← Chapters

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

အခန်း ၁၄၈: သေမင်းကို စောင့်ဆိုင်းခြင်း

"ငါ မင်းကို စုစည်းခိုင်းထားတဲ့ သတင်းအချက်အလက်တွေကို ဖတ်ပြီးပြီလား..."

ဝမ်မိသားစုခေါင်းဆောင်က မေးမြန်းလိုက်သည်။

"ဖတ်ပြီးပါပြီ အဖေ... ကျွန်တော် အကုန်ဖတ်ပြီးပါပြီ..."

လူငယ်က တုံ့ပြန်အဖြေပေးလိုက်၏။

ဝမ်မိသားစုခေါင်းဆောင်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"ဒါဆိုရင် အိုးယန်မိသားစုရဲ့ အကျပ်အတည်းကို မင်း သိမှာပေါ့..."

"အိုးယန်မိသားစုခေါင်းဆောင်က အသက်ကြီးနေပြီ... သူ့ရဲ့သားတွေကလည်း ဘယ်ကောင်မှ သောက်သုံးမကျဘူး... အခု သူက ရာထူးကနေ အနားယူချင်ပေမယ့် ဘယ်မျိုးဆက်သစ်ကမှ တာဝန်ယူနိုင်စွမ်း မရှိကြဘူး... ဒါပေမဲ့ သူ့ရဲ့ ဩဇာအရှိန်အဝါက ရှိနေသေးတော့ သူ့ရဲ့သားတွေက မကျေနပ်ပေမယ့် ဘာမှ မပြောရဲကြဘူး..."

"ဒါပေမဲ့ သူတို့သာ အခွင့်အရေးတစ်ခုကို မြင်လိုက်ရင် ဘာမဆို လုပ်ကြလိမ့်မယ်..."

"အာဏာက လူတွေကို လမ်းပျောက်စေတယ်..."

"မဖြစ်နိုင်တာ... မဟာသိုင်းဆရာကြီးဆိုတာ မိသားစုတစ်ခုရဲ့ အခြေခံအုတ်မြစ်ပဲ... အိုးယန်မိသားစုခေါင်းဆောင်သာ ကျဆုံးသွားရင် အိုးယန်မိသားစုကို ဘယ်သူက ထောက်ပံ့ပေးမှာလဲ..."

လူငယ်က ဇဝေဇဝါဖြင့် ပြောဆိုလိုက်သည်။

"တကယ်လို့ လျှိုမြို့တစ်မြို့လုံးမှာ မဟာသိုင်းဆရာကြီး တစ်ယောက်မှ မရှိတော့ရင် ဘယ်လိုလုပ်မလဲ.."

ဝမ်မိသားစုခေါင်းဆောင်က ပြောဆိုလိုက်၏။

"အခုချိန်မှာ လျှိုမြို့ကို ထိန်းချုပ်ပြီးတော့ အရင်းအမြစ်တွေကို စုစည်းနိုင်တဲ့သူက မဟာသိုင်းဆရာကြီးနယ်ပယ်ကို အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခြေရှိတယ်..."

"မြို့တစ်မြို့လုံးရဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် သိုင်းဆရာကြီးနယ်ပယ် အထွတ်အထိပ်အဆင့်ရောက်နေတဲ့သူကို အဆင့်တက်အောင် တွန်းပို့ပေးဖို့က မခက်ခဲဘူး..."

"လျှိုမြို့ကို သိမ်းပိုက်ဖို့ အခွင့်အရေးကို မြင်လိုက်တာနဲ့ တစ်ယောက်ယောက်က လှုပ်ရှားလာလိမ့်မယ်..."

"တစ်ဖက်မှာက မိသားစု သံယောဇဉ်... တစ်ဖက်မှာက မဟာသိုင်းဆရာကြီး နယ်ပယ်နဲ့ လျှိုမြို့တစ်မြို့လုံး..."

"ဒါဆိုရင် အိုးယန်မိသားစုခေါင်းဆောင်ရဲ့ သားတွေက ဘယ်လို ရွေးချယ်ကြမလဲ..."

"သူတို့ထဲက တစ်ယောက်ယောက်သာ ယုတ်မာတဲ့စိတ် ဝင်လာခဲ့ရင် အိုးယန်မိသားစုက အဆုံးသတ်သွားပြီပဲ..."

ထိုအတွေးဖြင့် ဝမ်မိသားစုခေါင်းဆောင်သည် သူ၏ရှေ့မှ ရေကန်ကို ငေးကြည့်ရင်း အတွေးများထဲတွင် နစ်မြုပ်နေသည်။

သူ၏ရှေ့မှ လူငယ်သည်လည်း အလားတူပင် စိတ်မငြိမ်မသက် ဖြစ်နေပေ၏။

မဟာသိုင်းဆရာကြီး နယ်ပယ်နှင့် လျှိုမြို့တစ်မြို့လုံးကို ရယူမည်လော... သူတို့၏ ဖခင်ရင်းကို ရွေးချယ်မည်လော...

ဤသည်မှာ အိုးယန်မိသားစုခေါင်းဆောင်၏ သားများအတွက် အမှန်တကယ်ကို စမ်းသပ်မှုကြီးတစ်ခုပင်။

ထို့ပြင် သူ့ထံသို့ ရောက်ရှိထားသော သတင်းများအရ အိုးယန်မိသားစုခေါင်းဆောင်၏သားတချို့သည် သူတို့၏ဖခင်အပေါ် မကျေမနပ် ဖြစ်စ ပြုနေကြလေပြီ။

သူ့ဖခင်၏ပရိယာယ်သည် အိုးယန်မိသားစု၏ အားအနည်းဆုံး ဟာကွက်ကို တန်းတန်းမတ်မတ် ထိမှန်သွားခဲ့သည်။

"ဒါဆိုရင် အဖေ... ကျွန်တော် အခုချက်ချင်း သွားပြင်ဆင်လိုက်ပါ့မယ်..."

လူငယ်က ရိုသေစွာ ပြောဆိုလိုက်၏။

ယခင်က ဖခင်ဖြစ်သူသည် အရာအားလုံးကို စီမံခန့်ခွဲပြီး သူက ကူညီရုံသာ ကူညီခဲ့ရသည်။ ယခုချိန်၌ ဖခင်ဖြစ်သူ ဒုက္ခိတ ဖြစ်သွားပြီးနောက် တာဝန်အားလုံး သူ့အပေါ်သို့ ကျရောက်လာခဲ့သည်။

ယခုချိန်မှသာ မိသားစုတစ်စု ရပ်တည်နိုင်အောင် ထိန်းသိမ်းရသည်မှာ မည်မျှ ခက်ခဲကြောင်းနှင့် သူ၏ဖခင်သည် မည်မျှထိ ဉာဏ်ပညာ ကြီးမားကြောင်း သူ နားလည်သဘောပေါက်လာခဲ့သည်။

"သွားတော့... မင်းက ငါ့ရဲ့ တစ်ဦးတည်းသော သားပဲ... ဝမ်မိသားစုက မင်းပိုင်တာပဲ..."

ဝမ်မိသားစုခေါင်းဆောင်က ပြောဆိုသည်။

လူငယ်သည် ဝမ်မိသားစုခေါင်းဆောင်ကို လေးလေးနက်နက် ဦးညွှတ်အရိုအသေပြုပြီး နောက်သို့ ဖြည်းညှင်းစွာ ဆုတ်ခွာသွားလေသည်။

မိသားစုတစ်စုလုံးအတွက် ဖခင်ဖြစ်သူသည် သူ့ကိုယ်သူ ဒုက္ခိတအဖြစ် ခံယူခဲ့သည်မှာ အလွန်ကြီးမားသော စိတ်ဓာတ်ကြံ့ခိုင်မှုပင်။

ဝမ်မိသားစုတစ်စုလုံးနှင့် သူကိုယ်တိုင်လည်း ဖခင်ဖြစ်သူကို လေးစားကြည်ညိုကြသည်။

ယခုအချိန်၌ လျှိုမြို့ရှိ မိသားစုတိုင်းသည် ပရမ်းပတာ ဖြစ်နေကြပြီး အဆင့်နှစ် သံတိမ်တိုက် သတ္တုတွင်းကိစ္စကြောင့် ကျင့်ကြံသူအမြောက်အများ ဝင်ရောက်လာကြသည်။

အချိန်တခဏအတွင်းမှာပင် လျှိုမြို့သည် လုံးလုံးလျားလျား ဖရိုဖရဲ ဖြစ်သွားတော့သည်။

ချင်းမိသားစုသည် မိသားစုကို ကာကွယ်ရန်သာ ကြိုးစားနေရကာ လျှိုမြို့ကို အုပ်ချုပ်ရန် အင်အားနှင့်စိတ်ဆန္ဒ မရှိတော့သဖြင့် မြို့သည် ပို၍ပင် ရှုပ်ထွေးလာခဲ့ပေ၏။

ချင်းမင်သည် နေ့ရက်များကို အခန်းထဲတွင် ပိတ်လှောင်၍ကုန်ဆုံးနေပြီး ပြင်ပသို့ လုံးဝခြေမချပေ။

ဉာဏ်မကောင်းသော ချင်းချင်းပင်လျှင် ချင်းအိမ်တော်မှ ပြင်ပသို့ မထွက်ခွာရဲတော့ချေ။ မြို့ထဲတွင် အလွန်အန္တရာယ်များနေကြောင်း သူမ သိရှိထားသည်။

မုန်တိုင်း၏ဗဟိုချက်တွင် ရှိနေသော ချင်းမိသားစုသည် တည်ငြိမ်နေပုံရသော်လည်း စီးမာမိသားစု တိုက်ခိုက်လာသည်နှင့် ချင်းမိသားစု ပြာကျသွားမည်ကို လူတိုင်း သိနေကြသည်။

ထွက်ပြေးကြမလား...

သူတို့ ဘယ်ကို ပြေးကြမလဲ...

စီးမာမိသားစု၏ ဩဇာအာဏာသည် စိတ်ကူးယဥ်၍ပင် မရနိုင်လောက်အောင် ကြီးမားသည်။

ချင်းမိသားစု ပျက်စီးသွားသည်နှင့် ကမ္ဘာ့အဆုံးထိ ထွက်ပြေးလျှင်ပင် မည်သည့် ချင်းမိသားစုဝင်မျှ စီးမာမိသားစု၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ချင်းမိသားစုမှ အကြီးအကဲများသည် တန်ပြန်ခုခံမည့် နည်းလမ်းများကို ဆွေးနွေးရန် မကြာခဏ စုဝေးကြသော်လည်း ဆွေးနွေးမှုများစွာကို ပြုလုပ်ပြီးသည့်တိုင် ပိုကောင်းသော အစီအစဉ်တစ်ခုမျှ ထွက်ပေါ်မလာခဲ့ချေ။

အဆိုးရွားဆုံးမှာ သေဆုံးခြင်း မဟုတ်ဘဲ သေမင်းရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေရခြင်းသာဖြစ်သည်။

အခန်း ၁၄၉: မြှုပ်နှံခြင်း

ချန်ယန်မြို့ရှိ ကြီးကျယ်ခမ်းနားသော အိမ်တော်ကြီးတစ်လုံးအတွင်းတွင် လူများဖြင့် ရှုပ်ထွေးနေသော အခန်းများစွာ ရှိပြီး ထိုအခန်းများအနက် တစ်ခန်းတွင် နာကျင်ကြေကွဲစွာ အော်ဟစ်ငိုကြွေးသံများ ထွက်ပေါ်နေပေ၏။

"ငါ့သား... မင်း သေရတာ ဆိုးရွားလိုက်တာ...စိတ်မပူပါနဲ့... ချင်းမိသားစုတစ်စုလုံးကို မင်းနဲ့အတူ မြှုပ်နှံပေးပါ့မယ်..."

လူလတ်ပိုင်းအရွယ် အမျိုးသားသည် အချိန်အတော်ကြာကတည်းက သေဆုံးနေပြီဖြစ်သော သူ၏ချစ်လှစွာသောသားကို ကြည့်ရင်း ရင်ကွဲပက်လက် အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ရင်ဘတ်ကိုဖိပြီး ဖြည်းညင်းစွာ ပြောဆိုသည်။

"လာကြစမ်း... ငါ့သားရဲ့ ဈာပနကို ပြင်ဆင်စမ်း... သူ့ကို ပို့ဆောင်ဖို့ အခမ်းနားဆုံး ဈာပန ဖြစ်စေချင်တယ်..."

လူလတ်ပိုင်းအရွယ် အမျိုးသားက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဟုတ်ကဲ့..."

စီးမာမိသားစုမှထအစေခံများက ရိုသေလေးစားစွာ တုံ့ပြန်လိုက်ကြ၏။

"မင်း စောင့်ကြည့်နေလိုက်... မင်းကို ထိခိုက်အောင်လုပ်တဲ့သူတိုင်း ပြန်ပေးဆပ်စေရမယ်... မင်းက ချင်းမိသားစုက ကောင်မလေးကို သဘောကျတယ် မဟုတ်လား..."

"ငါ အဲဒီကောင်မလေးကို မင်းဆီ ချက်ချင်း ခေါ်လာပေးမယ်..."

လူလတ်ပိုင်းအရွယ် အမျိုးသားသည် သေဆုံးသူကို အဖြူရောင် အဝတ်စဖြင့် ဖုံးအုပ်ပေးလိုက်ပြီး သူတစ်ယောက်တည်းသာ ကြားနိုင်သော အသံဖြင့် ပြောဆိုလိုက်သည်။

"မိသားစု အကြီးအကဲတွေ အကုန်လုံးကို အစည်းအဝေး ခေါ်လိုက်စမ်း..."

လူလတ်ပိုင်းအရွယ် အမျိုးသားက အမိန့်ပေးလိုက်၏။

ထို့နောက် သူသည် ပင်မခန်းမဆောင်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားသည်။ မိသားစုအကြီးအကဲများသည် တံခါးအပြင်ဘက်တွင် သူ့ကို စောင့်ဆိုင်းနေကြလေပြီ။

သူ၏စကားကို ကြားချိန်၌ လူများအားလုံး ပင်မခန်းမဆောင်ဆီသို့ ဦးတည်သွားကြသည်။ ဤတစ်ကြိမ်တွင် မိသားစုခေါင်းဆောင် အမှန်တကယ် ဒေါသထွက်နေကြောင်း သူတို့အားလုံး သိထားကြသည်။

ထို့ပြင် ဆဋ္ဌမသခင်လေး၏ သေဆုံးမှုနှင့် ပတ်သက်ဆက်နွှယ်နေသူများသည် သူ၏ ဒေါသကို ခံရမည့် ပစ်မှတ်များ ဖြစ်လာကြပေလိမ့်မည်။

မကြာမီ လူများအားလုံး ကျယ်ဝန်းသော ပင်မခန်းမဆောင်သို့ ရောက်ရှိလာကြသည်။

စီးမာမိသားစုခေါင်းဆောင်သည် ထိပ်ဆုံးတွင် ထိုင်လိုက်ပြီး အောက်ဘက်ရှိ အကြီးအကဲ ၁၂ ဦးကိုကြည့်ကာ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။

"ငါ့ရဲ့သား ဘယ်လို သေသွားလဲဆိုတာ အသေးစိတ် ပြောပြစမ်း..."

"ဟုတ်ကဲ့ပါ..."

အကြီးအကဲတစ်ဦး မတ်တတ်ရပ်လိုက်ပြီး အဖြစ်အပျက်များကို အသေးစိတ် စတင်၍ ပြောပြလေသည်။

စီးမာဆဋ္ဌမသခင်လေး သေဆုံးသွားသည်မှာ နှစ်ရက်သာ ရှိသေးသော်လည်း ထိုအကြီးအကဲ၏ စကားများသည် ချင်းမိသားစု မည်သို့ အာဏာရလာပုံကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေပေ၏။

သူတို့သည် မည်သို့ မြို့စားမင်း ဖြစ်လာပုံနှင့် စီးမာဆဋ္ဌမသခင်လေးကို မည်သို့ ရန်စခဲ့ပုံတို့ကို လူများအားလုံး၏ မျက်စိရှေ့တွင် မြင်နေရသကဲ့သို့ ပြောပြနိုင်ခဲ့သည်။

"အဲဒီ အစောင့်တွေကရော..."

အကြီးအကဲ၏ အစီရင်ခံမှုကို ကြားပြီးနောက် စီးမာမိသားစုခေါင်းဆောင်က မေးမြန်းသည်။

"အဲ့ဒီအစောင့်တွေထဲက အများစုကို ဖမ်းချုပ်တယ်... ပြီးတော့..."

အကြီးအကဲသည် စိတ်လှုပ်ရှားမှုကြောင့် တွန့်ဆုတ်သွားပေ၏။

"အစောင့်တချို့က ထွက်ပြေးသွားကြတာလား..."

စီးမာမိသားစုခေါင်းဆောင်၏ မျက်နှာထား ပြောင်းလဲသွားပြီး အသံနက်ကြီးဖြင့် မေးမြန်းလိုက်သည်။

"အဲ့ဒီအစောင့်တွေက အရမ်းမြန်မြန် ထွက်ပြေးသွားကြတာပါ... ကျွန်တော် သတိဝင်လာတဲ့အချိန်မှာ..."

အကြီးအကဲက ဗလုံးဗထွေး ပြောဆိုသည်။

"အသုံးမကျတဲ့ကောင်တွေ..."

စီးမာမိသားစုခေါင်းဆောင်က အော်ငေါက်လိုက်၏။

"မင်းတို့လို အသုံးမကျတဲ့ကောင်တွေကို ထားပြီး ဘာလုပ်ရမှာလဲ... လူနည်းနည်းလေးကိုတောင် မဖမ်းနိုင်ဘူး..."

"အဖမ်းခံရတဲ့ အစောင့်တွေကို ဘယ်လို စီမံရမလဲ..."

တခြားအကြီးအကဲတစ်ဦးက မေးမြန်းသည်။

"သတ်ပစ်လိုက်..."

စီးမာမိသားစုခေါင်းဆောင်က သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောဆိုသည်။

"သူတို့ရဲ့မိသားစုဝင်တွေကိုပါ သတ်ပစ်လိုက်စမ်း... ငါ့ရဲ့သား သေသွားပြီ... သူတို့လည်း ချစ်ရတဲ့သူတွေကို ဆုံးရှုံးရတဲ့ နာကျင်မှုကို မြည်းစမ်းကြပါစေ..."

"ဟုတ်... ဟုတ်ကဲ့ပါ..."

အကြီးအကဲသည် အမိန့်ကို လက်ခံရယူပြီးနောက် နံဘေးသို့ ကပ်သွားကာ မည်သည့်စကားမျှ ဆက်မပြောတော့ချေ။

"အဲဒီ အစောင့်တွေ အကုန်လုံးကို ဖမ်းပြီးရင် ချင်းမိသားစုကို ဖျက်ဆီးပစ်ရမယ်... ချင်းမိသားစု တစ်စုလုံးကို ငါ့ရဲ့သားနဲ့အတူ မြှုပ်နှံပစ်ရမယ်...ကဲ... ဒီလောက်ပဲ... ငါ ပင်ပန်းနေပြီ... မင်းတို့လည်း သွားနားကြတော့..."

စီးမာမိသားစုခေါင်းဆောင်က မတ်တတ်ထရပ်ပြီး သူ၏အိပ်ခန်းဆီသို့ လျှောက်လှမ်းသွားသည်။

လမ်းတွင် တွေ့ရသော အစေခံများသည် မိသားစုခေါင်းဆောင် ပူဆွေးနေကြောင်း သိရှိကြသဖြင့် ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။ မိသားစုခေါင်းဆောင်သည် သူတို့ကို သတိထားမိပြီး ဒေါသပုံချမည်ကို ကြောက်ရွံသဖြင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေကြ၏။

သို့သော် စီးမာမိသားစုခေါင်းဆောင်သည် လမ်းပေါ်ရှိ အစေခံများကို အာရုံမစိုက်ဘဲ သူ၏ အိပ်ခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားပြီး ညွှန်ကြားလိုက်သည်။

"ငါ့ရဲ့အမိန့်မရှိဘဲ ဘယ်သူမှ ဝင်မလာစေနဲ့... ငါ့ကို မနှောင့်ယှက်နဲ့..."

"ဟုတ်ကဲ့ပါ..."

အိပ်ခန်းတံခါးကို စောင့်ကြပ်နေသော အစေခံမိန်းကလေးနှစ်ဦးက အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။

တံခါးကို တွန်းဖွင့်လိုက်ချိန်၌ စီးမာမိသားစုခေါင်းဆောင်၏မျက်လုံးထဲတွင် ပန်းချီကားတစ်ချပ်ကို မြင်တွေ့လိုက်ရသည်။ ပန်းချီကားထဲတွင် အလွန်အမင်းလှပသော အမျိုးသမီးတစ်ဦး၏ရုပ်ပုံ ရှိနေသည်။

ပန်းချီကားတစ်ချပ်လုံးသည် လူအစစ်ကဲ့သို့ အသက်ဝင်နေပြီး စီးမာမိသားစုခေါင်းဆောင်ကို အချိန်တခဏကြာမျှ တွေဝေမိန်းမောသွားစေသည်။

"တောင်းပန်ပါတယ်... ငါတို့ရဲ့သား သေသွားပြီ... သူ မင်းနဲ့ တွေ့လောက်ရောပေါ့...မင်းတို့အပေါ်တာဝန်မကျေခဲ့တာက ငါပါ... အခု ငါက ချင်းမိသားစု တစ်ခုလုံးကို သူ့အတွက် မြှုပ်နှံပေးလိုက်ပါ့မယ်..."

အခန်း ၁၅၀: ဆူညံသံ

ချင်းမင်၏အိပ်ခန်းအတွင်း၌ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေပြီး သူ၏မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေပေ၏။

ပဲစေ့ခန့် ကြီးမားသော ချွေးစက်များသည် သူ့ထံမှနေ၍ မြေပြင်ပေါ်သို့ ကျဆင်းလာပြီး ရေအိုင်ငယ်လေးများ ဖြစ်ပေါ်နေသည်။

ရုတ်တရက် စိတ်ဝိညာဉ်စွမ်းအင်များသည် ပြင်းထန်စွာ သိပ်သည်းသွားပြီး ချင်းမင်ထံသို့ တလိမ့်လိမ့်စီးဝင်လာကာ အချိန်တခဏအတွင်းမှာပင် အခန်းတစ်ခန်းလုံး၌ စိတ်ဝိညာဉ်စွမ်းအားများ ကင်းမဲ့သွားတော့သည်။

ချင်းမင်၏မျက်နှာထားသည် တည်ငြိမ်အေးချမ်းသွားပြီး သူ၏အဝတ်အစားများသည် လေမတိုက်ဘဲ လှုပ်ရှားနေကာ ဆံပင်များလည်း ပျံ့လွင့်နေပေ၏။

"သိုင်းဆရာကြီး နယ်ပယ်... နောက်ဆုံးတော့ ရောက်လာပြီ..."

ချင်းမင်က သူ၏မျက်လုံးများကို ဖွင့်လိုက်ရာ ဖျော့တော့တော့ အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည့်အလားပင်။

သိုင်းစစ်သည်တော်နယ်ပယ်ကို ဆယ်ကြိမ်တိုင်တိုင် ကျင့်ကြံပြီးမှသာ သူသည် သိုင်းဆရာကြီး နယ်ပယ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဤနာကျင်မှုနှင့် ခက်ခဲမှုများကို သူ မည်သူ့အား ပြောပြရမည်နည်း။

"အခု အဖေ့ကို သတင်းကောင်း သွားပြောသင့်တယ်..."

တံခါးကို တွန်းဖွင့်လိုက်ပြီး ချင်းမင်သည် ဖခင်ဖြစ်သူ၏ စာကြည့်ခန်းဆီသို့ ဦးတည်သွားလိုက်သည်။ သူသည် အချိန်အတော်ကြာ တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး အစားအသောက်များကို အစေခံများက သူ့ထံသို့ လာပို့ပေးခဲ့ရသည်။

အပြင်မထွက်သည်မှာ ကြာပြီဖြစ်၍ နေရောင်ခြည်သည် သူ့အတွက် အနည်းငယ် မျက်စိကျိန်းစရာ ကောင်းနေပေ၏။

"အဖေ ဘယ်မှာလဲ..."

ချင်းမင်သည် မြို့တော်ဝန်အိမ်တော်ရှိ စာကြည့်ခန်းထဲတွင် ဖခင်ဖြစ်သူ မရှိသဖြင့် အနီးအနားရှိ အစေခံတစ်ဦးကို မေးမြန်းလိုက်သည်။

"သခင်လေးကို ပြန်ဖြေပါတယ်... သခင်ကြီးက အစည်းအဝေး ခန်းမဆောင်မှာ အကြီးအကဲတွေနဲ့အတူ ကိစ္စတွေ ဆွေးနွေးနေပါတယ်..."

အစေခံက ရိုသေလေးစားစွာ အဖြေပေးလိုက်၏။

ချင်းမင်က ခေါင်းညိတ်ပြပြီး အစည်းအဝေး ခန်းမဆောင်ဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က လျှိုမြို့၏ ကိစ္စရပ်များတွင် သူ မပါဝင်ခဲ့သဖြင့် မြို့၏ လက်ရှိ အခြေအနေကို သူ မသိရှိချေ။ ဖခင်ဖြစ်သူ အစည်းအဝေး ခန်းမဆောင်တွင် ရှိနေသည်ဆိုလျှင် အကြီးအကဲများနှင့် ဆွေးနွေးရန် သူ့အတွက် အခွင့်ကောင်းပင်။

မကြာမီမှာပင် ချင်းမင်သည် မြို့တော်ဝန်အိမ်တော်၏ အစည်းအဝေး ခန်းမဆောင်သို့ ရောက်ရှိလာသည်။ တံခါးဝရှိ အစောင့်များသည် ချင်းမင်ဖြစ်ကြောင်း မြင်တွေ့ချိန်၌ ပင်မတံခါးကြီးကို အလျင်အမြန် တွန်းဖွင့်ပြီး သူ့ကို ဖိတ်ခေါ်လိုက်ကြသည်။

"ချင်းမင်... သား ရောက်လာပြီပဲ..."

ချင်းမင် ဝင်လာသည်ကို မြင်တွေ့ချိန်၌ ချင်းယွမ်က ဝမ်းသာအားရ ပြောဆိုသည်။

ချင်းမင်က သူ၏လက်ကိုပူးဆုပ်၍ ဂါရဝပြုပြီး ပြောဆိုလိုက်၏။

"အဖေ... လေးစားရတဲ့ အကြီးအကဲတို့..."

"လာ... ဒီမှာ ထိုင်... ငါတို့က လျှိုမြို့ရဲ့ လက်ရှိ အခြေအနေကို ဆွေးနွေးနေကြတာ... သား ရောက်လာတာ အချိန်ကိုက်ပဲ..."

အကြီးအကဲများကလည်း မတ်တတ်ထရပ်ပြီး ချင်းမင်ကို ထိုင်ရန် ဖိတ်ခေါ်ကြသည်။

ချင်းမင် ဝင်ထိုင်လိုက်ပြီးနောက် ချင်းယွမ်က ဆက်လက်၍ ပြောဆိုသည်။

"ဝမ်မိသားစုက အခု နေရာအနှံ့အပြားက မိသားစုငယ်လေးတွေကို လိုက်ဆက်သွယ်နေတယ်... သူတို့ ဘာတွေကြံစည်နေလဲ မသိဘူး..."

ဤကာလအတွင်း၌ ချင်းမိသားစု၏သတင်းပေးများသည် ချန်ယန်မြို့မှ သတင်းအချက်အလက်များကို အာရုံစိုက်နေခဲ့ကြပြီး လျှိုမြို့၏ သတင်းအချက်အလက်များကို စုံစမ်းစစ်ဆေးမှု လျော့ရဲခဲ့ကြသည်။

လျှိုမြို့ရှိ မိသားစုငယ်လေးများ အားလုံး ပြဿနာ စတင်၍ ရှာလာမှသာ ဝမ်မိသားစုက အခက်အခဲများ ဖန်တီးနေပြီဖြစ်ကြောင်း သူတို့ နားလည်သဘောပေါက်လိုက်ကြသည်။

"သူတို့ ဘာလုပ်နိုင်အုံးမှာလဲ... ဝမ်မိသားစုက ဒီလို ခိုးကြောင်ခိုးဝှက် ကိစ္စမျိုးတွေ လုပ်ရတာကို ကြိုက်တယ်လေ... သူတို့က အခု ငါတို့ ချင်းမိသားစုကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ဆွေးနွေးနေကြတာ သေချာတယ်..."

"ကျုပ်အမြင်ကတော့... ဝမ်မိသားစုကို တိုက်ရိုက်သွားပြီး ရှင်းထုတ်လိုက်သင့်တယ်..."

အကြီးအကဲတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဒါပေမဲ့ ဝမ်မိသားစုရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တွေက ပုန်းအောင်းသွားကြပြီ... အခု လျှိုမြို့တစ်မြို့လုံး ဖရိုဖရဲ ဖြစ်နေတယ်... ငါတို့ ချင်းမိသားစုက တရားမမျှတဘူးဆိုတဲ့ ကောလာဟလတွေလည်း ပျံ့နှံ့နေတယ်..."

"ငါတို့က စီးမာမိသားစုကို ရန်စပြီးတော့ လျှိုမြို့တစ်ခုလုံးကို ကပ်ဘေး ဆိုက်ရောက်စေတယ်တဲ့... ဒီကိစ္စအတွက် ငါတို့ တာဝန်ယူသင့်တယ်လို့ ပြောနေကြတယ်..."

တခြားအကြီးအကဲတစ်ဦးက သက်ပြင်းတစ်ချက်ချပြီး ပြောဆိုသည်။

"ဝုန်း..."

ချင်းယွမ်က စားပွဲခုံကို ရိုက်ပုတ်ပြီး အော်ငေါက်လိုက်၏။

"ဒီဝမ်မိသားစုက တကယ် အရှက်မရှိတဲ့ကောင်တွေပဲ... ချင်းမိသားစု အင်အားကြီးနေတုန်းကတော့ ထွက်မလာဘဲနဲ့လအခုလို ကျဥ်းထဲကျပ်ထဲအချိန်ကျမှ ထွက်လာကြတယ်..."

"အဲ့ဒီ မိသားစုငယ်လေးတွေကလည်း အခွင့်အရေးသမားတွေပဲ... ငါတို့ ချင်းမိသားစု အဆင်ပြေတုန်းကတော့ မျက်နှာလိုမျက်နှာရ အသည်းအသန် လုပ်ကြပြီးတော့ အခု ငါတို့ ဒုက္ခရောက်တော့ သူတို့အားလုံးက ဝိုင်းပြီးဖိနှိပ်ဖို့ ထွက်လာကြတယ်..."

ချင်းမင်သည် ဖခင်ဖြစ်သူ၏အော်ငေါက်သံကို နားထောင်ရင်း အပြုံးနှင့် ပြောဆိုလိုက်သည်။

"အဖေ... အဲ့ဒီ မိသားစုငယ်လေးတွေ အကုန်လုံးကို မှတ်ထားလိုက်ပါ...ကျွန်တော်တို့ ချင်းမိသားစု ဒီအကျပ်အတည်းကို ကျော်ဖြတ်ပြီးတာနဲ့ သူတို့နဲ့ စာရင်းရှင်းလို့ ရပါတယ်..."

ချင်းမင်က "အကျပ်အတည်း" ဟူသော စကားလုံးကို ပြောလိုက်သည်ကို ကြားလိုက်ရချိန်တွင် ယခင်က ဒေါသထွက်နေသော ချင်းယွမ်သည် ကုလားထိုင်ပေါ်သို့ ပြန်လည်၍ ခွေကျသွားတော့သည်။

အမှန်အားဖြင့် သူသည် ထိုမိသားစုငယ်လေးများကို ဒေါသထွက်နေခြင်း မဟုတ်သည့်အပြင် ဝမ်မိသားစုကိုလည်း ဒေါသထွက်နေခြင်း မဟုတ်ပေ။

သူနှင့်အကြီးအကဲများ ယခုလောက်ထိ ဒေါသထွက်နေရသည့် အကြောင်းအရင်းမှာ စီးမာမိသားစုကြောင့်ပင်။

စီးမာမိသားစုထံမှဖိအားသည် ကြီးမားလွန်းသဖြင့် သူတို့၏စိတ်အခြေအနေများကို မွန်းကြပ်နေစေသည်။

Thank For Reading.

All Chapters