← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း။ ၁၃

“ဟင်”

လူမိုက်တစ်သိုက်မှာ ထိုစကားကို ကြားလိုက်ရသောအခါ ဆွံ့အသွားကြသည်။ သူတို့မှာ အခြားသူများကိုသာ ငွေညှစ်တတ်ကြပြီး ယခုကဲ့သို့ ကိုယ်တိုင် ပြန်လည် အညှစ်ခံရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သို့သော်လည်း သူ့မိုးအောက်တွင် နေရသဖြင့် ခေါင်းငုံ့ရတော့မည့်အခြေအနေ ဖြစ်နေသည်။

“ဘယ်လောက်လဲ”

လူမိုက်တစ်ဦးက တိုးတိုးလေး မေးလိုက်သည်။

“ငွေ ဆယ်ပြား”

အသက်တစ်ချောင်းကို ကယ်တင်ဖို့ ငွေဆယ်ပြားဆိုတာက များလွန်းလို့လား။

လူမိုက်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အချင်းချင်း ထူမကာ ခေါင်းချင်းရိုက်၍ တိုးတိုးတိတ်တိတ် တိုင်ပင်ကြတော့သည်။ တစ်ယောက်က စုတ်ပြဲနေသော အဝတ်စတစ်ခုကို ထုတ်ကာ နောက်တစ်ယောက်က ကြေးဒင်္ဂါး လက်တစ်ဆုပ်စာကို နှိုက်ထုတ်သည်။ အချို့မှာမူ ဝူပြောင်ထံမှ ငွေများကို နှိုက်ယူကြသည်။ စုဆောင်းရရှိသမျှ ငွေအားလုံးမှာ လုံယီ၏ လက်ထဲသို့ ရောက်ရှိလာတော့သည်။

သူ့လက်ထဲမှ ငွေများကို မြင်လိုက်ရသောအခါ လုံယီမှာ မှင်တက်သွားရသည်။ ပဲစေ့ခန့်သာရှိသော ငွေစ အစုတ်အပြတ် အနည်းငယ်နှင့် ကြေးဒင်္ဂါး ရာဂဏန်းခန့်သာ ရှိသည်။ အားလုံးပေါင်းလိုက်လျှင်ပင် ငွေတစ်ပြားမပြည့်တပြည့်သာ ရှိပေလိမ့်မည်။

“မင်းတို့က ဘာလို့ ဒီလောက်တောင် ဆင်းရဲနေကြတာလဲ”

ဤလူမိုက်များ၏ ကြွယ်ဝမှုကို သူ အထင်ကြီးမိသွားကြောင်း လုံယီ သဘောပေါက်လိုက်သည်။

“ကျွန်တော်တို့သာ ချမ်းသာရင် ဘယ်သူက ဒီလိုအလုပ်တွေ လုပ်နေပါ့မလဲဗျာ”

ရန်အာက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ တစ်ဖက်တွင်လည်း ဝူပြောင်မှာ အရှက်ရလွန်းသဖြင့် မျက်နှာကို လက်နှင့် အုပ်ထားတော့သည်။

“ဒါဆို ကျန်တဲ့ငွေတွေကရော ဘယ်မှာလဲ”

လုံယီသည် သူတို့ကို လွယ်လွယ်နှင့် လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။

ယခုမြင်တွေ့နေရသော လူမိုက်များ၏ သနားစဖွယ် အမူအရာများနောက်တွင် လှည့်စားမခံပါနှင့်။ ဆင်ရှန်းနယ်မြေရှိ အခြားသော ရွာသားများ၏ ရှေ့တွင်မူ သုတို့မှာ ဆရာကြီးများကဲ့သို့ ပြုမူတတ်ကြသူများ ဖြစ်သည်။ ရာဇဝတ်မှုကြီးကြီးမားမား မကျူးလွန်သော်လည်း ဒုစရိုက်မှု အသေးအဖွဲများကိုမူ အမြဲမပြတ် လုပ်ဆောင်နေကြသူများ ဖြစ်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ လုံယီ၏ အကြည့်မှာ ရန်လိုသော အရိပ်အယောင်များ ပေါ်လာသည်နှင့်အမျှ တင်းမာမှုများ ပြန်လည် မြင့်တက်လာခဲ့သည်။

“ဒါဆိုရင်... ကျွန်တော်တို့ ငွေအစား အလုပ်နဲ့ ပြန်ဆပ်ရင်ရော မရဘူးလားဗျာ”

လူမိုက်တစ်ဦးက ရုတ်တရက် အကြံပြုလိုက်ပေတော့သည်။

လူမိုက်ခေါင်းဆောင်ကြီး ဝူပြောင်၏ မျက်လုံးများမှာ ဝင်းခနဲ တောက်ပသွားပြီး ရှေ့သို့ ကိုင်းညွှတ်ကာ ဦးညွှတ်လိုက်သည်။

“ဒီနေ့ကစပြီး ခင်ဗျားက ကျွန်တော်တို့ရဲ့ အစ်ကိုကြီးပါပဲ”

“အစ်ကိုကြီး... ကျွန်တော်တို့ရဲ့ ဂါရဝကို လက်ခံပါ”

ကျန်ရှိသော လူမိုက်များမှာလည်း အတုယူလျက် လုံယီကို အညံခံကြောင်း ဖော်ပြသည့်အနေဖြင့် ဝိုင်းဝန်းဦးညွှတ်ကြတော့သည်။

“ဟင်”

လုံယီမှာ မျက်တောင်တခတ်ခတ်ဖြင့် ကြောင်သွားရသည်။

ငါက လူမိုက်တစ်သိုက်ရဲ့ ခေါင်းဆောင် ချက်ချင်းဖြစ်သွားရောလား။

သူသည် ငြင်းပယ်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် အတွေးတစ်ခု ပေါ်လာပြီး အစီအစဉ်တစ်ခု စိတ်ထဲတွင် ပုံဖော်လိုက်သည်။

“အစ်ကိုကြီး လုပ်ဖို့တော့ ထားလိုက်ပါဦး။ ဒါပေမဲ့ မင်းတို့ ငါ့အတွက် တစ်ခုခု လုပ်ပေးနိုင်ရင်တော့ ရတယ်။ ကောင်းကောင်း လုပ်ပေးနိုင်ရင် ဒီနေ့ကိစ္စကို ငါ ခွင့်လွှတ်ပေးမယ့်အပြင် အပိုဆုကြေးတွေပါ ပေးဦးမယ်”

လုံယီသည် လူမိုက်များကို လူသူကင်းဝေးသော နေရာတစ်ခုသို့ ခေါ်ဆောင်သွားပြီး လုပ်ငန်းတာဝန်များ ပေးအပ်လိုက်သည်။

“ဘယ်နေရာမှာပဲဖြစ်ဖြစ် လူသေတဲ့ သတင်းကြားတာနဲ့ ငါ့ဆီ ချက်ချင်း လာသတင်းပို့ရမယ်”

သတင်းသာ မှန်ကန်ပါက ဝမ် တစ်ဆယ်ဆုချမည်ဟု သူက ကတိပေးလိုက်သည်။ ဤလူမိုက်များမှာ တစ်နေ့လုံး နေရာအနှံ့ လျှောက်သွားနေကြသူများ ဖြစ်ရာ သတင်းအချက်အလက်ပိုင်းတွင် သူတို့ထက် ပိုသိသူ မရှိနိုင်ချေ။

ဆုကြေးငွေ ပေးခြင်းမှာလည်း သူတို့၏ စိတ်အားထက်သန်မှုကို မြှင့်တင်ပေးရန် ဖြစ်သည်။ သတင်းတစ်ခု၏ တန်ဖိုးမှာ သာမန်လူတစ်ဦး တစ်နေ့လုံး သစ်ခုတ်၍ရသော လုပ်အားခနှင့် ညီမျှနေသဖြင့် မနည်းလှသော ပမာဏ ဖြစ်သည်။

ထိုသို့ မဟုတ်ပါက အစပိုင်းတွင် လုံယီ၏ ခြိမ်းခြောက်မှုကြောင့် လုပ်ပေးကြမည်ဖြစ်သော်လည်း ကြာလာသည်နှင့်အမျှ မည်သူမျှ ဂရုစိုက်ကြတော့မည် မဟုတ်ပေ။

ယခုလေးတင် သူ သိမ်းယူထားသော ငွေတစ်ပြားနှင့် ပတ်သက်၍မူ လုံယီက ပြန်ပေးရန် ရည်ရွယ်ချက် မရှိသလို လူမိုက်များကလည်း မတောင်းရဲကြသဖြင့် အသာတကြည်ပင် ပြီးသွားတော့သည်။

...

လူမိုက်များမှာ ရောက်လာစဉ်က တက်ကြွခဲ့သော်လည်း ပြန်သွားချိန်တွင်မူ ဖရိုဖရဲနှင့် ဖြစ်နေရှာသည်။

အခြေအနေများ ပြေလည်သွားပြီဖြစ်သဖြင့် ကြည့်ရှုနေသူများလည်း လူစုကွဲသွားကြပြီ ဖြစ်သည်။ ဒိုကီ တစ်ယောက်သာလျှင် စိတ်လှုပ်ရှားစွာ ကျန်ရစ်ခဲ့ပြီး လုံယီ၏ အမူအရာများကို လိုက်တုလျက် ‘ဟွာ... ဟွာ...’ ဟု အော်ဟစ်ကာ လက်သီးထိုး၊ ခြေကန်များ လုပ်နေတော့သည်။ သို့သော် သူက ငယ်သေးသဖြင့် လှုပ်ရှားမှုများမှာ မမှန်ကန်ဘဲ ခဏခဏ လဲကျနေသော်လည်း ပျော်ရွှင်စွာဖြင့် ပြန်ထကာ ဆက်လုပ်နေရှာသည်။

“မရီး... ဒါလေး ယူထားလိုက်ပါ”

လုံယီသည် လူမိုက်များထံမှ ရလာသော ငွေများကို မရီးချန်အား ပေးရန် ကြိုးစားလိုက်သည်။

မရီးချန်က ခေါင်းကို ခါယမ်းကာ ငြင်းဆိုနေတော့သည်။

“ဒီနေ့အတွက် အာယီ့ကို ကျေးဇူးတင်ရမှာပါ။ မင်းသာ မရှိရင် ငါ ဘာလုပ်ရမှန်းတောင် သိမှာ မဟုတ်ဘူး”

“ဘာမှ မဟုတ်ပါဘူး မရီးရယ်။ နောက်ကို ဘာပြဿနာပဲ ကြုံရကြုံရ ကျွန်တော့်ကို လာရှာလို့ ရပါတယ်”

လုံယီက သက်ပြင်းချလျက် “အစ်ကိုသာ စောစောစီးစီး မဆုံးပါက မရီးလည်း ဒီလောက်ထိ ခက်ခဲမှာ မဟုတ်ဘူး” ဟု ပြောလိုက်သည်။

ချန်ချန်းသည် ခွန်အားကြီးမားမှုကြောင့် နာမည်ကျော်သူဖြစ်ပြီး သစ်ခုတ်သမားများထဲတွင် သူ၏သစ်ခုတ်စွမ်းရည်မှာ ထိပ်တန်းအဆင့် ဖြစ်သည်။ အကယ်၍ သူသာ ရှိနေသေးပါက မရီးချန်အနေဖြင့် ယခုကဲ့သို့ လူမိုက်များ၏ အနိုင်ကျင့်ခြင်းကို ခံရမည်မဟုတ်ပေ။

ကွယ်လွန်သူ ချန်ချန်းအကြောင်း ပြောလိုက်မိသည်နှင့် မရီးချန်၏ မျက်နှာပေါ်တွင် ဝမ်းနည်းရိပ်များ ယှက်သန်းသွားတော့သည်။

‘စကားပြောတာ ပိုဆင်ခြင်သင့်တာ’

လုံယီ သူ့ကိုယ်သူ ပြန်တွေးမိသွားပြီး အခြေအနေမှာ မှိုင်တွေသွားသဖြင့် နှုတ်ဆက်ကာ ထွက်ခွာခဲ့သည်။ မထွက်ခွာမီ ဒိုကီ၏ ဦးခေါင်းကို အသာအယာ ပုတ်လိုက်သည်။

“ဒိုကီ... အမေပြောတာကို ကောင်းကောင်းနားထောင်နော် ဟုတ်ပြီလား”

“သိပါပြီ ဦးလေးလုံ”

ဒိုကီက နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပြီး ကလေးငယ်တစ်ဦး၏ ကြီးမားသော မျှော်လင့်ချက်ဖြင့် “နောင်ကျရင် ကျွန်တော်လည်း ဦးလေးလုံလို သန်မာအောင် လုပ်မှာ။ အဲဒီအခါကျရင် ဘယ်သူမှ ကျွန်တော့်ကို မနိုင်တော့ဘူး” ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူ၏ လက်သီးငယ်လေးကို ခိုင်မာစွာ ဝှေ့ယမ်းပြလေသည်။ လုံယီက တခိခိရယ်မောရင်း ကောင်လေး၏ ဆံပင်များကို ဖွပေးလိုက်မိတော့သည်။

နောက်ရက်များတွင်မူ...

လုံယီ၏ ဘဝသည် အေးချမ်းသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ စွမ်းအင်ရရှိမှုနှုန်းမှာ သိသိသာသာ မြင့်တက်လာခြင်းပင်။

ဆယ်ရက်အတွင်းမှာပင် သူသည် စွမ်းအင် ၃ မှတ်အထိ စုဆောင်းမိသွားသည်။ ဤသည်မှာ ဝူပြောင်ဦးဆောင်သော လူမိုက်တစ်သိုက်ကြောင့်ပင်။ မည်သည့်ခေတ်တွင်မဆို သတင်းအချက်အလက်၏ အချိန်ကိုက်ရရှိမှုမှာ အလွန်အရေးကြီးလှပေသည်။

ဥပမာအားဖြင့် ရှန်မိသားစုရွာမှ လယ်သမားအိုကြီးတစ်ဦး မြွေပွေးကိုက်ခံရ၍ သေဆုံးခြင်း၊ ထျန်းဖန်ရွာမှ ရွာသားတစ်ဦး သစ်ကျားကိုက်ခံရခြင်း သို့မဟုတ် ဒင်မိသားစုရွာမှ ဒေါ်လေးတစ်ဦး ဆေးမြစ်ရှာရင်း ချောက်ထဲပြုတ်ကျသေဆုံးခြင်း စသည့် သတင်းမျိုးများ ဖြစ်သည်။ ယခင်ကဆိုလျှင် ဤသတင်းများ လုံယီထံသို့ ရောက်ရှိလာချိန်တွင် ခုနစ်ရက်ကျော်သွားလေ့ရှိသဖြင့် စွမ်းအင်ကို မရရှိနိုင်တော့ပေ။

ယခုမူ သူက သတင်းအတွက် ငွေအသင့်ပေးသဖြင့် လူမိုက်များမှာလည်း သူတို့၏ တာဝန်ကို အလွန်ပင် တက်ကြွစွာ လုပ်ဆောင်ကြတော့သည်။ အမှန်စင်စစ် ၎င်းမှာ အပင်ပန်းမခံရဘဲ ငွေရလွယ်သော အလုပ်ဖြစ်နေသည် မဟုတ်ပါလား။

ထို့ကြောင့် လုံယီသည် စွမ်းအင် ၃ မှတ်အထိ စုဆောင်းမိသွားပြီး လုံမိသားစု ပုဆိန်သိုင်းကို အဆင့်မြှင့်တင်ရန် သတ်မှတ်ချက်များနှင့် ပြည့်စုံသွားတော့သည်။

ထိုနေ့ညနေ ညစာစားပြီးနောက် သူသည် ကုတင်ပေါ်တွင် ထိုင်ကာ အဆင့်မြှင့်တင်ရန် ပြင်ဆင်လိုက်သည်။

‘စွမ်းရည်ပြမျက်နှာပြင်... ငါ့အတွက် အမှတ်ပေါင်းထည့်ပေးစမ်း’

စွမ်းအင်မှာ သုည (၀) ဖြစ်သွားသည်နှင့်အမျှ စွမ်းရည်ပြမျက်နှာပြင်မှာ ပြောင်းလဲသွားတော့သည်။

[အမည် - လုံယီ]

[အသက် - ၁၉/၅၅]

[အဆင့် - မရှိ]

[ကျွမ်းကျင်မှု - လုံမိသားစု၏ ပုဆိန်သိုင်း (အခြေခံအဆင့် ၀/၁၀)]

[စွမ်းအင် - ၀]

မှတ်ဉာဏ်အဟုန်များစွာသည် သူ၏ဦးနှောက်အတွင်းသို့ တစ်ဟုန်ထိုး တိုးဝင်လာပြီး ဦးခေါင်းတစ်ခုလုံး ခေတ္တမျှ ဖောင်းကားသွားသကဲ့သို့ ခံစားလိုက်ရသည်။

မှတ်ဉာဏ်များ၏ အစပိုင်းတွင် လုံယီသည် သူ၏ လက်ရှိဘဝနှင့် အခြေအနေအတိုင်းပင် ရှိနေသေးသည်။ နေ့စဉ်နေ့တိုင်း တောင်ပေါ်တက်၍ သစ်ခုတ်လိုက်၊ အိမ်၌ ထင်းခွဲလိုက်နှင့်သာ အချိန်ကုန်နေခဲ့သည်။

အစပိုင်းတွင်မူ သူသည် ငယ်ရွယ်စဉ်အခါ၌ သူတစ်ပါး၏ အထင်သေးခြင်းကို မခံရစေရန် ကြိုးစားလိုစိတ်များ ရှိခဲ့သည်။ နောက်ပိုင်းတွင်မူ ထိုစိတ်ဓာတ်မှာ လူလတ်ပိုင်းအရွယ်အထိ ပါလာခဲ့သည်။ နောက်ဆုံးတွင် အသက် ၅၀ အရွယ်သို့ ရောက်ရှိလာပြီး နှစ်ပေါင်း ၃၀ ကျော်တိုင်တိုင် သစ်ခုတ်လာခဲ့သော်လည်း သူသည် လူအများကြားတွင် အညတရတစ်ဦးသာ ဖြစ်နေခဲ့သည်။

သူ၏ ပုဆိန်ကိုင်စွမ်းရည်မှာမူ ထူးခြားပြောင်မြောက်သော အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ပုဆိန်သည် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကဲ့သို့ပင် ဖြစ်နေပြီး မည်သည့်လှုပ်ရှားမှုကိုမဆို လွယ်လွယ်ကူကူ ပြုလုပ်နိုင်နေပြီ ဖြစ်သည်။

ခွဲခြင်း၊ ခုတ်ခြင်း၊ ကော်ခြင်း၊ ခတ်ခြင်း၊ တွန်းခြင်း၊ ကော်ထုတ်ခြင်း...

မတ်တပ်ရပ်လျက်၊ ဆောင့်ကြောင့်ထိုင်လျက်၊ ထိုင်လျက် သို့မဟုတ် ခုန်လျက်...

သာမန်လူများ လုပ်နိုင်သမျှကို သူလုပ်နိုင်သည့်အပြင် သူတို့ မလုပ်နိုင်သော အရာများကိုလည်း သူသည် နည်းလမ်းရှာ၍ လုပ်ဆောင်နိုင်ခဲ့သည်။ လူများက သူ့ကို ပုဆိန်ဖြင့် ကပြနေသူဟုပင် နောက်ပြောင် ခေါ်ဆိုကြသည်။

သို့သော်လည်း သူသည် ဆင်းရဲမြဲ ဆင်းရဲနေဆဲ ဖြစ်သည်။ အထီးကျန် လူပျိုကြီးအဖြစ် သေဆုံးရမည့် အခြေအနေဖြစ်ကာ သူတစ်ပါး၏ မထီမဲ့မြင် ပြုခြင်းကို ခံရသည့် အခြေအနေ ဖြစ်နေခဲ့သည်။

တောင်ပေါ်မှ ဓားပြများ ရွာထဲသို့ စီးနင်းဝင်ရောက်လာပြီး သူ့ကို အဘိုးဟုခေါ်ကာ လေးစားခဲ့သည့် တစ်ဦးတည်းသော အိမ်နီးချင်း ကလေးငယ်အပါအဝင် ရွာသူရွာသား အားလုံးကို သတ်ဖြတ်လိုက်သည့် အချိန်အထိပင်။

သူသည် ပုန်းအောင်းနေခဲ့သော်လည်း သူ၏ သွေးများမှာ ဆူပွက်လာခဲ့သည်။ သူ၏ ပုဆိန်ကို ကိုင်စွဲကာ အပြင်သို့ ပြေးထွက်ခဲ့တော့သည်။ ဤဓားပြများသည် သူ့အတွက် လူများမဟုတ်တော့ဘဲ သစ်တုံးများသာ ဖြစ်တော့သည်။

လုံယီသည် သူ၏ ပုဆိန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ရူးသွပ်စွာ တိုက်ခိုက်တော့သည်။ နှစ်ပေါင်း ၃၀ ကျော် စုဆောင်းလာခဲ့သော အရည်အချင်းများကို ပထမဆုံးအကြိမ် ထုတ်သုံးလိုက်ခြင်းပင်။ သူ၏ ပုဆိန်ဝှေ့ယမ်းချက်တိုင်းတွင် ဓားပြတစ်ဦးစီမှာ သူတို့၏ လည်ပတ်ကို ကိုင်လျက် လဲကျကုန်ကြတော့သည်။

သူ့တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာများ ပြည့်နှက်နေခဲ့သည်။ ဓားပြခေါင်းဆောင်နှင့် နောက်ဆုံး ရင်ဆိုင်တိုက်ခိုက်ချိန်တွင်မူ သူ လဲကျသွားခဲ့ရသည်။ သေခါနီး အချိန်တွင်မူ သူ၏ ရင်ထဲ၌ နောင်တအနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။

‘ဒီပုဆိန်က သတ်ဖြတ်ဖို့အတွက် အတော်လေး အစွမ်းထက်တာပဲ။ ငါသာ သတ်ဖြတ်နည်းကို စောစောစီးစီး သင်ယူခဲ့ရင် ဒီနေ့ ဒီလို သေရမှာ မဟုတ်ဘူး’

သူ တွေးလိုက်မိသည်။

သူ၏ နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံများနှင့် သေခါနီးအချိန်တွင် ရရှိခဲ့သော ဉာဏ်အလင်းပွင့်မှုများမှာ လက်ရှိ လုံယီ၏ ခွန်အားအတွက် အခြေခံအုတ်မြစ်များ ဖြစ်လာခဲ့တော့သည်။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သော အပူရှိန်တစ်ခု တိုးဝင်လာပြီး သူ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြုပြင်ပြောင်းလဲပေးနေသည်။

“ရှူး...”

လုံယီသည် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ မရေမတွက်နိုင်သော ပိုးကောင်များက လိုက်လံကိုက်ခဲနေသကဲ့သို့ ရူးလောက်စရာကောင်းသော ယားယံမှုနှင့် နာကျင်မှုကို ခံစားနေရပေတော့သည်။

အခန်း။ ၁၄

သို့သော် ထိုခံစားချက်နှင့်အတူ ထူးဆန်းသော သက်တောင့်သက်သာဖြစ်မှုမျိုးကိုလည်း တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိပေ။ လုံယီ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်းညစ်ညစ် အဆီလွှာများ ဖုံးလွှမ်းနေပြီး စွဲကပ်တတ်သော အနံ့ဆိုးတစ်ခု ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

သူသည် တံခါးကိုဖွင့်ကာ အိမ်ရှေ့တွင် ရေချိုးရန် ရေခပ်လိုက်သည်။ ချီမိသားစု၏ တံတိုင်းမှာ ယခုအချိန်တွင် သူ့အတွက် အကာအကွယ်ကောင်းတစ်ခု ဖြစ်နေသည်။

သန့်စင်အောင် ဆေးကြောပြီးနောက် လုံယီသည် သူ၏ အသားအရေအရောင်မှာ ယခင်ကထက်ပင် ပိုမိုတောက်ပလာကြောင်း ခံစားလိုက်ရသည်။ လက်ချောင်းများဖြင့် မိမိအသားကို ဖိကြည့်လိုက်သောအခါ သိသိသာသာ ပိုမိုတင်းရင်းပြီး ရုန်းကန်အားကောင်းလာသည်ကို တွေ့ရသည်။

ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားအမြှောင်းများမှာ အနည်းငယ် ကျုံ့ဝင်သွားသကဲ့သို့ ရှိသော်လည်း

သူ၏ခွန်အားမှာ ထပ်မံတိုးတက်လာကြောင်း လုံယီ အသေအချာ သိလိုက်သည်။ သာမန်လူထက် ဘယ်နှဆ ပိုသန်မာသွားသည်ကိုမူ နှိုင်းယှဉ်စရာမရှိသဖြင့် အတိအကျ မပြောနိုင်သေးပေ။

လေးဆလား ငါးဆလား။

သို့သော် သူ၏ တကယ့် တိုက်ခိုက်ရေးစွမ်းရည်မှာမူ အဆမတန် မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။

ယခင်က သူသည် အားကိုသာ အဓိကထားပြီး ရမ်းသမ်းတိုက်ခိုက်တတ်ခြင်းသာ ရှိခဲ့သည်။ ယခုမူ သူသည် ပုဆိန်သိုင်းကို တတ်မြောက်သွားပြီဖြစ်ရာ သူ၏ နည်းစနစ်များမှာ သာမန်လူထက် အပြတ်အသတ် သာလွန်သွားခဲ့သည်။ လူတစ်ကျိပ်၊ နှစ်ကျိပ်ခန့်ကို ရင်ဆိုင်ရန်မှာ သူ့အတွက် ပြဿနာ မဟုတ်တော့ပေ။

ယခင်က ကျောင်းတက်စဉ်တုန်းက ဆန်းဒါးကိုယ်ခံပညာ တတ်သူတစ်ယောက်မှာ လူငါးဦး၊ ခြောက်ဦးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်သည် မဟုတ်ပါလား။

လုံယီသည် ပျော်ရွှင်စွာ တွေးတောနေစဉ်မှာပင် ယခင်ကထက် ပိုမိုပြင်းထန်သော ဆာလောင်မှုလှိုင်းကြီးတစ်ခုက သူ့ကို ရိုက်ခတ်လိုက်သည်။ သူသည် ရှိသည့်နေရာမှာပင် ယိုင်ထွက်သွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရသည်။

‘နောက်တစ်ခါ အဆင့်မတက်ခင်မှာ ဗိုက်ဝအောင် အများကြီး ကြိုစားထားမှ ဖြစ်မယ်’

လုံယီသည် မီးဖိုခန်းသို့ အပြေးသွားကာ ကိတ်မုန့်ဖုတ် နှစ်ခုကို ဆွဲယူ၍ အငမ်းမရ စားလိုက်တော့သည်။ ထို့နောက် ထမင်းအိုးကြီးတစ်လုံး ချက်ကာ တောဟင်းသီးဟင်းရွက်များနှင့် အသားစလေးများကို ရောနယ်၍ လူလေးငါးယောက်စာခန့်ရှိသော ထမင်းများကို စားပစ်လိုက်သည်။

အားလုံး စားသောက်ပြီးမှသာ သူ၏ ဝမ်းဗိုက်မှာ အနည်းငယ် ပြည့်တင်းသွားသကဲ့သို့ ခံစားရတော့သည်။

‘ဒီအတိုင်းသာ ဆက်သွားရင်တော့ ငါ တကယ်ပဲ အစားကြူးတဲ့ကောင် ဖြစ်တော့မှာပဲ’

လုံယီက မတတ်သာသည့်အဆုံး တွေးလိုက်မိသည်။

‘အသားတွေ အများကြီးရမယ့် နည်းလမ်းကို ရှာမှဖြစ်မယ်။ လက်ရှိ စုဆောင်းထားတဲ့ ငွေလေးနဲ့ ဝယ်စားနေရုံနဲ့တော့ မလောက်တော့ဘူး’

...

ဝေ့နိုင်ငံတွင် အတန်အသင့် ကြီးမားသော တောင်၊ တော သို့မဟုတ် ရေအရင်းအမြစ်တိုင်းမှာ ပိုင်ရှင်ကိုယ်စီ ရှိကြသည်။ သူဌေးကြီး ကျား ပိုင်ဆိုင်သော တောင်ကုန်းလေးကဲ့သို့ပင်။

ဤမြေပိုင်ရှင်သူဌေးကြီးများနှင့် အရှိန်အဝါရှိသူများသည် နှစ်စဉ်နှစ်တိုင်း နန်းတော်သို့ ငွေဒင်္ဂါးအမြောက်အမြား ပေးဆောင်ကြရသဖြင့် တောင်တန်းတစ်ခုလုံး သို့မဟုတ် တောအုပ်တစ်ခုလုံးကို ပိုင်ဆိုင်ခွင့် ရရှိထားကြခြင်းဖြစ်သည်။

ထို့ကြောင့် တောင်ပေါ်ရှိ သစ်ပင်များကို ခွင့်ပြုချက်မရှိဘဲ ခုတ်ထွင်ခြင်းကို တားမြစ်ထားရုံသာမက တောလိုက်၍ရသော သားကောင်မှန်သမျှသည်လည်း ထိုတောင်နှင့်တောကို ပိုင်ဆိုင်သော အရှင်သခင်၏ ပစ္စည်းသာ ဖြစ်သည်။ ပိုင်ရှင်ကို ငွေအလုံအလောက် ပေးဆောင်နိုင်မှသာ ရရှိနိုင်မည်ဖြစ်ပြီး အကယ်၍ အကျိုးအကြောင်း မသိတတ်သော ပိုင်ရှင်နှင့် တွေ့ပါက ကိုယ့်မှာရှိသမျှပါ ဆုံးရှုံးသွားနိုင်သည့် အခြေအနေမျိုး ဖြစ်သည်။

ကြာရှည်စွာ စဉ်းစားပြီးနောက် လုံယီသည် မိမိကိုယ်ကိုသာ အားကိုးရန် ဆုံးဖြတ်လိုက်သည်။ သူသည် တစ်ရွာတည်းသား လက်သမားရွှီထံသို့ သွားရောက်ကာ လောက်လေးခွတစ်လက် ဝယ်ယူရန် ရည်ရွယ်လိုက်သည်။

တောင်တန်း၊ ရေပြင်နှင့် တောအုပ်တွေက ပိုင်ရှင်ရှိကြတယ်ဆိုရင်... ကောင်းကင်ကြီးကရော ဘယ်သူပိုင်လဲ။

ရွှီမိသားစုမှ အဘွားအိုသည် လုံယီ လာသည်ကို မြင်သောအခါ မျက်နှာရှိ အရေးအကြောင်းများမှာ ပန်းပွင့်တစ်ပွင့်ပမာ ဖြစ်သွားသည်အထိ ပြုံးပြလိုက်သည်။

“အာယီ... ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာတာလဲကွယ်”

“အစ်ကိုရွှီဆီမှာ လောက်လေးခွတစ်လက်လောက် ဝယ်လို့ရမလားလို့ လာမေးတာပါ အဘွား”

“အို... အဲဒါက တန်ဖိုးရှိတာမှ မဟုတ်တာ နေဦး... အဘွား သွားမေးပေးမယ်”

သံရည်ပူကို ကိုင်တွယ်ဖို့ ကိုယ်တိုင် သန်မာဖို့လိုတယ်ဆိုသကဲ့သို့ အဘွားရွှီ၏ ဖော်ရွေသော အမူအရာကို မြင်သောအခါ လုံယီမှာ စိတ်ထဲတွင် တစ်မျိုး ခံစားလိုက်ရသည်။ သူ ဝံပုလွေသတ်ခဲ့သည့် ဂုဏ်သတင်း မပြန့်မီက အဘွားရွှီမှာ သူ့အပေါ် အမြဲတမ်း အေးစက်ခဲ့သော်လည်း ယခုမူ လူတစ်ခြားစီ ဖြစ်နေတော့သည်။

မကြာမီမှာပင် လက်သမားရွှီ တံခါးဝသို့ ထွက်လာသည်။ သူ၏ မျက်လုံးများမှာ လျင်မြန်ဖြတ်လတ်စွာဖြင့် လုံယီကို အကဲခတ်နေသည်။ သူသည် လုံယီ၏ လက်ထဲသို့ ပစ္စည်းလေးတစ်ခု ထည့်ပေးလိုက်သည်။

ထိုပစ္စည်းမှာ Y ပုံသဏ္ဌာန် သစ်သားကိုင်းဖြင့် ပြုလုပ်ထားပြီး ထိပ်နှစ်ဖက်တွင် အထူးပြုပြင်ထားသော နွားအကြောကြိုးများကို ချည်နှောင်ထားကာ အလယ်တွင် သားရေစဖြင့် ပတ်ထားသည်။ ၎င်းမှာ ရှေးကျသော ကလေးကစားစရာ လောက်လေးခွတစ်လက်ပင်။

လုံယီသည် ၎င်းကို လက်ထဲတွင် ကိုင်ကြည့်ကာ နွားအကြောကြိုးကို အားစိုက်၍ ဆွဲကြည့်လိုက်သည်။ ရုန်းကန်အားမှာ သာမန်မျှသာ ရှိပြီး သစ်သားကိုင်းမှာလည်း မခိုင်ခန့်လှသဖြင့် အားနည်းနည်း ပိုစိုက်လိုက်သည်နှင့် ကျိုးသွားနိုင်သည့် အနေအထားမျိုး ဖြစ်သည်။ ကလေးများအတွက်မူ ပျော်စရာကောင်းနိုင်သော်လည်း ခွန်အားအဆမတန် တိုးတက်လာသော လုံယီအတွက်မူ လုံးဝ မသင့်တော်ပေ။

“ဒါက သိပ်ပြီး မခိုင်ဘူးပဲ။ အစ်ကိုရွှီ... ဒီထက် ပိုပြီး အစွမ်းထက်တဲ့ လောက်လေးခွမျိုး မရှိဘူးလား”

“ဒီထက် ပိုအားကောင်းတာ ဟုတ်လား”

“လေးပုံစံမျိုးလေ... ကိုယ်ထည်က ပိုရှည်မယ်...”

လုံယီက လက်ဟန်ခြေဟန်ဖြင့် ပြလိုက်သည်။

အစောဆုံးပေါ်ပေါက်ခဲ့သော လောက်လေးခွများမှာ လေး၏ ရှေ့ပြေးဖြစ်ပြီး မြှားအစား ခဲလုံး သို့မဟုတ် ကျောက်ခဲများကို အသုံးပြုခြင်းသာ ကွာခြားခြင်း ဖြစ်သည်။

ထိုလောက်လေးခွ၏ အကွာအဝေးမှာလည်း အံ့ဩစရာကောင်းလှပြီး ကျောက်ခဲများကို မီတာတစ်ရာအထိ ပစ်ခတ်နိုင်ရာ ယခုကလေးကစားစရာ လောက်လေးခွနှင့်ဆိုလျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။

သို့သော် လုံယီ၏ ဆိုလိုရင်းကို နားလည်သွားသည်နှင့် လက်သမားရွှီ၏ မျက်နှာမှာ ချက်ချင်း ပျက်သွားတော့သည်။

“အာယီ... ငါ့ကို ဒုက္ခမပေးပါနဲ့ကွာ။ အဲဒီပစ္စည်းက တားမြစ်ထားတဲ့အရာပဲ။ မင်းမှာလည်း မုဆိုးလက်မှတ်မရှိဘူး။ အကယ်၍ တစ်ယောက်ယောက်ကသာ အစိုးရကို တိုင်လိုက်ရင် ငါတို့နှစ်ယောက်စလုံး ခံနိုင်မှာ မဟုတ်ဘူး”

“လောက်လေးခွတောင် တားမြစ်ထားတာလား”

လုံယီမှာ ဆွံ့အသွားရသည်။

“လောက်လေးခွဆိုပေမဲ့ လေးကိုင်းလောက် သံချပ်ကာကို မဖောက်နိုင်တာပဲ ရှိတာ။ လူ့ဦးခေါင်းကို တည့်တည့်မှန်ရင်တော့ အသက်သေနိုင်တဲ့အထိ အစွမ်းထက်တယ်လေ”

လက်သမားရွှီက ခေါင်းခါယမ်းကာ ပြောလိုက်သည်။

‘စစ်မက်ဖြစ်ပွားတဲ့ ကာလကြီး မဟုတ်သေးတော့ အစိုးရရဲ့ ထိန်းချုပ်မှုက တကယ်ကို တင်းကျပ်နေတုန်းပဲ’

လုံယီ တွေးလိုက်မိသည်။

“ဒါနဲ့ မင်းက အဲဒါကို ဘာလုပ်ဖို့လဲ”

လက်သမားရွှီက မနေနိုင်ဘဲ မေးလိုက်သည်။

“ကျွန်တော့်အိမ်ဘေးက သစ်ပင်တွေပေါ်မှာ ငှက်တွေက တစ်ညလုံး အော်နေကြလို့ အိပ်လို့မရလို့ပါဗျာ”

လုံယီက အကြောင်းပြချက်တစ်ခုကို အသာအယာ ပေးလိုက်သည်။

“ဪ... အဲဒါကြောင့်လား”

လက်သမားရွှီက ခေါင်းညိတ်သော်လည်း သူ ယုံသလား မယုံသလားဆိုသည်မှာမူ မသေချာချေ။ သူက လုံယီကို ဆက်လက် အကြံပြုသည်မှာ “မင်း ကျောက်ခဲလောက်လွှဲကို စမ်းကြည့်ပါလား။ ဒါပေမဲ့ ပစ်မှတ်တည့်ဖို့ ခက်သလို အများကြီးလည်း လေ့ကျင့်ဖို့ လိုလိမ့်မယ်”

‘ကျောက်ခဲလောက်လွှဲ... ဒါဆိုရင် လောက်လေးခွ ပေါ့’

လုံယီ၏ မျက်လုံးများ ဝင်းခနဲ လက်သွားသည်။

လေးနှင့်မြှားလောက် ထိုးဖောက်အား မကောင်းသော်လည်း လောက်လွှဲတွင် အားသာချက်များစွာ ရှိသည်။ ကုန်ကျစရိတ် သက်သာခြင်း၊ ကျည်ဆန်ဖြစ်သော ကျောက်ခဲများကို အလွယ်တကူ ရှာဖွေနိုင်ခြင်း၊ ပစ်ခတ်နိုင်သည့် အကွာအဝေး ဝေးခြင်းနှင့် လက်တစ်ဖက်တည်းဖြင့် အသုံးပြုနိုင်ခြင်းတို့ ဖြစ်သည်။

လက်သမားရွှီ၏ အိမ်မှ ထွက်လာပြီးနောက် ခေတ္တမျှ စဉ်းစားကာ တိုက်ဟယ်ရွာသို့ ဦးတည်လိုက်သည်။

မကြာမီမှာပင် လယ်ကွင်းထဲ၌ သစ်ကိုင်းတစ်ချောင်းကို ဝှေ့ယမ်းကာ “ဟင်း... ဟား...” ဟု အော်ဟစ်နေသော ကောင်လေးတစ်ဦးကို တွေ့လိုက်ရသည်။ ဆံပင်ကောက်ကောက်၊ ခြေဗလာနှင့် ပေရေနေသော အဝတ်အစားများကို ကြည့်လိုက်လျှင် ဒိုကီမှတစ်ပါး အခြားသူ မဖြစ်နိုင်ပေ။

“ဦးလေးလုံ”

ဒိုကီသည် လုံယီကို မြင်သည်နှင့် မျက်လုံးများ ဝင်းခနဲ ဖြစ်သွားကာ သူ၏ ခြေထောက်လေးများဖြင့် အပြေးအလွှား ရောက်လာတော့သည်။ လုံယီက သူ့ကို ရင်ခွင်ထဲသို့ ပွေ့ချီလိုက်ရာ ဒိုကီ၏ တိုးဝင်လာသော အရှိန်မှာ အတော်ပင် ပြင်းလှသဖြင့် သာမန်လူဆိုလျှင် တောင့်ခံနိုင်ရန် ခဲယဉ်းပေလိမ့်မည်။

“မင်းအမေ ဘယ်မှာလဲ”

လုံယီက အသာအယာ မေးလိုက်သည်။

“အမေက အိမ်ထဲမှာ အဝတ်တွေ ရက်နေတယ် ဦးလေး”

“မရီး...”

လူသူသံသယ မဝင်စေရန် လုံယီသည် တံခါးဝမှနေ၍ လှမ်းခေါ်လိုက်သည်။

“အာယီ ရောက်လာတာလား။ လာလေ... အထဲဝင်ပြီး ရေနွေးသောက်ပါဦး”

အရပ်မှာ လုံယီ၏ ရင်ဘတ်အထိသာ ရှိသော မရီးချန်က ပြုံးလျက် နှုတ်ဆက်သည်။ သူမ၏ အသားမှာ ညိုပြီး မျက်နှာမှာလည်း ဖျော့တော့နေကာ ခင်ပွန်းဖြစ်သူ စောစောစီးစီး ကွယ်လွန်သွားခြင်းကြောင့် အတော်ပင် အိုမင်းသွားရှာသည်။

မရီးချန်သည် အသက်နှစ်ဆယ်ကျော်သာ ရှိသေးသော်လည်း လုံယီ၏ အရင်ဘဝက အသက်လေးဆယ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ဆင်တူနေသည်။

“မရီး... ကျွန်တော် အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ”

လုံယီသည် အိမ်ထဲသို့ မဝင်တော့ဘဲ တံခါးဝမှပင် တိုက်ရိုက်ပြောလိုက်သည်။

“အားမနာပါနဲ့ အာယီရယ်။ မရီး ကောင်းကောင်းမလုပ်ပေးနိုင်မှာပဲ စိုးရိမ်မိတယ်”

မရီးချန်က အားနာဟန်ဖြင့် ပြောလိုက်သည်။

“ရိုးရိုးလေးပါပဲ”

လုံယီက သူအလိုရှိသော ကျောက်ခဲလောက်လွှဲပုံစံကို ရှင်းပြလိုက်သည်။

“နှပ်ကြိုးနှစ်ပင်၊ တစ်ပင်က အထူ၊ တစ်ပင်က အပါး၊ အလယ်မှာတော့ အဝတ်အိတ်လေး တစ်ခုပါရမယ်...”

“ရတော့ရမယ်။ ဒါပေမဲ့ ရက်နည်းနည်းတော့ စောင့်ရမယ်နော်”

မရီးချန်က ပြောလိုက်သည်။

“အလျင်မလိုပါဘူး အဆင်သင့်ဖြစ်ပြီဆိုရင် ဒိုကီကို လာပြောခိုင်းလိုက်ပါ”

လုံယီက ပြုံးလျက် ပြောလိုက်သည်။

သုံးရက်ကြာပြီးနောက်...

အချောသတ်ပြီးသော လောက်လွှဲမှာ လုံယီ၏ လက်ထဲသို့ ရောက်ရှိလာသည်။ သူသည် မြစ်ကမ်းဘေးတွင် ရပ်ကာ ထိုပစ္စည်းကို စမ်းသပ်ကြည့်နေသည်။ လောက်လွှဲကို အရှည် လေးပေခန့်ရှိသော နှပ်ကြိုးနှစ်ပင်ဖြင့် ပြုလုပ်ထားပြီး အလယ်တွင် လက်ဝါးတစ်ဝက်ခန့်ရှိသော အဝတ်အိတ်လေး ပါရှိသည်။ အထူကြိုး၏ အဆုံးတွင်မူ လက်ချောင်းဖြင့် ချိတ်ရန် ကွင်းလေးတစ်ခု ပါဝင်သည်။

“အရင်ဆုံး စမ်းကြည့်ရအောင်”

လုံယီသည် မြေပြင်မှ ပဲစေ့နှစ်ဆခန့်ရှိသော ကျောက်ခဲတစ်လုံးကို ကောက်ယူကာ အဝတ်အိတ်ထဲသို့ ထည့်လိုက်သည်။ ကြိုးနှစ်ဖက်စလုံးကို ကိုင်၍ သူ၏ဘေးတွင် အရှိန်ပြင်းပြင်း ဝှေ့ယမ်းလိုက်သည်။

‘ဝူး... ဝူး... ဝူး’

ကျောက်ခဲ၏ အလေးချိန်ကြောင့် လေတိုးသံမှာ အတော်ပင် သိသာလှသည်။ တစ်နေရာအရောက်တွင် လုံယီသည် အပါးကြိုးကို လွှတ်လိုက်ရာ ကျောက်ခဲမှာ စက်ဝိုင်းပုံ လှည့်ပတ်မှုမှ လွတ်ထွက်ကာ အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားတော့သည်။

‘ရှုး...’

ကျောက်ခဲသည် မြစ်ကမ်းတစ်ဖက်သို့ ပျံသန်းသွားကာ မြက်တောများကို ကျော်ဖြတ်ပြီး တိုက်ဟယ်ရွာအတွင်းသို့ ရောက်ရှိကာ မြေပြင်ပေါ်သို့ ကျသွားသည်။

“ဘယ်က အမေ့လင်က ငါ့အိမ်သာကို ခဲနဲ့ထုတာလဲဟေ့”

တစ်ဖက်ရွာမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

လုံယီသည် အမှတ်မထင် ပစ်လိုက်ခြင်း ဖြစ်သော်လည်း အနည်းဆုံး မီတာနှစ်ရာခန့် ဝေးဝေးသို့ ရောက်သွားခဲ့သည်။ အကယ်၍ သူသာ အားကုန်သုံး၍ ပစ်မည်ဆိုပါက ရွာထဲတွင် အသုံးပြုရန်ပင် ခဲယဉ်းပေလိမ့်မည်။

လုံယီ၏ ခွန်အားမှာ သာမန်လူထက် အဆပေါင်းများစွာ သန်မာနေသည် မဟုတ်ပါလား။ သို့သော် ကျောက်ခဲ၏ အရှိန်မှာ အကွာအဝေး ဝေးလေလေ လျော့နည်းသွားလေလေ ဖြစ်သဖြင့် မီတာတစ်ရာအတွင်းရှိ ပစ်မှတ်ကို တိတိကျကျ မှန်အောင် ပစ်နိုင်ရန်သာ သူ အာရုံစိုက်ရပေမည်။

လုံယီသည် စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သော်လည်း ဘာမှပြောင်းလဲခြင်း မရှိသေးပေ။ သူသည် စိတ်မပျက်ဘဲ နောက်ရက်များတွင်လည်း မြစ်ကမ်းဘေးရှိ မိုးကုတ်စက်ဝိုင်းပင်များကို ချိန်ရွယ်၍ လောက်လွှဲပစ်ခြင်းကို ဆက်လက် လေ့ကျင့်နေခဲ့သည်။

ပဉ္စမမြောက်နေ့တွင်မူ စွမ်းရည်ပြမျက်နှာပြင်မှာ နောက်ဆုံးတွင် ပြောင်းလဲသွားတော့သည်။

[အမည် - လုံယီ]

[အသက် - ၁၉/၅၅]

[အဆင့် - မရှိ]

[ကျွမ်းကျင်မှု - လုံမိသားစု၏ ပုဆိန်သိုင်း (အခြေခံအဆင့် ၀/၁၀)၊ ခဲပစ်အတတ် (အခြေခံအဆင့် မရောက်သေး ၀/၁)]

[စွမ်းအင် - ၁]

All Chapters