← Chapters

အစီအစဉ်ကို ပြောင်းပြန်လှန်ခြင်း

Vol. 35 Ch. 344

အစီအစဉ်ကို ပြောင်းပြန်လှန်ခြင်း

Vol. 35 Ch. 344

ရှန်းယီ၏ စကားကိုကြားသောအခါ နတ်ဆိုးဧကရာဇ်နှစ်ပါးလုံး၏ မျက်နှာတွင် ကွဲပြားသော အမူအရာများ ပေါ်လာ၏။ ၎င်းတို့သည် လူသားပုံစံသို့ အသွင်ပြောင်းမထားကြပေ။

တစ်ဦးမှာ ဝက်ဝံနက်ကြီးဖြစ်ပြီးအခြားတစ်ဦးမှာ မီးခိုးငွေရောင်မျောက်ကြီးဖြစ်ကာ နှစ်ဦးသားမှာ ကိုယ်ကိုကိုင်းညွှတ်၍ ရပ်နေကြသည်။

ဝက်ဝံနက်ကြီးမှာ အလိုအလျောက် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။

မျောက်ကြီးမှာမူ မျက်မှောင်ကြုတ်သွားပြီး မျက်လုံးများထဲတွင် မကျေနပ်သည့်အရိပ်အယောင်များ ပေါ်လာသည်။

"ဘာလို့ စကားကိုလှည့်ပတ်ပြောနေတာလဲ။ ငါက မင်းကို ရန်စတာမဟုတ်ဘူး။ ဒီနေ့ မိုးကြိုးခွာ နတ်ဆိုးဧကရာဇ်ရဲ့ အမိန့်အရ လာတာ။ မင်းနဲ့ တောင်ရိုင်းကြားထဲက ရန်ငြိုးတွေကို ငါဂရုမစိုက်ဘူး၊ ငါနဲ့ အမြန်ဆုံး လိုက်ခဲ့ဖို့ပဲ လိုတယ်"

ထိုစကားကို ကြားသောအခါ ရှန်းယီသည် သူ၏ ပလ္လင်ပေါ်မှ ဖြည်းညှင်းစွာ ထရပ်လိုက်၏။

"အဲဒီကောင်ကတော့ သေချာပေါက် လာမှာ မဟုတ်တော့ဘူး"

...

ဤကဲ့သို့ အေးစက်သောလေသံကို ကြားရသောအခါ မျောက်ကြီးမှာ နောက်ဆုံးတွင် ခေါင်းမော့၍ ရှေ့မှရှည်လျားသော ခြင်္သေ့ကြီးကို သေချာကြည့်လိုက်မိသည်။ ခြင်္သေ့ကြီး၏ကိုယ်ပေါ်ရှိ ဒဏ်ရာများကို မြင်လိုက်ရသောအခါ ၎င်း၏ အကြည့်မှာ ပိုမို ဝေခွဲမရ ဖြစ်လာ၏။

အစောပိုင်းက ဤခြင်္သေ့ငတုံးသည် ကျင့်ကြံသူကို ချုံခိုတိုက်ခိုက်ရန်သွားပြီး ပြန်မလာသေးကြောင်း ၎င်း ကြားထားခဲ့သည်။ ထိုခြင်္သေ့ သေဆုံးသွားပြီဟုပင် မှတ်ထင်ထားခဲ့ခြင်းပင်။

သို့သော် ယခုမူ ခြင်္သေ့ကအသက်ရှင်လျက် ပြန်ရောက်နေပြီး တောင်ရိုင်းကိုမူ မတွေ့ရတော့ပေ။

ယခင်က ခြင်္သေ့ပြောသော စကားမှာအမှန်လော။

ခဏမျှစဉ်းစားပြီးနောက် မျောက်ကြီးက ရယ်မောလိုက်၏။

"မင်းက ငါ့ကိုဒီလိုစကားမျိုး ပြောရဲတာ မဆန်းပါဘူး။ တစ်ခါတည်းနဲ့ ကောင်းကင်ပေါ် တက်လှမ်းနိုင်မယ့် ကံကောင်းခြင်းမျိုးကြုံခဲ့ရလို့လား။ ဒါပေမဲ့ မိုးကြိုးခွာနတ်ဆိုးဧကရာဇ်ကရော မင်းမျက်စိထဲ ရှိသေးရဲ့လားဆိုတာ ငါ သိချင်မိတယ်"

ထို့သို့ပြောပြီးနောက် ၎င်းက လက်ကိုအနည်းငယ် မြှောက်လိုက်၏။

"ကြွပါဦး... သွားကြမလား"

"ဟက်..."

ခြင်္သေ့ကြီးက ခေါင်းကို အနည်းငယ် ငုံ့၍အေးစက်စွာရယ်မောလိုက်ပြီး ဂူထဲမှ အေးအေးလူလူ ထွက်လာခဲ့သည်။ ကျန်ရှိသော နတ်ဆိုးနှစ်ကောင်မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်နှာပျက်ပျက်ဖြင့် နောက်မှ လိုက်ပါလာကြ၏။

ဝက်ဝံနက်မှာ ၄၈ခုမြောက် ဂူ၏ နတ်ဆိုးဧကရာဇ် ဖြစ်ပြီး အဆင့်အတန်းမှာအောက်ခြေနားတွင် ရှိသည်။ မူလကပင် ၎င်းသည် ရွှေရောင်မျက်လုံး ခြင်္သေ့ဧကရာဇ်၏ရှေ့တွင် စကား ကောင်းကောင်း မပြောရဲချေ။ ၎င်းသည် တောင်ရိုင်းနှင့် ပိုမို ရင်းနှီးသဖြင့် ယခုအခါ တောင်ရိုင်းသေဆုံးသွားပြီဟု ကြားလိုက်ရသောအခါ စိတ်ထဲတွင် လေးလံမှုကို ခံစားနေရသည်။

သို့သော် တောင်ရိုင်းသည် ရက်စက်လွန်းပြီး ကံလည်း မကောင်းသဖြင့် ဤကဲ့သို့ဖြစ်ရခြင်းမှာ ထိုက်တန်သည်ဟု ၎င်းက တွေးလိုက်၏။

မျောက်ကြီးကမူ မတူပေ။ ၎င်းသည် တောင်ရိုင်းနှင့် ကျင့်ကြံခြင်းအဆင့်တူညီသော နတ်ဆိုးကြီး တစ်ဦး ဖြစ်၏။ ယခုအခါ ရွှေရောင်မျက်လုံး ခြင်္သေ့ဧကရာဇ်၏အစွမ်းကို ခန့်မှန်း၍ မရသဖြင့် ၎င်း၏ဒေါသကို ခေတ္တ ထိန်းထားခြင်း ဖြစ်သည်။

"..."

ရှန်းယီသည် နောက်မှလိုက်လာသော ခြေသံများကို နားထောင်ရင်း စိတ်လှုပ်ရှားမှုကို ခံစားနေရသည်။ နတ်ဆိုးများ၏ရှည်လျားသော သက်တမ်းကို သူ နှစ်သက်မိသည်မှာ အမှန်ပင်။

သို့သော် ဤခရီးမှာ အသက်ရှည်ရန် တစ်ခုတည်းအတွက် မဟုတ်ပေ။ ဟွာရှန်းဆေးလုံး ဖော်ညွှန်းကို ရရှိပြီးကတည်းက နတ်ဆိုးတစ်ထောင်ဂူအတွင်းရှိ ကျင့်ကြံသူများ၏ဂူဗိမာန်များကို သူ ပိုမို စိတ်ဝင်စားလာခဲ့သည်။

နတ်ဆိုးများကို အချိန်မရွေးသတ်ဖြတ်နိုင်သော်လည်း နန်ယန်ဂိုဏ်းနှင့် ပတ်သက်သော အချက်အလက်များကိုမူ ဤလမ်းကြောင်းများမှသာ ရရှိနိုင်လေ၏။

သူ့ကိုယ်သူ စောစီးစွာဖော်ထုတ်လိုက်ခြင်းမှာ မကောင်းပေ။

အဆင့်ဆင့်တက်လှမ်းပြီး နတ်ဆိုးတစ်ထောင်ဂူ၏ အဓိက အဖွဲ့ဝင် ဖြစ်လာပါက ဤနေရာကို သိမ်းပိုက်ပြီးနောက် သူတို့စုဆောင်းထားသော ရတနာများ မည်မျှရှိသည်ကို သိမြင်နိုင်မည် ဖြစ်သည်။

ကျင့်ကြံသူများ၏ပိုင်ဆိုင်မှုများသည် နတ်ဆိုးများ လက်ထဲတွင် အလဟဿ ဖြစ်နေရ၏။ သူ၏ လက်ထဲရောက်မှသာ ထိုအရာများမှာ အကျိုးရှိရှိ အသုံးချနိုင်မည်။

နတ်ဆိုးကြီးသုံးပါးလုံးသည် လမ်းတစ်လျှောက်တွင် လျင်မြန်စွာနှင့် တိတ်ဆိတ်စွာ သွားလာနေကြ၏။

နောက်ဆုံးတွင် တောင်စွန်းတစ်ခုသို့ ရောက်ရှိသွားရာ ၎င်း၏အောက်ဘက်တွင် အိုင်ကြီးတစ်ခုကဲ့သို့ တဖျတ်ဖျတ်တောက်ပနေသော ထူထဲသည့် မိုးကြိုးစွမ်းအင် များ ပြည့်နှက်နေသည့် ချိုင့်ဝှမ်းကြီးတစ်ခု ရှိနေသည်။

နတ်ဆိုးများ ချဉ်းကပ်လာသည်ကို အာရုံခံမိသကဲ့သို့...မိုးကြိုးစွမ်းအင်ကန်ကြီးမှ အက်ကွဲသော အသံကြီး ထွက်ပေါ်လာသည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းလေးရာက ဂူဗိမာန်ပဲ...အကုန်လုံးကို သတ်ပစ်လိုက်"

"..."

ရှန်းယီသည် ပြင်းထန်သော အရှိန်အဝါကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ ရွှေရောင်မိုးကြိုး ကျောက်စိမ်းဖြူမှာလည်း တုံ့ပြန်လာသည်ကို သတိပြုမိသည်။ ဤကဲ့သို့ ထူးခြားသော နေရာမျိုးတွင် ကျင့်ကြံမည်ဆိုပါက တိုးတက်မှုအရှိန်အဟုန်မှာ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် မြန်ဆန်ပေလိမ့်မည်။

အပြင်ဘက်ရှိကျင့်ကြံသူများမှာ အသက်စွန့်၍ အဘယ်ကြောင့် ဤနေရာသို့ ဝင်ရောက်ချင်ကြသည်မှာ မဆန်းတော့ပေ။

"နားလည်ပါပြီ"

မီးခိုးငွေရောင်မျောက်ကြီးက မိုးကြိုးစွမ်းအင်ကန်ဘက်သို့ လှည့်၍ ခေါင်းညိတ်ပြလိုက်၏။

ကျင့်ကြံသူများကို ဂူဗိမာန်အတွင်းသို့ ဝင်ရောက် စူးစမ်းခြင်းမှတားဆီးရန်မှာ နတ်ဆိုးတစ်ထောင်ဂူ၏ အဓိက စည်းမျဉ်းတစ်ခု ဖြစ်ပြီး ထိပ်တန်းဂူ ဆယ်ခုမှ နတ်ဆိုးဧကရာဇ်များပင်လျှင် ဤစည်းမျဉ်းကို မချိုးဖောက်ရဲကြချေ။

နတ်ဆိုးသုံးပါးမှာ လှည့်ထွက်ရန် ပြင်လိုက်ကြ၏။

ထိုစဉ် ကန်အတွင်းမှ မိုးကြိုးလှိုင်းများ ထကြွလာပြီး ထူးဆန်းသောဦးခေါင်းကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ သိုးနှင့် တူသော်လည်း ထိပ်တွင် ဦးချိုတစ်ခုသာ ရှိပြီး မျက်နှာတွင် အစိမ်းရောင် မျက်လုံးလေးလုံး ပါရှိသည်။

၎င်းသည် ထွက်ခွာသွားသော နတ်ဆိုးများ၏ နောက်ကျောကိုကြည့်၍ တည်ငြိမ်စွာ မေးလိုက်သည်။

"တောင်ရိုင်း ဘယ်မှာလဲ"

ထိုစကားကို ကြားသောအခါ ဝက်ဝံနက်ကြီးမှာ ခြေလှမ်းများတန့်သွားပြီး မျောက်ကြီး၏ မျက်နှာတွင် ထူးဆန်းသောအပြုံးတစ်ခု ပေါ်လာကာ ၎င်း၏အကြည့်မှာ ခံ့ညားသော ခြင်္သေ့ကြီးထံသို့ ရောက်ရှိသွားသည်။

ရှန်းယီသည် သူ့နောက်မှကျောချမ်းဖွယ် အကြည့်များကို ခံစားလိုက်ရသည်။ ခဏမျှ သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားရ၏။

ဤကဲ့သို့ ပြင်းထန်သော ဖိအားမျိုးကို ယိုဝေနတ်ဆိုးဧကရာဇ်ထံမှသာ သူ ခံစားခဲ့ဖူးခြင်း ဖြစ်သည်။

"ခုနကတော့ မင်းက အရမ်းဟိတ်ဟန်ထုတ်နေတာ မဟုတ်လား"

မျောက်ကြီးက ခေါင်းငုံ့ကာ နှာခေါင်းကို လက်မဖြင့် ပွတ်ရင်းခပ်တိုးတိုးပြောလိုက်၏။

ထိုစဉ် ခြင်္သေ့ကြီးမှာ ဖြည်းညှင်းစွာလှည့်လာပြီး ကန်မျက်နှာပြင်ပေါ်ရှိ ထူးဆန်းသော ဦးခေါင်းကြီးကို တည်ငြိမ်စွာစိုက်ကြည့်ကာ အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။

"ငါ သတ်လိုက်တာ"

မည်သည့်အကြောင်းပြချက်မှ မပေးဘဲ သူ တိုက်ရိုက် ဝန်ခံလိုက်ခြင်းပင်။

ထိုအရာကိုကြားလိုက်ရသောအခါ ဝက်ဝံနက်ကြီးပင်လျှင် တုန်လှုပ်သွားပြီး ထိုခြင်္သေ့ကြီးနှင့် အဝေးဆုံးသို့ အလိုအလျောက် ဆုတ်လိုက်မိသည်။သူပါ အဆွဲခံရမည်ကို စိုးရိမ်နေပုံရပေ၏။

မျောက်ကြီး၏ လက်မှာလည်း လေထဲတွင် တန့သွားသည်။

"..."

ဤခြင်္သေ့မှာ ယခင်က အတုံးအအခြင်္သေ့ကြီးနှင့် တစ်ဦးတည်းဖြစ်သည်ဟု တွေးရန်ပင် ခက်ခဲလှသည်။

မိုးကြိုးခွာနတ်ဆိုးဧကရာဇ်၏ အစိမ်းရောင် မျက်လုံးလေးလုံးမှာ ရွှေရောင်မျက်လုံး ခြင်္သေ့ဧကရာဇ်ကို စူးစိုက်ကြည့်နေ၏။ တစ်ဖက်လူ၏ မျက်နှာတွင် မည်သည့်အပြောင်းအလဲမှ မရှိသည်ကို တွေ့ရသောအခါ အတော်ကြာမှ မိုးကြိုးရည်ကန်ထဲသို့ ပြန်လည် ငုပ်လျှိုးသွားပြီး လက်ထန်သောစကားတစ်ခွန်းကို ချန်ထားခဲ့သည်။

"ဒီကိစ္စကို မဖျက်ဆီးစေနဲ့"

"..."

ရှန်းယီ အကြည့်ကို လွှဲလိုက်ပြီး ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွား၏။

နတ်ဆိုးများကို ကိုင်တွယ်သည့် နည်းလမ်းတွင် သူ အတော်လေးကျွမ်းကျင်လာပြီ ဖြစ်ကြောင်း သူ သတိထားမိလိုက်သည်။

အဆင့်မြင့်ရန်အတွက် ခြင်္သေ့ဧကရာဇ်၏ မူလစရိုက်အတိုင်း လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။

ထိုဝက်နတ်ဆိုး ရှိနေခြင်းမှာလည်း အခွင့်ကောင်းပင်။

မိမိ၏ဇနီးမယားများကို ဂူထဲတွင် အနိုင်ကျင့်ခံရသည်ကို မြင်လိုက်ရပြီးနောက် စရိုက်အနည်းငယ် ပြောင်းလဲသွားခြင်းမှာ သဘာဝကျလှသည်။

"ထားလိုက်ပါတော့ကွာ" မီးခိုးငွေရောင် မျောက်ကြီးက နောက်မှလိုက်လာရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။

နတ်ဆိုးများအတွက် ဂူဗိမာန်တစ်ခုကို စောင့်ကြပ်ရခြင်းမှာ ငြီးငွေ့စရာကောင်းလှသည်။ သူတို့သည် ဂူအတွင်းရှိ စည်းတံဆိပ်များကို ဖျက်ဆီးရန် ခက်ခဲလှပြီး၊ ဖျက်ဆီးနိုင်ခဲ့လျှင်ပင် မိုးမြေရတနာများမှလွဲ၍ ကျန်ရှိသောမှော်လက်နက်များ သို့မဟုတ် ကျင့်စဉ်များကို စိတ်မဝင်စားကြပေ။

တစ်ခုတည်းသော အကျိုးကျေးဇူးမှာ မိမိဘာသာ လာရောက်အဖမ်းခံသော လူသားကျင့်ကြံသူများကို စားသောက်ခွင့် ရရှိခြင်းပင် ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ကံကောင်းခြင်းမျိုးမှာ ခဏခဏ မကြုံရပေ။

အကြောင်းမှာ ဂူဗိမာန်ပွင့်မည်ကို သိလျှင်ပင် မည်သူမျှ အလွယ်တကူလာမကြည့်ရဲကြသောကြောင့် ဖြစ်သည်။ လာရောက်သူ ရှိခဲ့လျှင်လည်း စစ်မှန်သောကျင့်ကြံသူ အားကြီးသူများနှင့် ထိပ်တိုက်တွေ့တတ်သည်။

ဤသို့ တွေးမိရင်း မျောက်ကြီးက ရှေ့မှ ပုံရိပ်ကို လှမ်းကြည့်လိုက်၏။ ၎င်းသည် ခြင်္သေ့ကြီးကို အကြောင်းမဲ့ ရန်စနေခြင်း မဟုတ်သော်လည်း ယနေ့ ခြင်္သေ့ကြီး၏အမူအရာက ၎င်းကို ခြိမ်းခြောက်မှု ဖြစ်စေသည်။

နတ်ဆိုးတစ်ထောင်ဂူရှိ ဂူနံပါတ်စဉ်များမှာ အစီအစဉ်မကျဘဲထားရှိခြင်း မဟုတ်ပေ။ ရှေ့ပိုင်း ရောက်လေလေဝိညာဉ်စွမ်းအား ပိုမို ကြွယ်ဝလေဖြစ်ပြီး ပိုင်နက်လည်း ပိုမို ကျယ်ဝန်းလေ ဖြစ်သည်။

တစ်ဖက်လူက တောင်ရိုင်းကို သတ်နိုင်သည့် နည်းလမ်းတစ်ခုခု ရှိနေပါက ၎င်းကိုလည်း အလွယ်တကူ သတ်နိုင်သည်ဟု ဆိုလိုခြင်းပင်။

ဤခြင်္သေ့၏အစွမ်းကို စမ်းသပ်ရန်အတွက် ဤသည်မှာ အကောင်းဆုံးအခွင့်အရေးပင်။

ဤသို့ တွေးလိုက်ပြီး မျောက်ကြီးမှာ အသက်ပြင်းပြင်းရှူကာအဝေးရှိလှိုင်းများကဲ့သို့ တုန်ခါနေသော အလင်းတန်းကို ကြည့်လိုက်သည်။

၎င်းမှာ အနည်းငယ် စိုးရိမ်စရာပင်။

သူတို့၏ခန့်မှန်းချက်အရ နှစ်ပေါင်းလေးရာတွင် တစ်ကြိမ်သာပွင့်သော ဤဂူဗိမာန်မှာ နန်ယန်ဂိုဏ်းမှ ခေါင်းဆောင်တစ်ဦး၏ ဂူဗိမာန် ဖြစ်သင့်သည်။

ဤကဲ့သို့သော ဂူဗိမာန်မျိုးသည် အားနည်းသော ကျင့်ကြံသူများကို ဆွဲဆောင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် နတ်ဆိုးဧကရာဇ် အများအပြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ခြင်း ဖြစ်သည်။

"..."

ရှန်းယီသည်လည်း ထိုအလင်းတန်းကို စိုက်ကြည့်နေမိသည်။ နတ်ဆိုးဧကရာဇ် အဆင့်အတန်းဖြင့် သူသည် ဤကဲ့သို့သောနေရာများကို လွတ်လပ်စွာ စူးစမ်းနိုင်ပေသည်။

အားချင်း သူ၏ဘေးတွင် မရှိသော်လည်း ချင်းချိုဘိုးဘေး၏ အကူအညီဖြင့် သူ တစ်နည်းနည်းဖြင့် ကိုင်တွယ်နိုင်လိမ့်မည်။

ထိုခဏ၌ ဝက်ဝံနက်ကြီး၏ နားများ ရုတ်တရက် လှုပ်ခတ်သွားသည်။

"သူတို့ တကယ်ကို အချိန်ကိုက်ရောက်လာကြတာပဲ"

၎င်းသည် အောက်ဘက်သို့ စိုက်ကြည့်လိုက်၏။

ကျင့်ကြံသူလေးငါးဦးခန့်သည် သူတို့၏စွမ်းရည်များကို အသုံးပြုကာ စိုးရိမ်တကြီးဖြင့်အလင်းတန်းဆီသို့ ချဉ်းကပ်လာကြသည်ကို တွေ့လိုက်ရလေတော့သည်။

All Chapters