← Chapters

သိက္ခာဆယ်ပေးခြင်း

Vol. 71 Ch. 992

သိက္ခာဆယ်ပေးခြင်း

Vol. 71 Ch. 992

“ဒါနဲ့ဆို ငါးသုတ်ရှိပြီ...”

ယီထျန်းယွမ်သည် သူ ရရှိထားသော တံဆိပ်ပြား ၃၀ ကျော်ကို ထုတ်ကြည့်လိုက်၏။ သူသည် တံဆိပ်ပြားများကို တမင်တကာ လိုက်လံစုဆောင်းခြင်း မပြုခဲ့သော်လည်း သူ့ထံသို့ အလိုအလျောက် ရောက်ရှိလာသော တံဆိပ်ပြားပေါင်းမှာ ၃၀ ကျော် ရှိနေခဲ့ပြီ ဖြစ်သည်။ တစ်ကိုယ်တည်း သွားလာခြင်းတွင် အားသာချက်ရှိသလို အားနည်းချက်လည်း ရှိပေသည်။

အားသာချက်မှာ အခြားသော ကျင့်ကြံသူများကို မိမိထံသို့ လာရောက်တိုက်ခိုက်ရန် ဆွဲဆောင်နိုင်ခြင်းပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် တမင်တကာ လိုက်ရှာနေရန် မလိုသလို တံဆိပ်ပြားများကိုလည်း ခွဲဝေပေးရန် မလိုအပ်ပေ။ အားနည်းချက်မှာမူ တစ်ဖက်မှ လူမည်မျှ ပေါ်လာမည်ကို မသိနိုင်ခြင်းပင် ဖြစ်သည်။ အကယ်၍ လူပေါင်း ဆယ်ဂဏန်းမက တစ်ပြိုင်နက်တည်း တိုက်ခိုက်လာမည်ဆိုပါက အနည်းငယ်တော့ စိတ်ရှုပ်စရာ ကောင်းပေလိမ့်မည်။

သေချာပေါက်ပင် ယီထျန်းယွမ်မှာမူ လုံးဝ စိုးရိမ်ခြင်း မရှိပေ။ အခြားသူများမှာမူ စိုးရိမ်နေကြပေလိမ့်မည်။ သူကတော့ ပြိုင်ဘက်များ များများလာလေလေ လိုက်ရှာနေရသည့် ဒုက္ခမှ ကင်းဝေးလေလေဟုပင် သဘောထားနေခဲ့သည်။

တစ်ချိန်တည်းမှာပင် နတ်ဘုရားစစ်ပွဲကုန်းမြေကြီး၏ အခြားသော နယ်မြေတစ်ခု၌ ကြီးမားလှသော လက်ဝှေ့ကွင်းကြီးတစ်ခု ရှိနေခဲ့သည်။ ထိုကွင်းအတွင်း၌ လူအုပ်ကြီးမှာ ဝိုင်းရံ၍ ထိုင်နေကြသည်။

ထိုလူအုပ်ကြီးထဲတွင် အကြီးအကဲနျန်၊ ယုယန်လုံနှင့် အခြားသော အကြီးအကဲများ ပါဝင်နေသလို နယ်မြေအရှင်လည်း ပါဝင်နေခဲ့သည်ဖြစ်ရာ ၎င်းတို့အားလုံးမှာ သီးသန့်နေရာတစ်ခုတွင် ထိုင်နေကြခြင်း ဖြစ်သည်။

ထို့အပြင် ဘေးနားတွင် အခြားသော နတ်ဘုရားနယ်မြေများမှ သန်မာသူများလည်း အမြောက်အများ ထိုင်နေကြသည်။ ယခုအခါ ၎င်းတို့အားလုံးမှာ ကောင်းကင်ယံသို့ မော့ကြည့်နေကြပြီး ကောင်းကင်ယံ၌ အဆင့်အတန်းများကို စီတန်း၍ ဖော်ပြထားရာ မည်သူက တံဆိပ်ပြား မည်မျှ ရရှိထားသည်ကို မြင်တွေ့နေရသည်။

နံပါတ်တစ် - မြေကမ္ဘာအရှင်ထျန်ချင်း - ၂၇၈ ခု။

နံပါတ်နှစ် - မြေကမ္ဘာအရှင်ယွမ်လဲ့ - ၁၇၀ ခု။

နံပါတ်သုံး - ...

အဆင့်များမှာ တစ်ခုပြီးတစ်ခု စီတန်းနေခဲ့ပြီး ၎င်းတို့မှာ ပြိုင်ပွဲဝင်များ၏ အမည်များပင် ဖြစ်သည်။ ယီထျန်းယွမ်ကိုမူ ‘မြေကမ္ဘာအရှင်ထျန်းယွမ်’ ဟုသာ အမည်ပေးထားသည်။

ကောင်းကင်ယံရှိ ကြီးမားလှသော ပုံရိပ်ယောင်ပေါ်တွင် လူတိုင်း၏ အမည်များမှာ ရှိနေကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က အရှုံးပေးလိုက်မည်ဆိုပါက ထိုသူ၏ အမည်မှာ ပျောက်ကွယ်သွားမည် ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် တံဆိပ်ပြား အရေအတွက် များပြားလာပါက အဆင့်မှာလည်း အဆက်မပြတ် မြင့်တက်လာမည် ဖြစ်သည်။

အကြီးအကဲများမှာ ထိုနေရာ၌ မိမိတို့ တပည့်များ၏ အမည်များကို လိုက်လံရှာဖွေနေကြပြီး အကယ်၍ အဆင့် ၁၀၀ အတွင်း၌ တွေ့ရှိရပါက ဝမ်းသာအားရဖြင့် ခုန်ပေါက်နေကြတော့သည်။ ဤသည်မှာ ကြွားဝါစရာ ကောင်းသော အခွင့်အရေး ဖြစ်ရာ မည်သူကများ လက်လွတ်ခံပါမည်နည်း။

“ယီထျန်းယွမ်နဲ့ မုရုန်ရှောင်းရဲ့ အဆင့်တွေက အရမ်းကို နောက်ကျနေတာပဲ... တံဆိပ်ပြား အနည်းငယ်စီပဲ ရကြသေးတယ်...”

၎င်းတို့မှာ ပြိုင်ပွဲဝင်များထဲမှ ယီထျန်းယွမ်နှင့် မုရုန်ရှောင်းတို့၏ ပုံရိပ်များကို မကြာမီမှာပင် ရှာတွေ့သွားခဲ့သော်လည်း အဆင့်မှာမူ မမြင့်မားလှဘဲ အောက်ဆုံးနားတွင်သာ ရှိနေခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ယွမ်ထျန်းယို၏ အဆင့်မှာမူ အနည်းငယ် မြင့်မားနေပြီး ကောင်းမွန်သော နေရာတစ်ခုတွင် ရှိနေခဲ့သည်။

“ယွမ်ထျန်းယိုရဲ့ ရလဒ်ကတော့ မဆိုးဘူးပဲ... တံဆိပ်ပြား ဆယ်ဂဏန်းကျော် ရနေပြီ... နောက်ပြီး စီခုန်းလည်း ပါတာပဲ...”

၎င်းတို့သည် ပေါ်ထွက်လာသော ဤလူအချို့ကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ အစောပိုင်းတွင် ရလဒ်ကောင်းများ ရရှိသူမှာ ယီထျန်းယွမ် သို့မဟုတ် မုရုန်ရှောင်း မဟုတ်ဘဲ စီခုန်းတို့ ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

“မဟုတ်ဘူး... ငါတို့လူတွေထဲက တချို့ ပျောက်သွားပြီ... ပြိုင်ပွဲကနေ ထွက်သွားကြပြီပဲ...”

ယုယန်လုံသည် အထက်မှ အဆင့်များကို ကြည့်ကာ မိမိတို့ တပည့် မည်မျှ ပျောက်ကွယ်သွားသည်ကို မြန်မြန်ဆန်ဆန်ပင် သိရှိလိုက်ရသည်။

“တစ်စုံတစ်ယောက်ရဲ့ ခိုးတိုက်တာကို ခံလိုက်ရတာများလား...”

၎င်းတို့မှာ အတွင်းဘက်မှ အခြေအနေများကို မမြင်ရဘဲ အဆင့်များကိုသာ မြင်တွေ့ရခြင်းဖြစ်ရာ အခြေအနေမှန်ကိုမူ မသိရှိကြပေ။

စီခုန်းတို့မှာ လူအများစုကို စုစည်းထားခြင်းဖြစ်ရာ အခြားသူများနှင့် တိုက်ခိုက်မိပါက ဆုံးရှုံးမှုမှာလည်း မနည်းလှပေ။ ၎င်းတို့မှာ အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသဖြင့် တံဆိပ်ပြားများမှာ ၎င်းတို့၏ ကိုယ်ပေါ်တွင် ရှိနေကြခြင်းဖြစ်ရာ အဆင့်မှာလည်း သဘာဝအတိုင်းပင် မြင့်မားနေခြင်း ဖြစ်သည်။

“ထျန်ယုနယ်မြေအရှင်... ဒီတစ်ကြိမ်မှာ ခင်ဗျားတို့ဆီမှာ တော်တော်လေး ကောင်းတဲ့ အပြင်လူတစ်ယောက် ပါတယ်လို့ ကြားထားတယ်... ဒါပေမဲ့ အဆင့်ကတော့ သိပ်ပြီး မမြင့်လှဘူးပဲ မဟုတ်လား...”

ဘေးနားရှိ ကျိုးယုနယ်မြေအရှင်က အသာအယာ ပြုံးလျက် မေးမြန်းလိုက်သည်။ သာမန် မေးမြန်းခြင်းဟု ထင်ရသော်လည်း အမှန်တော့ အရှက်ခွဲလိုက်ခြင်းပင် ဖြစ်သည်။

ထျန်ယုနယ်မြေအရှင်က မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ဖက်လူမှာ သေချာပေါက် မိမိ၏ သတင်းများကို စုံစမ်းထားခြင်း ဖြစ်ရပေမည်။ ထို့ကြောင့်လည်း မိမိက အပြင်လူတစ်ယောက်ကို ငှားရမ်းထားကြောင်း သိရှိနေခြင်းပင်။ မုရုန်ရှောင်းမှာ အပြင်လူတစ်ဦး ဖြစ်သော်လည်း ပထမအဆင့် နတ်ဘုရားနယ်မြေများတွင်မူ အတော်လေး နာမည်ကျော်ကြားသူ တစ်ဦး ဖြစ်သည်။

“ကျိုးယုနယ်မြေအရှင်ရဲ့ စိတ်ပူပေးမှုအတွက် ကျေးဇူးတင်ပါတယ်... အခုက စစချင်းပဲ ရှိသေးတာဆိုတော့ ရလဒ်ကို ပြောဖို့ စောမနေဘူးလား... နောက်ပိုင်းကျရင် သိရမှာပါ...”

ထျန်ယုနယ်မြေအရှင်က ပြန်လည် ချေပလိုက်သည်။ အမှန်တကယ်ပင် စတင်ရုံသာ ရှိသေးသဖြင့် အလျင်အမြန် ပြင်ဆင်နေရန် မလိုအပ်ပေ။

“ဒါကလည်း ဟုတ်တာပါပဲ... ဒါပေမဲ့ အစပျိုးတာက သိပ်ပြီး မချောမွေ့ဘူးဆိုရင် နောက်ပိုင်းမှာ ခက်ခဲလိမ့်မယ်နော်...”

ကျိုးယုနယ်မြေအရှင်၏ မျက်နှာမှာ ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ၏ လက်အောက်မှ လူတစ်ဦးမှာ တံဆိပ်ပြား ၃၀ ကျော် ရရှိထားပြီး ထျန်ယုနတ်ဘုရားနယ်မြေထက် တံဆိပ်ပြား ၂၀ ခန့် ပိုမို များပြားနေသဖြင့် ဤမျှအထိ မာန်တက်နေခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ၎င်းတို့ နှစ်ဦး၏ ဆက်ဆံရေးမှာ သာမန်မျှသာ ဖြစ်သော်လည်း ယခုအခါတွင်မူ ယမ်းပုံမီးကျသကဲ့သို့ပင် အပြိုင်အဆိုင် ဖြစ်နေကြသည်။

“မှန်တယ်... အရင်ကလည်း ထျန်ယုနတ်ဘုရားနယ်မြေရဲ့ အဆင့်တွေက အောက်ဆုံးမှာပဲ ရှိခဲ့တာပဲ... အခု အပြင်လူ ငှားထားတာကရော တိုးတက်မှု ရှိလာမလားတော့ မသိဘူးနော်... တကယ်လို့ တိုးတက်မှု မရှိဘူးဆိုရင်တော့ နောက်ပိုင်း ရက်တွေမှာ ခင်ဗျားတို့အတွက် ခက်ခဲလိမ့်မယ်...”

ဘေးနားမှ ကူညီ၍ ပြောဆိုနေသူမှာ မီးလျှံကျောက်နတ်ဘုရားနယ်မြေ၏ နယ်မြေအရှင် ဖြစ်ပြီး သူသည် ကျိုးယုနယ်မြေအရှင်နှင့် တစ်ဖွဲ့တည်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ထျန်ယုနယ်မြေအရှင်၏ မျက်နှာမှာ မကောင်းလှပေ။ အဆက်မပြတ် နှိမ်ချခြင်းကို ခံနေရသော်လည်း ပြန်လည် ချေပရန် မဖြစ်နိုင်သဖြင့် ဘာလုပ်နိုင်ပါမည်နည်း။

နံပါတ်တစ်၏ တံဆိပ်ပြား အရေအတွက်ကို ထပ်မံ ကြည့်လိုက်သည့်အခါ ၂၀၀ ကျော် ရှိနေခဲ့ပြီ ဖြစ်ရာ လုံးဝကို အဆင့်မတူသော အခြေအနေပင် ဖြစ်သည်။ ထိုအဆင့်သို့ ရောက်ရှိနေသူမှာ အမှန်တကယ်ပင် ကောင်းကင်ကို ဆန့်ကျင်နိုင်သူဖြစ်ပြီး သေချာပေါက် ပါရမီရှင်စစ်စစ် ဖြစ်ရပေမည်။

ထိုကဲ့သို့သော ပါရမီရှင်များကို ပိုင်ဆိုင်ထားသည့် နတ်ဘုရားနယ်မြေများမှာမူ တည်ငြိမ်စွာပင် ရှိနေကြပြီး မိမိတို့ တပည့်များ၏ ရလဒ်အပေါ် များစွာ ကျေနပ်နေကြသည်။

အချုပ်အားဖြင့်ဆိုရလျှင် စစချင်းမှာတင် ဝမ်းသာသူ ရှိသလို ဝမ်းနည်းသူလည်း ရှိနေခဲ့သည်။ နတ်ဘုရားနယ်မြေ အနည်းငယ်မှ နယ်မြေအရှင်များသာ ပြုံးနိုင်ကြသည်။ တံဆိပ်ပြားများကို စုဆောင်းခြင်းမှာ တစ်ဖက်လူ၏ ကျရှုံးမှုအပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ရာ ဝမ်းသာသူ ရှိသကဲ့သို့ စိတ်ပျက်သူလည်း ရှိနေမည်မှာ သေချာလှပေသည်။

ထျန်ယုနတ်ဘုရားနယ်မြေမှာမူ အပြင်လူ ငှားထားသော်လည်း အစပျိုးမှုမှာ မချောမွေ့သဖြင့် ထိုအထဲတွင် ပါဝင်နေခဲ့သည်။ နယ်မြေအရှင်က စတင်ရုံသာ ရှိသေးသည်ဟု ပြောခြင်းမှာ အနည်းငယ်တော့ မျက်နှာပူစရာပင် ဖြစ်သည်။ ထိပ်တန်း ၁၀ ဦးမှာ တံဆိပ်ပြား ၁၀၀ ကျော်စီ ရရှိထားကြသည်ကို ကြည့်ရုံဖြင့် သိနိုင်သည် မဟုတ်ပါလော။

ဤသည်မှာ ခွန်အား၏ ပြဿနာသာ ဖြစ်ပြီး အစပျိုးမှုနှင့် မသက်ဆိုင်ပေ။

“ကျွန်မတို့ကတော့ အမြဲတမ်း ပုံမှန်ပဲ သွားတတ်တာပါပဲ... အချိန်အနည်းငယ် ကြာပြီးရင်တော့ သေချာပေါက် အထက်ကို တက်လာမှာပါ... အချိန်တွေ အများကြီး ကျန်ပါသေးတယ်... မဟုတ်ဘူးလား...”

အကြီးအကဲနျန်က ဘေးမှ ဝင်ပြောလိုက်သည်။ တစ်စုံတစ်ဦးက ထျန်ယုနတ်ဘုရားနယ်မြေကို နင်းခြေရန် ကြိုးစားနေသည်ကို သူမကတော့ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

“အို... ဒါဆိုရင်လည်း စောင့်ကြည့်ရတာပေါ့...”

ကျိုးယုနယ်မြေအရှင်က လှောင်ပြောင်သော အပြုံးဖြင့် ဆိုလိုက်သည်။ လွန်ခဲ့သော အချိန်များကလည်း ဤကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ခဲ့ဖူးပြီး နောက်ဆုံးတွင်မူ ထျန်ယုနတ်ဘုရားနယ်မြေမှာ အောက်ဆုံးအဆင့်အထိ ရှုံးနိမ့်သွားခဲ့ရသည် မဟုတ်ပါလား။

အကြီးအကဲနျန်၏ မျက်လုံးများမှာ ဝင်းလက်သွားခဲ့ပြီး ယီထျန်းယွမ်၏ အခြေအနေကိုသာ စိုက်ကြည့်နေမိသည်။ သူမသည် ယခုအခါ ယီထျန်းယွမ်၏ အစွမ်းပြမှုကိုသာ မျှော်လင့်နိုင်တော့သည်။ ယီထျန်းယွမ်သည် သေချာပေါက် အစွမ်းပြနိုင်လိမ့်မည်ဟု သူမ ယုံကြည်ထားသော်လည်း မည်သည့်အချိန်တွင် ဖြစ်လာမည်ကိုမူ မသိရှိပေ။

‘ထျန်ယုနတ်ဘုရားနယ်မြေကတော့ မင်းကိုပဲ အားကိုးရတော့မှာပဲ...’

အကြီးအကဲနျန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ အမြဲတမ်း ဖိနှိပ်ခံထားရမှုများကို တစ်ခါတည်းနှင့် အပြီးအပိုင် ရှင်းထုတ်ပစ်နိုင်ရန် သူမ မျှော်လင့်နေမိသည်ဖြစ်ရာ အစွမ်းကုန် ကြိုးစားရပေလိမ့်မည်။

ယီထျန်းယွမ်သည် သူမ၏ မျှော်လင့်ချက်များကို ကြားသိလိုက်ရသကဲ့သို့ပင် ကိန်းဂဏန်းများမှာ ရုတ်တရက်ပင် ပြောင်းလဲလာခဲ့ပြီး အထက်သို့ အဆက်မပြတ် ခုန်တက်လာတော့သည်။ ရှေးဦးစွာ တံဆိပ်ပြား ၆ ခုမှ စတင်၍ အထက်သို့ ခုန်တက်သွားခဲ့သည်။

၁၁ ခု...

၁၅ ခု...

၂၁ ခု...

၂၇ ခု...

...

၄၅ ခု...

၅၆ ခု...

ဤကိန်းဂဏန်းများမှာ ရူးသွပ်နေသကဲ့သို့ပင် အဆက်မပြတ် ခုန်တက်နေခဲ့ရာ အကြီးအကဲနျန်မှာ ထိတ်လန့်သွားပြီး နေရာမှပင် ထရပ်လိုက်မိတော့သည်။

“အကြီးအကဲနျန်... ဘာဖြစ်လို့လဲ...”

ထျန်ယုနယ်မြေအရှင်က သံသယဖြင့် မေးမြန်းလိုက်သည်။

“ဟိုမှာ... ဟိုမှာ ကြည့်ပါအုံး...”

အကြီးအကဲနျန်သည် အဆက်မပြတ် မြင့်တက်နေသော ယီထျန်းယွမ်၏ အမည်ကို လက်ညှိုးထိုးပြလိုက်ရာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာမှာလည်း နီမြန်းနေခဲ့သည်။

ကျိုးယုနယ်မြေအရှင်နှင့် အခြားသူများလည်း လှမ်းကြည့်လိုက်ကြရာ ထျန်ယုနတ်ဘုရားနယ်မြေ၏ ကိုယ်စားလှယ် ဖြစ်သော ပြိုင်ပွဲဝင်၏ အဆင့်မှာ အလျင်အမြန်ပင် မြင့်တက်နေသည်ကို တွေ့ရှိလိုက်ရသည်။ မူလက အောက်ဆုံးအဆင့်တွင် ရှိနေရာမှ ရုတ်တရက်ပင် အဆင့် ၁၀၀ အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

မူလက သောင်းဂဏန်းအဆင့်တွင် ရှိနေခဲ့သော်လည်း အလျင်အမြန်ပင် တိုးတက်လာခဲ့ပြီး အဆင့် ၁၀၀ အတွင်းသို့ ဝင်ရောက်လာခြင်းပင် ဖြစ်သည်။ ရှေ့မှ လူများနှင့် အကွာအဝေးမှာ ဝေးကွာနေသေးသော်လည်း အဆင့် ၁၀၀ အတွင်းသို့ ဝင်ရောက်လာခြင်းမှာ ကျိုးယုနယ်မြေအရှင်တို့၏ မျက်နှာကို ပြင်းထန်စွာ ရိုက်နှက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

“ဒါ... ဒါက အဲဒီ အပြင်လူ မဟုတ်ဘူးပဲ...”

၎င်းတို့အားလုံးမှာ တုန်လှုပ်စွာဖြင့် နေရာမှ ထရပ်လိုက်ကြသည်။ အပြင်လူ၏ အမည်ကို ၎င်းတို့ သိရှိထားကြပြီး ယင်းမှာ မုရုန်ရှောင်း ဖြစ်ပေသည်။ ယခုအခါ မုရုန်ရှောင်း၏ တံဆိပ်ပြား အရေအတွက်မှာလည်း မြင့်တက်နေသော်လည်း အများဆုံး ၁၀ ခုကျော်သာ ရှိသေးသည်။ သို့သော် ယီထျန်းယွမ်မှာမူ ဆေးသောက်ထားသကဲ့သို့ပင် ရူးသွပ်စွာ ခုန်တက်နေခဲ့ခြင်း ဖြစ်ပေသည်။

မည်သို့သော အခြေအနေမျိုးပင် ဖြစ်ပါစေ ထျန်ယုနတ်ဘုရားနယ်မြေ၏ အကြီးအကဲများမှာမူ စိတ်ဓာတ်များ တက်ကြွလာခဲ့ကြပြီး မျှော်လင့်ချက်များကို မြင်တွေ့လိုက်ရသကဲ့သို့ပင် ပျော်ရွှင်နေကြတော့သည်။

‘ကျေးဇူးတင်ပါတယ်...’

အကြီးအကဲနျန်၏ မျက်ဝန်းများမှာ နီမြန်းလာခဲ့ရသည်။ နောက်ဆုံးတွင်မူ အစပျိုးချိန်မှာပင် ထျန်ယုနတ်ဘုရားနယ်မြေအတွက် သိက္ခာဆယ်ပေးနိုင်ခဲ့ပြီ မဟုတ်ပါလော။

အခန်း ၉၉၂ ပြီးပါပြီ။

All Chapters