← Chapters

ဆုလာဘ်

Vol. 71 Ch. 991

ဆုလာဘ်

Vol. 71 Ch. 991

အခြားသူများအတွက်မူ ဤသားရဲများမှာ အိမ်မက်ဆိုးတစ်ခု ဖြစ်သော်လည်း ယီထျန်းယွမ်အတွက်မူ ဆုလာဘ်များသာ ဖြစ်ပေသည်။ သားရဲတစ်ကောင်ကို ဖမ်းဆီးခြင်းက လမ်းပြရုံသာမက အဖော်အဖြစ်လည်း အသုံးချနိုင်သဖြင့် အခြားသူများနှင့် ပူးပေါင်းခြင်းထက် များစွာ ပိုမို အဆင်ပြေလှပေသည်။

“မြေကမ္ဘာအရှင်အဆင့် သားရဲတစ်ကောင်ကို လွယ်လွယ်ကူကူ ဖမ်းမိလိုက်တာပဲ... ကိုယ့်ရဲ့ ခွန်အားကို မြှင့်တင်ဖို့က တကယ့်ကို မြန်ဆန်လွန်းတယ်...”

ယီထျန်းယွမ်က ပြုံးလိုက်သည်။ ယခင်က သုံးဘုံလောကတွင် ထားခဲ့သော သားရဲများမှာ ကျင့်စဉ်အဆင့် အတော်လေး နိမ့်ပါးကြပေသည်။ ၎င်းတို့ကို ခေါ်ဆောင်၍ အဆင့်မြှင့်တင်ရန်မှာ အချိန်ကုန်ဆုံးမှု များပြားလှသဖြင့် ယခုကဲ့သို့ တိုက်ရိုက် ဖမ်းယူခြင်းကသာ အသင့်တော်ဆုံး ဖြစ်သည်။

ဤနေရာတွင် အရာအားလုံးက အဆင်သင့် ရှိနေသဖြင့် ကျင့်ကြံနေရန်ပင် မလိုတော့ချေ။

“ဒီနေရာက တကယ့်ကို ဘေးမကင်းဘူးပဲ... ဒါကြောင့်လည်း မြေကမ္ဘာအရှင်အဆင့်ထက် နိမ့်တဲ့သူတွေကို အဝင်မခံတာ ဖြစ်ရမယ်... ကျင့်စဉ်အဆင့် နိမ့်တဲ့သူတွေဆိုရင် ချက်ချင်း အသတ်ခံရမှာပဲ...”

ယီထျန်းယွမ်က ခေါင်းခါလိုက်သည်။ နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲ ပြီးဆုံးသွားသည့်အခါ အသက်ရှင်ကျန်ရစ်သူများမှာ အမှန်တကယ် အရည်အချင်းရှိသူများသာ ဖြစ်ပေလိမ့်မည်။

သေချာပေါက်ပင် ဤသည်မှာ သတ်မှတ်ချက် မပြည့်မီဘဲ အဆုံးသတ်သွားသူများကို ဆိုလိုခြင်းဖြစ်ပြီး ထွက်ပြေးသူများကို မဆိုလိုချေ။ တံဆိပ်ပြားကို လွှင့်ပစ်လိုက်ပါက အလိုအလျောက် ပြန်လည် ပို့ဆောင်ခြင်း ခံရမည်ဖြစ်ရာ ယင်းမှာ အဘေးကင်းဆုံး နည်းလမ်းပင် ဖြစ်သည်။

“အား... အား...”

ဘေးနားမှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်မှာ သားရဲ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်မည်။ သေဆုံးသွားခြင်း ရှိ၊ မရှိကိုမူ သူ မသိရှိချေ။

ယီထျန်းယွမ်က များစွာ ဂရုမစိုက်ဘဲ သူ၏ အိမ်မွေးတိရစ္ဆာန်ကို လမ်းပြခိုင်းကာ ဤနယ်မြေကို အရင်ဆုံး ဖြတ်ကျော်ရန်သာ ဆုံးဖြတ်လိုက်သည်။

သူ ရှေ့သို့ အနည်းငယ်ကြာ လျှောက်လှမ်းပြီးချိန်တွင် ပတ်ဝန်းကျင်၌ လှုပ်ခတ်မှုများကို ခံစားလိုက်ရသဖြင့် အိမ်မွေးတိရစ္ဆာန်ကို အလျင်အမြန်ပင် ပြန်လည် သိမ်းဆည်းလိုက်တော့သည်။ နောက်တစ်ခဏတွင် လူတစ်စုမှာ ဘေးနားမှ ပြေးထွက်လာခဲ့ကြပြီး လူဦးရေမှာ ခြောက်ဦး ရှိပေသည်။ အဖွဲ့ငယ် တစ်ဖွဲ့အနေဖြင့်မူ ဤအရေအတွက်မှာ အတော်လေး ကောင်းမွန်သော ရွေးချယ်မှုပင် ဖြစ်၏။

ယီထျန်းယွမ်ကို မြင်လိုက်သည့်အခါ ၎င်းတို့မှာ ခေတ္တမျှ မှင်တက်မိသွားကြပြီးနောက် ခေါင်းဆောင်ဖြစ်သူ ချန်ဟောက်၏ အကြည့်များမှာ အေးစက်သွားကာ ပြုံးလျက် ဆိုလိုက်သည်။

“ထျန်ယုနတ်ဘုရားနယ်မြေက လူပဲကိုး... စစချင်းမှာတင် သင်းကွဲငှက်တစ်ကောင်ကို တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး...”

“အစ်ကိုကြီး... ကြည့်ရတာ ကျွန်တော်တို့အတွက် တံဆိပ်ပြား တစ်ခုတော့ အလွယ်တကူ ရပြီ ထင်တယ်... ဒီကောင်လေးက ရူးနေတာလား မသိဘူး၊ အဖွဲ့နဲ့ ကွဲနေတာပဲ...”

“ထျန်ယုနတ်ဘုရားနယ်မြေဆိုတာ အမြဲတမ်း ဒီလိုပါပဲ။ အရင်ကလည်း သူတို့က အောက်ဆုံးအဆင့်မှာပဲ ရှိခဲ့တာ၊ ဒီနှစ်လည်း ထူးခြားမှာ မဟုတ်ပါဘူး...”

ယီထျန်းယွမ်ကို မြင်သည့်အခါ ၎င်းတို့ တစ်ယောက်ချင်းစီ၏ အကြည့်များတွင် အထင်သေးမှုများ ပြည့်နှက်နေခဲ့ပြီး ယီထျန်းယွမ်ကို စဉ်းနှီတုံးပေါ်မှ အသားတုံး တစ်တုံးကဲ့သို့ပင် ထင်မှတ်နေကြတော့သည်။

“ကောင်လေး... မင်း တံဆိပ်ပြားကို လွှင့်ပစ်ပြီး အရှုံးပေးမလား... ဒါမှမဟုတ် ပြန်ပြီးတော့ တိုက်ခိုက်မလား...”

ချန်ဟောက်က အသာအယာ ပြုံးလိုက်သည်။ ၎င်းတို့၏ လူများမှာ ယီထျန်းယွမ်ကို ဝိုင်းရံထားကြပြီး ထွက်ပြေးခွင့် မပေးရန် ပြင်ဆင်ထားကြသည်။

ဤစကားကို ကြားရသည့်အခါ ယီထျန်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။

“သြော်... မင်းတို့က တံဆိပ်ပြားတွေ လာပေးတာလား... ဒါဆိုရင်လည်း ငါ ဝမ်းမြောက်ဝမ်းသာ သိမ်းလိုက်ပါ့မယ်...”

“မင်းကတော့ သေချင်နေတာပဲ...”

ချန်ဟောက်၏ မျက်နှာမှာ ညိုမှောင်သွားခဲ့ပြီး လက်ထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဝင်းလက်လာကာ ဓားရှည်တစ်လက် ပေါ်ထွက်လာခဲ့သည်။ သူ၏ ပုံရိပ်မှာ ဝင်းခနဲ ဖြစ်သွားပြီးနောက် ယီထျန်းယွမ်၏ ဦးခေါင်းကို ဖြတ်တောက်ရန် ကြိုးစားလိုက်တော့သည်။

ယီထျန်းယွမ်က ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ဖြင့်သာ ရိုးရှင်းစွာ တိုက်ခိုက်လိုက်သည်။

“ဘုန်း...”

ချန်ဟောက်မှာ လွင့်ထွက်သွားခဲ့ပြီး ကြီးမားလှသော သစ်ပင် အမြောက်အများကို တိုက်မိပြီးနောက်တွင်မူ မည်သည့် အသက်ရှူသံမျှ မကြားရတော့ချေ။

- ချန်ဟောက်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သဖြင့် အတွေ့အကြုံအမှတ် ၃၇၀ ဘီလီယံ။ ဆန်းကြယ်မှတ် ၁၀ သန်း။ အပြစ်မှတ် ၅ သိန်း ရရှိပါသည်။

ဆန်းကြယ်အတွေ့အကြုံမုဒ်ကို ဖွင့်ထားသဖြင့် အတွေ့အကြုံများမှာ ရူးသွပ်စွာ စီးဝင်လာခဲ့သော်လည်း ဤသည်မှာ အမြည်းမျှသာ ရှိသေးပေသည်။

“အစ်ကိုကြီးချန်...”

၎င်းတို့၏ မျက်နှာများမှာ ဖြူလျော်သွားခဲ့ရသည်။ မိမိတို့၏ အစ်ကိုကြီးမှာ ဤမျှ လွယ်ကူစွာ အသတ်ခံလိုက်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။ ချန်ဟောက်ထံမှ မည်သည့် အရှိန်အဝါမျှ မတွေ့ရတော့သဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ၎င်းတို့ သိရှိလိုက်ကြရ၏။

ကျန်ရှိနေသော ငါးဦးမှာ ယီထျန်းယွမ်ကို ကြည့်ကာ မျက်လုံးများ ပြူးထွက်သွားကြပြီး ခြေထောက်များမှာလည်း တုန်ယင်နေခဲ့ရသည်။ ထိုသူနှင့် သူတို့အဖွဲ့၏ အဆင့်မှာ လုံးဝ ကွဲပြားနေသောကြောင့်ပင်။

“အခု မင်းတို့ အလှည့်ပဲ...”

ယီထျန်းယွမ်၏ စကားသံ ဆုံးသွားသည်နှင့် သူသည် သူ၏ သန်မာလှသော ခန္ဓာကိုယ်ဖြင့် ၎င်းတို့ကို ဝင်တိုက်လိုက်တော့သည်။ သူ၏ နဂါးနတ်ဘုရားသွေးစွမ်းအင်မှာ အဆင့်မြင့်မားလှသဖြင့် သူ၏ ခန္ဓာကိုယ်မှာ ထိတ်လန့်စရာ ကောင်းလောက်အောင် သန်မာနေပြီး အဆင့်တူသူများအကြားတွင် ပြိုင်ဘက်ကင်းနေခဲ့ပြီ ဖြစ်သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

လူသုံးဦးမှာ လွင့်ထွက်သွားခဲ့ရပြီး ရလဒ်မှာ ချန်ဟောက်နှင့် မထူးခြားလှဘဲ အားလုံး သေဆုံးသွားကြတော့သည်။

ကျန်ရှိနေသော နှစ်ဦးမှာ ခန္ဓာကိုယ်များ တုန်ယင်နေခဲ့ရပြီး ခြေထောက်များမှာလည်း ပျော့ခွေသွားကာ မြေပြင်ပေါ်၌ ဒူးထောက်၍ အသနားခံလိုက်ကြတော့သည်။

“အရှင်... ကျွန်တော်တို့ကို လွှတ်ပေးပါ... အရှင်က ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် အများကြီးကို သတ်ပြီးပါပြီ... တံဆိပ်ပြား နှစ်ခု ရရင်ပဲ အောင်မြင်ပြီ မဟုတ်လား... တံဆိပ်ပြားတွေ အများကြီး ရရင်လည်း အခုချိန်မှာ ဘာဆုလာဘ်မှ ရှိမှာ မဟုတ်ပါဘူး...”

၎င်းတို့သည် တံဆိပ်ပြားကို လွှင့်ပစ်၍ အရှုံးမပေးလိုကြချေ။ ယင်းမှာ ဤနေရာကို စွန့်လွှတ်ရခြင်းနှင့် တူညီသောကြောင့် ဖြစ်ပေသည်။ စစချင်းမှာတင် ၎င်းတို့ မထွက်ခွာလိုကြချေ။ ၎င်းတို့သည် ဤနေရာ၌ မိမိတို့၏ အရည်အချင်းများကို ပြသလိုကြသော်လည်း ယခုမူ အလွန် သန်မာလှသော ကျောက်တောင်ကြီးတစ်ခုကို ကန်မိလိုက်သကဲ့သို့ ဖြစ်နေရသည်။

“ဝမ်း...”

ထိုအချိန်တွင် ၎င်းတို့၏ လက်ထဲရှိ တံဆိပ်ပြားများမှာ လင်းလက်လာခဲ့ပြီးနောက် သတင်းစကားတစ်ခုမှာ ဦးနှောက်အတွင်းသို့ စီးဝင်လာခဲ့တော့သည်။

တံဆိပ်ပြား ၁၅ ခု စုဆောင်းနိုင်သူသည် ပထမအဆင့် ပြီးဆုံးပါက အလတ်စား ပြန်လည်မွေးဖွားခြင်းအဆင့် ကျင့်စဉ်တစ်ခု ရရှိမည် ဖြစ်သည်။ တံဆိပ်ပြား ၃၀ စုဆောင်းနိုင်သူသည် အလတ်စား ပြန်လည်မွေးဖွားခြင်းအဆင့် လက်နက်တစ်ခု၊ ၆၀ စုဆောင်းနိုင်သူသည် အဆင့်မြင့် ပြန်လည်မွေးဖွားခြင်းအဆင့် ကျင့်စဉ်နှင့် ၉၀ စုဆောင်းနိုင်သူသည် အဆင့်မြင့် ပြန်လည်မွေးဖွားခြင်းအဆင့်လက်နက် တို့ကို ရရှိမည် ဖြစ်ပါသည်။

ဤသတင်းစကားမှာ ရောက်ရှိလာသည့်အခါ အသနားခံနေသော နှစ်ဦး၏ မျက်နှာမှာ တောင့်တင်းသွားခဲ့ရသည်။ ဆိုလိုသည်မှာ အသနားခံနေခြင်းမှာ အဓိပ္ပာယ် မရှိတော့ခြင်းပင် ဖြစ်၏။ တံဆိပ်ပြား နှစ်ခုဖြင့် အောင်မြင်နိုင်သော်လည်း ဆုလာဘ်များ ရရှိလိုပါကမူ အကြီးအကျယ် သတ်ဖြတ်ရပေလိမ့်မည်။

“ကျွန်တော်... ကျွန်တော်တို့ အရှင် တံဆိပ်ပြားတွေ စုဆောင်းဖို့ ကူညီပေးပါ့မယ်... အရှင့်ရဲ့ လက်ပါးစေအဖြစ် လုပ်ပေးပါ့မယ်... ကျွန်တော်တို့ကို တံဆိပ်ပြား တစ်ခုပဲ ပေးရင် ရပါပြီ...”

၎င်းတို့နှစ်ဦးမှာ ယီထျန်းယွမ်ရှိရာသို့ ဒူးထောက်လျက် တွားသွားလာကြပြီး မျက်လုံးများတွင်မူ အသနားခံလိုသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

ယီထျန်းယွမ်က ၎င်းတို့ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်ချိန်တွင်မူ ၎င်းတို့နှစ်ဦးမှာ ရုတ်တရက်ပင် ခုန်ထွက်လာခဲ့ကြပြီး လက်ထဲတွင် မည်သည့်အချိန်က ရောက်နေသည် မသိသော ဓားမြှောင် နှစ်လက်ဖြင့် သူ၏ သေကွင်းသေကွက် နေရာများကို ချိန်ရွယ်၍ တိုက်ခိုက်လိုက်တော့သည်။

“ထွက်သွားစမ်း...”

ယီထျန်းယွမ်က ခြေတစ်ချက် လွှဲကန်လိုက်ရာ ၎င်းတို့နှစ်ဦးမှာ လွင့်ထွက်သွားခဲ့ပြီး သစ်ပင်များကို တိုက်မိကာ အသက်ရှူသံများ ပျောက်ကွယ်သွားခဲ့တော့သည်။ ၎င်းတို့မှာ လုံးဝကို သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

“မင်းတို့တွေ မရိုးသားမှန်း ငါ သိနေတာပဲ... ဘာဆုလာဘ်မှ မရှိရင်တောင်မှ မင်းတို့ ငါ့ကို တိုက်ခိုက်ဖို့ ပြင်ကတည်းက မင်းတို့ရဲ့ ရလဒ်က သတ်မှတ်ပြီးသား ဖြစ်သွားပြီ...”

ယီထျန်းယွမ်က လက်ကို ဝှေ့ယမ်းလိုက်ရာ ၎င်းတို့ အလောင်းများပေါ်ရှိ တံဆိပ်ပြားများမှာ သူ့ထံသို့ ရောက်ရှိလာခဲ့သလို ၎င်းတို့၏ သိုလှောင်လက်စွပ်များကိုပါ သိမ်းဆည်းလိုက်တော့သည်။ သူသည် အင်အားစုတစ်ခုကို တည်ဆောက်ရမည်ဖြစ်ရာ အရင်းအမြစ်များမှာ မရှိမဖြစ် လိုအပ်လှပေသည်။

၎င်းတို့ ကိုယ်ပေါ်ရှိ တံဆိပ်ပြားများ ပျောက်ကွယ်သွားသည့်အခါ ၎င်းတို့မှာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့ကြပြီး မူလ နန်းတော်အတွင်းသို့ ပြန်လည် ရောက်ရှိသွားကြတော့သည်။ သို့သော်လည်း ပြန်ရောက်သွားသည်မှာ အလောင်းများသာ ဖြစ်ပြီး အသက်ရှင်နေသူများ မဟုတ်ချေ။

ယီထျန်းယွမ်သည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ဘာကိုမျှ ဂရုမစိုက်ဘဲ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားလိုက်တော့သည်။

သူ ထွက်ခွာသွားချိန်တွင်မူ ဘေးနားရှိ တောအုပ်အတွင်းမှ ထိတ်လန့်နေသော အကြည့်အချို့မှာ ထောင့်စွန်းတစ်ခု၌ ဝင်းလက်နေခဲ့သည်။ ၎င်းတို့မှာ မူလက ပုစွန်လုံးက ပုစဉ်းရင်ကွဲကို ဖမ်းချိန်တွင် နောက်မှ သိမ်းငှက်က ချောင်းသကဲ့သို့ လုပ်ဆောင်ရန် ကြံစည်ခဲ့ကြသော်လည်း ယီထျန်းယွမ်၏ ခွန်အားကို မြင်သည့်အခါ ၎င်းတို့၏ ရင်ထဲ၌ တုန်လှုပ်သွားခဲ့ကြရပြီး မည်သူကမျှ လက်မလှုပ်ရဲကြတော့ချေ။

ယီထျန်းယွမ်မှာမူ ၎င်းတို့ကို ဂရုမစိုက်ဘဲ ရှေ့သို့သာ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။ လမ်းတစ်လျှောက်တွင်မူ ဤကဲ့သို့သောသူများ များပြားလှသဖြင့် တံဆိပ်ပြားများအတွက်မူ စိုးရိမ်စရာ မလိုတော့ချေ။

သေချာပေါက်ပင် နောက်ပိုင်း လမ်းခရီးတစ်လျှောက်တွင် ယီထျန်းယွမ်ထံမှ တံဆိပ်ပြားများကို လုယူလိုသောသူများမှာ တစ်သုတ်ပြီး တစ်သုတ် ပေါ်ထွက်လာခဲ့ကြသည်။ သို့သော် ရလဒ်မှာမူ ပြောင်းလဲခြင်း မရှိဘဲ အားလုံးမှာ သူ၏ လက်ချက်ဖြင့်သာ အသတ်ခံခဲ့ကြရလေသည်။

ဤလူများမှာ သူသည် လူစုကွဲနေသူဟုသာ ထင်မှတ်ခဲ့ကြသော်လည်း အမှန်တကယ်တော့ သူသည် မိမိကိုယ်ကိုယ် အကြွင်းမဲ့ ယုံကြည်မှု ရှိနေသဖြင့် တစ်ကိုယ်တည်း ထွက်လာခဲ့ခြင်းဖြစ်ကြောင်း မည်သူမျှ မသိရှိခဲ့ကြချေ။

အခန်း ၉၉၁ ပြီးပါပြီ။

All Chapters