← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း။ ၁၇

ဆယ်မိုင်ပတ်လည်အတွင်းရှိ ကျေးရွာများ၏ ဖွဲ့စည်းပုံမှာ တစ်ရွာနှင့်တစ်ရွာ မတူညီကြပေ။

အယ်ဟယ်ရွာ၊ တိုက်ဟယ်ရွာနှင့် ထျန်းဖန်ရွာတို့ကဲ့သို့သော ရွာများသည် အခြားအရပ်ဒေသအသီးသီးမှ ပြောင်းရွှေ့လာကြသူများ စုပေါင်းနေထိုင်ကြသည့် ကျေးရွာများ ဖြစ်ကြသည်။

သို့သော် ချောင်မိသားစုရွာနှင့် ကောင်းမိသားစုရွာတို့မှာမူ ရွာသားအားလုံးမှာ မျိုးရိုးအမည်တစ်ခုတည်းကိုသာ အသုံးပြုကြသူများ ဖြစ်ကြသည်။ လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကတည်းကပင် သူတို့၏ ဘိုးဘေးဘီဘင်များသည် အိမ်ထောင်စုတစ်ခုတည်းတွင် အတူတကွ နေထိုင်ခဲ့ကြသူများဖြစ်ရာ သွေးသားတော်စပ်မှု အလွန်နက်ရှိုင်းပြီး မျိုးနွယ်စု၏ ဩဇာလွှမ်းမိုးမှုနှင့် စည်းလုံးညီညွတ်မှုမှာလည်း အလွန်ပင် ခိုင်မာအားကောင်းလှသည်။

ထိုကဲ့သို့သော ကျေးရွာများ၏ အားသာချက်မှာ အခြားရွာများမှ အနိုင်ကျင့်စော်ကားမည်ကို စိုးရိမ်ရန်မလိုခြင်း ဖြစ်သည်။

အားနည်းချက်မှာမူ ပဋိပက္ခတစ်ခုခု ဖြစ်ပွားသည်နှင့် တစ်ရွာလုံးက ပါဝင်ပတ်သက်သွားတတ်သဖြင့် အလွယ်တကူပင် အုတ်အော်သောင်းနင်း ဖြစ်သွားတတ်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း လူပေါင်းရာနှင့်ချီ၍ ပါဝင်တိုက်ခိုက်ကြသည့် အကြီးအကျယ် ခိုက်ရန်ဖြစ်ပွားမှုများ အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့ဖူးပြီး အသေအပျောက်လည်း များပြားခဲ့ဖူးသည်။

ထိုသို့ ခိုက်ရန်ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာ ရေအရင်းအမြစ် လုယူကြခြင်းကြောင့်ပင်။

လူတို့သည် အသက်ရှင်ရပ်တည်နိုင်ရန် အစားအစာကို အားကိုးရပြီး သီးနှံအထွက်နှုန်းမှာလည်း လူတိုင်း၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်နေပေသည်။ သီးနှံများ အောင်မြင်ဖြစ်ထွန်းရန်မှာလည်း စိုက်ပျိုးရေ အလုံအလောက်ရရှိမှုအပေါ်တွင် မူတည်နေပေသည်။

"ချောင်မိသားစုရွာက လူတွေကတော့ လွန်လွန်းနေပြီ"

လုံယီက ပြောလိုက်သည်။

"ဟုတ်ပါဗျာ ဒါက ကောင်းမိသားစုရွာရဲ့ အသက်သွေးကြောကို ဖြတ်လိုက်တာနဲ့ တူတူပဲ မဟုတ်လား"

ရန်အာကလည်း ကိုယ်ချင်းစာသလိုနှင့် ထောက်ခံသည်။

"အဲဒီ မျက်နှာမှာ အမာရွတ်နဲ့ချောင်ဆိုတဲ့ကောင်က အမြဲတမ်း ဘောင်ကျော်နေတာ"

"ဝူပြောင်က ဘယ်ဘက်ကလဲ"

"အစ်ကိုကြီး ဝူပြောင်ကတော့ သဘာဝအတိုင်း ကောင်းမိသားစုရွာ ဘက်ကပေါ့"

ရန်အာက အနားတိုးလာပြီး တိုးတိုးလေး ပြောသည်။

"ကောင်းမိသားစုရွာမှာက ချောင်မိသားစုရွာလောက် လူအင်အား မရှိဘူးလေ။ ဒါကြောင့် အဘိုးကြီး ကောင်းက လာကူပေးတဲ့လူတွေကို တစ်ယောက်ကို ဝမ် ၅၀ ပေးမယ်လို့ ကတိပေးထားတယ်။ တကယ်လို့ ရန်ပွဲသာ ဖြစ်ခဲ့ရင်တော့ အနည်းဆုံး အဲဒီထက် နှစ်ဆလောက် ရမှာဗျ"

အဘိုးကြီး ကောင်းဆိုသည်မှာ ကောင်းမိသားစုရွာမှ စာတတ်ပေတတ် ပညာရှိအိုကြီး တစ်ဦးဖြစ်သည်။ သူသည် စာမေးပွဲများတွင် အကြိမ်ကြိမ် ကျရှုံးခဲ့သော်လည်း သူ၏ အသိပညာနှင့် အရည်အချင်းကြောင့် ရွာတွင် ဆုံးဖြတ်ချက်ချမှတ်သူ တစ်ဦး ဖြစ်လာခဲ့သည်။ ဝမ် ၁၀၀ ဆိုသည်မှာ သာမန်လူတစ်ယောက်၏ ငါးရက်စာ ဝင်ငွေနှင့် ညီမျှသဖြင့် မနည်းလှသော ပမာဏ ဖြစ်သည်။

"ဒါနဲ့ ငါ့ကိုရော ဘာလို့ လာခေါ်တာလဲ"

"အဲဒါကတော့... အဓိကက အမာရွတ်နဲ့ချောင်က အရမ်းထောင်လွှားလို့ပါပဲ။ သူက ကျွန်တော်တို့ကိုလည်း ဘယ်တော့မှ အဖက်မလုပ်ဘူး။ အစ်ကိုကြီး ဝူပြောင်က သူ့ကို ရင်ဆိုင်ဖို့ သိပ်ပြီး ယုံကြည်ချက်မရှိလို့ အစ်ကို့ကို သတိရသွားတာပါ။ အစ်ကိုသာ ပါလာရင်တော့ အမာရွတ်နဲ့ချောင်ဆိုတာ တို့ဖူးကို ကြိုးနဲ့ချည်ထားသလိုပါပဲ... ဘာမှ ပူစရာမလိုတော့ဘူးပေါ့"

ထိုစကားကို ကြားသောအခါ လုံယီက သူ၏ မေးစေ့ကို အသာအယာ ပွတ်လိုက်ရင်း ရန်အာ၏ မျှော်လင့်တကြီး အကြည့်ကို ကြည့်ကာ မေးလိုက်သည်။

"ဘယ်အချိန်လဲ"

"မနက်ဖြန် မွန်းတည့်အချိန်ပါဗျ"

"ဝူပြောင်ကို သွားပြောလိုက်ပါ။ ငါ ဒီအကူအညီကို ပေးမယ်လို့"

"အစ်ကိုကြီးကတော့ တကယ်ကို အားကိုးရတာပဲဗျာ"

ရန်အာသည် ဝမ်းသာအားရဖြင့် ဝူပြောင်နှင့် အဖွဲ့သားများကို သတင်းပို့ရန် အပြေးအလွှား ထွက်ခွာသွားတော့သည်။

လုံယီ သဘောတူလိုက်ခြင်းမှာ ဝမ် ၅၀ ဆိုသော ငွေပမာဏလေးအတွက်ကြောင့် မဟုတ်သည်မှာ အသေအချာပင်။

ပထမအကြောင်းရင်းမှာ သူ၏အလုပ်များအတွက် ဤလူမိုက်များကို ဆက်လက်အသုံးချရန် လိုအပ်နေခြင်းကြောင့်ဖြစ်သည်။ သေဆုံးသူများ၏ သတင်းအချက်အလက်များကို စုဆောင်းရန်နှင့် လိုအပ်သည့်အခါတွင် သဋတို့ကို အကျိုးအမြတ်အချို့ ပေးထားခြင်းက အန္တရာယ်မရှိနိုင်ပေ။

ဒုတိယအကြောင်းရင်းမှာ သူသည် ပျင်းရိနေခြင်းနှင့် ဤအဖြစ်အပျက်ကို ကိုယ်တိုင်မျက်မြင် ကြည့်ရှုလိုခြင်းကြောင့်ဖြစ်သည်။ အတတ်ပညာရှိသူမှာ သတ္တိရှိစမြဲ မဟုတ်ပါလား။ ပွဲကြည့်ရရုံတင်မကဘဲ ငွေပါရမည့်ကိစ္စကို ဘယ်သူက ငြင်းပယ်နိုင်မှာလဲ။

'ဝူး... ဝူး...'

ကောင်းကင်ယံ၌ မင်ရည်များ လောင်းချထားသကဲ့သို့ မည်းမှောင်နေသော တိမ်တိုက်များ ဖုံးလွှမ်းနေသည်။ ပြင်းထန်သော လေပြင်းများကြောင့် သစ်ပင်မြက်ပင်များမှာ ရမ်းခါနေပြီး ဖုန်မှုန့်များမှာလည်း တထောင်ထောင် ထနေသည်။ မကြာမီပင် မိုးသည်းထန်စွာ ရွာသွန်းတော့မည်ကို မည်သူမဆို သိနိုင်ပေသည်။

ရန်ပွဲဖြစ်ပွားမည့်နေရာတွင် ဆန့်ကျင်ဘက် အုပ်စုနှစ်ခုသည် တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင်လျက် ရှိနေသည်။ လေတိုးသဖြင့် သုတို့၏ အဝတ်အစားများမှာ တဖျတ်ဖျတ် လွင့်နေသော်လည်း သူတို့၏ မျက်နှာထားများမှာမူ မုန်တိုင်းဒဏ်ကို ဂရုမစိုက်ဘဲ တည်ငြိမ်ပြတ်သားလျက် ရှိကြသည်။

အုပ်စုနှစ်ခုအကြား အကွာအဝေးမှာ ဆယ်လှမ်းကျော်မျှသာ ရှိပြီး လူပေါင်း နှစ်ရာ သုံးရာခန့်မှာ စုရုံးနေကြသည်။ အမျိုးသား၊ အမျိုးသမီး၊ ကလေးနှင့် လူအိုများ အားလုံး ပါဝင်နေကြပြီး တစ်ဦးစီတွင် ပုဆိန်၊ ဂေါ်ပြား၊ သစ်သားတုတ်များနှင့် ဓားမများအထိ ကိုယ်စီ ကိုင်ဆောင်ထားကြသည်။

အချို့ဆိုလျှင် ဝတ်ထားသော ဘောင်းဘီများပင် စုတ်ပြဲနေသော်လည်း ၎င်းတို့၏ တိုက်ခိုက်လိုစိတ်မှာမူ လျော့ပါးသွားခြင်း မရှိပေ။

ရှေ့ဆုံးမှ ဦးဆောင်နေသူ နှစ်ဦးမှာ တစ်ဦးမှာ ဆံပင်ဖြူတစ်ဝက် ပေါက်နေပြီး ပိန်လှီသော်လည်း စူးရှသော မျက်လုံးများရှိသည့် အဘိုးအိုတစ်ဦးဖြစ်သည်။ သူ၏ မီးခိုးရောင် ဝတ်စုံရှည်မှာ လူအုပ်ထဲတွင် ထင်ရှားနေသည်။

အခြားတစ်ဦးမှာမူ အသက် ၃၀ ကျော်အရွယ်၊ အရပ်ရှည်ပြီး ကြွက်သား တောင့်တင်းသူဖြစ်သည်။ ရင်ဘတ်ကို ဗလာကျင်းထားပြီး ရင်ဘတ်နှင့် ကျောပြင်တွင် ကင်းခြေများများ တွားသွားနေသကဲ့သို့ ကြောက်မက်ဖွယ်ရာ အမာရွတ် ခုနစ်ခု၊ ရှစ်ခုခန့် ရှိနေသည်။

"ငါတို့ ကောင်းမိသားစု ဘိုးဘေးတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာကတည်းက ဒီချင်းရွှေမြစ်ကို တူးဖော်ခဲ့ပြီး ဆယ်မိုင်ပတ်လည်က မျိုးဆက်ပေါင်းများစွာကို ကျွေးမွေးခဲ့တာ။ အခု မင်းတို့ ချောင်မိသားစုက မြစ်ကြောင်းကို ကိုယ့်ဘာသာ လွှဲယူရဲတယ်ဆိုတော့ တရားမျှတမှုကော ရှိသေးရဲ့လား"

ဝတ်စုံရှည်နှင့် အဘိုးအိုက တစ်ဖက်ရှိ ချောင်မိသားစုကို ဒေါသတကြီး စွပ်စွဲလိုက်သည်။

"အဘိုးကြီးကောင်း ခင်ဗျားပြောတာက သိပ်ပြီး ရယ်စရာကောင်းတာပဲ။ ခင်ဗျားတို့ ဘိုးဘေးတွေ မြစ်တူးတာ မှန်ပေမဲ့ ငါတို့ ချောင်မိသားစု ဘိုးဘေးတွေကရော အားမစိုက်ခဲ့ရဘူးလား" အမာရွတ်များနှင့် အမျိုးသားက လှောင်ပြောင်လိုက်သည်။

"ငါတို့ ချောင်မိသားစုရွာက လယ်ကွင်းတွေက ခြောက်သွေ့နေပြီ။ ဒါကြောင့် စိုက်ပျိုးဖို့ ရေယူတာ ဘာမှားလို့လဲ"

"အမာရွတ်နဲ့ချောင်... မင်းတို့ ရေအနည်းငယ် ယူတာကို ဘာမှမပြောလိုပေမဲ့ မြစ်အောက်ပိုင်းက ရွာတွေရဲ့ အသက်သွေးကြောကိုတော့ အပြီးအပိုင် ဖြတ်တောက်လို့ မရဘူးလေ"

"အဘိုးကြီးကောင်း... ခင်ဗျားလည်း အသက်ကြီးပြီဆိုတော့ မျက်စိတွေ သိပ်မကြည်တော့ဘူး ထင်တယ်။ မြစ်အောက်ပိုင်းမှာ ရေတွေ အထင်အရှား ရှိနေတာပဲ မဟုတ်လား"

"အဲဒါ ရေလားကွ။ လိပ်တွေတောင် ကျောပေါ်နေတဲ့အထိ ရေက နည်းနေပြီဥစ္စာ"

အဘိုးကြီးကောင်းမှာ ဒေါသတကြီးဖြင့် တုန်ရင်နေတော့သည်။

"အဘိုး... သူ့ကို စကားအပိုတွေ ပြောမနေနဲ့တော့။ ဒီကောင်စုတ်က လူစကား နားလည်တဲ့ကောင် မဟုတ်ဘူး"

အဘိုးကြီးကောင်း၏ အနောက်မှ သန်သန်မာမာ အမျိုးသားတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်း စကားကို ဆင်ခြင်ပြောစမ်း ကောင်လေး"

အမာရွတ်ချောင်၏ အနောက်မှလည်း တစ်ဦးက အလျော့မပေးဘဲ ပြန်လည် တုံ့ပြန်လိုက်သည်။

"ငါက မင်းတို့ကို ပြောတာကွ။ မင်းတို့လို လူယုတ်မာတွေက မျက်စိမပါတဲ့ သားသမီးတွေပဲ မွေးမှာ"

"မင်းဦးလေးကို သွားပြောလိုက်လေ... အလကားကောင်"

အဘိုးကြီးကောင်းနှင့် အမာရွတ်ချောင်တို့သည် အတော်ကြာအောင် အပြန်အလှန် ငြင်းခုံခဲ့ကြသော်လည်း မည်သူကမျှ အလျော့မပေးကြချေ။ မကြာမီမှာပင် အခြားသူများမှာလည်း စိတ်မထိန်းနိုင်ကြတော့ဘဲ အပြန်အလှန် ဆဲဆိုကြရာမှ ဆူညံပွက်လောရိုက်သွားတော့သည်။

တစ်ဖက်နှင့်တစ်ဖက် ပိုမိုနီးကပ်လာကြပြီး လူတိုင်းသည် သူတို့၏ လက်နက်များကို ဝှေ့ယမ်းကာ စိတ်ခံစားချက်များ ပြင်းထန်နေကြသဖြင့် အကြီးအကျယ် ခိုက်ရန်ဖြစ်ပွားတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အဘိုးကြီးကောင်းနှင့် အမာရွတ်ချောင်တို့၏ မျက်နှာများမှာ ပျက်သွားကြသည်။ အခြေအနေမှာ သူတို့ ထင်ထားသည်ထက် ပိုမိုဆိုးရွားသွားခဲ့ပြီ ဖြစ်သည်။ သူတို့နှစ်ဦးသည် မိမိတို့လူများကို အတင်းပြန်ဆွဲရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။

လုံယီနှင့် ဝူပြောင်တို့အဖွဲ့မှာမူ သူတို့၏ အရပ်အမောင်းနှင့် ခန္ဓာကိုယ် ထည်ဝါမှုကြောင့် အဘိုးကြီးကောင်း၏ အနောက် ဒုတိယ သို့မဟုတ် တတိယတန်းတွင် ရပ်နေကြသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လူအုပ်ကြားထဲတွင် ပိတ်မိမသွားစေရန်နှင့် လှုပ်ရှားရလွယ်ကူစေရန် လူအုပ်၏ အစွန်ဘက်သို့ တိုးထွက်လိုက်ကြသည်။

လုံယီသည် အာရုံကို အပြည့်အဝ စုစည်းထားပြီး သူ၏ ညာဘက်လက်ကို လက်သီးဆုပ်ထားလျက် ရှေ့တွင် နေရာလွတ် အနည်းငယ် ချန်ထားသည်။ ဤကဲ့သို့ ရှုပ်ထွေးလှသော အခြေအနေမျိုးတွင် သိုင်းဆရာကြီးပင်လျှင် ရမ်းသမ်းထိုးနှက်ချက်များကြောင့် ရှုံးနိမ့်သွားနိုင်သဖြင့် သူသည် အထူးပင် သတိထားနေရသည်။

"မင်းတို့ကိုတော့ဖြင့်..."

"သွားသေလိုက်စမ်း..."

ဆဲဆိုသံများ ဆုံးသည်နှင့်အမျှ တစ်ဦးနှင့်တစ်ဦး အကွာအဝေးမှာ ပိုမိုကျဉ်းမြောင်းသွားပြီး ပေါက်ကွဲလုနီးပါး အခြေအနေသို့ ရောက်ရှိသွားတော့သည်။

"ရပ်လိုက်ကြစမ်း"

ဤသို့သော အရေးကြီးသည့်အချိန်တွင် မလှမ်းမကမ်းမှ ပြင်းထန်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သစ်သားတုတ်ရှည်များကို ကိုင်ဆောင်ထားသည့် အပြာရောင် အစေခံဝတ်စုံဝတ် အမျိုးသား တစ်ဒါဇင်ခန့်မှာ လူအုပ်ကြားထဲသို့ တိုးဝင်လာပြီး နှစ်ဖက်စလုံးကို အတင်းအကျပ် ခွဲထုတ်လိုက်ကြတော့သည်။

“အဘိုးကြီးကောင်း... အမာရွတ်နဲ့ချောင်... မင်းတို့နှစ်ယောက်လုံး ရပ်လိုက်ကြစမ်း”

ထိုအသံမှာ ခက်ထန်သော မျက်နှာထားရှိပြီး အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးထံမှ ဖြစ်သည်။

သူ၏ ဘေးတွင်မူ အသက် ၄၀ သို့မဟုတ် ၅၀ ခန့်ရှိပြီး ကြွယ်ဝချမ်းသာပုံရသော အမျိုးသားတစ်ဦး ရပ်နေသည်။ သူသည် ကြိုးကြာငှက်ပုံများ ထိုးထားသည့် အနီရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင် လည်ရှည်ဖိနပ်နှင့် ပြောင်လက်နေသော သားရေဦးထုပ်ကို ဆောင်းထားသည်။ သူ၏ မျက်နှာမှာ ကျန်းမာသန်စွမ်းပြီး စိုပြည်နေမှုက သူ၏ ထူးခြားသော ဂုဏ်သရေရှိသည့် အဆင့်အတန်းကို ဖော်ပြနေလေသည်။

“ဒါ... မြေပိုင်ရှင်ကြီးကျားပဲ”

တစ်စုံတစ်ဦးက အာမေဍိတ်ပြု၍ အော်ဟစ်လိုက်သည်။

နာမည်သည် အရိပ်ကဲ့သို့ပင် အလေးအပင်ရှိလှသည်။ မြေပိုင်ရှင်ကြီးကျားဆိုသော စကားသုံးခွန်းသည် မှော်ဆန်သော စွမ်းအားရှိသည့်အလား ထိုနေရာရှိ လူအားလုံးကို တန့်သွားစေသည်။ အထိန်းအကွပ်မရှိသော အမာရွတ်ချောင်ပင်လျှင် မလိုက်နာဘဲ မနေရဲချေ။

ဆယ်မိုင်ပတ်လည်အတွင်း မြေပိုင်ရှင်ကြီးကျား၏ ကျော်ကြားမှုကို မကြားဖူးသူ မရှိပေ။ သူသည် ဆင်းရှန်းနယ်မြေ၏ ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်ပြီး နန်းတော်ထံမှ တောင်တန်းများနှင့် တောအုပ်များကို ငှားရမ်းထားသူ ဖြစ်သည်။ ရွာတိုင်းတွင် သူ၏လက်အောက်၌ အလုပ်လုပ်နေသူများရှိသလို ကိုယ်ရံတော်အဖွဲ့ကိုလည်း ဖွဲ့စည်းထားရာ တောပုန်းဓားပြများပင်လျှင် သူ့ကို အလွယ်တကူ မနှောင့်ယှက်ရဲကြချေ။

မြေပိုင်ရှင်ကြီးကျားက ဖြည်းညှင်းစွာ ပြောလိုက်သည်။

“မင်းတို့အားလုံးက ဆင်းရှန်းသားတွေချည်းပဲ။ ဒီလောက်အထိ ရန်ငြိုးထားစရာမလိုပါဘူး။ သွေးထွက်သံယိုဖြစ်ရင် မင်းတို့အတွက်လည်း ခက်ခဲလိမ့်မယ်။ ငါ့ရဲ့ ဂုဏ်သိက္ခာအတွက်လည်း မကောင်းဘူး”

“ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းရှိပါတယ်။ ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်နေစရာ မလိုပါဘူး”

“မြေပိုင်ရှင်ကြီးကျားခင်ဗျာ... ကျွန်တော်တို့ကို လမ်းညွှန်ပေးပါဦး”

အမာရွတ်ချောင်က ရိုသေစွာ မေးမြန်းလိုက်သည်။

“နွားချင်းတိုက်ခိုင်းလိုက်ကြစို့။ အနိုင်ရတဲ့သူက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချခွင့်ရှိပြီး ရှုံးတဲ့သူကတော့ အနိုင်ရသူရဲ့ တောင်းဆိုချက်ကို လိုက်နာရမယ်”

မြေပိုင်ရှင်ကြီးကျားက မိန့်ကြားလိုက်သည်။

“နွားတိုက်ပွဲလား”

လူအုပ်ကြီးမှာ စတင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။

ဤသည်မှာ ဆင်းရှန်းနယ်နှင့် ထိုက်မြို့တစ်ခွင်တွင် လူတိုင်းရင်းနှီးသည့် ရှေးကျသော အားပြိုင်မှု နည်းလမ်းတစ်ခု ဖြစ်သည်။ အမာရွတ်ချောင်ဘက်မှ တစ်ဦးက ကျယ်လောင်စွာ ထောက်ခံလိုက်သည်။

“ကောင်းတဲ့အကြံပဲ ကျွန်တော်တို့ သဘောတူတယ်”

ထိုသို့ပြောပြီးနောက် ချောင်မိသားစုရွာသားများနှင့် မြေပိုင်ရှင်ကြီးကျား၏ လက်အောက်ခံများမှာ ကောင်းမိသားစုရွာကို ဦးဆောင်နေသည့် အဘိုးကြီးကောင်းကို လှည့်ကြည့်လိုက်ကြသည်။

“ခင်ဗျားတို့ဘက်က ရဲရင် ငါတို့က ဘာလို့ မရဲရမှာလဲ”

“ငါတို့ ကောင်းမိသားစုရွာက နွားတိုက်ပွဲမှာ ဘယ်သူ့ကိုမှ မကြောက်ဖူးဘူး”

ကောင်းမိသားစုရွာမှ လူငယ်များက မခံချင်စိတ်ဖြင့် အော်ဟစ်ကြတော့သည်။ အဘိုးကြီးကောင်း တစ်ဦးတည်းသာ စိုးရိမ်သော မျက်နှာထားဖြင့် တိတ်ဆိတ်နေလေသည်။

“အဘိုးကြီးကောင်း... ခင်ဗျား ဘာပြောမလဲ”

ဘေးမှ တစ်စုံတစ်ဦးက တိုးတိုးလေး မေးလိုက်သည်။

“ဘာတတ်နိုင်မှာလဲ အခုတော့ လက်ခံရုံပဲ ရှိတာပေါ့”

အဘိုးကြီးကောင်းက စိုးရိမ်တကြီး ပြန်ပြောလိုက်သည်။

“ငါ စိုးရိမ်တာက သူတို့ဘက်က ကြိုတင်ပြင်ဆင်ထားမှာကိုပဲ”

အခန်း။ ၁၈

လုံယီနှင့် အခြားလူအချို့မှာ ဒုတိယတန်းတွင် ရပ်နေကြသဖြင့် အဘိုးကြီးကောင်း၏ တိုးတိုးလေး ရေရွတ်လိုက်သံကို အမှတ်မထင် ကြားလိုက်ရသည်။

လုံယီကိုယ်တိုင်မှာမူ ရွာများအကြား ပဋိပက္ခများနှင့် မြေပိုင်ရှင်ကြီးကျား၏ အကြောင်းစုံကို သေချာမသိပေ။ သို့သော် သန်သန်မာမာနှင့် လူကောင်ကြီးသည့် ဝူပြောင်၏ မျက်လုံးများမှာမူ တစ်ခုခုကို သိနားလည်သွားသည့်အလား ဝင်းခနဲ ဖြစ်သွားပြီး လုံယီကို တိုးတိုးလေး ရှင်းပြတော့သည်။

"မြေပိုင်ရှင်ကြီးကျားက ကောင်းမိသားစုရွာ တောင်ဘက်က မြစ်ကမ်းဘေးက လယ်ကွင်းတွေကို ဝယ်ချင်နေတာ ကြာပြီဗျ။ ဒါပေမဲ့ ရွာသားတွေအားလုံးက စုပေါင်းပြီး ငြင်းဆန်ထားကြတာ..."

လုံယီသည် ထိုစကားကို နားထောင်ရင်း တစ်ခုခုကို ရိပ်မိလိုက်သည်။ မြေပိုင်ရှင်ကြီးကျား အချိန်ကိုက် ရောက်ရှိလာခြင်းမှာ အမာရွတ်နှင့်ချောင်တို့နှင့် ပူးပေါင်းပြီး အကွက်ဆင်ထားခြင်းလည်း ဖြစ်နိုင်ပေသည်။

ထိုစဉ် အဘိုးကြီးကောင်း၏ လှမ်းခေါ်သံကို ကြားလိုက်ရသည်။

"ဟေး... အငယ်ကောင် မင်းတို့အိမ်က နွားဝါကြီးကို သွားခေါ်ခဲ့စမ်း"

"ဟုတ်ကဲ့"

ရိုးသားဖြောင့်မတ်သော မျက်နှာရှိသည့် အမျိုးသားတစ်ဦးက ပြန်ထူးလိုက်သည်။

ဆက်လက်၍ ကောင်းမိသားစုရွာနှင့် ချောင်မိသားစုရွာသားများသည် သူတို့၏ နွားလားဥဿဘများကို သွားရောက်ခေါ်ဆောင်ကြတော့သည်။ စည်းကမ်းချက်များအရ တစ်ရွာလျှင် နွားသုံးကောင်စီ ထုတ်ရမည်ဖြစ်ပြီး တစ်ဖက်မှ နွားအားလုံးကို လဲကျအောင် တိုက်ခိုက်နိုင်သည့် နွားရှိသောရွာက အနိုင်ရမည် ဖြစ်သည်။

ပထမပွဲစဉ်.ဍဍဍ

နာရီဝက်ခန့် ကြာပြီးနောက်...

ကောင်းမိသားစုရွာမှ ပထမဆုံး နွားကြီးကို ရွာသားတစ်ဦးက ဆွဲခေါ်လာသည်။ ထိုနွားမှာ အလျား သုံးမီတာကျော်၊ အရပ် နှစ်မီတာနီးပါး ရှိကာ တစ်ကိုယ်လုံး မည်းနက်နေပြီး ကြမ်းတမ်းမာကျောသော အမွှေးအမျှင်များ ရှိသည်။ ၎င်း၏ မျက်လုံးကြီးနှစ်လုံးမှာ ထက်မြက်သော အသိဉာဏ်ရှိပုံရပြီး ဦးခေါင်းပေါ်ရှိ နွားချိုနှစ်ချောင်းမှာ ကွေးညွတ်နေသော ဓားမြှောင်နှစ်စင်းအလား တပ်ဆင်ထားသည်။

သာမန်လူတစ်ယောက်သည် ထိုနွားကြီး၏ ရှေ့တွင် ရပ်လိုက်ပါက ပဲပင်ပေါက်လေးတစ်ခုကဲ့သို့ နုနယ်လှပေလိမ့်မည်။ ကောင်းမိသားစုရွာသားများမှာ ထိုနွားကြီးကို မြင်ရသည်နှင့် စိတ်လှုပ်ရှားသွားကြသည်။

"အငယ်ကောင်ရဲ့ နွားကြီးက တကယ့်ကို တောင့်တင်းတာပဲဟေ့"

"ဒီနွားက တိုက်ပွဲတွေ အများကြီးဝင်ဖူးတာ။ အတွေ့အကြုံလည်း များသလို ရှုံးခဲတယ်"

"ကြားတာတော့ ဒီနွားက အငယ်ကောင်အတွက် ငွေတွေ အများကြီး ရှာပေးထားတယ်ဆိုပဲ..."

လုံယီသည် ထိုနွားကြီးကို ကြည့်ကာ စိတ်ထဲမှ ချီးကျူးမိသည်။ နွားတိုက်ပွဲဟူသည် နွား၏ ခန္ဓာကိုယ် တည်ဆောက်ပုံအပေါ် များစွာမူတည်ပေရာ ဤနွားကြီးမှာ သာမန်ရေနွားများထက် တစ်ဆိုဒ်ခန့် ပိုကြီးသဖြင့် ၎င်း၏ ခွန်အားမှာ ခန့်မှန်းရုံနှင့်ပင် သိသာလှသည်။

ထို့နောက် ရွာနှစ်ရွာစလုံးမှ နောက်ထပ် နွားနှစ်ကောင်စီ ထပ်မံထုတ်လာကြသော်လည်း ပထမနွားကြီးလောက် ထည်ဝါခြင်း မရှိကြပေ။ ကောင်းမိသားစုရွာသားများမှာ အားတက်ကာ ဂုဏ်ယူနေကြသဖြင့် ချောင်မိသားစုရွာသားများ၏ စိတ်ဓာတ်မှာ အနည်းငယ် ကျဆင်းသွားရသည်။

သို့သော် လုံယီ သတိပြုမိသည်မှာ အမာရွတ်နှင့်ချောင်မှာမူ တည်ငြိမ်နေဆဲဖြစ်ပြီး နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင် အပြုံးတစ်ခုပင် ရှိနေသည်။

မှန်ပေသည်။ ချောင်မိသားစုရွာမှ တတိယမြောက်နွားကြီး ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိ ဆူညံသံများအားလုံး ချက်ချင်း တိတ်ဆိတ်သွားတော့သည်။

၎င်းမှာ သွေးကဲ့သို့ ရဲရဲတောက်နေသော နွားကြီးတစ်ကောင် ဖြစ်သည်။

အလျား သုံးမီတာခွဲနီးပါး၊ အရပ် နှစ်မီတာကျော်ရှိပြီး တစ်ကိုယ်လုံး နီရဲသော အမွှေးများဖြင့် ဖုံးလွှမ်းနေကာ မျက်လုံးများမှာလည်း သွေးရောင်လွှမ်းနေသည်။ နွားမျိုးနွယ်များကြားတွင် တွေ့ရခဲသော ကြမ်းတမ်းရက်စက်သည့် အရှိန်အဝါများ ထွက်ပေါ်နေလေသည်။

ကောင်းမိသားစုရွာမှ အကြီးဆုံးသော နွားနက်ကြီးမှာ ရှားပါးမျိုးစိတ်ဟု ဆိုနိုင်သော်လည်း ဤနွားနီကြီးနှင့် နှိုင်းယှဉ်ပါက ကလေးနှင့် လူကြီးကဲ့သို့ ကွာခြားလွန်းလှသည်။

"ဒါ... ဒါက ကျန်းမြို့က ရှားပါးတဲ့ သွေးနွားမျိုးပဲ"

အဘိုးကြီးကောင်း၏ မျက်နှာမှာ ပျက်သွားတော့သည်။ ကျန်းမြို့သည် ထိုက်မြို့နှင့် မိုင်တစ်ရာကျော် ဝေးကွာရာ အမာရွတ်နှင့်ချောင်ကဲ့သို့ လူမျိုးက ထိုကဲ့သို့သော အဆက်အသွယ်ရှိရန် မဖြစ်နိုင်ပေ။

သို့ဆိုလျှင် ဤနွားကြီးမှာ မည်သည့်နေရာမှ ရောက်ရှိလာသည်ဆိုသည့် အဖြေမှာ ရှင်းလင်းနေပြီ မဟုတ်ပါလား။

အဘိုးကြီးကောင်း၏ ရင်ထဲတွင် အေးစိမ့်သွားတော့သည်။ မြေပိုင်ရှင်ကြီးကျားသည် သူတို့ရွာ တောင်ဘက်မှ လယ်ကွင်းများကို ဝယ်ယူရန် အမြဲကြိုးစားခဲ့သော်လည်း သူက အမြဲတမ်း ငြင်းပယ်ခဲ့သည်။

ယခုမူ မြေပိုင်ရှင်ကြီးကျားသည် ချောင်မိသားစုရွာနှင့် ပူးပေါင်းကာ နွားတိုက်ပွဲတွင် သူတို့ကို အကွက်ဆင်လိုက်ပြီဖြစ်သည်။ အကယ်၍သာ ရန်ပွဲတွင် ရှုံးနိမ့်ပြီး စိုက်ပျိုးရေ မရရှိတော့ပါက ကောင်းမိသားစုရွာသားများမှာ အသက်ဆက်ရန် ခက်ခဲသွားမည်ဖြစ်ရာ မြေပိုင်ရှင်ကြီးကျား၏ လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

သို့သော် အခြေအနေမှာ ဤသို့ဖြစ်လာပြီဖြစ်ရာ စကားအပိုပြောနေ၍ မထူးတော့ပေ။ ထိုသွေးနွားကြီးမှာ အပေါ်ယံသာ ထည်ဝါခြင်းဖြစ်ပါစေဟု သူ ဆုတောင်းရုံသာ ရှိတော့သည်။ နွားတိုက်ပွဲတွင် ခန္ဓာကိုယ်ထည်ဝါမှုက အရေးကြီးသော်လည်း အတွေ့အကြုံနှင့် ကြမ်းတမ်းခက်ထန်မှုကလည်း အမျှပင် အရေးပါလှသည်။

ရွာသားများသည် ကွင်းအလယ်တွင် နေရာလွတ်တစ်ခု ပြုလုပ်ပေးလိုက်ကြသည်။ ရွာတစ်ရွာလျှင် လူတစ်ဦးစီက ၎င်းတို့၏ နွားများကို ဆွဲထုတ်လာကာ ကွင်းအတွင်း အသားကျစေရန် ပတ်လျှောက်ပြကြသည်။

ပထမပွဲစဉ်တွင် ကောင်းမိသားစုရွာမှ အကြီးဆုံး နွားနက်ကြီးနှင့် ချောင်မိသားစုရွာမှ အနည်းငယ်ငယ်သော နွားဝါကြီးတို့ ရင်ဆိုင်ကြရသည်။ နွားနှစ်ကောင်မှာ တစ်ကောင်နှင့်တစ်ကောင် မျက်နှာချင်းဆိုင်လျက် သုံးလေးမီတာခန့် အကွာတွင် ရှိနေကြသည်။

နှာကွင်းကြိုးများကို လွှတ်လိုက်ပြီး ဝီစီသံ ထွက်ပေါ်လာသည်နှင့် နွားနှစ်ကောင်သည် တစ်ကောင်ကိုတစ်ကောင် စူးစိုက်ကြည့်ကာ နှာမှုန်ထိုးလျက်၊ ခြေခွာများဖြင့် မြေကြီးကို ယက်ကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။ ထိုစဉ်မှာပင် နှစ်ကောင်စလုံး တစ်ပြိုင်နက်တည်း ရှေ့သို့ ပြေးဝင်တိုက်ခိုက်ကြတော့သည်။

'ဒုန်း'

နွားချိုချင်း ထိမှန်သံမှာ အတော်ပင် ကျယ်လောင်လှသည်။ နွားနှစ်ကောင်သည် တစ်ကောင်ကိုတစ်ကောင် လဲကျအောင် အားကုန်သုံးကာ အပြန်အလှန် တွန်းထိုးကြတော့သည်။

"လုပ်စမ်း... နွားနက်ကြီး... အလဲထိုးလိုက်စမ်း"

"တွန်းချလိုက်... တွန်းချလိုက်"

"ချောင်မိသားစုရွာက အမှိုက်နွားကတော့ ရှုံးတော့မှာပဲ"

ပတ်ဝန်းကျင်ရှိ အော်ဟစ်အားပေးသံများမှာ နွားနှစ်ကောင်အပေါ် သက်ရောက်မှုရှိနေသည့်အလား ၎င်းတို့သည် အဆက်မပြတ် ချိုချင်းခတ်ကာ ဖိထားကြသည်။ ၎င်းတို့၏ ခြေခွာများကြောင့် မြေပြင်တွင် ကျင်းငယ်လေးများ ဖြစ်ပေါ်နေပြီး မြေမှုန့်များမှာလည်း လွင့်စင်နေသည်။

နောက်ဆုံးတွင် နွားနက်ကြီးသည် နွားဝါကြီးကို မြေပြင်ပေါ်သို့ လဲကျအောင် တွန်းလှဲလိုက်နိုင်သဖြင့် ပထမဆုံး အနိုင်ရလဒ်ကို ရရှိသွားတော့သည်။ ကောင်းမိသားစုရွာသားများမှာ ဝမ်းသာအားရ အောင်ပွဲခံနေကြပြီး ချောင်မိသားစုရွာသားများမှာမူ မကျေမနပ် ဖြစ်နေကြသည်။

ဒုတိယပွဲစဉ်တွင်မူ ချောင်မိသားစုရွာက သွေးနွားကြီးကို တိုက်ရိုက်ထုတ်လိုက်ရာ ကောင်းမိသားစုရွာ၏ အောင်ပွဲခံသံများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ သွေးနွားကြီး၏ ထွက်ပေါ်လာသော အရှိန်အဝါမှာ အလွန်ပင် ကြီးမားလှသဖြင့် ၎င်း၏ဘေးရှိ နွားနက်ကြီးမှာ နွားကလေးတစ်ကောင်ကဲ့သို့ပင်။

'မူး...'

သွေးနွားကြီးသည် ခြေခွာဖြင့် မြေကြီးကို ယက်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ကာ နွားနက်ကြီးထံသို့ လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်တိုက်ခိုက်လိုက်ပါတော့သည်။

မြေပြင်တစ်ခုလုံး ငလျင်လှုပ်ခတ်သွားသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားတော့သည်။

‘ဒုန်း’

တစ်ချက်တည်းနှင့်ပင် နွားနက်ကြီး၏ ဦးခေါင်းမှာ မြေကြီးထဲသို့ စိုက်ဝင်သွားတော့မတတ် ဖြစ်သွားသည်။ ၎င်းသည် ခြေလေးဖက်ဖြင့် မြေကြီးကို ယက်ကန်ကာ အသည်းအသန် ရုန်းကန်သော်လည်း လုံးဝသာလွန်သော ခွန်အားရှေ့တွင်မူ အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။

နောက်ဆုံးတွင် နွားနက်ကြီးမှာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ ၎င်း၏ ကိုယ်ပေါ်တွင် နက်ရှိုင်းသော သွေးပေါက်ကြီးတစ်ခု ပွင့်ထွက်သွားပြီး သွေးများမှာ တောက်လျှောက် စီးကျလာကာ မြေပြင်ကို နီရဲသွားစေသည်။ မသေဆုံးမီ ၎င်း၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲနေလေသည်။

၎င်း၏ ပိုင်ရှင်ဖြစ်သူမှာလည်း နွားကြီး၏ ကိုယ်ပေါ်တွင် မှောက်လျက်သားဖြင့် စိတ်ပျက်အားငယ်စွာဖြင့် အတော်ကြာအောင် ပြန်မထနိုင်ဘဲ ရှိနေတော့သည်။

ကောင်းမိသားစုရွာ၏ အခြေအနေမှာ အလွန်ပင် လေးလံထိုင်းမှိုင်းသွားပြီး ရွာသားများအားလုံး စိတ်ဓာတ်ကျဆင်းသွားကြသည်။ ဒုတိယမြောက် နွားကို ကွင်းထဲသို့ ခေါ်ဆောင်လာသော်လည်း ထိုနွား၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ အထင်အရှား မြင်နေရသည်။ ၎င်းသည် နှာကွင်းကြိုးကို ကိုင်ထားသူ၏ လက်မှ ရုန်းထွက်ကာ အနောက်သို့ လှည့်၍ ထွက်ပြေးရန်သာ ကြိုးစားနေတော့သည်။

“ဟား... ဟား... ဟား...”

ချောင်မိသားစုရွာသားများမှာ ကျယ်လောင်စွာ ရယ်မောကြတော့သည်။ ကောင်းမိသားစုရွာသားများမှာမူ ဘာမှပြန်မပြောနိုင်ဘဲ တိတ်ဆိတ်စွာဖြင့်သာ ခေါင်းငုံ့ခံနေကြရသည်။

“ကဲ... နောက်ဆုံးနွားကို ထုတ်လိုက်တော့လေ”

အမာရွတ်နှင့်ချောင်က အောင်နိုင်သူအမူအရာဖြင့် ရယ်မောရင်း ပြောလိုက်သည်။

အဘိုးကြီးကောင်းမှာ တိတ်ဆိတ်နေဆဲဖြစ်သည်။ အကယ်၍ နောက်ဆုံးနွားသာ ထပ်မံရှုံးနိမ့်သွားပါက ကောင်းမိသားစုရွာမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။ သူသည် အလွန်ပင် နောင်တရနေမိသည်။ အစောတည်းကသာ ရှေ့ထွက်၍ တားဆီးခဲ့ပါက မြေပိုင်ရှင်ကြီးကျားကို အပြစ်ပြုမိလျှင်ပင် တစ်ရွာလုံး ယခုကဲ့သို့ အဖက်ဖက်က အရှုံးပေးရသည့် အခြေအနေသို့ ရောက်ရှိမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် တတိယမြောက်နွားကို ထုတ်ရန် အတော်ကြာအောင် တွန့်ဆုတ်နေလေသည်။

“ငါတို့ဆီမှာ ဒီထက်သန်မာတဲ့ နွားများ ရှိသေးလား။ ရှိရင် ထုတ်ကြပါဦး ဒီအချိန်မှာ ဖုံးကွယ်မထားကြပါနဲ့”

အဘိုးအိုက မေးလိုက်သည်။

ပတ်ဝန်းကျင်ရှိ ရွာသားများကမူ ခေါင်းခါပြကြသည်။ ယနေ့ထုတ်လာသည့် နွားသုံးကောင်မှာ သူတို့ရွာ၏ အကောင်းဆုံးသော နွားများဖြစ်ကြောင်း ရှင်းလင်းနေပေသည်။

“မြန်မြန်လုပ်ပါဗျ”

“အချိန်တွေ ဖြုန်းမနေနဲ့တော့”

ချောင်မိသားစုရွာသားများ၏ အော်ဟစ်သံများမှာ ပိုမိုကျယ်လောင်လာသဖြင့် ကောင်းမိသားစုရွာသားများမှာ ဖိအားကို မခံနိုင်တော့ဘဲ တတိယမြောက်နွားကို ထုတ်ရန် ပြင်လိုက်ကြတော့သည်။

ကောင်းကင်ယံ၌ တိမ်မည်းများမှာ ပိုမိုထူထပ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း မှောင်အတိ ကျလာကာ လေပြင်းများမှာလည်း သောင်းကျန်းနေတော့သည်။ ရုတ်တရက်ဆိုသလို ကမ္ဘာလောကကြီးတစ်ခုလုံး ဖြူဖွေးသွားသည်အထိ လင်းလက်သွားပြီး….

‘ဂျိမ်း... ဝုန်း’

နဂါးဟိန်းသံကဲ့သို့သော မိုးကြိုးသံကြီး တစ်ခုမှာ ပဲ့တင်ထပ်သွားတော့သည်။ လူတိုင်း၏ နားစည်များ ပေါက်ထွက်သွားတော့မတတ် ခံစားလိုက်ရသည်။

ချောင်မိသားစုရွာ၏ သွေးနွားကြီးမှာလည်း လန့်ဖျန့်သွားကာ ရုတ်တရက်ဆိုသလို လူအုပ်ကြီးထဲသို့ ရူးသွပ်စွာဖြင့် အတင်းပြေးဝင် တိုက်ခိုက်တော့သည်။

“အား... ကယ်ကြပါဦး”

နွားရူးကြီး၏ လမ်းကြောင်းပေါ်တွင် ရှိနေသည့် ကံဆိုးသူ အချို့မှာ နွားချိုများနှင့် ရိုက်မိကာ ရုပ်သေးရုပ်များကဲ့သို့ လွင့်ထွက်သွားကြပြီး မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျကုန်ကြရာ အသက်ရှင်မရှင်ပင် မသေချာတော့ပေ။

'ဝေါ...'

ထိုခဏမှာပင် သည်းထန်လှသော မိုးကြီးမှာ ကောင်းကင်ယံမှ ဝေါခနဲ ရွာသွန်းချလိုက်တော့သည်။

သွေးနွားကြီးမှာမူ ရူးသွပ်နေဆဲဖြစ်ပြီး ရွာနှစ်ရွာလုံးမှ လူများကို ခွဲခြားခြင်းမရှိဘဲ ရမ်းသမ်းတိုက်ခိုက်နေတော့သည်။

"ပြေးကြဟေ့"

အော်ဟစ်ငိုယိုသံများ၊ မိုးသံ၊ လေသံများနှင့် ရွှံ့နွံများ ဗွက်ထသံများ ရောယှက်ကာ တစ်ကမ္ဘာလုံး ပရမ်းပတာ ဖြစ်သွားတော့သည်။ ရှေ့တွင် လူအုပ်များ စုပြုံနေသဖြင့် လူများမှာ ဦးတည်ချက်မဲ့စွာ တိုးဝှေ့ပြေးလွှားနေကြရသည်။

"အခုချက်ချင်း တားလိုက်ကြစမ်း"

မြေပိုင်ရှင်ကြီးကျားက အော်လိုက်သည်။

သူ၏ လက်အောက်ခံ အစေခံနှစ်ဦးမှာ သစ်သားတုတ်များကို ကိုင်ဆောင်ကာ ရှေ့ထွက်၍ တားဆီးရန် ကြိုးစားသော်လည်း ကားအငယ်စားတစ်စီးခန့် အလေးချိန်ရှိသော သွေးနွားကြီး၏ ရှေ့တွင်မူ အလွယ်တကူပင် လွင့်စင်သွားကြတော့သည်။ ဤသည်ကို မြင်သောအခါ ကျန်ရှိသော အစေခံများမှာလည်း ရှေ့မတိုးရဲတော့ဘဲ တုံ့ဆိုင်းကုန်ကြသည်။

'မူး...'

ရူးသွပ်နေသော သွေးနွားကြီးသည် နောက်ထပ်တစ်ကြိမ် အရှိန်ဖြင့် ပြေးဝင်တိုက်ခိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ ၎င်း၏ လမ်းကြောင်းပေါ်၌ ပွဲကြည့်ရန် ရောက်နေကြသည့် ကလေးငယ်အချို့ ရှိနေသည်။ ကလေးငယ်များမှာ ထိတ်လန့်တကြားဖြင့် ရွှံ့နွံထဲသို့ လဲကျကုန်ကြပြီး သူတို့ထံသို့ တိုးဝင်လာနေသော သေမင်းကို ကြည့်ကာ ကြောက်လန့်နေကြတော့သည်။

"ဖယ်လိုက်စမ်း"

ထိုသို့သော အရေးကြီးသည့် အချိန်တွင် ပုံရိပ်တစ်ခုသည် ရှေ့သို့ ဝုန်းခနဲ ပြေးထွက်သွားသည်။

သူ၏ အရှိန်မှာ လွင်ပြင်ထက်မှ ကျားသစ်တစ်ကောင်ထက်ပင် ပိုမိုမြန်ဆန်လှသဖြင့် သာမန်လူများမှာ သေချာပင် မမြင်လိုက်ရချေ။ နွားရူးကြီးကို တစ်ကိုယ်တော် ရင်ဆိုင်ဝံ့သည့် သူ၏ ရဲစွမ်းသတ္တိကြောင့် လူတိုင်း၏ အကြည့်မှာ ထိုသူထံသို့ ရောက်ရှိသွားတော့သည်။

'ဘယ်လို သတ္တိခဲမျိုးပါလိမ့်'

'ဒီလူငယ်တော့ ဒုက္ခရောက်တော့မှာပဲ'

'ချီးကျူးစရာ သတ္တိပဲ။ ဒါပေမဲ့ နှမြောစရာကောင်းလိုက်တာ'

ထိုခဏအတွင်း လူတိုင်း၏ စိတ်ထဲတွင် အတွေးမျိုးစုံ ရှိနေကြသော်လည်း မည်သူကမျှ ထိုလူငယ်သည် နွားရူးကြီးကို ရင်ဆိုင်နိုင်လိမ့်မည်ဟု မယုံကြည်ကြချေ။

အားလုံးက စောင့်ကြည့်နေစဉ်မှာပင် သူသည် နွားချိုတစ်ဖက်ကို လက်တစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ နွားကြီး၏ ပြင်းထန်သော အရှိန်ကြောင့် အဝေးသို့ လွင့်စင်မသွားစေရန် ကော်ဖြင့် ကပ်ထားသကဲ့သို့ မြဲမြံစွာ ဆွဲထားလိုက်သည်။ သူ၏ ခြေထောက်နှစ်ဖက်မှာ သံလှံနှစ်စင်းကဲ့သို့ မြေကြီးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားတော့သည်။

နွားရူးကြီး၏ အရှိန် အနည်းငယ် လျော့သွားသည်နှင့် သူသည် မြေပြင်တွင် အမြစ်တွယ်ထားသကဲ့သို့ မတ်မတ်ရပ်ကာ နွားချိုကို အားကုန်သုံး၍ လိမ်လိုက်ပြီး သူ၏ ခါးနှင့် ပုခုံးတို့ကို ပြင်းထန်စွာ လွှဲယမ်းလိုက်တော့သည်။

"လဲကျစမ်း"

နောက်တစ်စက္ကန့်တွင်မူ လူတိုင်း၏ မျက်လုံးများမှာ အံ့ဩလွန်းသဖြင့် ပြူးကျယ်သွားကြတော့သည်။

ပေါင်တစ်ထောင်ထက်မနည်း အလေးချိန်ရှိသော သွေးနွားကြီး၏ ခန္ဓာကိုယ်ကြီးမှာ သူ၏ ပြင်းထန်လှသော ခွန်အားအောက်တွင် သိသိသာသာ ယိုင်ထွက်သွားသည်။ နွားကြီး၏ ရှေ့ခြေထောက်များမှာ တုန်ရင်လာပြီး ညာဘက်ရှေ့ခြေမှာ ဦးစွာ ခေါက်ကျသွားကာ တစ်ကိုယ်လုံး ဘေးတိုက် လဲကျသွားတော့သည်။

'ဝုန်း'

နွားကြီး၏ ကိုယ်ထည်နှင့် မြေပြင် ဆောင့်မိသံမှာ အလွန်ပင် ကျယ်လောင်လှသဖြင့် ကောင်းကင်ယံမှ မိုးခြိမ်းသံကိုပင် ခဏတာ ဖုံးလွှမ်းသွားတော့သည်။

နွားကြီးသည် လူသားတစ်ဦး၏ ခွန်အားသက်သက်ဖြင့် လဲကျအောင် ပြုလုပ်ခြင်း ခံလိုက်ရလေပြီ

All Chapters