← Chapters

မင်း ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့

Vol. 35 Ch. 345

မင်း ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့

Vol. 35 Ch. 345

"ဟားဟား... ဒီတစ်ခေါက်တော့ အတော်လေးပိုလွယ်မယ့်ပုံပဲ"

အောက်ဘက်မှအားနည်းသော အသက်ရှူသံများကို အာရုံခံမိပြီးနောက် ဝက်ဝံနက်ကြီးသည် သက်ပြင်းချလိုက်ပြီး သူ၏ဝမ်းဗိုက်ကို ပုတ်ကာ ပြောလိုက်၏။

"ငါတို့တွေများ ပျင်းလွန်းအားကြီးနေကြလို့လားမသိဘူး၊ ဟွမ်ယွမ်အဆင့် က ကျင့်ကြံသူတွေတောင် ဒီလောက်အနက်ကြီးထဲအထိ လာရဲနေကြတယ်"

ထိုသို့ပြောပြီး ၎င်းသည် လှုပ်ရှားရန်ပြင်လိုက်စဉ် မီးခိုးငွေရောင် မျောက်ဧကရာဇ်က ၎င်းကို ရုတ်တရက် ဆွဲတားလိုက်သည်။

"ဘာလုပ်တာလဲ" ဝက်ဝံနက်က ဇဝေဇဝါဖြင့် လှည့်ကြည့်၏။

"ငါ..."

...

မျောက်ဧကရာဇ်သည် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေဆဲဖြစ်သော ခြင်္သေ့ကြီးကိုတစ်ချက်ကြည့်လိုက်ပြီးဝက်ဝံနက်ကို ဒေါသတကြီး စိုက်ကြည့်ကာ ဆဲဆိုလိုက်သည်။

"မင်းရဲ့ခွေးဦးနှောက်ကို နည်းနည်းလောက် သုံးစမ်းပါ။ ပြီးခဲ့တဲ့တစ်ခေါက်က ရွှမ်ကွမ်းဂူက ကျင့်ကြံသူတွေရောက်လာတာကို ကြည့်ဦး၊ ဒီတစ်ခေါက် သူတို့က ငါတို့ကိုအလွတ်ပေးလိမ့်မယ် ထင်လို့လား"

"ဒီလို လွတ်လပ်ကျင့်ကြံသူတစ်စုက ခေါင်းဆောင်ရဲ့ ဂူဗိမာန်အကြောင်း ဘယ်လိုလုပ်ပြီး သတင်းရနိုင်မှာလဲ"

ထိုစကားကိုကြားမှ ဝက်ဝံနက်က နားလည်သလိုလိုနှင့် ခေါင်းညိတ်သည်။ "ဒါဆို ငါတို့ဒီနေရာကို မစောင့်တော့ဘူးလား"

မျောက်ဧကရာဇ်က မထီမဲ့မြင်ပြန်ကြည့်လိုက်သည်။

ဒီခြင်္သေ့ကြီးကို ဦးဆောင်ခိုင်းဖို့ သူကပဲတိုက်ရိုက် ပြောရတော့မှာလား။

အတော်ကြာမှမျောက်ဧကရာဇ်က နောက်ဆုံးတွင် ပြောလိုက်၏။ "ဝင်ကြမယ်"

မည်သို့ပင်ဖြစ်စေ၊ အကယ်၍ သူတို့သာဤကိစ္စကို ပျက်စီးအောင်လုပ်မိပါက မိုးကြိုးခွာနတ်ဆိုးဧကရာဇ် က သူတို့ကို အလွတ်ပေးမည်မဟုတ်ပေ။

ရှန်းယီသည် တိတ်ဆိတ်စွာရပ်နေဆဲ ဖြစ်သည်။

ချင်းဟွာ လျင်မြန်စွာပြန်ရောက်လာမှသာ သူသည် အတားအစီးဆီသို့ စတင် လှောက်လှမ်းသွားတော့သည်။

နတ်ဆိုးကြီး သုံးပါးလုံးသည် တစ်ဦးပြီးတစ်ဦး အလင်းတန်းအတွင်းသို့ ဝင်ရောက်သွားကြ၏။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလောက်သော အချိန်ခန့်တွင် ကောင်းကင်ယံ၌ ပုံရိပ်နှစ်ခု ပေါ်လာသည်။

ဦးဆောင်လာသူမှာ သန့်ရှင်းသောဝတ်ရုံနက်ကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်ပြီး သူ၏နောက်တွင်တော့ အဖြူအမည်း ရောယှက်ထားသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးလိုက်ပါလာသည်။

"ဆရာ... ကျွန်မတို့ အခုဝင်ကြမှာလား"

အမျိုးသမီးသည် သူမ၏လက်ဝါးကို ဖြန့်ပြလိုက်ရာ ထိုနေရာတွင် ရွံရှာဖွယ်ကောင်းသော ထူးဆန်းသည့် အစေ့တစ်ခုရှိနေ၏။ ထိုအစေ့မှာ တစ်ခုခုကို ဆွဲငင်နေသကဲ့သို့ တဖျတ်ဖျတ်လှုပ်ခတ်နေသည်။

"အချိန်နီးပြီ"

ဝတ်ရုံနက်နှင့် အမျိုးသားက အောက်ဘက်ရှိ အလင်းတန်းကို ငုံ့ကြည့်လိုက်၏။

ယနေ့ သူ၏အဓိက ရည်မှန်းချက်မှာ ဂူဗိမာန်ကို စူးစမ်းရန်သာ မဟုတ်ဘဲ နတ်ဆိုးဧကရာဇ် အနည်းဆုံးတစ်ပါးကို အရှင်ဖမ်းဆီးရန် ဖြစ်သည်။

မကြာသေးမီ ရက်များအတွင်း ရွှမ်ကွမ်းဂူသည် ဆက်တိုက်ဆိုသလို ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

တပည့်အချို့မှာ လျှို့ဝှက်စွာ ပျောက်ဆုံးသွားခဲ့၏။

၎င်းတို့ထဲတွင် အတူတူလာရောက်ခဲ့ကြသည့် ကျန်းမင်ရွှမ် နှင့် လျိုကျင်းယွမ်ကဲ့သို့သော အဓိကတပည့်များလည်း ပါဝင်သည်။

မည့်အရာများဖြစ်ပျက်ခဲ့သည်ကို သူ သေချာပေါက် သိအောင် လုပ်ရမည်။

"သူတို့ကို လူစုခွဲပြီး ထွက်ပြေးခိုင်းလိုက်"

"တပည့် နားလည်ပါပြီ"

အမျိုးသမီးသည် အင်အားအနည်းငယ်သုံး၍ လက်ဝါးထဲရှိ အစေ့ကို ညှစ်လိုက်၏။ သွေးရည်ကဲ့သို့သော နက်မှောင်သည့်အရည်များ သူမ၏ လက်ချောင်းများကြားမှ ချက်ချင်း လျှံထွက်လာသည်။

သူမသည် ထိုသို့လုပ်ရင်း ဆရာဖြစ်သူကို ဘေးတိုက် လှမ်းကြည့်လိုက်မိ၏။

သူမ၏ မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသည်။

နတ်ဆိုးဧကရာဇ်ကို အရှင်ဖမ်းရန်ဆိုသည်မှာ အခြားသူများအတွက် စိတ်ကူးပင် မယဉ်ရဲသော ကိစ္စဖြစ်သည်။

သာမန်လူသားများ၏အကျိုးအတွက် ကောင်းမှုပြုခြင်းသည် တကယ့် ကုသိုလ်ထူးပင်။

သူမ၏ ဆရာသည် အစစ်အမှန်ပုဂ္ဂိုလ်ချင်ဖုန်း နှင့် အဆင့်တူသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါလား။

...

ဂူဗိမာန်အတွင်း၌...

ကျင့်ကြံသူအချို့သည် အပြင်သို့ အပြင်းအထန် ပြေးထွက်လာကြစဉ် ရုတ်တရက် သူတို့၏အမြင်အာရုံမှာ မြူမည်းများဖြင့် ဖုံးလွှမ်းသွား၏။

ဟွမ်ယွမ်အဆင့်ကျင့်ကြံသူများ ဖြစ်သော်လည်း သူတို့သည် ယိုင်နဲ့ကာ မြေကြီးပေါ်သို့ လဲကျသွားကြသည်။ ခန္ဓာကိုယ်များမှာ ကွေးညွတ်သွားပြီး ပြုတ်ထားသော ပုစွန်များကဲ့သို့ တုန်ခါနေကြ၏။

"တရားမျှတမှုလား... တရားမျှတမှုတဲ့လား... ငါဟာ ရွှမ်ကွမ်းဂူရဲ့အလိမ်အညာတွေကို ယုံမိလောက်အောင် ဘာလို့ဒီလောက်အရတာလဲ"

တစ်ဦးကနာကျင်စွာ အော်ဟစ်လိုက်သော်လည်း အားယူကာ ပြန်ထလိုက်ပြီး အခြားသူများနှင့် ခွဲခွာကာ တစ်ယောက်တည်း ရှေ့သို့ထော့နဲ့ထော့နဲ့ လျှောက်သွားရ၏။

"မိတ်ဆွေတို့... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ"

အခြားသူများသည်လည်း ပြင်းထန်သော နာကျင်မှုကို အောင့်ခံကာပြန်ထလိုက်ကြပြီး တစ်စက္ကန့်မျှပင် မနောက်ကျရဲကြချေ။

သူတို့သည် ရွှမ်ကွမ်းဂူမှ ကျန်းရွှမ်ယန်အမည်ရှိ ကျင့်ကြံသူကြီးသည် တံခါးကျင့်ကြံရာမှ ပြန်လည်ထွက်လာပြီး ကျင့်ကြံခြင်းဆိုင်ရာအသိအမြင်များကိုမျှဝေပေးမည်ဟု ဆိုကာ ဖိတ်ကြားခြင်း ခံခဲ့ရသူများ ဖြစ်သည်။

သို့သော် တစ်ခွန်းမျှမကြားရမီမှာပင် သူတို့ကိုစိတ်အေးချမ်းစေသော ဆေးလုံးတစ်လုံး တိုက်ကျွေးပြီး နတ်ဆိုးတစ်ထောင်ဂူထဲသို့ စေလွှတ်ခြင်း ခံလိုက်ရသည်။

မသေမျိုးဂိုဏ်းဝတ်ရုံကို ဝတ်ထားသော ကျင့်ကြံသူတစ်ဦးက ဤကဲ့သို့လုပ်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

သို့သော် ယခုအချိန်တွင် ဆဲဆိုနေ၍လည်း အပိုပင်။

သူတို့သည် နတ်ဆိုးများလက်မှ လွတ်အောင် ပြေးနိုင်ရန်နှင့် ခန္ဓာကိုယ်ထဲရှိ ကန့်သတ်ချက်ကို ဖယ်ရှားနိုင်မည့် နည်းလမ်းကိုသာ မျှော်လင့်နိုင်တော့သည်။

အားလုံးအတွက် တစ်ခုတည်းသော စိတ်သက်သာရာမှာ ယခုအချိန်ထိ နတ်ဆိုးများ၏ အငွေ့အသက်ကို မခံစားရသေးခြင်းပင်။

နတ်ဆိုးတွေ ဒီနေရာကို မေ့သွားတာ ဖြစ်နိုင်မလား။

"မင်း အခုလှုပ်ရှားမှာလား၊ မလှုပ်ရှားဘူးလား"

ထိုအချိန်တွင် သူ၏ဘေး၌ အေးအေးဆေးဆေး လျှောက်လာနေသော ခြင်္သေ့ကြီးကို ကြည့်ရင်း မျောက်ဧကရာဇ်သည် စိတ်မရှည်တော့ပေ။

"မမေ့နဲ့ဦး၊ မင်း တောင်ရိုင်းကို သတ်ခဲ့တာနော်။ ဒီကိစ္စကို သေချာမကိုင်တွယ်နိုင်ရင် မိုးကြိုးခွာ နတ်ဆိုးဧကရာဇ်က မင်းခေါင်းကို သေချာပေါက် ဖြတ်လိမ့်မယ်"

"..."

ရှန်းယီသည် ၎င်းကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေရန်ပင် ပျင်းနေပုံရသည်။

"မင်းတို့နှစ်ယောက်လုံးက ဒါက တကယ်လိုအပ်တယ်လို့ ထင်နေတာလား"

ဝက်ဝံနက်က နှုတ်ခမ်းကို လျှာဖြင့် သပ်ရင်းစိတ်မရှည်ဖြစ်လာ၏။

"ချုံခိုတိုက်ခိုက်တာ ဘာမှမရှိဘူးဆိုတော့ ရွှမ်ကွမ်းဂူက လုံးဝမလာရဲတာလည်း ဖြစ်နိုင်တာပဲ။ ငါတော့ ဒီမှာ အချိန်မဖြုန်းချင်ဘူး"

"ကျွတ်"

မျောက်ဧကရာဇ်သည် ဝက်ဝံနက်ဘက်သို့ ချက်ချင်းလှည့်ကာအံကြိတ်ပြလိုက်ပြီး ရက်စက်ကြမ်းကြုတ်သော အမူအရာပြုလုပ်လိုက်၏။

၎င်းသည် မူလက ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ် ထွက်သွားသည်နှင့် ဝက်ဝံနက်နှင့်အတူ ပူးပေါင်း လှုပ်ရှားရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

ချုံခိုတိုက်ခိုက်မှု ရှိခဲ့လျှင်ပင် ၎င်းတို့နှစ်ဦးကို အရင် ပစ်မှတ်ထားလိမ့်မည် မဟုတ်ဟု တွက်ဆထားသည်။

မျှော်လင့်မထားသည်မှာ ဤခြင်္သေ့ကြီးသည် မာနကြီးသယောင်နှင့် သူတို့ဘေးတွင် ကပ်စေးစေးကဲ့သို့ ကပ်လိုက်နေခြင်းပင်။

"မင်း ပြောသလိုပါပဲ၊ငါက အလကားရှောက်ပြောလိုက်တာ"။

ဝက်ဝံနက်သည် လန့်သွားပြီး အကြည့်ကို အလျင်အမြန် လွှဲလိုက်၏။

ထိုခဏ၌ ၎င်း၏ကြီးမားသော ပုံရိပ်ကြီးမှာ တောင့်တင်းသွားပြီး ရှေ့ခြေနှစ်ဖက်ကို မြေကြီးပေါ်သို့ဖြည်းညှင်းစွာ ချလိုက်သည်။

"ငါတို့ကိုမစိန်ခေါ်ရဲဘူး ဟုတ်လား ဘာဖြစ်လို့လဲ... မင်းတို့လေးငါးယောက် ရှိနေလို့လား"

အဝေးတွင်ဝတ်ရုံနက်ကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုမှာ အေးအေးလူလူလျှောက်လာနေသည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဧကရာဇ် သုံးပါးနှင့် ရင်ဆိုင်နေရသော်လည်း သူသည် လုံးဝ တုန်လှုပ်ခြင်း မရှိပေ။

ကျန်းရွှမ်ယန်၏ နောက်တွင်တော့ အမျိုးသမီး ကျင့်ကြံသူမှာ သူမ၏ဆရာကို မကူညီနိုင်ခဲ့သည့်အတွက် နောင်တရနေသည့် အမူအရာနှင့် ရှိနေ၏။

တည်ငြိမ်နေပုံရသော်လည်း အထင်သေးမှုများ ပါဝင်နေသော ထိုစကားများကို ရင်ဆိုင်ရင်း...

မျောက်ဧကရာဇ်သည် ဒေါသထွက်မည့်အစား ဝက်ဝံနက်၏နောက်ကွယ်သို့ ထပ်မံ ဆုတ်ခွာလိုက်ပြီး ထိပ်နှစ်ဖက်စလုံးတွင် လှံထိပ်ပါသော ထူးဆန်းသည့် လက်နက်တစ်ခုကို လက်ထဲ၌ အသင့်ပြင်လိုက်သည်။

၎င်းသည် အတင်းအကျပ် ရယ်မောလိုက်ပြီး ပြောလိုက်၏။

"ဝတ်ရုံနက်နဲ့ ကျင့်ကြံသူတွေက ဘယ်တုန်းကစပြီး ဒီနေရာကို ရဲရဲတင်းတင်းလာရဲသွားတာလဲ။ ဒီမှာ အရှုံးနဲ့ကြုံပြီး ဝူထုံတောင်ရဲ့ဖိနှိပ်မှုကို တစ်သက်လုံး ခံရမှာမကြောက်ဘူးလား။ ငါသိသလောက်တော့ မင်းတို့ဆီမှာ ဒီလိုဝတ်ရုံဝတ်တဲ့ ကျင့်ကြံသူလေးယောက်ပဲ ရှိတာ မဟုတ်လား"

"ရွှမ်ယန်က နတ်ဘုရားစိတ်ဝိညာဉ် နောက်ဆုံးအဆင့်ကို မရောက်သေးပါဘူး၊ မင်းတို့ ထင်သလောက်အရေးမကြီးပါဘူး"

ကျန်းရွှမ်ယန်က အေးဆေးစွာ ပြန်ပြောရင်း အင်္ကျီလက်ကို ခါလိုက်၏။

"ဒါပေမဲ့ မင်းတို့လိုအမှိုက်တွေကို ရှင်းဖို့အတွက်တော့ ငါ့စွမ်းအားက ပိုလျှံနေပါသေးတယ်"

သူတို့ကို လူစုခွဲနိုင်လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။

မရခဲ့လျှင်လည်း သိပ်ပြီး ထူးခြားမည် မဟုတ်ပေ။

နတ်ဆိုးဧကရာဇ် သုံးပါးအနက် အသန်မာဆုံးမှာ ၃၄ ခုမြောက် ဂူ၏ခေါင်းဆောင် မျောက်ဧကရာဇ်သာ ဖြစ်ပြီး ကျန်နှစ်ဦးမှာ ထည့်ပြောစရာပင် မလိုချေ။

"ငါ့ဆရာကိုတွေ့ပြီဆိုမှတော့ နင်တို့ လက်နက်တွေကို ချသင့်ပြီ မဟုတ်လား။ အဲဒါမှ နင်တို့အသက်ချမ်းသာရာ ရနိုင်လိမ့်မယ်"

ရွှမ်ကွမ်းဂူမှ အမျိုးသမီး ကျင့်ကြံသူက အေးစက်စွာ ပြောလိုက်၏။

ထိုစကားကိုကြားသောအခါ ဝက်ဝံနက်က မျောက်ဧကရာဇ်ဘက်သို့ မေးမြန်းသည့် အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။

"..."

မျောက်ဧကရာဇ်သည် ထိုဝက်ဝံနက်၏ဦးနှောက်ကို လှံနှင့် ထိုးပစ်ချင်စိတ်ကို မနည်း ထိန်းထားရသည်။

သို့သော် ဤအရေးကြီးသော အချိန်တွင် ၎င်းက ဒေါသကို မျိုသိပ်ပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။

"အရင်တုန်းကဆိုရင်တော့ ငါ မင်းကိုနည်းနည်း ကြောက်မိမှာပဲ။ ဒါပေမဲ့ အခု ခြင်္သေ့ညီနောင်ရဲ့ ကျင့်ကြံခြင်းက အများကြီး တိုးလာနေပြီ၊ ငါတို့ တကယ်တိုက်ကြမယ်ဆိုရင် မင်းတို့လည်း အကျိုးအမြတ်ရှိမှာ မဟုတ်ဘူး"

ထိုစကားကို ကြားသောအခါ ကျန်းရွှမ်ယန်၏ အကြည့်မှာ ရှည်လျားသောခြင်္သေ့ကြီးထံသို့ ချက်ချင်း ကျရောက်သွား၏။

ခြင်္သေ့ကြီးမှာ မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ တည်ငြိမ်နေပြီး ကျန်နတ်ဆိုးနှစ်ကောင်ထက် ပို၍ ရင့်ကျက်ပုံ ပေါက်နေသည်။

မျောက်ဧကရာဇ်သည် စကားတစ်ခွန်းဖြင့် ရန်သူ၏ အာရုံကို ခြင်္သေ့ကြီးဆီသို့ လွှဲပြောင်းပေးနိုင်ခဲ့သဖြင့်စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ဆုတ်ခွာရန် ခြေလှမ်းပြင်လိုက်သည်။

သို့သော် ၎င်း လုံးဝ မျှော်လင့်မထားသည့်အရာမှာ...

မျက်စိတစ်မှိတ်အတွင်းမှာပင်...

လျှပ်စီးကဲ့သို့ မြန်ဆန်သော ချွန်ထက်သည့် လက်သည်းတစ်ခုသည် ၎င်း၏ဦးခေါင်းနောက်စေ့ကို ပြင်းထန်စွာရိုက်ခတ်လိုက်ခြင်း ဖြစ်သည်။

ဂျွတ်ဆိုသော အသံကြီး ထွက်ပေါ်လာ၏။

မျောက်ဧကရာဇ်၏ဦးခေါင်းခွံ ကွဲအက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးပေါ်သို့ ကျဆင်းသွားသည်။

သို့သော် နတ်ဆိုးဧကရာဇ်တစ်ပါးအနေဖြင့် ၎င်း၏ အသက်စွမ်းအားမှာ ကျင့်ကြံသူများထက် အများကြီး ပိုမို သန်မာသည်။

၎င်းသည် အလိုအလျောက်ကိုယ်ကိုလှည့်ကာ လှံဖြင့်အပေါ်သို့ ထိုးတင်လိုက်၏။

နတ်ဆိုးစွမ်းအားများ ပေါင်းစပ်ထားသော ထိုလှံသည် တောင်နှင့် မြစ်များကို ဖြတ်တောက်နိုင်လောက်သော အရှိန်နှင့် ထွက်ပေါ်လာသော်လည်း ကြီးမားသောလက်ဝါးကြီးတစ်ခုက လှံတံကို အမိအရ ဖမ်းဆုပ်ထားလိုက်သည်။

ဝုန်း

ရှန်းယီသည် လှံကို လက်တစ်ဖက်ဖြင့် ကိုင်ထားရင်း ၎င်း၏ရင်ဘတ်ကို ခြေထောက်ဖြင့် ပြင်းထန်စွာ နင်းချလိုက်၏။

ထို့ကြောင့် မျောက်အိုကြီး၏ ခန္ဓာကိုယ်မှာ ကွေးညွတ်သွားပြီး ပုပ်သိုးနံ့နံသော သွေးရည်များကို အန်ထုတ်လိုက်ရသည်။

၎င်းသည် ထိတ်လန့်တကြားမျက်လုံးပြူးကာ တောက်ပသော ရွှေရောင်မျက်လုံးတစ်စုံကို စိုက်ကြည့်မိသည်။ ရွှေရောင်မျက်လုံး ခြင်္သေ့ဧကရာဇ်၏အကြည့်အောက်တွင် ၎င်း၏ ခန္ဓာကိုယ်မှာ ရေခဲဂူထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး စူးရှစွာ အော်ဟစ်လိုက်၏။

"မင်း... မင်း ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့ ဟုတ်လား"

မျောက်ဧကရာဇ်၏ အော်ဟစ်သံအတွက် ပြန်ရလိုက်သော အဖြေမှာ ခြင်္သေ့ကြီး၏ရက်စက်သော အကြည့်သာ ဖြစ်သည်။

၎င်းသည် ကိုယ်ကိုကိုင်းညွှတ်လိုက်ပြီး မျောက်ဧကရာဇ်၏ဦးခေါင်းကို လှမ်းကိုင်ကာလက်ချောင်းများဖြင့် ထိုးစိုက်လိုက်သည်။

မဟာနတ်ဆိုးကိုးပါးအသွင်ပြောင်းလဲခြင်းနည်းစနစ်ကို ပြီးပြည့်စုံအောင် လေ့ကျင့်ထားပြီးနောက် ရှန်းယီ၏ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ ချင်းလင်နတ်ဆိုးဧကရာဇ်ထက် နှစ်ဆကျော် ပိုမို သန်မာနေပြီ ဖြစ်သည်။

နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ကို ချိုးဖျက်ဝင်ရောက်ပြီးနောက်တွင်တော့ အင်မော်တယ်နတ်ဆိုးကိုးပါး၏ ခွန်အားမှာ ပိုမို မြင့်တက်လာခဲ့၏။

အနည်းဆုံးတော့ နတ်ဘုရားစိတ်ဝိညာဉ် အလယ်အလတ်အဆင့်တွင် မည်သည့် နတ်ဆိုးမျှ သူ၏ခွန်အားကို ယှဉ်နိုင်မည် မဟုတ်ပေ။

"အား..."

ဦးခေါင်းကို အကိုင်ခံထားရသော မျောက်ဧကရာဇ်မှာ နာကျင်စွာအော်ဟစ်နေရသည်။

၎င်း၏ကျောပေါ်ရှိ မီးခိုးငွေရောင် အမွေးအမျှင်များမှာ လျင်မြန်စွာရှည်ထွက်လာပြီး ခန္ဓာကိုယ်မှာလည်း ခြင်္သေ့ကြီးကဲ့သို့ ကြီးမားလာသည်။

၎င်း၏ရှည်လျားသော လက်မောင်းနှစ်ဖက်ဖြင့် ခြင်္သေ့ကြီး၏ဝမ်းဗိုက်ကို အဆက်မပြတ် ထိုးနှက်လိုက်ရာ ကြွက်သားများကို ဆွဲဖြဲပြီးခန္ဓာကိုယ်အတွင်းသို့ ထိုးဝင်သွား၏။

သို့သော် ၎င်းသည် ဝမ်းသာခြင်း မရှိဘဲ စိတ်ထဲတွင် ပို၍သာ ထိတ်လန့်လာသည်။

ဘာဖြစ်လို့လဲ... ဒီခံစားချက်က ဘာလို့ ဒီလောက်တောင် အတုအယောင်ဖြစ်နေရတာလဲ။

တစ်စုံတစ်ဦး၏လှည့်စားမှုကို ခံနေရသလိုပင်။ ဒဏ်ရာများမှ ထွက်လာသော သွေးများမှာပင် နွေးထွေးမှုမရှိဘဲ တစ်ဖက်လူက တမင်တကာ ဟန်ဆောင်ပြနေသကဲ့သို့ ခံစားနေရသည်။

"သူက ရွှေ..."

စကားမဆုံးမီမှာပင် ပေ ၈၀ မြင့်သော ခံ့ညားသည့် ခြင်္သေ့နတ်ဆိုးကြီးက ၎င်း၏ဦးခေါင်းကို ရက်စက်စွာ ချေမှုန်းပစ်လိုက်၏။

ဝက်ဝံနက်ကြီးမှာ ဤမြင်ကွင်းကို ကြည့်ရင်း တုန်လှုပ်နေမိသည်။

၎င်း၏ ဦးနှောက်မှာ ရှုပ်ထွေးနေသည်။

၎င်း လုံးဝ နားမလည်နိုင်တော့ပေ...

ချက်ချင်းဆိုသလို ဝက်ဝံနက်ကြီးမှာ ထွက်ပြေးရန် ပြင်လိုက်သော်လည်း ခြေလှမ်းမစရသေးမီမှာပင်...

ရှန်းယီသည် လှံကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ၎င်း၏ဦးခေါင်းခွံထဲသို့ အမြန် ထိုးစိုက်လိုက်ပြီး မြေကြီးပေါ်သို့ အသေ နင်းချထားလိုက်လေတော့သည်။

All Chapters