ဝူထုံတောင်ပေါ်မှ အတွင်းပဋိပက္ခ
Vol. 35 Ch. 341
ကျန်းချိုလန်သည် မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ဘဲငြိမ်သက်စွာ ရပ်နေလေသည်။
အစစ်အမှန်ပုဂ္ဂိုလ် ချင်းဖုန်း သည် သက်ပြင်းချလိုက်ပြီးနောက် လေပေါ်မှဆင်းသက်လာကာ ကျန်းချိုလန်ကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်၏။
"ညီမလေး... ဒီဘက်ကို ကြွပါ"
"ကျေးဇူးတင်ပါတယ်"
ကျန်းချိုလန် ခေါင်းအနည်းငယ်ညိတ်ကာ သူ့နောက်မှ လိုက်ပါသွားလေ၏။
တောင်ခြေသို့ရောက်မှသာ ချင်ဖုန်းသည် အပေါ်သို့ ခိုးကြောင်ခိုးဝှက်မော့ကြည့်လိုက်ပြီး အသံပို့စနစ်ဖြင့် ပြောကြားလိုက်သည်။
"သူ့ကိုအရေးလုပ်မနေနဲ့... အဲဒီရူးနေတဲ့ မိန်းမကြီးက ဆရာသခင်ရဲ့စစ်မှန်တဲ့ ဆက်ခံသူက သူတစ်ယောက်တည်း ရှိတယ်လို့ အမြဲ ထင်နေတာ... တစ်နေ့ကုန် အဲဒီတံဆိပ်ပြားကြီးကိုကိုင်ပြီး ဂိုဏ်းချုပ်အစ်မကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကြွားဝါနေတာလေ"
"ခဏနေကျရင်စိတ်အေးအေးသာထား... ဆရာသခင် ဘာမေးမေးအမှန်အတိုင်းသာဖြေလိုက်... ခုနကသူ နင့်ကိုတကယ် ဆူနေတာမဟုတ်ပါဘူး... ဟို ရူးနေတဲ့ မိန်းမကြီး မျက်နှာပျက်မှာစိုးလို့ ဝင်ပြောပေးလိုက်တာပါ"
...
ထိုသို့ပြောပြီးနောက် ချင်ဖုန်းသည် အားပေးသည့်အနေဖြင့် ပြုံးပြလိုက်သည်။
ကျန်းချိုလန် အံ့သြသွားပြီး ပြန်မပြောနိုင်သေးခင်မှာပင် တောင်ထိပ်မှနောက်ထပ် ဝိညာဉ်ဖိအားတစ်ခု တဟုန်ထိုးဆင်းသက်လာကာ ထိုလူငယ်ကို ရက်စက်စွာရိုက်ခတ်လိုက်သည်ကို ရုတ်တရက် အာရုံခံလိုက်မိသည်။
"ဖူး..."
အစစ်အမှန်ပုဂ္ဂိုလ် ချင်းဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံး လေထဲသို့ဘေးတိုက် လွင့်စဉ်ထွက်သွားလေသည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် ဓားရာကဲ့သို့ အကွဲအရှများစွာ ပေါ်လာ၏။
"အား... နာလိုက်တာ"
သူသည် မြေကြီးပေါ်တွင် ခေတ္တမျှလဲလျောင်းနေပြီးနောက်မျက်နှာရှုံ့မဲ့ကာ ပြန်ထလာသည်။
သူ၏ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရားစိတ်ဝိညာဉ် နောက်ဆုံးအဆင့်သို့ အလွန်နီးကပ်နေသော်လည်း ထိုဝိညာဉ်ဖိအားနှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချိုလန်ကဲ့သို့ပင် တူညီသောရလဒ်နှင့် ကြုံတွေ့ခဲ့ရသည်။
သူသည် တောင်ထိပ်သို့ နာကျည်းစွာ မော့ကြည့်လိုက်၏။ သူ၏ဝမ်းနည်းပက်လက်ဖြစ်နေသော မျက်နှာထားအရ ဒေါသထွက်နေသော်လည်း ထုတ်မပြောရဲကြောင်း သိသာနေသည်။
"သွားစို့... သွားစို့ကွာ"
ချင်ဖုန်းသည် အင်္ကျီလက်စများကိုခါလိုက်ပြီး တောင်ခြေရှိ လူသွားလမ်းကျဉ်းလေးဆီသို့ ခြေထောက်ကို ထော့နဲ့ထော့နဲ့ ဆွဲကာ လျှောက်သွားလေ၏။
လူသွားလမ်းကျဉ်းမှတစ်ဆင့် တောင်အတွင်းပိုင်းသို့ရောက်မှသာ သူသည် သက်ပြင်းချနိုင်ပြီး ခြေကိုဆောင့်ကာဒေါသတကြီး ပြောလေတော့သည်။
"အစ်ကိုနီ သာ နတ်ဘုရားစိတ်ဝိညာဉ် ပြီးပြည့်စုံခြင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ပါစေဦး... ငါ့သိက္ခာကို သေချာပေါက်ပြန်ဆယ်ပေးမှာ... တပည့်ရှေ့မှာတောင် ငါ့ကို ဒီလိုရိုက်ရဲတယ်ပေါ့... တွေ့ကြသေးတာပေါ့ကွာ"
"..."
ကျန်းချိုလန်သည် သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာ၏။
သူတို့နှင့် ထိတွေ့ဆက်ဆံရလေလေ၊ ဝူထုံတောင်မှ လူများ၏စရိုက်သည် အလွန်ထူးဆန်းအူကြောင်ကျားနိုင်ကြောင်း သူမ သတိထားမိလာလေလေဖြစ်သည်။ ပုံမှန်စိတ် ရှိသူဟူ၍ မရှိသလောက်ပင်။
မဟာချန်နိုင်ငံတွင်ဆိုလျှင် ဤကဲ့သို့ ကျင့်ကြံခြင်းအဆင့်ရှိသော အစစ်အမှန်ပုဂ္ဂိုလ် ချင်းဖုန်းသည် ကျိုကျိုးဒေသတစ်ခုလုံးကို စောင့်ရှောက်နိုင်သူ ဖြစ်နေလောက်ပြီ။
သို့သော် ဤတောင်ပေါ်တွင်မူ သူသည် ကလေးဆန်သည့်အပြုအမူများကို ပြသနေဆဲဖြစ်သည်။
အစစ်အမှန်ပုဂ္ဂိုလ် ချင်းဖုန်းသည် ကျန်းချိုလန်ကို တောင်အတွင်းရှိရေတံခွန်ကဲ့သို့သော ဂူတစ်ခုသို့ ခေါ်ဆောင်သွားပြီး ရပ်တန့်လိုက်သည်။
"ငါ ဝင်မသွားသင့်ဘူး... နင်ပဲ တစ်ယောက်တည်း ဝင်သွားလိုက်တော့"
ထို့နောက် သူသည် ပြတ်သားစွာ လှည့်ထွက်သွားလေ၏။
ကျန်းချိုလန်သည် ကျေးဇူးတင်ကြောင်း ခေါင်းညိတ်ပြပြီးနောက် ဖြည်းညှင်းစွာလျှောက်ဝင်သွားသည်။
ကြည်လင်ပြတ်သားသော ရေစီးသံများကြားတွင် ကြည်လင်နေသောရေကန်တစ်ခု သူမ၏မျက်စိရှေ့တွင် ပေါ်လာပြီး အလယ်တွင်ကြာပန်းပုံသဏ္ဌာန် ကျောက်စင်မြင့်တစ်ခု ရှိနေသည်။
ကျောက်စင်မြင့်၏အလယ်ဗဟိုတွင် ပိုးသားဝတ်ရုံပါးဝတ်ဆင်ထားပြီး တင်ပါးအထိရှည်လျားသော ဆံနွယ်နက်များ ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦးသည် ကြာပန်းစင်မြင့်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေ၏။ သူမ၏မျက်နှာသည် စကားလုံးများဖြင့်ဖော်ပြ၍ မရနိုင်လောက်အောင်လှပနေပြီး အသားအရေမှာ တင်းရင်းချောမွတ်ကာ အလွန်နုပျိုပုံပေါက်နေသော်လည်း သူမ၏အမူအရာမှ ရင့်ကျက်သောဆွဲဆောင်မှုမျိုး ထွက်ပေါ်နေသည်။
ကျန်းချိုလန် တစ်ခဏမျှ မှင်သက်သွား၏။
သူမ အလိုအလျောက် ဘေးဘီဝဲယာကို ကြည့်လိုက်မိသည်။
သူမ၏ရှေ့မှောက်ရှိ လူကို ဝူထုံတောင်၏ဘိုးဘေး နှင့် တွဲဖက်မြင်ယောင်၍ မရနိုင်သလို၊ စောစောက တံဆိပ်ပြားမှ ထွက်ပေါ်လာသော အသံနှင့်လည်း သက်ဆိုင်ခြင်း မရှိသကဲ့သို့ ခံစားရလေ၏။
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အံ့သြစရာ ကောင်းနေပြန်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် ခြောက်သွေ့နေသော ဝိညာဉ်သစ်ကိုင်းများ ပြည့်နှက်နေပြီး ကျောက်နံရံများမှ ထိုးထွက်နေသော ချွန်ထက်သည့် လက်သည်းများအလား ထင်မှတ်ရသည်။
"ငါ ဒီနေရာမှာ ရှေးဟောင်းသစ်ပင်တချို့ကို ရွှေ့စိုက်ချင်ခဲ့တာ... ဝမ်းနည်းစရာကောင်းတာက အကုန်လုံး မအောင်မြင်ခဲ့ဘူး"
ထိုအမျိုးသမီးက ခေါင်းခါရင်းပေါ့ပါးစွာ ရယ်မောလိုက်၏။
"သိပ်ပြီးအံ့သြမနေပါနဲ့... ဒီအခြေအနေက ငါ့အသက်တမ်းကုန်ဆုံးတော့မယ်ဆိုတာကို ခဏလောက် မေ့ထားစေနိုင်လို့ပါ... ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ နင်တို့ မဟာချန်နိုင်ငံက အများကြီး အကူအညီ ဖြစ်ခဲ့ပါတယ်"
ပြောရင်းဆိုရင်း သူမ လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်၏။
ကျန်းချိုလန် ကိုင်ထားသော ကျင့်စဉ်စာအုပ်သည် လက်ထဲမှလွတ်ထွက်သွားပြီး ထိုအမျိုးသမီး၏ လက်ဝါးထဲသို့ ရောက်ရှိသွားလေသည်။
"စိတ်မပူပါနဲ့... အမည်ခံတပည့် ဘယ်လိုသေသွားလဲဆိုတာကို ငါ ဂရုမစိုက်သလို၊ နင် ဒီကျင့်စဉ်ကို ဘယ်လိုရခဲ့လဲဆိုတာကိုလည်း ငါ စိတ်မဝင်စားပါဘူး... အဲဒီလိုပဲ နောင်တစ်ချိန် နင် ဘယ်လိုသေမလဲဆိုတာကိုလည်း ငါ ဂရုစိုက်မှာမဟုတ်ဘူး"
"ငါ ဂရုစိုက်တာက ငါ ဘယ်လောက်ကြာကြာ ဆက်အသက်ရှင်နိုင်မလဲ ဆိုတာကိုပဲ"
"ဒါကြောင့် ငါ့တပည့်ဖြစ်ရတာ သိပ်ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး... ဒါပေမဲ့ အဆင်ပြေမယ်လို့ ခံစားရသရွေ့တော့ ကောလာဟလတွေ ပြောသလို အဲဒီလောက်လည်း မခက်ခဲပါဘူး"
ထိုအမျိုးသမီးသည် ရှန်ရှောင်မူလမိုးကြိုးဓားသိုင်းကျင့်စဉ် စာလိပ်ကိုသိမ်းဆည်းလိုက်ပြီးနောက် နောက်သို့ မှီချလိုက်ကာ လက်ညှိုးကို နှုတ်ခမ်းပေါ် တင်၍ဖွဖွလေး ပြောလိုက်၏။
"ငါ တပည့်လက်ခံတဲ့အခါ ထူးဆန်းတဲ့စရိုက်ရှိတဲ့သူတွေကို ပိုသဘောကျတယ်... တာအိုပညာရပ်တွေပျောက်ဆုံးနေတဲ့ ခေတ်မှာစွဲလမ်းစိတ်ကြီးတဲ့သူတွေကပဲ လမ်းစရှာတွေ့နိုင်မယ်လို့ ငါ ယုံကြည်တယ်လေ"
"နီကျွင်းက သတ်ဖြတ်လိုစိတ် ပြင်းထန်တယ်၊ ယွီချောင်အန်း က ဖြူစင်လွန်းတယ်၊ ရှင်းချွမ်း က ယုတ်မာကောက်ကျစ်တယ်၊ ချင်ဖုန်း က သူရဲဘောကြောင်တယ်၊ လင်းရှီအာ ကတော့ တုံးအလွန်းတယ်..."
"နင်ကျတော့... နင်က နည်းနည်းရူးကြောင်ကြောင်နိုင်မယ့်ပုံပဲ... သူတို့အားလုံးက မာနကြီးကြပေမဲ့ နင်ကတော့ မတူဘူး... နင်က ငါတို့ကိုတကယ် အရေးမလုပ်သလို နင့်စိတ်ထဲမှာ ဘာလေးစားမှုမှလည်း မရှိဘူး"
ကျန်းချိုလန်သည် တစ်ဖက်လူ၏စကားများကို ငြိမ်သက်စွာ နားထောင်နေသည်။
ထိုအမျိုးသမီးသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်၏။
ထိုသို့ပြုမူရခြင်း၏အကြောင်းရင်းကို သိချင်သောကြောင့်သာ လူလွှတ်ပြီး သူမကို ခေါ်ခိုင်းလိုက်ခြင်း ဖြစ်သည်။
ယခု သေချာကြည့်လိုက်မှ ကျန်းချိုလန်သည် ဟန်ဆောင်ပြီးသတ္တိကောင်းပြနေခြင်း မဟုတ်ကြောင်း သူမ သိလိုက်ရပေ၏။
ဤအရာက သူမ၏စူးစမ်းလိုစိတ်ကို ပိုမို ပြင်းထန်လာစေသည်။
"ခဏလောက် ထိုင်နေဦး... လင်းရှီအာ စိတ်ငြိမ်သွားရင်သီးသန့်နေရာတစ်ခု ရှာပြီး သစ်သားတဲလေးတစ်လုံး ဆောက်လိုက်ပေါ့"
အစမှအဆုံး ထိုအမျိုးသမီးသည် ကျန်းချိုလန်ကို စကားပြောခွင့်မပေးဘဲ ဟန်ဆောင်အိပ်ပျော်သွားပြန်သည်။
ထိုအရာကိုမြင်လိုက်ရသောအခါ ကျန်းချိုလန်သည်သက်တောင့်သက်သာ ရှိမည့် နေရာတစ်ခုကို အေးဆေးစွာရှာဖွေပြီး ဝင်ထိုင်လိုက်သည်။
ထိုအချိန်မှာပင် တောင်ထိပ်၌...
အစစ်အမှန်ပုဂ္ဂိုလ် လင်းရှီ(စိတ်ဝိညာဉ်ရှီ) သည် အေးစက်သောအကြည့်ဖြင့် အေးဆေးတည်ငြိမ်စွာ ပြန်လာနေသော လူငယ်ကိုကြည့်လိုက်၏။
"..."
အစစ်အမှန်ပုဂ္ဂိုလ် ချင်းဖုန်း သည် အလျင်စလိုဖြင့်ခြေလှမ်းကျဲလိုက်ပြီး သူ့နောက်ကွယ်တွင် ပုန်းနေသော ထန်ယွမ်ကို တွန်းထုတ်ရင်း နီကျွင်း၏ နောက်ကွယ်တွင် ဝင်ရောက်ခိုလှုံလိုက်သည်။
"သောက်သူရဲဘောကြောင်တဲ့ကောင်... နင်က ဆရာ့သိက္ခာကို ချနေတာပဲ"
"တော်ကြတော့"
နီကျွင်းသည် နောက်ဆုံးတွင် ရွှမ်ဓားကို လက်ထဲသို့ ဆင့်ခေါ်လိုက်၏။
"သူ ပြန်ထွက်လာရင် ငါ့ဆီလာတွေ့ခိုင်းလိုက်... ငါ သူ့ကို မေးစရာရှိတယ်"
"ငါက မလွှတ်ပေးဘူးဆိုရင်ရော"
အစစ်အမှန်ပုဂ္ဂိုလ် လင်းရှီ မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသော် နီကျွင်းသည် သူ၏ဓားကို ပေါ့ပေါ့ပါးပါး လှည့်ကစားလိုက်ပြီး ဓားသွားကို သူ့စီနီယာအစ်မထံ စောင်းငဲ့ချိန်ရွယ်ကာ မျက်ခုံးပင့်ပြလိုက်၏။
"စမ်းကြည့်လိုက်လေ"
သူတို့နှစ်ဦး ထိပ်တိုက်တွေ့နေချိန်တွင်...
ထုံရှင်းချွမ်း၏ နှုတ်ခမ်းများသည် ယုတ်မာသော အပြုံးတစ်ခုအဖြစ်တွန့်ကွေးသွားပြီး ရွှေရောင်ကြိုးမျှင်တစ်ချောင်းကို ကစားနေရင်း သူ၏ လက်ချောင်းထိပ်များအနည်းငယ် တုန်ခါနေသည်။
စီနီယာအစ်မမှာ ကျင့်ကြံခြင်းအဆင့် ပိုမြင့်သော်လည်း တာအိုနန်းတော်၏ အရိပ်အယောင်ကို တစ်ခါမှ မမြင်ဖူးချေ။
နီကျွင်းသည် ပြီးပြည့်စုံသောအဆင့်သို့ မရောက်သေးသော်လည်း ခရမ်းရောင်ကောင်းကင် နတ်ဘုရားမိုးကြိုးဓားနန်းတော်၏ ပုံသဏ္ဌာန်မှာ ရေးရေးမျှပေါ်လွင်နေပြီ ဖြစ်ရာ နှစ်ဦးသားမှာ ခြေရည်တူ လက်ရည်တူပင်။
သူကတော့ မည်သူအရေးနိမ့်သွားမလဲ ဆိုတာကို စောင့်ကြည့်ပြီး အခွင့်ကောင်းယူကာ ဝင်ရောက်တိုက်ခိုက်လိုက်ရုံပင်။
"ကျွတ်... ကျွတ်"
ချင်ဖုန်းသည် စူးစမ်းချင်စိတ်ဖြင့် ချောင်းကြည့်လိုက်၏။
ဒီနေ့ တကယ်ပဲ တိုက်ပွဲအစစ်ဖြစ်လာတော့မှာလား။
ဒါပေမဲ့ ကြည့်ရတာ ပုံမှန်ပါပဲ။
ဆရာသခင်ဖြစ်သူ ဒုက္ခရောက်စဉ် လယ်သမားများ၏စောင့်ရှောက်မှုကို ခံခဲ့ရဖူးလေ၏။ ကျန်းမာရေးပြန်ကောင်းလာတော့ လယ်သမား၏သမီးကို တပည့်အဖြစ်တိုက်ရိုက် လက်ခံလိုက်ခြင်းဖြစ်သည်။
စီနီယာအစ်မမှာ ဆရာသခင်နှင့်အတူ ကြီးပြင်းလာပြီး လွန်စွာအလိုလိုက်အချစ်ခံထားရသူဖြစ်ရာ သူ့ဂျူနီယာမောင်နှမများကို မျိုးဆက်သစ် ကလေးများကဲ့သို့ ဆက်ဆံတတ်၏။
သို့သော် သူ၏အင်အားကို အစ်ကိုနီက အလွယ်တကူကျော်တက်သွားခဲ့ပြီ။
ထို့အတူ ယနေ့တော့ သူမ၏မာနကို ထိန်းထားနိုင်သော တစ်ခုတည်းသော အရာကိုပါ ကျန်းချိုလန်ကစိန်ခေါ်လိုက်သလို ဖြစ်သွားရာ သူမဒေါသအကြီးအကျယ်ပေါက်ကွဲနိုင်ခြေ ရှိနေ၏။
"မင်းတို့ကောင်တွေ ထိန်းကြပါဦးကွာ"
ယွီချောင်အန်းနောက်ဆုံးတွင် နိုးလာပြီး သစ်သားတဲထဲမှ ပြေးထွက်လာ၏။
"တခြား စီနီယာအစ်ကို အစ်မတွေက နတ်ဆိုးတစ်ထောင်ဂူထဲမှာ အလုပ်ရှုပ်နေကြတာ... မင်းတို့က လုံ့လစိုက်ကျင့်ကြံရမယ့်အစား ဒီမှာ ပြည်တွင်းစစ် ဖြစ်နေကြတယ်"
"နင် ခုနက ဘာလုပ်နေတာလဲ"
တင်းမာနေသော လေထုပျက်စီးသွားသည်ကို မြင်လိုက်ရသော ထုံရှင်းချွမ်းသည် မကျေနပ်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။
"ငါ အိပ်နေ... အဲ... မဟုတ်ပါဘူး... ငါ ဒဏ်ရာရထားလို့ပါ"
အားလုံး၏အကြည့်ကို ခံလိုက်ရသောအခါ ယွီချောင်အန်း စကားမပြောနိုင်ဖြစ်သွားသည်။
"ကောင်းပြီ... ကောင်းပြီ... ငါ နတ်ဆိုးတစ်ထောင်ဂူကို နောက်တစ်ခေါက် ထပ်သွားလိုက်ပါ့မယ်... ဒါပေမဲ့ မင်းတို့မမေ့နဲ့နော်... ဆရာသခင်က မင်းတို့ကိုအပြင်မထွက်ရ အမိန့်ပေးထားတာ အနားယူဖို့ မဟုတ်ဘူး... နတ်ဆိုးဧကရာဇ်နဲ့သူ့နောက်လိုက်တွေလက်တုံ့ပြန်တာကို ကာကွယ်ဖို့အတွက်... သာမန်ကိစ္စလေးတွေနဲ့ မင်းတို့ ဒဏ်ရာရထားရင် ဆရာသခင် မင်းတို့ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်သာ ကြည့်နေကြပေတော့"
ဝုန်း
စီနီယာအစ်မတံခါးဆောင့်ပိတ်ကာ ဝင်သွားသည်ကိုကြည့်ပြီးနောက် ယွီချောင်အန်း မျက်လုံးလှန်ကြည့်လိုက်ကာ နတ်ဆိုးတစ်ထောင်ဂူဘက်သို့ တိမ်စီး၍ ထွက်ခွာသွားလေတော့သည်။