← Chapters

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း ၁၄၅: လေးယောက်တည်း

"အကြီးအကဲချင်း... ကျွန်တော်တို့ မြန်မြန်လိုက်သွားကြရအောင်... ချင်းမင်က သိပ်ဝေးဝေးကို မရောက်သေးလောက်ဘူး..."

ချင်းယွမ်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

"ကောင်းပြီ... ချင်းမိသားစုခေါင်းဆောင် ရှေ့ကနေ ဦးဆောင်ပါ..."

အကြီးအကဲချင်းက သူ၏မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း ပြောဆိုလိုက်၏။

"အစောင့်တပ်ဖွဲ့... နားထောင်ကြစမ်း... တစ်မြို့လုံးကို ပိတ်ဆို့ပြီး ရှာဖွေကြစမ်း..."

ချင်းယွမ်က ကျယ်လောင်စွာ အော်ဟစ်၍ အမိန့်ပေးလိုက်သည်။

ရန်သူများသည် လျှိုမြို့မှ ထွက်ခွာသွားပြီဟု သူ ယူဆထားသော်လည်း ချင်းယွမ်သည် စိတ်မအေးနိုင်သေးချေ။ ရန်သူများသည် ထွက်ပြေးဟန်ဆောင်ပြီး လျှိုမြို့ထဲတွင် ရှိနေသေးလျှင် မည်သို့ လုပ်မည်နည်း။

ထို့နောက် သူသည် ဆက်လက်၍ အမိန့်ပေးလိုက်၏။

"ချင်းမိသားစုဝင်တွေ နားထောင်ကြ... ချန်ယန်မြို့ဘက်ကို လိုက်သွားကြစမ်း... ရန်သူတွေကို မီတာနဲ့ သူတို့ကို ချုပ်နှောင်ထားပြီးတော့ အချက်ပြလိုက်..."

"ဟုတ်ကဲ့..."

လူများအားလုံးက အမိန့်ကို နာခံပြီး ချက်ချင်းဆိုသလိုပင် တပ်ဖြန့်လိုက်ကြသည်။

ချင်းယွမ်သည် ပြောဆိုပြီးနောက် သူ၏ ခန္ဓာကိုယ် လှုပ်ရှားသွားပြီး လျှိုမြို့၏အပြင်ဘက်သို့ ပြေးထွက်သွားရာ အကြီးအကဲချင်းကလည်း သူ၏နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားသည်။

ရုတ်ချည်းဆိုသလိုပင် လျှိုမြို့တစ်မြို့လုံး ဖရိုဖရဲရှုပ်ထွေးသွားတော့သည်။ မြို့စောင့်တပ်များသည် အိမ်တစ်အိမ်မကျန် လိုက်လံရှာဖွေနေကြပြီး တစ်စုံတစ်ခု လွတ်ကျန်ခဲ့မည်ကို စိုးရိမ်နေကြ၏။

သို့သော် မြို့စောင့်တပ်များကို အလေးမထားသော သိုင်းပညာရှင်တချို့က ခုခံရန် ကြိုးစားကြသည်။ မြို့စောင့်တပ်များသည် ထိုလူများကို တိုက်ရိုက်အရေးယူကာ ဖမ်းဆီးပြီး အကျဥ်းထောင်ထဲသို့ ပို့လိုက်သည်။

သူတို့သည် ခုခံရဲသူများကို နေရာမှာပင် သတ်ဖြတ်ပစ်လိုက်သဖြင့် ချက်ချင်းဆိုသလိုပင် လူများအားလုံးကို ဟန့်တားနိုင်ခဲ့သည်။

သို့သော် လျှိုမြို့သူမြို့သားများသည် မြို့စောင့်တပ်များက ချင်းမိသားစု၏သခင်မလေးကို ရှာဖွေနေကြောင်း သိလိုက်ချိန်၌ မြို့စောင့်တပ်များ မည်သည်ကြောင့် ဤမျှထိ အာဏာပြနေသည်ကို နားလည်သွားကြသည်။ အကြောင်းအရင်းမှာ ချင်းမိသားစု၏သခင်မလေး ပျောက်ဆုံးနေသောကြောင့်ပင်။

ချင်းမိသားစုခေါင်းဆောင်တွင် သမီးတစ်ယောက်နှင့်သားတစ်ယောက်သာ ရှိပေ၏။ ယခု သမီးဖြစ်သူ ပျောက်ဆုံးနေသည်ဖြစ်ရာ သူ မည်သို့ စိုးရိမ်ပူပန်ခြင်းမရှိဘဲ နေနိုင်မည်နည်း။

ထိုအချိန်တွင် ချင်းယွမ်နှင့်အကြီးအကဲချင်းတို့သည် မြို့ပြင်သို့ ရောက်ရှိနေပြီး လမ်းမကြီးအတိုင်း အရှိန်ပြင်းစွာ သွားနေကြသည်။

"ဟိုရှေ့က ချင်းမင်နဲ့ ချင်းချင်း မဟုတ်လား..."

မည်သို့ပင်ဆိုစေကာမူ အကြီးအကဲချင်းသည် သိုင်းဘုရင်တစ်ယောက်ပင်။ သူသည် ဒဏ်ရာရထားသော်လည်း သူ၏မျက်စိအမြင်အာရုံမှာ ကောင်းမွန်နေဆဲဖြစ်ပြီး ချင်းမင်နှင့် ချင်းချင်းတို့ကို ပထမဆုံး လှမ်းမြင်တွေ့လိုက်သူ ဖြစ်သည်။

ချင်းယွမ်က ထိုနေရာသို့ ကြည့်လိုက်ရာ သူ၏ သားနှင့်သမီး ဖြစ်နေသည်ကို မြင်တွေ့မိသည်။

"သားနဲ့ သမီး... အဆင်ပြေကြရဲ့လား..."

သူသည် သားနှင့်သမီးကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်ပြီး ထိခိုက်ဒဏ်ရာ မရရှိသည်ကို မြင်တွေ့ရသဖြင့် ချက်ချင်းဆိုသလိုပင် စိတ်သက်သာရာရသွားတော့သည်။

ချင်းမင်က သူ၏လက်ကိုပူးဆုပ်၍ ဂါရဝပြုပြီး ပြောဆိုလိုက်၏။

"အဖေ... ကျွန်တော်က အဖေ့ကို စိတ်ပူစေမိပြီ..."

"ဟား ဟား ဟား...မင်းတို့ အဆင်ပြေရင် ရပါပြီ... အဆင်ပြေတာပဲ တော်ပါပြီ... မြန်မြန် ပြန်ကြစို့... မင်းတို့ရဲ့အမေက မင်းတို့ကို အရမ်း စိတ်ပူနေတယ်..."

သားနှင့်သမီး နှစ်ယောက်လုံး အဆင်ပြေသည်ကို မြင်တွေ့ချိန်၌ ချင်းယွမ်က ရယ်မောလိုက်သည်။

ချင်းယွမ်သည် ချင်းမင် ချင်းချင်းတို့နှင့်အတူ ပြန်လာချိန်၌ လျှိုမြို့တစ်မြို့လုံး ဝမ်းသာအားရ ကြွေးကြော်သံများဖြင့် ပွက်လောရိုက်သွားတော့သည်။

"သခင်မလေး ပြန်ရောက်လာပြီ..."

"သခင်လေးလည်း ပြန်ရောက်လာပြီ..."

ချင်းမိသားစုဝင်များက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

"နောက်ဆုံးတော့ ပြန်ရောက်လာပြီ..."

ဆိုင်ပိုင်ရှင်တစ်ဦးက သက်ပြင်းချရင်း ပြောဆိုလိုက်၏။

ဤအချိန်အတောအတွင်း၌ မြို့စောင့်တပ်များက သူ၏ဆိုင်ကို သုံးကြိမ်တိုင်တိုင် ရှာဖွေခဲ့သည်။ သူတို့သာ မြန်မြန် ပြန်မရောက်လာလျှင် မြို့စောင့်တပ်များသည် သူ၏ဆိုင်ကို ဖျက်ဆီးပစ်တော့မည့် အခြေအနေပင်။

မကြာမီ လူတိုင်း၏ကြိုဆိုမှုနှင့်အတူ ချင်းမင်နှင့်အဖွဲ့သည် မြို့တော်ဝန်အိမ်တော်သို့ လျင်မြန်စွာ ပြန်ရောက်လာကြသည်။

"အဖေ..."

စာအုပ်စင်၏ရှေ့တွင် ထိုင်နေသော ဖခင်ဖြစ်သူကိုကြည့်ပြီး ချင်းမင်က သူ၏လက်ကိုဆုပ်၍ ဂါရဝပြုရင်း ခေါ်လိုက်သည်။

"အင်း..."

ချင်းယွမ်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"ခုဏက အပြင်မှာ လူတွေအရမ်းများလို့ အဖေ သေချာ မမေးလိုက်ရဘူး... အခု ပြောပြစမ်း... တကယ်တမ်းကျ ဘာတွေဖြစ်ခဲ့တာလဲ..."

ချင်းယွမ်သည် ချင်းမိသားစု၏ခေါင်းဆောင်ဖြစ်ပြီး မိသားစုတစ်စုလုံးအတွက် တာဝန်ယူထားရသူပင်။

"ကျွန်တော် လူသတ်ခဲ့တယ်..."

ချင်းမင်က သူ၏လက်ကိုချရင်း ပြောဆိုသည်။

"လူသတ်ခဲ့တယ် ဟုတ်လား..."

ချင်းယွမ်၏လေသံ အနည်းငယ် မြင့်တက်သွားပေ၏။

"ဘယ်သူ့ကို သတ်ခဲ့တာလဲ..."

"စီးမာမိသားစုက သခင်လေးရယ်...သူ့ရဲ့ သက်တော်စောင့် ဖြစ်ပုံရတဲ့ မဟာသိုင်းဆရာကြီးနယ်ပယ် အထွတ်အထိပ်အဆင့် ရောက်နေတဲ့ အဘိုးကြီးတစ်ယောက်ရယ်... ပြီးတော့ သိုင်းဆရာကြီးနယ်ပယ် အစောင့်နှစ်ယောက်..."

"အင်း... ဒီလေးယောက်ပါပဲ..."

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သူသည် လူလေးယောက်သာ သတ်ခဲ့သည်ကို သတိရသွားသဖြင့် ချင်းမင်က အမှန်အတိုင်း အဖြေပေးလိုက်သည်။

"လေးယောက်တည်း... လေးယောက်တည်း ဟုတ်လား..."

ချင်းယွမ်သည် သူ၏နဖူးကို လက်ဖြင့် အုပ်လိုက်ပြီး မူးမေ့လဲကျလုမတတ် ဖြစ်သွားပေ၏။

ချင်းမင်သည် လူလေးယောက်သာ သတ်ခဲ့သည်ဟု ဆိုသော်လည်း ထိုလူများအနက် စီးမာမိသားစု၏သခင်လေး ပါဝင်နေသည်။

စီးမာမိသားစုခေါင်းဆောင်သည် သိုင်းဘိုးဘေးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။ ယခုချိန်၌ သူ၏သား သတ်ဖြတ်ခံလိုက်ရပြီဖြစ်ရာ သူတို့သည် ဤအခြေအနေကို မည်သို့ ဖြေရှင်းရမည်နည်း။

အစောပိုင်းက သူသည် သားနှင့်သမီး၏ လုံခြုံရေးအတွက် စိုးရိမ်နေခဲ့သဖြင့် မည်သည့်အရာကိုမျှ ဂရုမစိုက်ခဲ့ချေ။ ယခုချိန်၌ သူ၏သားနှင့်သမီးသည် ဘေးကင်းသွားပြီ ဖြစ်သော်လည်း ချင်းမိသားစုသည် ဒုက္ခကြီးတစ်ခုနှင့် ရင်ဆိုင်နေရလေပြီ။

အခန်း ၁၄၆: ဘာလုပ်သင့်သနည်း

ယခု ဘာလုပ်သင့်သနည်း....

ချင်းယွမ်သည် စာကြည့်ခန်းအတွင်း၌ မတ်တတ်ရပ်ပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။

သူသည် လုံးဝကို ကြံရာမရ ဖြစ်နေလေပြီ။

စီးမာမိသားစုခေါင်းဆောင်သည် သိုင်းဘိုးဘေးတစ်ယောက်ဖြစ်ပြီး စီးမာမိသားစုသည် ချန်ယန်မြို့၏ အကြီးမြတ်ဆုံး ထိပ်သီးမိသားစုကြီးသုံးစုတွင် တစ်စုအပါအဝင်ပင်။ သူတို့၏ ချင်းမိသားစုကဲ့သို့ မိသားစုငယ်လေးက စီးမာမိသားစုကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

ဖခင်ဖြစ်သူ၏ စိုးရိမ်ပူပန်နေသော ပုံစံကို မြင်လိုက်ရသောအခါ ချင်းမင်၏ စိတ်ထဲတွင် သနားကရုဏာသက်သွားမိပေ၏။

သူ၏ အစစ်အမှန်စွမ်းအားသည် သိုင်းဘိုးဘေး အဆင့်တွင် ရှိနေပြီဖြစ်ကြောင်းနှင့် သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက မကြာမီ သိုင်းဆရာကြီးနယ်ပယ်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်ကာ ထိုအချိန်ရောက်လျှင် သူသည် သိုင်းဝိညာဉ်အဆင့်ရှိသော စွမ်းအားကို ပိုင်ဆိုင်လာနိုင်မည် ဖြစ်ကြောင်း ဖခင်ဖြစ်သူအား ဖွင့်ဟပြောဆိုချင်နေမိသည်။

သို့သော် သေသေချာချာ စဉ်းစားပြီးနောက် ချင်းမင်သည် နှုတ်ဆိတ်နေလိုက်တော့သည်။

အကယ်၍ သူသည် မကြာမီ သိုင်းဝိညာဉ် အဆင့်ရှိသော စွမ်းအားကို ပိုင်ဆိုင်လာတော့မည်ဟု ပြောပြလိုက်လျှင် ဖခင်ဖြစ်သူသည် ထိုသတင်းကို ခံနိုင်ရည်မရှိဘဲ မူးမေ့သွားမည်ကို သူ စိုးရိမ်မိသည်။

အရေးအကြီးဆုံးမှာ ဤစွမ်းအားများ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို သူ မည်သို့ တိတိကျကျ ရှင်းပြရမည်နည်း။

သူ့ထံတွင် ရှင်းပြရန် နည်းလမ်းမရှိချေ။

ဖခင်ဖြစ်သူနှင့် လမ်းခွဲပြီးနောက် ချင်းမင်သည် လေ့ကျင့်ရေးခန်းမသို့ တိုက်ရိုက်သွားရောက်ကာ ယနေ့အတွက် ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

ဤအချိန်တွင် ချင်းမိသားစုမှသခင်မလေး၏ ကိစ္စရပ် ဖြစ်ပွားပြီးနောက် လျှိုမြို့တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

ထို့ပြင် ချင်းသခင်မလေးကို ပြန်ပေးဆွဲသွားသူမှာ စီးမာမိသားစုမှ သခင်လေးဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေပေ၏။ ယခုအချိန်၌ ချင်းသခင်မလေး ပြန်လည်ရောက်ရှိလာပြီ ဖြစ်သောကြောင့် စီးမာသခင်လေး မည်သို့ ဖြစ်ပျက်သွားသည်ကို လူတိုင်း ခန့်မှန်း ပြောဆိုနေကြသည်။

လျှိုမြို့ရှိ မိသားစုကြီးငယ်များသည် လူလွှတ်၍ ထိုကိစ္စကို အသည်းအသန် စုံစမ်းကြတော့သည်။

စီးမာသခင်လေးသည် မျက်လုံးအပြူးသားဖြင့် မြေပြင်ပေါ်တွင် သေဆုံးနေသည်ကို မြင်တွေ့ချိန်၌ လျှိုမြို့ရှိ ချင်းမိသားစု အဆုံးသတ်သွားပြီဟု လူများအားလုံး ခံစားလိုက်ကြရသည်။

လျှိုမြို့ပြင်ရှိ နွေရာသီ အပန်းဖြေအိမ်တော်တစ်လုံး၌....

"အဖေ... သတင်းကောင်း... သတင်းကောင်းပဲ... ချင်းမိသားစုတော့ အဆုံးသတ်သွားပြီ..."

ကုလားထိုင်ပေါ်တွင် ထိုင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားကိုကြည့်ပြီး လူငယ်တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်၍ ပြောဆိုလိုက်သည်။

"ချင်းမိသားစုက ဘယ်လိုလုပ်ပြီးတော့ အဆုံးသတ်သွားမှာလဲ..."

ကုလားထိုင်ပေါ်ရှိလူက သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်ပြီး မေးမြန်းလိုက်၏။

"အဖေ... ချင်းမိသားစုရဲ့သခင်လေးက စီးမာမိသားစုရဲ့သခင်လေးကို သတ်လိုက်တယ်... သူ့ရဲ့ အလောင်းက လမ်းမကြီးပေါ်မှာ လဲကျနေတုန်းပဲ..."

ထိုလူငယ်သည် သူသိထားသော သတင်းအချက်အလက် အားလုံးကို သူ၏ရှေ့မှ လူလတ်ပိုင်းအရွယ် အမျိုးသားအား ပြန်လည်၍ ပြောပြလိုက်သည်။

"ကောင်းတယ်... ကောင်းတယ်... ကောင်းကင်ဘုံက မျက်နှာသာ ပေးတာပဲ... ငါတို့ ဝမ်မိသားစု ပြန်ပြီးမြင့်တက်ဖို့ အခွင့်အရေး ရောက်လာပြီ..."

လူလတ်ပိုင်းအရွယ် အမျိုးသားက မိုးကောင်းကင်ယံသို့ မော့ကြည့်ရင်း ရူးသွပ်စွာ ရယ်မောလေသည်။

ရယ်မောနေရင်း သူ၏မျက်လုံးမှ မျက်ရည်များ ကျဆင်းလာကာ သက်ပြင်းချလိုက်၏။

"ကံမကောင်းတာကတော့ ငါက အခု ဒုက္ခိတ ဖြစ်နေပြီ..."

"အဖေ... အဖေက ဒုက္ခိတ မဟုတ်ပါဘူး... အဖေ့ရဲ့ မရီဒါန်းတွေကို ပြန်ပြီးကောင်းမွန်လာစေမယ့် ဆေးလုံးကို ကျွန်တော် သေချာပေါက် ရှာပေးပါ့မယ်..."

လူငယ်က ခိုင်မာပြတ်သားစွာ ပြောဆိုလိုက်သည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားမှာ ယခင်က မသန်မစွမ်းဖြစ်သွားခဲ့သော ဝမ်မိသားစု၏ခေါင်းဆောင်ဟောင်းပင်။

သူက သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောဆိုလိုက်သည်။

"မတန်ဘူး... မတန်ပါဘူး..."

မရီဒါန်းများကို ကုသပေးနိုင်သော ဆေးလုံးများသည် မည်မျှထိ တန်ဖိုးကြီးမားသနည်း။ အနည်းဆုံးအနေဖြင့် အဆင့်ခြောက်ဆေးလုံးများ ဖြစ်ပေမည်။

ထို့အပြင် ထိုအရာများသည် အဆင့်နိမ့် သို့မဟုတ် အလယ်အလတ်အဆင့် မဖြစ်ရဘဲ အဆင့်မြင့်ဆေးလုံးများသာ ဖြစ်ရပေမည်။

ထိုကဲ့သို့ ဆေးလုံးများသည် အလွန်အမင်း အဖိုးတန်လှ၏။ လူတစ်ယောက်တည်းကို ကယ်တင်ရန်အတွက် ထိုမျှထိ တန်ဖိုးကြီးသော ဆေးလုံးများကို ဖြုန်းတီးပစ်ရန် မထိုက်တန်ချေ။

ထို့ပြင် ဝမ်မိသားစု၏အင်အားဖြင့် ထိုကဲ့သို့သော ဆေးလုံးမျိုးကို ရှာဖွေရန်မှာ မဖြစ်နိုင်ပေ။

"စီးမာမိသားစု အကြောင်း ငါ့ကို ပြောပြစမ်း..."

ဝမ်မိသားစုခေါင်းဆောင်သည် တည်ငြိမ်မှုကို ပြန်လည်ရယူလိုက်ပြီး မေးမြန်းလိုက်သည်။

"အဖေ... စီးမာမိသားစုမှာ အကြီးအကဲ ၁၂ ယောက် ရှိပြီးတော့ သူတို့အားလုံးက မဟာသိုင်းဆရာကြီး နယ်ပယ်ကို ရောက်နေကြပါတယ်..."

"ပြီးတော့ စီးမာမိသားစုခေါင်းဆောင်က သိုင်းဘိုးဘေးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးပါ... အခု သေဆုံးသွားတဲ့ သားက သူ့ရဲ့ ဆဋ္ဌမမြောက်သားဖြစ်ပြီးတော့ သားအငယ်ဆုံးပဲ..."

"စီးမာမိသားစုခေါင်းဆောင်က သူ့ကို အရမ်း အလိုလိုက်ပြီးတော့ သူလိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးတယ်လို့ ကျွန်တော် ကြားထားတယ်..."

"စီးမာမိသားစုခေါင်းဆောင်ရဲ့ အလွန်အကျွံ အလိုလိုက်မှုကြောင့်ပဲ အဲ့ဒီ စီးမာဆဋ္ဌမသခင်လေးက ဥပဒေမဲ့ရမ်းကားတဲ့ အကျင့်စရိုက် ရှိလာခဲ့တာပါ..."

လူငယ်သည် ကြိုတင်ပြင်ဆင်ထားပုံရပြီး သူ ရရှိထားသော သတင်းအချက်အလက်များကို ဖြည်းညင်းစွာ ပြန်ပြောပြလေသည်။

"အဲ့ဒါက မဖြစ်သင့်ဘူးလေ..."

ဝမ်မိသားစုခေါင်းဆောင်က စိတ်ရှုပ်ထွေးစွာဖြင့် ပြောဆိုလိုက်၏။

"စီးမာမိသားစုခေါင်းဆောင်က သားတွေအများကြီးရှိတာ အဲ့ဒီသားကိုကျမှ ဘာလို့ ဒီလောက်တောင် အလိုလိုက်နေရတာလဲ..."

"အဖေ မသိသေးလို့ပါ... ဒီဆဋ္ဌမသခင်လေးရဲ့ အမေက စီးမာမိသားစုခေါင်းဆောင်ကို ကယ်တင်ရင်းနဲ့ သန္ဓေသားချီစွမ်းအင် ထိခိုက်သွားခဲ့တယ်... အဲ့ဒါကြောင့် ဆဋ္ဌမသခင်လေးက မွေးကတည်းက ခန္ဓာကိုယ် အားနည်းခဲ့တယ်..."

"သူက ငယ်ငယ်ကတည်းက ကျင့်ကြံလို့ မရခဲ့ဘူး... ပြီးတော့ သူရဲ့အမေကလည်း အဲဒီကိစ္စကြောင့်ပဲ နာမကျန်းဖြစ်ပြီးတော့ စောစောစီးစီး ကွယ်လွန်သွားခဲ့တယ်..."

"စီးမာဆဋ္ဌမသခင်လေးက ကျင့်ကြံလို့ မရတာရယ် သူ့အမေကြောင့်ရယ်အတွက်နဲ့ စီးမာမိသားစုခေါင်းဆောင်က သူ့ကို အရမ်းချစ်ခင်ခဲ့တာပါ..."

လူငယ်က ရှင်းပြလိုက်သည်။

အခန်း ၁၄၇: နှလုံးသား ပူဆွေးမှု

"အော်... အဲ့ဒါကြောင့်ကိုး..."

ဝမ်မိသားစုခေါင်းဆောင်က ခေါင်းညိတ်ပြပြီး သဘောပေါက်သွားသော အမူအယာကို ပြသလိုက်သည်။

နှလုံးသားပူဆွေးမှုကြောင့်ဆိုလျှင် အရာအားလုံးကို ရှင်းပြနိုင်ပေ၏။

ဤလောကတွင် နှလုံးသားဒဏ်ရာသည် ကုသရန် အခက်ခဲဆုံး ဖြစ်ပြီး အထူးသဖြင့် ထိုအမျိုးသမီးသည် သေဆုံးသွားပြီ ဖြစ်သောကြောင့် ပို၍ဆိုးရွားပေမည်။

ထို့ကြောင့် စီးမာမိသားစုခေါင်းဆောင်သည် ထိုအမျိုးသမီးအပေါ် ထားရှိသော အပြစ်ရှိစိတ်ကို ဤအငယ်ဆုံးသားအပေါ်သို့ လွှဲပြောင်းပုံချလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

ဤသားလေး မွေးဖွားလာသည့်အချိန်မှစ၍ စီးမာမိသားစုခေါင်းဆောင်တွင် တခြားသားသမီးများ မထွန်းကားတော့ခြင်းက ကွယ်လွန်သူ အမျိုးသမီးကို သူ မည်မျှထိ ချစ်မြတ်နိုးကြောင်း ပြသနေသည်။

"ချင်းမိသားစုတော့ သွားပြီ..."

ဝမ်မိသားစုခေါင်းဆောင်က ပြောဆိုလိုက်၏။

သူ အချစ်ဆုံးဇနီး သေဆုံးသွားခဲ့ပြီး ယခုချိန်၌ သူ၏အချစ်ဆုံးသားလည်း သေဆုံးသွားပြီဖြစ်ရာ စီးမာမိသားစုခေါင်းဆောင် ရူးသွပ်မသွားလျှင်သာ ထူးဆန်းနေပေလိမ့်မည်။

တရားခံဖြစ်သော ချင်းမိသားစုအနေဖြင့် ဤကပ်ဘေးမှ လွတ်မြောက်နိုင်ရန် မည်သည့်နည်းလမ်းမျှ ရှိတော့မည် မဟုတ်ချေ။

"ဒီဆဋ္ဌမသခင်လေးက ဒီလောက်ထိ အချစ်ခံရတယ်ဆိုရင် စီးမာမိသားစုက သူ့ကို ကာကွယ်ဖို့ မဟာသိုင်းဆရာကြီး တစ်ယောက်လောက် ဘာလို့ မလွှတ်လိုက်တာလဲ..."

ဝမ်မိသားစုခေါင်းဆောင်က ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

"အဖေ မသိသေးလို့ပါ... ဒီဆဋ္ဌမသခင်လေးက မူမမှန်တဲ့ စိတ်နေစိတ်ထားရှိပြီးတော့ ဒုက္ခိတလည်း ဖြစ်နေတော့ စီးမာမိသားစုရဲ့ အကြီးအကဲ တော်တော်များများက သူ့ကို အထင်သေးကြတယ်..."

"ပြီးတော့ မဟာသိုင်းဆရာကြီး တစ်ယောက်က အမှိုက်ကောင်တစ်ကောင်ရဲ့ အမိန့်ကို ဘယ်လိုလုပ်ပြီး နာခံမှာလဲ... ဒါကြောင့် သူ့ကို ကာကွယ်ဖို့ မဟာသိုင်းဆရာကြီးတွေ မရှိတာပါ..."

"မဟာသိုင်းဆရာကြီးတစ်ယောက်ရဲ့ ကာကွယ်မှု မရှိဘူး ဆိုပေမယ့် သူတို့က သိုင်းဆရာကြီးနယ်ပယ် အထွတ်အထိပ်အဆင့် ရောက်နေတဲ့သူကို ဆဋ္ဌမသခင်လေးရဲ့ သက်တော်စောင့်အဖြစ် ခန့်အပ်ထားတယ် .. ပြီးတော့ စီးမာမိသားစုရဲ့ ဂုဏ်သတင်းကလည်း အဟန့်အတားတစ်ခု ဖြစ်နေတော့ အရာအားလုံး စိတ်ချရပြီလို့ တွက်ဆခဲ့ကြတာ..."

"စိတ်ချရပြီ ဟုတ်လား..."

ဝမ်မိသားစုခေါင်းဆောင်က ခေါင်းခါပြီး လှောင်ပြောင်လိုက်သည်။

"တကယ်လို့ စိတ်ချရတယ်ဆိုရင် စီးမာဆဋ္ဌမသခင်လေး သေမှာ မဟုတ်ဘူး...ဒါနဲ့... စီးမာဆဋ္ဌမသခင်လေးကို သတ်လိုက်တာ ချင်းမင်လို့ ကြားတယ်..."

"ဟုတ်ပါတယ်..."

လူငယ်က ရိုသေစွာ တုံ့ပြန်ပြောဆိုသည်။

"ချင်းမင်က သိုင်းဆရာကြီးနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ဘယ်လို သတ်လိုက်နိုင်သလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး..."

ဝမ်မိသားစုခေါင်းဆောင်က အချိန်တခဏကြာမျှ စဉ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်၏။

"တားမြစ်ဆေးလုံး...ဒီကိစ္စကို တားမြစ်ဆေးလုံးကပဲ ရှင်းပြနိုင်လိမ့်မယ်..."

"တားမြစ်ဆေးလုံး ဟုတ်လား..."

လူငယ်က အံ့အားတသင့် ရေရွတ်လိုက်သည်။

"အဲဒီဆေးလုံးက ဘေးထွက်ဆိုးကျိုး အရမ်းများပြီး လူတစ်ယောက်ရဲ့ အခြေခံအုတ်မြစ်ကိုတောင် ထိခိုက်စေနိုင်တယ် မဟုတ်လား..."

ဝမ်မိသားစုခေါင်းဆောင်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"သူရဲ့ဆရာက မဟာဆေးဆရာကြီးလေ... မဟာဆေးဆရာကြီးတစ်ယောက်က ဆေးပညာရှင် မဟာမိတ်အဖွဲ့မှာ အဆင့်အတန်း တစ်ခု ရှိတယ်... သူ့ရဲ့ဆရာက သူ့အတွက် တားမြစ်ဆေးလုံးတစ်လုံးကို လဲလှယ်ပေးခဲ့တာပဲဖြစ်မယ်..."

"ဒီချင်းမင်က ကံကောင်းတာပဲ... သူ့ကို ဒီလောက်ထိချစ်တဲ့ ဆရာတစ်ယောက် ရှိနေတယ်..."

လူငယ်က မနာလိုအားကျစွာ ပြောဆိုသည်။

"ကံကောင်းရုံနဲ့ ဘာအသုံးဝင်မှာလဲ..."

ဝမ်မိသားစုခေါင်းဆောင်က ဆက်လက်၍ ပြောဆိုလေ၏။

"အင်အားကသာ အခြေခံအုတ်မြစ်ပဲ... ဒီတစ်ကြိမ်တော့ သိုင်းဘိုးဘေးတစ်ယောက်နဲ့ မဟာသိုင်းဆရာကြီး ၁၂ ယောက် ပါလာမှာ... ချင်းမိသားစုက ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ..."

ယခင်က အနည်းငယ် မနာလိုအားကျဖြစ်နေသော လူငယ်က ချက်ချင်းဆိုသလိုပင် ရယ်ပြုံးလိုက်သည်။

"အဖေပြောတာ အမှန်ပဲ..."

"ဒါက ငါတို့ရဲ့အခွင့်အရေးပဲ... လျှိုမြို့ထဲက မိသားစုကြီးငယ် အားလုံးကို သွားဆက်သွယ်ပြီး တော့ စုစည်းလိုက်...ဒါက အသုံးဝင်လာလိမ့်မယ်..."

ဝမ်မိသားစုခေါင်းဆောင်က တည်ကြည်လေးနက်သော အသံဖြင့် အမိန့်ပေးသည်။

"ကောင်းပါပြီ အဖေ... စိတ်မပူပါနဲ့... လျှိုမြို့က မိသားစုတွေကို စည်းရုံးဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်... ဒီတစ်ခါတော့ ချင်းမိသားစု ဘယ်တော့မှ ပြန်မထလာနိုင်အောင် လုပ်ရမယ်..."

လူငယ်က သူ၏လက်သီးကိုဆုပ်ပြီး ပြောဆိုလိုက်၏။

"ချင်းမိသားစု ပြန်မထလာနိုင်မှာကို ငါတို့ စိတ်ပူစရာ မလိုဘူး... ငါတို့က အကျိုးအမြတ်ကိုပဲ ဂရုစိုက်ရမယ်...မင်း မှတ်ထားရမှာက... မိသားစုခေါင်းဆောင် တစ်ယောက်အနေနဲ့ ပုဂ္ဂိုလ်ရေးရန်ငြိုးတွေကြောင့် အမုန်းတရားဘက် ပါမသွားစေနဲ့... အရာအားလုံးက အကျိုးအမြတ်အတွက်ပဲ ဖြစ်ရမယ်..."

"အဲဒီမိသားစုတွေကို ဆက်သွယ်တာက လျှိုမြို့တစ်မြို့လုံးကို ထိန်းချုပ်ဖို့အတွက်ပဲ..."

"ချင်းမိသားစု ပျက်စီးသွားတာနဲ့ လျှိုမြို့မှာ အိုးယန်မိသားစု တစ်စုတည်းမှာပဲ မဟာသိုင်းဆရာကြီး ရှိတော့မယ်..."

"ငါတို့က အိုးယန်မိသားစုရဲ့ မဟာသိုင်းဆရာကြီးကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်ရုံပဲ... ပြီးရင် ဝမ်မိသားစုက လျှိုမြို့ကို ထိန်းချုပ်လို့ရပြီ... အဲ့ဒီကျရင် ဝမ်မိသားစုရဲ့ အရင်းအမြစ် အားလုံးကို စုစည်းပြီးတော့ မင်းကို မဟာသိုင်းဆရာကြီးနယ်ပယ် ရောက်အောင် ကူညီထောက်ပံပေးမယ်..."

"အဲဒီအချိန်ရောက်ရင် လျှိုမြို့မှာ ဝမ်မိသားစုကပဲ အာဏာအရှိဆုံး ဖြစ်လာမှာ မဟုတ်လား..."

ဝမ်မိသားစုခေါင်းဆောင်က လူငယ်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောဆိုသည်။

"ဟုတ်ကဲ့ အဖေ... ကျွန်တော် မှတ်သားထားပါ့မယ်..."

လူငယ်က သူ၏လက်ကိုပူးဆုပ်၍ ဂါရဝပြုပြီး ပြောဆိုလိုက်၏။

"ဒါပေမဲ့ အိုးယန်မိသားစုခေါင်းဆောင်က မဟာသိုင်းဆရာကြီးလေ... သူ့ကို ဒုက္ခိတဖြစ်အောင် ဘယ်လို လုပ်ရမလဲ..."

မဟာသိုင်းဆရာကြီး တစ်ယောက်သည် လွယ်လင့်တကူ ဒုက္ခိတ ဖြစ်မသွားနိုင်ပေ။ အကယ်၍ ဤှကိစ္စသာ လွယ်ကူခဲ့လျှင် ဝမ်မိသားစုသည် လျှိုမြို့တွင် နံပါတ်တစ်မိသားစု ဖြစ်နေသည်မှာ အချိန်အတော် ကြာမြင့်နေလောက်လေပြီ။

All Chapters