အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အခန်း။ ၁၅
‘ပေါ်လာပြီပဲ’
လုံယီ၏ ရင်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားသည်။
ဤအချက်က သူ၏ တွေးထင်ချက်ကို အတည်ပြုပေးလိုက်ခြင်းပင်။ အတတ်ပညာတစ်ခုခုကို အချိန်အတိုင်းအတာတစ်ခုအထိ ဇွဲနပဲဖြင့် လေ့ကျင့်နေပါက ထိုအရာသည် စွမ်းရည်ပြမျက်နှာပြင်ပေါ်တွင် ကျွမ်းကျင်မှုတစ်ခုအဖြစ် ပေါ်လာမည်ဖြစ်သည်။
သို့သော် ထိုကျွမ်းကျင်မှုသည် တိုက်ခိုက်ရေးနှင့် သက်ဆိုင်နေရန် လိုအပ်ပုံရသည်။ သို့မဟုတ်ပါက အစားစားခြင်း၊ လမ်းလျှောက်ခြင်း သို့မဟုတ် သင်္ချိုင်းတူးခြင်းကဲ့သို့သော အရာများက ဘာကြောင့် ပေါ်မလာရတာလဲ။
၎င်းမှာ အစောပိုင်းတွင် သစ်ခုတ်ခြင်းနှင့် ထင်းခွဲခြင်းကျွမ်းကျင်မှုများသာ သူ့ထံတွင် ရှိနေခဲ့သည့် အကြောင်းရင်းလည်း ဖြစ်နိုင်သည်။ သစ်ခုတ်ခြင်းနှင့် ထင်းခွဲခြင်းတို့သည် ပုဆိန်သိုင်း၏ အခြေခံအကျဆုံး လှုပ်ရှားမှုများ ဖြစ်သည်မဟုတ်ပါလား။
နောက်တစ်ဆင့်အတွက်မှာမူ ရိုးရှင်းလှပေသည်။
စွမ်းအင် ၁ မှတ် ကုန်ဆုံးသွားသည်နှင့်အမျှ ခဲပစ်အတတ်၏ အခြေအနေမှာ အခြေခံအဆင့် မရောက်သေးမှ အခြေခံအဆင့်သို့ ပြောင်းလဲသွားတော့သည်။
[အမည် - လုံယီ]
[အသက် - ၁၉/၅၅]
[အဆင့် - မရှိ]
[ကျွမ်းကျင်မှု - လုံမိသားစု၏ ပုဆိန်သိုင်း (အခြေခံအဆင့် ၀/၁၀)၊ ခဲပစ်အတတ် (အခြေခံအဆင့် ၀/၃)]
[စွမ်းအင် - ၀]
မှတ်ဉာဏ်အသစ်တစ်ခုသည် လုံယီ၏ စိတ်ထဲတွင် ထပ်မံမွေးဖွားလာခဲ့ပြန်သည်။
ယခုတစ်ကြိမ်တွင်မူ သူသည် မြက်ခင်းပြင်ကျယ်ကြီးပေါ်တွင် သခင်ဖြစ်သူအတွက် သိုးကျောင်းပေးနေသော သိုးကျောင်းသားလေးတစ်ဦး ဖြစ်လာခဲ့သည်။ သိုးအုပ်မှာ ယဉ်ပါးပြီး မောင်းနှင်ရလွယ်ကူသော်လည်း မြက်ခင်းပြင်ပေါ်ရှိ အန္တရာယ်များမှာ မရေမတွက်နိုင်အောင် ရှိနေပြီး အချိန်မရွေး ကျရောက်လာနိုင်ပေသည်။
ကောင်းကင်ယံမှ ထိုးဆင်းလာတတ်သော လင်းယုန်များ၊ အမှောင်ထဲတွင် ချောင်းမြောင်းနေသော ဝံပုလွေများ သို့မဟုတ် မြေကြီးထဲမှ ရုတ်တရက် ထွက်ပေါ်လာတတ်သော အဆိပ်ပြင်းမြွေများ...
အကယ်၍ ထိုအကောင်များက သိုးအုပ်ကို တိုက်ခိုက်၍ ဆုံးရှုံးမှုဖြစ်ပေါ်ပါက သိုးကျောင်းသားလေး လုံယီအတွက် ဒုက္ခရောက်ပေလိမ့်မည်။ ကံကောင်းသည်မှာ သူသည် လောက်လွှဲအသုံးပြုနည်းကို သင်ယူခဲ့ခြင်းပင်။
ကျရောက်လာမည့် အန္တရာယ်များကို ကာကွယ်ရန်နှင့် မိမိအသက်ကို စောင့်ရှောက်ရန်အတွက် သူသည် နေ့ညမပြတ် ကြိုးစားလေ့ကျင့်ခဲ့သည်။ နှစ်အနည်းငယ်ကြာပြီးနောက် သူ၏ ခဲပစ်အတတ်မှာ တဖြည်းဖြည်းနှင့် ကျွမ်းကျင်လာခဲ့သည်။
သူသည် လောက်လွှဲကို ခေါင်းပေါ်တွင် ဝှေ့ယမ်းပစ်နည်း၊ ဘေးတိုက်ဝှေ့ယမ်းပစ်နည်းနှင့် ရှစ်
ဂဏန်းပုံစံ ဝှေ့ယမ်းပစ်နည်းစသည့် နည်းစနစ်အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်သွားခဲ့တော့သည်။
သူ၏ ကျောက်ခဲပစ်ချက်များသည် မီတာတစ်ရာအတွင်းရှိ ရန်သူများကို အတော်လေး တိကျသေချာသော နှုန်းထားဖြင့် ထိမှန်နိုင်စွမ်း ရှိလာသည်။
သူ၏ ထက်မြက်သော အကဲခတ်နိုင်စွမ်းကြောင့် အန္တရာယ်များကို အခြားသော သိုးကျောင်းသားများထက် စောစီးစွာ သိမြင်နိုင်ခဲ့သည်။ သားရဲတိရစ္ဆာန်များနှင့် လုယက်ဖျက်ဆီးမည့် ငှက်များကို မောင်းထုတ်ပေးနိုင်ခဲ့သဖြင့် ဆုံးရှုံးမှုများစွာမှ ကာကွယ်ပေးနိုင်ခဲ့ရာ သခင်ဖြစ်သူက သူ့ကို မြင်းစီးသူရဲအဆင့်အထိပင် တိုးမြှင့်ပေးခဲ့သည်။
ထိုခဲပစ်အတတ်ဆိုင်ရာ အတွေ့အကြုံအားလုံးကို ယခုလက်ရှိ လုံယီက အပြည့်အဝ ဆက်ခံရရှိခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လုံယီ၏ ခန္ဓာကိုယ်အတွင်း၌ နွေးထွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး လည်ပတ်အထိပင် ဆူပွက်တက်လာသည်။ သူ၏ ခွန်အားနှင့် ခံနိုင်ရည်မှာ သိသိသာသာ တိုးတက်လာခြင်း မရှိသော်လည်း အာရုံခံအင်္ဂါရပ်များတွင်မူ ထူးခြားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။
သူ၏ အမြင်အာရုံမှာ ပိုမိုဝေးကွာသော နေရာအထိ မြင်နိုင်လာပြီး အကြားအာရုံမှာလည်း ပိုမိုထက်မြက်လာသည်။ အနံ့ခံအာရုံမှာပင်လျှင် ပိုမိုစူးရှလာခဲ့သည်။
လုံယီသည် အပြင်သို့ ထွက်လာပြီး မြစ်ကမ်းဘေးရှိ ကျူတောများကြား လျှောက်သွားရင်း ညနေခင်း လေညင်းကို ခံစားလိုက်သည်။ မြစ်ရေ၏ လတ်ဆတ်သော အနံ့ကို ရရှိနေသလို ပတ်ဝန်းကျင်မှ ပိုးကောင်များနှင့် ငှက်များ၏ အော်မြည်သံကို နားထောင်ရင်း စိတ်ကျေနပ်မှုကို ခံစားနေရသည်။
မကြာသေးမီက အချိန်များတုန်းကမူ ဤကဲ့သို့သော ညအချိန်မျိုးတွင် သူသည် အခြားသူများကဲ့သို့ပင် အိမ်ထဲ၌သာ ကုပ်ကုပ်လေး ပုန်းအောင်းနေရဲခဲ့သည်။ သို့သော် ယခုမူ သာမန်လူတို့ မရရှိနိုင်သော ခွန်အားကို ပိုင်ဆိုင်ထားပြီဖြစ်ရာ သူ၏ သတ္တိမှာလည်း ပင်ကိုယ်အတိုင်း တိုးတက်လာခဲ့ပြီ ဖြစ်သည်။
လုံယီသည် မြေပြင်မှ ပင်ပေါင်ဘောလုံးခန့်ရှိသော ကျောက်ခဲတစ်လုံးကို ကောက်ယူကာ လောက်လွှဲ၏ အဝတ်အိတ်ထဲတွင် ပတ်လိုက်သည်။ ထို့နောက် ဘေးတိုက်ဝှေ့ယမ်းပစ်နည်းဖြင့် သူ၏ ဘယ်ဘက်လက်ကို အရှိန်ယူလိုက်သည်။
‘ဝှစ်...’
တောက်ပသော လရောင်အောက်တွင် ကျောက်ခဲလေးမှာ လျင်မြန်စွာ လွင့်ထွက်သွားပြီး တစ်ဖက်ကမ်းရှိ မိုးကုတ်စက်ဝိုင်းပင်၏ ပင်စည်ကို ဖြောင်းကနဲ မြည်အောင် တည့်တည့်မှန်သွားတော့သည်။ ထိုအသံကြောင့် ပတ်ဝန်းကျင်မှ ဆူညံသံများအားလုံး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။
‘မဆိုးဘူးပဲ’
ဤရလဒ်ကို လုံယီ အတော်လေး သဘောကျသွားသည်။
မီတာနှစ်ဆယ် အကွာအဝေးသာ ရှိသော်လည်း ယခင်ကဆိုလျှင် သူသည် ဘာကိုမှ မှန်အောင် ပစ်နိုင်သူ မဟုတ်ပေ။ ဆက်လက်၍ လုံယီသည် ခဲပစ်အတတ်အခြေခံအဆင့်သို့ ရောက်ရှိပြီးနောက် မည်မျှအထိ စွမ်းဆောင်နိုင်သည်ကို စမ်းသပ်ကြည့်တော့သည်။
တစ်နာရီကျော် ကြာပြီးနောက်တွင်မူ သူသည် အထွေထွေ ကောက်ချက်တစ်ခုကို ရရှိခဲ့သည်။
မီတာ ၅၀ အတွင်း ဖရဲသီးခန့်ရှိသော ပစ်မှတ်ကို ထိမှန်ရန် အခွင့်အရေးမှာ ၈၀ ရာခိုင်နှုန်းနှင့် အထက်ရှိပြီး အကွာအဝေး နီးလေလေ ပို၍ တိကျလေလေဖြစ်သည်။
မီတာ ၅၀ မှ ၁၀၀ အကြား ထိမှန်နိုင်စွမ်းမှာ ၆၀ မှ ၇၀ ရာခိုင်နှုန်းခန့် ရှိသည်။
မီတာ ၁၀၀ ကျော်လျှင် ထိုအချိန်ရှိ သူ၏ စွမ်းဆောင်ရည်အပေါ် လုံးဝ မူတည်နေပြီး ကံကောင်းမှုလည်း အနည်းငယ် လိုအပ်ပေမည်။
‘အခြေခံအဆင့်မှာတင် ဒီစံနှုန်းကို ရောက်တာ တကယ်ကို အံ့ဩစရာပဲ။ ကျွမ်းကျင်အဆင့်သာ ရောက်သွားရင် ဘယ်လို ဖြစ်မလဲ’
လုံယီမှာ လောဘမကြီးပေ။ လက်ရှိ အခြေအနေမှာပင် သူသည် အိုလံပစ် အားကစားသမား တစ်ဦးထက် မနိမ့်ကျတော့ဟု သူ ခံစားနေရသည်။
ကျောက်ခဲ၏ ပြင်းအားနှင့် ပတ်သက်၍မူ သူသည် အတိအကျ မတိုင်းတာနိုင်သေးဘဲ နောင်တွင် ဖြစ်လာမည့် တိုက်ပွဲများကိုသာ စောင့်ကြည့်ရပေမည်။
သို့သော် သူ အားကုန်သုံး၍ ပစ်လိုက်သည့်အခါတွင်မူ သစ်ပင်ငယ်လေးများကို ထိမှန်လျှင်ပင် သစ်ရွက်များ တဖျတ်ဖျတ် ကြွေကျသွားသည်အထိ ပြင်းအားရှိလှသည်။
စမ်းသပ်မှုများ ပြီးဆုံးပြီးနောက် လုံယီသည် လောက်လွှဲကို ခါးပတ်ကဲ့သို့ ခါးတွင် အသာအယာ ပတ်လိုက်ပြီး အိပ်စက်ရန် အိမ်သို့ ပြန်လာခဲ့သည်။
...
နောက်တစ်နေ့ နံနက်။
လုံယီ အိမ်ပြင်သို့ ထွက်လာသည်နှင့် ချီမိသားစု၏ ဂိတ်တံခါးဝတွင် အသက် ၃၀ ကျော်အရွယ် သန်သန်မာမာ အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူသည် လက်များကို မြှောက်လိုက်၊ ခြေထောက်များကို ကန်လိုက်၊ တင်ပါးများကို လွှဲလိုက်ဖြင့် အမြင်မတော်သော နံနက်ခင်း ကိုယ်လက်လှုပ်ရှားမှုများကို လုပ်ဆောင်နေပြီး ပါးစပ်မှလည်း ‘ဟင်း... ဟင်း...’ ဟု အသံများ ထွက်ပေါ်နေသည်။
‘သူဌေးလေးချီ’
သူသည် ချီမိသားစု၏ သားကြီးဖြစ်သူ ချီလုံဖြစ်ကြောင်း လုံယီ ချက်ချင်း သိလိုက်သည်။ သူသည် ဖခင်ဖြစ်သူ၏ လုပ်ငန်းကို ဆက်ခံထားပြီး ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် မြို့နယ်များတွင် အကြီးဆုံး သားသတ်သမားတစ်ဦး ဖြစ်သည်။
မိသားစုနှစ်ခုကြားရှိ မပြေလည်သော ဆက်ဆံရေးကြောင့် လုံယီသည် သူ့ကို နှုတ်ဆက်ရန် စိတ်မကူးဘဲ ဘေးမှပင် ကျော်ဖြတ်သွားလိုက်သည်။
“လုံယီ”
မမျှော်လင့်ဘဲ ချီလုံက သူ့ကို သတိပြုမိသွားပြီး ကိုယ်လက်လှုပ်ရှားမှုများကို ရပ်ကာ လုံယီကို လှမ်းခေါ်လိုက်သည်။ လုံယီသည် ခြေလှမ်းများကို ရပ်ကာ လှည့်ကြည့်လိုက်သည်။
ချီညီအစ်ကို လေးဦးထဲတွင် ချီလုံသည် သားသတ်သမားကြီးချီနှင့် အတူဆုံးဖြစ်သည်။ မျက်နှာလေးထောင့်ကျကျ၊ မျက်ခုံးမွှေး ထူထူ၊ ပါးပြင် ဖောင်းဖောင်းဖြင့် ကြည့်ရသည်မှာ လွယ်လွယ်နှင့် ရန်စ၍ ရမည့်ပုံစံမျိုး မဟုတ်ပေ။ အထူးသဖြင့် သူ၏ ရန်လိုသော အကြည့်များမှာ လူကို အလိုလိုနေရင်း စိတ်အနှောင့်အယှက် ဖြစ်စေသည်။
“ငါ အရင်က ပြောထားတာကို မင်း ဘယ်လို စဉ်းစားထားလဲ”
“ဘာကိစ္စလဲ”
“ငါ့ကို လာပြီး အရူးလုပ်မနေနဲ့။ မင်း အိမ်ပြောင်းပေးမှာလား။ မပြောင်းပေးဘူးလားလို့ မေးနေတာ”
“မပြောင်းပေးနိုင်ဘူး”
လုံယီသည် ဤလူမိုက်နှင့် စကားများမနေချင်သဖြင့် လှည့်ထွက်လာခဲ့သည်။
“ဒီကောင်လေးကတော့”
မမျှော်လင့်ဘဲ ချီလုံမှာ ဒေါသတကြီးဖြင့် အရှက်ရသွားကာ အနောက်မှ ပြေးတက်လာပြီး ညာဘက်လက်ဖြင့် လုံယီ၏ လည်ပတ်ကို လှမ်းဖမ်းရန် ကြိုးစားလိုက်သည်။
‘ရှုး...’
နောက်တစ်စက္ကန့်တွင်မူ ချီလုံ၏ လှုပ်ရှားမှုများ အေးခဲသွားပြီး သူ၏ နဖူးပေါ်မှ ချွေးအေးများမှာ ရုတ်တရက် စီးကျလာပေတော့သည်။
သာမန် ပုဆိန်တစ်လက်မှာ သူ၏လည်ပတ်တွင် ကပ်လျက်သားရှိနေပြီး အေးစက်စက် အာရုံခံစားမှုမှာ အရေပြားထဲအထိ စိမ့်ဝင်နေသည်။
လုံယီ မည်သို့ လှုပ်ရှားလိုက်သည်ကိုပင် သူ မမြင်လိုက်ရချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အသက်မှာ တစ်ဖက်လူ၏ လက်ထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။
‘ဒါ ဘာဖြစ်သွားတာလဲ’
ချီလုံသည် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး လက်ဖျားခြေဖျားပင် မလှုပ်ရဲတော့ပေ။
“ခုနက ဘာပြောလိုက်တာလဲ။ နောက်တစ်ခါ ပြန်ပြောကြည့်စမ်း”
လုံယီက သူဌေးလေးချီကို တည်ငြိမ်စွာ စိုက်ကြည့်လျက် မေးလိုက်သည်။
လုံယီ၏ မျက်နှာထားမှာ တည်ငြိမ်လေလေ ချီလုံမှာ ပို၍ ကြောက်လန့်လေလေ ဖြစ်နေသည်။
“ငါ... ငါကပဲ ကောင်စုတ်လေးပါလို့ ပြောတာပါ။ အာယီရယ်... မင်းအပေါ် စော်ကားမိတာကို စိတ်ထဲမထားပါနဲ့နော်...”
ချီလုံက စကားများ ထစ်အငေါ့အငေါ့ဖြင့် တောင်းပန်တော့သည်။
“မှတ်ထား... မင်းမှာက မိသားစုဝင် ဆယ်ယောက်ရှိတယ်။ ငါ့မှာကတော့ ပျက်စီးစရာမရှိတဲ့ အသက်တစ်ချောင်းပဲ ရှိတာ”
လုံယီက ချီလုံ၏ ပါးကို လက်ဝါးဖြင့် ခပ်ဆတ်ဆတ် ဖြောင်း ဖြောင်း ဟု အကြိမ်အနည်းငယ် ရိုက်လိုက်ရာ မျက်နှာမှာ ရဲတက်သွားတော့သည်။
ချီလုံ ဘာတွေးနေသည်ကို ဂရုမစိုက်ဘဲ လုံယီသည် တောင်ကုန်းဘက်သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။ ချီလုံတစ်ယောက်သာ မျက်နှာအရောင်မျိုးစုံ ပြောင်းလျက် ထိုနေရာတွင် ကျောက်ရုပ်ကဲ့သို့ ကျန်ရစ်ခဲ့တော့သည်။
ချီမိသားစုအိမ်သို့ ပြန်ရောက်သောအခါ အပန်းဖြေကုတင်ပေါ်တွင် လဲလျောင်းနေသော သားသတ်သမားကြီးချီက ဆေးတံကို ပါးစပ်မှထုတ်ကာ အမှတ်မထင် မေးလိုက်သည်။
“ဘာဖြစ်လာတာလဲ မင်းမျက်နှာက ဘာလို့ အဲဒီလောက် ညိုးငယ်နေရတာလဲ”
“အဖေ... ကျွန်တော်တို့ လုံယီနဲ့ တကယ်ပဲ ရန်ဖြစ်ကြတော့မှာလား”
ချီလုံက မနေနိုင်ဘဲ မေးလိုက်သည်။
“ရန်ဖြစ်တယ်ဆိုတာ ဘာကိုပြောတာလဲ။ သူက ငါတို့နဲ့ ရန်ဖြစ်ဖို့ ထိုက်တန်လို့လား”
သားသတ်သမားကြီးချီက မထီမဲ့မြင် ပြောလိုက်သည်။
“သူ့အဖေရဲ့ အသိုင်းအဝိုင်းနဲ့ လူတွေရဲ့ အတင်းအဖျင်းစကားတွေကိုသာ မစိုးရိမ်ရရင်၊ ပြီးတော့ မင်းရဲ့ ဒုတိယညီလေးရဲ့ အနာဂတ်ကိုသာ မထိခိုက်စေချင်ရင် သူ့ကို ငါနှင်ထုတ်လိုက်တာ ကြာလှပြီ”
“သူကသာ အလိုက်သိမယ်ဆိုရင် ငါက လျော်ကြေးငွေ နည်းနည်းပါးပါးတောင် ပေးဦးမှာပါ။ အခုလို ခေါင်းမာနေတာကတော့ ပုဆိန်ကို ပါးစပ်နဲ့ လိုက်ကိုက်နေသလိုပဲ။ ကိုယ့်ဒုက္ခကိုယ် ရှာနေတာ”
“အဖေ... အဆင်မပြေရင် အဲဒီဘေးက ရေမြောင်းကိုပဲ မြေဖို့ပြီး စတုတ္ထညီလေးအတွက် အိမ်ဆောက်ပေးလိုက်ရင် မရဘူးလား”
ချီလုံက အကြံပြုသည်။
“ဘာတွေ လျှောက်ပြောနေတာလဲ”
သားသတ်သမားကြီးချီက ကုတင်ပေါ်မှ ဝုန်းခနဲ ထရပ်ကာ သားကြီး၏ပါးကို ရိုက်လိုက်သည်။
“အဲဒီလိုလုပ်ရင် ငါ့မျက်နှာ ဘယ်နားသွားထားရမလဲ”
“နှာခေါင်းသွေးမတိတ်သေးတဲ့ ကောင်လေးတစ်ယောက်ကိုတောင် မနိုင်ဘူးဆိုရင် သူများတွေက ငါ့ကို ဘယ်လိုမြင်ကြမလဲ”
“ဟုတ်ကဲ့... ဟုတ်ကဲ့... အဖေက အိမ်ထောင်ဦးစီးပဲ။ အဖေ သဘောရှိတာသာ လုပ်ပါတော့”
ချီလုံက နာသွားသော ပါးကို လက်နှင့်အုပ်ကာ မကျေမနပ် ပြောလိုက်သည်။
သူ၏ စိုးရိမ်မှုများမှာ လွန်ကဲနေသည်ဟု သူ ပြန်တွေးမိသည်။ ခုနက လုံယီ၏ လှုပ်ရှားမှုမှာ မြန်ဆန်လှသော်လည်း ဖြစ်နိုင်သည်မှာ သူကိုယ်တိုင်ပင် နံနက်ခင်း၌ မျက်စိမကြည်သေး၍ ဖြစ်ပေလိမ့်မည်။
လက်နှစ်ဖက်က လက်လေးဖက်ကို မယှဉ်နိုင်ဆိုသကဲ့သို့ပင်။ ချီမိသားစုမှာ လူအင်အား တောင့်တင်းလှသည်။ သူကိုယ်တိုင်ကလည်း သားသတ်သမားဖြစ်သဖြင့် ခွန်အားကြီးသူ၊ ဒုတိယညီကလည်း လေးပစ်ကျွမ်းကျင်သူ၊ တတိယညီကလည်း မြို့ပေါ်မှာ သိုင်းသင်နေသူ ဖြစ်သည်။ ကောင်စုတ်တစ်ယောက်ကို မနိုင်စရာ အကြောင်းမရှိပေ။
သို့သော် သူဌေးလေးချီ တစ်ခု မသိသည်မှာ သူ၏ မျက်စိထဲ၌ ကောင်စုတ်လေးဖြစ်သော လုံယီမှာ ယခုအချိန်တွင် သင်္ချိုင်းကုန်း၌ တကယ့်ကောင်စုတ်လေးတစ်ဦးနှင့် ဆုံတွေ့နေရပြီ ဖြစ်သည်။
ထိုနေ့ည လုံယီသည် ဂေါ်ပြားကို ထမ်းကာ သင်္ချိုင်းကုန်းသို့ သွားခဲ့သည်။ မြေကြီးကို အများကြီး မတူးရသေးမီမှာပင် မလှမ်းမကမ်းမှ ထူးဆန်းသော အသံများကို ကြားလိုက်ရသည်။
သူသည် မြက်ပင်များကို တိုးဖယ်ကာ ထိုနေရာသို့ ချဉ်းကပ်သွားလိုက်သည်။ မြေကြီးများကို တူးဆွကာ အပြင်သို့ အမြန်ဆုံး ထွက်ပေါ်လာနေသော အမည်းရောင် ပုံရိပ်တစ်ခုကို မြင်လိုက်ရသောအခါ လုံယီမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားတော့သည်။
‘ဒါ... ဒါက ဘာကြီးလဲ’
အခန်း။ ၁၆
မျက်စိရှေ့တွင် မြင်နေရသည်မှာ အမည်းရောင် အသုဘဝတ်စုံကို ဝတ်ဆင်ထားသော အဘွားအိုတစ်ဦးဖြစ်သည်။ သူမ၏ မျက်နှာပေါ်တွင် အကွက်လိုက် အကွက်လိုက် အလောင်းကွက်များ ပြည့်နှက်နေပြီး မျက်လုံးများမှာမူ အရည်ပျော်ကျနေသကဲ့သို့ အဝါရောင်အရည်များ တောက်လျှောက် စီးကျနေသည်။ အပြင်သို့ ထွက်နေသော လက်ချောင်းများပေါ်တွင်မူ စိမ်းဖန့်ဖန့် အမွှေးအမျှင်များ ဖုံးလွှမ်းနေလေသည်။
သူမ၏ လက်သည်းများမှာ ငါးစင်တီမီတာ၊ ခြောက်စင်တီမီတာခန့် ရှည်လျားပြီး နက်မှောင်ပြောင်လက်နေကာ လရောင်အောက်တွင် အေးစက်စက် အလင်းရောင်များ ထွက်ပေါ်နေသည်။ လုံယီ ရောက်ရှိလာသည်ကို အာရုံခံမိသည်နှင့် သူမ၏ ခေါင်းသည် လုံယီရှိရာဘက်သို့ တည့်တည့်မတ်မတ် လှည့်လာတော့သည်။
‘ဒါ... ဖုတ်ကောင်လား’
‘ဒီလို ရှားရှားပါးပါး ကိစ္စမျိုးကို ငါနဲ့မှ လာတိုးရတယ်လို့’
လုံယီမှာ ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။ ဖုတ်ကောင်များ၊ ခုန်တတ်သော အလောင်းကောင်များအကြောင်း ပုံပြင်ထဲတွင်သာ ကြားဖူးသော်လည်း လက်တွေ့တွင် ပထမဆုံး ဆုံဖူးခြင်းဖြစ်သည်။ သူသည် လက်ထဲမှ ဂေါ်ပြားကို အကာအကွယ်အဖြစ် အသင့်ပြင်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် ဤအလောင်းကောင်စုတ်ကို သူ သိပ်တော့ မကြောက်လှပေ။
ပထမအချက်မှာ ထိုအရာသည် အတော်ပင် ပုပြီး လုံယီ၏ ရင်ဘတ်အထိသာ ရှိသည်။ ဒုတိယအချက်မှာ ၎င်းသည် လူကနေ ပြောင်းလဲလာသောအရာဖြစ်ရာ ဒဏ္ဍာရီထဲက နတ်ဆိုးများ သို့မဟုတ် ဝိညာဉ်သရဲများလောက် သူ့ကို စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်နိုင်စွမ်း မရှိချေ။
‘ထောက်...’
‘ထောက်...’
‘ထောက်...’
ဖုတ်ကောင် အဘွားအိုသည် လုံယီရှိရာသို့ တစ်လှမ်းချင်း ခက်ခဲစွာ လျှောက်လာနေသည်။ ကြည့်ရသည်မှာ စက်ရုပ်အက ကနေသကဲ့သို့ပင်။ သို့သော် မကြာမီမှာပင် သူမ၏ လှုပ်ရှားမှုများမှာ ပိုမိုသွက်လက်လာပြီး အရှိန်မှာလည်း တဖြည်းဖြည်း မြင့်တက်လာတော့သည်။
“သေစမ်း”
လုံယီသည် သူမကို အားကောင်းလာမည့် အခွင့်အရေး မပေးနိုင်ပေ။ သူသည် ဂေါ်ပြားကို အားကုန်လွှဲ၍ သူမထံသို့ တည့်တည့်ကြီး ရိုက်ချလိုက်သည်။
‘ဝှစ်’
သာမန်လူထက် အဆပေါင်းများစွာ သာလွန်သော ခွန်အားကြောင့် ဂေါ်ပြားသည် လေကိုခွဲသည့် အသံနှင့်အတူ ဖုတ်ကောင် အဘွားအိုကို ပြင်းထန်စွာ ထိမှန်သွားတော့သည်။
‘ဒုန်း’
မည်သည့်သံသယမျှ မရှိဘဲ သူမသည် ရိုက်ချက်ကြောင့် ခြေလှမ်း ဆယ်လှမ်းခန့် လွင့်ထွက်သွားပြီး လက်သီးဆုပ်ခန့် လုံးပတ်ရှိသော သစ်ပင်ငယ်တစ်ပင်ကို ဆောင့်မိကာ သစ်ပင်ပင်စည်မှာ ကျိုးထွက်သွားတော့သည်။ သို့သော် လုံယီ၏ မျက်နှာမှာ ပြောင်းလဲသွားသည်။ ကျောက်တုံးကြီးတစ်တုံးကို ရိုက်မိသကဲ့သို့ သူ၏ လက်နှစ်ဖက်စလုံးမှာ ထုံကျဉ်သွားသောကြောင့် ဖြစ်သည်။
ဒီလောက်တောင် မာတာလား။
နောက်တစ်စက္ကန့်တွင်မူ ဖုတ်ကောင် အဘွားအိုသည် မြေပြင်မှ ပြန်လည် ထလာပြီး လုံယီထံသို့ ယခင်ကထက် ပိုမိုမြန်ဆန်စွာ ယိုင်ထိုး၍ တိုးလာပြန်သည်။ သူမ၏ အမူအရာမှာ ထူးဆန်းနေသော်လည်း အရှိန်မှာမူ သာမန်လူ၏ အရှိန်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မျက်လုံးများမှ အဝါရောင်အရည်များ ပန်းထွက်နေပြီး စိမ်းဖန့်ဖန့်အမွှေးများ ဖုံးနေသော ခြောက်ကပ်ကပ် လက်သည်းများဖြင့် ရှေ့သို့ ရမ်းသမ်းကုတ်ခြစ်လာသည်။ အကယ်၍ သူမ၏ လက်သည်းဖြင့် အကုတ်ခံရပါက ရောဂါပိုးများ ကူးစက်နိုင်သည်ဟု လုံယီ တွေးလိုက်သဖြင့် မည်သို့မျှ အထိခိုက်မခံနိုင်ပေ။
“လစ်စမ်း”
လုံယီသည် အားကို ပိုမိုစိုက်ထုတ်ကာ ဂေါ်ပြားကို ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်ရှိ ဖုန်မှုန့်များပင် လွင့်စင်ထွက်သွားတော့သည်။
‘ဒေါင်’
ဖုတ်ကောင် အဘွားအိုသည် မည်သည့်ခုခံမှုမျှ မပြုနိုင်ဘဲ လွင့်စဉ်ထွက်သွားသော်လည်း နာကျင်မှုကို မသိသောကြောင့် ခဏအတွင်းမှာပင် ပြန်လည်ထလာပြီး လုံယီထံသို့ ထပ်မံတိုးဝင်လာပြန်သည်။
‘ဒေါင်’
‘ဒေါင်’
‘ဒေါင်’
၎င်း၏ ခွန်အားမှာ ပိုမိုကြီးမားလာပြီး အရှိန်မှာလည်း သာမန်လူသားတို့၏ အဆင့်ထက် များစွာကျော်လွန်နေပြီ ဖြစ်သည်။ လုံယီနှင့် ရင်ဆိုင်တိုက်ခိုက်နေစဉ်အတွင်း ပတ်ဝန်းကျင်ရှိ သစ်ကိုင်းများမှာ ကျိုးပဲ့လွင့်စင်နေပြီး ဖုန်မှုန့်များမှာလည်း တထောင်ထောင် ထနေသည်။ ကျောက်စာတိုင် အချို့ပင်လျှင် အက်ကွဲကုန်ကြသည်။
အကယ်၍ လုံယီသာ သာမန်ထက် ထူးကဲသော ခွန်အားရှိမနေပါက သူသည် ထိုအလောင်းကောင်၏ ဖမ်းဆုပ်ခြင်းကို ခံထားရပြီးလောက်ပြီ ဖြစ်သည်။ သို့သော်လည်း အဆက်မပြတ် တိုက်ခိုက်နေရသဖြင့် လုံယီ၏ အားအင်မှာ အနည်းငယ် လျော့နည်းလာသောကြောင့် တိုက်ကွက်ပြောင်းရန် လိုအပ်ကြောင်း သူ သိလိုက်သည်။
‘အသက်ရှိတဲ့အရာမှန်သမျှ အားနည်းချက် ရှိစမြဲပဲ’
သူ့အရင်ဘဝက ဇာတ်ကားများနှင့် ဝတ္ထုများကို ပြန်လည်အမှတ်ရရင်း လုံယီသည် ဖုတ်ကောင် အဘွားအို၏ လည်ပတ်ကို ပစ်မှတ်ထားလိုက်သည်။
“သူ့ခေါင်းကို ဖြတ်နိုင်မလား စမ်းကြည့်ရအောင်”
လုံယီသည် လက်ထဲမှ ဂေါ်ပြားကို အသာအယာ ပစ်ချလိုက်ပြီး ရင်ဘတ်ထဲမှ ပုဆိန်ကို ထုတ်ယူလိုက်သည်။ ညာဘက်လက်က ပုဆိန်ကို အကာအကွယ်အဖြစ် ကိုင်ထားပြီး ဘယ်ဘက်လက်ကမူ လောက်လွှဲကို ကိုင်ကာ အရှိန်ယူ၍ စတင်ဝှေ့ယမ်းတော့သည်။
ဖုတ်ကောင် အဘွားအို မြေပြင်မှ ပြန်လည်ထလာချိန်မှာပင်…
‘ဝှစ်’
ဇီးသီးခန့်ရှိသော ကျောက်ခဲတစ်လုံးသည် လုံယီ၏ လက်ထဲမှ လွင့်ထွက်သွားပြီး အဘွားအို၏ လည်ပတ်တည့်တည့်ကို မျက်စိဖြင့် မမြင်နိုင်သော အရှိန်ဖြင့် ထိမှန်သွားတော့သည်။
‘ဖြောင်း’
ကျောက်ခဲမှ ထွက်ပေါ်လာသော ပြင်းထန်သည့် စွမ်းအင်ကြောင့် အဘွားအိုမှာ ယိုင်ထိုးသွားပြီး ဟန်ချက် ပျက်လုနီးပါး ဖြစ်သွားသည်။ သူမ၏ လည်ပတ်တွင်လည်း မြင်သာသော ဒဏ်ရာတစ်ခု ပေါ်လာပြီး စိမ်းဖန့်ဖန့် ပြည်ပုပ်များ စိမ့်ထွက်လာသည်။
‘ထပ်ပစ်မယ်’
လုံယီသည် နောက်ထပ် ကျောက်ခဲတစ်လုံးကို ထပ်မံပစ်လွှတ်လိုက်ရာ ဖုတ်ကောင်၏ လည်ပတ်ဒဏ်ရာကိုပင် ထပ်မံထိမှန်ပြီး ဒဏ်ရာကို ပိုမိုကြီးမားလာစေသည်။ ဖုတ်ကောင်မှာ သူ့အနားသို့ ရူးသွပ်စွာ ချဉ်းကပ်ရန် ကြိုးစားသော်လည်း လုံယီ၏ တိကျလှသော ကျောက်ခဲပစ်ချက်များကြောင့် အနောက်သို့သာ တရွတ်တိုက် ဆုတ်ခွာနေရတော့သည်။
လုံယီ၏ ခဲပစ်အတတ်မှာ အခြေခံအဆင့်သာ ရှိသေးသော်လည်း ခြေလှမ်း ဆယ်လှမ်းကျော် အကွာအဝေးအတွင်း၌မူ သူသည် တစ်ချက်မလွဲ မှန်အောင် ပစ်နိုင်စွမ်း ရှိနေသည်။
ဖုတ်ကောင်သည် လုံယီ၏ အနားသို့ ကပ်နိုင်ချိန်တွင်မူ သူမ၏ လည်ပတ်မှာ လုံယီ၏ ကျောက်ခဲများကြောင့် အရေပြား အနည်းငယ်သာ ကျန်တော့သည်အထိ ပျက်စီးနေပြီ ဖြစ်သည်။ ဖြူဖွေးသော ဆံပင်များဖြင့် ပြည့်နှက်နေသည့် ဦးခေါင်းမှာ ပုခုံးပေါ်တွင် တွဲလောင်းကြီး ကျနေတော့သည်။
“သေစမ်း”
လုံယီသည် ပုဆိန်ကို အားကုန်လွှဲ၍ တစ်ချက်တည်းနှင့်ပင် ဖုတ်ကောင် အဘွားအို၏ ဦးခေါင်းကို ကိုယ်ထည်မှ ဖြတ်ချလိုက်သည်။ သူမသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး နောက်ထပ် ဘယ်သောအခါမှ ပြန်လည်ထမလာတော့ပေ။
“တကယ် ပင်ပန်းတာပဲ”
လုံယီသည် တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေပြီး ကြွက်သားများမှာလည်း စစ်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရသကဲ့သို့ နာကျင်ကိုက်ခဲနေသည်။
‘ဒီဖုတ်ကောင်နဲ့သာ သာမန်လူတွေ တွေ့ခဲ့ရင်တော့ လုံးဝ အခွင့်အရေးရှိမှာ မဟုတ်ဘူး။ ပြေးလို့လည်း မလွတ်၊ တိုက်လို့လည်း မရ၊ သူ့ရဲ့ လက်သည်းနဲ့ တစ်ချက် အကုတ်ခံရရုံနဲ့တင် အသက်ပျောက်နိုင်တယ်’
သူ့ထက်သာလွန်သော ခွန်အား၊ ပိုမိုမြန်ဆန်သော အရှိန်နှင့် လောက်လွှဲကို အသုံးပြုသည့် အဝေးပစ် တိုက်ခိုက်မှုများ ပေါင်းစပ်လိုက်မှသာ လုံယီသည် ဤအလောင်းကောင်ကို အားအင်ကုန်ခမ်းစေပြီး အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
‘ဒဏ္ဍာရီထဲက နတ်ဆိုးတွေနဲ့ ထူးဆန်းတဲ့ သတ္တဝါတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲ မသိဘူး’
ထိုသို့တွေးရင်း ဤကမ္ဘာကြီးအပေါ် ရိုသေခန့်ညားထိတ်လန့်စိတ်များ လုံယီ၏ ရင်ထဲ၌ ဖြစ်ပေါ်လာသည်။
‘သိုင်းပညာရှင်တွေက ငါထင်ထားတာထက် ပိုပြီး အစွမ်းထက်ရမယ်။ အဲဒီလို မဟုတ်ရင် ဒီလို မိစ္ဆာကောင်တွေကို ဘယ်လို ရင်ဆိုင်နိုင်ပါ့မလဲ’
သူနှင့် မြို့ပေါ်မှ သိုင်းပညာရှင်များအကြား မည်မျှ ကွာဟချက် ရှိမည်ကို လုံယီ မသိသော်လည်း တွေးတောနေမိသည်။
‘ငါ့ရဲ့ ပုဆိန်သိုင်းက အခုမှ အခြေခံအဆင့်ပဲ ရှိသေးတာဆိုတော့ ကွာခြားချက်က အတော်ကြီးမှာပဲ။ ဒါပေမဲ့ ငါ့ရဲ့ အရည်အချင်းတွေ တဖြည်းဖြည်း တိုးတက်လာတာနဲ့အမျှ ဒီကွာဟချက်က ကျဉ်းမြောင်းသွားမှာ အသေအချာပဲ’
သူကိုယ်တိုင် အားပေးလိုက်သည်။
‘နောင်တစ်ချိန် အခွင့်အရေးရရင် မြို့ကိုသွားပြီး သိုင်းပညာ သင်ယူရမယ်။ တစ်ယောက်တည်း အိမ်ထဲအောင်းပြီး လေ့ကျင့်နေရုံနဲ့တော့ မဖြစ်ဘူး’
သူသည် အတွေးများကို ရပ်တန့်လိုက်ပြီး ဖုတ်ကောင်ကို မြေမြှုပ်ရန် ကျင်းတူးရန် ပြင်လိုက်သည်။ ထိုစဉ် စိတ်ကူးတစ်ခု ရုတ်တရက် ရလာသဖြင့် လုံယီသည် ထုံးစံအတိုင်း ခါးကို ကိုင်းညွှတ်လိုက်ပြီး သူ၏ ညာဘက် လက်ညှိုးကို ဖုတ်ကောင်၏ ကိုယ်ထည်ဆီသို့ ဖြည်းညှင်းစွာ တိုးကပ်လိုက်သည်။
သုံးစင်တီမီတာခန့် အကွာအဝေးသို့ ရောက်သောအခါ ရင်းနှီးပြီးသား တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာသော စာလုံးလေးများ ပေါ်လာသည်။
‘စွမ်းအင် +၂ စုပ်ယူမလား’
“စုပ်ယူမယ်”
ဤအရာထံမှ စွမ်းအင် ရလိမ့်မည်ဟု လုံယီ လုံးဝ မမျှော်လင့်ထားခဲ့ချေ။ မတော်တဆ သေဆုံးသွားသော သာမန်လူသားများ၏ ရုပ်အလောင်းများအပြင် ဤကဲ့သို့သော ဖုတ်ကောင်များကလည်း သူ့ကို စွမ်းအင် ပေးနိုင်သည် မဟုတ်ပါလား။
ထိုအခါ လူအများပြောလေ့ရှိသော ကောလာဟလများကို သူ သတိရသွားသည်။ လျိုဟယ်ရွာရှိ နတ်မင်းကြီးကျောင်းတွင် ထူးဆန်းသောအရာများ ပေါ်ထွက်နေခြင်း၊ ချွေ့ဖိန်တောင်ပေါ်တွင် အမျိုးသမီးသရဲတစ်ကောင် တွေ့ရခြင်း၊ တောအုပ်နီတွင် မြေခွေးနတ်ဆိုးကို တွေ့ရခြင်း...
လုံယီသည် ခေါင်းကို ခါယမ်းကာ ထိုအတွေးများကို ဖယ်ထုတ်လိုက်သည်။
‘ပုံမှန်အတိုင်းပဲ အဆင့်ဆင့် တိုးတက်အောင် လုပ်သွားရင် တစ်နေ့နေ့မှာ ထိပ်ဆုံးကို ရောက်မှာပဲ။ အန္တရာယ်တွေကြားထဲ တကူးတက သွားပြီး စွန့်စားနေဖို့ မလိုပါဘူး’
ယခုအချိန်တွင် အစားအသောက် ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။ နောက်ထပ် ရည်မှန်းချက် အသေးလေးတစ်ခုမှာ ငွေဒင်္ဂါးများ ပိုမိုစုဆောင်းရန်နှင့် မြို့မရှိ သိုင်းသင်တန်းကျောင်းသို့ အမြန်ဆုံး ဝင်ရောက်နိုင်ရန် ကြိုးစားရန် ဖြစ်သည်။
သိုင်းပညာရှင်တစ်ဦးဖြစ်ရန် လမ်းစက မည်သို့ရှိသည်ကို လုံယီ အလွန် မြင်တွေ့လိုလှပြီ။ သူသည် ဤရွာငယ်လေးထဲမှာပင် ထာဝရ ပိတ်မိနေ၍ မဖြစ်ပေ။ အထူးသဖြင့် စွမ်းရည်ပြမျက်နှာပြင်ပေါ်ရှိ သူ၏ သက်တမ်းမှာ ငါးဆယ်ကျော်သာ ရှိသေးသဖြင့် သိုင်းပညာရှင် ဖြစ်လာပါက အသက်ပိုရှည်နိုင်မည်လားဟု သူ မျှော်လင့်နေမိသည်။
ယခုအခါ အစားအသောက်အတွက် မပူရတော့သဖြင့် လုံယီသည် သူ၏ အသက်ရှည်ကျန်းမာရေးနှင့် အနာဂတ်အတွက် ပိုမို အလေးပေး စဉ်းစားလာတော့သည်။
‘တကယ်ဆို ငါက အခု နေ့တိုင်း ဗိုက်ဝအောင် စားနိုင်နေပြီ။ သိုင်းပညာတွေ လေ့ကျင့်တာကလည်း ခန္ဓာကိုယ်ကို သန်မာစေတာပဲ။ အသက်ငါးဆယ်ကျော်လောက်မှာတင် သေရမှာ မဟုတ်လောက်ပါဘူး။ ဒါ ငါ့ရဲ့ မျိုးရိုးဗီဇကြောင့်လား။ သိုင်းပညာ သင်ယူတာက ဒါတွေကို ပြောင်းလဲပစ်နိုင်မလား’
လောက်လွှဲအတတ်ကို ပိုင်နိုင်သွားပြီးနောက် လုံယီသည် သူ၏အကြည့်ကို ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်သည်။
အယ်ဟယ်ရွာပတ်ဝန်းကျင်ရှိ ငှက်များအတွက်မူ ဒုက္ခအကြီးအကျယ် ရောက်ရတော့သည်။ သစ်ပင်ပေါ်မှာ နားနေသူဖြစ်စေ ကောင်းကင်မှာ ပျံသန်းနေသူဖြစ်စေ မြေပြင်မှာ ပိုးကောင်ရှာနေသူဖြစ်စေ ရုတ်တရက် ရောက်လာတတ်သော ကျောက်ခဲဒဏ်ကြောင့် သားကောင် ဖြစ်သွားကြရသည်။
ထို့ကြောင့် လုံယီ၏ နေ့စဉ်စားသောက်မှုပုံစံမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ပိန်ညင်းငှက်သားကို တောဟင်းသီးဟင်းရွက်နှင့် ကြော်စားခြင်း၊ ပျံလွှားသား စွပ်ပြုတ်၊ လတ်လတ်ဆတ်ဆတ် ကင်ထားသော စာကလေးသား... စသည်ဖြင့် စားသောက်ရတော့သည်။
အာဟာရဓာတ်များ အလုံအလောက် ရရှိလာသဖြင့် သူသည် ယခင်ကထက် သိသိသာသာ အရပ်ရှည်လာပြီး ယခုအခါ ၁.၈ မီတာအထိ ရှိလာပြီဖြစ်သည်။ ဤအရပ်အမောင်းမှာ ပတ်ဝန်းကျင် ဆယ်ရွာအတွင်း ရှားပါးလှသော အရပ်မျိုး ဖြစ်သည်။ ဒိုကီပင်လျှင် အကျိုးကျေးဇူး ခံစားရပြီး ကိုယ်ပေါ်တွင် အသားစိုင်လေးများ တက်လာကာ ယခင်ကကဲ့သို့ ပိန်ချောင်မနေတော့ချေ။
သာမန်မွန်းလွဲပိုင်း တစ်ရက်တွင် ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းနေပြီး တိမ်မည်းများ ဖုံးလွှမ်းနေကာ လေထုထဲတွင်လည်း စိုစွတ်ပြီး အသက်ရှူရကျပ်သော အနံ့အသက်များ ပြည့်နှက်နေသည်။ လုံယီသည် တောင်ကုန်းငယ်လေးပေါ်မှ ဆင်းလာစဉ် နိမ့်နိမ့်ပျံသန်းနေသော ခိုတစ်ကောင်ကို မမျှော်လင့်ဘဲ ပစ်ချနိုင်ခဲ့သည်။
ခိုကို တောင်ပံမှ အသာအယာ ကိုင်လျက် ဒိုကီတို့ မိသားစုအတွက် အာဟာရဖြစ်စေရန် တိုက်ဟယ်ရွာသို့ ဦးတည်လိုက်သည်။
ချန်မိသားစု၏ တံခါးဝသို့ ရောက်သောအခါ ဒိုကီသည် လွန်ခဲ့သော ရက်အနည်းငယ်က လုံယီ ဝယ်ပေးထားသော သစ်သားဂျင်ကို ကြိုးဖြင့် လွှဲရိုက်ကစားနေပြီး သူ၏ မျက်နှာပေါ်တွင် ကလေးပီသသော အပြုံးများဖြင့် ပြည့်နှက်နေသည်။
“ဦးလေးလုံ”
လုံယီကို မြင်သည်နှင့် ဒိုကီသည် လက်ထဲမှ ကြိုးကို မြေကြီးပေါ် ပစ်ချကာ အပြေးအလွှား ရောက်လာတော့သည်။
“ဝါး... ခိုအကြီးကြီးပဲ။ အသက်ရှိသေးတာပဲ”
ဒိုကီက စိတ်လှုပ်ရှားစွာ အာမေဍိတ် ပြုလိုက်သည်။
“ရော့... မင်းကစားဖို့ ပေးတာ”
လုံယီက ခိုကို ဒိုကီလက်ထဲ ထည့်ပေးလိုက်ပြီး “မင်းအမေ ဘယ်မှာလဲ” ဟု အမှတ်မထင် မေးလိုက်သည်။
“အထဲမှာ... ဟိုလူဆိုးကြီး ပြန်ရောက်နေပြန်ပြီ”
“ဘယ်သူလဲ”
“ပြီးခဲ့တဲ့တစ်ခေါက်က ဦးလေး မောင်းထုတ်လိုက်တဲ့ လူဆိုးလေ”
“ဘာ”
လုံယီ၏ မျက်နှာမှာ ချက်ချင်း မှောင်ကျသွားသည်။ အိမ်ထဲသို့ ဝင်သွားလိုက်သောအခါ ရင်ဘတ်ကို ဟင်းလင်းဖွင့်ထားသော ရန်အာသည် မရီးချန်၏ ဘေးတွင် ပျင်းရိပျင်းတွဲ ရပ်နေပြီး တစ်ခုခုကို ပြောဆိုနေသည်ကို တွေ့လိုက်ရသည်။ မရီးချန်ကမူ တည်ငြိမ်စွာဖြင့် သူ့ကို ဂရုမစိုက်ဘဲ ရှိနေသည်။
“ရန်အာ”
ရန်အာမှာ ရုတ်တရက် လှည့်ကြည့်လိုက်ရာ လုံယီ၏ ဒေါသထွက်နေသော မျက်နှာကို မြင်သည်နှင့် လန့်ဖျန့်သွားပြီး မရီးချန်၏ ဘေးမှ အဝေးသို့ အကြိမ်အနည်းငယ် ခုန်ဆုတ်လိုက်သည်။
“ကျွန်တော့်ကို မရိုက်ပါနဲ့”
လုံယီက လက်ကို မြှောက်လိုက်သည်ကို မြင်သောအခါ ရန်အာမှာ ချက်ချင်း ကုပ်ကုပ်လေး ဖြစ်သွားပြီး ခေါင်းကို ငုံ့ကာ ဆောင့်ကြောင့် ထိုင်ချလိုက်တော့သည်။
“ထားလိုက်ပါတော့ အာယီရယ်။ ဒီနေ့ သူက မရီးကို တချို့ကိစ္စတွေ ကူညီပေးခဲ့တာပါ”
မရီးချန်က ကြားဝင် ဖျန်ဖြေလိုက်သည်။
ထိုစကားကို ကြားမှသာ လုံယီသည် သူ၏ လက်သီးကို ပြန်ချလိုက်သည်။
“အစ်ကိုကြီး လုံယီ... ကျွန်တော် တကယ်ပဲ ပြဿနာလာရှာတာ မဟုတ်ပါဘူး။ အစ်ကိုကြီး ဝူပြောင်က အစ်ကို့ဆီကနေ အကူအညီတစ်ခု တောင်းခိုင်းလိုက်လို့ပါ”
ရန်အာက အလျင်အမြန် ပြောလိုက်သည်။
“ဪ... ဟုတ်လား”
“ချောင်မိသားစုရွာက လူတွေက မြစ်အထက်ပိုင်းက ရေတွေကို သူတို့ ရွာလယ်ကွင်းထဲ ရောက်အောင် ပိတ်ဆို့ပြီး လမ်းကြောင်းလွှဲလိုက်ကြတယ်။ ဒါကြောင့် အောက်ပိုင်းက ကောင်း
မိသားစုရွာမှာ ရေမရှိတော့ဘဲ ဖြစ်နေလို့ အခု ရွာနှစ်ရွာက ချကြတော့မယ်ဗျ။ ဒီတစ်ခါတော့ အကြီးအကျယ် ထိပ်တိုက်တွေ့ကြမှာပဲ။ တစ်ဖက်စီကလည်း အားပေးကူညီဖို့ လူတွေ အများကြီး ဖိတ်ထားကြတယ်”