← Chapters

အခန်း (၁၄၂-၁၄၄)

Vol. 10 Ch. 142-144

အခန်း (၁၄၂-၁၄၄)

Vol. 10 Ch. 142-144

အခန်း ၁၄၂: ချင်းချင်းအား ရှာတွေ့ခြင်း

"မြန်မြန် မောင်းစမ်း..."

ချင်းမိသားစုက လက်စားချေရန် လိုက်လာနိုင်သည်ဟု တွေးမိပြီး လူငယ်က စိုးရိမ်တကြီး ပြောဆိုလိုက်သည်။

"ကောင်းပါပြီ..."

အကြီးအကဲချန်က ပြန်လည်ဖြေကြားလိုက်၏။

ကာမဂုဏ်စိတ်သည် လူတစ်ယောက်၏ခေါင်းပေါ်တွင် ဓားတစ်လက် ချိတ်ဆွဲထားသည့်အလားပင်။ ဤကိစ္စ ပြီးသွားပါက သခင်လေး သင်ခန်းစာ ရရှိမည်ဟု သူ မျှော်လင့်မိသည်။

"ရပ်လိုက်စမ်း..."

ရုတ်တရက် နားကွဲလုမတတ် ဟိန်းဟောက်သံကြီးတစ်သံသည် သူတို့၏နောက်မှ ထွက်ပေါ်လာပေ၏။

သူတို့ နောက်သို့လှည့်ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံဝတ် လူတစ်ဦးသည် သူတို့ဆီသို့ မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။

"သူ့ကို တားထားစမ်း..."

စီးမာသခင်လေးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဟုတ်ကဲ့... သခင်လေး..."

အစောင့်တပ်ဖွဲ့ဝင်များက ချက်ချင်းဆိုသလိုပင် သူတို့၏ဓားများကို ဆွဲထုတ်လိုက်ကြသည်။ သိုင်းဆရာကြီးနယ်ပယ်သို့ ရောက်ရှိထားသော အစောင့်ခေါင်းဆောင်နှစ်ဦးက အနက်ရောင်ဝတ်စုံဝတ်လူကို တည်ကြည်လေးနက်သော အမူအယာဖြင့် စိုက်ကြည့်နေကြ၏။

"ဒါက စီးမာမိသားစုရဲ့ ယာဉ်တန်းပဲ... မသက်ဆိုင်တဲ့သူတွေ အမြန်ထွက်သွားကြစမ်း..."

အစောင့်ခေါင်းဆောင်ဖြစ်သူ သိုင်းဆရာကြီးတစ်ယောက်က စီးမာမိသားစု၏ဂုဏ်သတင်းကို အသုံးပြု၍ ချဉ်းကပ်လာသူကို တားဆီးရန် အော်ဟစ်လိုက်သည်။

ကံမကောင်းစွာဖြင့် ချဉ်းကပ်လာသူမှာ ချင်းမင် ဖြစ်နေပေသည်။ 'စီးမာ' ဟူသော စကားလုံးကို ကြားလိုက်ချိန်၌ မေးမြန်းရန် အရှိန်လျှော့ထားသော သူ၏ခြေလှမ်းများမှာ ပို၍မြန်ဆန်လာခဲ့ပေ၏။

"တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြစမ်း..."

အနက်ရောင်ဝတ်စုံဝတ်လူသည် အရှိန်လျှော့မသွားသည့်အပြင် ပို၍ပင် အရှိန်မြှင့်တင်လာသည်ကို မြင်လိုက်ရသဖြင့် အစောင့်ခေါင်းဆောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ချင်းမင်က လူအုပ်ကြီးကို ဝေ့ဝိုက်၍ကြည့်ရှုလိုက်ပြီးနောက် သူ၏စိတ်အာရုံသည် မြင်းရထားများအပေါ်သို့ စူးစိုက်၍ ကျရောက်သွားသည်။

"ဟူး..."

သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက် ချင်းမင်သည် အရာအားလုံးကို လျစ်လျူရှုကာ မြင်းရထားများရှိရာသို့ တိုးဝင်တိုက်ခိုက်လေသည်။

ချင်းမင် ပြေးဝင်လာသည်ကို မြင်တွေ့ချိန်၌ အစောင့်ခေါင်းဆောင်က သူ့ထံသို့ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ စိတ်ဝိညာဉ်ချီစွမ်းအင်များ ဖုံးလွှမ်းထားသော ဓားသည် မထင်မှတ်သောထောင့်တစ်ခုမှ ဝင်ရောက်လာပြီး ချင်းမင်၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။

"ဝှစ်..."

ချင်းမင်က သူ၏လက်ကို ဆန့်တန်းပြီး လျှင်မြန်စွာ ခုတ်ပိုင်းလာသော ဓားကို တိုက်ရိုက်ဖမ်းဆုပ်လိုက်သည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

အစောင့်ခေါင်းဆောင်သိုင်းဆရာကြီး ထိတ်လန့်တုန်လှုပ်သွားသည်။ ခုတ်ပိုင်းလာသော ဓားကို လက်ဗလာဖြင့် ဖမ်းဆုပ်လိုက်သည်သလော... ဤအနက်ရောင်ဝတ်စုံဝတ်လူ၏ကျင့်ကြံဆင့်သည် မည်မျှထိ မြင့်မားနေသနည်း။

"ဂျွတ်..."

ပြတ်သားသော အသံတစ်သံနှင့်အတူ ချင်းမင်သည် ဓားကို ချက်ချင်းချိုးပစ်လိုက်ပြီး အစောင့်ခေါင်းဆောင်၏ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်နှက်လိုက်သည်။ အစောင့်ခေါင်းဆောင်သည် ချက်ချင်းလွင့်ထွက်သွားပြီး သူ၏နောက်မှ အစောင့်များကို အတန်းလိုက် ဝင်တိုက်မိကာ လဲကျသွားစေသည်။

ချင်းမင်ထံတွင် ဤအသေးအမွှားလေးများကို ဖြေရှင်းရန် အချိန်မရှိချေ။ အစောင့်များက သူ့ကို ခုတ်ပိုင်းလာသော ဓားချက်များကို လျစ်လျူရှုကာ ရိုးရှင်းစွာပင် သူ၏လက်ဖြင့် ပုတ်ထုတ်လိုက်၏။

ဓားများသည် သူ၏ ခန္ဓာကိုယ်ကို ထိမှန်ပြီး မီးပွားများ ထွက်ပေါ်လာသော်လည်း ချင်းမင်သည် လုံးဝဒဏ်ရာမရရှိဘဲ မြင်းရထားလုံးများဆီသို့ ဆက်လက်၍ ပြေးဝင်သွားသည်။

အစောင့်များ၏စိတ်နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာပေ၏။ ဤအနက်ရောင်ဝတ်စုံဝတ်၏ခွန်အားမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ဓားဖြင့် ခုတ်ပိုင်းခြင်းသည် သူ့အပေါ် လုံးဝသက်ရောက်မှု မရှိချေ။

ဤကဲ့သို့ ရန်သူမျိုးကို သူတို့ မည်သို့ ရင်ဆိုင်ရမည်နည်း။

"ဝုန်း..."

ချင်းမင်သည် လက်ဝါးဖြင့် ရိုက်ချလိုက်ရာ နောက်ဆုံးမြင်းရထားလုံးသည် လုံးလုံးလျားလျား ပျက်စီးသွားပေ၏။

သူ စိုးရိမ်တကြီး ရှာဖွေကြည့်လိုက်သော်လည်း ချင်းချင်း၏အရိပ်အယောင်ကို မတွေ့ရဘဲ ကြောက်လန့်တကြား ကြည့်နေကြသော မိန်းကလေးငယ်တချို့ကိုသာ မြင်တွေ့လိုက်ရသည်။

သူသည် မြေပြင်ကို ခြေဖြင့်ဆောင့်နင်းလိုက်ပြီး လေးညှို့မှပစ်လွှတ်လိုက်သော မြားတစ်စင်းအလား ရှေ့သို့ ပြေးထွက်သွားကာ နောက်ထပ် မြင်းရထားလုံးတစ်စီးဆီသို့ ဦးတည်လိုက်သည်။

စိတ်ဝိညာဉ်ချီစွမ်းအင်များ သူ၏လက်ဝါးတွင် စုစည်းလာပြီးနောက် သူသည် လက်ဝါးတစ်ချက် ရိုက်နှက်လိုက်ရာ တခြားမြင်းရထားလုံးတစ်စီး အက်ကွဲသွားပြီး အတွင်းရှိ လူရိပ်ကို ပေါ်လွင်လာစေသည်။

"ချင်းချင်း..."

ချင်းမင်က ကျယ်လောင်စွာ အော်ခေါ်လိုက်၏။

မြင်းရထားအတွင်းတွင် ချင်းချင်းသည် ကြိုးတုပ်ခံထားရပြီး ပါးစပ်ကို အဝတ်စဖြင့် ပိတ်ဆို့ခံထားရသည်။ သူမသည် ချင်းမင်ကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေပြီး မျက်ရည်များ ဝဲလာကာ ပါးပြင်ပေါ်သို့ စီးကျလာသည်။

သူမ၏ ဖခင်နှင့်အစ်ကိုဖြစ်သူတို့ သူမကို လာကယ်မည်မှာ သေချာသည်ဟု သိထားသဖြင့် ကြောက်ရွံ့နေသော်လည်း သူမ မငိုခဲ့ချေ။

ယခုအချိန်တွင် အစ်ကိုဖြစ်သူ၏ စိုးရိမ်ပူပန်နေသော ပုံစံကို မြင်လိုက်ရချိန်၌ သူမ၏မျက်ရည်များကို ဆက်လက်၍ ထိန်းမထားနိုင်တော့ချေ။

ချင်းမင်သည် ချက်ချင်းဆိုသလိုပင် ကြိုးများကို သူ၏လက်ဝါးဖြင့် ဖြတ်တောက်လိုက်ပြီး ညီမဖြစ်သူ၏ပါးစပ်မှ အဝတ်စကို ဖယ်ရှားကာ သူမကို ပွေ့ဖက်၍ နှစ်သိမ့်ပေးလိုက်သည်။

"အဆင်ပြေသွားပါပြီ... အစ်ကို ရောက်လာပြီ... ညီမလေး လုံခြုံသွားပါပြီ..."

ချုပ်နှောင်မှုများမှ လွတ်မြောက်သွားသော ချင်းချင်းသည် ချင်းမင်၏ရင်ခွင်ထဲတွင်မှီရင်း ထူးကဲသော နွေးထွေးမှုကို ခံစားလိုက်ရသည်။

"အစ်ကို.. ချင်းချင်း မကြောက်ပါဘူး... အစ်ကိုလာကယ်မယ်ဆိုတာ ချင်းချင်း သိနေတယ်..."

"အင်း..."

ချင်းချင်း၏ခေါင်းကို ပွတ်သပ်ပေးရင်း ချင်းမင်၏ ဂဏာမငြိမ်ဖြစ်နေသော စိတ်နှလုံးသား နောက်ဆုံးတွင် တည်ငြိမ်သွားတော့သည်။

"ညီမလေးကို ဒီလိုအန္တရာယ်မျိုး ထပ်ပြီးမကြုံတွေ့စေရဘူးလို့ အစ်ကို ကတိပေးပါတယ်..."

အခန်း ၁၄၃: သတ်ဖြတ်ခြင်း

"ဘယ်ကလာတဲ့ ကောင်စုတ်လေးက စီးမာမိသားစုရဲ့ မြင်းရထားတွေကို ဝင်ပြီးတိုက်ခိုက်ရဲတာလဲ..."

စီးမာသခင်လေးက အော်ဟစ်လိုက်သည်။

ညီမဖြစ်သူနှင့် ကောင်းကောင်းမွန်မွန် စကားပြောရန် ရည်ရွယ်ထားသော်လည်း နှောင့်ယှက်ခံလိုက်ရသော ချင်းမင်က ရုတ်တရက် ခေါင်းမော့ကာ စီးမာသခင်လေးကို ကြည့်လိုက်သည်။

စီးမာသခင်လေးသည် နတ်ဆိုးသားရဲတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏သေခြင်းရှင်ခြင်းကို သူကိုယ်တိုင် မထိန်းချုပ်နိုင်တော့သကဲ့သို့ ခံစားလိုက်ရသည်။

ထိုအချိန်တွင် စီးမာသခင်လေး၏နောက်မှ အကြီးအကဲချန်သည် တည်ကြည်လေးနက်သော အမူအယာဖြင့် ရှေ့ထွက်လာကာ သူ့ကို ကာကွယ်ပေးပြီး ပြောဆိုသည်။

"သခင်လေး... ပြေးတော့... ဒါက အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ပဲ... ကျွန်တော် သူ့ကို ဟန့်တားနိုင်မှာ မဟုတ်ဘူး..."

"ပြေးရမှာလား.."

စီးမာသခင်လေးသည် မည်သည့်စကားမျှ ပြန်မပြောနိုင်ဘဲ ဖြစ်နေပေ၏။

အကြီးအကဲချန်က သိုင်းဆရာကြီးနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသူပင်။ သူ၏ရှေ့မှ လူငယ်လေးကို အကြီးအကဲချန်သည် မည်သည်ကြောင့် မတားဆီးနိုင်ဘဲ နေမည်နည်း။

ထိုလူငယ်လေးသည် မဟာသိုင်းဆရာကြီးနယ်ပယ်သို့ ရောက်နေခြင်းကြောင့် ဖြစ်သလော...

သူသည် ခေါင်းခါယမ်းလိုက်ပြီး မဖြစ်နိုင်သော အတွေးကို သူ၏စိတ်ထဲမှ ထုတ်ပစ်လိုက်သည်။

သူတို့၏ စီးမာမိသားစုတွင် ပါရမီရှင်များ ပေါများသော်လည်း မိသားစုတစ်ခုလုံးတွင် အစွမ်းထက်ဆုံး မျိုးဆက်သစ်လူငယ်မှာ သူ၏ အစ်ကိုအကြီးဆုံးသာဖြစ်သည်။

သို့သော် သူ လေးစားအားကျရသော ထိုအစ်ကိုကြီးပင်လျှင် သိုင်းဆရာကြီးနယ်ပယ် အထွတ်အထိပ်အဆင့်တွင်သာ ရှိနေသည်။ ထိုသို့ဖြစ်သောကြောင့် သူ၏ အစ်ကိုကြီးထက် များစွာပို၍ ငယ်ရွယ်ပုံရသော ဤလူငယ်လေးသည် မဟာသိုင်းဆရာကြီးနယ်ပယ်ကို မည်သည်ကြောင့် ရောက်ရှိနေနိုင်မည်နည်း။

"မြန်မြန်ပြေးတော့... ဒီလူငယ်လေးက ကျွန်တော် ကိုင်တွယ်နိုင်တဲ့သူ မဟုတ်ဘူး... သခင်လေး မြန်မြန်ပြေးရင် အသက်ဘေးက လွတ်နိုင်ကောင်း လွတ်နိုင်လိမ့်မယ်..."

ကြောင်အမ်းအမ်း ဖြစ်နေသော သခင်လေးကို ကြည့်ရင်း အကြီးအကဲချန်က စိုးရိမ်ပူပန်တကြီး တိုက်တွန်းလိုက်သည်။

သူ့ရှေ့မှ လူငယ်လေးသည် သိုင်းဆရာကြီးနယ်ပယ် အစောင့်တစ်ဦး၏ဓားကို လက်တစ်ဖက်တည်းဖြင့် ချိုးနိုင်ပြီး လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်းရှိသူပင်။ ဤလူငယ်လေးသည် သူ ကိုင်တွယ်နိုင်သော လူစားမျိုး လုံးဝမဟုတ်ပေ။

သူ၏သခင်လေး အသက်ဘေးမှ လွတ်မြောက်နိုင်ရန်အတွက် အချိန်တခဏကြာမျှ အချိန်ဆွဲထားနိုင်ရန်သာ သူ မျှော်လင့်မိသည်။

"နောက်ကျသွားပြီ..."

ညီမဖြစ်သူကို ကျောပေါ်တွင် တင်လိုက်ပြီးနောက် ချင်းမင်သည် နောက်သို့လှည့်ကာ စီးမာသခင်လေးကို ကြည့်လိုက်သည်။

"ညီမလေး... ဒီလူက တရားခံလား..."

ချင်းမင်က သူ၏ကျောပေါ်ရှိ ညီမဖြစ်သူကို မေးမြန်းလိုက်၏။

ချင်းချင်းက ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"သူပဲ... သူက စီးမာမိသားစုဆီ လာကစားဖို့ ပြောတယ်... ညီမလေးက ငြင်းလိုက်တော့ လူတွေကို ဖမ်းခိုင်းလိုက်တာပဲ...ညီမလေးကို ကြိုးတွေနဲ့ တုပ်ထားတာက တကယ် နာတယ်..."

ညီမဖြစ်သူ၏ဖြူဝင်းသော လက်မောင်းပေါ်မှ အနီရောင်အစင်းရာများကို မြင်တွေ့ချိန်၌ ချင်းမင် ဒေါသပုန်ထသွားတော့သည်။

"ချင်းချင်း... လိမ္မာတယ်... မျက်လုံးမှိတ်ထားနော်..."

ချင်းမင်က ညင်သာစွာ ပြောဆိုသည်။

ချင်းချင်းက ခေါင်းညိတ်ပြပြီး သူမ၏မျက်လုံးများကို မှိတ်လိုက်၏။

အစ်ကိုဖြစ်သူသည် မည်သည်ကြောင့် မျက်လုံးမှိတ်ခိုင်းသည်ကို မသိသော်လည်း ချင်းချင်းသည် သူမ၏အစ်ကိုကို အလွန် ယုံကြည်သည်။ ထိုကြောင့် အစ်ကိုဖြစ်သူက မျက်လုံးမှိတ်ခိုင်းသည်ဖြစ်ရာ သူမ မှိတ်ထားလိုက်ရုံသာ ရှိသည်။

ညီမဖြစ်သူ မျက်လုံးမှိတ်ပြီးနောက် ချင်းမင်သည် စီးမာသခင်လေးဆီသို့ ပြေးဝင်သွားသည်။

"ငါ့ရဲ့သခင်လေးကို မထိနဲ့..."

အကြီးအကဲချန်က အော်ဟစ်လိုက်ပြီး ချင်းမင်၏ရင်ဘတ်ဆီသို့ ဦးတည်ကာ သူ၏လက်ဝါးဖြင့် ရိုက်နှက်လိုက်သည်။

"ထွက်သွားစမ်း..."

ချင်းမင်က ပေါ့ပေါ့ပါးပါး တုံ့ပြန်ရိုက်ထုတ်လိုက်ရာ အဘိုးအို၏လက်ဝါးနှင့် ထိပ်တိုက်တွေ့ဆုံသွားပေ၏။

ရုတ်ချည်းဆိုသပင် အရိုးကျိုးသံများ ထွက်ပေါ်လာသည်။ အဘိုးအို၏လက်တစ်ဖက်လုံး ကျိုးကြေသွားပြီး ချင်းမင်သည် နောက်ထပ် လက်ဝါးတစ်ချက်ဖြင့် အဘိုးအို၏ရင်ဘတ်ကို ထပ်မံ၍ ရိုက်ချလိုက်သည်။ မျက်လုံးများ ပြူးကျယ်ကာ ထိတ်လန့်နေသော အဘိုးအိုသည် ရှောင်တိမ်းရန် အချိန်မရှိဘဲ ထိုလက်ဝါးချက်က သူ၏ရင်ဘတ်ကို ရိုက်ခတ်လာသည်ကိုသာ ကြည့်နေလိုက်ရသည်။

အဘိုးအို၏ရင်ဘတ် ချိုင့်ဝင်သွားပြီး သူ၏မျက်လုံးများမှ အလင်းရောင် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။ သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး နှစ်ချက်မျှ ဆတ်ခနဲ တုန်ခါသွားပြီးနောက် ငြိမ်သက်သွားတော့သည်။

"အကြီးအကဲချန်..."

စီးမာသခင်လေးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"မင်း ငါ့ကို သတ်လို့မရဘူး... ငါက စီးမာမိသားစုက..."

စီးမာသခင်လေး၏စကား မဆုံးမီမှာပင် ချင်းမင်က သူ၏ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်နှက်လိုက်သည်။ စီးမာသခင်လေးသည် ချက်ချင်းဆိုသလိုပင် အကြီးအကဲချန်၏ခြေရာနောက်သို့ တထပ်တည်း လိုက်ပါသွားတော့သည်။

"ပြေးကြ... မြန်မြန်ပြေးကြတော့... အကြီးအကဲချန်နဲ့ စီးမာသခင်လေး သေသွားပြီ..."

အစောင့်တစ်ဦးက ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

တခြားအစောင့်များလည်း သတိဝင်လာပြီး ဖရိုဖရဲ ထွက်ပြေးကြတော့သည်။

ချင်းမင်သည် သူ၏ခါးကိုကုန်းကာ မြေပြင်ပေါ်၌ကျနေသော ဓားတစ်ချောင်းကို ကောက်ယူလိုက်ပြီးနောက် နောက်ဆုံးမှ ထွက်ပြေးနေသော သိုင်းဆရာကြီးတစ်ဦးဆီသို့ ပစ်လွှတ်လိုက်၏။

ထိုဓားသည် လေးညှို့မှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းအလားပင်။ အဖြူရောင်အလင်းတန်းတစ်တန်း လင်းလက်သွားပြီးနောက် ထိုသိုင်းဆရာကြီး ပြန်လည်၍မတုံ့ပြန်နိုင်မီမှာပင် သူ၏ရင်ဘတ်ကို ဖောက်ထွင်းသွားသည်။ ဓား၏အရှိန်သည် လျော့ကျသွားခြင်း မရှိဘဲ သူ့ကို သစ်ပင်တစ်ပင်နှင့် ကပ်လျက် စိုက်ဝင်သွားစေပြီးမှ ရပ်တန့်သွားတော့သည်။

အခန်း ၁၄၄: ဖရိုဖရဲဖြစ်ခြင်း

ချင်းမင်သည် ကျန်ရှိနေသော အသေးမွှားလေးများကို လိုက်လံတိုက်ခိုက်ခြင်း မပြုတော့ပေ။ ယခုချိန်၌ အရေးကြီးဆုံးမှာ သူ၏ညီမလေးဖြစ်ပြီး တခြားကျန်သည့် အရာအားလုံးကို စောင့်ဆိုင်းနိုင်သည် မဟုတ်လော။

"မျက်လုံးဖွင့်လို့ ရပြီ..."

ချင်းမင်က တိုးညှင်းစွာ ပြောဆိုလိုက်သည်။

ချင်းချင်းသည် သူမ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ လျှိုမြို့သို့ ပြန်နေကြပြီဖြစ်ကြောင်း တွေ့လိုက်ရပေ၏။

"ညီမလေးကို ချပေးပါ..."

ချင်းချင်း၏မျက်နှာ အနည်းငယ်နီမြန်းသွားပြီး ပြောဆိုလိုက်သည်။

"ကောင်းပြီလေ..."

ချင်းမင်က ချင်းချင်းကို သူ၏ကျောပေါ်မှ ချပေးလိုက်ပြီး ဆက်လက်၍ ပြောဆိုသည်။

"အဖေ စိတ်ပူနေလောက်ပြီ... မြန်မြန် ပြန်ကြစို့...ညီမလေး နာနေသေးလား..."

"မနာပါဘူး..."

ချင်းချင်းက ပြောဆိုလိုက်၏။

"တကယ်တော့ သိပ်မနာပါဘူး... ကြောက်နေတာက ပိုများတယ်..."

ဤသည်မှာ အမှန်ပင်။

လူစိမ်းများ၏ ပြန်ပေးဆွဲခြင်းကို ခံရပြီးနောက် မိန်းကလေးငယ်တစ်ဦးအနေဖြင့် မည်သည်ကြောင့် မကြောက်ရွံ့ဘဲ နေမည်နည်း။

"ကိစ္စမရှိဘူး... အခု လုံခြုံသွားပါပြီ... ဒီလိုကိစ္စမျိုး နောက်တစ်ခါ ထပ်မဖြစ်စေရဘူးလို့ အစ်ကိုကတိပေးတယ်..."

ချင်းမင်က ညီမဖြစ်သူ၏မျက်လုံးများကို ကြည့်ပြီး ခိုင်မာပြတ်သားစွာ ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့..."

ချင်းချင်းက ခေါင်းညိတ်ပြပြီး အစ်ကိုဖြစ်သူ၏ လက်ကိုဆွဲကာ လျှိုမြို့ဆီသို့ လျှောက်လှမ်းလာခဲ့သည်။

"ဘာ... ချင်းချင်း အဖမ်းခံလိုက်ရတာလား..."

ရုံးတော်လုပ်ငန်းကိစ္စများကို ကိုင်တွယ်ဆောင်ရွက်နေသော ချင်းယွမ်သည် သမီးဖြစ်သူ အဖမ်းခံလိုက်ရကြောင်း သတင်းကြားသည်နှင့် စားပွဲခုံကို လက်ဖြင့် ရိုက်ကာ မတ်တတ်ရပ်လိုက်သည်။

"ဟုတ်... ဟုတ်ပါတယ်... ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့တပ်အပ် မြင်ခဲ့တာပါ... သခင်မလေးကို ခေါ်သွားတာက စီးမာမိသားစုပါ..."

ချင်းမင်ကို သတင်းပေးခဲ့သော အစေခံက ချင်းယွမ်၏ရှေ့တွင် ဒူးထောက်ပြီး တုန်ရီစွာဖြင့် ပြောဆိုလိုက်၏။

"ဒီကိုလာတဲ့ လမ်းမှာ သခင်လေးချင်းနဲ့ တွေ့လို့ ပြောပြလိုက်ပါတယ်... သူ လိုက်သွားပါပြီ..."

"ဘာ... ချင်းမင် လိုက်သွားတယ် ဟုတ်လား..."

စိုးရိမ်ပူပန်နေသော ချင်းယွမ်သည် ဤသတင်းကိုကြားချိန်၌ မိုးပြိုကျသကဲ့သို့ ခံစားလိုက်ရသည်။

"မိသားစု အကြီးအကဲတွေ အကုန်လုံးကို စုစည်းလိုက်... လျှိုမြို့ရဲ့မြို့စောင့်တပ်တွေ အကုန်လုံးကို စုစည်းပြီးတော့ လိုက်ဖမ်းကြစမ်း..."

ချင်းယွမ် အော်ငေါက်လိုက်သည်။

"မြို့စောင့်တပ်တွေ အကုန်လုံးလား... လျှိုမြို့ကို စီမံခန့်ခွဲနေတဲ့ အစောင့်တွေရောလား..."

ချင်းမိသားစုအစေခံက မယုံကြည်နိုင်စွာဖြင့် မေးမြန်းသည်။

"ဟုတ်တယ်... သူတို့ကို မြန်မြန် အသိပေးလိုက်စမ်း... နေအုံး... ငါကိုယ်တိုင် သွားမယ်..."

ချင်းယွမ်က တံခါးဝဆီသို့ အလျင်စလို ပြေးထွက်သွားသည်။

"ချင်းချင်း အဖမ်းခံလိုက်ရပြီ... ငါ့ရဲ့အသံကို ကြားတဲ့ ချင်းမိသားစုဝင်တွေအားလုံး ငါ့ရဲ့နောက်ကနေ လိုက်ခဲ့ကြစမ်း..."

အရေးတကြီး ဖြစ်နေသောအချိန်တွင် ချင်းယွမ်သည် ထိန်းချုပ်မထားဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ့အနေဖြင့် တစ်ယောက်ချင်းစီကို လိုက်လံအသိပေးရန် အချိန်မရှိချေ။ သူ လူအင်အားကို တက်နိုင်သမျှ အမြန်ဆုံး စုဆောင်းရပေမည်။

"ဘာ... သခင်မလေး အဖမ်းခံလိုက်ရတာလား... ဘယ်သူကများ သတ္တိကောင်းပြီး ငါတို့ ချင်းမိသားစုရဲ့ သခင်မလေးကို ဖမ်းရဲရတာလဲ... သူတို့ကို ဖျက်ဆီးပစ်မယ်..."

ဤသတင်းကို ကြားလိုက်ရသော ချင်းမိသားစုဝင်များအားလုံး မယုံကြည်နိုင် ဖြစ်နေကြသည်။

လျှိုမြို့တစ်မြို့လုံးသည် လက်ရှိတွင် ချင်းမိသားစု၏ထိန်းချုပ်မှုအောက်၌ ရှိနေသည့်တိုင် သူတို့၏သခင်မလေးကို ဖမ်းဆီးရဲသလော။ ဤသည်က သေလမ်းရှာနေခြင်း မဟုတ်လော။

ရုတ်ချည်းဆိုသလိုပင် ဒေါသထွက်နေသော ချင်းမိသားစုဝင်များသည် ချင်းယွမ်၏ နောက်သို့ လိုက်ပါသွားကြ၏။

ဆေးဖော်စပ်နေသော အကြီးအကဲချင်းယန်သည် အော်ဟစ်သံများကို ကြားချိန်၌ သူဖော်စပ်နေဆဲဖြစ်သော ဆေးလုံးကို လျစ်လျူရှုပြီး တံခါးကို ဝုန်းခနဲ တွန်းဖွင့်ကာ ချင်းယွမ် ရှိရာသို့ အပြေးသွားလိုက်သည်။

"ချင်းမိသားစုခေါင်းဆောင်... သခင်မလေး အဖမ်းခံလိုက်ရတာလား..."

ချင်းယွမ်သည် အကြီးအကဲချင်း၏မေးခွန်းကြောင့် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

အကြီးအကဲချင်းသည် သူတို့မိသားစုသို့ ရောက်ရှိလာကတည်းက ချင်းမိသားစုကို ကိစ္စအဝဝတွင် ကူညီပေးခဲ့ပြီး ချင်းမင်၏ဆရာနှင့် လုံးဝ မတူညီပေ။

သူသည် သာမန် ချင်းမိသားစု အကြီးအကဲတစ်ဦးထက်ပင် ချင်းမိသားစုကို ပို၍ဂရုစိုက်သည်။ ဤကာလအတွင်း အကြီးအကဲချင်း ဖော်စပ်ပေးခဲ့သော ဆေးလုံးများအားလုံးမှာ အဆင့်နိမ့်ဆေးလုံးများသာ ဖြစ်သည်။

ဤအချက်သည် အကြီးအကဲချင်း၏ မဟာဆေးပညာရှင်ဟူသော ဂုဏ်ပုဒ်နှင့် လုံးဝမကိုက်ညီသော်လည်း ချင်းမိသားစု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြီးအကဲချင်းသည် တိတ်တဆိတ် ကူညီပေးနေခဲ့ခြင်း ဖြစ်သည်။

ချင်းယွမ်သည် အကြီးအကဲချင်း၏ကျေးဇူးများကို သူ၏စိတ်ထဲတွင် အမြဲတစေ တိတ်တဆိတ် မှတ်သားထားပြီး ကျေးဇူးဆပ်နိုင်မည့်နေ့ကို စောင့်မျှော်နေခဲ့သည်။

ယခုချိန်တွင်လည်း ချင်းမိသားစု၌ ကိစ္စတစ်ခု ဖြစ်ပွားကြောင်း ကြားလိုက်ရသည်နှင့် အကြီးအကဲချင်းကလည်း အလျင်စလို ပြေးလာခဲ့လေသည်။

"ဟုတ်တယ်... စီးမာမိသားစု ဖမ်းသွားတာ... ချင်းမင် လိုက်သွားပြီ..."

ချင်းယွမ်က လျင်မြန်စွာ တုံ့ပြန်အဖြေပေးလိုက်၏။

"အော်... ချင်းမင် လိုက်သွားပြီလား..."

ထိုစကားကိုကြားချိန်၌ အကြီးအကဲချင်း၏ စိုးရိမ်ပူပန်သောမျက်နှာထား ချက်ချင်းပြေလျော့သွားပြီး တွေးတောလိုက်မိသည်။

'ချင်းမင် လိုက်သွားပြီဆိုမှတော့ ချင်းချင်း အဆင်ပြေမှာပါ...'

သူသည် ချင်းမင်၏သိုင်းပညာ ကျင့်ကြံဆင့်ကို မသိသော်လည်း စီးမာမိသားစုကို ကိုင်တွယ်ရန်မှာ လုံလောက်သည်ထက် ပိုနေပေမည်။

All Chapters