← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း။ ၇

လီမိသားစု အစ်ကိုကြီးမှာ ခဏမျှ မှင်တက်သွားရသည်။

သူ သတိပြန်ဝင်လာချိန်တွင်မူ ဒေါသထွက်လွန်းသဖြင့် သူ့နှာခေါင်းကြီးပင် ကောက်သွားတော့မတတ်ပင်။ သူ့သက်တမ်းတစ်လျှောက် နာရေးကူငွေကို ၁ ဝမ် လာကူသည်မျိုး တစ်ခါမျှ မကြားဖူးခဲ့ချေ။

သုတောင်းစားတစ်ယောက်ကို ပေးလျှင်ပင် ဒီထက်ပိုပေးရဦးမည်။

သူသည် ခြံဝင်းထဲသို့ပြေးဝင်ကာ လုံယီကို သွားရောက်ရှာဖွေရန် ပြင်လိုက်စဉ်မှာပင် အိမ်နီးချင်းတစ်ယောက်က အနားသို့ ရောက်လာပြန်သည်။

"အစ်ကိုကြီး... စိတ်မကောင်းပါဘူးဗျာ စိတ်လျှော့ပါဦး"

အစ်ကိုကြီးလီမှာ လှမ်းလက်စ ခြေလှမ်းကို မတတ်သာဘဲ ပြန်ရုတ်လိုက်ရပြီး မျက်နှာကို ဝမ်းနည်းပူဆွေးနေသည့်ဟန် ချက်ချင်းပြန်ပြင်လိုက်ရတော့သည်။

လီမိသားစု၏ ခြံဝင်းအတွင်း၌...

ဝိုင်းကူသူများနှင့် ဧည့်သည်များသည် သစ်သားဝိုင်း ခုနစ်ဝိုင်း၊ ရှစ်ဝိုင်းခန့်တွင် ဝိုင်းဖွဲ့ထိုင်နေကြသည်။ စားပွဲပေါ်တွင်မူ အိမ်ချက်ဟင်းလျာများဖြစ်သော ခရမ်းသီးနှပ်၊ ပန်းဂေါ်ဖီစိမ်းသုပ်၊ ကြက်သွန်မြိတ်နှင့် ကြက်ဥကြော် စသည်တို့ ရှိနေ၏။

အတွင်းခန်း၏ ဘေးတွင်မူ အခကြေးငွေပေး၍ ငှားထားသော အမျိုးသမီးတစ်ဦး ရှိနေသည်။

သူမသည် အဖြူရောင်ပိတ်စများ ဝတ်ဆင်ကာ ခေါင်းပေါင်းဖြူပေါင်းထားပြီး မျက်နှာတွင် အနီရောင်ခြယ်သမှုများ ပြင်ဆင်ထားသည်။ သူမသည် သီချင်းဆိုလိုက်၊ ငိုလိုက်နှင့် စိတ်ပါလက်ပါ ယိမ်းထိုးနေသည်မှာ အချိန်မရွေး မူးလဲသွားနိုင်သည့်အတိုင်းပင်။

"ယောကျာ်းရေ... အီး... ဟီး"

"ဇနီးနဲ့ သားသမီးတွေကို... ဒီအတိုင်း ပစ်ထားခဲ့ရက်တယ်နော်"

"ကျွန်မကို တစ်ယောက်တည်း ထားခဲ့တော့... ဘယ်လို အသက်ဆက်ရမှာလဲ... အို... ဟီး…"

လုံယီသည် စားပွဲဝိုင်းတစ်ခုတွင် ဝင်ထိုင်ကာ ထိုဖျော်ဖြေမှုကို အားရပါးရ ကြည့်နေသည်။ သူသည် ပန်းကန်ထဲရှိ အကြီးဆုံး ကြက်ဥကြော်တုံးကို ညှပ်ယူကာ အေးအေးဆေးဆေး စားနေသဖြင့် တစ်ဖက်ရှိ အဖိုးကြီးတစ်ဦးက မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေတော့သည်။

'မဆိုးပါဘူး။ ကြက်ဥတောင် ပါသေးတယ်။ တစ်ပြားပေးရတာ တန်ပါတယ်လေ'

လုံယီသည် သူ၏ပစ်မှတ်ကို စတင်ရှာဖွေလိုက်ရာ ငိုချင်းသည်၏ နောက်ဘက် အခန်းအတွင်း၌ ထောင်လျက်ရှိသော အမည်းရောင် ခေါင်းတလားကြီးကို တွေ့လိုက်ရသည်။

ခေါင်းတလားရှေ့တွင် ကန်တော့ခြင်းဟူသော စာလုံးအမည်းကြီး ရေးထားသည့် အဖြူရောင်ပိတ်စကြီး တစ်ခုကို ချိတ်ဆွဲထား၏။

ထို့ပြင် ခေါင်းတလားဘေးတွင် ဂန္ဓမာပန်းလေးများဖြင့် ပြုလုပ်ထားသော ပန်းခွေ သုံး၊ လေးခွေ ရှိနေပြီး ကြက်ဖအရှင်တစ်ကောင်ကိုပင် ထိုနေရာ၌ ချည်နှောင်ထားရာ ၎င်းမှာ ဟိုဟိုဒီဒီ လျှောက်သွားနေသည်။

နာရေးဝတ်စုံ ဝတ်ထားသော အမျိုးသမီးတစ်ဦးမှာ လူအုပ်ကို ကျောခိုင်းကာ ခေါင်းတလားဘက်သို့ မျက်နှာမူလျက် ဒူးထောက်နေသည်။

သူမ ရံဖန်ရံခါ လှည့်ကြည့်လိုက်သောအခါ မျက်ရည်များဖြင့် စိုရွှဲနေသော မျက်နှာလေးကို မြင်ရသည်။

'အင်း... ကြည့်ကောင်းတဲ့ အလှလေးပဲ'

လုံယီ၏ အကြည့်မှာ အဓိက စားပွဲဝိုင်းတွင် ထိုင်နေသော လူကြီးတစ်ဦးထံသို့ ရောက်သွားသည်။ သူသည် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားပြီး ဆံပင်များမှာ ဖြူစပြုနေကာ လေးထောင့်ကျကျ မျက်နှာနှင့် အလွန်တည်ကြည်ဖြောင့်မတ်ပုံရကာ လီအငယ်၏ ဖခင် ဖြစ်နိုင်ပေသည်။

သို့သော် ဒေါ်လေးကောင်းနှင့် ဒေါ်လေးချန်းတို့ ပြောခဲ့သော ယောက္ခမနဲ့ ချွေးမအရှုပ်တော်ပုံ သတင်းများကို ပြန်တွေးမိသောအခါ လုံယီ၏ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားရသည်။

သူသည် အတင်းအဖျင်း သတင်းများအတွက် လာခဲ့ခြင်း မဟုတ်ပေ။

ဆန်ပြုတ်ပျစ်ပျစ် သုံးပန်းကန်ခန့်ကို အဝစားပြီးနောက် လုံယီသည် ကွယ်လွန်သူကို အရိုအသေပေးရန် ခန်းမထဲသို့ ဝင်လာခဲ့သည်။

သူသည် ဝတ်ပြုဖျာပေါ်တွင် ဒူးထောက်လိုက်ပြီး ဝမ်းနည်းပူဆွေးသော လေသံဖြင့် "လီအစ်ကိုလေး... ဘယ်လိုများ ဒီလိုကြီး ထားသွားရတာလဲဗျာ"

"အစ်ကိုလေး ကျွန်တော့်ကို မုန့်ဝယ်ကျွေးခဲ့တာတွေက ခုထိ မျက်စိထဲမှာ မြင်ယောင်နေတုန်းပဲ..."

"နောက်ဘဝကျရင်တော့ ချမ်းသာတဲ့ မိသားစုမှာ လူလာဖြစ်ပါစေ။ ဘာမှပူစရာမလိုဘဲ ငှက်လေးတွေနဲ့ လမ်းလျှောက်၊ ဒိုကီတွေနဲ့ ဆော့ကစားပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေဗျာ..."

လုံယီ၏ စိတ်ပါလက်ပါ ပြောဆိုလိုက်သော စကားများကြောင့် လီအငယ်၏ မုဆိုးမလေးမှာ စိတ်လှုပ်ရှားသွားဟန်ဖြင့် သူ့ကို လှည့်ကြည့်လာသည်။

“မရီး... စိတ်မကောင်းပါဘူးဗျာ”

လုံယီက အခွင့်အရေးကို အရယူလိုက်သည်။

“အစ်ကိုလေးကို နောက်ဆုံးအကြိမ်အဖြစ် အနီးကပ် ကြည့်ခွင့်ပြုပါဦး”

လီအငယ်၏ ဇနီးမှာ ကြောင်တောင်တောင်ဖြင့်ပင် ခေါင်းညိတ်ပြရှာသည်။

လုံယီသည် ဝမ်းနည်းနေဟန် ဟန်ဆောင်လျက် ခေါင်းတလားဆီသို့ လျှောက်သွားလိုက်ရာ ဖြူဖျော့ပြီး ဖောင်းကားနေသော လီအငယ်၏ မျက်နှာကို မြင်လိုက်ရသည်။

“အစ်ကိုလေး... ကောင်းရာမွန်ရာ ရောက်ပါစေ”

လုံယီက စိတ်ထဲမှလည်း “နောက်ဘဝကျရင် မိသားစုကောင်းကောင်းမှာ လူပြန်ဖြစ်ပါစေ။ ဒီလိုဖခင်နဲ့ ဇနီးမျိုးနဲ့လည်း ထပ်မဆုံပါစေနဲ့တော့” ဟု ထပ်လောင်း ဆုတောင်းပေးလိုက်သည်။

လူအုပ်ကို ကျောခိုင်းထားစဉ်မှာပင် သူသည် အရိုအသေပေးဟန်ပြုရင်း သူ၏ညာလက်ဖြင့် အလောင်း၏ ခြေထောက်ကို အမြန်ထိလိုက်သည်။

စွမ်းရည်ပြမျက်နှာပြင်မှ ချက်ချင်းပင် အသိပေးချက် တက်လာသည်။

‘စွမ်းအင် +၁ စုပ်ယူမလား’

စွမ်းအင်တစ်မှတ် ရရှိသွားပြီဖြစ်၍ တာဝန်ပြီးမြောက်သွားပြီ။

လုံယီသည် သက်ပြင်းအသာချလိုက်မိ၏။

ဒီခေတ်မှာ သရုပ်ဆောင်ရတာ တကယ်ကို မလွယ်ကူလှပေ။

လီမိသားစုအိမ်မှ ထွက်လာချိန်တွင် လုံယီသည် စိတ်ပေါ့ပါးသွားပြီး အလုပ်ရှုပ်နေသော အစ်ကိုကြီးလီ၏ ပုခုံးကိုပင် သွားရောက် ပုတ်လိုက်သေးသည်။

“အစ်ကိုကြီး... ကိုယ့်ကိုကိုယ် ဂရုစိုက်ပါဦး”

အစ်ကိုကြီးလီကလည်း သတိမထားမိဘဲ ခေါင်းညိတ်ပြလိုက်မိသည်။ လုံယီတစ်ယောက် မှောင်ရိပ်ထဲသို့ ပျောက်ကွယ်သွားမှသာ သူ ချက်ချင်း သတိဝင်လာတော့သည်။

‘ဟို... စောစောက နာရေးကူငွေ တစ်ပြားတည်းပေးတဲ့ ကောင်စုတ် မဟုတ်လား’

...

လုံယီသည် ဦးစွာ တိုက်ဟယ်ရွာသို့ အပြေးသွားကာ ပန်းပဲဆရာဝူ၏ ဆိုင်တွင် ဝမ် ၈၀ ပေး၍ ပေါက်ပြားအသစ်တစ်ချောင်း ဝယ်လိုက်သည်။ ထို့နောက် တုံ့ဆိုင်းမနေဘဲ အိမ်သို့ တန်းပြန်ခဲ့တော့သည်။

ယခုအခါ စွမ်းအင် ၃ မှတ် စုဆောင်းမိသွားပြီဖြစ်ရာ ထင်းခွဲခြင်းနှင့် သစ်ခုတ်ခြင်းကျွမ်းကျင်မှု နှစ်ခုစလုံးတွင် အဆင့်မြှင့်တင်ရန် အပေါင်းလက္ခဏာလေးများ ပေါ်နေပြီ ဖြစ်သည်။

သစ်ခုတ်ခြင်းက သူ၏ စားဝတ်နေရေးနှင့် တိုက်ရိုက်ပတ်သက်နေသဖြင့် လုံယီသည် သစ်ခုတ်ခြင်း ကျွမ်းကျင်မှုကို ဦးစားပေး အဆင့်မြှင့်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် အာရုံစူးစိုက်ကာ စိတ်ထဲမှ အပေါင်းကို နှိပ်လိုက်ရာ သစ်ခုတ်ခြင်း (အခြေခံအဆင့် ၀/၃) → သစ်ခုတ်ခြင်း (ကျွမ်းကျင်အဆင့် ၀/၁၀) သို့ ပြောင်းလဲသွားတော့သည်။

စွမ်းရည်ပြမျက်နှာပြင်မှာလည်း အောက်ပါအတိုင်း ပြောင်းလဲသွား၏။

[အမည် - လုံယီ]

[အသက် - ၁၉/၅၅]

[အဆင့် - မရှိ]

[ကျွမ်းကျင်မှု - သစ်ခုတ်ခြင်း (ကျွမ်းကျင်အဆင့် ၀/၁၀) ၊ ထင်းခွဲခြင်း (အခြေခံအဆင့် ၀/၃)]

[စွမ်းအင် - ၀]

မှတ်ဉာဏ်သစ်များမှာ သူ၏ ဦးနှောက်ထဲသို့ တိုးဝင်လာပြန်သည်။

လုံယီနှင့် ၅၀ ရာခိုင်နှုန်းခန့် ဆင်တူသော တောင်ပေါ်သစ်ခုတ်သမားတစ်ဦးသည် တောအုပ်ထဲတွင် နေ့စဉ်မပြတ် သစ်ခုတ်နေသည့် ပုံရိပ်များပင်။

ပူပြင်းလှသော နေရောင်အောက်တွင်ဖြစ်စေ၊ ခိုက်ခိုက်တုန်အောင် ချမ်းအေးချိန်တွင်ဖြစ်စေ၊ လေပြင်း၊ မိုးသည်း၊ မိုးကြိုးပစ်ခြင်းများ ရှိနေပါစေ... မည်သည့်အရာကမျှ သူ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို မတားဆီးနိုင်ခဲ့ပေ။

နှစ်ပေါင်းများစွာသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

သူသည် သစ်ခုတ်သည့် လုပ်ရပ်အပေါ်တွင်သာ အာရုံစိုက်နေတော့သည်မဟုတ်ဘဲ မတ်တပ်ရပ်လျက်၊ ထိုင်လျက်၊ ဘယ်လက်ဖြင့်၊ ညာလက်ဖြင့်၊ လက်တစ်ဖက်တည်းဖြင့် သို့မဟုတ် လက်နှစ်ဖက်စလုံးဖြင့်၊ မျက်လုံးဖွင့်လျက် သို့မဟုတ် မျက်လုံးမှိတ်လျက်ပင် ခုတ်နိုင်နေပြီ ဖြစ်သည်။

သစ်ခုတ်ခြင်းသည် ထိုသစ်ခုတ်သမား၏ ဗီဇစိတ်အဖြစ် စွဲထင်သွားခဲ့လေပြီ။

တစ်ချိန်တည်းမှာပင် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သော အပူရှိန်စီးကြောင်းတစ်ခုသည် လုံယီ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး ကိုယ်တွင်းအင်္ဂါများ၊ ခြေလက်များနှင့် အရိုးအဆစ်များတစ်လျှောက် အရှိန်အဟုန်ဖြင့် လှည့်ပတ်သွားတော့သည်။

လုံယီ၏ တစ်ကိုယ်လုံးမှာ ပြုတ်ထားသော ပုစွန်ထုပ်ကြီးတစ်ကောင်ကဲ့သို့ နီရဲတက်လာပြီး သူ၏ ခန္ဓာကိုယ်မှ အဖြူရောင် အပူငွေ့များ ထွက်ပေါ်နေသည်ကိုပင် မြင်တွေ့နေရသည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မည်သူမျှ မသိနိုင်ချေ။

လုံယီ မျက်လုံးဖွင့်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံမှာ သိသိသာသာ ထွားကြိုင်းသွားသည်ကို တွေ့လိုက်ရသည်။ သူ၏ အသားအရေမှာ ကျန်းမာသော ဂျုံရောင်သို့ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ရှိ ကြွက်သားများမှာလည်း ပိုမိုထင်ရှားလာကာ ဝတ်ထားသော အဝတ်အစားများပင် ကျပ်တည်းနေတော့သည်။

အကယ်၍ စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြရမည်ဆိုလျှင် သန်မာထွားကြိုင်းသူဟု ဆိုရပေမည်။

သူသည် ရေအိုး၏ အနားသတ်ကို လက်ညှိုးနှင့် လက်မဖြင့် ကိုင်ကာ အားစိုက်စရာမလိုဘဲ မလိုက်သည်။ ရေအိုးထဲတွင် ရေများ ပြည့်လုနီးပါး ရှိနေသဖြင့် ယခင်စမ်းသပ်မှုထက်ပင် ပို၍လေးလံနေ၏။

အနည်းဆုံး ခန့်မှန်းရလျှင် သူ၏ ခွန်အားမှာ သာမန်လူထက် နှစ်ဆမျှ ပိုမိုသန်မာနေပြီ ဖြစ်သည်။

ယခင်ဘဝက ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားတစ်ဦးနှင့် ယှဉ်လျှင်ပင် သူသည် အောက်ကျနောက်ကျ ရှိလိမ့်မည် မဟုတ်ပေ။

ကြီးမားသော လုံခြုံမှု အသိတစ်ခုက သူ၏ နှလုံးသားထဲတွင် ပြည့်လျှံလာခဲ့သည်။

လုံယီသည် ပုဆိန်နှင့် ပေါက်ပြားကို ဆွဲယူ၊ ကောက်ရိုးဦးထုပ် ဆောင်းကာ အဝတ်အစားများကို အဆင့်သင့်ပြင်ပြီး အိမ်ပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာခဲ့သည်။

ရွာလမ်းအတိုင်း လျှောက်လာချိန်တွင် သူ၏ ခြေလှမ်းများမှာ ပေါ့ပါးနေပြီး စိတ်အာရုံမှာလည်း လန်းဆန်းနေသဖြင့် ပိုးကောင်သံ၊ ငှက်သံများနှင့် သဘာဝ၏ လတ်ဆတ်သော လေထုကို ခံစားရန် အချိန်ရနေတော့သည်။

ယခင်က ကြောက်မက်ဖွယ်ကောင်းလှသော ညအချိန်မှာ ယခုမူ ထိုမျှ မခြောက်ခြားတော့ပေ။

တစ်နာရီခန့် ကြာပြီးနောက်...

လုံယီသည် ဆင်ရှန်းနယ်မြေ၏ အရှေ့ဘက်ရှိ သုသာန်သို့ ရောက်ရှိလာပြီး ထုံးစံအတိုင်း ဂူအသစ်များ ရှိမရှိ လိုက်လံစစ်ဆေးသည်။ ရလဒ်မထွက်သော်လည်း စွမ်းအင်ရရှိမည့် လမ်းစအတွက် ဤအလုပ်ကို နေ့စဉ် ပြုလုပ်ရပေမည်။

အိမ်အပြန်လမ်းတွင်မူ...

လရောင်မှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး ကောင်းကင်မှ မိုးဖွဲဖွဲလေးများ ကျလာသည်။

လုံယီသည် မိုးမိပြီး အအေးမိမှာ စိုးသဖြင့် အိမ်သို့ ခပ်သွက်သွက် ပြေးပြန်ခဲ့သည်။ ဤခေတ်ကာလတွင် ပိုးသတ်ဆေး သို့မဟုတ် အအေးမိပျောက်ဆေးဟူ၍ မရှိရာ နေမကောင်းဖြစ်ခြင်းမှာ သေးငယ်သော ကိစ္စမဟုတ်ပေ။

အိမ်ပြန်ရောက်သောအခါ မိုးမှာ ပို၍ သည်းလာတော့သည်။

‘ဖြောက်... ဖြောက်... ဖြောက်...’

ခေါင်မိုးပေါ်သို့ မိုးစက်များ ကျသံမှာ ပို၍ ကျယ်လောင်လာပြီး လုံယီကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။

ထို့ပြင် အမိုးပေါ်သို့ ရေစီးကြောင်းကြီးတစ်ခု အဆက်မပြတ် လောင်းချနေသကဲ့သို့ တဝေါဝေါ အသံများကိုလည်း ကြားနေရသည်။

ခွန်အားတိုးလာမှုကြောင့် ရရှိခဲ့သော ပျော်ရွှင်မှုများမှာ သိသိသာသာ လျော့ပါးသွားခဲ့ရသည်။

“တောက်... အယုတ်တမာ ချီမိသားစု”

ချီမိသားစု၏ အိမ်မှာ မြင့်မားပြီး သူ၏အိမ်နှင့် ကပ်လျက်တွင် ရှိနေသည်။ ထိုအိမ်၏ ခေါင်မိုးမှ ကျလာသော မိုးရေများအားလုံးသည် သူ၏ ခေါင်မိုးပေါ်သို့ တိုက်ရိုက် လောင်းချနေခြင်းပင်။

တစ်နေ့နေ့တွင် ဤကိစ္စကို သူ အပြတ်ရှင်းမည်မှာ အသေအချာပင်။

သို့သော် လောလောဆယ်တွင်မူ သူ၏ ခွန်အားမှာ မလုံလောက်သေးချေ။ ထိုအတွေးက လုံယီ၏ စိတ်ထဲတွင် စွဲထင်နေပြီး စွမ်းအင်အပေါ် လိုလားတောင့်တမှုမှာ ပို၍ပင် ပြင်းပြလာခဲ့သည်။

နောက်တစ်နေ့ နံနက်စောစောတွင် အိမ်နီးချင်းများထံမှ ဆူညံသံများကြောင့် လုံယီ နိုးလာခဲ့သည်။ သူသည် တံခါးဖွင့်၍ အပြင်သို့ ထွက်ကြည့်လိုက်၏။

ချီမိသားစု၏ အိမ်ရှေ့တွင် မျက်စိပသာဒဖြစ်ဖွယ် အနက်ရောင် မြင်းတစ်ကောင် ရပ်ထားသည်ကို တွေ့ရသည်။ အရပ်မှာ နှစ်မီတာကျော် မြင့်မားပြီး တစ်ကိုယ်လုံးရှိ အမွေးအမှင်များမှာ ပြောင်လက်နေကာ မျက်လုံးအစုံမှာ နုညံ့သိမ်မွေ့ပြီး ဖျတ်လတ်သော အငွေ့အသက်များ ရှိနေသည်။

မြင်းပေါ်တွင် အသက် ၂၀ ခန့်ရှိသော လူငယ်တစ်ဦး ထိုင်နေ၏။ သူသည် အရပ်ရှည်ပြီး အသားဖြူကာ ရုပ်ရည်ချောမောလှသည်။

ခေါင်းတွင် အနက်ရောင် ခေါင်းပေါင်းကို ပေါင်းထားပြီး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ခါးတွင် ဓားတစ်လက် ချိတ်ထားသည်။ အင်္ကျီလက်များနှင့် အနားသတ်များတွင် တိမ်တိုက်ပုံစံ ပန်းလက်ရာများ ပါရှိပြီး ကျောဘက်တွင်မူ အဖြူရောင်လေးဟူသော စာလုံးကို ထိုးထားသည်။

သူ့ကြည့်ရသည်မှာ အားအင်အပြည့်နှင့် ယုံကြည်မှုများ ဝေနေ၏။ အိမ်နီးချင်းများ၏ တိုးတိုးဖော်ဖော် ပြောဆိုသံများက သူ့နားထဲသို့ အဆက်မပြတ် တိုးဝင်လာသည်။

“ဒါ ချီမိသားစုက ချီဟုလေ။ မြို့နယ်စစ်ဆေးရေးရုံးမှာ အလုပ်လုပ်တာ။ တော်တော်နဲ့ ပြန်မလာဘူး တကယ့်ကို အားကိုးထိုက်တဲ့ လူရည်ချွန်ပဲ”

“ဟုတ်ပါ့တော်... ချီမိသားစုက ဘိုးဘွားဘုန်းကံ ကောင်းလို့ပဲ။ သားအကြီး နှစ်ယောက်စလုံးက အောင်မြင်တယ်။ တတိယသားကလည်း အားကိုးရသေးတယ်”

“ချီဟုလို သားမျိုး ရထားတာ ဂုဏ်ယူစရာပဲ”

လုံယီ၏ အိမ်နှင့် အနီးဆုံးဖြစ်သော သားသတ်သမားချီ၏ အိမ်တံခါးမှာ ကျွိကနဲ ပွင့်လာပြီး ဆံပင်ဖြူစပြုနေသော်လည်း ခန္ဓာကိုယ် သန်မာဆဲဖြစ်သော သားသတ်သမားချီသည် ပြုံးရွှင်သော မျက်နှာဖြင့် ထွက်လာခဲ့သည်။

“အငယ်ကောင်...”

“အဖေ”

ချီဟုသည် မြင်းပေါ်မှ ဖျတ်လတ်စွာ ခုန်ဆင်းလိုက်ပြီး ဖခင်ဖြစ်သူကို အရိုအသေပေးကာ ဒူးထောက်လိုက်သည်။

“အိမ်ပြန်လာတာ ကောင်းတယ်။ အထဲဝင်ရအောင်... အိမ်နီးချင်းတွေကြားထဲမှာ အမြင်မတော်ဖြစ်နေဦးမယ်”

သားသတ်သမားချီသည် သူ၏ မုတ်ဆိတ်ကို သပ်ရင်း အိမ်နီးချင်းများကို ပြုံးပြနှုတ်ဆက်နေသည်။ သူ၏ လေသံမှာ နှိမ့်ချထားသော်လည်း မျက်နှာတွင်မူ ဂုဏ်ယူဝင့်ကြွားမှုများ အပြည့်ရှိနေ၏။

စစ်ဆေးရေးရုံးဆိုသည်မှာ ထိုင်မြို့အောက်ရှိ ဒေသခံ အုပ်ချုပ်ရေးရုံးဖြစ်ပြီး ရွာတစ်ရွာကို ဦးဆောင်ရန် တာဝန်ပေးထားသော နေရာဖြစ်သည်။ သူ၏သားမှာ ရုံး၏ လေးသည်တော်တစ်ဦးမျှသာ ဖြစ်သော်လည်း သာမန်လူများ၏ အမြင်တွင်မူ သူသည် အဆင့်မြင့် အရာရှိကြီးတစ်ဦးပင်။

“မဟုတ်တာဗျာ မဖြစ်ပါဘူး”

“ဦးလေးချီကလည်း နှိမ့်ချလွန်းနေပါပြီ”

သို့သော် သားသတ်သမားချီ၏ အကြည့်မှာ လုံယီထံသို့ ရောက်ရှိသွားချိန်တွင် သူ၏ အမူအရာမှာ ချက်ချင်းပင် အေးစက်သွားပြီး သူ့ကို မမြင်ချင်ယောင်ဆောင်ကာ ကျော်သွားတော့သည်။

ချီဟုသည်လည်း သတိပြုမိသွားပုံရပြီး လုံယီကို ခဏမျှ လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ဂရုမစိုက်သော အမူအရာများ ပြည့်နေသည်။

ခွေးဝါကြီးကို ပွေ့ထားသော လူဝလေး ချီချိုင်ကမူ လုံယီကို ဒေါသတကြီး စိုက်ကြည့်နေပြီး ‘ငါ့အစ်ကို ပြန်လာပြီ။ မင်း ဒီကနေ ထွက်မသွားသေးဘူးလား’ ဟု ပြောနေသကဲ့သို့ ကျေနပ်နေသော အမူအရာရှိနေသည်။

လုံယီမှာမူ မည်သည့် ခံစားချက်မျှ မပြသော်လည်း သူ၏ စိတ်ထဲတွင် တစ်ခုခုကို သတိပြုလိုက်မိသည်။

'မင်းတို့ ပြုံးချင်သလို ပြုံးစမ်းပါ။ ငါ့လမ်းထဲကိုသာ ဝင်မလာနဲ့။ ငါ့ကိုသာ လာခြိမ်းခြောက်

ကြည့်။ ငါက အရင်လို အနိုင်ကျင့်ခံ လူအမဟုတ်တော့ဘူးဆိုတာ သိစေရမယ်'

သို့သော် အခြေအနေများမှာ လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။

ထိုနေ့ညနေတွင် အယ်ဟယ်ရွာ၏ ကျေးရွာလူကြီးမှာ မကြာခဏဆိုသလို လုံယီ၏အိမ်သို့ ရောက်ရှိလာခဲ့သည်။ ခဏမျှ အပြန်အလှန် နှုတ်ဆက်ပြီးနောက် အဓိကအကြောင်းအရာသို့ ရောက်လာချိန်တွင် လုံယီ၏ အမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။

“အာယီ... မင်း ဒီအိမ်ကနေ ပြောင်းသွားဖို့ ဆန္ဒရှိမရှိ တစ်ယောက်ယောက်က ငါ့ကို လာမေးခိုင်းလို့ကွ”

အခန်း။ ၈

ကျေးရွာလူကြီးဆိုသည်မှာ ရွာတစ်ရွာတွင် အမည်ခံအားဖြင့် အကြည်ညိုအခံရဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

သူသည် အစိုးရဝန်ထမ်း မဟုတ်သော်လည်း ရွာသားများကိုယ်စား အစိုးရနှင့် ဆက်သွယ်ပေးနိုင်သူဖြစ်ပြီး ရွာသားများ ခရီးသွားလာခွင့်လက်မှတ်ရရှိရန်အတွက် ထောက်ခံစာ ရေးပေးနိုင်သူလည်း ဖြစ်သည်။

အယ်ဟယ်ရွာ၏ ရွာလူကြီး အဖိုးကြီးကောင်းမှာ အသက် ၅၀၊ ၆၀ ခန့်ရှိပြီး ဆံပင်များမှာ ဖြူဝက်ဖြူစဖြစ်ကာ မျက်နှာမှာလည်း အလွန်ပင် ကြင်နာတတ်သည့်ပုံ ပေါက်နေသည်။ သို့သော် လုံယီကမူ ထိုအပြင်ပန်းအသွင်အပြင်မှာ လှည့်စားချက်တစ်ခုသာဖြစ်ကြောင်း ကောင်းကောင်းသိသည်။ ဤလူသည် အခြေအနေကြည့်၍ မျက်နှာသာပေးတတ်သောလူစားမျိုးသာ ဖြစ်သည်။

ပညာရှိလုံ သက်ရှိထင်ရှားရှိစဉ်က ဤအဖိုးကြီးမှာ ရက်ပိုင်းခြား၍ အိမ်သို့ အမြဲလာရောက်လေ့ရှိပြီး လုံယီအတွက် စားစရာများပင် ဝယ်လာတတ်သေးသည်။ ပညာရှိလုံ ကွယ်လွန်သွားပြီးနောက်တွင်မူ သူသည် လုံယီ၏အိမ်သို့ ခြေဦးပင်မလှည့်တော့သလို လမ်းတွင်တွေ့လျှင်ပင် မသိချင်ယောင်ဆောင်နေခဲ့သူ ဖြစ်သည်။

ယနေ့ သူလာရောက်ခြင်းမှာ ကြားဝင်စေ့စပ်ပေးသူအဖြစ် ဟန်ဆောင်ကာ လက်ရှိရွာတွင် အရှိန်အဝါ အကြီးဆုံးမိသားစုကို ဖားလိုခြင်းကြောင့်သာ ဖြစ်ကြောင်း သိသာလှသည်။

"ကျွန်တော့်ကို ဖယ်ပေးဖို့ ဘယ်လောက်ပေးမှာလဲ"

လုံယီက ချက်ချင်း ငြင်းဆန်ခြင်းမပြုဘဲ မေးလိုက်သည်။

ဘယ်သူက ဖယ်ခိုင်းနေသလဲဆိုသည်ကို နှစ်ဖက်စလုံးက ထုတ်မပြောသော်လည်း ရွာထဲတွင်မူ ဤကိစ္စမှာ လူတိုင်းသိနေသည့် လျှို့ဝှက်ချက်တစ်ခုပင်။

ရွာလူကြီး အဖိုးကြီးကောင်းက သူ၏ညာဘက်လက်ကို ဖြန့်ပြလိုက်ပြီး လုံယီကို ကြည့်လိုက်သည်။

"ငွေပြား ငါးဆယ် ၅၀ လား"

"အဟွတ်... အဟွတ်... အဟွတ်"

အဖိုးကြီးကောင်းမှာ လုံယီပြောလိုက်သည့် ကိန်းဂဏန်းကြောင့် သီးသွားပြီး တရှူးရှူးတရှဲရှဲ ချောင်းဆိုးတော့သည်။

"ငွေပြား ငါးပြားပါကွာ"

အတော်ကြာမှ ချောင်းဆိုးရပ်သွားပြီး ထိုကိန်းဂဏန်းကို ပြောလိုက်သည်။

"ငါးပြားတည်းလား"

လုံယီက ခေါင်းခါလိုက်ပြီး "အိမ်တစ်လုံးရဲ့ အုတ်မြစ်ချဖို့တောင် မလောက်ပါဘူးဗျာ။ အဖိုးကြီး ပြန်လိုက်ပါတော့"

တောနယ်တွင် အိမ်တစ်လုံးဆောက်ခြင်းမှာ ကိစ္စကြီးတစ်ခုဖြစ်ပြီး လူတစ်ဦး၏ တစ်သက်တာ စုဆောင်းငွေ သို့မဟုတ် မျိုးဆက်နှစ်ဆက်စာ စုဆောင်းငွေပင် ကုန်သွားနိုင်သည်။ ပညာရှိလုံ ချန်ထားရစ်ခဲ့သော ဤကျောက်ပြားအိမ်မှာ အပြင်ပန်းကြည့်လျှင် ဟောင်းနွမ်းနေသော်လည်း သာမန်ရွှံ့အိမ်များထက် အဆပေါင်းများစွာ ပိုမိုခိုင်ခံ့သည်။ လေဒဏ်မိုးဒဏ် ခံနိုင်ရည်ရှိသလို နောက်ထပ် မျိုးဆက်သုံးဆက်စာလောက်အထိ အေးအေးဆေးဆေး နေနိုင်သေးသည်။

ဒါကို ငွေပြားငါးပြားတဲ့လား။

"ငါးပြားဆိုတာ နည်းတာမဟုတ်ဘူးကွ။ စဉ်းစားကြည့်စမ်း... မင်း တစ်နေ့ကို ဝမ် ၁၀ ဖိုးလောက် ခက်ခက်ခဲခဲ အလုပ်လုပ်ရတာလေ။ တစ်ပြားမှမသုံးဘဲ စုရင်တောင် တစ်နှစ်မှ ငွေသုံးပြားလောက်ပဲ ရမှာ"

လုံယီက မလှုပ်မယှက် တည်ငြိမ်နေသည်ကို မြင်သောအခါ အဖိုးကြီးကောင်းက သူ့အတွက် ငဲ့ညှာပေးသယောင် ဟန်ဆောင်ကာ လေသံပြောင်းလိုက်ပြန်သည်။

“အာယီရာ... သူတို့မိသားစုက အခု အရှိန်အဝါ တက်နေတာကွ။ မင်းအဖေ ချန်ခဲ့တဲ့ ဂုဏ်သိက္ခာက ဘယ်လောက်အထိ တောင့်ခံထားနိုင်မှာမို့လို့လဲ။ ပညာရှိသူဟာ လက်ရှိအရှုံးကို အောင့်သီးအောင့်သက်နဲ့ မရင်ဆိုင်ဘူးကွ။ မင်း အရင်ပြောင်းပေးလိုက်ပါ။ ငါ့မျက်နှာကို ထောက်ပြီး မင်းနေဖို့ နေရာတစ်ခု ရှာပေးပါ့မယ်။ လူငယ်ပဲကွာ ကြိုးစားရင် နောက်တစ်ချိန်မှာ အိမ်တစ်လုံး မဝယ်နိုင်စရာ အကြောင်းမရှိပါဘူး”

“အဘိုးကောင်း... ကောင်းကောင်းပြန်ပါ။ လိုက်မပို့တော့ဘူး”

လုံယီသည် ဤဟန်ဆောင်ကောင်းသော အဘိုးကြီးနှင့် ဆက်လက်စကားများမနေချင်တော့ပေ။

ငါ့ကို သုံးနှစ်သားကလေးများ မှတ်နေလား။ လာပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်။

“မင်း... မင်း”

အဖိုးကြီးကောင်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာကြီး နီရဲတက်လာသည်။

သူသည် ရွာလူကြီးတစ်ဦးဖြစ်သဖြင့် လူတိုင်းက သူ့အပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။ လုံယီကဲ့သို့ လူမျိုးနှင့် မဆုံဖူးသည်မှာ ကြာလှပြီ။

“ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်ပေတော့။ နောက်မှ ပြဿနာတက်လို့ ငါ့ဆီ လာမငိုနဲ့”

ထိုသို့ အော်ဟစ်ကာ ဒေါသတကြီးဖြင့် ထွက်သွားတော့သည်။

“လူယုတ်မာအိုကြီး”

လုံယီသည် သူ၏ကျောပြင်ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိ၏။

ရွာလူကြီးကို စိတ်ဆိုးအောင် လုပ်မိခြင်းအပေါ် သူ အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်း မရှိပေ။ ဘာပဲဖြစ်ဖြစ် သူသည် ဤအယ်ဟယ်ရွာတွင် တစ်သက်လုံး နေသွားရန် ရည်ရွယ်ချက်မရှိသောကြောင့် ဖြစ်သည်။

‘ချီမိသားစုကတော့ စလှုပ်ရှားလာပြီပဲ’

ချီချိုင်အသက်ကြီးလာသည်နှင့်အမျှ ချီမိသားစုသည် သူ့ကို ဤအိမ်မှ ဖယ်ထုတ်ရန် ပိုမိုလိုလားလာမည်ကို လုံယီ ကောင်းကောင်း သိထားသည်။

လောလောဆယ်တွင်မူ သူတို့သည် ဥပဒေကို အနည်းငယ် ကြောက်ရွံ့နေကြသေးသည်။ မဟာဝေနိုင်ငံ၏ အာဏာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး ဥပဒေမဲ့သည့်အဆင့်သို့ မရောက်သေးပေ။ ထို့ပြင် သူ၏ဖခင် ပညာရှိလုံ၏ ကျန်ရှိနေသော ဂုဏ်သတင်းမှာလည်း အနီးနားရွာများတွင် ရှိနေသေးသည်။

သို့သော် သူသာ အိမ်ကနေ မဖယ်ပေးပါက တစ်နေ့နေ့တွင် သူတို့သည် နည်းလမ်းကြမ်းများကို သုံးလာကြမည်မှာ သေချာလှသည်။

‘လာစမ်းပါ... ဘယ်သူက နောက်ဆုံးမှ ရယ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့’

လုံယီသည် စိတ်ထဲမှ ကြုံးဝါးလိုက်ရင်း ပေါက်ပြားကိုဆွဲကာ တောလမ်းလေးအတိုင်း သုသာန်သို့ ထွက်လာခဲ့သည်။

ယနေ့ သူ ကံကောင်းသည်။ ဂူအသစ်တစ်ခုကို တွေ့ရပြီး ဘေးရှိ ပူဇော်ထားသော သစ်သီးများပေါ်မှ နှင်းစက်များပင် မခြောက်သေးပေ။

လုံယီသည် ပန်းသီးတစ်လုံးကို ကောက်ယူကာ ပါးစပ်ထဲ ထိုးထည့်ရင်း ကျင်းတူးရန် ပြင်လိုက်သည်။

အဲ... ခဏလေး…

သူ ခေါင်းကို အမှတ်မထင် မော့ကြည့်လိုက်မိရာ ရှေ့ရှိ ချုံပုတ်များကြားမှ စိမ်းဖန့်ဖန့် မျက်လုံးအစုံများစွာ လျင်မြန်စွာ ပေါ်ထွက်လာသည်ကို သတိပြုလိုက်မိသည်။

၎င်းတို့ ချုံပုတ်ထဲမှ ထွက်လာသောအခါ မှိန်ဖျော့သော လရောင်အောက်တွင် ရှင်းလင်းစွာ မြင်လိုက်ရသည်မှာ တောဝံပုလွေ သုံးကောင် ဖြစ်သည်။

၎င်းတို့သည် ကိုယ်အရှည် နှစ်မီတာခန့်ရှိပြီး အရပ်မှာ တစ်မီတာခန့် မြင့်မားသည်။ တစ်ကိုယ်လုံးတွင် အညိုရင့်ရောင် အမွေးအမှင်များ ဖုံးလွှမ်းထားကာ ခြေလက်များမှာ သန်မာလှသည်။ ၎င်းတို့သည် သူတို့၏ စူးရှသော သွားများကို ထုတ်ပြကာ လုံယီကို အေးစက်စွာ စိုက်ကြည့်နေကြပေတော့သည်။

လုံယီသည် ဝံပုလွေများမှာ အပုပ်နံ့ကို မကြောက်သူများဖြစ်သဖြင့် သုသာန်အတွင်း၌ ၎င်းတို့ကို မြင်တွေ့ရခြင်းမှာ အထူးအဆန်းမဟုတ်ကြောင်း နားလည်ထားသည်။

‘ရှူး... ရှူး... ရှူး’

ဝံပုလွေများသည် အတော်ပင် အသိဉာဏ်ရှိကြသဖြင့် လုံယီ ထွက်မပြေးနိုင်စေရန် တြိဂံပုံစံဖြင့် ဝိုင်းပတ်ပိတ်ဆို့လိုက်ကြသည်။

လုံယီသည် ပထမဦးစွာ ထိတ်လန့်သွားသော်လည်း ခဏချင်းမှာပင် ပြင်းထန်သော ခက်ထန်မှုများ စီးဝင်လာသည်။

‘လူတိုင်းက ငါ့ကိုပဲ အန္တရာယ်ပြုချင်နေကြတာလား’

သူစိတ်ထဲမှ ကြုံးဝါးလိုက်သည်။

သူသည် ရင်ဘတ်အတွင်း ဝှက်ယူလာသော ပုဆိန်ကို ထုတ်ယူကာ ခန္ဓာကိုယ်ရှေ့၌ မြှောက်ကိုင်လျက် ခြေလှမ်းများကို ခိုင်မာစွာ ချ၍ တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်သည်။

ဝံပုလွေများသည် လုံယီက ၎င်းတို့ကို မကြောက်မရွံ့ ရင်ဆိုင်လိမ့်မည်ဟု မထင်မှတ်ထားကြသဖြင့် ချက်ချင်း တိုးဝင်ခြင်းမပြုဘဲ လုံယီကိုသာ ပတ်ချာလည် ဝိုင်းကြည့်နေကြသည်။

ရန်သူများသည် အတွေ့အကြုံရင့်သော မုဆိုးများဖြစ်သဖြင့် မည်သည့်အချိန်တွင် မိမိ၏ အားနည်းချက်ကို ချောင်းမြောင်း တိုက်ခိုက်မည်ကို မသိနိုင်ပေ။

ထို့ကြောင့် လုံယီသည် မိမိကပင် ဦးအောင် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီး ပုဆိန်ကို မြှောက်ကာ ရှေ့ဆုံးမှ အကြီးဆုံးသော ဝံပုလွေဆီသို့ အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

ဝံပုလွေက ဘေးသို့ အမြန်ရှောင်တိမ်းလိုက်စဉ် နောက်ကွယ်ရှိ ဝံပုလွေနှစ်ကောင်မှာ တစ်ပြိုင်နက်တည်း အားဖြင့် သူ့ကို ခုန်အုပ်ရန် ကြိုးပမ်းကြသည်။

သို့သော် လုံယီသည် ထိုအခြေအနေကို မျက်လုံးထောင့်မှ အကဲခတ်နေခဲ့ခြင်း ဖြစ်သည်။

သူသည် ဘယ်ခြေထောက်ကို အနည်းငယ် ကွေးညွတ်ကာ မြေပြင်ကို အားပြင်းပြင်းဖြင့် ကန်ထုတ်၍ အရှိန်ယူလိုက်သည်။ ခါးကို အားစိုက်ကာ လိမ်လိုက်သည့်အခါ လက်ထဲမှ ပုဆိန်သည် လေထဲ၌ ကျွမ်းကျင်စွာ ဝှေ့ယမ်းသွားပြီး နောက်ဘက်သို့ အရှိန်ပြင်းစွာ ခုတ်ချလိုက်လေသည်။

‘ရှူး... ဝူးးး’

ဝံပုလွေများကို ခုတ်ရသည်မှာ သစ်ပင်ခုတ်ရသည်နှင့် ဘာမျှမခြားနားလှပေ။

“အား...”

ဝံပုလွေတစ်ကောင်သည် ခါးအလယ်မှ အပြတ်ခုတ်ခံလိုက်ရပြီး အရှိန်မသေဘဲ အနီးရှိ ၎င်း၏ အဖော်ပေါ်သို့ ထပ်လျက်သား ပြုတ်ကျသွားသည်။

ဝံပုလွေနှစ်ကောင်စလုံးသည် ဘုန်းဟူသော အသံနှင့်အတူ မြေပြင်ပေါ်သို့ လွင့်စဉ်ကျသွားတော့သည်။

တစ်ကောင်မှာ ဝမ်းဗိုက်ပွင့်ထွက်သွားပြီး ကိုယ်တွင်းအင်္ဂါများနှင့် သွေးများ နေရာအနှံ့ ပျံ့ကျဲကုန်သည်။ ကျန်တစ်ကောင်မှာလည်း နာကျင်စွာ အဆက်မပြတ် အူဟစ်နေပြီး ခေတ္တမျှ ပြန်လည် ထမရတော့ပေ။

ကျန်ရှိနေသော ဝံပုလွေတစ်ကောင်မှာမူ အခြေအနေမဟန်သည်ကို မြင်သည်နှင့် အမြီးကုပ်ကာ ထွက်ပြေးသွားတော့သည်။

လုံယီသည် လမ်းလျှောက်သွားပြီး နာကျင်စွာ အော်ဟစ်နေသော ဝံပုလွေကို ပုဆိန်တစ်ချက်တည်းဖြင့် အပြတ်ရှင်းပစ်လိုက်တော့သည်။

သေဆုံးသွားသော ဝံပုလွေနှစ်ကောင်မှာ သူ၏ လက်ရဖမ်းဆီးရမိသော ပစ္စည်းများ ဖြစ်လာခဲ့ရာ နောက်လာမည့် သီတင်းပတ်အနည်းငယ်အတွက် အသားငါး ပြတ်လပ်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။

‘နှမြောစရာပဲ စွမ်းအင်တော့ မထွက်လာဘူး’

လုံယီက အနည်းငယ် လောဘတက်စွာ တွေးတောလိုက်မိသည်။

...

နောက်တစ်နေ့ နံနက်စောစောတွင် လုံယီသည် သေဆုံးနေသော ဝံပုလွေနှစ်ကောင်ကို ထမ်းပိုးဖြင့် ထမ်းကာ ဈေးသို့သွားရန် အိမ်ပြင်သို့ ထွက်လာခဲ့သည်။ သူသည် သေချာစွာ စဉ်းစားပြီးနောက် ဤဝံပုလွေများကို ရောင်းချခြင်းကသာ အကျိုးအမြတ် အများဆုံး ရရှိနိုင်မည်ဟု ယူဆလိုက်ခြင်း ဖြစ်သည်။

“အလိုလေး... အာယီ မင်းထမ်းလာတာက ဘာကြီးလဲ”

ဒေါ်လေးကောင်း၏ စူးရှသော အော်ဟစ်သံမှာ အယ်ဟယ်ရွာတစ်ခုလုံးသို့ ချက်ချင်းပင် ပဲ့တင်ထပ်သွားတော့သည်။

ရွာကလေးမှာ သေးငယ်လှသဖြင့် အိမ်တိုင်းမှ စောစောထသူများသည် စုရုံးရောက်ရှိလာကြပြီး အံ့ဩတကြီးဖြင့် တစာစာ ပြောဆိုနေကြတော့သည်။

“ဒါက တောခွေးလား”

“မင်း မျက်စိကန်းနေတာလား ဒါ ဝံပုလွေဗျ။ သူ့သွားတွေကို ကြည့်ဦး။ မင်းအိမ်က ခွေးမှာ ဒီလောက် ချွန်ထက်တဲ့ သွားရှိလို့လား။ ဟို အညိုရင့်ရောင် အမွေးတွေကို ကြည့်ဦး။ တကယ့်ကို လှပတာ”

“ဒီဝံပုလွေနှစ်ကောင် ပေါင်းရင် ပေါင်တစ်ရာလောက် ရှိမှာပဲ။ အာယီကတော့ အသာလေး ထမ်းလာနိုင်တာပဲနော်”

“အာယီ... အာယီ ဒီဝံပုလွေတွေကို မင်းပဲ သတ်လိုက်တာလား။ အဒေါ်ကြီးကို အမှန်အတိုင်း ပြောစမ်းပါဦး”

သူ၏ ဝံပုလွေရောင်းရန် ထွက်လာသည့် ရိုးရှင်းသော လုပ်ရပ်က ရွာအတွင်း ဤမျှအထိ လှုပ်လှုပ်ရှားရှား ဖြစ်သွားလိမ့်မည်ဟု လုံယီ မထင်မှတ်ခဲ့ပေ။ ပုံမှန်အားဖြင့် သူ့ကို အရေးမလုပ်သော ရွာသားများသည် ယခုအခါ စိတ်အားထက်သန်စွာဖြင့် သူ့ကို ဝိုင်းအုံနေကြသည်။

တစ်ဖက်တွင်လည်း တောဝံပုလွေဟူသည်မှာ ရှားပါးလှပြီး ပို၍ အရေးကြီးသည်မှာ လုံယီကိုယ်တိုင် သတ်ဖြတ်ခဲ့သည်ဟူသော အချက်ပင်။ ဝံပုလွေတစ်ကောင်ကို သတ်ရန်မှာ မလွယ်ကူပေ။ ခက်ခဲပုံပေါ်သော်လည်း အမှန်တကယ်တွင်မူ လုံးဝ မရိုးရှင်းလှပေ။

လုံယီသည် ကနဦးက ငြင်းဆိုရန်နှင့် အေးအေးဆေးဆေး နေရန်သာ ကြံရွယ်ခဲ့သော်လည်း ဤခေတ်ကာလတွင် အနိုင်ကျင့် မခံရစေရန်အတွက် သူ၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသရန် လိုအပ်ကြောင်း သဘောပေါက်လိုက်သည်။

“ကံကောင်းလို့ပါ... ကံကောင်းလို့ပါဗျာ”

သူက နှိမ့်ချဟန်ဖြင့် ရှင်းပြလိုက်သည်။

“ဒါ ရောင်းမှာလား။ ငါ ဝမ်နှစ်ရာ ပေးမယ်... မဟုတ်ဘူး သုံးရာ ပေးမယ်”

လက်သမားရှုသည် ဝမ်းဗိုက်ပွင့်မနေဘဲ အမွေးအမှင် အကောင်းအတိုင်း ရှိနေသေးသော ဝံပုလွေကို ကြည့်ကာ ချက်ချင်းပင် ဈေးပေးလိုက်သည်။ သူသည် မေးစေ့ကို ပွတ်ရင်း သူ၏ ပါးနပ်သော မျက်လုံးများဖြင့် အကဲခတ်နေ၏။

မျိုးဆက် သုံးဆက်တိုင် လက်ဆင့်ကမ်းလာသည့် လက်သမားမိသားစု ဖြစ်သဖြင့် လက်သမားရှူး၏ ကြွယ်ဝမှုမှာ ချီမိသားစုပြီးလျှင် ဒုတိယ လိုက်လိမ့်မည် ဖြစ်သည်။

သို့သော် တစ်ဦးက ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။

“ဝမ်သုံးရာနဲ့ ဝယ်ဖို့ ကြံနေတာလား။ လက်သမားရှု မင်း အရူးကျိုးနဲ့ မှားနေတာလား”

ထိုအခါ လူအုပ်ကြီးမှာ ဝိုင်းဝန်းရယ်မောကြတော့သည်။ လက်သမားရှူးမှာမူ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။

လုံယီသည် ရွာသားများကြားမှ ခက်ခက်ခဲခဲ ရုန်းထွက်ခဲ့ပြီး ဝံပုလွေနှစ်ကောင်ကို ထမ်းကာ ဈေးသို့ ဦးတည်လိုက်ရာ ထိုနေရာတွင်လည်း ထပ်မံ၍ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြန်တော့သည်။

All Chapters