အင်မော်တယ်လိပ်
Vol. 35 Ch. 346
ခြင်္သေ့ကြီး၏ရွှေရောင်လည်ဆံမွေးများမှာ သွေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။
ထိုသွေးများထဲတွင် အချို့မှာ မီးခိုးငွေရောင် မျောက်ဧကရာဇ်၏သွေးများဖြစ်ပြီး၊ အချို့မှာမူ သူ၏ ကိုယ်ပိုင်သွေးများ ဖြစ်ကြသည်။
သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်ပေါ်ရှိ ထိုးဖောက်ဒဏ်ရာကြီးက သူ၏ရက်စက်ကြမ်းကြုတ်မှုကို ပိုမိုပေါ်လွင်စေ၏။
သူ၏ တောင့်တင်းသော ကျောပြင်ပေါ်တွင် ကြွက်သားများမှာ ဖြည်းညှင်းစွာလှုပ်ခါနေပြီး၊ လှံတံကို ဆွဲထုတ်ကာ အောက်သို့ ပြန်လည် ထိုးစိုက်ခြင်းကို စနစ်တကျ ထပ်ခါတလဲလဲ ပြုလုပ်နေသည်။
သူ၏လက်ထဲတွင် ထိုလှံရှည်ကြီးမှာ ဓားမြှောင်တိုလေးတစ်စင်းနှင့် ပို၍ တူနေလေသည်။
သူ၏ ခြေထောက်အောက်ရှိ ဝက်ဝံနက်ကြီးမှာ မှတ်မိနိုင်စွမ်းမရှိတော့ဘဲ သေချာပေါက်သေဆုံးသွားသည်အထိ ထိုသို့ ပြုလုပ်နေခြင်းဖြစ်သည်။
...
ရှန်းယီသည် အနည်းငယ် ပင်ပန်းသွားသည့်အဟန်ဖြင့် သက်ပြင်းအရှည်ကြီး ချလိုက်ကာ လှံရှည်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်၏။
ဂလောင်
လှံတံ မြေကြီးပေါ်သို့ ကျသံနှင့် တစ်စုံတစ်ဦး တံတွေးမျိုချသံမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။
ရွှမ်ကွမ်းဂူမှ အမျိုးသမီး ကျင့်ကြံသူသည် နတ်ဆိုးများ အချင်းချင်း သတ်ဖြတ်ကြသည်ကို မြင်ဖူးသော်လည်း၊ ဤမျှ တိတ်ဆိတ်ငြိမ်သက်သော လူသတ်ပွဲမျိုးကိုမူ ကိုယ်တိုင်ကိုယ်ကျ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ခြင်္သေ့ကြီး၏ရွှေရောင်မျက်လုံးများက သူမဘက်သို့ လှည့်ကြည့်လာသည်ကို ခံစားလိုက်ရသောအခါ သူမ ရုတ်တရက် တုန်လှုပ်သွားရသည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ ဆရာဖြစ်သူ ဘေးမှာ ရှိနေသဖြင့်သာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းနိုင်ခဲ့သော်လည်း၊ ယုံကြည်ချက် ကင်းမဲ့နေသော လေသံဖြင့် ပြောလိုက်၏။
"အခြေအနေကို သိသားပဲ၊ အခု... အခု ဒူးထောက်ပြီးအညှံ့ခံစမ်း"
"..."
ကျန်းရွှမ်ယန် သည် ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေ၏။ သူ၏မာနကြောင့် စိတ်ထဲရှိ ထိတ်လန့်မှုကို အပြင်သို့ ထုတ်မပြပေ။
မျောက်ဧကရာဇ်သည် ဘေးဒုက္ခကို အခြားသူဆီသို့ လွှဲပြောင်းရန် ကြိုးစားသည်ဟု သံသယရှိရုံမျှဖြင့် ဤခြင်္သေ့သည် သူ၏ အဖော်နှစ်ဦးကို မဆိုင်းမတွ သတ်ဖြတ်ပစ်ခဲ့၏။ ဤကဲ့သို့ ရက်စက်မှုမျိုးမှာ ကျန်းရွှမ်ယန် ကိုယ်တိုင်ပင်လျှင် မယှဉ်နိုင်သော အဆင့်ဖြစ်သည်။
ဤကဲ့သို့သော နတ်ဆိုးဧကရာဇ်မျိုးက တကယ်ပဲ အညှိခံပြီး လက်နက်ချပါမည်လော။
သူ မသေချာပေ။
သို့သော် တစ်ဖက်လူမှာ ပြင်းထန်သော ဒဏ်ရာများ ရရှိထားပုံရသည်။
မျောက်ဧကရာဇ်၏ အားကုန်သုံး၍ ထိုးနှက်ချက်မှာ သူကိုယ်တိုင်ပင် တိုက်ရိုက်ရင်ဆိုင်ရန် မလွယ်ကူသော်လည်း၊ တစ်ဖက်လူမှာမူ ရှောင်တိမ်းရန်ပင် မကြိုးစားခဲ့ပေ။ ထိုထိတ်လန့်ဖွယ် ထိုးဖောက်ဒဏ်ရာအောက်တွင် အတွင်းကလီစာများ လှုပ်ရှားနေသည်ကိုပင် သဲ့သဲ့ မြင်နေရ၏။
"..."
ရှန်းယီသည် သူတို့နှစ်ဦးထံသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
သူ၏ မြင့်မားတောင့်တင်းသော ခန္ဓာကိုယ်မှာ ယခုအခါ အားနည်းလွန်းသဖြင့် ယိုင်နဲ့နေပုံရသည်။
နောက်ဆုံးတွင် သူတို့နှစ်ဦး၏ ရှေ့သို့ ရောက်ရှိသွား၏။
ကျန်းရွှမ်ယန်သည် အသက်ရှူကို ထိန်းလိုက်ပြီး အထက်စီးမှ အေးစက်စွာ ကြည့်လိုက်သည်။
ဤသားရဲသည် ရူးမနေပါက၊ ဤကဲ့သို့သော အခြေအနေမျိုးဖြင့် သူ့ကို ရန်မူရန်မှာမဖြစ်နိုင်ပေ။
ထိုစဉ် သူ၏ မျက်ခုံးများ ရုတ်တရက် မြင့်တက်သွား၏။
သူ၏ ပုံရိပ်မှာ ရပ်နေသည့် နေရာမှ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
တစ်ချိန်တည်းမှာပင် သူ ရပ်နေခဲ့သည့် နေရာသို့ ကြီးမားသော လက်ဝါးကြီးတစ်ခု ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ထိုလက်ဝါး ရိုက်ချက်ကို ဗဟိုပြု၍ မြင်ကွင်းအတွင်းရှိ မြေပြင်အားလုံး အက်ကွဲသွား၏။ မြေအောက်တွင် မြေနဂါး ထောင်ပေါင်းများစွာ လူးလိမ့်နေသကဲ့သို့ တစ်ပြင်လုံးမှာ ထိတ်လန့်ဖွယ် မြင်ကွင်းအဖြစ် ပြောင်းလဲသွားလေတော့သည်။
"ခွန်အားကျန်ရှိနေသေးတာပဲ"
ကျန်းရွှမ်ယန်သည် ကောင်းကင်ယံ၌ ပျံသန်းနေရင်း အောက်ဘက်ရှိထိတ်လန့်ဖွယ် မြင်ကွင်းကို ငုံ့ကြည့်လိုက်ရာ သူ၏ မျက်ခုံးများမှာ သဲ့သဲ့ တုန်ခါသွား၏။
ဤလက်ဝါးရိုက်ချက်ကို မြင်ပြီးမှသာ သူသည် ပို၍ သတိထားလိုက်တော့သည်။
ဤအရာက ၄၀ ခုမြောက်ဂူမှ နတ်ဆိုးဧကရာဇ်တစ်ယောက် ပြသနိုင်သော ခွန်အားမျိုး မဟုတ်ပေ။ အမှန်တကယ်ပြောရလျှင်တော့ ကိုယ်တိုင် မမြင်ခဲ့ရဘဲ ကျန်ရစ်ခဲ့သည့်အစအနများကိုသာကြည့်မည်ဆိုလျှင် ထိပ်တန်းဂူ ၂၀ထဲက နတ်ဆိုးကြီးတစ်ကောင်၏ လက်ချက်ဟုပင် ထင်မိလိမ့်မည်။
"ဒါပေမဲ့ နှေးလွန်းနေတယ်"
ကျန်းရွှမ်ယန် ခေါင်းခါလိုက်ပြီး သူ၏နှုတ်ခမ်းများမှအေးစက်သော အပြုံးတစ်ခုပေါ်လာပြန်သည်။
သို့သော် ဤအေးစက်မှုမှာ သူ၏တပည့်သေဆုံးသွားခြင်းကြောင့် မဟုတ်ဘဲ၊ အစောပိုင်းက နတ်ဆိုးတစ်ကောင်၏လှည့်စားမှုကို ခံရလုနီးပါး ဖြစ်သွားခြင်းကြောင့်ပင်။
"နတ်ဆိုးဆိုတာ နတ်ဆိုးပါပဲ... ဒီလို ဝိညာဉ်စွမ်းအားကြွယ်ဝတဲ့ နေရာမျိုးကို မင်းတို့လို အကောင်တွေက သိမ်းပိုက်ထားတာဟာ တကယ့်ကို သဘာဝအရင်းအမြစ်တွေကို ဖြုန်းတီးတာပဲ"
"..."
ရှန်းယီသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။
ဤအရာက လှောင်ပြောင်သံကဲ့သို့ဖြစ်နေသော်လည်း တကယ့်အမှန်တရားပင်။
တစ်ဖက်လူ အသုံးပြုသွားသော နေရာရွှေ့ပြောင်းခြင်းနည်းစနစ်က သာမန်ဟုသာထင်ရပေမဲ့ ရှန်းယီ၏နားလည်နိုင်စွမ်းကို ကျော်လွန်နေ၏။ ယခုလိုနီးကပ်သောအကွာအဝေးမှ သူ၏အားကုန်သုံး တိုက်ခိုက်မှုကိုပင် ရှောင်ထွက်သွားနိုင်သေးသည်။
ဤအရာက နန်ယန်ဂိုဏ်းမှ ချန်ထားခဲ့သော အရာတစ်ခု ဖြစ်လိမ့်မည်။
သို့သော်လည်း ရှန်းယီက သူ့ကိုယ်သူအထင်မသေးပါဘူး။
မည်သို့ပင်ဖြစ်စေ ခန္ဓာကိုယ်သန့်စင်ခြင်းဆိုသည်မှာ သူတတ်ကျွမ်းသော အခြေခံပညာရပ်များထဲမှ တစ်ခုသာ ရှိသေး၏။
ရွှမ်ကွမ်းဂူ၏ကျင့်ကြံသူကို မြင်လိုက်ရသော အချိန်ကစပြီး နတ်ဆိုးများကိုသတ်ဖြတ်ရန် အကြောင်းပြချက် ကောင်းကောင်းရသွားပြီဖြစ်ပေသည်။
ထို့ကြောင့် သူ မဆိုင်းမတွဖြစ်မနေခဲ့ပေ။
ပထမဆုံးအနေနှင့် ရသင့်ရထိုက်သော နတ်ဆိုး သက်တမ်းကို သူရယူလိုက်၏။
ယခုတော့...
အခြား ကျင့်ကြံသူတစ်ယောက်ဆိုလျှင် သူ လှည့်ထွက်သွားဖို့ များပေသည်။
သို့သော် ဤအရာက ရွှမ်ကွမ်းဂူနှင့် ပတ်သက်နေခဲ့သည်။
တစ်ဖက်လူက ယခုလိုရည်ရွယ်ချက်ဖြင့် ရောက်နေသည်မှာ သိသာသော လျှို့ဝှက်ချက်တစ်ခုခု ရှိနေ၍သာရှိမည်။
ဖြစ်နိုင်သည်မှာ သူတို့တပည့်များ သေဆုံးသွားခဲ့သည့်ကိစ္စအတွက် သဲလွန်စလာရှာခြင်း ဖြစ်လိမ့်မည်။
ဤနေရာမှာတင် အပြတ်ရှင်းနိုင်ပါက အကောင်းဆုံးဖြစ်မည်ဟု ရှန်းယီ တွေးလိုက်၏။ ထိုမှသာလျှင် မဟာချန်မင်းဆက်သို့ ပြန်ရောက်သည့်အချိန်တွင် ဤပြဿနာများကပ်ပါမလာမှာ ဖြစ်ပါသည်။
သူတို့သည် ရန်သူများဖြစ်နေကြပြီဖြစ်ရာ တစ်ဖက်လူ၏ခေါင်းကို သူရယူနိုင်ခဲ့လျှင် နတ်ဆိုးတစ်ထောင်ဂူတွင်လည်း သူပိုပြီး ရာထူးတက်နိုင်လိမ့်မည်။
"..."
ဖော်ထုတ်ခံလိုက်ရပြီဖြစ်သဖြင့် ဟန်ဆောင်နေရန် မလိုတော့ပေ။
ရှန်းယီသည် အသက်ကို တစ်ချက် ပြန်ထိန်းလိုက်ပြီး လေထဲသို့ ပျံတက်လိုက်၏။
ခွန်အားများစွာတိုးတက်လာပြီးနောက်ပိုင်း သူက မည်သည့်အဆင့် ကျင့်ကြံသူမျိုးနှင့် ယှဉ်နိုင်မလဲဆိုတာကို သူလည်း သိချင်နေမိသည်။
"ဟက်"
ကျန်းရွှမ်ယန်သည် ခြင်္သေ့နတ်ဆိုး တိုက်ခိုက်လာသည်ကို မြင်သောအခါ သူ၏ မျက်လုံးများထဲတွင် လှောင်ပြောင်ရိပ်တစ်ခု ဖြတ်ပြေးသွား၏။
စဉ်းစားဆင်ခြင်ဉာဏ် ရှိတဲ့သူဆိုရင် ငါအသုံးပြုသွားတဲ့ နေရာရွှေ့ပြောင်းခြင်းအတတ်ကို ကြည့်ရုံနဲ့ ငါ့ရဲ့အင်အား ဘယ်လောက်ရှိမလဲဆိုတာ နားလည်သင့်တယ်။
"နတ်ဆိုးဆိုတာ နတ်ဆိုးပါပဲ... မထိမချင်းနာတတ်မှန်း သိကြတာ မဟုတ်ဘူး"
စကားဆုံးသည်နှင့် သူ၏အင်္ကျီလက်ကို ပေါ့ပေါ့ပါးပါး ခါလိုက်သည်။
"ရွှမ်မင်တံဆိပ်တော်"
ကျန်းရွှမ်ယန်၏ အင်္ကျီလက်ထဲမှ အပြာရောင် တံဆိပ်တော်တစ်ခုထွက်လာပြီး မြေပြင်သို့ လိမ့်ကျသွား၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ပေ ၃၀ ကျော်ခန့် ကျယ်ဝန်းသောကြီးမားသည့် အရာဝတ္ထုကြီးအဖြစ် ပြောင်းလဲသွားသည်။
တံဆိပ်တော်၏ဘေးတစ်ဖက်စီတွင် အသက်ဝင်နေသကဲ့သို့ ထုဆစ်ထားသော ထူးဆန်းသည့် သားရဲကြီးများပါရှိပြီး ၎င်းတို့၏မျက်လုံးများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကြသည်။
တံဆိပ်တော်တစ်ခုလုံးမှ ကြောက်မက်ဖွယ်ကောင်းသော ယုတ်မာညစ်ထေးသည့် အရှိန်အဝါများ ထွက်ပေါ်နေ၏။
ပြင်းထန်ပြီး ခမ်းနားသော အားအင်များဖြင့် ၎င်းသည် ခြင်္သေ့နတ်ဆိုးဆီသို့ ရိုက်ချလိုက်လေတော့သည်။
"..."
ရှန်းယီသည် ထိုတံဆိပ်တော်ကို မြင်လိုက်ရသည့် ခဏ၌ပြီးခဲ့သည့်အကြိမ်က အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်းကိုင်ဆောင်ခဲ့သော ခေါင်းလောင်းကြီးကို အမှတ်မထင် သတိရသွား၏။
အစစ်အမှန်ပုဂ္ဂိုလ်ချင်ဖုန်းသည် နာမည်ကျော်ကြားလှသော်လည်း နတ်ဘုရားစိတ်ဝိညာဉ် နောက်ဆုံးအဆင့်သို့ အမှန်တကယ်ရောက်သေးခြင်းမရှိသည်မှာ အမှန်ပင်။
ချင်းချိုဘိုးဘေး၏ အစွမ်းမှာ သူ့ထက် အားနည်းသည်ဆိုစေဦးတော့၊ သူတို့ကြားက ကွာခြားချက်မှာ နယ်ပယ်တစ်ခုစာလောက်တော့ မကြီးမားလှပေ။
သို့သော် ခေါင်းလောင်းကို တစ်ချက်လှုပ်လိုက်ရုံမျှဖြင့် ချင်းချိုဘိုးဘေးမှာ လှုပ်မရအောင် ဖြစ်သွားခဲ့၏။
ယခုမူ ရှန်းယီ အကြောင်းရင်းကို နားလည်သွားပြီဖြစ်သည်။
တံဆိပ်တော် ကျဆင်းလာသည့် ခဏ၌...
သူ၏ နားထဲတွင် သားရဲဟိန်းသံများကို ရုတ်တရက် ကြားလိုက်ရပြီး၊ အေးစက်လှသော ငရဲခန်းထဲတွင် ပိတ်မိနေသကဲ့သို့ ခဏမျှ လှုပ်မရဖြစ်သွားသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ်နတ်ဆိုးမှာ စိန်ခေါ်ခံလိုက်ရသကဲ့သို့ နိုးကြားလာသည်။
၎င်းသည် ကျယ်လောင်သော ဟိန်းသံကြီးနှင့်အတူ ပေါက်ကွဲထွက်လာသည်။
ပြင်းထန်သော နတ်ဆိုးစွမ်းအားနှင့် နတ်ဆိုးသွေးများမှာ အတားအဆီးများကိုချိုးဖျက်ကာ ဆူပွက်လာပြီး သူ၏လက်မောင်းပေါ်တွင် သန်မာလှသော ကောက်းကင်ဝံပုလွေပုံရိပ်ယောင် ထွက်ပေါ်လာ၏။
ရှန်းယီသည် သူ၏ညာဘက် တံတောင်ဆီဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ရွှမ်မင်တံဆိပ်တော်၏ အရှိန်မှာ ခေတ္တတန့်သွားပြီး အပေါ်သို့ ပေအနည်းငယ် ပြန်လွင့်တက်သွားသည်။
"..."
ကျန်းရွှမ်ယန်သည် ထိုအပြောင်းအလဲကို သတိထားမိလိုက်၏။
သူ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်။
ရွှမ်မင်တံဆိပ်တော်မှာ သူ၏ရှုံးနိမ့်ခြင်းမရှိသော လက်နက်တစ်ခု ဖြစ်ပြီး ယခုကဲ့သို့ ဖြစ်ရပ်မျိုးမှာ ပထမဆုံးအကြိမ်ပင်။
သူသည် အလျင်အမြန်လက်လှမ်းလိုက်ရာ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ကျာပွတ်တစ်ခု သူ၏လက်ထဲသို့ ရောက်ရှိလာသည်။ ထို့နောက် တံဆိပ်တော်အောက်မှ ပုံရိပ်ကို ပြင်းထန်စွာ ရိုက်လိုက်၏။
"ယုတ်မာတဲ့ သားရဲ... ခုထိ ရုန်းကန်နေသေးတယ်ပေါ့"
လေထဲတွင်ပဲ့တင်ထပ်နေသော အသံနှင့်အတူ ရှန်းယီ၏မူလ ရွှေရောင်မျက်လုံးများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ထို့နောက် ဟိန်းထွက်လာသော သိန်းငှက်သံကြီးနှင့်အတူ...
သူ၏မျက်လုံးများမှာ အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ တောက်ပလာ၏။
သူသည် ဘယ်ဘက်လက်ဖြင့် လာနေသော ကျာပွတ်ကို တိကျစွာဖမ်းဆုပ်လိုက်သည်။
သို့သော် ကျာပွတ်မှာ သူ၏လက်မောင်းတွင် ရစ်ပတ်သွားပြီး အရိုးများကို အရည်ပျော်စေကာ သွေးများကို ခမ်းခြောက်စေမည့်အလား ဖြစ်လာသည်။ အနည်းငယ် ထိတွေ့လိုက်ရုံဖြင့် သူ၏ လက်မောင်းတစ်ခုလုံး လျင်မြန်စွာ ပျက်စီးစပြုလာ၏။
နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ကို ရောက်ပြီးနောက်ပိုင်းတွင် အသားနှင့် သွေးများဖြင့် ပြုလုပ်ထားသော ခန္ဓာကိုယ်ဟု ထင်ရသော်လည်း အမှန်တကယ်မှာ သဘာဝဝိညာဉ်စွမ်းအားများ စုစည်းထားခြင်းသာ ဖြစ်သည်။
သွေးများကို အရည်ပျော်စေသည်ဟု ပြောမည့်အစားဝိညာဉ်စွမ်းအားများကို အရည်ပျော်စေသည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။
ရှန်းယီ၏အမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။ သူ၏ လက်မောင်းမှာ ယခင်ကထက် ပိုမို တောက်ပသော နီရဲသည့် ရောင်ဝါများဖြင့် ဖုံးလွှမ်းသွားသည်။
အသွင်ပြောင်းလဲမှုပြီးဆုံးနောက်တွင် ဒေါင်းနီ အလင်းမှာလည်း ယခင်ကနှင့် မယှဉ်နိုင်အောင် အစွမ်းထက်လာသည်။
ဘာပဲဖြစ်ဖြစ် ဒီကျာပွတ်က အခုတော့ ငါ့ပိုင်ဆိုင်မှု ဖြစ်သွားပြီ။
ထိုသို့တွေးလိုက်ပြီး သူသည် ရွှမ်မင်တံဆိပ်တော်၏ ဖိအားကို အံတုရင်း ကျာပွတ်ရှည်ကြီးကို အားဖြင့် ဆွဲလိုက်၏။
ထိုအရာက ကျန်းရွှမ်ယန်အနေနှင့် ထိုကြောက်မက်ဖွယ်ကောင်းသောခွန်အားကို ပထမဆုံးအကြိမ် အမှန်တကယ် ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။
သူသည် မည်သို့မျှ မခုခံနိုင်ဘဲ အောက်သို့ ဆွဲချခြင်း ခံလိုက်ရ၏။
သူ ထိတ်လန့်တုန်လှုပ်သွားသော်လည်း သူ၏ မှော်လက်နက်ကို အဆုံးရှုံးမခံနိုင်သဖြင့် ကျာပွတ်၏ သစ်သားလက်ကိုင်ကို မြဲမြဲဆုပ်ကိုင်ထားပြီး လွှတ်မပေးပေ။
"ချက်ချင်းလွှတ်စမ်း"
ကျန်းရွှမ်ယန်၏စိတ်ဓာတ်မှာ တုန်လှုပ်သွားသဖြင့် ရွှမ်မင် တံဆိပ်တော်၏ စွမ်းအားမှာလည်း လျော့ကျသွားသည်။
ဝုန်း
ရှန်းယီက နောက်ထပ်လက်သီးတစ်ချက် ထိုးလိုက်ရာကြီးမားသော တံဆိပ်တော်ကြီးမှာ လွင့်ထွက်သွား၏။
သူ၏ဘယ်ဘက်လက်ဖြင့် ပိုမို အားစိုက်ထုတ်လိုက်ရာ ကျာပွတ်ရှည်ကြီးနှင့်အတူ အခြားတစ်ဖက်မှ ပုံရိပ်ကိုပါ သူ့ဆီသို့ တိုက်ရိုက်ဆွဲခေါ်လိုက်လေသည်။
ကျန်းရွှမ်ယန် နောက်ဆုံးတွင် သတိဝင်လာပြီး နာကျင်မှုကို အောင့်ခံကာ လက်ကို လွှတ်လိုက်သည်။ ထို့နောက် နေရာရွှေ့ပြောင်းခြင်းနည်းစနစ်ကို အသုံးပြုကာ ထိုနေရာမှ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။
သို့သော် သူပြန်လည်ပေါ်လာသည့် ခဏမှာပင် ကျာပွတ်ရိပ်တစ်ခုက သူ့နောက်မှတိုက်ခိုက်လာပြီး အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ သူ၏ လည်ပင်းတွင် ရစ်ပတ်သွား၏။
"အား"
ကျန်းရွှမ်ယန်သည် အလိုအလျောက် သူ၏ လည်ပင်းမှ ကျာပွတ်ကို ဆွဲဖြုတ်ရန် ကြိုးစားလိုက်၏။ သူ ထိလိုက်သည်နှင့် သူ၏လက်ဝါးနှင့် လည်ပင်းတို့မှာ တစ်ပြိုင်နက်တည်း အရည်ပျော်လာတော့သည်။
သူ နာကျင်စွာ အော်ဟစ်လိုက်ရလေ၏။
ကံကောင်းထောက်မစွာဖြင့် သူသည် ဆင်ခြင်တုံတရားမပျောက်ဆုံးသေးဘဲ လက်ဖြင့် ဂါထာတစ်ခုကို လျင်မြန်စွာ ဖော်ဆောင်လိုက်သည်။
ရုတ်တရက် သူ၏ဝတ်ရုံနက်မှာ လေမတိုက်ဘဲ လွင့်လှုပ်လာပြီး သူ၏အရေပြားပေါ်တွင် ပါးလွှာသော အလင်းလွှာတစ်ခု ဖြစ်ပေါ်လာ၏။
ဤခဏအတွင်းမှာပင် သူသည် နောက်ထပ် ဓားရှည်တစ်စင်းကိုထုတ်ယူကာ ဓားသွားပေါ်သို့ သူ၏ လက်ချောင်းဖြင့် ပွတ်ဆွဲလိုက်ရာကောင်းကင်ယံ၌ စူးရှထက်မြက်သော ဓားရိပ်များစွာ ချက်ချင်း ပေါ်လာ၏။
ထိုဓားရိပ်အားလုံးမှာ ခြင်္သေ့နတ်ဆိုးဆီသို့ ပြိုင်တူ ပိုင်းဖြတ်လိုက်ကြလေတော့သည်။
"..."
ရှန်းယီသည် ကျာပွတ်ကို လွှတ်လိုက်ပြီး ရှေ့သို့ တိုးဝင်လိုက်သည်။
သူ လျင်မြန်စွာတုံ့ပြန်နိုင်ခဲ့သော်လည်း သူ၏ ယခန္ဓာကိုယ်ပေါ်တွင် ထိတ်လန့်ဖွယ် ဒဏ်ရာအချို့ ရရှိသွားသည်။
ဤတစ်ကြိမ်တွင်မူ ထိုဒဏ်ရာများမှာ အသွင်ပြောင်းနည်းစနစ်ဖြင့် ဟန်ဆောင်ထားခြင်း မဟုတ်ပေ။
ဒေါင်းနီ အလင်းက ဒဏ်ရာများကို လျင်မြန်စွာ ဖုံးအုပ်ပေးလိုက်၏။ ရှန်းယီသည် အဝေးသို့ လှမ်းကြည့်လိုက်ရာ စကားပင် မဆိုနိုင်လောက်အောင် ဖြစ်သွားရသည်။
"..."
သူ မြင်လိုက်ရသည်မှာ ကျန်းရွှမ်ယန်သည် ခေါင်းလောင်းကြီးတစ်ခုကို အသုံးပြုကာ လိပ်တစ်ကောင်ကဲ့သို့ အထဲတွင် လုံးဝပုန်းအောင်းနေခြင်းပင်။
ယခုအချိန်ထိ တစ်ဖက်လူသည် နေရာရွှေ့ပြောင်းခြင်းနည်းစနစ်မှလွဲလျှင် အခြားနည်းစနစ်တစ်ခုမှအသုံးပြုသည်ကို သူ မတွေ့ရသေးပေ။
ယခုလိုနာမည်ကြီးနေရခြင်းမှာ မှော်လက်နက်များကြောင့်လော။
"ထားလိုက်တော့... မင်း သွားလို့ရပြီ"
ကျန်းရွှမ်ယန်၏အသံမှာ ခေါင်းလောင်းထဲမှ ထွက်ပေါ်လာ၏။ သူ၏ ထိတ်လန့်မှုကို ဖုံးကွယ်ရန် အသည်းအသန် ကြိုးစားနေပုံရသည်။
သို့သော် ရှန်းယီသည် အပေါ်သို့ ခုန်တက်လိုက်ပြီး အားပါသော ခြေကန်ချက်တစ်ချက်ဖြင့် တုံ့ပြန်လိုက်၏။
ပြင်းထန်လှသော ခွန်အားအောက်တွင် ခေါင်းလောင်းကြီး တစ်ခုလုံးမှာ ကောင်းကင်ယံသို့ လွင့်ပျံသွားလေတော့သည်။
သွားလို့ရပြီ ဟုတ်လား၊မင်းရဲ့ ဒီအခွံလေးကို အားကိုးပြီးတော့လား။