← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း။ ၁၁

လုံယီသည် ဤစာလုံးလေးလုံးကို အချိန်အတော်ကြာအောင် စေ့စေ့စပ်စပ် ကြည့်နေသော်လည်း ထူးခြားသော အနက်အဓိပ္ပာယ်ကိုမူ ရှာမတွေ့ခဲ့ပေ။

သူ၏ ခန္ဓာကိုယ်တွင်လည်း တစ်စုံတစ်ရာ ပြောင်းလဲသွားခြင်း မရှိသလို ဦးနှောက်ထဲရှိ သစ်ခုတ်ခြင်းနှင့် ထင်းခွဲခြင်းဆိုင်ရာ များပြားလှသော မှတ်ဉာဏ်များမှာလည်း နဂိုအတိုင်းပင် ရှိနေသေးသည်။

ဖြစ်နိုင်သည်မှာ ဤကျွမ်းကျင်မှုကို အမှန်တကယ် တတ်မြောက်သွားချိန်ကျမှသာ ၎င်း၏ နက်နဲမှုကို အရိပ်အယောင်မျှ မြင်တွေ့ရပေလိမ့်မည်။

‘ဂွီ... ဂွီ...’

သူ၏ ဝမ်းဗိုက်ထဲမှ ဆာလောင်မွတ်သိပ်သည့် အသံများ ထွက်ပေါ်လာသည်။ လုံယီသည် မီးဖိုခန်းသို့ သွားရောက်ကာ နေ့ခင်းက ဝယ်လာခဲ့သော မုန့်ပြားကို ထုတ်လိုက်သည်။

သူ၏ စားနိုင်စွမ်းမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကြီးထွားလာခဲ့ရာ တစ်ခါတစ်ရံ ညလယ်ကောင်တွင်ပင် ဆာလောင်၍ နိုးလာတတ်သဖြင့် မုန့်ပြားကဲ့သို့သော အစားအစာများကို အမြဲအဆင်သင့် ထားရှိရသည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက သစ်ခုတ်သည့်အလုပ်မှာ သူ့ကို ကျွေးမွေးရန်ပင် လုံလောက်တော့မည် မဟုတ်ချေ။ ထို့ပြင် သူသည် တစ်သက်လုံး သစ်ခုတ်နေရန်လည်း မဖြစ်နိုင်ပေ။

သူသည် ငွေအမြန်ရနိုင်မည့် အခြားသော နည်းလမ်းများကို စဉ်းစားရပေမည်။

အတတ်ပညာ တစ်ခုခု သင်ယူရမည်လား။

ရလဒ်ထွက်ရန် နှေးကွေးသည့်အပြင် ငွေလည်း များများစားစား မရနိုင်ပေ။

စီးပွားရေး တစ်ခုခု လုပ်ရမည်လား။

သူ့တွင် အရင်းအနှီးလည်း မရှိသလို အရင်းအမြစ်နှင့် လမ်းစများလည်း မရှိသဖြင့် လက်တွေ့မကျလှပေ။

ဂိုဏ်းတစ်ခုခုထဲဝင်ပြီး လမ်းမှားပဲလိုက်ရမလား။

ဆင်ရှန်းနယ်မြေတွင် ကြီးကျယ်သော ဂိုဏ်းဂဏများ မရှိသလို အလွန်လည်း အန္တရာယ်များလှသည်။

ယခုအခါ သူသည် တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်သော်လည်း အဆိပ်များ၊ မြှုပ်ကွက်လက်နက်များနှင့် ဓားလှံများကို ယှဉ်နိုင်စွမ်း မရှိသေးပေ။ အဆုံးတွင်မူ သူသည် အသွေးအသားဖြင့် တည်ဆောက်ထားသော လူသားတစ်ဦးသာ ဖြစ်နေသေးသည်။ ၎င်းအပြင် သူသည် တည်တည်ငြိမ်ငြိမ်ဖြင့် တိုးတက်လာနိုင်သည့် အခြေအနေရှိရာ ယခုကဲ့သို့ စွန့်စားမှုမျိုး ပြုလုပ်ရန် မလိုအပ်ပေ။

အဖန်ဖန် စဉ်းစားကြည့်သော်လည်း လုံယီသည် တည်ငြိမ်သော ငွေရှာနည်းလမ်းကို ရှာမတွေ့ခဲ့ချေ။ ယခုအခါ သူသည် သာမန်လူထက် အဆပေါင်းများစွာ သန်မာနေပြီ ဖြစ်သော်လည်း

ပြဿနာ၏ အရင်းအမြစ်မှာ သူသည် လုံလောက်အောင် မသန်မာသေးခြင်းပင်။

အကယ်၍ သူသာ ယခုအချိန်တွင် ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်နေခဲ့ပါက သူဌေးကြီး မိသားစုများနှင့် လုံခြုံရေးအေဂျင်စီများက သူ့ကို အပြိုင်အဆိုင် ဖိတ်ခေါ်ကြမည်ဖြစ်သလို မြို့တော်ဝန်ရုံးတွင်လည်း သူ့အတွက် နေရာတစ်ခု ရှိနေပေလိမ့်မည်။

‘ဖြည်းဖြည်းချင်းပဲ တိုးတက်အောင် လုပ်ရဦးမှာပဲ’

လုံယီသည် သက်ပြင်းအရှည်ကြီးကို ချလိုက်ရင်း သူ၏ မငြိမ်မသက်ဖြစ်နေသော စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်တော့သည်။

‘ဖောက်... ဖောက်... ဖောက်’

လူတစ်ဖက်စာကျော် လုံးပတ်ရှိပြီး ခုနစ်မီတာ၊ ရှစ်မီတာခန့် မြင့်မားသော သစ်ပင်ကြီးတစ်ပင်သည် ပြင်းထန်သော ရိုက်ခတ်မှုကြောင့် တစ်ုန်လုံး တုန်ခါနေကာ သစ်ကိုင်းများ ယိမ်းထိုးလျက် ရှိသည်။ သစ်စသစ်နများ နေရာအနှံ့ လွင့်စဉ်နေပြီး သစ်ပင်ပင်စည်ပေါ်ရှိ ပုဆိန်ရာမှာလည်း မျက်ဝါးထင်ထင်ပင် လျင်မြန်စွာ နက်ရှိုင်းလာတော့သည်။

ထိုသစ်ပင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသော အားမာန်မှာ မည်မျှအထိ ပြင်းထန်သည်ဆိုသည်မှာ သိသာလှပေသည်။

အရပ် ၁.၈ မီတာနီးပါး မြင့်ပြီး ကျပ်တည်းနေသော အဝတ်အစားများအောက်တွင် ထွားကြိုင်းသော ကြွက်သားများ ရှိနေသည့် ထိုသစ်ခုတ်သမားကို ကြည့်ရသည်မှာ သူ၏ခွန်အားများသည် မည်သည့်အချိန်တွင်မဆို ပေါက်ကွဲထွက်လာတော့မည့်အတိုင်းပင်။ သူ၏ ပုဆိန်ဝှေ့ယမ်းချက်တိုင်းက သစ်ပင်ကြီးကို အသံကုန် အော်ဟစ်နေစေသကဲ့သို့ ခံစားရသည်။

အနီးနားရှိ အခြားသော သစ်ခုတ်သမားများမှာမူ အဝေးသို့ ရှောင်နေကြပြီး ရံဖန်ရံခါတွင် ကြောက်ရွံ့အားကျသော အကြည့်များဖြင့် လှမ်းကြည့်နေကြသည်။

လုံယီသည် သူ၏ ခွန်အားတိုးတက်မှုနှုန်းမှာ အလွန်အမင်း မြန်ဆန်နေခြင်းကြောင့် သူတစ်ပါး သံသယမဝင်စေရန် နေ့စဉ်နေ့တိုင်း အနည်းငယ်စီသာ တိုးတက်လာဟန် သရုပ်ဆောင်ထားသည်။ သို့သော်လည်း ယခုအခါတွင် သူသည် အလုပ်နောက်ကျခြင်း သို့မဟုတ် စောပြန်ခြင်းများ ရှိနေပါစေဦးတော့ တစ်နေ့လျှင် သစ်ပင် ရှစ်ပင်၊ ကိုးပင်ခန့်ကို အခြားသူများထက် အချိန်နည်းနည်းသုံး၍ ခုတ်နိုင်နေပြီ ဖြစ်သည်။

သူတစ်ဦးတည်း၏ အထွက်နှုန်းမှာ သာမန်လူ သုံးဦး၏ လုပ်အားနှင့် ညီမျှနေသည်။ ဤအခြေအနေနှင့် ယှဉ်လိုက်ပါက ယခင်က ဝံပုလွေနှစ်ကောင်ကို သတ်ခဲ့သည့် စွမ်းဆောင်ရည်မှာပင် သာမန်ကိစ္စတစ်ခုကဲ့သို့ ဖြစ်သွားတော့သည်။ ကံကောင်းသည်မှာ သူသည် သစ်ပင်များများ ခုတ်နိုင်သဖြင့် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသော သူ၏ စားစရိတ်ကို ကောင်းကောင်း တောင့်ခံထားနိုင်သည်။

“အာယီ...”

ကျားမိသားစု၏ တာဝန်ခံ ဖက်တီးရန်သည် သန့်ရှင်းသော အပြာရောင် ဝတ်စုံကို ဝတ်ဆင်ကာ အနက်ရောင် သားရေဖိနပ်ဖြင့် ‘တောက်... တောက်... တောက်’ ဟု အသံမြည်အောင် လျှောက်လာသည်။ သူ့ပုံစံမှာ တစ်ခုခု ပြောစရာရှိပုံရသည်။

သဋတို့နှစ်ဦးသည် တောအုပ်နောက်ကွယ်ရှိ ဆိတ်ငြိမ်သော နေရာတစ်ခုသို့ သွားရောက်ကာ စကားပြောဆိုကြသည်။

“တာဝန်ခံရန်... ဘာကိစ္စရှိလို့လဲခင်ဗျာ”

“အာယီ... ငါ မင်းကို တစ်ခုမေးချင်လို့။ မင်း တခြားအလုပ်တစ်ခုကို ပြောင်းလုပ်ချင်လား။ မင်းမှာ ဒီလောက် အစွမ်းထက်တဲ့ ခွန်အားတွေ ရှိနေတာ။ ဒီမှာ သစ်ခုတ်နေရတာက တကယ်ကို နှမြောစရာကောင်းလွန်းလို့ပါကွာ”

“ပြောပါဦး တာဝန်ခံရန်... ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး”

“အေး... နောက်ဆို ငါ့ကို တာဝန်ခံလို့ မခေါ်ပါနဲ့တော့။ ဒါက လူစိမ်းဆန်လွန်းတယ်။ အစ်ကိုရန်လို့ပဲ ခေါ်ပါ”

ဖက်တီးရန်က ခဏမျှ စဉ်းစားပြီးနောက် အဓိကအချက်ကို ပြောလိုက်သည်။

“ငါတို့ ကျားမိသားစုက အရည်အချင်းရှိသူတွေကို အမြဲတမ်း လိုလားတယ်။ အိမ်ရှင်သူဌေးကြီးက မင်းရဲ့ စွမ်းဆောင်ရည်တွေကို ကြားသိထားပြီး တော်တော်လေး စိတ်ဝင်စားနေတာ။ မင်းကို အစောင့်အကြပ်တစ်ယောက်အနေနဲ့ လုပ်မလားလို့ မေးခိုင်းလိုက်တယ်”

“အစောင့်အကြပ် ဟုတ်လား”

“ကျားမိသားစုမှာ စီးပွားရေးလုပ်ငန်းတွေ အများကြီး ရှိတယ်လေ။ ဒီတောင်ကုန်းလေးက လုပ်ငန်းတစ်ခုပဲ ရှိသေးတာ။ ဒါတွေကို စောင့်ရှောက်ဖို့ အရည်အချင်းရှိသူတွေကို သူတို့ ရှာနေကြတာ။ ငါတို့ သူဌေးကြီးမှာလည်း ရန်သူတွေ ရှိတတ်တော့ တစ်ခါတလေ အန္တရာယ်တွေ ကြုံရတတ်တယ်။ ဒါကြောင့် ကိုယ်ခံအတတ်ပညာရှိသူတွေ လိုအပ်နေတာ”

ဖက်တီးရန်က လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်ပြီး “စားဝတ်နေရေး အကုန်စီစဉ်ပေးမယ်။ ပထမနှစ်အတွက် လစာက တစ်လကို ငွေတစ်ပြားပဲ။ နောက်နှစ်တွေမှာတော့ လစာကို ၁၀ ရာခိုင်နှုန်းစီ တိုးပေးသွားမယ့်အပြင် နှစ်ကုန်ရင်လည်း အပိုဆုကြေးတွေ အများကြီး ရဦးမှာ”

လုံယီ သဘောပေါက်လိုက်သည်။ ကျားမိသားစုသည် သူ၏ ခွန်အားနှင့် သိုင်းပညာကို သဘောကျသဖြင့် သူတို့အတွက် အသက်စွန့်ပေးမည့်သူအဖြစ် အလိုရှိနေခြင်းပင်။ သန်မာထွားကြိုင်းပြီး ဝံပုလွေနှစ်ကောင်ကို သတ်နိုင်သူဖြစ်သဖြင့် သာမန်လူများကြားတွင် သူသည် ထိပ်တန်းအဆင့် ဖြစ်နေသည် မဟုတ်ပါလား။

တစ်လလျှင် လစာ ငွေတစ်ပြားဆိုသည်မှာ သူ လက်ရှိရနေသော ဝင်ငွေထက် အများကြီး ပိုမိုများပြားနေခြင်းမျိုး မဟုတ်သော်လည်း အဓိကအချက်မှာ စားစရိတ်နှင့် နေစရိတ် ငြိမ်းသွားခြင်းပင်။ လုံယီ၏ လက်ရှိအသုံးစရိတ် အများစုမှာ အစားအသောက်တွင် ကုန်ဆုံးနေရသဖြင့် ဤကမ်းလှမ်းချက်မှာ အလွန်ဆွဲဆောင်မှု ရှိလှသည်။

သို့သော်လည်း ဤအလုပ်တွင် အားနည်းချက်များစွာလည်း ရှိနေပေသည်။

ပထမအချက်အနေဖြင့် လက်ရှိအခြေအနေထက် ပိုမိုအန္တရာယ်များလှသည်။ ကျားမိသားစုသည် မည်သို့သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကာ တရားဝင်သလား မဝင်ဘူးလားသူဌေးကြီးမှာ မည်သို့သော ရန်သူမျိုးတွေရှိသလဲဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။

ပို၍အရေးကြီးသည်မှာ အစောင့်အကြပ်ဖြစ်လာသည်နှင့် သဘောတူစာချုပ်တစ်ခုခုကို မဖြစ်မနေ လက်မှတ်ထိုးရတော့မည် ဖြစ်သည်။ သခင်နှင့်ကျွန်ကဲ့သို့ အနိုင်ကျင့်သော စာချုပ်မျိုးမဟုတ်လျှင်ပင် အပျော့ဆုံးစာချုပ်မှာပင် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို သိသိသာသာ ချုပ်ကိုင်ထားပေလိမ့်မည်။

ထိုသို့ဆိုလျှင် စွမ်းအင်ရရှိရန် အလောင်းအသစ်များကို လိုက်လံရှာဖွေဖို့ရာမှာလည်း လုံးဝ အဆင်ပြေတော့မည် မဟုတ်ပေ။

အဖန်ဖန် စဉ်းစားပြီးနောက် လုံယီက ငြင်းပယ်လိုက်သည်။

"အစ်ကိုရန် ကျွန်တော့်အပေါ် စေတနာထားပေးတဲ့ သူဌေးကြီးကို ကျေးဇူးတင်ကြောင်း ပြောပေးပါ။ ဒါပေမဲ့ ကျွန်တော်က ဒီလိုပဲ လွတ်လွတ်လပ်လပ် နေတတ်တဲ့သူမို့ တစ်နေရာတည်းမှာ အခြေမချနိုင်လို့ပါဗျာ"

ဖက်တီးရန်မှာ ထိုစကားကိုကြားသော်လည်း စိတ်မဆိုးသည့်အပြင် နားလည်ပေးသယောင် ပြုံးပြလိုက်သည်။

"ငါ နားလည်ပါတယ်ကွာ။ မင်းမှာ စိုးရိမ်တာတွေရှိမှာပေါ့။ ဘာပဲဖြစ်ဖြစ် မင်းအဖေရဲ့ ဂုဏ်သတင်းကလည်း ကြီးတာဆိုတော့ ငါတို့ကျားမိသားစုမှာ အစောင့်အကြပ်လာလုပ်ရတာက မင်းအတွက်တော့ ဂုဏ်ငယ်စရာ ဖြစ်နေမှာပါ"

"မင်း စိတ်ပြောင်းသွားတဲ့ အချိန်ရှိရင် ငါ့ဆီကို အချိန်မရွေး လာခဲ့နော်"

သူသည် လုံယီ၏ပုခုံးကို ခပ်ပေါ့ပေါ့ ပုတ်ကာ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ထွက်ခွာသွားတော့သည်။

'အတော်ပဲ ငါ့အတွက် အကြောင်းပြချက်တစ်ခုတောင် ရှာပေးသွားသေးတယ်'

လုံယီသည် ထိုနေရာ၌ပင် ရပ်လျက် တစ်ချက်ရယ်လိုက်ပြီး သစ်ခုတ်ရန် ပြန်လှည့်လာခဲ့သည်။

...

"ရှောင်ချင်း... ရှောင်ချင်း... မင်း ဘယ်ကို ပြေးနေတာလဲ"

"မိပြီဟေ့။ နောက်ဆုံးတော့ မိပြီ"

"ဟီးဟီးဟီး..."

ရွာအပြန်လမ်းတွင် လုံယီသည် အရူးကျိုးနှင့် ထပ်မံဆုံပြန်သည်။ ထိုအရူးမှာ လယ်ကွင်းထဲတွင် ဆောင့်ကြောင့်ထိုင်နေပြီး သူ၏ဘောင်းဘီမှာ ဟောင်းနွမ်းလွန်းသဖြင့် အပေါက်ကြီးတစ်ပေါက်ပင် ဖြစ်နေသည်။ သူ၏လက်ထဲတွင် ရုန်းကန်နေသော ဖားတစ်ကောင်ကို ကိုင်ထားပြီး ဖား၏ခြေထောက်နှစ်ဖက်စလုံးမှာ ပြတ်ထွက်နေပြီဖြစ်သည်။

လှုပ်ရှားသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ သူ၏မည်းနက်နေသော မျက်နှာနှင့် ပါးစပ်ထောင့်ရှိ သွေးစွန်းနေသော အကြွင်းအကျန်များကို မြင်လိုက်ရသဖြင့် လုံယီမှာ စက်ဆုပ်ဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသည်။

"ဒါတွေ မစားနဲ့လေ ဗိုက်နာလိမ့်မယ်"

လုံယီက မျက်မှောင်ကြုတ်လျက် အိတ်ထဲမှ မုန့်ပြားတစ်ချပ်ကို ထုတ်ပေးလိုက်သည်။

"မုန့်... မုန့်... ကောင်းတယ်... အရသာရှိတယ်..."

အရူးကျိုးမှာ မုန့်ကို အငမ်းမရ စားသောက်ပြီးနောက် ဖားဖမ်းသည့် ကစားနည်းကိုသာ ဆက်လက် ကစားနေတော့သည်။

'လူတိုင်းမှာ ကိုယ်စီကံရှိကြတာပဲ'

လုံယီက ခေါင်းခါလိုက်သည်။ ဤအရူးကို စကားပြောဆို ဆုံးမနေခြင်းမှာ အပိုအလုပ်သာဖြစ်ကြောင်း သိသဖြင့် သူ၏ကံကြမ္မာအတိုင်းသာ ထားခဲ့လိုက်တော့သည်။

သူ၏အိမ်အနီးသို့ ရောက်လာသည်နှင့် ခွေးဟောင်သံများနှင့် ကလေးငိုသံကို စတင်ကြားလိုက်ရသည်။ ထိုအသံမှာ ဒိုကီ၏ အသံနှင့် အလွန်တူနေသည်။

"မကောင်းတော့ဘူး"

လုံယီ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး အရှိန်အဟုန်ဖြင့် ပြေးလာခဲ့ရာ ခြေလှမ်းအနည်းငယ်အတွင်း အိမ်ရှေ့တံခါးဝသို့ ရောက်သွားတော့သည်။

ရှစ်နှစ်၊ ကိုးနှစ်အရွယ် ဒိုကီမှာ မြေပြင်ပေါ်တွင် လဲကျနေပြီး ပြန်မထနိုင်ရှာဘဲ မျက်နှာတစ်ခုလုံး မျက်ရည်များနှင့် ကြောက်လန့်နေရှာသည်။

ဘေးတွင်မူ လူဝလေး ချီချိုင်မှာ သူ၏ခွေးနက်ကြီးက သွားဖြဲကာ ဒိုကီကို ဝိုင်းဟောင်နေသည်ကို ကြည့်ပြီး ပျော်မြူးနေသည်။

"ကိုက်စမ်း။ ဒီတောင်းစားတဲ့ကောင်ကို ကိုက်စမ်း"

ထိုကဲ့သို့ အော်ဟစ်အားပေးနေသည်။

'ဖြောင်း'

ရုတ်တရက် ကျောက်ခဲတစ်လုံးမှာ ခွေးနက်ကြီး၏ ခေါင်းပေါ်သို့ တည့်တည့်ကျသွားသဖြင့် ခွေးမှာ လန့်ဖြန့်ကာ အူလျက် နောက်ဆုတ်သွားတော့သည်။

"ဘယ်သူလဲဟ"

ချီချိုင်မှာ ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်ရာ မည်းမှောင်နေသော မျက်နှာထားနှင့် လုံယီကို မြင်လိုက်ရသည်။

ယခုအခါ လုံယီ၏ ခန္ဓာကိုယ်မှာ ချီချိုင်၏ အစ်ကိုထက်ပင် ပိုမိုထွားကြိုင်း သန်မာနေပြီး အရှိန်အဝါမှာလည်း လွှမ်းမိုးနေသည်။ သူ၏မျက်လုံးများမှာ သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်နေသကဲ့သို့ ခံစားရပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည့်အခါ ကြွက်သားများမှာလည်း ဖောက်ဖောက်ဟု မြည်လာတော့သည်။

သူ့ဘေးတွင် ခွေးမရှိတော့သဖြင့် ချီချိုင်မှာ ကြောက်လန့်သွားပြီး အိမ်သို့ ချက်ချင်းလှည့်ပြေးတော့သည်။ ပြေးရင်းဖြင့်ပင် ခလုတ်တိုက်ကာ မှောက်ရက်လဲသွားသေးသည်။

"မင်း ဘယ်နားက နာသွားသေးလဲ"

လုံယီက ဒိုကီကို မြေပြင်ပေါ်မှ အမြန်ချီမလိုက်သည်။

ဒိုကီက ငိုယိုလျက် "ဦးလေးလုံ... ကျွန်တော့်အိမ်မှာ လူဆိုးတွေ ရောက်နေတယ်။ ကျွန်တော့်အမေကို မြန်မြန်သွားကယ်ပေးပါဦး"

"ဘာ"

လုံယီမှာ ထိတ်လန့်တကြားဖြစ်သွားပြီး ဒေါသများ ငယ်ထိပ်သို့ ဆောင့်တက်သွားတော့သည်။

အခန်း။ ၁၂

လုံယီ ဤကမ္ဘာသို့ စတင်ရောက်ရှိချိန်တွင် မိဘနှစ်ပါးစလုံး ကွယ်လွန်နေပြီဖြစ်ရာ အားကိုးရာမဲ့ ဖြစ်နေခဲ့သည်။ အကယ်၍ ချန်ချန်းနှင့် သူမ၏ခင်ပွန်းတို့က ရံဖန်ရံခါ ကူညီဖေးမမှု မရှိခဲ့ပါက သူ၏ ရွှေလက်ချောင်းစွမ်းရည်ကို မရရှိမီကပင် သူသည် အသက်ဆက်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။

ထို့ကြောင့် လုံယီ၏ စိတ်နှလုံးထဲတွင် ချန်မိသားစု၏ အခန်းကဏ္ဍမှာ စကားလုံးဖြင့် ဖော်ပြ၍မရအောင်ပင် ကြီးမားလှသည်။ ယခုအခါ ချန်ချန်း အနိုင်ကျင့်ခံနေရသည်ဟု ကြားလိုက်ရသောအခါ လုံယီ၏ ဒေါသမှာ ငယ်ထိပ်သို့ ဆောင့်တက်သွားပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတော့သည်။

သူသည် ဒိုကီကို ရင်ခွင်ထဲပိုက်ကာ မြစ်တစ်ဖက်ကမ်းရှိ တိုက်ဟယ်ရွာ’ဆီသို့ လေပွေတစ်ခုကဲ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

ချန်မိသားစုအိမ်….

အသက် ၃၀ ခန့်ရှိမည့် အမျိုးသားတစ်ဦးသည် စားပွဲတွင် ခပ်တည်တည် ထိုင်နေပြီး ဆန်ပြုတ်ကို တရှူးရှူး သောက်နေရင်း ရှေ့မှ အမျိုးသမီးကို ရဲရဲတင်းတင်း စိုက်ကြည့်နေသည်။

အခြားသူများ၏ အမြင်တွင် ဤအမျိုးသမီးမှာ အသားညိုညို၊ ပိန်ပိန်ပါးပါးနှင့် အရပ်ပုသဖြင့် ရုပ်ရည်မှာ သာမန်သာ ဖြစ်သည်။ သို့သော် ထိုလူ၏ အမြင်တွင်မူ သူမသည် သူငယ်စဉ်ကတည်းက စွဲလန်းခဲ့ရသူဖြစ်ရာ အချစ်မျက်စိဖြင့် ကြည့်သည့်အခါ နတ်မိမယ်လေးတစ်ပါးကဲ့သို့ ဖြစ်နေတော့သည်။

ထိုလူသည် အင်္ကျီရင်ဘတ်ကို ဖြန့်ဟထားသဖြင့် ရင်ဘတ်ကြီးမှာ ဗလာကျင်းနေပြီး ညစ်ညမ်းသော အကြည့်များဖြင့် ခြေတစ်ဖက်ကို ခုံပေါ်တင်ထားရာ လူမိုက်တစ်ဦး၏ ပုံစံအတိုင်းပင်။

“ရန်အာ... နင် ဆန်ပြုတ်လည်း သောက်ပြီးပြီပဲ။ ဘာလို့ မပြန်သေးတာလဲ”

ချန်ချန်းက ဒေါသတကြီးဖြင့် မေးလိုက်သည်။

“အို... ငါ့နှမလေးရယ်။ ငါက အိမ်ရှေ့က ဟင်းသီးဟင်းရွက်ခင်းမှာ ပေါင်းမြက်တွေ နုတ်ပေးထားတာလေ။ မင်းရဲ့ ကျေးဇူးရှင်ကို ဒီလိုပဲ ဆက်ဆံတော့မှာလား”

ရန်အာဆိုသူက မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။

“နင့်ကို ဘယ်သူက ကူညီခိုင်းလို့လဲ”

ထိုစကားကို ကြားသောအခါ ချန်ချန်း၏ ဒေါသမှာ ပို၍ ထွက်လာသည်။

“နင်က ကူညီတာ မဟုတ်ဘူး။ အကုန်လုံးကို လာရှုပ်ပစ်တာ။ ဟင်းသီးဟင်းရွက်ပင်တွေ အများကြီး နင်းခြေခံလိုက်ရပြီ”

“တောက်... နှမလေးရာ စကားကို အဲဒီလောက် မခါးစမ်းပါနဲ့”

ရန်အာ၏ မျက်နှာမှာ ခေတ္တမျှ တည်သွားသော်လည်း ချက်ချင်းပင် အရှက်မရှိသည့် ပုံစံဖြင့် “ဘာပဲဖြစ်ဖြစ်... ငါရတဲ့ အဖိုးအခက ငါ့ကို စိတ်ကျေနပ်မှု မပေးနိုင်သေးသရွေ့ ဒီနေ့ ငါ ဒီမှာပဲ နေတော့မယ်”

“နင် ဘာလုပ်ချင်တာလဲ”

ချန်ချန်းက လှောင်ပြောင်သလို ရယ်လိုက်ပြီး “ငါ့ယောင်္ကျား မရှိတော့ပေမယ့် ငါ့ကို ကူညီမယ့်သူ မရှိဘူးလို့တော့ မထင်နဲ့”

“အလို... ဘယ်သူက ကူညီမှာလဲ”

“မကြာခင်ကမှ တောဝံပုလွေတွေကို သတ်ခဲ့တဲ့ ပညာရှိလုံရဲ့သားပဲ”

“ဝံပုလွေ နှစ်ကောင်တည်း သတ်တာကိုလား။ ကျားကို သတ်ပြနိုင်ရင်တော့ ငါ နည်းနည်း အထင်ကြီးမိဦးမယ်”

ရန်အာက မထီမဲ့မြင် ပြောလိုက်သည်။

“ဒါ့အပြင် ငါ ရန်အာမှာလည်း ညီအစ်ကိုတွေ တစ်ပုံကြီး ရှိသေးတယ်...”

သူ၏ စကားပင် မဆုံးသေးပေ။

လူတစ်ယောက်သည် ချန်မိသားစု၏ တံခါးဝတွင် လေပြင်းတစ်ချက် ဝေ့သွားသကဲ့သို့ ပေါ်လာပြီး သူ့ကို ခက်ထန်သော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။ ထိုသူမှာ အရပ်ရှည်ပြီး ထွားကြိုင်းလှကာ ဝတ်ထားသော အင်္ကျီမှာ ကြွက်သားများကြောင့် ကျပ်တည်းနေပြီး အရှိန်အဝါမှာလည်း လွှမ်းမိုးလှသည်။

“ဟင်း...”

ရန်အာမှာ မသိစိတ်ဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

သူ၏ အတွေ့အကြုံအရ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ရှေ့ကလူကို သူ၏ ပိန်လှီသော ခန္ဓာကိုယ်ဖြင့် မယှဉ်နိုင်ကြောင်း သိလိုက်သည်။

“နှမလေး... နောက်မှ ငါ ပြန်လာခဲ့မယ်”

ရန်အာသည် အလျင်အမြန် ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် မမျှော်လင့်ဘဲ တစ်ဖက်လူမှာ အလွန်လျင်မြန်လှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ထွက်ပေါက်ကို ပိတ်ဆို့လိုက်လေသည်။

“သေလိုက်စမ်း”

ရန်အာမှာ စိတ်ကို တင်းထားပြီး ရင်ဘတ်ထဲမှ မီးခိုးရောင် ဓားမြှောင်တစ်လက်ကို ဆွဲထုတ်ကာ ရှေ့သို့ ရူးသွပ်စွာ ဝှေ့ယမ်းလိုက်သည်။

“ငါ့ကို လာတားရဲရင်တော့ ငါ့ဓားမှာ မျက်စိမပါဘူးဆိုတာ မှတ်ထားလိုက်”

‘ဖြောင်း’

လုံယီသည် ရန်အာ၏ ညာဘက်လက်မောင်းကို လှမ်းဖမ်းလိုက်ရာ ရန်အာမှာ လုံးဝ မလှုပ်နိုင်တော့ပေ။ သူ၏လက်မောင်းမှာ ကြီးမားသော သံညှပ်ကြီးဖြင့် အညှပ်ခံထားရသကဲ့သို့ ခံစားရပြီး မခံမရပ်နိုင်အောင် နာကျင်လာတော့သည်။

“အား...”

သူသည် နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ရပြီး လက်ထဲမှ ဓားမြှောင်မှာလည်း မြေပြင်ပေါ်သို့ ချလွင်ကနဲ မြည်ကာ ပြုတ်ကျသွားသည်။

‘ဖြောင်း’

လုံယီ၏ လက်ဝါးရိုက်ချက်တစ်ချက်က ရန်အာ၏ မျက်နှာပေါ်သို့ ကျရောက်သွားရာ ရန်အာမှာ မျက်စိထဲ၌ ကြယ်စင်များ ဝင်းခနဲ လက်သွားတော့သည်။ ဒုတိယမြောက် လက်ဝါးရိုက်ချက်တွင်မူ သူ၏ သွားနှစ်ချောင်းမှာ ကျိုးထွက်သွားပြီး ချန်မိသားစုအိမ်ထဲမှနေ၍ ခွေးသေတစ်ကောင်ကဲ့သို့ အပြင်သို့ လွင့်စဉ်ထွက်သွားတော့သည်။

လုံယီသည် ရင်ဘတ်ထဲမှ ပုဆိန်ကို ထုတ်ယူကာ ရှေ့သို့ ခြေလှမ်းလှမ်းလိုက်သော်လည်း ချန်ချန်းက သူ့ကို အတင်းဆွဲထားလိုက်သည်။

“အာယီ... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ လူသတ်မိရင် အစိုးရက ဖမ်းလိမ့်မယ်”

“စိတ်မပူပါနဲ့ မရီး။ ကျွန်တော် သူ့ကို ခြောက်ရုံတင်ပါ”

လုံယီက ပြန်လည်နှစ်သိမ့်လိုက်သည်။

သူသည် အပြင်သို့ ထွက်လာပြီး လက်ထဲမှ ပုဆိန်ကို မြှောက်လိုက်ရာ နေဝင်ရိုးရီ အလင်းအောက်တွင် ပုဆိန်၏ အေးစက်သော အရောင်မှာ တဖျတ်ဖျတ် လက်နေသည်။

“နောက်တစ်ခါ ထပ်လာရဲရင်တော့ မင်းရဲ့ ခွေးခြေထောက်တွေကို ငါ အပြတ်ခုတ်ပစ်မယ်”

ရန်အာသည် ထိတ်လန့်တကြားဖြင့် ကုန်းရုန်းထကာ ထွက်ပြေးသွားတော့သည်။ အတော်

လှမ်းလှမ်းသို့ ရောက်မှသာ သူက လှမ်းအော်သည်။

“မင်း... မင်း သိပ်မမောက်မာနဲ့ဦး။ ငါ အခုပဲ ငါ့ညီအစ်ကိုတွေကို သွားခေါ်လာမယ်”

“မြန်မြန်သွားလေ”

လုံယီက ရယ်မောကာ ပြောလိုက်ပြီး ဒိုကီကို လှည့်ကြည့်ကာ “ဒိုကီ... ဦးလေးလုံအတွက် ထိုင်ခုံတစ်လုံးလောက် ယူလာပေးစမ်းပါ။ ငါ ဒီမှာပဲ သူတို့ကို စောင့်နေမယ်”

“ဟုတ်ကဲ့”

ဒိုကီက စိတ်လှုပ်ရှားစွာ ပြန်ထူးပြီး အိမ်ထဲသို့ ခုံအသေးလေးတစ်လုံး သွားယူလေသည်။

ထိုခုံမှာ အလျား ၃၀ စင်တီမီတာခန့်သာရှိပြီး အမြင့်မှာလည်း ၁၀ စင်တီမီတာကျော်ကျော်သာ ရှိသဖြင့် လုံယီတောင်းသော ထိုင်ခုံနှင့် အလှမ်းဝေးလှသည်။ လုံယီမှာ နှုတ်ခမ်းကိုသာ မဲ့လိုက်မိတော့သည်။ ဤခုံပုလေးပေါ် ထိုင်နေခြင်းက ကြည့်ရသည်မှာ သိပ်တော့ အရှိန်အဝါ မရှိလှပေ။ သို့သော် ဒိုကီ၏ မျှော်လင့်တကြီး ကြည့်နေသော အကြည့်ကြောင့် သူ ထိုင်လိုက်ရာ သူ၏အရပ်မှာ ချက်ချင်းဆိုသလို နိမ့်ဆင်းသွားတော့သည်။

ချန်ချန်းက စိုးရိမ်တကြီးဖြင့် အနားသို့ ရောက်လာကာ “အာယီ... မင်း မြန်မြန် ထွက်သွားပါတော့။ ရန်အာတို့ အုပ်စုက လူလည်းများသလို ရက်စက်ကြတယ်”

“မရီး စိတ်မပူပါနဲ့။ ဒီနေ့ သူတို့ကို လုံးဝ အရှုံးပေးသွားအောင် လုပ်လိုက်မယ်။ ဒါမှ နောက်ကို မရီးကို ထပ်ပြီး ဒုက္ခမပေးရဲမှာ”

သူက အာမခံလိုက်သည်။

ချန်ချန်းက စကားပြောရန် ပြင်သော်လည်း လုံယီ၏ ယုံကြည်မှုရှိသော မျက်နှာကို မြင်သောအခါ ဘာမှ ထပ်မပြောတော့ပေ။ တိုက်ဟယ်ရွာမှ အိမ်နီးချင်းအချို့မှာလည်း ဆူညံသံကြောင့် စုရုံးရောက်ရှိလာကြသည်။ ဇာတ်လမ်းကြည့်ရသည်မှာ လူသားတို့၏ သဘာဝမဟုတ်ပါလား။

“ဒါ အယ်ဟယ်ရွာက ပညာရှိလုံရဲ့သား မဟုတ်လား။ သူက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ထွားကြိုင်းလာတာလဲ”

“မင်း မသိဘူးလား သူက အရင်က ဝံပုလွေတွေကိုတောင် သတ်ခဲ့တာလေ”

“သူက ဘာလို့ လူယုတ်မာ ရန်အာကို သွားရန်စရတာလဲ။ ရန်အာတို့အုပ်စုက ရင်ဆိုင်ရတာ မလွယ်ဘူးဟ”

လူအများက တီးတိုးပြောဆိုနေကြစဉ်မှာပင် မလှမ်းမကမ်းမှ လူ ၇ ယောက်၊ ၈ ယောက်ခန့် ပါဝင်သော ထွားကြိုင်းသည့် လူအုပ်စုတစ်စုမှာ လက်နက်များကိုယ်စီဖြင့် ရန်လိုသော အမူအရာဖြင့် ရောက်ရှိလာကြပေတော့သည်။

“အာယီ... မြန်မြန်ပြေးတော့”

ချန်ချန်းက စိုးရိမ်တကြီးဖြင့် ထပ်မံတိုက်တွန်းလိုက်သည်။

“အမှိုက်သရိုက် တစ်သိုက်ပါပဲဗျာ”

လုံယီက ထိုသို့ပြောကာ သူ၏ပုဆိန်ကို ထုတ်ယူလျက် မကြောက်မရွံ့ ရင်ဆိုင်လိုက်သည်။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ လုံယီထက်ပင် ပို၍ ထွားကြိုင်းသော လူသန်ကြီးတစ်ဦးဖြစ်ပြီး တောင့်တင်းသော လက်မောင်းများတွင် မြွေပုံတက်တူးများ ရှိနေသည်။ သူသည် ဓားမကြီးတစ်လက်ကို ကိုင်စွဲထားပြီး ကြည့်ရသည်မှာ တစ်ချက်ကြည့်ရုံဖြင့်ပင် ကြောက်လန့်ဖွယ်ကောင်းသော လူမိုက်တစ်ဦး ဖြစ်သည်။

“ဒါ လူမိုက် ဝူပြောင်ပဲ”

တိုက်ဟယ်ရွာမှ ကြည့်နေကြသူများသည် ဝူပြောင်ကို မြင်သည်နှင့် မသိစိတ်ဖြင့် နောက်သို့ အနည်းငယ် ဆုတ်သွားကြတော့သည်။

‘ဝူပြောင် ဟုတ်လား’

လုံယီသည် ထိုသူကို ကြည့်ကာ သူ၏ ဆိုးသွမ်းသော ဂုဏ်သတင်းကို သတိရလိုက်သည်။ ဆိုင်များကို ရိုက်ခွဲခြင်း၊ ကုန်သည်များကို ငွေညှစ်ခြင်းနှင့် လူကို ဓားဖြင့်ခုတ်ခြင်းတို့မှာ သူ့အတွက် ထမင်းစားရေသောက်ကဲ့သို့ပင်။ သူသည် ထောင်နန်းစံခဲ့ဖူးသော်လည်း ပြန်လည်လွတ်မြောက်လာချိန်တွင် ယခင်ကထက်ပင် ပိုမိုရက်စက်လာခဲ့သည်။ ဆင်ရှန်းနယ်မြေရှိ လူတိုင်းက သူ့ကို ကပ်ရောဂါတစ်ခုကဲ့သို့ ကြောက်ရွံ့ကြပြီး အတတ်နိုင်ဆုံး ရှောင်ရှားကြသည်။

ရွာသားအချို့၏ တီးတိုးပြောဆိုသံများကို လုံယီ ကြားလိုက်ရသည်။

“လက်နှစ်ဖက်က လက်လေးဖက်ကို မယှဉ်နိုင်ပါဘူး။ ပညာရှိလုံရဲ့သားက ငယ်သေးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာပဲ”

“အခုတော့ သူ အထိနာတော့မှာပဲ။ ငါတို့တွေ ဝေးဝေးကပဲ ရှောင်နေကြရအောင်”

ချန်ချန်း၏ မျက်နှာတွင် စိုးရိမ်မှုများ အထင်းသား ပေါ်နေပြီး ဒိုကီမှာလည်း တစ်ခွန်းမျှ မဟရဲတော့ဘဲ မိခင်၏ အင်္ကျီလက်ကို ဆွဲကာ နောက်ကွယ်တွင် ပုန်းနေရှာသည်။

“ငါ့ညီကို ဒဏ်ရာရအောင် လုပ်တာ မင်းလား”

ဝူပြောင်က ခက်ထန်စွာ မေးမြန်းလိုက်သည်။

“အင်း... သူက ခံထိုက်လို့ ခံရတာပဲ”

လုံယီ၏ အဖြေကြောင့် ရှိနေသူအားလုံး ဆွံ့အသွားကြသည်။

လူမိုက်ဝူပြောင်၏ မျက်လုံးများမှာလည်း အံ့ဩမှုကြောင့် ပြူးထွက်သွားသည်။ ထို့နောက် လုံယီက ဆက်ပြောသည်ကို ကြားလိုက်ရသည်။

“မင်းရဲ့ ညီငယ်ကို ကောင်းကောင်း မဆုံးမထားတဲ့အတွက် မင်းလည်း အရိုက်ခံရဖို့ ထိုက်တန်တယ်”

ဝူပြောင်၏ ဦးနှောက်မှာ ခေတ္တမျှ ကြောင်သွားတော့သည်။

ပုံမှန်ဆိုရင် ဒီလို အခြေအနေမျိုးမှာ အသက်ဘေးကနေ လွတ်ဖို့ တောင်းပန်ရမှာ မဟုတ်ဘူးလား။

သူ၏ မျက်စိရှေ့တွင် အရိပ်တစ်ခု ဖြတ်ခနဲ လက်သွားသည်။ တစ်ခုခု မှားနေပြီဟု သူ သိလိုက်သဖြင့် ဘေးသို့ ရှောင်ရန် ပြင်လိုက်သော်လည်း လုံယီမှာ စွမ်းရည်ပြမျက်နှာပြင်မှတစ်ဆင့် ခွန်အားတင်မကဘဲ အမြန်နှုန်းကိုပါ အကြိမ်ကြိမ် မြှင့်တင်ထားသူ ဖြစ်သည်။

သူ၏ အမြန်နှုန်းမှာ သာမန်လူထက် အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်သည်။

လက်ဦးသူက အသာရသည်ဟူသော စကားအတိုင်း လုံယီသည် စကားများနေရန် ပျင်းရိသဖြင့် လေထဲသို့ ခုန်တက်ကာ ဝူပြောင်၏ ရင်ဘတ်တည့်တည့်ကို ကန်ချက်တစ်ချက် ပြင်းထန်စွာ ကျွေးလိုက်တော့သည်။

‘ဂွပ်’

ထိုအခိုက်အတန့်တွင် ဝူပြောင်မှာ မိမိ၏ အရိုးများ ကျိုးသွားသည့် အသံကို ကြားလိုက်ရသကဲ့သို့ပင်။ သူသည် မည်သည့်ခုခံမှုမျှ မပြုနိုင်ဘဲ လေထဲသို့ လွင့်စဉ်သွားကာ သူ၏ နောက်ကွယ်မှ လက်ပါးစေတစ်ဦးပေါ်သို့ ထပ်လျက်သား ပြုတ်ကျသွားတော့သည်။

‘ဝေါ့’

သူ၏ ပါးစပ်ထဲမှ လတ်လတ်ဆတ်ဆတ် သွေးများမှာ ချက်ချင်းပင် ပန်းထွက်လာသည်။ အောက်မှ ခံလိုက်ရသော လက်ပါးစေမှာလည်း မျက်နှာဖြူလျော်သွားပြီး မြေပြင်ပေါ်မှ ပြန်မထနိုင်တော့ပေ။

“ဝိုင်းကြစမ်း”

ကျန်ရှိနေသော လူ ၆ ဦးမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကြက်ဥခန့် လုံးပတ်ရှိသည့် မာကျောသော သစ်သားတုတ်များကို ဆွဲထုတ်ကာ အစီအစဉ်မရှိဘဲ လုံယီထံသို့ အရပ်မျက်နှာအနှံ့မှ ဝိုင်းအုပ်တိုက်ခိုက်ကြတော့သည်။

လုံယီသည် ကိုယ်ကိုတစ်ချက် ယိမ်းလိုက်ပြီး သူ၏ဦးခေါင်းကို ချိန်ရွယ်ထားသော တုတ်ချက်ကို ရှောင်တိမ်းလိုက်သည်။ သူ၏ ပုဆိန်ကို ရှေ့သို့ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ ရန်သူ့တုတ်နှစ်ချောင်းမှာ တစ်ဝက်စီ ပြတ်ထွက်သွားတော့သည်။

‘ဖြောင်း... ဖြောင်း’

သို့သော်လည်း တစ်ချိန်တည်းမှာပင် ကျန်ရှိသော တုတ်လေးချောင်းမှာ လုံယီ၏ ခန္ဓာကိုယ်ပေါ်သို့ တည့်တည့်ကျရောက်သွားသည်။ သို့သော် လုံယီကို ရိုက်မိသူများ၏ မျက်နှာမှာ ချက်ချင်းဆိုသလို ပျက်သွားကြတော့သည်။ ကျောက်တုံးကြီးတစ်တုံးကို ရိုက်မိသကဲ့သို့ သူတို့၏လက်များမှာ ထုံကျဉ်နာကျင်သွားသောကြောင့် ဖြစ်သည်။

“လစ်စမ်း”

လုံယီက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး အနားရှိ လူတစ်ဦးကို ကန်ထုတ်လိုက်ရာ ငါးမီတာခန့်ဝေးသော နံရံဆီသို့ လွင့်စဉ်သွားပြီး သတိလစ်သွားတော့သည်။ ထို့နောက် တုတ်တစ်ချောင်းကို လက်တစ်ဖက်ဖြင့် ဖမ်းဆွဲကာ တုတ်ကိုကိုင်ထားသော လူငယ်လေးပါ ပါလာအောင် ဆွဲမလိုက်သည်။ သူသည် သံဝိုင်းပစ်သကဲ့သို့ တစ်ပတ်လှည့်ကာ ထိုလူကို ပစ်ပေါက်လိုက်ရာ အခြားသူနှစ်ဦးကို ပြင်းထန်စွာ သွားမှန်တော့သည်။

“အား...”

နာကျင်စွာ အော်ဟစ်သံ သုံးချက်နှင့်အတူ ထိုသုံးဦးမှာလည်း တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။ ကျန်ရှိနေသော လူအနည်းငယ်မှာမူ လုံယီ၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို မြင်တွေ့သွားရသဖြင့် ထိတ်လန့်တကြား လှည့်ပြေးရန် ပြင်ကြတော့သည်။

သို့သော် လုံယီက ခွင့်မပြုခဲ့ပေ။ သူသည် အနောက်မှ လိုက်၍ တစ်ယောက်ချင်းစီကို ကန်ချလိုက်ရာ အားလုံး မြေပြင်ပေါ်သို့ ပြားပြားဝပ် လဲကျကုန်ကြတော့သည်။ ယခင်က ကြောက်စရာကောင်းလှသော လူမိုက်တစ်သိုက်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် မလှုပ်နိုင်သော အလောင်းပုံကြီးကဲ့သို့ ဖြစ်သွားရှာသည်။

ခွန်အားရှိလျှင် အတတ်ပညာကို လွှမ်းမိုးနိုင်သည်ဟူသော စကားအတိုင်းပင်။ ရှိနေသူအားလုံးမှာ ဆွံ့အလျက် အံ့ဩနေကြသည်။

“ပညာရှိလုံရဲ့သားက သိုင်းပညာတွေကို တိတ်တဆိတ် သင်ထားတာများလား”

“တကယ့်ကို အံ့ဩစရာပဲ။ ဝူပြောင်တော့ သူ့အထက်ကလူနဲ့ တွေ့ပြီဟေ့”

ဒိုကီမှာ စိတ်လှုပ်ရှားစွာဖြင့် လက်သီးလေးများကို ဝှေ့ယမ်းကာ “ဦးလေးလုံက တကယ့်ကို တော်တာပဲ။ ထပ်ထုလိုက်... ထပ်ထုလိုက်” ဟု အော်ဟစ်အားပေးနေသည်။

လုံယီသည် ပုဆိန်ကို ကိုင်ဆောင်လျက် ဝူပြောင်အနားသို့ တိုးသွားသည်။ သူသည် ဝူပြောင်၏ ဆံပင်ကို ဆွဲလိုက်ပြီး ပုဆိန်သွားကို သူ၏လည်ပတ်တွင် တေ့ထားလိုက်ရာ ကြက်တစ်ကောင်ကို သတ်ရန် ပြင်နေသကဲ့သို့ပင်။

“မင်း ခေါင်းပြတ်ချင်လို့လား”

အသားပေါ်သို့ ကျရောက်နေသော ပုဆိန်၏ အေးစက်မှုကို ခံစားလိုက်ရသဖြင့် ဝူပြောင်မှာ တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ သူက “လူသတ်ရင် အသက်နဲ့ ပြန်ပေးရမယ်ဆိုတဲ့ ဥပဒေရှိတယ်နော်” ဟု လုံယီကို သတိပေးလိုက်သည်။

“အာယီ... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး”

ချန်ချန်းကလည်း လာရောက် ဖျောင်းဖျပြန်သည်။

“ဟင်...”

ဝူပြောင်က ဥပဒေဖြင့် သူ့ကို ခြိမ်းခြောက်ရဲသေးသည်ကို မြင်သောအခါ လုံယီက ပုဆိန်ကို အနည်းငယ် ထပ်ဖိလိုက်ရာ ဝူပြောင်၏ အရေပြား ပေါက်ထွက်သွားပြီး သွေးများ စိမ့်ထွက်လာသည်။

“အသက်ချမ်းသာပေးပါ ကျွန်တော့်ကို လွှတ်ပေးပါ”

ဝူပြောင်မှာ ဟန်မဆောင်နိုင်တော့ဘဲ အသက်ဘေးအတွက် အသနားခံတော့သည်။

“လုံလေး... ငါတို့ အစ်ကိုကြီးဝူကို လွှတ်ပေးပါဗျာ”

ရန်အာမှာလည်း တရွတ်တိုက် လာရောက်ကာ ဝူပြောင်အတွက် ဦးတိုက်လျက် တောင်းပန်နေတော့သည်။ အခြားသော လူမိုက်များမှာလည်း ငိုယိုအသနားခံနေကြရာ မြင်ကွင်းမှာ တကယ့်ကို ဝမ်းနည်းစရာကြီးကဲ့သို့ပင်။

လုံယီမှာ ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။ အခြေအနေက ကြည့်ရသည်မှာ သူကပဲ လူဆိုးကြီး ဖြစ်နေသလိုပင်။ လုံယီသည် အမှန်တကယ် ဝူပြောင်ကို သတ်ရန် ရည်ရွယ်ချက်မရှိပေ။

ဒါကြောင့် သူသည် ပုဆိန်ကို အောက်သို့ နိမ့်ချလိုက်ပြီး ထိုလူမိုက်များကို ကြည့်ကာ “သူ့ကို လွှတ်ပေးဖို့ဆိုတာ လွယ်ပါတယ်။ ဒါပေမဲ့ လျော်ကြေးငွေ ယူလာခဲ့ကြ” ဟု ပြောလိုက်တော့သည်။

All Chapters