ပျက်ပြယ်ခြင်းအဆင့်အောက်မှာ ငါ့ရဲ့တိုက်ခိုက်မှုက ပြိုင်ဘက်ကင်းပဲ
Vol. 18 Ch. 253
အန်လင်း ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေသည်။ သူ၏ မျက်နှာသည် အနီရောင်သန်းနေဆဲဖြစ်သည်။ တပိုင်သည် အန်လင်းအပေါ်တွင် ထိုင်နေပြီး သူ၏ရှေ့ခြေထောက်ဖြင့် အန်လင်း၏လက်များကို ဖိထားဆဲ ဖြစ်သည်။
“တပိုင် မင်းဘာတွေလုပ်နေတာလဲ ငါ့ကိုလွတ်လိုက်စမ်း…” အန်လင်း လွတ်မြောက်ရန်ကြိုးစားလိုက်သည်။ သို့သော် သူသည်ဒဏ်ရာရရှိခဲ့ပြီး အလေးချိန်ပေါင်ရာဂဏန်းကျော်မည့် တပိုင်၏ ကိုယ်သည် သူ့ခန္ဓာကိုယ်အပေါ်သို့ တက်ဖိထားသောကြောင့် တောင်ကုန်းငယ်တစ်ခုနှင့် တိုက်ခိုက်နေရသလိုဖြစ်နေသည်။
တပိုင် ဘေးသို့ တံတွေးထွေးလိုက်ပြီး ...
“ ဖိချင်လို့ဖိထားတယ်များထင်နေလား အရူးလိုလျှောက်လုပ်နေမှာစိုးလို့ ကာကွယ်တဲ့အနေနဲ့ဖိထားတာ ဝုတ်တ်”
"ငါ့ကိုလွတ်လိုက်စမ်း..ငါမရူးဘူးကွ" အန်လင်း ရုန်းကန်အော်ဟစ်လိုက်သည်။
ထိုအချင်းအရာကိုမြင်လျှင် ရှောင်ချိုးသည်လည်း သူ၏ခန္ဓာကိုယ်ကို ခြောက်သွေ့နွယ်ချုပ်နှောင်မန္တန်ကို အသုံးပြုပြီး တင်းကျပ်စွာ ချုပ်နှောင်လိုက်သည်။
အန်လင်း-“…”
“မင်းတို့ငါ့ကို ဘာကြောင့် ကျွန်တစ်ယောက်လို ဖမ်းဆီးချုပ်နှောင်ချင်နေရတာလဲ”
ရှောင်ချိုး-“…”
စုရှောင်လန်သည် အန်လင်းအနီး ကပ်လာကာ သူ့ဘေးတွင် ထိုင်ချလိုက်ပြီး သူမ၏သွယ်လျသော လက်ချောင်း လေးများကို သူ့နဖူးပေါ်တင်လိုက်သည်။ သူမ၏လက်ချောင်းမှတဆင့် အအေးဓါတ်များ သူ့ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာပြီး သူ့အား အေးစက်သွားအောင်ပြုလုပ်လိုက်သည်။
အတန်ကြာပြီးနောက် သူမလွင့်မျောစွာပြောလိုက်သည်..
“နင့်ရဲ့ခန္ဓာကိုယ်အပူချိန်က ၆၀ ဒီဂရီစင်တီဂရိတ်လောက်ရောက်သွားတယ် တကယ်လို့များ သာမန်လူတွေသာ ဒီလောက်ထိအပူချိန် မြင့်လာမယ်ဆိုရင် သူတို့သေသွားတာကြာပြီ နင့်ရဲ့အခြေအနေက နည်းနည်းပိုကောင်းတယ် နင့်ရဲ့ခန္ဓာကိုယ်ကတော့ အဆင်ပြေတယ် ဒါပေမယ့် မင်းရဲ့ ဦးနှောက်မှာ တစ်ခုခုမှားနေပုံပဲ”
အန်လင်းသည် စုရှောင်လန်၏ အင်မော်တယ်မန္တန်ကြောင့် ကျေးဇူးတင်နေသော စိတ်ကလေးသည် တဖြည်းဖြည်း ကုန်ဆုံးလာကာ သူမနောက်ဆုံး ပြောလိုက်သောစကားကြောင့် လုံးဝစိတ်ကုန်သွားတော့သည်။
"ငါ့ရဲ့ နှင်းခဲအမွေအနှစ်ကို ဒီလောက် မြန်မြန်သုံးရလိမ့်မယ်လို့ မထင်မိခဲ့ဘူး " စုရှောင်လန်၏ နှုတ်ခမ်းလေး ကွေးညွတ်သွားပြီး လှောင်ပြုံး ပြုံးလိုက်သည်။
“အစစ်အမှန်မီးတောင်ပံကို သင်ယူရတာလဲ အဲလောက် ဆိုးကျိုးများမယ်လို့ ငါလဲမထင်မိဘူး” အန်လင်းသည် သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။
နောက်ဆုံးတွင် သူလည်း သတိပြန်ဝင်လာသည်။ အရူးအမူးတိုက်ခိုက်ရန် ကြိုးစားမိခြင်း...
သူသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်တွင်သာ ရှိနေသေးသော်လည်း ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံး အဆင့်တွင် ရှိနေသော ဝေလဖြူနဂါးအား တိုက်ခိုက်ရန်ကြိုးစားခဲ့ခြင်းသည် သေခြင်းတရားအား ရှာဖွေနေသူနှင့် မခြားပေ။
ကံကောင်းသည်မှာ ထိုလူငယ်သည် စိတ်သဘောထား ပျော့ပြောင်းသူဖြစ်သဖြင့် သူ၏လက်တွင်းမှ အလျင်အမြန် ထွက်ပြေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက သူသည်ထိုနေရာတွင် အမှန်တကယ်သေဆုံးသွားနိုင်ပေသည်။
“ ဝါး... အစ်ကိုကြီးအန် နောက်ဆုံးတော့ ပုံမှန်ပြန်ဖြစ်သွားပြီ ဝုတ်တ်...”
တပိုင်သည် သူ၏ကြီးမားသော နှင်းဖြူရောင်အမြီးကို စတင်ခါရမ်းလိုက်ပြီး သူ၏လေးလံသောကိုယ်ခန္ဓာနှင့် အန်လင်းအား စိတ်လှုပ်ရှားစွာ ဖိချလိုက်သည်။
“ ငလူး တပိုင်... ဖြေးဖြေးလုပ်ပါဟ"
အန်လင်းသည် ဒဏ်ရာရထားသည်ဖြစ်ရာ တပိုင်၏ဖိအားသည် သူ့ကို အသက်ရှုရပ်မတတ်ဖြစ်သွားစေသည်။ အန်လင်း ပုံမှန်ပြန်ဖြစ်လာသည်ကိုမြင်လျှင် “ဖိသတ်နေသောခွေး” နှင့် “ကျွန်ပြုတမ်းကစားသူ” နှစ်ဦးစလုံး စိတ်သက်သာရာရခဲ့ကြသည်။
အန်လင်းသည် သွေးဝိညာဉ်ဆေးလုံး ကို မျိုချလိုက်ပြီး သူ့ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာစေရန် စတင် ကျင့်ကြံလိုက်သည်။ အချိန်တဖြည်းဖြည်းကုန်လွန်သွားပြီးနောက် နဂါးသင်္ချိုင်းအတွင်းရှိ အလင်းရောင်သည် လျော့နည်းလာပြီး အမှောင်ထုက ဖြည်းဖြည်းချင်း ဖုံးလွှမ်းလာသည်။
“ဟမ်... ဒီဆန်းကျယ်ဘုံမှာလဲ နေ့နဲ့ညရှိတာပဲလား” အန်လင်းအံ့သြသွားသည်။
"ဒါကြောင့် သင်္ချိုင်းစောင့်တွေဟာ သူတို့ အမှန်တကယ် အသက်ရှင်နေတာလို့ ခံစားနေရတာပေါ့" ဟု စုရှောင်လန်က ထင်မြင်ချက်ပေးသည်။
အန်လင်းခေါင်းခါလိုက်ပြီး စာနာစွာဖြင့်ပြောလိုက်သည်... “သင်္ချိုင်းစောင့်တွေရဲ့ ဘဝက အရမ်းပျင်းဖို့ ကောင်းတယ်”
"ဒါက အရမ်း ဝမ်းနည်းဖို့ကောင်းတာပဲ " စုရှောင်လန်သည် အနည်းငယ်ဝမ်းနည်း စိတ်မကောင်းဖြစ်သွားသည်။
“ဒီသင်္ချိုင်းဂူမှာ ဘာကြောင့် သင်္ချိုင်းစောင့်တွေ အများကြီးရှိနေရတာလဲ... တကယ်လို့ အမွေအနှစ် ဆက်ခံဖို့ အတွက်ပဲဆိုရင် ထောင်ချောက်တွေနဲ့ တခြားယန္တရားတွေကို တည်ဆောက်ထားတာနဲ့ကို တော်တော် ပြည့်စုံနေပြီပဲဟာ ဥပမာ - ထင်ယောင်ထင်မှားဖြစ်စေတာ ဒါမှမဟုတ် စိတ်အာရုံချောက်ခြားဖြစ်စေတဲ့ စမ်းသပ်မှု တွေကိုသုံးပြီး လူများကို ရွေးချယ်နိုင်နေတာပဲ”
သင်္ချိုင်းစောင့်များအပေါ် ဖြစ်ပေါ်လာသော စာနာစိတ်များကို မျှဝေခံစားကြပြီးနောက် မဟူရာနန်းတော်မှ လူငယ်အား မည်သို့ သတ်ရမည် ဆိုသည့်အကြောင်းကို စတင်ဆွေးနွေးခဲ့ကြသည်။
သူတို့ တိုက်ခိုက်ရေးဗျူဟာတစ်ခု ရရှိလာသည့်အချိန်တွင် မဟူရာနန်းတော်ကို နောက်တစ်ခေါက် ချိုးဖျက်ရန် ထပ်မံရောက်လာကြသည်။
အပြင်းအထန် ရန်လိုနေကြသော ဧည့်သည်တော်များကိုကြည့်ရင်း လူရွယ်၏ မျက်နှာတွင် အဓိပ္ပါယ်ရှိသော အပြုံးဖြစ်ပေါ်လာသည်။ “အိုး...မင်းတို့တွေ ပြန်လာဖို့စိတ်ကူးတွေရှိကြသေးတယ်ပေါ့”
"အဓိပ္ပာယ်မရှိတာတွေမပြောနဲ့တော့" အန်လင်း ကြုံးဝါးသံထွက်ပေါ်လာသည်။ “သေစမ်း..”
သူသည် ဂမ်ဒမ် ၁ နှင့် ၂ တို့ကို ချက်ချင်းထုတ်လိုက်သည်။
ဂမ်ဒမ် ၁ နှင့် ၂ တို့ကိုမြင်သောအခါ လူရွယ်၏ ခံစားမှုများ အနည်းငယ်ပြောင်းလဲသွားသော်လည်း အလွန်စိုးရိမ်ခြင်းတော့မရှိပေ။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ထိန်းချုပ်ထားသော ထိုစက်ရုပ်များသည် မည်မျှအားကောင်းနိုင်မည်နည်း။ လူရွယ်သည် မကြာမီမှာပင် သူ၏ထင်မြင်ချက်များ မှားယွင်းနေကြောင်း သဘောပေါက်သွားသည်။
ဂမ်ဒမ် နှစ်ရုပ်သည် တစ်ဦး နှင့်တစ်ဦး အပေးအယူတည့်စွာ တိုက်ခိုက်နေကြသည်။ တစ်ရုပ်မှာ မြေဆွဲအား စက်ကွင်း နှင့် ပျိုးပင်ချုပ်နှောင် ကဲ့သို့သော ကြောက်စရာကောင်းသည့် အကန့်အသတ်မဲ့ စွမ်းရည်များကို သုံးပြီး နောက်တစ်ရုပ်မှာ အလင်းဓားများ နှင့် လေဆာရောင်ခြည်များကို အသုံးပြုနေခဲ့ကြသည်။ ထိုအရာများသည် လူရွယ်၏ နောက်ဘက် ခြေထောက်အား လွှမ်းမိုးထားနိုင်ခဲ့သည်။
ထို့အပြင် အန်လင်းသည် တိုက်ခိုက်ရေးအကြံပေးတစ်ဦးအဖြစ်ဆောင်ရွက်ခဲ့ပြီး သူ၏တပ်သားများအား ပြင်ပမှ ညွှန်ကြားနေခဲ့သည်။ သူသည် လူရွယ်၏ အကာအကွယ်နေရာများကို အမြဲတမ်း ခွဲခြားသိရှိနေခဲ့ပြီး သူ၏ အသင်းကိုညွှန်ကြားကာ လူရွယ်အား ထပ်ခါတလဲလဲ ဒဏ်ရာရစေခဲ့သည်။
“ဝေါင်း...”
လူရွယ်သည် နာကျင်စွာ ညည်းတွားကာ ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် နဂါးအကြေးခွံများ သူ၏ တစ်ကိုယ်လုံး ဖုံးလွှမ်းသွားသည်။ ထို့နောက် သူ၏သွေးမျိုးဆက်စွမ်းအင်ကို အပြည့်အ၀ သက်ဝင်စေလိုက်ပြီး
စွမ်းအားများ စုစည်းကာ ဂမ်ဒမ်s တစ်ရုပ်အား လက်သီးဖြင့် အားကုန်ထိုးချလိုက်သည်။
ထို့နောက် အပြာရောင်လျှပ်စီးသည် သူ၏ခန္ဓာကိုယ်တစ်ဝိုက် ဝန်းရံဖြစ်ပေါ်လာပြီး ရုတ်တရက် အန်လင်းဆီသို့ လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။
ယခုအချိန်တွင် အန်လင်းအား ဦးစွာ သတ်ခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်။ အားလုံးခြုံကြည့်လျှင် သူသည်သာ စက်ရုပ်များအား ထိန်းချုပ်ခဲ့ပြီး သူ၏အားနည်းချက်များကို အလွယ်တကူခွဲခြား သိမြင်နိုင်သည့် တစ်ဦးတည်းသောသူဖြစ်သည်။
သို့သော် အန်လင်းနှင့် ပေ ၃၀ ခန့်နီးကပ်လာသည့်အခါတွင် ရုတ်တရက် အန်လင်း ပြုံးလိုက်သည်။
ဘုန်း!
သူသည် မိုးကောင်းကင်ထိတောက်လောင်နေသော ကြောက်မက်ဖွယ် မီးတောက်တိုင်ကြီး၏ လွှမ်းမိုးဖုံးအုပ် ခြင်းကို ခံလိုက်ရသည်။ စုရှောင်လန်သည် ဇာမဏီနတ်ဘုရားသွေးမျိုးဆက်ကို အသက်ဝင်စေလိုက်ပြီး သူမ၏ လက်ကလေးဖြင့် ရွှေရောင်မီးတောက်တိုင်များ ပြုလုပ်ကာ ချိတ်ပိတ်ချုပ်နှောင်လိုက်သည်။ ထိုမီးတောက် များသည် ပိုမို ပူပြင်းရုံသာမက အင်အားကြီးမားသော ကန့်သတ်နိုင်စွမ်းများလည်းရှိသည်။
ရှောင်ချိုးသည် သူ၏ မဟူရာမီးတောက်နယ်မြေအား ထုတ်လွှင့်လိုက်ပြီး လူရွယ်အား ရှေ့သို့ တိုးမလာနိုင်စေရန် တားဆီးလိုက်သည်။
တပိုင်သည် ပြင်းထန်သော လေပြင်းတိုက်ခတ်မှုကို ဖြစ်ပေါ်စေလိုက်ပြီး မီးတောက်တိုင်အား ပိုမိုပြင်းထန်စွာ လောင်ကျွမ်းစေလိုက်သည်။
တစ်ချိန်တည်းမှာပင် အန်လင်းသည် လေးကိုဆွဲတင်မည့်ပုံပြင်လိုက်ပြီး မီးလျှံအမွေးများသည် လေအလယ်တွင် ဝဲပျံနေပြီး ကတ္တီပါမြှားပုံစံ ဖြစ်တည်လာကြသည်။ ထိုမြှားများ၏ အပူချိန်မြင့်မားစွာ လောင်ကျွမ်းမှုများကြောင့် ပတ်ဝန်းကျင်ရှိလေထုသည်ပင် အနည်းငယ် ယိုယွင်းလာသည်။
အစစ်အမှန်မီးတောင်ပံ ပထမအဆင့် _ ရဲရဲတောက်နတ်ဘုရားမြှားမှ ဖြစ်ပေါ်လာသော အင်မော်တယ်မန္တန်
ဝှစ်...!
ရဲရဲတောက်နတ်ဘုရားမြှားသည် အလွန့်အလွန်လျင်မြန်စွာဖြင့် အနီရောင်မီးတန်းသဖွယ် ပြေးထွက်သွားသည်။
ထိုမြှားသည် ရှောင်ချိုး၏ ချိုင်းအောက်မှ ဖြတ်သန်းသွားပြီး လူရွယ်၏ ရင်ဘတ်တွင် စိုက်ဝင်သွားသည်။
ထိုနေရာသည် နတ်ဘုရားစစ်ဆေးခြင်းနည်းစနစ်ဖြင့် တွေ့ရှိထားသော အားနည်းချက်ဖြစ်သည်။
သူတို့၏ပူးပေါင်းတိုက်ခိုက်မှုများကြောင့် လူရွယ်သည် အံ့အားသင့်နေချိန်တွင် ပူပြင်းလွန်းသော ရဲရဲတောက် နတ်ဘုရားမြှားသည် သူ၏ရင်ဘတ်အား ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ရှောင်ချိုး နှင့် စုရှောင်လန်တို့သည် အလျင်အမြန်ဆုတ်ခွာခဲ့ကြသည်။
ဂမ်ဒမ် ၁နှင့် ၂ တို့သည် အားဖြည့်သွင်းထားသော လျှပ်စစ်အမြှောက် များကို ကျယ်လောင်သောအသံဖြင့် ပစ်လွှတ်လိုက်သည်။
မြှားသည်သူ၏ရင်ဘတ်ကို ထိုးဖောက်သွားသောအခါ လူရွယ်၏ အကာအကွယ်များ အားပျော့သွားသည်။ ထို့နောက်သူ့ထံမှ ရွှေရောင် စွမ်းအင် ရောင်ခြည်များ ဖြာထွက်နေသည်ကို တွေ့လိုက်ရသည်။
လျှပ်စစ်အမြှောက်များကို အသုံးပြုခြင်းကြောင့် စွမ်းအင်များအများအပြား ကုန်ခန်းသွားခဲ့ပြီး ထို့အတွက် မြင့်မားသောရလဒ်ကို ပြန်လည်ရရှိလိုက်သည်။ ထိုကြောက်မက်ဖွယ် ကောင်းသော စွမ်းအားသည်က မဟူရာ နန်းတော်ကို ဖျက်စီးပစ်လိုက်ပြီး မျောလွင့်ကျောက်ဆောင်ပေါ်တွင် ဧရာမမီးတောင်ပေါက်ကွဲသကဲ့သို့ဖြစ် သွားစေ သည်။
“ဟားဟား...အောင်မြင်ပြီကွ” အန်လင်း အသက်ပြင်းပြင်းရှုရင်း တဟားဟားအော်ရယ်လိုက်သည်။
"သူပြင်းပြင်းထန်ထန် ထိခိုက်မိသွားမယ်ဆိုရင် မဟူရာလျှပ်စီးနဂါးလုံးလည်း ပျက်စီးသွားမှာလား" စုရှောင်လန်က စိုးရိမ်တကြီး မေးလိုက်သည်။
အန်လင်းခေါင်းကိုခါလိုက်သည်။ “ စိတ်မပူပါနဲ့ ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ရှိ ဝေလဖြူနဂါးကို ပြင်းပြင်းထန်ထန် ထိခိုက်မိစေဖို့မလွယ်ပါဘူး မတော်တဆ ထိခိုက်မိသွားရင်တော့ ငါတို့အဖို့ တော်တော်နစ်နာ သွားပြီ ငါတို့ အရေးအကြီးဆုံးတစ်ခုလုပ်ဖို့ကျန်သေးတယ်”
ဂမ်ဒမ် ၁ နှင့် ၂ တို့သည်သူတို့၏စွမ်းအင်အားလုံးနီးပါး ကုန်ခန်းသွားကြသည်။ သူတို့သည် ချက်ချင်း အန်လင်း၏ သိုလှောင်လက်စွပ်ထဲ ပြန်ဝင်သွားကြပြီး အားပြန်လည်ပြည့်ဝစေရန်အတွက် ဝိညာဉ်ကျောက်တုံး များကို စတင်စုပ်ယူလိုက်ကြသည်။
“ဝေါင်း..”
လောင်ကျွမ်းနေသော အပျက်အစီးပုံထဲမှ နားမလည်နိုင်သည့် နဂါးအော်မြည်သံများ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ကောင်းကင်ထက်၌ ကြီးမားသောအရိပ်ကြီးတစ်ခု မြင့်တက်ဖြစ်ပေါ်လာသည်။ ထိုအရိပ်ကြီးသည် ပေပေါင်းထောင်ချီရှည်လျားပြီး သူ့ရဲ့ခြိမ်းခြောက်နိုင်သည့် အော်ရာများမှ လေပြင်းမုန်တိုင်းများ ဖြစ်ပေါ်လာပြီး မီးခိုးများနှင့် ဖုန်များကို ဖယ်ထုတ်လိုက်သည်။
မီးခိုးနှင့်ဖုန်မှုန့်များရှင်းလင်းသွားသည်နှင့်အမျှ ထိုမြင့်မားသောပုံရိပ်သည် အန်လင်းနှင့် အခြားသူများ ထက်အရင် ပြောလိုက်သည်။
"မှန်တယ် ... ဒီလောက်ရိုက်ချက်လေးနဲ့ငါ့ကို ရှုံးနိမ့်စေပါ့မလား ဒီနဂါးကိုကြည့်လိုက်ပါဦး"
ဝေလဖြူနဂါးသည် ထစ်ချုန်းသံများဖြစ်ပေါ်လာပြီး အလွန်စွမ်းအားကြီးသော ၎င်း၏ပုံစံအမှန်ကို ထုတ်ဖော်ပြသ လိုက်သည်။ သို့သော် ဧရာမကိုယ်ခန္ဓာကြီး၏ ဒဏ်ရာများမှ စီးကျနေသောသွေးများသည် အနီရောင်ဆိုးဆေးများ ဆိုးထားသကဲ့သို့ ဖြစ်နေသဖြင့် ထိုနဂါးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေကြောင်း သိသာလှသည်။
"ဒီတိုက်ခိုက်မှုကခင်ဗျားကို ရှုံးနိမ့်အောင်မလုပ်နိုင်ပေမယ့် ဒဏ်ရာအကြီးအကျယ်တော့ ရစေခဲ့တာပဲလေ" ဟု အန်လင်းကရယ်ပြီးပြောလိုက်သည်။ ဝေလနဂါးဖြူ၏ ပုံစံကိုမြင်တွေ့သောအခါ အန်လင်းသည် အထိတ်တလန့် မဖြစ်ရုံသာမက စိတ်သက်သာရာပင် ရသွားသည်။
“ငါမင်းကိုငါဒဏ်ရာရနေလို့ မင်းတို့ကို မသတ်နိုင်ဘူးလို့ထင်နေတာလား?” ဝေလနဂါးဖြူသည် ဒေါသတကြီး အော်မြည်လိုက်ရာ နဂါးတစ်ကောင်သည် သူ့ခန္ဓာကိုယ်မှ ပျံထွက်သွားပြီး လေပြင်းများကိုမှုတ်ထုတ်လိုက်သည်။
ကောင်းကင်ပေါ်တွင် တိမ်တိုက်များ ထူထပ်ဖုံးလွှမ်းသွားပြီး မိုးကြိုးတိမ်တိုက်များ စတင်ဖြစ်ပေါ်လာသည်။
“မင်းတို့ကို ဖျက်ဆီးပစ်ဖို့က တိုက်ကွက်တစ်ကွက်ပဲလိုတာကွ”
ဝေလနဂါးဖြူ၏ မျက်လုံးများတွင် မာန်မာနများကို တွေ့ရသည်။ သူ၏ဧရာမခန္ဓာကိုယ်သည် ကောင်းကင်သို့ တက်သွားပြီး လေနှင့်မိုး၏စွမ်းအားများ စတင်ထွက်ပေါ်လာသည်။
မရေမတွက်နိုင်အောင် များပြားလှသော ခြိမ်းခြောက်နိုင်စွမ်းရှိသည့် လျှပ်စစ်စက်ကွင်းများသည် ဝေလနဂါးဖြူ၏ ခန္ဓာကိုယ်တွင် ဖွဲ့စည်းဖြစ်တည်လာသည်။ မော့ကြည့်နေသည့် အန်လင်းသည် ဝေလနဂါးဖြူထံတွင် ထောင်နှင့် ချီသော လျှပ်စစ်ကွက်ကွင်းများ စုစည်းနေကြသည်ကို တွေ့မြင်နေရသည်။ ထိုလျှပ်စစ်မိုးတိမ်၏ ကြောက်မက် ဖွယ်ကောင်းသောစွမ်းအားသည် ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသည်။
ပိုမိုများပြားသည့်တိမ်တိုက်များသည် တစတစဖြင့် ပိုမိုစုစည်းဖြစ်တည်လာသည်...
ထိုလျှပ်စီးပင်လယ်ပြင်သည် နောက်ဆုံးတွင် နတ်ဘုရားလျှပ်စီးတန်းတစ်ခုအဖြစ် ဖွဲ့စည်းဖြစ်ပေါ်လာသည်။
ထိုနတ်ဘုရားလျှပ်စီးတန်းသည် အပြာရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲသွားပြီး ခရမ်းရောင်သည် တဖြည်းဖြည်း နှင့် ရွှေရောင် ရောင်ခြည်တန်းများ ဖြစ်လာသည်။ ထိုရွှေရောင် တောက်နေသော ခရမ်းရောင်လျှပ်စီး ဖြစ်ပေါ်လာ သည်နှင့် ပြင်းထန်သောဖိအားတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာသည် တုန်လှုပ်ချောက်ချားမှုများ ဖြစ်ပေါ်စေ နိုင်သော ဘုရင်တစ်ပါး၏ တန်ခိုးအာဏာ ဖြစ်သည်။
"ဒီနောက်ဆုံးတိုက်ကွက်က တော်တော်အစွမ်းထက်မဲ့ပုံပဲဟ..."
အန်လင်းသည် စိုးရိမ်ပူပန်စွာဖြင့် နှုတ်ခမ်းများပင်တုန်နေသည်။ ထိုလျှပ်စီးတန်းများအား သူအတော်လေး ကြောက်လန့်နေကြောင်း ဝန်ခံလိုက်ပြီး ပထမဆုံးအနေဖြင့် သူ့ကိုယ်သူ ယုံကြည်မှုများ ပျောက်ဆုံးသွားသည်။
ဝေလနဂါးဖြူသည် မိုးကောင်းကင်သို့ ဝင့်ကြွားစွာတက်သွားသော်လည်း ရွှေရောင်တောက်နေသည့် ခရမ်းရောင် လျှပ်စီးရောင်ကို မြင်သောအခါ လေးစားကြောက်ရွံ့ခြင်းများ ဖြစ်ပေါ်လာသည်။
"ဒီလျှပ်စီးဟာ အင်အားအကောင်းဆုံး နဂါးလျှပ်စီးပဲ ပျက်ပြယ်ခြင်းအဆင့်အောက်မှာ ငါ့ရဲ့တိုက်ခိုက်မှုဟာ ပြိုင်ဘက်ကင်းပဲ သေစမ်း...”
ရွှေရောင်တောက်ပသော လျှပ်စီးတန်းသည် ပြောမပြနိုင်လောက်အောင် လျင်မြန်သည့် မြန်နှုန်းနှင့်အတူ ကျဆင်းလာသည်။ ထိုလျှပ်စီးတန်းသည် ကောင်းကင်နှင့်မြေကြီး၌ တစ်ခုတည်းသော အလင်းရောင်ဖြစ်ပြီး မှောင်မဲနေသော ညကောင်းကင်ကို ပိုင်းဖြတ်လိုက်သည်မှာ နတ်ဘုရားစီရင်မှုဓါးအလား ဖြစ်လာသည်။
ဝေလနဂါးဖြူသည် အန်လင်းကိုကြည့်လိုက်၏။ သူသည် နတ်ဘုရားလျှပ်စီးတန်းအောက်၌ ထိုအကောင် မည်သို့ ပျောက်ကွယ်သွားသည်ကိုတွေ့မြင်လိုခဲ့သည်။
ထို့နောက်သူသည် အန်လင်း လက်ညှိုးတစ်ချောင်းထောင်လိုက်သည်ကိုမြင်လိုက်ရသည်။
ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာသည်။ ရွှေရောင်တောက်နေသည့် ခရမ်းရောင် လျှပ်စီးသည် ရုတ်တရက် ငြိမ်သက်ကာ ရပ်တံ့သွားသည်။
၎င်းသည် လင်းလက်တောက်ပနေပြီး ညကောင်းကင်ယံတွင် အေးခဲနေသောကြောင့် ရင်သပ်ရှုမောဖွယ် ဖြစ်နေခဲ့သည်။
ဒါပေမယ့် ... ဘာကြောင့် ဒီသောက်လျှပ်စီးတွေက ရပ်နေရတာလဲဟ...
ဝေလနဂါးဖြူ၏ မျက်စိများသည် မယုံနိုင်စွာဖြင့် ပြူးထွက်နေသည်။ အန်လင်း၏ နှုတ်ခမ်းထောင့်မှ အပြုံးစကိုမြင်လျှင် ရုတ်တရက် နှလုံးသားများ အေးခဲမတတ်ဖြစ်သွားသည်။
ဒါမဖြစ်နိုင်ဘူး...အခု မင်းဟာသလုပ်နေတာလား...
“ပျက်ပြယ်ခြင်းအဆင့်အောက်မှာ ဒီတိုက်ခိုက်မှုဟာပြိုင်ဘက်မရှိဘူး.. ငါက ပြောတဲ့အတိုင်း ဟုတ်မဟုတ် စပ်စုလိုက်မိတယ် ... " အန်လင်းပြုံးပြသည်။
သူ၏နှင်းကဲ့သို့ဖြူဖွေးနေသောမျက်လုံးများဖြင့် ဝေလနဂါးဖြူ၏ ခန္ဓာကိုယ်တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
“သွား”
"ငလူး...." ဝေလနဂါးဖြူလန့်ဖြတ်သွားသည်။ " ဒါ တကယ်မဖြစ်နိုင်ဘူး..."
ရွှေရောင်တောက်နေသည့်ခရမ်းရောင်လျှပ်စီးသည်ရွေ့သွား၏။ ဘုရင်တစ်ပါး၏စွမ်းအားများသည် ချက်ချင်း ဝေလနဂါးဖြူ၏ ခန္ဓာကိုယ်အား ထိုးဖေါက်ဖြတ်သန်းသွားသည်။ ဝေလနဂါးဖြူ၏ နာကျည်းစွာအော်ညည်းသံသည် ကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
***