← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း။ ၅

သို့သော် သူ၏လက်ချောင်းများက အလောင်း၏ ပျော့အိနေသော အရေပြားကို ထိတွေ့လိုက်

သည်အထိ စွမ်းရည်မျက်နှာပြင်မှာမူ မည်သည့်တုံ့ပြန်မှုမျှ မပြခဲ့ချေ။

“ငါ့ကို လာနောက်မနေနဲ့လေ”

လုံယီသည် အရှုံးမပေးဘဲ အကြိမ်ကြိမ် ထပ်မံကြိုးစားကြည့်သော်လည်း ရလဒ်ကတော့ အတူတူပင်။

မည်သည့်အချိန်မဆို ခေါ်ယူကြည့်ရှုနိုင်သည့် စိမ်းဖန့်ဖန့် အလင်းမျက်နှာပြင်သာ မရှိခဲ့လျှင် သူသည် သူ၏ အထူးစွမ်းအားတည်ရှိမှုကိုပင် သံသယဝင်မိတော့မည် ဖြစ်သည်။

“ဒါ မဖြစ်နိုင်တာ။ ငါ ချန်ချန်းရဲ့ အလောင်းဆီကနေ စွမ်းအင် ရခဲ့တာပဲ မဟုတ်လား”

လုံယီသည် အရှုံးမပေးလိုဘဲ ယနေ့ညတွင် သူ၏အထူးစွမ်းအား အလုပ်လုပ်သည့် စည်းကမ်းချက်များကို အပြီးတိုင် ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် သတိထားသည့်အနေဖြင့် တူးထားသော ကျင်းကို ပြန်လည်ဖုံးအုပ်ခဲ့ပြီးနောက် အခြားဂူများကို ဆက်လက်တူးခဲ့သည်။

ဒုတိယမြောက်ဂူတွင်မူ ဆေးမသုတ်ထားသော ဝါကျင့်ကျင့် သစ်သားခေါင်းတလား တစ်လုံးကို တွေ့ရသည်။ အချိန်အတော်ကြာနေပြီဖြစ်၍ သံများမှာ ချောင်နေပြီဖြစ်ရာ လုံယီသည် ခေါင်းတလားအဖုံးကို အလွယ်တကူပင် မတင်နိုင်ခဲ့သည်။

သို့သော် နောက်တစ်စက္ကန့်တွင်မူ ယခင်ကထက် ဆယ်ဆမျှ ပိုမိုဆိုးရွားသော ပုပ်စော်ကြီးက သူ၏အာရုံများကို တိုက်ခိုက်လိုက်ရာ လုံယီမှာ အသက်ရှူရကျပ်သွားတော့သည်။

သူ့ရှေ့မှ မြင်ကွင်းကလည်း သူ၏အစာအိမ်ကို ပို၍ပင် လှုပ်ခတ်သွားစေ၏။

ပုပ်စပ်နေသော အသားမည်းမည်းများ၊ ပေါ်ထွက်နေသော အရိုးဖြူဖြူများ၊ အရေပြားများမှာ အရည်ပျော်ကျနေသကဲ့သို့ တစိမ့်စိမ့်ထွက်နေကာ ထိုကြားထဲတွင် တရွရွလှုပ်ရှားနေသော လောက်ကောင်များမှာမူ ဘဝ၏ ရှင်သန်အားကောင်းမှုကို ပြသနေသယောင်...

အစာအိမ်ထဲမှ ပျို့တက်လာသဖြင့် လုံယီသည် အသက်ဝဝရှူရန် ဘေးသို့ ခပ်မြန်မြန် ရှောင်ထွက်ခဲ့ရသည်။

ထို့နောက် အသက်ကို အောင့်ထားပြီး မူလနေရာသို့ ပြန်သွားကာ သူ၏ညာလက်ကို အောက်သို့ နှိုက်လိုက်သည်။

ဖြစ်စဉ်များကို အသေးစိတ် ပြောစရာပင် မလိုတော့ဘဲ ရလဒ်ကတော့ လုံယီကို ထပ်မံစိတ်ပျက်စေခဲ့ပြန်သည်။

သူသည် လမ်းကြောင်းမှားနေပြီလားဟု သူကိုယ်သူ ပြန်လည်မေးခွန်းထုတ်ရင်း အားငယ်စိတ် ဝင်လာမိသည်။

တတိယမြောက်ဂူတွင်မူ ခေါင်းတလားပင် မရှိတော့ဘဲ ကောက်ရိုးဖျာတစ်ချပ်နှင့်သာ ပတ်ထားသည်။ ခေါင်းတလားဟူသည်မှာ အတော်ပင် ဈေးကြီးလှရာ မိသားစုတိုင်း မဝယ်နိုင်ကြချေ။

ဤခေတ်ကာလတွင် မင်္ဂလာကိစ္စများသာမက နာရေးကိစ္စများမှာလည်း မိသားစုများကို ဒေဝါလီခံစေနိုင်သည်အထိ ကုန်ကျစရိတ် များပြားလှသည်။ ထို့ကြောင့်ပင် ဖခင်ကို သင်္ဂြိုဟ်ရန် မိမိကိုယ်ကို ကျွန်အဖြစ် ရောင်းချခြင်းဆိုသည်မှာ တင်စားပြောဆိုခြင်းမျှသာ မဟုတ်တော့ချေ။

ကောက်ရိုးဖျာကို လှန်ကြည့်လိုက်သောအခါ အတွင်းမှ မြင်ကွင်းမှာလည်း ရှေ့ကအတိုင်းပင် ဆိုးရွားလှသည်။

လုံယီ ဘာမှမရခဲ့ပြန်ပေ။

သူသည် မြေကျင်းကို ပြန်ဖုံးလိုက်ပြီး ထိုအပေါ်မှာပင် ထိုင်ကာ ပြဿနာက ဘယ်မှာလဲဆိုသည်ကို စတင်စဉ်းစားတော့သည်။

ခဏအကြာတွင် သူ၏နားက စွင့်သွားပြီး ရှေ့ကိုကြည့်လိုက်ရာ သုသာန်အတွင်း၌ တောက်ပသော မီးတုတ်နှစ်ခုကို တွေ့လိုက်ရသည်။

လုံယီသည် ခပ်မြန်မြန်ပင် ပေါက်ပြားကိုဆွဲကာ မြက်တောထဲတွင် ပုန်းအောင်းလိုက်၏။

ညဦးယံလေပြေက ထိုလူသစ်များ၏ စကားပြောသံကို သူ၏နားထဲသို့ ရှင်းလင်းစွာ သယ်ဆောင်လာပေးတော့သည်။

“တကယ်ပဲ ဒီအတိုင်း မြှုပ်ပစ်တော့မှာလား”

အမျိုးသားတစ်ဦး၏ အသံက ဝေခွဲမရစွာ ထွက်ပေါ်လာသည်။

“သူကိုယ်သူ ဆွဲကြိုးချသေတာသာ လူတွေသိသွားရင် တို့ကို ကျေးဇူးကန်းတဲ့ သားသမီးတွေလို့ ပြောကြလိမ့်မယ်။ အဲ့ကျရင် ငါတို့က လူကြားထဲ ဘယ်လိုမျက်နှာပြရမှာလဲ”

ဒုတိယအသံမှာ စူးရှရှနှင့် အမျိုးသမီးတစ်ဦး၏ အသံဖြစ်နေသည်။

“ဒါပေမဲ့ တခြားလူတွေက မေးလာရင်ကော...”

အမျိုးသားက စိုးရိမ်တကြီး မေးပြန်သည်။

“ကွမ်ကျိုးက သူ့ဇာတိကို ပြန်ပို့လိုက်ပြီလို့ ပြောလိုက်ပေါ့။ ဘယ်သူသိမှာလဲ။ မြန်မြန်မြှုပ်စမ်းပါ။ မှောင်နေပြီကို။ အပြီးဖြတ်ရအောင်”

အမျိုးသမီးက တိုက်တွန်းနေ၏။

လုံယီသည် ဘေးမှနေ၍ တစ်ချက်မျှ မလှုပ်ဘဲ တိတ်တဆိတ် နားထောင်နေခဲ့သည်။

ထို့နောက် မြေတူးသံ၊ အလောင်းသယ်သံနှင့် မြေပြန်ဖုံးသံများကို ကြားလိုက်ရသည်။

ထိုလူနှစ်ဦး ထွက်သွားသည်ကို အတည်ပြုပြီးနောက် လုံယီသည် သူတို့ရှိခဲ့သော နေရာသို့ သွားလိုက်သည်။ မှိန်ပျပျ လရောင်အောက်တွင် မြေပုံအသစ်ကို အလွယ်တကူပင် ရှာတွေ့ခဲ့၏။

သူသည် အသက်ကို ပြင်းပြင်းရှူပြီးနောက် ထိုမြေကျင်းကို စတင်တူးတော့သည်။

မြေအောက်တွင်မူ ကောက်ရိုးဖျာနှင့် ပတ်ထားသော အဘွားအိုတစ်ဦး ရှိနေသည်။ ဝတ်ထားသော အင်္ကျီမှာ အပေါက်အပြဲများဖြင့် ပြည့်နေပြီး ခန္ဓာကိုယ်မှာလည်း ပိန်ချုံးလျက်ရှိသည်။ မျက်နှာမှာ ညိုမည်းနေကာ ခြေလက်များမှာ တောင့်တင်းနေပြီး သေဆုံးသည်မှာ မကြာသေးကြောင်း သိသာလှသည်။

သူမ၏ လည်ပင်းတွင်မူ အနီရောင် အမှတ်အသားတစ်ခုကို ထင်ရှားစွာ မြင်တွေ့နေရ၏။

“ထျန်းဖန်းရွာက အဘွားအိုလီ ထင်တယ်။ ကြားဖူးတာကတော့ သူ့ချွေးမက ခဏခဏ ရိုက်နှက်ဆဲဆိုပြီး ထမင်းငတ်ထားတယ်ဆိုပဲ။ တကယ် သနားစရာကောင်းလိုက်တာ”

လုံယီသည် အလေ့အကျင့်အတိုင်း လက်ကို ဆန့်ထုတ်လိုက်သည်။

ရုတ်တရက်ဆိုသလို ရင်းနှီးနေသော စာတန်းလေးတစ်ခု ပေါ်လာသည်။

‘စွမ်းအင် +၁ စုပ်ယူမလား’

“ဟား... မိုက်လိုက်တာ”

လုံယီသည် စိတ်လှုပ်ရှားလွန်းသဖြင့် ဝုန်းကနဲ ခုန်မိရာ မြေကျင်းထဲသို့ပင် ပြုတ်ကျမတတ် ဖြစ်သွားသည်။

စွမ်းအင်ဆိုသည်မှာ အမှန်တကယ်ပင် ကွယ်လွန်သူများနှင့် ဆက်စပ်နေပေသည်။ သူ၏ ခန့်မှန်းချက် မှန်ကန်သွားပြီ ဖြစ်သည်။

ယခင် အလောင်းများတွင် ဘာကြောင့် အလုပ်မလုပ်တာလဲဆိုသည်ကိုမူ လုံယီ အကြမ်းဖျင်း ခန့်မှန်းမိနေ၏။

နောက်ထပ် အနည်းငယ်လောက် ထပ်မံစမ်းသပ်ကြည့်လျှင် အဖြေကို အတည်ပြုနိုင်လိမ့်မည်။

ကျင်းတူးလိုက်၊ ပြန်မြှုပ်လိုက်နှင့် လေးခုမြောက်ပြီးသောအခါ သူ၏ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်နေပြီး ဗိုက်ကလည်း ဆာလာပြီဖြစ်သည်။ လုံယီသည် ပြန်ရန် ပြင်လိုက်တော့သည်။

မပြန်မီ သူသည် ခဏမျှ စဉ်းစားကာ သစ်သားချောင်းပြားတစ်ခုကို ရှာယူပြီး အဘွားအို လီ အတွက် ဂူဗိမာန်မှတ်တိုင်အဖြစ် ကျင်းရှေ့တွင် စိုက်ပေးခဲ့သည်။

...

လာစဉ်က စိုးရိမ်ထိတ်လန့်နေခဲ့သော်လည်း အပြန်လမ်းတွင်မူ သူ၏စိတ်မှာ အတော်ပင် ပေါ့ပါးနေတော့သည်။

စွမ်းရည်ပြမျက်နှာပြင်ကို ပိုင်ဆိုင်ထားပြီး စွမ်းအင်ရရှိမည့် လမ်းစကိုလည်း ရှာတွေ့ထားပြီဖြစ်ရာ အနာဂတ်မှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး လုံယီသည် အားအင်များ ပြည့်ဝနေတော့သည်။

အိမ်ပြန်ရောက်ရောက်ချင်း ရေအိုးထဲမှ ရေကိုခပ်ကာ တစ်ကိုယ်လုံးကို သေသေချာချာ ဆေးကြောပစ်လိုက်သည်။ သူ့အပေါ်တွင် ကပ်ညှိနေနိုင်သော မကောင်းသည့် အနံ့အသက်များကို ဖယ်ရှားပစ်လိုက်ခြင်း ဖြစ်သည်။

ထို့နောက် ခုတင်ပေါ်တွင် လဲလျောင်းကာ စွမ်းရည်ပြမျက်နှာပြင်ကို ဆက်လက်လေ့လာနေမိ၏။

စွမ်းအင်ကဏ္ဍတွင် ထပ်တိုးလာသော ရမှတ်တစ်ခုကို မြင်လိုက်ရသောအခါ သူ၏ပါးစပ်မှာ အလိုအလျောက် ပြုံးမိသွားသည်။

သစ်ခုတ်ခြင်း (အခြေခံအဆင့်မရှိ ၀/၁) ဟူသော စာတန်း၏ နောက်ကွယ်တွင်မူ မှိန်ဖျော့ဖျော့အပေါင်းလက္ခဏာလေးတစ်ခု ပေါ်လာခဲ့သည်။

လုံယီသည် သူ၏စိတ်အာရုံဖြင့် အပေါင်းလက္ခဏာကို ဖိနှိပ်လိုက်ရာ သစ်ခုတ်ခြင်း ကျွမ်းကျင်မှုမှာလည်း ထင်းခွဲခြင်းကဲ့သို့ပင် အခြေခံအဆင့်သို့ ကူးပြောင်းသွားတော့သည်။

[အမည် - လုံယီ]

[အသက် - ၁၉/၅၅]

[အဆင့် - မရှိ]

[ကျွမ်းကျင်မှု - သစ်ခုတ်ခြင်း (အခြေခံအဆင့် ၀/၃) ၊ ထင်းခွဲခြင်း (အခြေခံအဆင့် ၀/၃)]

[စွမ်းအင် - ၀]

သစ်ခုတ်ခြင်းနှင့် ပတ်သက်သော မှတ်ဉာဏ်များမှာ သူ၏ဦးနှောက်ထဲသို့ ရုတ်ချည်း တိုးဝင်လာခဲ့သည်။

သူသည် သစ်ခုတ်သမားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားကာ နေ့စဉ်မပြတ်၊ တစ်ရက်မျှ အနားမယူဘဲ ခြောက်နှစ်တိုင်တိုင် သစ်ခုတ်ခဲ့သည့် အတွေ့အကြုံများပင်။

သစ်ခုတ်သည့်အရှိန်မှာ တစ်စထက်တစ်စ မြန်ဆန်လာပြီး ပုဆိန်ကို အသုံးပြုပုံမှာလည်း ပို၍ ကျွမ်းကျင်ပေါ့ပါးလာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်အတွင်း၌ နွေးထွေးသော စီးဆင်းမှုတစ်ခု ပေါ်ပေါက်လာပြီး တစ်ကိုယ်လုံးကို သာယာစွာ လှည့်ပတ်သွားတော့သည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိဘဲ ထိုနွေးထွေးမှု ပျောက်ကွယ်သွားချိန်တွင် လုံယီသည် ခုတင်ပေါ်မှ ဝုန်းကနဲ ခုန်ဆင်းလိုက်သည်။

သူ၏လက်မောင်းတွင် ကြွက်သားများမှာ သိသိသာသာ ထွက်ပေါ်လာပြီး ဝမ်းဗိုက်ရှိ ကြွက်သားများမှာလည်း အထပ်ထပ် ထင်ရှားနေတော့သည်။ သင်္ချိုင်းတူးခဲ့စဉ်က ပင်ပန်းနွမ်းနယ်မှုများမှာလည်း အရိပ်အယောင်ပင် မကျန်တော့ချေ။

သူ၏ခွန်အားမှာ နောက်တစ်ဆင့် ထပ်မံတိုးတက်လာခဲ့ပြန်ပြီ။

လုံယီသည် ရေအိုး၏ အနားသတ်ကို လက်တစ်ဖက်တည်းဖြင့် ကိုင်ကာ မလိုက်ရာ ရေ ၇၀ ရာခိုင်နှုန်းခန့် ပြည့်နေသော ရေအိုးကြီးမှာ အံ့ဩဖွယ်ကောင်းလောက်အောင် ကြွတက်လာတော့သည်။

ယခင်ကဆိုလျှင် လက်နှစ်ဖက်ဖြင့်ပင် အနိုင်နိုင် မခဲ့ရခြင်း ဖြစ်သည်။

မည်သည့်စမ်းသပ်ကိရိယာမျှ မရှိသဖြင့် သူ၏ခွန်အား မည်မျှတိတိကျကျ တိုးလာသည်ကို မသိနိုင်သော်လည်း ၅၀ ရာခိုင်နှုန်းကျော် တိုးလာသည်ဟု သူ ခန့်မှန်းမိသည်။

သာမန်လူများကြားတွင်မူ သူသည် ပျမ်းမျှအဆင့်ထက် အပြတ်အသတ် သာလွန်သွားပြီ ဖြစ်သည်။

သူ၏ ကျွမ်းကျင်မှု နှစ်ခုစလုံးမှာ အခြေခံအဆင့်သာ ရှိသေးသည်။ အကယ်၍ ထပ်မံ အဆင့်တက်သွားဦးမည်ဆိုလျှင်ကော...

အဲ့ကျရင် ငါဘယ်လောက်တောင် သန်မာလာမှာလဲ။

ဆင်ရှန်းနယ်မြေ ဆယ်မိုင်ပတ်လည်တွင် ကျော်ကြားလှသည့် ဒယ်အိုးကြီးကို မနိုင်သော ခွန်အားပိုင်ရှင် ဖြစ်လာရန်မှာ အိပ်မက်သက်သက် မဟုတ်တော့ချေ။

’စွမ်းအင်... ငါ စွမ်းအင်တွေ ပိုပြီး လိုအပ်တယ်’

လုံယီသည် စိတ်လှုပ်ရှားစွာဖြင့် ခုတင်ပေါ်တွင် ဟိုဘက်လှည့် ဒီဘက်လှည့် ဖြစ်နေရင်း နောက်ဆုံးတွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

‘ဒေါက် ဒေါက် ဒေါက်’

‘ဒေါက် ဒေါက် ဒေါက်’

တံခါးကို အလောတကြီး လာရောက်ခေါက်သံကြောင့် လုံယီ လန့်နိုးသွားသည်။

“ဘယ်သူလဲဗျ”

“ကျွန်တော်ပါ လျိုဇီပါ”

လုံယီ တံခါးဖွင့်လိုက်သောအခါ မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူးနှင့် လေးထောင့်ကျကျ မျက်နှာပိုင်ရှင် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

သူက အလောတကြီးပင် “အာယီ... မြေပိုင်ရှင် ကျားက လူလွှတ်ပြီး ကျားကြီးကို မောင်းထုတ်လိုက်ပြီတဲ့။ အခု တောင်လေးက စိတ်ချရပြီဆိုတော့ ငါတို့ အလုပ်ပြန်ဆင်းလို့ ရပြီဟေ့” ဟု ပြောကာ လှည့်ထွက်သွားတော့သည်။

“ကျေးဇူးပဲ အစ်ကိုလျို ရေနွေးကြမ်းလေး ဘာလေး သောက်ပါဦးလားဗျ”

လုံယီက လှမ်းတားသော်လည်း…

“မသောက်တော့ဘူးကွာ တခြားလူတွေကိုလည်း လိုက်ပြောရဦးမယ်”

လုံယီသည် ခဏမျှ ရပ်တန့်စဉ်းစားနေမိသည်။ မြေပိုင်ရှင်ကျားက တကယ်ပဲ ကျားကြီးကို မောင်းထုတ်နိုင်ခဲ့သလား သူ မသေချာသော်လည်း တောင်ပေါ်သို့ သစ်ခုတ်ရန် ပြန်သွားဖို့ ဆုံးဖြတ်လိုက်သည်။

ဘာကြောင့်လဲဆိုတော့ ဆင်းရဲမွဲတေမှုကြောင့်ပင်။

ရှေးစကားအတိုင်းဆိုလျှင် ရက်စက်သော အုပ်ချုပ်မှုသည် ကျားထက်ပင် ကြောက်စရာကောင်းသည်ဟု ဆိုသော်လည်း အုပ်ချုပ်မှု၏ အဓိက ဖိအားပေးခြင်းမှာ ငွေကြေး သို့မဟုတ် ရွှေငွေပင်။

စွမ်းရည်ပြမျက်နှာပြင်နိုးထလာခဲ့သော်လည်း ဗိုက်ဝအောင် မည်သို့ရှာဖွေရမည်ဆိုသည့်ကိစ္စက အဓိက ပြဿနာအဖြစ် ရှိနေဆဲပင်။

မနက်စာ စားပြီးနောက် လုံယီသည် သူ၏ပုဆိန်ကို ထမ်းကာ တောင်ပေါ်သို့ တက်လာခဲ့သည်။ ပုံမှန်လာနေကျ လူဦးရေ၏ ထက်ဝက်ကျော်ခန့်သာ ရောက်ရှိနေသည်ကို တွေ့ရ၏။ လူတိုင်းက သေရမှာကို မကြောက်ကြသည်တော့ မဟုတ်ပေ။

“မနက်ဖြန်မှ မလာတဲ့သူတွေကတော့ နောက်လည်း လာနေစရာ မလိုတော့ဘူး”

မြေပိုင်ရှင် ကျားမိသားစု၏ တောင်တာဝန်ခံ ဖက်တီးရန်က အေးစက်စက် ပြောလိုက်သည်။

သူသည် လူဝကြီးဖြစ်ပြီး သေးငယ်သော မျက်လုံးများရှိကာ သန့်ရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူ၏ ပုံစံမှာ ကျန်းမာသန်စွမ်းပြီး ပိန်ချုံးညိုမည်းနေသော သစ်ခုတ်သမားများနှင့် လားလားမျှ မဆိုင်ပေ။

သူ၏ ပုံမှန်တာဝန်မှာ ခုတ်ထားသော သစ်လုံးအရေအတွက်ကို စစ်ဆေးရန်နှင့် သစ်ခိုးထုတ်သူ မရှိစေဖို့ စောင့်ကြည့်ရန်ပင်။

ဥပဒေအရ မြေပိုင်ရှင်ကျားနှင့် အစိုးရသည် ဤတောင်ကို ဝယ်ယူထားခြင်းဖြစ်သဖြင့် တောင်မှထွက်သမျှ ပစ္စည်းအားလုံးမှာ သူ၏ ကိုယ်ပိုင်ပစ္စည်းများသာ ဖြစ်သည်။

သစ်လုံးဖြစ်စေ၊ ဖမ်းမိသော သားကောင်ဖြစ်စေ တောင်အောက်သို့ တိတ်တဆိတ် သယ်ဆောင်သွားခြင်းကို တားမြစ်ထားသည်။ အကယ်၍ အဖမ်းခံရပါက လက်ချိုးခံရမည် ဖြစ်သည်။

သို့သော် သစ်ကိုင်းခြောက်လေးများ သို့မဟုတ် တောဟင်းရွက် အနည်းငယ် သယ်ဆောင်သွားခြင်းကိုမူ အလွန်အကျွံမဟုတ်လျှင် မျက်ကွယ်ပြုပေးတတ်ကြသည်။

‘ဖြောင်း’

‘ဖြောင်း’

‘ဖြောင်း’

သစ်ခုတ်သံများက တောအုပ်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေပြီး လုံယီသည်လည်း သူကျွမ်းကျင်သော စည်းချက်အတိုင်း ပြန်လည်စတင်လိုက်သည်။

သစ်ခုတ်ခြင်းတွင် နည်းစနစ်ရှိသည်။ တစ်နေရာတည်းကိုပဲ အမှတ်မရှိ လိုက်ခုတ်နေ၍ မရပေ။

အထိရောက်ဆုံး နည်းလမ်းမှာ ထောင့်ဖြတ်တစ်ချက်၊ အတည့်တစ်ချက် ခုတ်ခြင်းဖြင့် အကွဲကြောင်း တစ်ခုဖန်တီးကာ ပုဆိန်ညပ်မသွားအောင် ပြုလုပ်ခြင်းပင်။

ယခုအခါ လုံယီသည် သစ်ခုတ်ခြင်းကို စနစ်တကျ ကျွမ်းကျင်လာပြီဖြစ်ရာ သူ၏ ပုဆိန်ချက်များမှာ အလွန်တိကျလာပြီး လွဲချော်ခြင်း သို့မဟုတ် စောင်းသွားခြင်းများ မရှိတော့ပေ။

အားကို မည်သည့်အချိန်တွင် အပြည့်သုံးရမည်၊ မည်သည့်အချိန်တွင် လျှော့သုံးရမည်ဆိုသော စည်းချက်ကိုလည်း သူ နားလည်သွားပြီ ဖြစ်သည်။

ထို့ကြောင့် သူ၏ သစ်ခုတ်နှုန်းမှာ ယခင်ကထက် သိသိသာသာ မြန်ဆန်လာခဲ့သည်။

နေမဝင်မီ အချိန်အနည်းငယ် အလိုမှာပင် လုံယီသည် သစ်ပင် ၆ ပင်ကို ခုတ်လဲနိုင်ခဲ့ပြီဖြစ်ရာ ယခင်ကထက် စွမ်းဆောင်ရည် နှစ်ဆနီးပါး တက်လာခြင်း ဖြစ်သည်

‘ကောင်းတယ်... ကောင်းတယ်... ဒီနေ့ဆိုရင် ဝမ် ၂၀ တောင် ရတော့မှာပဲ’

‘နေ့တိုင်းသာ ဒီလိုဆိုရင် ငါ ဆန်တွေ အများကြီး ဝယ်ထားလို့ ရပြီ။ ဘယ်တော့မှ ငတ်မှာ မဟုတ်တော့ဘူး။ ဒါက ငါ့ဘဝရဲ့ အကြီးမားဆုံး ပြဿနာကို ဖြေရှင်းလိုက်တာပဲ’

လုံယီသည် ဝမ်းသာအားရ တွေးတောနေတော့သည်။

အခန်း။ ၆

“သခင်လေးရန်... ကျွန်တော့်အိမ်မှာ အရေးကြီးကိစ္စလေး ရှိနေလို့ ဒီနေ့တော့ ဒီမှာပဲ ရပ်နားပါရစေဗျာ”

အိမ်ပြန်ရန် စိတ်စောနေသော လုံယီသည် တောင်တာဝန်ခံထံ သွားရောက်၍ ခွင့်တောင်းလိုက်သည်။

မြေပိုင်ရှင် ကျားမိသားစု၏ တာဝန်ခံ ဖက်တီးရန်သည် လုံယီ၏ အလုပ်ရလဒ်ကို လာရောက်

စစ်ဆေးပြီးနောက် အံ့ဩသောလေသံဖြင့် “မဆိုးဘူးဟ။ မင်း တကယ်ပဲ သစ်ပင်ခြောက်

ပင်တောင် ခုတ်နိုင်တာလား။ ချန်ချန်းထက်တောင် သာသေးတယ်”

“မင်းမှာ ဒီလောက် အရည်အချင်းရှိတာကို ငါ အရင်က ဘာလို့ သတိမထားမိပါလိမ့်”

ဖက်တီးရန်၏ ပဲစေ့ခန့်ရှိသော မျက်လုံးသေးသေးလေးများက လုံယီကို အထက်အောက် အကဲခတ်သလို ကြည့်လိုက်သည်။

“အရင်ကတော့ အားအင်ချွေတာချင်လို့ပါ။ ဒါပေမဲ့ အခုတော့ အားအင်ချွေတာလေ ပိုငတ်လေဆိုတာ သိသွားပါပြီ”

လုံယီသည် သူ၏အရင်က ပျင်းရိခဲ့ပုံကို အကြောင်းပြချက်ပေးရန် ကြိုတင်စဉ်းစားထားသည့်အတိုင်း ပြန်လည်ဖြေကြားလိုက်သည်။

“ဟုတ်တာပေါ့။ ကြိုးစားမှ ချမ်းသာမှာ။ လူငယ်ဆိုတာ ဝီရိယရှိရှိ အလုပ်လုပ်ရတယ်ကွ” ဖက်တီးရန်က ထွေထွေထူးထူး ထပ်မစဉ်းစားတော့ဘဲ ရင်ဘတ်ထဲမှ ငွေအိတ်ကို ထုတ်ကာ ကြေးဒင်္ဂါး အပြား ၂၀ ကို ရေတွက်ပြီး လုံယီကို ပေးလိုက်သည်။

“ကျေးဇူးပါ သခင်လေးရန်”

တောင်အောက်သို့ ဆင်းလာပြီးနောက် လုံယီသည် တိုက်ဟယ်ရွာသို့ ခပ်မြန်မြန် ဦးတည်လိုက်သည်။

ယနေ့သည် ချန်ချန်း ကွယ်လွန်ခဲ့သည်မှာ သုံးရက်မြောက်နေ့ ဖြစ်သည်။ အရာအားလုံး အဆင်ပြေလျှင် ယနေ့ညတွင် သင်္ဂြိုဟ်မည်ဖြစ်ရာ သူ သွားရောက်ကူညီရန် လိုအပ်သည်။

ချန်မိသားစု၏ ရွှံ့အိမ်လေးရှေ့တွင် အဖြူရောင်ပိတ်စတစ်ခုကို ချိတ်ဆွဲထားပြီး တိုက်ဟယ်ရွာသားများ အဝင်အထွက် ရှိနေကြသည်။

လုံယီ အိမ်ထဲသို့ ဝင်လိုက်သောအခါ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် လာရောက်ကြသူများကို ဟင်းရည်လိုက်လံ တိုက်ကျွေးနေသော ချန်ချန်း၏ဇနီးကို တွေ့လိုက်ရသည်။

ဤကမ္ဘာတွင်လည်း နာရေးဧည့်ခံပွဲဟူသော ဓလေ့ရှိသော်လည်း ယခင်ဘဝကကဲ့သို့ ငါး၊ အသားများဖြင့် ခမ်းနားစွာ မကျွေးနိုင်ကြချေ။ သာမန်မိသားစုများတွင်မူ အများဆုံး ဆန်ပြုတ်ကျဲကျဲတစ်ခွက်နှင့် အချဉ်တည်ထားသော ဟင်းရွက်အနည်းငယ်သာ ကျွေးနိုင်ကြသည်။

“မရီး... ကျွန်တော် ကူပါရစေ”

လုံယီက လှမ်းခေါ်လိုက်သည်။

နာရေးဝတ်စုံအဖြူကို ဝတ်ဆင်ထားသော ချန်စွန်းရှီး လှည့်ကြည့်လိုက်သောအခါ လုံယီ၏ ရင်ထဲတွင် မကောင်းဖြစ်သွားရသည်။ ပိန်ချုံးပြီး အရပ်ပုသော ဤအမျိုးသမီး၏ နဖူးပေါ်ရှိ ဆံပင်အတော်များများမှာ ဖြူနေပြီး မျက်နှာမှာလည်း ညိုမှိုင်းကာ ဆယ်နှစ်ခန့် အိုမင်းသွားသယောင် ရှိနေသည်။

“အာယီ... ကောင်းတာပေါ့”

ချန်စွန်းရှီးက မငြင်းဘဲ လက်ခံလိုက်သည်။

ထို့နောက် လုံယီသည် ဆန်ပြုတ်လိုက်တိုက်ခြင်း၊ ပန်းကန်ဆေးခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းနှင့် ဧည့်သည်များကို နှုတ်ဆက်ခြင်းတို့တွင် ဝိုင်းဝန်းကူညီပေးခဲ့သည်။

ဆံပင်ကို မြင့်မြင့်စည်းထားသော ဒိုကီမှာမူ ခေါင်းတွင် အဖြူရောင်ပိတ်စ ပတ်ထားလျက် ခုတင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူ၏ တက်ကြွခဲ့သော မျက်လုံးများမှာ ယခုအခါ မှေးမှိန်နေပြီ ဖြစ်သည်။ လုံယီက သွားရောက်စကားပြောသော်လည်း သူသည် မည်သည့်တုံ့ပြန်မှုမျှ မပြုခဲ့ချေ။

ညမှောင်လာသည်နှင့်အမျှ အိမ်နီးချင်းများအားလုံး သဋတို့အိမ်သို့ ပြန်သွားကြရာ အိမ်ထဲတွင် ချန်စွန်းရှီး၊ သူမ၏သား၊ လုံယီနှင့် ချန်မိသားစုမှ ဆွေမျိုးအနည်းငယ်သာ ကျန်တော့သည်။

ချန်စွန်းရှီးသည် သုသာန်သို့ မသွားရန် ဆုံးဖြတ်ထားသည်။

လုံယီနှင့် အခြားသူများသည် ချန်မိသားစုအိမ်ရှေ့ရှိ ဟင်းသီးဟင်းရွက် စိုက်ခင်းထဲတွင် ကျင်းတူးလိုက်ကြပြီး မြက်ဖျာဖြင့် ပတ်ထားသော ချန်ချန်း၏ ရုပ်အလောင်းကို အတွင်းသို့ ထည့်လိုက်ကြသည်။

ချန်စွန်းရှီးနှင့် ဒိုကီတို့မှာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ တိတ်ဆိတ်စွာ ငိုကြွေးနေကြပေတော့သည်။

“မရီး... ကိုယ်ကိုကိုယ် ဂရုစိုက်ပါဦး”

လုံယီသည် လူကိုဘယ်လိုနှစ်သိမ့်ရမည်မှန်း မသိသဖြင့် ဤစကားကိုသာ ပြောနိုင်ရှာသည်။

သူသည် အိတ်ထဲတွင် ကျန်ရှိနေသော ကြေးဒင်္ဂါးအနည်းငယ်ကို အဝတ်ဖြူလေးဖြင့် ထုပ်ကာ ချန်စွန်းရှီး၏လက်ထဲသို့ ထည့်ပေးလိုက်၏။

“မရီးတို့အတွက်လည်း မလွယ်ဘူးဆိုတာ ကျွန်တော်သိပါတယ်”

ချန်စွန်းရှီးက ခေါင်းခါယမ်းပြီး ထိုငွေထုပ်ကို သူ့ထံသို့ပင် ပြန်တွန်းပို့လိုက်သည်။

သူမက အပြတ်အသတ် ငြင်းဆိုနေသည်ကို မြင်သောအခါ လုံယီက “မရီး စိတ်ချပါ။ ကျွန်တော်သာ တစ်နေ့နေ့မှာ အောင်မြင်လာခဲ့ရင် ဒိုကီကိုလည်း လက်တွဲခေါ်မှာပါ” ဟု ကတိပေးလိုက်သည်။

သို့သော် ချန်စွန်းရှီးမှာမူ မည်သည့်တုံ့ပြန်မှုမျှမရှိဘဲ သစ်သားရုပ်ကြီးကဲ့သို့ ငြိမ်သက်နေဆဲပင်။ သို့သော် ဒိုကီ၏ မျက်လုံးများမှာမူ အနည်းငယ် လှုပ်ရှားသွားပြီး လုံယီကို တစ်ချက်၊ နှစ်ချက် လှမ်းကြည့်လိုက်လေသည်။

တိုက်ဟယ်ရွာမှ အယ်ဟယ်ရွာသို့ အပြန်လမ်း...

ကျောက်တံတားပေါ်သို့ လှမ်းတက်လိုက်စဉ်မှာပင် ဖရိုဖရဲဖြစ်နေသော လူတစ်ယောက်သည် သရဲတစ်ကောင်ကဲ့သို့ ညသန်းခေါင်ယံ၌ သူ့ထံသို့ လျှောက်လာသဖြင့် လုံယီမှာ လန့်ဖျပ်သွားရသည်။

“ကျိုး…..အရူးလား”

ထိုသူမှာ ကျိုးအာဖန်းဖြစ်သည်။ သူသည် ငယ်စဉ်က ဦးခေါင်းဒဏ်ရာရရှိခဲ့ရာမှ စိတ်မနှံ့သူ ဖြစ်လာခဲ့သည်။ မနှစ်က သူ၏မိခင်အိုကြီး ကွယ်လွန်သွားပြီးနောက်ပိုင်း သူ၏ဘဝမှာ လုံယီထက်ပင် ပို၍ဆိုးရွားသွားခဲ့သည်။ သူသည် ရွာတကာလှည့်လည် တောင်းစားရင်း သူတစ်ပါး၏ စွန့်ကြဲမှုကိုသာ အားကိုးနေရသူဖြစ်သည်။

“ဟီး... ဟီး...”

အရူးကျိုးက လုံယီကိုကြည့်ကာ အရူးတစ်ယောက်လို ပြုံးပြနေသည်။ ပါးစပ်မှလည်း သွားရည်များ တစိမ့်စိမ့်ကျလျက် “ဗိုက်ဆာတယ်... ဗိုက်ဆာတယ်...” ဟု တတွတ်တွတ် ရေရွတ်နေ၏။

လုံယီသည် ရင်ဘတ်ထဲမှ ကြေးဒင်္ဂါးနှစ်ပြားကို ထုတ်ယူကာ သူ့ထံသို့ ပစ်ပေးလိုက်သည်။

“ဟီး... ဟီး...”

အရူးကျိုးက ပို၍ပင် ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး တိုက်ဟယ်ရွာဘက်သို့ ယိမ်းထိုးလျက် ထွက်သွားတော့သည်။

လုံယီက သက်ပြင်းချလိုက်မိ၏။ ဘာပဲဖြစ်ဖြစ် တစ်ရွာတည်းသားတွေမို့ သူ အသက်ဆက်နိုင်ဖို့ မျှော်လင့်မိသည်။

အိမ်သို့ ပြန်ရောက်သောအခါ သူသည် ပေါက်ပြားကိုယူကာ ဆင်ရှန်းနယ်မြေ၏ အရှေ့ဘက်အစွန်ဆုံးရှိ သုသာန်မြေရိုင်းဆီသို့ ထွက်ခွာခဲ့ပြန်သည်။

သူ၏ခွန်အားများ တိုးတက်လာခဲ့သော်လည်း လုံယီသည် မပေါ့ဆပေ။ သူသည် ခမောက်ကို ဆောင်း၍ ဝတ်ရုံကို ဝတ်ဆင်ကာ မထင်မှတ်ထားသော အန္တရာယ်များကို ကာကွယ်ရန် အပြည့်အစုံ ပြင်ဆင်ထားသည်။

ဤကမ္ဘာတွင် သစ်တောများမှာ အလွန်ပင် ထူထပ်လှပြီး ဇီဝမျိုးကွဲများလည်း ပေါများလှရာ အဆိပ်ရှိသော ပိုးမွှားများနှင့် ထူးဆန်းသော မြွေများ၏ အကိုက်ခံရခြင်းမှာ အထူးအဆန်း မဟုတ်ပေ။

အဆိပ်ဖြေဆေးလည်းမရှိသလို ဆရာဝန်ပြရန် ငွေလည်းမရှိသောကြောင့် အကယ်၍ အကိုက်ခံရပါက ကံကြမ္မာအပေါ်တွင်သာ ပုံအပ်ရပေတော့မည်။

လုံယီသည် စွမ်းရည်ပြမျက်နှာပြင်ကို ရရှိပြီးခါစတွင် ခရီးမစမီမှာတင် အချည်းနှီး မသေဆုံးလိုပေ။

သုသာန်ထဲတွင် အေးစက်သောလေများ တဝေါဝေါ တိုက်ခတ်နေပြီး မြက်တောထဲမှ ပိုးကောင်သံများမှာလည်း တစ်ချက်တစ်ချက် စူးရှစွာ ထွက်ပေါ်နေသည်။ ရံဖန်ရံခါတွင် ဂူဗိမာန်များပေါ်၌ သတ္တဝါငယ်လေးများ ပြေးလွှားနေသည့် အရိပ်မည်းလေးများကို မြင်တွေ့နေရ၏။

လုံယီသည် အသက်ကို ဝဝရှူကာ သီချင်းလေးတစ်ပုဒ်ကို ညည်းဆိုရင်း ယနေ့အတွက် ဂူအသစ်များ ရှိမရှိကို လိုက်လံစစ်ဆေးတော့သည်။

သူသည် ဂူဟောင်းအချို့ကို ဆက်လက်တူးကြည့်သော်လည်း ဘာမှမတွေ့ခဲ့ရပေ။

နောက်ပိုင်းရက်များတွင် လုံယီသည် နေ့ဘက်၌ တောင်ပေါ်တက်ကာ သစ်ခုတ်ပြီး ညဘက်တွင်မူ သုသာန်သို့သွားကာ ဂူတူးခြင်းဖြင့်သာ အချိန်ကုန်လွန်စေခဲ့သည်။

လုံယီ၏ ကံဇာတာမှာ အတော်ပင် ကောင်းသည်ဟု ဆိုရမည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ကျား၊ သစ်ကျားများနှင့် မတွေ့ဆုံခဲ့သလို ထူးဆန်းသော အဆိပ်ရှိပိုးမွှား၊ မြွေများ၏ အကိုက်အခဲကိုလည်း မခံခဲ့ရပေ။

သူ၏ ဘောင်းဘီ အချို့သာ စုတ်ပြဲသွားခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် ချန်စွန်းရှီးက ပြန်လည်ဖာထေးပေးခဲ့သည်။

စွမ်းအင်ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ သူသည် အဓိကအချက် ၃ ချက်ကို အနှစ်ချုပ်နိုင်ခဲ့သည်။ စွမ်းအင်သည် သေဆုံးသွားသော လူသားများ ထံတွင်သာ ပေါ်ပေါက်ပြီး သေနေသော ကြက်၊ ဘဲ၊ ဝက်များထံမှ မရရှိနိုင်ပေ။ ထိုသူသေဆုံးသည်မှာ အချိန်မကြာသေးရန် လိုအပ်ပြီး ပုံမှန်အားဖြင့် ၇ ရက်ထက် မကျော်လွန်စေရပေ။ သေဆုံးမှုမှာ ပုံမှန်မဟုတ်သော သေဆုံးမှု ဖြစ်ရမည်။ အသက်ကြီး၍ သဘာဝအတိုင်း သေဆုံးခြင်းမျိုးမှ စွမ်းအင် မရရှိနိုင်ပေ။

ထို့ပြင် နောက်ထပ် အခက်အခဲတစ်ခုလည်း ရှိနေသေးသည်။

မိသားစုတိုင်းက သူတို့၏ ကွယ်လွန်သူများကို သုသာန်တွင် မြှုပ်နှံကြသည်မဟုတ်ပေ။ အချို့မှာ ချန်မိသားစုကဲ့သို့ပင် မိမိတို့အိမ်ရှေ့ တံခါးဝနားတွင်သာ မြှုပ်နှံတတ်ကြသည်။

ဆင်ရှန်းနယ်မြေတစ်ခုလုံးတွင် ကျေးရွာပေါင်း ဆယ်ရွာ၊ မြို့နယ်ရှစ်ခု ရှိသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် မိုင် ၂၀ နီးပါး ကျယ်ဝန်းပြီး ရွာပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေခြင်း ဖြစ်သည်။

အကယ်၍ လူတစ်ယောက် သေဆုံးသွားပါက သတင်းအချက်အလက် ကောင်းကောင်းမရလျှင် သူ သိရှိနိုင်မည် မဟုတ်ပေ။

စွမ်းအင်ရရှိရန် အလွန်ခက်ခဲလှသဖြင့် လုံယီသည် ယခုအချိန်အထိ စွမ်းအင် ၂ မှတ်သာ စုဆောင်းနိုင်သေးရာ ကျွမ်းကျင်မှု ၂ ခုကို အဆင့်မြှင့်တင်ရန်အတွက် လိုအပ်ချက် ရှိနေသေးသည်။

သို့သော်လည်း သူစုဆောင်းမိသော ကြေးဒင်္ဂါးများမှာမူ ၁၀၀ ကျော်သွားပြီ ဖြစ်သည်။

ယနေ့နံနက်တွင် လုံယီသည် ဂူမိသားစုထံသို့ ပေါက်ပြား သွားရောက်ပြန်ပေးရန် ပြင်ဆင်နေသည်။

ကောင်းမိသားစုအိမ်ရှေ့မှ ဖြတ်သွားစဉ် ဒေါ်လေးကောင်းနှင့် ဒေါ်လေးချန်းတို့ ဟင်းသီးဟင်းရွက် ပြင်ဆင်ရင်း စကားပြောနေကြသည်ကို ကြားလိုက်ရ၏။

ဒေါ်လေးကောင်းမှာ အရပ်ရှည်ပြီး ပိန်ချုံးကာ မျက်နှာမှာလည်း ချောင်ကျနေသဖြင့် ကြည့်ရသည်မှာ အနည်းငယ် ခက်ထန်သောပုံစံ ရှိသည်။ ဒေါ်လေးချန်းမှာမူ ဝတုတ်ဖြူဝင်းနေပြီး စားသောက်မှု အဆင်ပြေပုံရသည်။

“ကြားပြီးပြီလား။ မနေ့က ထျန်းဖန်းရွာမှာ လူတစ်ယောက် ရေနစ်သေသွားတယ်တဲ့”

“အလိုလေး... ဘယ်သူ့အိမ်ကလဲ သနားစရာကောင်းလိုက်တာ”

“လီမိသားစုက သားအငယ်လေ”

“လီမိသားစု... ဪ... မှတ်မိပြီ။ ဟို နာမည်ကြီး အရှုပ်တော်ပုံထဲက လီမိသားစု မဟုတ်လား။ အဲ့ဒီသားပဲ ဖြစ်မှာပေါ့နော်”

“ဟုတ်ပါ့တော်... လီမိသားစုရဲ့ သားအငယ်ကတော့ တကယ့်ကို ကံဆိုးရှာတာပဲ...”

လုံယီက နားထောင်ရင်း သူ၏နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသော်လည်း ဒေါ်လေးကောင်းနှင့် ဒေါ်လေးချန်းတို့၏ စကားကို စိတ်ထဲ၌ သေချာမှတ်သားထားလိုက်သည်။

ဂူမိသားစု၏ တံခါးဝသို့ ရောက်သောအခါ မွဲခြောက်ခြောက် သစ်သားတံခါးမှာ အက်ကြောင်းများဖြင့် ပြည့်နေသည်။

‘ဒေါက် ဒေါက်’

“ဪ... အာယီပါလား”

သစ်သားတံခါး ပွင့်လာပြီး မျက်နှာသေနှင့် အမျိုးသားတစ်ဦး ပေါ်လာတော့သည်။

“အစ်ကိုယုံ... ဒီမှာ ပေါက်ပြား ပြန်ပေးတာပါ။ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ”

“ကျေးဇူးတင်စရာ မလိုပါဘူးကွာ။ ငါတို့တွေက အိမ်နီးချင်းတွေပဲဟာ။ နောက်လည်း လိုရင် အချိန်မရွေး လာပြောလေ”

ဂူယုံက ပြောလိုက်သည်။

မနီးမဝေးတွင်ရှိနေသော ဒေါ်လေးကောင်းက ဤမြင်ကွင်းကို မြင်သောအခါ စူးစူးရှရှ ရယ်မောရင်း “အာယီ... မင်းကလည်း ငါ့ဆီကျတော့ လာမငှားဘူးနော်” ဟု လှမ်းပြောလိုက်သည်။

“ကျေးဇူးပါပဲ ဒေါ်လေူကောင်း။ ကျွန်တော် သုံးလို့ ပြီးသွားပါပြီ”

လုံယီက ပြန်ဖြေလိုက်၏။

သူ့စိတ်ထဲတွင်မူ ‘အရင်က လာငှားတုန်းကကျတော့ မငှားဘဲနဲ့ အခုမှ လာပြီး ဟန်ဆောင်နေလိုက်တာ’ ဟု မကျေမနပ် ရေရွတ်နေမိသည်။

ဂူမိသားစု၏ ပေါက်ပြားကို ပြန်ပေးပြီးနောက် လုံယီသည် ထုံးစံအတိုင်း တောင်ပေါ်တက်၍ သစ်ခုတ်သည်။ ညနေစောင်းသောအခါ သစ်ပင် ၆ ပင် ခုတ်လဲနိုင်ခဲ့သဖြင့် ဝမ် ၂၀ ရရှိခဲ့သည်။

တောင်အောက်သို့ ဆင်းလာချိန်တွင် လုံယီသည် အယ်ဟယ်ရွာသို့ မပြန်ဘဲ ထျန်းဖန်းရွာသို့ ဦးတည်လိုက်သည်။

ထျန်းဖန်းရွာတွင် လီမိသားစုမှာ တစ်အိမ်တည်းသာ ရှိသည်ကို လုံယီ မှတ်မိနေသည်။

ရွာထဲသို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် ရွာအဝင်ရှိ အိမ်တစ်အိမ်တွင် အဖြူရောင်ပိတ်စများ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရ၏။

ထိုအိမ်မှာ ကျောက်ပြားများဖြင့် ဆောက်ထားသည့် အိမ်ဖြစ်ပြီး ဖြူဖွေးသော ထုံးသုတ်ထားသည့် တံတိုင်းလေးများ ဝန်းရံထားသည်။ တံတိုင်းပေါ်မှ မက်မွန်သီးကိုင်းလေးများ ထွက်နေသည်မှာ သာမန်မိသားစုများထက် စီးပွားရေး ပိုမိုပြေလည်ကြောင်း ပြသနေပေသည်။

အိမ်ရှေ့တံခါးဝတွင်မူ ဝမ်းနည်းပူဆွေးနေသော အမူအရာရှိသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရှိနေသည်။ သူသည် နာရေးဝတ်စုံကို ဝတ်ဆင်ထားပြီး လာရောက်အားပေးကြသော အိမ်နီးချင်းများကို နှုတ်ဆက်ကာ နာရေးကူငွေများကို လက်ခံနေသည်။

“အစ်ကိုကြီးလီ... စိတ်လျှော့ပါဦး”

“ရှေ့ဆက်ဖို့ပဲ စဉ်းစားရမှာပေါ့ဗျာ”

“ဟူး... လီအငယ်က တကယ့်လူကောင်းလေးပါ နှမြောစရာပဲ...”

လီမိသားစု၏ သားကြီးကို နှစ်သိမ့်နေကြသည်ကို နားထောင်ရင်း လုံယီသည် လည်ချောင်းတစ်ချက်ဟန့်ကာ အဝတ်အစားကို ပြင်လိုက်ပြီး ခပ်သွက်သွက် လျှောက်သွားလိုက်သည်။

“အစ်ကိုကြီးလီ... ဝမ်းနည်းပါကြောင်း လာရောက်ပြောကြားတာပါဗျာ”

လုံယီက ဝမ်းနည်းကြေကွဲနေသော မျက်နှာပေးဖြင့် ပြောလိုက်သည်။

“မင်းက ဘယ်သူလဲ...”

အစ်ကိုကြီးလီ၏ မျက်နှာတွင် ဝေခွဲမရသည့် အမူအရာ ပေါ်လာသည်။ သူသည် လုံယီကို လုံးဝ မမှတ်မိချေ။

“ကျွန်တော် လုံယီပါ။ ပညာရှိလုံရဲ့ သားပါဗျာ”

လုံယီက ရှင်းပြလိုက်သည်။

“ဪ... ပညာရှိလုံရဲ့ မိသားစုလား”

အစ်ကိုကြီးလီက ခေါင်းညိတ်သည်။ သို့သော် သူ ချက်ချင်းပင် တွေးလိုက်မိသည်မှာ ‘သူတို့က အယ်ဟယ်ရွာက မဟုတ်လား။ ငါတို့ရွာနဲ့က မိုင်ပေါင်းများစွာ ဝေးတာပဲ။ ဘာမှလည်း ပတ်သက်မှုမရှိပါဘူး’

အစ်ကိုကြီးလီ စိတ်ထဲမှ သံသယကို မမေးမီမှာပင် လုံယီက ဝမ်းနည်းစွာ သက်ပြင်းချရင်း “အစ်ကိုလေးလီက ဒီလိုကြီး ထားသွားလိမ့်မယ်လို့ မထင်မိဘူးဗျာ...”

“ကျွန်တော် ငယ်ငယ်ကဆိုရင် သူက လမ်းပေါ်မှာ မုန့်တွေ ဝယ်ကျွေးဖူးတယ်။ နောက်ပိုင်းမှာလည်း ကျွန်တော့်ကို အများကြီး ဂရုစိုက်ပေးခဲ့တာ... အခုတော့ သူ မရှိတော့ဘူး ဆိုတော့... ဟူး...”

‘တကယ်ကြီးလား။ ဘာလို့ ငါ့ညီက တစ်ခါမှ မပြောဖူးပါလိမ့်’

အစ်ကိုကြီးလီက တွေးလိုက်သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင် ထုတ်မမေးသင့်သည်ကို သိသည်။

‘မိုင်ပေါင်းများစွာ ဝေးတဲ့နေရာကနေ တကူးတက လာတယ်ဆိုတော့ ဒီသံယောဇဉ်က အစစ်အမှန် ဖြစ်မှာပဲ’

သူသည် လုံယီကို ပို၍ ကြင်နာသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး လုံယီကမ်းပေးသော အဝတ်ဖြူထုပ်လေးကို လက်ခံလိုက်သည်။

လုံယီက သူ့ညီကို မြန်မြန်တွေ့ချင်နေသည့်ဟန်ဖြင့် အိမ်ထဲသို့ အလောတကြီး ပြေးဝင်သွားသည်ကို မြင်ရသောအခါ ‘တကယ် စိတ်ရင်းနဲ့ လာတာပဲ’ ဟု သူ ထင်မိသွားသည်။

အစ်ကိုကြီးလီသည် လုံယီပေးခဲ့သော အဝတ်ဖြူထုပ်လေးကို မတော်တဆ ဖြန့်ကြည့်လိုက်မိရာ ချက်ချင်းပင် မှင်တက်သွားတော့သည်။

အတွင်းထဲတွင် မှိန်ဖျော့နေသော ကြေးဒင်္ဂါး တစ်ပြားတည်းသာ ငြိမ်သက်စွာ လဲလျောင်းနေ၏။

‘တစ်... တစ်ပြားတည်းလား’

All Chapters