဆိုတာတော့ ကျွန်တော် သေချာမသိပါဘူး..."

"ဒါပေမဲ့ သူတို့က ချန်ယန်မြို့က စီးမာမိသားစုဝင်တွေဆိုတော့ ချန်ယန်မြို့ကို ပြန်သွားကြမှာပါ..."

အစေခံက တုန်ရီစွာဖြင့် ပြောဆိုသည်။

"စီးမာမိသားစု... မောက်မာလိုက်တာ..."

ချင်းမင်သည် အံ့တင်းတင်းကြိတ်ကာ အော်ငေါက်လိုက်ပြီး ချင်းအိမ်တော်တံခါးဝဆီသို့ လျင်မြန်စွာ ပြေးထွက်သွားသည်။

"ဒုန်း..."

ချင်းမင်သည် ချက်ချင်းဆိုလိုပင် မြေပြင်ပေါ်သို့ လဲကျသွားပေ၏။ သူသည် လေ့ကျင့်ခန်း လုပ်ပြီးခါစ ဖြစ်ကြောင်း မေ့လျော့နေခဲ့ပြီး ယခုအချိန်၌ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အားနည်းနေကာ ကြွက်သားများ တောင့်တင်းနေသဖြင့် ပြေးလွှားရန် မဖြစ်နိုင်တော့ချေ။

လမ်းလျှောက်လျှင်ပင် ချင်းမင်ကို နာကျင်စေသည်ဖြစ်ရာ ပြေးလွှားရန်မှာ ထည့်ပြောရန်ပင် မလိုတော့ချေ။

"သခင်လေး... အဆင်ပြေရဲ့လား..."

ချင်းမင် လဲကျသွားသည်ကို မြင်တွေ့ချိန်၌ အစေခံက အလျင်အမြန် လာရောက်၍ တွဲထူပေးရန် ရည်ရွယ်လိုက်သည်။

"တောက်..."

ချင်းမင်၏အရှိန်အဝါသည် ရုတ်တရက် မြင့်တက်လာပြီး သိုင်းဘိုးဘေး နယ်ပယ်သို့ ချက်ချင်းရောက်ရှိသွားပေ၏။

ထို့နောက် စိတ်ဝိညာဉ်ချီစွမ်းအင်များဖြင့် အားဖြည့်ထားသော သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများသည် ချက်ချင်းဆိုသလိုပင် စွမ်းအားများဖြင့် ပြည့်နှက်သွားတော့သည်။

ချင်းမင်သည် လက်တစ်ဖက်ဖြင့် မြေကြီးကို တွန်းလိုက်ပြီး ခြေလှမ်းတစ်လှမ်း ရှေ့လှမ်းကာ လေဟာနယ်အတွင်းသို့ တက်လှမ်း၍ မြို့တော်ဝန်အိမ်တော်ကို ပျံသန်းဖြတ်ကျော်သွားသည်။ ထို့နောက် သူသည် ပျံလွှားငှက်တစ်ကောင်အလား ခေါင်မိုးများကို နင်းဖြတ်ကာ လျှိုမြို့၏အစွန်အဖျားဆီသို့ ပြေးထွက်သွားတော့သည်။

"ဒါ... ဒါက..."

ချင်းမိသားစု အစေခံသည် သူ၏ မျက်စိရှေ့တွင် ဝေဝါးသွားသည်ကိုသာ ခံစားလိုက်ရသည်။ မြေပြင်ပေါ်တွင် လဲကျနေသော ချင်းမင်သည် ပျောက်ကွယ်သွားပြီး အစေခံ ပြန်ကြည့်လိုက်ချိန်တွင် ချင်းမင်သည် မြို့တော်ဝန်အိမ်တော်၏အပြင်ဘက်သို့ ရောက်ရှိနေလေပြီ။

"ခုနက အရှိန်အဝါက သေချာပေါက် သိုင်းဆရာကြီး တစ်ယောက်ရဲ့ အရှိန်အဝါ မဟုတ်ဘူး... မဟာသိုင်းဆရာကြီးရဲ့ အရှိန်အဝါထက်တောင် ပိုပြီးသန်မာနေသေးတယ်..."

ချင်းမိသားစုအစေခံ ရုတ်တရက် တုန်လှုပ်သွားလေသည်။ အစေခံတစ်ဦးအနေဖြင့် သူသည် သိသင့်သည်ကို သိထားပြီး မသိသင့်သည်ကို မသိထားရပေ။

တစ်ခါတစ်ရံတွင် များစွာသိထားခြင်းက သူ့အတွက် ကောင်းမွန်သော ကိစ္စတစ်ရပ် မဟုတ်ချေ။

အခန်း ၁၄၁: စီးမာမိသားစုကို ပြစ်မှားရဲသူ

ချင်းမင်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လျှိုမြို့၏အစွန်အဖျားဆီသို့ သရဲတစ္ဆေတစ်ကောင်အလား ခေါင်မိုးများပေါ်မှ ဖြတ်ကျော်ပြေးလွှားသွားသည်။

သာမန်ကျင့်ကြံသူများသည် သူ့ကို သတိပင် မထားမိလိုက်ကြချေ သိုင်းဆရာကြီးတချို့ကသာ သူ့ကို ရိပ်ခနဲ မြင်တွေ့မိပေ၏။

ထိုသို့မြင်တွေ့လိုက်ရသူများအားလုံး ကြောက်လန့်တုန်လှုပ်သွားကြသည်။

ထိုအမြန်နှုန်းအရ ထိုလူသည် မဟာသိုင်းဆရာကြီးတစ်ယောက် မဖြစ်နိုင်ချေ။ အနည်းဆုံးအနေဖြင့် သူသည် သိုင်းဘိုးဘေးတစ်ယောက် ဖြစ်နေပေမည်။

သိုင်းဘိုးဘေးတစ်ယောက်သည် လျှိုမြို့ကို ရောက်ရှိလာခဲ့သလော။

ထိုအချက်ကို နားလည်သဘောပေါက်လိုက်သည်နှင့် တစ်ကိုယ်တော် သိုင်းဆရာကြီးတချို့သည် မြို့ထဲမှ တိတ်တဆိတ် ထွက်ခွာသွားကြတော့သည်။

သူတို့သည် အဆင့်နှစ် သံတိမ်တိုက် သတ္တုတွင်းကို လုယူရန် လာရောက်ကြခြင်း ဖြစ်သော်လည်း သိုင်းဘိုးဘေးအဆင့် ကျင့်ကြံသူတစ်ဦး ရှိနေပါက မည်သည့်အဓိပ္ပာယ် ရှိတော့မည်နည်း။

လျှိုမြို့ရှိ သိုင်းဆရာကြီးများအားလုံး ပေါင်းစည်းလိုက်လျှင်ပင် သိုင်းဘိုးဘေးတစ်ယောက်၏ လက်ချက်ဖြင့် အချိန်တခဏအတွင်းတွင် သေဆုံးသွားကြပေလိမ့်မည်။

သိုင်းဘိုးဘေးတစ်ယောက် ထွက်ပေါ်လာသည်နှင့် သတ္တုတွင်းကို ယှဉ်ပြိုင်လုယူရန် မလိုတော့ချေ။

ချင်းမင်သည် အလွန်လျင်မြန်စွာ ရွေ့လျားသွားကာ သိုင်းဆရာကြီး လက်တစ်ဆုပ်စာခန့်သာ သူ့ကို မြင်တွေ့လိုက်ရသောကြောင့် လျှိုမြို့တွင် သိုင်းဘိုးဘေးတစ်ပါး ရှိနိုင်ကြောင်း သတင်းမှာ လူနည်းစုကြားတွင်သာ ပျံ့နှံ့သွားသည်။

"မြန်မြန်... ပိုပြီး မြန်မြန်..."

ချင်းမင်သည် သူ၏အရှိန်ကို မြှင့်တင်ရင်း သူ့ကိုယ်သူ တိုက်တွန်းနေမိသည်။

ညီမဖြစ်သူအတွက် သက်တော်စောင့်များ ငှားရမ်းမပေးခဲ့မိသည့်အတွက် သူ့ကိုယ်သူ ကျိန်ဆဲနေမိပေ၏။ အကယ်၍ သူသာ သူ၏ အင်အားစုကို စောစီးစွာ တည်ဆောက်ခဲ့ပါက ချင်းချင်း ပြန်ပေးဆွဲခံရမည့် အဖြစ်မျိုး ကြုံတွေ့ရမည် မဟုတ်ချေ။

လက်ရှိချိန်၌ လျှိုမြို့သည် အင်အားစုများ ရောထွေးနေပြီး ဖရိုဖရဲ ဖြစ်နေသည်။ အမျိုးသမီးများကို ဖမ်းဆီးရဲသည်အထိ မိုက်ရိုင်းသော ဥပဒေမဲ့အင်အားစုများ ရှိနေခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။

လျှိုမြို့မှ ချန်ယန်မြို့သို့ သွားသော လမ်းမကြီးပေါ်တွင် ခမ်းနားထည်ဝါသော မြင်းရထားလုံးအမြောက်အများ အရှိန်ပြင်းစွာ မောင်းနှင်သွားနေကြသည်။

ထိုမြင်းရထားလုံးများ၏နံဘေးပတ်လည်တွင် မြင်းစီးအစောင့်တပ်ဖွဲ့တစ်စုက လုံခြုရေးယူထားလေ၏။

"အကြီးအကဲချန်... ကျွန်တော်တို့က ထွက်ပြေးဖို့ မလိုပါဘူး... ချင်းမိသားစုဆိုတာ ကျွန်တော်တို့ စီးမာမိသားစုအတွက် ဘာမှမဟုတ်ပါဘူး..."

"ချင်းမိသားစုက ကောင်မလေးကို ကျွန်တော်တို့ ခေါ်သွားမှန်း သိရင်တောင် သူတို့ ဘာမှလုပ်ရဲမှာ မဟုတ်ဘူး..."

မြင့်မားသောမြင်းတစ်ကောင်ပေါ်တွင် ထိုင်နေသည့် တန်ဖိုးကြီးဝတ်စုံဝတ်လူငယ်သည် မောက်မာသော လေသံရှိသော်လည်း သူ၏မျက်လုံးများက နောက်ကျိနေပြီး အပျော်အပါး လိုက်စားပုံရသည်။

သူ၏နံဘေးရှိ အဘိုးအိုက သူ့ကိုကြည့်ပြီး ခေါင်းခါယမ်းလိုက်သည်။

"သခင်လေး... သခင်လေး နားမလည်ပါဘူး... ချင်းမိသားစုက သိုင်းပညာအင်အားနဲ့ တိုးတက်လာတဲ့ မိသားစုပါ... ပြီးတော့ ချင်းမိသားစုခေါင်းဆောင်က သူ့ရဲ့မိသားစုဝင်တွေကို အရမ်းတန်ဖိုးထားတယ်... သူရဲ့သမီးကို သခင်လေး ဖမ်းခေါ်သွားမှန်းသိရင် ဘာကိုမှ ဂရုမစိုက်ဘဲနဲ့ သေမင်းနဲ့ စစ်ခင်းရမယ်ဆိုရင်တောင် လာပြီးတိုက်ခိုက်လိမ့်မယ်..."

"မိန်းကလေးတစ်ယောက်တည်းအတွက်နဲ့ သူက အရာအားလုံးကို စွန့်စားမယ်ပေါ့..."

"ဟုတ်ပါတယ်..."

"ကျင့်ကြံသူတိုင်းက ဂုဏ်သိက္ခာကို စည်းစိမ်ဥစ္စာ ရာထူးအာဏာတွေနဲ့ လဲလှယ်ကြတာ မဟုတ်ဘူး... ချင်းမိသားစုက ဖြောင့်မတ်မှန်ကန်တဲ့ မိသားစုပါ... ဒါကြောင့် သခင်လေးက သူတို့မိသားစုရဲ့ သခင်မလေးကို ဖမ်းမိလိုက်တဲ့အချိန်မှာပဲ ချက်ချင်းထွက်ပြေးဖို့ ကျွန်တော် ပြောခဲ့တာပေါ့..."

"ဟမ့်... ငါ ကြိုသိခဲ့ရင် မဖမ်းပါဘူး..."

ထိုလူငယ်က ဒေါသတကြီးဖြင့် တံတွေးထွေးလိုက်သည်။

သူ၏သခင်လေး သင်ခန်းစာရသွားပြီဟု အကြီးအကဲချန်က ထင်မှတ်လိုက်ချိန်မှာပင် လူငယ်က ထပ်မံ၍ ပြောဆိုသည်။

"ညဉ့်နက်တဲ့အထိ စောင့်ပြီးမှ လုပ်ခဲ့သင့်တာ... ဒါဆို ဘယ်သူမှ သိမှာမဟုတ်ဘူး... စီးမာမိသားစုကို ရောက်သွားပြီဆိုရင်တော့ ဘယ်လောက်ကြမ်းတမ်းတဲ့ ချင်းမိသားစုပဲ ဖြစ်နေပါစေ ငါ့ကို ထိရဲမှာ မဟုတ်တော့ဘူး..."

အကြီးအကဲချန်က ခေါင်းခါယမ်းလိုက်သည်။ သူ၏ဘဝသည် မျှော်လင့်ချက်မဲ့နေသကဲ့သို့ သူ ခံစားမိပေ၏။

ဤကဲ့သို့ သခင်လေးမျိုးကို အလုပ်အကျွေး ပြုရသည်မှာ ပင်ပန်းလှပေ၏။ သူ မျက်ခြေပြတ်သွားသည့် ခဏလေးအတွင်းမှာပင် ဤကောင်လေးသည် ကပ်ဘေးတစ်ခုကို ဖန်တီးခဲ့လေပြီ။

လျှိုမြို့ရှိ မိန်းကလေးများစွာအနက်မှ သူသည် ချင်းမိသားစုဝင်တစ်ယောက်ကို ရွေးချယ်ပြီး ပြန်ပေးဆွဲခဲ့သည်။

ချင်းမိသားစုသည် လျှိုမြို့ကို ထိန်းချုပ်ထားပြီး ယခင်မြို့တော်ဝန်ကိုပင် မောင်းထုတ်ခဲ့သည့် မိသားစုဖြစ်သည်။ သူတို့အား ရန်စရန် လွယ်ကူသည်ဟု သူ၏သခင်လေး တွေးထင်နေသလော။

စီးမာမိသားစုတွင် သိုင်းဘိုးဘေးနယ်ပယ် ထိပ်သီးကျင့်ကြံသူများ ရှိသော်လည်း မလိုအပ်ဘဲ ရန်သူများကို မဖန်တီးသင့်ချေ။

သိုင်းဘိုးဘေးနယ်ပယ် ကျင့်ကြံသူများ ရှိနေရုံဖြင့် ပြီးပြည့်စုံပြီ ပြိုင်ဘက်ကင်းပြီဟု ယုံကြည်နေပါက စီးမာမိသားစု၏ကျဆုံးခန်းသို့ ရောက်လာတော့မည်မှာ သေချာပေါက်ပင်။

All Chapters