အခန်း (၁-၂)
Vol. 1 Ch. 1-2
အခန်း။ ၁
ဝေနိုင်ငံ၊ ဝမ်ကျန်းခရိုင်၊ ထိုင်မြို့။
မြို့မနှင့် အိုင်သုံးဆယ်ကျော် ဝေးကွာသော ပေတစ်ရာတောင်တန်းကြီး။
နေရာအနှံ့ ပေါင်းပင်များ ဖုံးလွှမ်းလျက် သစ်ရိပ်ဝါးရိပ်တို့ ကောင်းကင်ယံကို ပိတ်ဆို့ထားကာ သစ်ရွက်အုပ်များကြားမှ တိုးထွက်လာသော နေခြည်စောင်းစောင်းတို့မှာ လိမ္မော်ရောင်သန်းနေသည်။ လေညင်းတစ်ချက်အဝှေ့တွင် သစ်ရွက်ချင်း ပွတ်တိုက်သံတို့က တရှဲရှဲနှင့် မြည်ဟည်းနေ၏။
မြက်တောထဲတွင်မူ ကျောကုန်းစိမ်းစိမ်း၊ အဆစ်အပိုင်းများစွာ ပါရှိသည့် တစ်ပေခန့် ရှည်လျားသော ပိုးကောင်ကြီးတစ်ကောင်မှာ တရွေ့ရွေ့ တွားသွားနေသည်။
၎င်း၏ ဦးခေါင်းထက်တွင် ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးအဖြူသားကြီး နှစ်လုံးမှာ မျက်နှာပြင်တစ်ခုလုံးနီးပါးကို ဖုံးလွှမ်းထားပြီး ကွေးညွတ်နေသော ပါးစပ်ကြီးနှင့် ပေါင်းစပ်လိုက်သောအခါ မဲ့ရွဲ့နေသော လူမျက်နှာတစ်ခုကဲ့သို့ အလွန်တရာ ထူးဆန်းချောက်ချားဖွယ် ကောင်းလှ၏။
‘ဖတ်’
ထိုစဉ် ကောင်းကင်ယံမှ ကောက်ရိုးဖိနပ်တစ်ဖက်က ဝုန်းကနဲ ကျဆင်းလာသည်။
ကင်းခြေများကဲ့သို့ သတ္တဝါကြီး၏ ခန္ဓာကိုယ်မှာ ကြေမွသွားပြီး အနီရောင်နှင့် အစိမ်းရောင် အသားစများ သွေးပျစ်ပျစ်ဖြင့် ရောထွေးကုန်တော့သည်။
လုံယီသည် မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာဖြင့် ခြေထောက်ကို ပြန်ရုပ်လိုက်ပြီး လူတစ်ဖက်စာမျှ မရှိသော မီးခိုးဖြူရောင် သစ်ပင်ကြီးကိုသာ အာရုံစိုက်နေမိသည်။ ထိုသစ်ပင်၏ ပင်စည်တွင် ခုတ်ထစ်ထားသော အထစ်မှာ သူ၏ ဒူးဆစ်အမြင့်လောက်တွင် ရှိနေ၏။
သူသည် ပုဆိန်ရိုးကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ ကိုယ်ကိုကိုင်း၍ ဘေးတိုက်အနေအထားဖြင့် အားကုန်လွှဲရိုက်လိုက်သည်။
‘ဖြောင်း’
သစ်ပင်မှ အထစ်မှာ အနည်းငယ် ပို၍ နက်ဝင်သွား၏။
ချွေးများမှာ အင်္ကျီပေါ်တွင် ရွှဲနစ်နေသည်မှာ ကြာပြီဖြစ်သလို လက်နှစ်ဖက်မှာလည်း ခဲဆွဲထားသကဲ့သို့ လေးလံလှသည်။ ခါးမှာလည်း တောင့်တင်း ထုံကျင်နေပြီဖြစ်ကာ မျက်ခွံများမှာ အချိန်မရွေး ပိတ်ကျသွားတော့မည့်အတိုင်း လေးလံနေပေပြီ။
သို့သော်လည်း လုံယီသည် စက်ရုပ်တစ်ရုပ်ကဲ့သို့ပင် ပုဆိန်ကို တစိုက်မတ်မတ် လွှဲရိုက်နေဆဲဖြစ်ကာ အနည်းငယ်မျှ ပေါ့ဆရန်ပင် မဝံ့ရဲချေ။
ဒါသည် သူ ယနေ့အတွက် ခုတ်ရမည့် တတိယမြောက် သစ်ပင်ဖြစ်သည်။
ဤသစ်ပင်ကို အပြီးတိုင် ခုတ်လဲနိုင်မှသာ အာမခံဝင်ငွေဖြစ်သည့် အနည်းဆုံး ၁၀ ဝမ်ကို ရရှိမည်ဖြစ်သည်။
သစ်ပင်တစ်ပင်လျှင် ၃ ဝမ်၊ သုံးပင်ဆိုလျှင် ၁၀ ဝမ် ရသော်လည်း အကယ်၍ သုံးပင်ပြည့်အောင် မခုတ်နိုင်ပါက တစ်ပြားတစ်ချပ်မျှ ရမည်မဟုတ်ပေ။
ဒါက ဤတောင်တန်း၏ ပိုင်ရှင်ဖြစ်သူ မြေရှင်ကြီးကျားချမှတ်ထားသော စည်းကမ်းဖြစ်သည်။
နေဝင်ရိုးရီ အချိန်ရောက်တော့မည်ဖြစ်ရာ နေလုံးကြီး လုံးဝပျောက်ကွယ်သွားသည်နှင့် ညမှောင်မှောင် တောအုပ်ထဲတွင် သားရဲတိရစ္ဆာန်များ ကျက်စားတတ်သဖြင့် မည်သူမျှ မနေရဲကြချေ။
ထို့ကြောင့် လုံယီသည် အချိန်နှင့်အမျှ ပြိုင်ဆိုင်၍ အားသွန်ခွန်စိုက် လုပ်ဆောင်နေရခြင်း ဖြစ်သည်။
သူသည် သစ်ပင်ကို ပတ်ချာလည်ကာ စောင်းတစ်လှည့်၊ အလျားလိုက်တစ်လှည့် အထစ်ကို နှစ်ဖက်စလုံးမှ နက်သွားအောင် ကျွမ်းကျင်စွာ ခုတ်ထစ်နေ၏။
အထစ်မှာ လိုအပ်သည့်အနက်သို့ ရောက်ရှိသွားသောအခါ လုံယီသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အော်ဟစ်လိုက်သည်။
“သတိထားကြဦးဟေ့ သစ်ပင်လဲတော့မယ်”
သူ၏ ပတ်ဝန်းကျင်တွင်မူ ရိုးရှင်းစွာ ဝတ်ဆင်ထားသော သစ်ခုတ်သမားများစွာကို တွေ့မြင်နေရသည်။
အချို့မှာ လုံယီကဲ့သို့ပင် အချိန်နှင့်လု၍ သစ်ခုတ်နေကြသော်လည်း အချို့မှာမူ သစ်တုံးများပေါ်တွင် ထိုင်ကာ အနားယူနေကြပြီဖြစ်သည်။ ထိုသူတို့မှာ ယနေ့အတွက် သတ်မှတ်ထားသော အနည်းဆုံး အလုပ်တာဝန်ကို ပြီးမြောက်ခဲ့ကြပြီဖြစ်ကြောင်း ထင်ရှားလှပေတော့သည်။
ထိုသူများထဲတွင် ဆံပင်ဖြူရောင်သန်းနေသည့် သက်ကြီးရွယ်အိုများမှသည် မျက်နှာတွင် နုနယ်သော မွေးညင်းနုလေးများ ရှိနေဆဲ လူငယ်လေးများအထိ ပါဝင်ကြသည်။ လုံယီ၏ သတိပေးသံကို ကြားသည်နှင့် သူတို့သည် လုပ်လက်စများကို ရပ်နားကာ သူ့ထံသို့ အကြည့်များ စုပြုံရောက်ရှိလာကြသည်။
စင်စစ်တွင်မူ သစ်ပင်ကို စတင်ခုတ်ထစ်စဉ်ကတည်းက လုံယီသည် သစ်ပင်လဲမည့် အရပ်မျက်နှာကို ကျွမ်းကျင်စွာ တွက်ချက်ထားပြီးဖြစ်ရာ ယခုသတိပေးချက်မှာ ဘေးကင်းစေရန် ကြိုတင်ပြောဆိုခြင်းမျှသာ ဖြစ်ပေသည်။
သူက အားကုန်သုံး၍ တွန်းထုတ်လိုက်ရာ….
‘ဝုန်း’
သစ်ပင်ကြီးသည် မြက်တောများပေါ်သို့ ဟိန်းဟောက်ကာ လဲကျသွားပြီး မြက်ပင်များကို ဖိခြေပစ်လိုက်သည်။
“ဟူး... ၁၀ ဝမ်တော့ ရပြီ။ နောက်ဆုံးတော့ နားလို့ရပြီပဲ”
လုံယီသည် အနီးရှိ သစ်ငုတ်တိုတစ်ခုပေါ်သို့ ပုံကနဲ ထိုင်ချလိုက်ပြီး လက်ဖမိုးဖြင့် ချွေးများကို သုတ်လိုက်၏။ ထို့နောက် မြေပြင်ပေါ်ရှိ ညှိုးနွမ်းခြောက်သွေ့နေသော မီးခိုးရောင် ရေဘူးကို ကောက်ယူကာ ရေအနည်းငယ်ကို မော့သောက်လိုက်သည်။
“အင့်... ငါ့ခါး...”
လုံယီသည် ခါးကိုလက်ဖြင့် ထိန်းကိုင်ရင်း မျက်နှာရှုံ့မဲ့သွားကာ စိတ်ပျက်အားငယ်မှုအချို့ ဝင်ရောက်လာမိသည်။
ဤအချိန်တွင် သူ၏ရုပ်သွင်မှာ အသက် ၁၈၊ ၁၉ ခန့်သာ ရှိသေးပြီး အရပ် ၅ ပေ ၇ လက်မခန့် မြင့်သည်။ အသားညိုညို၊ ကိုယ်လုံးပါးပါးဖြင့် ကောက်ရိုးဦးထုပ်ကို ဆောင်းထားကာ ဖာထေးရာများဖြင့် ပြည့်နှက်နေသော အင်္ကျီကို ဝတ်ဆင်ထား၏။
သူ ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ နှစ်နှစ်ခွဲခန့် ရှိပြီဖြစ်သည်။ သစ်ခုတ်သမားအဖြစ် လုပ်ကိုင်လာသည်မှာလည်း နှစ်နှစ်နီးပါး ရှိပြီဖြစ်သော်လည်း လုံယီသည် သူ၏ အနာဂတ်လမ်းစကို ယခုထက်တိုင် မမြင်ရသေးပေ။
လောလောဆယ် သူရောက်ရှိနေသော တိုင်းပြည်မှာ ဝေနိုင်ငံဖြစ်သည်။ သူ၏မှတ်ဉာဏ်များအရ ဤနိုင်ငံသည် သမိုင်းမှတ်တမ်းများထဲမှ မည်သည့်မင်းဆက်နှင့်မျှ ဆက်စပ်မှုမရှိချေ။
ဝေအင်ပါယာ တည်ထောင်ခဲ့သည်မှာ ရာစုနှစ်တစ်ခုပင် မပြည့်သေးဘဲ လက်ရှိဧကရာဇ်မှာလည်း တိုင်းပြည်ကို ကြိုးစားအားထုတ် အုပ်ချုပ်လျက်ရှိသည်။ အခွန်အတုပ်နှင့် လုပ်အားပေးခိုင်းစေမှုများကို လျှော့ချပေးထားသဖြင့် တိုင်းပြည်မှာ အင်အားတောင့်တင်းပြီး သာယာဝပြောလျက်ရှိသည်။
လယ်ယာမြေ အနည်းငယ်မျှ ပိုင်ဆိုင်သူတိုင်းသည်ပင် မိမိတို့ဝမ်းရေးကို ချောမွေ့စွာ ဖြေရှင်းနိုင်ကြရာ အလှည့်တိုင်းတွင် အန္တရာယ်ရှိသော၊ အဆိပ်ရှိသော ပိုးမွှားနှင့် သားရဲတိရစ္ဆာန်များ ပေါများလှသော ဤတောင်တန်းကြီးထဲသို့ မည်သူမျှ သစ်ခုတ်ရန် လာကြမည်မဟုတ်ပေ။
ကံဆိုးစွာပင် လုံယီသည် ထိုကဲ့သို့ ကံကောင်းသူများထဲတွင် မပါဝင်ခဲ့ပေ။
ယခင်ဘဝက သူ၏ဖခင်မှာ ဆယ်မိုင်ပတ်လည်တွင် နာမည်ကျော်သော ပညာရှိတစ်ဦး ဖြစ်သည်။ စာမေးပွဲဖြေဆိုရန် ငွေကြေးစုဆောင်းသည့်အနေဖြင့် ရှိသမျှလယ်မြေများကို ရောင်းချခဲ့သော်လည်း ခရီးလမ်းတွင် မတော်တဆမှုတစ်ခုဖြင့် ကွယ်လွန်သွားခဲ့သည်။
ထိုသတင်းကို ကြားရသောအခါ သူ၏မိခင်မှာလည်း နာမကျန်းဖြစ်ကာ မကြာမီပင် ကွယ်လွန်သွားခဲ့ပြန်သည်။
လုံယီ ဤကမ္ဘာသို့ စတင်ရောက်ရှိချိန်တွင် မိဘနှစ်ပါးစလုံး ကွယ်လွန်ပြီးဖြစ်ကာ မြေလည်းမရှိ၊ ငွေလည်းမရှိဘဲ လုံးဝဥဿုံ ဆင်းရဲမွဲတေနေခဲ့သည်။
ဤကဲ့သို့ ခက်ခဲကြမ်းတမ်းသော သစ်ခုတ်အလုပ်ကို ရရှိခဲ့သည်မှာလည်း သူ၏ဖခင်မှာ ယခင်က နာမည်ဂုဏ်သတင်း အနည်းငယ်ရှိခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
တစ်နေ့လျှင် လုပ်အားခ ၁၀ ဝမ်နှင့် မိတ်ဆွေအချို့၏ ရံဖန်ရံခါ ကူညီမှုတို့ကြောင့်သာ လုံယီတစ်ယောက် ယနေ့တိုင် အသက်ဆက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤခေတ်ကာလတွင် စက်မှုလုပ်ငန်းများမှာ အလွန်နိမ့်ပါးလှရာ လုပ်အားရောင်းစားရန်ပင် မလွယ်ကူလှပေ။ သူ၏ ယခင်ဘဝက အလုပ်အကိုင် ရှားပါးမှုဟူသည်မှာ ယခုလက်ရှိ အခြေအနေနှင့် နှိုင်းယှဉ်လျှင် အပြောပင် မဟုတ်တော့ပေ။
တစ်ကိုယ်လုံး ချွေးများရွှဲနစ်နေသော်လည်း လုံယီသည် အဆိပ်ရှိသော ပိုးမွှားများ၏ ရုတ်တရက် တိုက်ခိုက်ခြင်းကို ကြောက်ရွံ့သဖြင့် သူ၏အင်္ကျီနှင့် ကောက်ရိုးဦးထုပ်ကို ပိုမိုလုံခြုံအောင် ပြင်ဆင်လိုက်သည်။
သူ၏နားထဲတွင် အခြားသစ်ခုတ်သမားများ၏ စကားပြောသံများကို ကြားနေရသည်မှာ..
“နေဝင်တောင်တန်းမှာ ဓားပြဆိုးတွေ ရုတ်တရက် ပေါ်လာပြီး ရွာတော်တော်များများကို သတ်ဖြတ်သွားကြတယ်တဲ့။ အဲ့ဒီဘက်ကို မသွားကြနဲ့ဦးနော်...”
“စစ်သားတွေက ဘာလို့ သွားမနှိမ်နင်းကြတာလဲ။ လူသတ်သမားမန် နဲ့ သံလက်ဝါးတို့ဆိုတာ တော်တော် ကြောက်ဖို့ကောင်းတဲ့သူတွေ မဟုတ်ဘူးလား...”
“လျိုဟယ်ရွာက မြေစောင့်နတ်ကျောင်းမှာ တစ်ခုခုတော့ မူမမှန်ဘူးတဲ့။ အဲဒီမှာ အမွှေးတိုင် သွားထွန်းတဲ့သူ တော်တော်များများ ရူးသွားကြတယ်ပြောတာပဲ...”
“အယ်ဟယ်ရွာက သားသတ်သမားချီရဲ့ တတိယမြောက်သားကတော့ ထူးခြားတဲ့ ပါရမီရှင်တစ်ဦး ဖြစ်နေလို့ မြို့ထဲက ကိုယ်ခံပညာသင်တန်းကျောင်းက ခေါ်ယူသွားပြီတဲ့။ သူသာ ကိုယ်ခံပညာရှင် ဖြစ်လာရင်တော့ အနာဂတ်က အကန့်အသတ်မရှိ တောက်ပတော့မှာပဲ။”
ဤစကားကို ကြားလိုက်ရသောအခါ လုံယီ၏ စိတ်ဝင်စားမှုမှာ အနည်းငယ် မြင့်တက်လာခဲ့ပေတော့သည်။
သားသတ်သမား ချီဆိုသည်မှာ လုံယီ၏ လက်ရှိအိမ်နီးချင်းဖြစ်နေရုံသာမက ကိုယ်ခံပညာရှင်ဟူသော စကားလုံးကလည်း သူ၏ စိတ်ဝိညာဉ်ကို ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားစေသောကြောင့် ဖြစ်သည်။
ဤခေတ်ကာလတွင် အောင်မြင်မှုပန်းတိုင်သို့ လှမ်းတက်ရန်မှာ လမ်းနှစ်သွယ်သာ ရှိပေသည်။ စာပေ သို့မဟုတ် ကိုယ်ခံပညာ။
စာပေလေ့လာလိုက်စားရန်မှာမူ သူ၏ကွယ်လွန်သူဖခင်ကဲ့သို့ ပါရမီမျိုး မိမိတွင် မရှိကြောင်း လုံယီ ကောင်းကောင်းသိသည်။ ထို့အပြင် ဝေနိုင်ငံ၏ အစိုးရစာမေးပွဲ အောင်ချက်နှုန်းမှာလည်း သူ၏ယခင်ဘဝက ရှေးခေတ်ကာလများကဲ့သို့ပင် အလွန်တရာ ခက်ခဲလှပေသည်။
ကိုယ်ခံပညာကို သင်ယူပြီး ကြီးပွားချမ်းသာမှုကို ရှာဖွေခြင်းက ပို၍ လွယ်ကူနိုင်သည်ဟု ဆိုနိုင်သော်လည်း ၎င်း၏ အဟန့်အတားမှာ ပို၍ မြင့်မားလှသည်။ ကိုယ်ခံပညာသင်တန်းကျောင်း တစ်ကျောင်း၏ အပ်နှံခမှာပင် သာမန်လူတစ်ဦး တစ်သက်လုံး စုဆောင်းလျှင်ပင် မမီနိုင်သော ပမာဏမျိုး ဖြစ်နေတတ်သည်။
"စာဆိုလျှင် ဆင်းရဲသား၊ ဓားဆိုလျှင် သူဌေးသား" ဟူသော စကားပုံအတိုင်းပင်။
သို့သော်လည်း တတ်မြောက်သွားပြီးနောက် ရရှိမည့် အကျိုးကျေးဇူးများမှာမူ အလွန်ပင် မက်လောက်စရာ ကောင်းလှသည်။
မြို့စားမင်း၏ အိမ်တော် သို့မဟုတ် စစ်ဆေးရေးဗျူရိုတွင် ဝင်ရောက်အမှုထမ်းသည်ဖြစ်စေ၊ ကုန်သည်ကြီးများအသင်းကို ကြီးကြပ်ကွပ်ကဲသည်ဖြစ်စေ၊ သို့မဟုတ် မိမိဘာသာ လုပ်ငန်းထူထောင်သည်ဖြစ်စေ မည်သည့်အရာမှ ခက်ခဲလိမ့်မည်မဟုတ်ပေ။
ဤကမ္ဘာသည် သူ၏ယခင်ဘဝက ရှေးခေတ်ကာလများနှင့် ဆင်တူသော်လည်း အဆပေါင်းများစွာ ပို၍ အန္တရာယ်များလှသည်။
သောင်းကျန်းလှသော သားရဲများနှင့် သားရဲငှက်ကြီးများ ရှိနေရုံသာမက တောရိုင်းတိရစ္ဆာန်များ နတ်ဝင်သည်ဟူသော ကောလာဟလများနှင့် သရဲခြောက်သော အိမ်ကြီးအိမ်ကောင်းများအကြောင်းမှာလည်း ဒဏ္ဍာရီသက်သက်သာ မဟုတ်ကြောင်း ထင်ရှားနေသည်။
ထို့ကြောင့် ဤသတ္တဝါဆိုးများကို ရင်ဆိုင်တိုက်ခိုက်နိုင်သော ကိုယ်ခံပညာရှင်များမှာ သဘာဝကျစွာပင် အထူးမြင့်မားသော လူမှုအဆင့်အတန်းကို ပိုင်ဆိုင်ကြခြင်း ဖြစ်သည်။
“အာယီ... ဒီည ငါ့အိမ်ကို ဆန်ပြုတ်လာသောက်ဦးမလား”
သက်လတ်ပိုင်းအရွယ် လူတစ်ဦး၏ အသံက လုံယီ၏ အတွေးများကို ရုတ်တရက် ဖြတ်တောက်လိုက်သည်။
မော့ကြည့်လိုက်ရာ ရိုးသားဖြောင့်မတ်ပုံရသော လူမည်းမည်းကြီးတစ်ဦးကို တွေ့လိုက်ရ၏။
သူသည် အိမ်နီးချင်းရွာမှ ချန်ချန်းဖြစ်သည်။ သူငယ်စဉ်က လုံယီ၏ကွယ်လွန်သူ ပညာရှိဖခင်က သူအပေါ် ပြသခဲ့ဖူးသော ကျေးဇူးတရားများကို အောက်မေ့သဖြင့် လွန်ခဲ့သော နှစ်နှစ်ပတ်လုံး လုံယီကို တတ်နိုင်သမျှ ထောက်ပံ့ကူညီပေးခဲ့သူဖြစ်သည်။
သူသည် တစ်နေ့လျှင် သစ်ပင်ငါးပင်ခန့်ကို ခုတ်နိုင်လောက်အောင် သန်မာသူဖြစ်ပြီး သစ်ခုတ်သမားများထဲတွင် ထိပ်တန်းအဆင့်မှ ပါဝင်သည်။ သူ၏ဇနီးသည်မှာလည်း လက်မှုပညာ ကျွမ်းကျင်သူဖြစ်သဖြင့် သူတို့၏ မိသားစုအခြေအနေမှာ လုံယီထက် အဆပေါင်းများစွာ သာလွန်ပေသည်။
အကယ်၍ သူကသာ ရက်အနည်းငယ်ခြားတစ်ခါ လုံယီကို သူ့အိမ်သို့ ဆန်ပြုတ်ခေါ်မတိုက်ပါက လုံယီသည် ယခုအချိန်တွင် ငတ်မွတ်လွန်းသဖြင့် သစ်ပင်ပင် ခုတ်နိုင်တော့မည် မဟုတ်ပေ။
ဤကဲ့သို့သော ဆိုးရွားသည့် သံသရာထဲတွင် အငတ်ဘေးကို ကြောက်ရွံ့၍ တောင်းရမ်းစားသောက်ရသူများမှာ အသက်ရှင်ဖို့ပင် မသေချာလှပေ။
ထို့ကြောင့် သူ့ကို လုံယီ၏ အသက်သခင်ကျေးဇူးရှင်ဟု ခေါ်ဆိုလျှင်လည်း မမှားနိုင်ချေ။
လုံယီက ငြင်းပယ်ရန် ကြံလိုက်သော်လည်း ပါးစပ်ဟလိုက်ချိန်တွင် ဗိုက်ထဲမှ ဂွီ...ဟု မြည်လာသော အသံက စကားတစ်လုံးမျှ ထွက်မလာအောင် တားဆီးလိုက်တော့သည်။
ချန်ချန်းသည် ရိုးသားသောအပြုံးဖြင့် လုံယီ၏ ပခုံးကို ပုတ်ကာ လှည့်ထွက်သွားခဲ့သည်။
ထိုအချိန်တွင် လူအတော်များများမှာ အနည်းဆုံး သတ်မှတ်ထားသော သစ်ပင်သုံးပင်ကို ခုတ်လဲပြီးဖြစ်ရာ ကျားမိသားစုမှ အုပ်ချုပ်ရေးမှူး လာရောက်စစ်ဆေးမည်ကို စကားစမြည်ပြောရင်း စောင့်ဆိုင်းနေကြသည်။
‘ဝေါင်း...’
ထိုစဉ် အထက်ယံမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
လုံယီသည် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားကာ သူ၏ဗီဇထဲတွင် ကိန်းအောင်းနေသော ကြောက်စိတ်များက ပြေးတော့ဟု အသည်းအသန် သတိပေးနေသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် တွေဝေမနေဘဲ လှည့်၍ ထွက်ပြေးတော့သည်။
“ကျားကြီးဟေ့... ပြေးကြ”
“ဒီလို တောင်ကုန်းလေးပေါ်မှာ ကျားက ဘယ်လိုလုပ် ပေါ်လာရတာလဲ”
လူအုပ်ကြီးဆီမှ အော်ဟစ်ငိုယိုသံများ ဆူညံစွာ ထွက်ပေါ်လာသည်။
လုံယီသည် သွေးပူလာပြီး နောက်သို့လှည့်မကြည့်ဘဲ အားကုန်ရုန်းကန်ကာ ရှေ့သို့သာ ပြေးတော့သည်။ ယခင်က သူဝင်ရောက်ရန် မဝံ့ရဲခဲ့သော ချုံနွယ်ပိတ်ပေါင်းများနှင့် ရုန်းရင်းဆပ်ရင်း အရပ်များသည်ပင် ယခုအခါ သူ့ကို ကာကွယ်ပေးမည့် သဘာဝအတားအဆီးများသဖွယ် ဖြစ်နေတော့သည်။
‘ဝေါင်း...’
ကျားဟိန်းသံကြီးမှာ သူ၏နားစည်နားတွင်ပင် ကပ်နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။
လုံယီသည် ထိတ်လန့်တကြားဖြင့် အနီးရှိ သစ်ပင်တစ်ပင်ပေါ်သို့ အသည်းအသန် တက်သွားမိသည်။ သစ်ရွက်များ အထပ်ထပ်ဖုံးလွှမ်းနေသော နေရာတွင် ပုန်းအောင်းနေမိတော့မှသာ သူသည် မရေမရာသော လုံခြုံမှုအငွေ့အအေးကို စတင်ခံစားလိုက်ရ၏။
ကျားများသည် သစ်ပင်တက်တတ်သည်ကို သူသိသော်လည်း ယခုအချိန်တွင် ထိုထက်ပို၍ စဉ်းစားနိုင်စွမ်း မရှိတော့ချေ။
သူသည် သစ်ပင်စည်ကို အိမ်မြှောင်တစ်ကောင်ကဲ့သို့ တင်းတင်းကြပ်ကြပ် ကပ်တွယ်ထားပြီး ရင်ဘတ်ထဲမှ နှလုံးခုန်သံမှာလည်း ဒိန်းဒိန်းတုန်နေသည်။
“အား...”
စူးရှသော အော်ဟစ်သံတစ်ခု ပေါ်ထွက်လာသည်။ ထိုအသံကို ကြားလိုက်ရချိန်တွင် လုံယီ၏ စိတ်ထဲ၌ မတော်တရားသော သက်ပြင်းချမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်သွား၏။ ကျားသည် တခြားတစ်ယောက်ကို တိုက်ခိုက်သွားပြီဖြစ်၍ မိမိလွတ်ပြီဟူသော စိတ်အခြေအနေမျိုး ဖြစ်သည်။
သို့သော်လည်း ချက်ချင်းဆိုသလိုပင် သူ၏နှလုံးသားမှာ တင်းကနဲ ဖြစ်သွားသည်။
ခဏနေဦး... ဒီအသံကို ဘာဖြစ်လို့ ရင်းနှီးနေရတာလဲ။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ၊ လက်ခြေများ ထုံကျင်လာသည်အထိ လုံယီသည် သစ်ပင်ပေါ်တွင်သာ ငြိမ်သက်စွာ ကပ်နေမိပြီး အောက်သို့ဆင်းရန် မဝံ့ရဲသေးပေ။
“အားလုံး ဘယ်မှာလဲဟေ့။ ကျားကြီး ထွက်သွားပြီ။ ထွက်လာကြတော့”
ကျားမိသားစု အုပ်ချုပ်ရေးမှူး၏ အော်ဟစ်ခေါ်သံကို ကြားရတော့မှသာ လုံယီသည် သစ်ပင်ပေါ်မှ ခက်ခက်ခဲခဲ လျှောဆင်းလာခဲ့သည်။
ထိုအခါမှသာ တစ်ကိုယ်လုံးရှိ နာကျင်မှုများကို စတင်သတိထားမိတော့သည်။ သူ၏အင်္ကျီများမှာ အပေါက်အပြဲများဖြင့် ပြည့်နှက်နေပြီး အရေပြားပေါ်တွင်လည်း ရှနာ၊ ပွန်းနာများစွာဖြင့် သွေးစိမ်းရှင်ရှင် ထွက်နေ၏။
သို့သော် ရှေ့မှောက်တွင် မြင်တွေ့လိုက်ရသော ထိတ်လန့်ဖွယ်ရာ မြင်ကွင်းနှင့် နှိုင်းယှဉ်လျှင် ဤဒဏ်ရာများမှာ ဘာမျှမဟုတ်တော့ချေ။
သွေးအိုင်ထဲတွင် စုတ်ပြတ်သတ်နေသော ရုပ်အလောင်းတစ်ခု လဲလျောင်းနေသည်။ အတွင်းကလီစာများမှာ လုံးဝမရှိတော့ဘဲ နဂိုအတိုင်းရှိနေသော အသားစဟူ၍ ရှာမရတော့ပေ။ ပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်း အရိုးများ၊ အရေခွံများ၊ အသားစများနှင့် သွေးစက်များဖြင့် ပျံ့နှံ့နေသည်။
သွေးများပေကျံနေသော ဦးခေါင်းတစ်ခုသာ နဂိုအတိုင်း ကျန်ရစ်နေပြီး မျက်လုံးများမှာ ပြူးကျယ်လျက် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
ဒါက ချန်ချန်းပဲ...
လုံယီသည် ရင်ဘတ်ထဲတွင် တစ်ခုခုနှင့် တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။ ခုနလေးတင်မှ သူ့ကို ဆန်ပြုတ်လာသောက်ရန် ဖိတ်ခေါ်ခဲ့သော ချန်ချန်း၏ပုံရိပ်ကို မြင်ယောင်လာမိပြီး မျက်ရည်များမှာလည်း ထိန်းမနိုင်သိမ်းမရ ကျဆင်းလာတော့သည်။
ဘေးပတ်ဝန်းကျင်ရှိ လူများမှာလည်း တုန်လှုပ်ခြောက်ခြားနေကြပြီး မည်သူမျှ ရှေ့သို့မတိုးရဲကြချေ။
လုံယီသည် စိတ်ကိုတင်းထားကာ မြက်ခြောက်များကို လက်တစ်ဆုပ်စာ ဆွဲယူပြီး ချန်ချန်း၏ ကြွင်းကျန်ရစ်သော အစိတ်အပိုင်းများကို ဖုံးအုပ်ပေးလိုက်သည်။
“အင်း... သနားစရာပဲဗျာ”
ချန်ချန်း၏ရွာမှ လူနှစ်ဦးလည်း သက်ပြင်းချရင်း လုံယီနည်းတူ ဝိုင်းဝန်းလုပ်ဆောင်ပေးကြသည်။
သို့သော် လုံယီ၏လက်သည် ချန်ချန်း၏ ရုပ်အလောင်းနားသို့ ချဉ်းကပ်လိုက်စဉ်တွင် သူ၏မျက်စိရှေ့၌ တစ်ဝက်တစ်ပျက် ပွင့်လင်းမြင်သာနေသော စာသားအချို့ ရုတ်တရက် ပေါ်လာသည်။
‘စွမ်းအင် +၁ စုပ်ယူမလား’
“စုပ်ယူမယ်...”
လုံယီသည် စိတ်ထဲမှ အလိုအလျောက် ပြန်ထူးလိုက်မိသည်။
ချက်ချင်းဆိုသလိုပင် သူ၏မျက်စိရှေ့တွင် စိမ်းဖန့်ဖန့် အရောင်ရှိသော မျက်နှာပြင်တစ်ခု ပွင့်လာတော့သည်။
[အမည် - လုံယီ]
[အသက် - ၁၉/၅၅]
[အဆင့် - မရှိ]
[ကျွမ်းကျင်မှု - သစ်ခုတ်ခြင်း (အခြေခံအဆင့်မရှိ ၀/၁) ၊ ထင်းခွဲခြင်း (အခြေခံအဆင့်မရှိ ၀/၁)]
[စွမ်းအင် - ၁]
အခန်း။ ၂
’ဒါက...’
လုံယီမှာ မှင်သက်သွားရသည်။ သူသည် မျက်တောင်ကို အကြိမ်ကြိမ် ခတ်ကြည့်သော်လည်း ထိုအလင်းမျက်နှာပြင်မှာ ပျောက်ကွယ်မသွားဘဲ ရှိနေဆဲပင်။
‘ဒုန်း... ဒုန်း... ဒုန်း...’
သူ၏နှလုံးခုန်သံမှာ ထိန်းမနိုင်သိမ်းမရ မြန်ဆန်လာတော့သည်။ နောက်ဆုံးတော့... ငါ့ရဲ့ အထူးစွမ်းအားရောက်လာပြီပဲ။
ဘဝ၏ အတက်အကျ အနိမ့်အမြင့်တို့မှာ မြန်ဆန်လွန်းလှသော်လည်း လုံယီတစ်ယောက် ထိုအလင်းမျက်နှာပြင်ကို အသေးစိတ်လေ့လာရန် အချိန်မရှိသေးပေ။ ယခုအချိန်တွင် ချန်ချန်း၏ ရုပ်အလောင်းကို အိမ်ပြန်ပို့ပေးရန်မှာ ပို၍အရေးကြီးသည်။
သူနှင့် ချန်ချန်း၏ရွာသားအချို့သည် ရုပ်အလောင်းကို မြက်ရွက်ကြီးများဖြင့် သေသေချာချာ ထုပ်ပိုးလိုက်ပြီး သစ်ကိုင်းများကို အသုံးပြု၍ ထမ်းပိုးရလွယ်ကူအောင် ချည်နှောင်လိုက်ကြသည်။
ချန်ချန်း၏ ခန္ဓာကိုယ်မှာ သားရဲ၏ ကိုက်ခဲစားသောက်ခြင်းကို ခံထားရသဖြင့် အတွင်းပိုင်းမှာ ဟောင်းလောင်းဖြစ်နေကာ သိပ်ပြီးမလေးလံတော့ပေ။ သယ်ဆောင်ရသည်မှာ ခါတိုင်း လမ်းလျှောက်နေကျအတိုင်းပင် ပေါ့ပါးနေ၏။
သို့သော်လည်း တိုက်ဟယ်ရွာသို့ နီးကပ်လာသည်နှင့်အမျှ သူတို့၏ ခြေလှမ်းများမှာ တစ်စထက်တစ်စ လေးလံလာခဲ့သည်။
သူတို့၏ အမြင်အာရုံထဲတွင် မြေနီရောင် ရွှံ့အိမ်တန်းများ၊ ချိုင့်ခွက်များဖြင့် ပြည့်နေသော မြေဝါလမ်း၊ နေရာအနှံ့ ပုံထားသော ကောက်ရိုးပုံများနှင့် အိမ်တိုင်း၏ တံခါးဝတွင်ရှိသော အိမ်သာများမှ ထွက်ပေါ်လာသည့် စူးရှရှအနံ့အသက်တို့ကို မြင်တွေ့နေရပြီဖြစ်သည်။
လုံယီနှင့် အခြားသူများသည် သာမန်ရွှံ့အိမ်လေးတစ်လုံး၏ တံခါးဝတွင် ရပ်တန့်လိုက်ကြသည်။
ထိုစဉ် အိမ်ထဲမှ ဆံပင်ကို မြင်းမြီးပုံစံ မြင့်မြင့်စည်းထားသော ကောင်လေးတစ်ယောက် ပြေးထွက်လာသည်။
သူသည် အသက်ကိုးနှစ်၊ ဆယ်နှစ်ခန့်ရှိပြီး ဝတ်ထားသောအင်္ကျီမှာ ဖာထေးရာများဖြင့် ပြည့်နှက်နေကာ မျက်နှာတွင် ပေရေနေသော်လည်း မျက်လုံးများမှာမူ တောက်ပ၍ တက်ကြွနေ၏။
လုံယီကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများမှာ အရောင်တောက်သွားပြီး “ဦးလေးလုံ” ဟု လှမ်းခေါ်လိုက်သည်။
လုံယီက အားယူကာ ပြုံးလိုက်ပြီး - “ဒိုကီ... မင်းအမေရော”
“အိမ်ထဲမှာ အင်္ကျီချုပ်နေတယ်လေ။ အော်... ဒါနဲ့ ကျွန်တော့်အဖေက ဘာလို့ ပြန်မလာသေးတာလဲဟင်”
ဒိုကီဟု ခေါ်သော ထိုကောင်လေးက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းဆိုသလို တိတ်ဆိတ်သွားတော့သည်။
“အာလုံ ရောက်လာတာလား”
နွမ်းလျသော ရုပ်သွင်နှင့် မျက်နှာအနည်းငယ် ဝါဖန့်ဖန့်ရှိသော အမျိုးသမီးတစ်ဦး အိမ်ထဲမှ ခပ်သွက်သွက် ထွက်လာသည်။
သူမမှာ ချန်ချန်း၏ ဇနီး ချန်စွန်းပင်။
သူမ၏ မျက်နှာတွင် ဦးစွာ၌ ယဉ်ကျေးပျူငှာသော အပြုံးတစ်ခု ရှိနေခဲ့သည်။
သို့သော်လည်း လုံယီနှင့် အခြားသူများ၏ တောင့်တင်းနေသော မျက်နှာအမူအရာများကို မြင်လိုက်ရသောအခါ သူမ၏ အပြုံးများမှာ အေးခဲသွားတော့သည်။
မြက်ရွက်များဖြင့် ပတ်ထားသော အထုပ်နှင့် ထိုအထုပ်၏ အဆုံးသတ်ပိုင်းမှ တစိမ့်စိမ့် ကျဆင်းနေသော အနီရောင်အရည်များကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်နှာမှာ ဖြူလျော်သွားပြီး လူပင် ယိုင်လဲမတတ် ဖြစ်သွားရ၏။
ခဏအကြာတွင်မူ စူးရှသော ငိုကြွေးသံများမှာ လေထုထဲတွင် ပျံ့လွင့်သွားတော့သည်။
“ကလေးအဖေရယ်... ကျွန်မတို့ကို ဘယ်လိုများ ရက်ရက်စက်စက် ပစ်သွားရတာလဲ”
“အခုတော့ ကျွန်မတို့ သားအမိနှစ်ယောက်တည်း... ဘယ်လိုများ အသက်ဆက်ရတော့မှာလဲ”
လုံယီသည် မိမိကိုယ်တိုင် မည်သို့ထွက်ခွာလာခဲ့သည်ကိုပင် သတိမထားမိဘဲ မိမိရွာရှိရာဘက်သို့သာ ထုံထုံထိုင်းထိုင်းဖြင့် လျှောက်လှမ်းလာခဲ့သည်။
သူနေထိုင်သောရွာမှာ အယ်ဟယ်ရွာဖြစ်ပြီး တိုက်ဟယ်ရွာနှင့် မြစ်တစ်စင်းသာ ခြားသည်။ ထိုရွာနှစ်ရွာအကြားတွင် လက်ရန်းအချို့ ကျိုးပဲ့နေသော ကျောက်တံတားဟောင်းကြီးတစ်စင်း ရှိလေသည်။
မာကြောသော မြေသားလမ်းပေါ်သို့ လှမ်းတက်လိုက်သည်နှင့် လမ်းဘေးဝဲယာတွင် ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် အိမ်သာများကို တွေ့ရပြီး ပေါင်းပင်နှုတ်နေသူ သို့မဟုတ် မြေဩဇာထမ်းလာသော ရွာသားအချို့ကိုလည်း ရံဖန်ရံခါ မြင်တွေ့ရတတ်သည်။
“အာလုံ... ဒီနေ့ ပြန်လာတာ နောက်ကျလှချည်လား”
အချို့က လုံယီကို နှုတ်ဆက်ကြသော်လည်း အများစုမှာမူ တစ်ချက်မျှ ကြည့်ရုံသာကြည့်ပြီး ဘာမှမပြောကြချေ။
သို့သော် လုံယီ၏ မှတ်ဉာဏ်ထဲတွင်မူ သူ၏ပညာရှိဖခင် မကွယ်လွန်မီက ထိုရွာသားများမှာ အလွန်တရာ ဖော်ရွေပျူငှာခဲ့ကြသည်ဟု မှတ်သားထားမိသည်။
တောသူတောင်သားတွေက ရိုးသားကြပါတယ်လို့ ဘယ်သူက ပြောခဲ့တာလဲ။
လုံယီသည် ခေါင်းကိုခါယမ်းကာ ထိုလောကီရေးရာ အတွေးစများကို မေ့ဖျောက်လိုက်သည်။
ရွာ၏ အနောက်ဘက်အစွန်ဆုံးသို့ ရောက်ရှိလာသောအခါ ကျေးလက်တွင် တွေ့ရခဲသော နှစ်ထပ် ကျောက်တိုက်အိမ် သုံးလုံးကို မြင်လိုက်ရသည်။ နီရဲသော တံတိုင်းများ၊ ခြံဝင်းများဖြင့် ဝန်းရံထားသည့် ထိုအိမ်ကြီးများမှာ သာမန်အိမ်ထောင်စုများထက် စီးပွားရေးအဆင့်အတန်း လုံးဝကွာခြားလှသည်မှာ သိသာလှပေသည်။
ထိုအိမ်ကြီးသုံးလုံးမှာ သူနှင့် မည်သို့မျှ မသက်ဆိုင်ပေ။
လုံယီသည် တံတိုင်းတစ်ခု၏ နောက်ဘက်သို့ ပတ်လျှောက်သွားသောအခါမှ တံတိုင်းဖြင့် ကွယ်နေသော သူ၏ တစ်ထပ် ကျောက်အိမ်လေးကို မြင်လိုက်ရသည်။
ဆေးများကွာကျနေသော သစ်သားတံဘါးမှာ တစ်ဖက်လူက တမင်တကာ ကွေ့ဝိုက်ဆောက်ထားသော တံတိုင်းနှင့် သုံးမီတာပင် မဝေးတော့ပေ။ တံခါးဝရှိ ကျောက်လှေကားထစ်များတွင် မှော်များတက်နေခြင်းက ဤနေရာသည် ပုံမှန်အားဖြင့် နေရောင်ခြည် လုံးဝမရရှိကြောင်းကို ဖော်ပြနေသည်။
“အစုတ်ပလုတ် ချီမိသားစု...”
လုံယီသည် တိုးတိုးလေး ရေရွတ်ရင်း တံခါးကို ကျွမ်းကျင်စွာ ဖွင့်လိုက်သည်။
အိမ်ထဲသို့ဝင်၍ တံခါးပိတ်ကာ မင်းတုတ်ကို သေသေချာချာချပြီးနောက် မီးခွက်ကို အားရပါးရ ထွန်းညှိလိုက်သည်။
မှိန်ပျပျ ဆီမီးရောင်အောက်တွင် အိမ်ထဲရှိ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရပြီ ဖြစ်သည်။
မီးဖို၊ ရေအိုး၊ ဆန်ပုံး၊ ခုံတန်းလျား၊ သစ်သားခုတင်၊ ထင်းပုံ၊ ပေါက်ပြူးနှင့် ကောက်ရိုးဖိနပ်များ... အသုံးအဆောင် အမျိုးမျိုးမှာ ဟိုတစ်စ ဒီတစ်စ ရှိနေသည်။
ဖြူဖတ်ဖြူလျော် ရွှံ့စေးများ ကွာကျနေသော ကျောက်တံတိုင်းမှာလည်း မီးခိုးရောင်နှင့် ရောထွေးနေပြီး အရောင်အသွေး မညီညာလှပေ။
အိမ်သို့ ပြန်ရောက်လာသည်နှင့် လုံယီသည် ဖော်ပြမတတ်သော သက်သောင့်သက်သာရှိမှုကို ခံစားလိုက်ရသည်။ ဤအိမ်လေးမှာ သူ၏ပညာရှိဖခင် ချန်ထားရစ်ခဲ့သော အကြီးမားဆုံး အမွေအနှစ် ဖြစ်ပေသည်။
ကျောက်တိုက်အိမ်ဟူသည်မှာ ဤရွာတွင် အတော်ပင် ထင်ရှားသော အဆင့်အတန်းတစ်ခု ဖြစ်သည်။
အကယ်၍ သားသတ်သမား ချီကဲ့သို့ ဒုက္ခပေးတတ်သော အိမ်နီးချင်းမျိုးသာ မရှိခဲ့လျှင် သူ၏ဘဝမှာ ယခုထက် ပို၍ နေပျော်ဖွယ်ကောင်းမည်မှာ အမှန်ပင်။
သားသတ်သမားချီသည် လုံယီ၏ဖခင်ထက် ၁၀ နှစ်ခန့် ကြီးပြီး ဝက်သတ်ခြင်းဖြင့် အသက်မွေးခဲ့သူဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက စည်းကမ်းမဲ့ကာ ရန်လိုတတ်သူဖြစ်ပြီး ရွာတွင် လူမိုက်အဖြစ် ဗိုလ်ကျစိုးမိုးကာ စည်းစိမ်ဥစ္စာ အတော်အတန် စုဆောင်းနိုင်ခဲ့သူ ဖြစ်သည်။
လုံယီ၏ အိမ်ဘေးရှိ အိမ်ကြီးသုံးလုံးမှာ သားသတ်သမားချီ၏ သားများ ပိုင်ဆိုင်သော အိမ်များပင်။
သားကြီးဖြစ်သူ ချီလုံမှာ ဖခင်၏လုပ်ငန်းကို ဆက်ခံထားပြီး ဆယ်မိုင်ပတ်လည်တွင် အကြီးဆုံးသော သားသတ်သမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။
ဒုတိယသား ချီဟူမှာမူ ကျေးရွာစစ်ဆေးရေးရုံးတွင် လေးသည်တော်အဖြစ် ရာထူးတိုးမြှင့်ခံထားရသည်။ နည်းပညာအရ ပြောရလျှင် ဆင်ရှန်းနယ်မြေအတွင်းရှိ ကျေးရွာအားလုံးမှာ သူ၏ ကင်းလှည့်နယ်မြေအတွင်းတွင် ရှိနေသည်။
ထိုင်မြို့၏ ပြင်ပတွင် ကျေးရွာပေါင်း ၁၃ ရွာရှိရာ ဆင်ရှန်းမှာ အကြီးဆုံးသော နယ်မြေတစ်ခု ဖြစ်သည်။
တတိယသား ချီပေါင်မှာမူ ပို၍ပင် ထူးခြားလှသည်။
အခြားသစ်ခုတ်သမားများထံမှတစ်ဆင့် လုံယီ သိရှိထားသည်မှာ ထိုသူသည် မြို့မရှိ ကိုယ်ခံပညာသင်တန်းကျောင်းသို့ ဝင်ရောက်ခွင့်ရရှိထားပြီး အနာဂတ်တွင် လူကုံထံတစ်ဦး ဖြစ်လာမည့်သူပင်။
ပညာရှိလုံ သက်ရှိထင်ရှားရှိစဉ်က သားသတ်သမားချီသည် ဤမျှအထိ ဗိုလ်ကျရန် မဝံ့ရဲခဲ့ချေ။
သို့သော် ပညာရှိလုံ ကွယ်လွန်သည်နှင့် တပြိုင်နက် ချီမိသားစု၏ ခြံစည်းရိုးတံတိုင်းမှာ လုံယီ၏ အိမ်ရှေ့တံခါးဝအထိ တမင်တကာ ကွေ့ဝိုက်တိုးချဲ့လာခဲ့ပြီး နေရောင်ခြည်အများစုကို ပိတ်ဆို့ပစ်လိုက်တော့သည်။
လုံယီ၏ စိတ်ထဲတွင် ဒေါသများ အုံကြွနေသော်လည်း "သူ့အမိုးအောက်တွင် နေရသဖြင့် ခေါင်းငုံ့ရသည်" ဟူသော စကားအတိုင်း အောင့်အည်းနေခဲ့ရ၏။
ချီမိသားစုမှာ ယခုအခါ မွန်းတည့်နေကဲ့သို့ တောက်ပထွန်းလင်းနေပြီး ပတ်ဝန်းကျင်ကျေးရွာများမှ မည်သူမျှ သူတို့ကို မဆန့်ကျင်ဝံ့ကြချေ။
လုံယီသည် တံခါးမင်းတုတ်ကို တစ်ကြိမ်ထပ်၍ စစ်ဆေးပြီးနောက် သူ၏မျက်စိရှေ့မှ စိမ်းဖန့်ဖန့် အလင်းမျက်နှာပြင်ဆီသို့သာ အာရုံအားလုံးကို နှစ်မြှုပ်လိုက်တော့သည်။
[အမည် - လုံယီ]
[အသက် - ၁၉/၅၅]
[အဆင့် - မရှိ]
[ကျွမ်းကျင်မှု - သစ်ခုတ်ခြင်း (အခြေခံအဆင့်မရှိ ၀/၁) ၊ ထင်းခွဲခြင်း (အခြေခံအဆင့်မရှိ ၀/၁)]
[စွမ်းအင် - ၁]
အလင်းမျက်နှာပြင်ပေါ်ရှိ အကြောင်းအရာများမှာ မူလတန်းကျောင်းသားတစ်ဦးပင် နားလည်နိုင်လောက်အောင် ရိုးရှင်းလှသည်။
လုံယီသည် အသက်ကဏ္ဍကို ဦးစွာကြည့်လိုက်ပြီးနောက် ဆွံ့အသွားမိသည်။
သူသည် အသက်ငါးဆယ်ကျော်အထိသာ အသက်ရှင်ရမည်တဲ့လား။
သို့သော် ယခုလက်ရှိတွင် အခက်အခဲများစွာ ရှိနေသည်ဖြစ်ရာ လက်ရှိဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ရေးမှာသာ ပို၍ အရေးကြီးလှသည်။ သူသည် ထိုအကြောင်းကို ထပ်မံမတွေးတော့ဘဲ ကျွမ်းကျင်မှုကဏ္ဍကိုသာ ကြည့်လိုက်သည်။
သစ်ခုတ်ခြင်းနှင့် ထင်းခွဲခြင်း... ဒါတွေက ကျွမ်းကျင်မှုလို့ ခေါ်လို့ရလို့လား။
ဒါ့အပြင် ငါသစ်ခုတ်လာတာ၊ ထင်းခွဲလာတာ နှစ်တွေတောင် ကြာလှပြီ။ ဒါတောင် အခြေခံအဆင့်တောင် မရှိသေးဘူးလား။
လုံယီသည် ရင်ဘတ်ထဲမှ ပုဆိန်ကို ထုတ်ယူလိုက်ပြီး မြေပြင်ပေါ်ရှိ ထင်းတုံးတစ်တုံးကို ထောင်ကာ ခပ်ပေါ့ပေါ့လေး တစ်ချက်ခုတ်လိုက်သော်လည်း ဘာမှပြောင်းလဲမသွားသည်ကို တွေ့လိုက်ရသည်။
ဒါဆိုရင်...
လုံယီသည် စွမ်းအင်ဟု ခေါ်သော နောက်ဆုံးကဏ္ဍကို ကြည့်လိုက်သည်။ သူ ယခင်က ဖတ်ခဲ့ဖူးသော ဝတ္ထုများကို ပြန်လည်အမှတ်ရမိသည်။ ဤစွမ်းအင်က ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်ပေးနိုင်ခြင်းများ ဖြစ်နေမလား။
ထိုသို့ တွေးလိုက်မိသည်နှင့် တပြိုင်နက် သစ်ခုတ်ခြင်းနှင့် ထင်းခွဲခြင်း ကျွမ်းကျင်မှုများ၏ နောက်တွင် မှိန်ဖျော့ဖျော့ အပေါင်းလက္ခဏာလေးတစ်ခု ပေါ်လာတော့သည်။
လက်ရှိအခြေအနေအရ လုံယီသည် ထင်းခွဲခြင်းကျွမ်းကျင်မှုအပေါ် ပို၍ အာရုံစိုက်မိသည်မှာ သဘာဝကျလှပေသည်။
သူသည် စိတ်ထဲမှနေ၍ ထင်းခွဲခြင်းကဏ္ဍနောက်က အပေါင်းလက္ခဏာကို အင်အားတစ်ခုဖြင့် ဖိနှိပ်လိုက်သည်ဟု စိတ်ကူးလိုက်၏။
ထိုအခါ ထင်းခွဲခြင်းစာတန်းမှာ ခဏမျှ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီးနောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် (အခြေခံအဆင့်သို့ ရောက်ရှိ ၀/၃) ဟု ပြောင်းလဲသွားတော့သည်။
အောက်ဆုံးရှိ စွမ်းအင်ကဏ္ဍတွင်မူ စွမ်းအင်တစ်မှတ် လျော့နည်းသွားပြီး သုညဖြစ်သွား၏။
[အမည် - လုံယီ]
[အသက် - ၁၉/၅၅]
[အဆင့် - မရှိ]
[ကျွမ်းကျင်မှု - သစ်ခုတ်ခြင်း (အခြေခံအဆင့်မရှိ ၀/၁) ၊ ထင်းခွဲခြင်း (အခြေခံအဆင့်သို့ ရောက်ရှိ ၀/၃)]
[စွမ်းအင် - ၀]
ထိုအချိန်တွင်ပင် သူ၏ဦးနှောက်ထဲ၌ မှတ်ဉာဏ်အချို့မှာ ရုပ်ရှင်ကားတစ်ကားကို အရှိန်မြှင့်ပြသနေသကဲ့သို့ တရစပ် ပေါ်ပေါက်လာတော့သည်။
လုံယီသည် မျက်လုံးများကို မှိတ်ထားပြီး ထိုခံစားချက်ကို အသေးစိတ် ခံစားကြည့်မိ၏။
ထိုမှတ်ဉာဏ်ရုပ်ရှင်ထဲတွင် သူသည် အသက် ၁၉ နှစ်အရွယ် လူငယ်လေးအဖြစ်သာ ရှိနေဆဲပင်။
နှစ်ပေါင်းများစွာ ထင်းခွဲလာခဲ့ပြီးနောက် သူသည် ထင်းခွဲသည့်နှုန်းကို ဘယ်လိုမြှင့်တင်ရမလဲ ဟူသောအချက်ကို စတင်စဉ်းစားလာခဲ့သည်။
ရပ်နေသည့် အနေအထား၊ ပုဆိန်ကို ကိုင်ပုံကိုင်နည်း၊ ထင်းတုံး၏ မည်သည့်နေရာကို ခွဲရမည်ဟူသော အချက်အားလုံးမှာ အရေးကြီးလှသည်ဟု ထင်ရသည်။
သူသည် အမြဲမပြတ် လက်တွေ့စမ်းသပ်ကာ အမြဲမပြတ် ပြုပြင်သည်။
ငါးနှစ်အကြာတွင်မူ လုံယီသည် လက်တွေ့ကျသော နည်းစနစ်တစ်ခုကို နောက်ဆုံးတွင် အနှစ်ချုပ်နိုင်ခဲ့သည်။ ထင်းခွဲသည့်နှုန်းမှာလည်း တစ်စထက်တစ်စ မြန်ဆန်လာပြီး ပုဆိန်ကို အသုံးပြုပုံမှာလည်း ပို၍ ကျွမ်းကျင်လာခဲ့သည်။
ထူးခြားသော နွေးထွေးမှုတစ်ခုမှာ လေဟာနယ်ထဲမှ ပေါ်ထွက်လာပြီး သူ၏ခြေလက်အင်္ဂါများနှင့် အရိုးအဆစ်များအတွင်းသို့ အဆုံးမရှိ စီးဆင်းလည်ပတ်သွားတော့သည်။
လုံယီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏လက်မောင်းကို ညှစ်ကြည့်လိုက်ရာ ကြွက်သားများမှာ သိသိသာသာ တောင့်တင်းသွားပြီး ခွန်အားများလည်း တိုးတက်လာကြောင်း ခံစားလိုက်ရသည်။
ထိုငါးနှစ်တာ ထင်းခွဲခဲ့သော အတွေ့အကြုံများသည် စိတ်ကူးယဉ်မှတ်ဉာဏ်ထဲတွင်သာ ရှိနေသည်မဟုတ်ဘဲ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကပါ တကယ်တမ်း ခံစားခဲ့ရသကဲ့သို့ပင်။
ထို့ကြောင့် ကြွက်သားစုများမှာလည်း သဘာဝအလျောက် ပိုမိုဖွံ့ဖြိုးလာခြင်း ဖြစ်သည်။
လုံယီသည် သူ၏လက်ထဲမှ ပုဆိန်ကို တစ်ဖန် ပြန်ကြည့်လိုက်သည်။
သူသည် လက်နှစ်ဖက်ဖြင့် ပုဆိန်ကို ခွဲကိုင်လိုက်ပြီး လက်တစ်ဖက်ကို ပုဆိန်ရိုး၏ အပေါ်ဘက်တွင် ထားကာ အခြားလက်တစ်ဖက်ကိုမူ ပုဆိန်ရိုးအဆုံးမှ လက်သီးတစ်ဆုပ်စာအကွာတွင် ထားလိုက်သည်။
သူ၏ ဘယ်ဘက်ခြေထောက်ကို အရှေ့သို့ အနည်းငယ် ကွေးထုတ်လိုက်ပြီး ခြေနှစ်ဖက်လုံးပေါ်တွင် အလေးချိန်ကို မျှခြေဖြစ်အောင် ထားလိုက်သည်။ ပုဆိန်ကို လွှဲလိုက်ချိန်တွင် ပုခုံးကို အနည်းငယ် လိမ်လိုက်ပြီး လက်မောင်းကို အဆုံးထိ ဆန့်ထုတ်ကာ ချောမွေ့သော အဝိုင်းပုံစံ အရှိန်ကို ယူလိုက်သည်။
ဤတစ်ကြိမ် ပုဆိန်လွှဲလိုက်ခြင်းမှာ ယခင်ကနှင့်မတူဘဲ မကြုံစဖူး ထူးကဲသော သက်သောင့်သက်သာရှိမှုကို ခံစားလိုက်ရ၏။
‘ဖြောင်း’
မြေပြင်ပေါ်တွင် ထောင်ထားသော ထင်းတုံးမှာ တိတိရိရိဖြင့် နှစ်ခြမ်းကွဲသွားပြီး ဖြတ်ပိုင်းမျက်နှာပြင်မှာလည်း အဖုအထစ်မရှိဘဲ ချောမွေ့နေတော့သည်။
“ဟားဟား”
လုံယီသည် တစ်နေ့တာလုံး ကြုံတွေ့ခဲ့ရသော စိတ်ပျက်အားငယ်မှုများကို ဖွင့်ထုတ်လိုက်သကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။