← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း။ ၁၉

“ဒါ တကယ်ပဲ လူတစ်ယောက်ရဲ့ အစွမ်း ဟုတ်ရဲ့လား”

ပွဲကြည့်ပရိသတ်အားလုံး၏ စိတ်ထဲတွင် ဤအတွေးမျိုး တစ်ပြိုင်နက်တည်း ပေါ်လာတော့သည်။

“သူက မြို့မက သိုင်းပညာရှင်တစ်ယောက်များလား”

အတွေ့အကြုံ ဗဟုသုတရှိသူများကမူ ဤသို့ တွေးတောမိကြသည်။

“အစ်ကိုကြီး လုံယီ... တကယ်ကို အံ့မခန်းပါပဲဗျာ”

ဝူပြောင်၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံကြောင့် လုံယီ၏ မည်သူမည်ဝါဖြစ်ကြောင်း လူအများ သိရှိသွားကြပြီးမှ လူအုပ်ကြီးမှာ သတိပြန်ဝင်လာကြသည်။

“လုံယီတဲ့... သူက ငါတို့ရွာက မဟုတ်ဘူးမလား”

“ပညာရှိလုံရဲ့ သားဖြစ်မယ် ထင်တယ်”

“သူ့အကြောင်း ကြားဖူးတယ်ဗျ။ ဝံပုလွေ ဆယ်ကောင်ကျော်ကို တစ်ယောက်တည်း သတ်ခဲ့တာတဲ့။ အဲဒီတုန်းကတော့ ကြွားတယ်လို့ပဲ ထင်ခဲ့တာ”

သွေးနွားကြီး လဲကျသွားသည်နှင့်အမျှ ကောင်းမိသားစုနှင့် ချောင်မိသားစုရွာသားများ၏ ရုန်းရင်းဆန်ခတ်မှုများ ငြိမ်သက်သွားပြီး မိမိတို့နေရာ အသီးသီးသို့ ပြန်လည် ရောက်ရှိသွားကြသည်။ ထူးဆန်းသည်မှာ သည်းထန်စွာ ရွာသွန်းနေသော မိုးမှာလည်း ရုတ်တရက် တိတ်သွားပြီး မှောင်မှိုင်နေသော ကောင်းကင်ယံမှာ ပြန်လည် လင်းပွင့်လာခြင်းပင်။

“ညီလေးလုံယီက ငါတို့ ကောင်းမိသားစုရွာက ဖိတ်ကြားထားတဲ့ အကူအညီပဲ”

အဘိုးကြီးကောင်းမှာ အကဲခတ် မြန်လှသည်။ ဝူပြောင်၏ အရိပ်အကဲပေးမှုဖြင့် လုံယီမှာ သူတို့ဘက်တော်သားဖြစ်ကြောင်း ချက်ချင်းပင် ကျယ်လောင်စွာ ကြေညာလိုက်တော့သည်။

ထိုစကားကို ကြားသောအခါ အမာရွတ်နှင့်ချောင်၏ မျက်နှာမှာ ပျက်သွားတော့သည်။

“သူက ဝံပုလွေနှစ်ကောင်ကို တစ်ယောက်တည်း သတ်ခဲ့တဲ့သူလား”

တစ်ဖက်တွင်လည်း မြေပိုင်ရှင်ကြီးကျားသည် လုံယီကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။ နွားတိုက်ပွဲ ရလဒ်ထက် လုံယီကို ပို၍ အာရုံစိုက်နေပုံရသည်။

“ငါတို့နွားကို ပြန်လွှတ်ပေးလိုက်”

အမာရွတ်နှင့်ချောင်၏ အမိန့်ပေးသံကြောင့် လူတစ်ဦးမှာ လုံယီရှိရာသို့ တိုးလာသည်။

“ဟမ်”

သို့သော် လုံယီ၏ စူးရှသော အကြည့်အောက်တွင် ထိုသူမှာ ချက်ချင်းပင် ခြေလှမ်းတန့်သွားပြီး ရှေ့မတိုးရဲတော့ချေ။

ယခုအချိန်တွင် လုံယီမှာ တစ်ကိုယ်လုံး ရွှဲနစ်နေပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေသည်။ သူ၏ သန်မာထည်ဝါသော ခန္ဓာကိုယ်နှင့် ကြွက်သားအဖုအထစ်များမှာ အထင်အရှား ပေါ်လွင်နေပြီး သွေးနွားကြီးကို လက်ဗလာဖြင့် လဲကျအောင် လုပ်ဆောင်ခဲ့သည့် စွမ်းဆောင်ရည်နှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ အရှိန်အဝါမှာ သာမန်ထက် ထူးကဲနေတော့သည်။

“ဒီနွားက အရမ်းအန္တရာယ်များတယ်။ အလွယ်တကူ ပြန်လွှတ်ပေးလို့ မရဘူး”

အဘိုးကြီးကောင်းက တည်ကြည်စွာ ပြောလိုက်သည်။

ထို့နောက် သူက ပြုံးလျက် “ပြီးတော့ ဒီနွားက ရှုံးသွားပြီပဲ ပြန်ထူနေလို့ရော ဘာထူးမှာလဲ”

“ရှုံးသွားပြီ ဟုတ်လား”

အမာရွတ်နှင့်ချောင်၏ အသံမှာ စူးခနဲ ဖြစ်သွားတော့သည်။

“နွားတိုက်ပွဲဆိုတာ နွားချင်းတိုက်ရုံတင် မဟုတ်ဘူး။ ရှေးယခင်ကတည်းက လူနဲ့နွား တိုက်ပွဲဝင်တာဟာလည်း စည်းမျဉ်းတစ်ခုပဲ”

ကောင်းမိသားစုရွာမှ အဘိုးအိုက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“မှန်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီကတည်းက ငါတို့ ကောင်းမိသားစုရွာမှာ နွားကို အနိုင်တိုက်နိုင်တဲ့ သူရဲကောင်းတွေ ရှိခဲ့ဖူးတယ်”

“ညီလေးလုံယီဟာ ငါတို့ရွာက ရှာဖွေထားတဲ့သူ ဖြစ်တဲ့အတွက် သူဟာ ငါတို့ရွာကိုယ်စားပြုပဲ”

ကောင်းမိသားစုရွာသားများက ဝိုင်းဝန်းထောက်ခံကြပြီး ချောင်မိသားစုရွာသားများကမူ အပြင်းအထန် ငြင်းခုံကြတော့သည်။ လူမိုက်ကလေး ရန်အာသည် လုံယီ၏အနားသို့ ပြေးလာပြီး တိုးတိုးလေး ကပ်ပြောသည်။

“အစ်ကိုကြီး... အစ်ကို တကယ့်ကို သတ္တိရှိတာပဲဗျာ။ ခုနက အစ်ကိုကြီး ဝူပြောင်က အဘိုးကြီးကောင်းနဲ့ သွားညှိပြီးပြီ။ အကယ်၍ အစ်ကိုသာ နောက်ဆုံးပွဲကို အနိုင်တိုက်ပေးနိုင်ရင် ငွေ ၁၀ ပြား တောင် ရမှာဗျ”

ချောင်မိသားစုရွာဘက်တွင် နွားနှစ်ကောင် ရှုံးနိမ့်သွားပြီဖြစ်ရာ တစ်ကောင်သာ ကျန်တော့သည်။ အကယ်၍ ကောင်းမိသားစုရွာက လုံယီကို တတိယမြောက် တိုက်ခိုက်သူအဖြစ် သတ်မှတ်ပါက အနိုင်အရှုံးကို နောက်ဆုံးတစ်ပွဲဖြင့် ဆုံးဖြတ်ရမည် ဖြစ်သည်။

“ကောင်းပြီလေ”

လုံယီသည် အစပိုင်းက ဤရှုပ်ထွေးသော ကိစ္စများတွင် အလွန်အကျွံ မပါဝင်လိုသော်လည်း လက်စသတ်ပြီးမှတော့ အဆုံးထိ ဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ပြင် ငွေ ၁၀ ပြားဆိုသည်မှာ အမှန်တကယ်ပင် များပြားလှသော ပမာဏ ဖြစ်သည်။

ဤသို့လုပ်ဆောင်ခြင်းကြောင့် မြေပိုင်ရှင်ကြီးကျားကို အမျက်ထွက်စေနိုင်ပြီး နောင်တွင် တောင်ပေါ်တက် ထင်းခုတ်ရန် အခက်အခဲ ရှိနိုင်သော်လည်း ၎င်းမှာ သူရင်ဆိုင်ရမည့် စိန်ခေါ်မှုပင် ဖြစ်သည်။ သို့သော် မြေပိုင်ရှင်ကြီးကျားသည် ထိုမျှအထိ စိတ်သဘောထား သိမ်ဖျင်းမည် မဟုတ်ဟု သူ မျှော်လင့်သည်။

“သခင်ကြီး”

အခြေအနေများမှာ မိမိတို့ဘက်တွင် မသာတော့သည်ကို မြင်သောအခါ အမာရွတ်နှင့်ချောင်သည် မြေပိုင်ရှင်ကြီးကျားထံမှ အကူအညီ တောင်းခံလိုက်သည်။

မြေပိုင်ရှင်ကြီးကျားသည် ခေတ္တမျှ စဉ်းစားပြီးမှ “ဆင်းရှန်းနယ်မှာ လူနဲ့နွား တိုက်ပွဲဝင်တဲ့ အစဉ်အလာ အမြဲရှိခဲ့တာပဲ။ ငါလည်း ဒါကို မတားဆီးနိုင်ဘူး” ဟု မိန့်ကြားလိုက်သည်။

မြေပိုင်ရှင်ကြီးကျား၏ စကားကြောင့် အမာရွတ်နှင့်ချောင်မှာလည်း ဆက်လက်ငြင်းဆန်ရန် အကြောင်းပြချက် မရှိတော့ချေ။

နောက်ဆုံးပွဲစဉ်….

ချောင်မိသားစုရွာမှ ၎င်းတို့၏ နောက်ဆုံးကျန်ရှိသော နွားဝါကြီးကို ထုတ်လာပြီး လုံယီသည် ကောင်းမိသားစုရွာကိုယ်စားပြုအဖြစ် ကွင်းထဲသို့ ဝင်ရောက်လာသည်။

နွား၏ ဦးချိုများနှင့် ငြိ၍ အဝတ်အစားများ စုတ်ပြဲသွားမည်ကို စိုးရိမ်သဖြင့် လုံယီသည် သူ၏ အပေါ်အင်္ကျီကို ချွတ်လိုက်သည်။ ထိုအခါ သူ၏ ထွင်းထုထားသကဲ့သို့ လှပလှသော ကြွက်သားအဖုအထစ်များနှင့် ယောက်ျားပီသသော ကိုယ်လုံးကိုယ်ပေါက်မှာ အထင်အရှား ပေါ်လွင်လာတော့သည်။ သူ၏ ခန့်ညားသော ရုပ်ရည်ကြောင့် နှစ်ဖက်ရွာမှ အမျိုးသမီးငယ်အချို့မှာ မျက်တောင်မခတ်တမ်း ငေးမောကြည့်နေကြရသည်။

“တကယ်ကို ခန့်ညားတဲ့ လူငယ်လေးပဲ...”

“သူ့ကို တိုက်ချလိုက်စမ်း”

ချောင်မိသားစုရွာသားများကမူ မျှော်လင့်ချက်အပြည့်ဖြင့် ကျယ်လောင်စွာ အော်ဟစ် အားပေးနေကြသည်။

ကွင်းအတွင်း၌ နွားဝါကြီးသည် တဟီးဟီးအော်ကာ ခြေခွာများဖြင့် မြေကြီးကိုယက်လျက် လုံယီထံသို့ အရှိန်ပြင်းစွာ ပြေးဝင်တိုက်ခိုက်တော့သည်။ လုံယီသည် ပါးနပ်သွက်လက်စွာဖြင့် ဘေးသို့ ရှောင်ထွက်လိုက်ရာ နွားကြီး၏ ပထမဆုံး တိုက်ချက်မှာ လွဲချော်သွားတော့သည်။

နွားဝါကြီးက အရှိန်သတ်ကာ ကိုယ်ကိုလှည့်လိုက်သည့် ခဏမှာပင် လုံယီသည် လေးညှို့မှ လွတ်ထွက်သွားသော မြားတစ်စင်းအလား ရှေ့သို့ ဒုန်းစိုင်းပြေးဝင်ပြီး နွားချိုနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ထပ်မံ ဖမ်းဆုပ်လိုက်ပြန်သည်။

“ကြွစမ်း”

ဤတစ်ကြိမ်တွင်မူ လုံယီ ပေါက်ကွဲထွက်လာသည့် ခွန်အားမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကို လူတိုင်း အထင်အရှား မြင်လိုက်ကြရသည်။ နွားဝါကြီး၏ ရှေ့ခြေနှစ်ဖက်လုံး မြေပြင်မှ ကြွတက်သွားခြင်းဖြစ်သည်။ စင်တီမီတာ အနည်းငယ်မျှသာ ကြွတက်သွားခြင်း ဖြစ်သော်လည်း ဤသည်မှာပင် လုံယီ၏ မယုံကြည်နိုင်လောက်သော ခွန်အားကို သက်သေပြနေပေသည်။

လေထဲတွင် ဟန်ချက်ပျက်သွားသော နွားကြီးသည် ခြေကုပ်ပြန်မရတော့ဘဲ လုံယီ၏ လွှဲယမ်းမှုနောက်သို့ ပါသွားကာ သွေးနွားကြီး၏ လမ်းစဉ်အတိုင်းပင် မြေပြင်ပေါ်သို့ အလွယ်တကူ လဲကျသွားတော့သည်။

“ကောင်းလိုက်လေ ညီလေးရာ”

“တကယ့်ကို အံ့မခန်းပါပဲဗျာ”

ကောင်းမိသားစုရွာသားများထံမှ နားကွဲမတတ် ဟိန်းထွက်လာသော အောင်ပွဲခံသံများက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

“ကဲ... ဘယ်လိုလဲ”

အဘိုးကြီးကောင်းက အမာရွတ်နှင့်ချောင်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

“ငါတို့... အရှုံးပေးပါတယ်...”

အမာရွတ်နှင့်ချောင်က အံကြိတ်၍ ပြန်ပြောလိုက်ရသည်။

သူသည် မြေပိုင်ရှင်ကြီးကျားကို အားကိုးတကြီး လှမ်းကြည့်လိုက်သော်လည်း မြေပိုင်ရှင်ကြီးကျား၏ အကြည့်မှာ လုံယီထံ၌သာ အမြဲတစေ စွဲထင်နေသည်ကို တွေ့လိုက်ရသည်။ တန်ဖိုးကြီး ရတနာတစ်ခုကို တွေ့ရှိထားသည့်အလားပင်။

“ဒီလူငယ်ရဲ့ ခွန်အားကတော့ ဒီတစ်ဝိုက်မှာ တုနှိုင်းမဲ့ပဲ”

မြေပိုင်ရှင်ကြီးကျားက စိတ်ရင်းဖြင့် ချီးကျူးလိုက်ရာ ကြားရသူတိုင်းက ခေါင်းညိတ်ထောက်ခံကြသည်။

အဖြေထွက်သွားပြီးနောက် လူအုပ်ကြီးမှာ အလျှင်အမြန်ပင် လူစုခွဲသွားကြတော့သည်။

“ညီလေးကို ကျေးဇူးအများကြီး တင်ပါတယ်။ နောင်တစ်ချိန်မှာ တစ်ခုခု အကူအညီလိုရင် ငါ့ဆီကို အားမနာဘဲ လာခဲ့ပါ”

အဘိုးကြီးကောင်းက လုံယီ၏လက်ကို ကျေးဇူးတင်တကြီး ဆုပ်ကိုင်နှုတ်ဆက်သည်။

လုံယီသည်လည်း သူ၏ စွမ်းဆောင်မှုအတွက် ဆုလာဘ်အဖြစ် ငွေ ၁၀ ပြားကို ရက်ရက်ရောရော ရရှိခဲ့သည်။ သူနှင့်အတူ လိုက်ပါလာသည့် ရန်အာနှင့် ဝူပြောင်တို့မှာလည်း မျက်နှာတွင် အပြုံးကိုယ်စီဖြင့် ရှိနေကြရာ ကောင်းမိသားစုရွာက သူတို့ကိုလည်း အပိုဆုကြေးများ ပေးခဲ့ဟန်တူသည်။

ကောင်းမိသားစုရွာသားများကို နှုတ်ဆက်ပြီး ထွက်ခွာရန် ပြင်စဉ်မှာပင် အပြာရောင်ဝတ်စုံဝတ် အစေခံအချို့က လုံယီတို့ကို တားဆီးလိုက်သည်။

“မြေပိုင်ရှင်ကြီးကျားက ငါ့ကို ဘာများ မှာကြားစရာ ရှိလို့လဲ”

လုံယီက သတိရှိစွာဖြင့် ခါးကြားမှ လောက်လွှဲကို စမ်းလိုက်ရင်း မေးလိုက်သည်။

အများအားဖြင့် နွားများကို ရင်ဆိုင်ရသည်ထက် လူကို ရင်ဆိုင်ရသည်က ပို၍ ခက်ခဲတတ်သည်။ အထူးသဖြင့် ဆင်းရှန်းနယ်တွင် ဩဇာကြီးမားလှသည့် မြေပိုင်ရှင်ကြီးကျားကဲ့သို့ လူမျိုးနှင့် ဆက်ဆံရလျှင် ပို၍ သတိထားရမည် ဖြစ်သည်။

“ညီလေးလုံ... အထင်မလွဲပါနဲ့ဦး”

ကျားမိသားစုမှ အနက်ရောင်ဝတ်စုံဝတ် စီမံခန့်ခွဲသူက အနားသို့ တိုးလာကာ သူ၏ ခက်ထန်သော မျက်နှာပေါ်တွင် အပြုံးတုတစ်ခုကို ဖန်တီးလျက် ပြောလိုက်သည်။

“ငါတို့သခင်ကြီးက မင်းလို ရဲစွမ်းသတ္တိရှိတဲ့ သူရဲကောင်းတွေကို အရမ်း လေးစားတာပါ။ ဒါကြောင့် ကျားမိသားစု အိမ်တော်မှာ ကိုယ်ရံတော်အဖြစ် လာရောက် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိမလားလို့ မေးခိုင်းလိုက်တာပါ”

“တစ်လကို ငွေ ၂ ပြား လစာပေးမယ်။ စားစရိတ်နဲ့ နေစရိတ် အခမဲ့အပြင် နှစ်ကုန်ရင်လည်း အပိုဆုကြေးတွေ ရှိသေးတယ်ဗျ”

ယခင်က တောင်ပေါ်တွင် ဝက်ပုကလေး ရန်က မြေပိုင်ရှင်ကြီးကျားအတွက် လူစုပေးစဉ်က ငွေ ၁ ပြားသာ ကမ်းလှမ်းခဲ့သော်လည်း ယခုမူ လုံယီ၏ စွမ်းဆောင်ရည်ကြောင့် ဆုကြေးမှာ နှစ်ဆအထိ တိုးသွားခဲ့လေပြီ။

လုံယီ အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။

သူ စုံစမ်းသိရှိထားသမျှအရ ထိုက်မြို့မရှိ သိုင်းသင်တန်းကျောင်းများသို့ တက်ရောက်ရန် သင်တန်းကြေးမှာ ငွေ ၅၀ ခန့် ကျသင့်မည်ဖြစ်ရာ ၎င်းမှာ သာမန်လူတစ်ဦး၏ ဆယ်စုနှစ်တစ်ခုကျော်စာ ဝင်ငွေနှင့် ညီမျှသည်။ အကယ်၍သာ ကျားမိသားစုအိမ်တော်တွင် ကိုယ်ရံတော်အဖြစ် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် ဝင်ရောက်လုပ်ကိုင်ပါက ယခု သူစုဆောင်းထားသော ငွေများနှင့်ပေါင်းလျှင် သင်တန်းကြေးအတွက် လုံလောက်သွားပေလိမ့်မည်။

သို့သော် ကျားမိသားစုအိမ်တော်က ယခုကဲ့သို့ မြင့်မားသောလစာကို ကမ်းလှမ်းခြင်းမှာ ရိုးရိုးကိုယ်ရံတော်အဖြစ်သာ အသုံးပြုရန် ဖြစ်နိုင်ပါ့မလား။

တစ်ရွာတည်းသားဖြစ်သည့်အလျောက် မြေပိုင်ရှင်ကြီးကျား၏ လုပ်ငန်းအချို့မှာ ထင်သလောက် မရိုးရှင်းကြောင်း သူ ကြားသိထားသည်မှာ ကြာပြီဖြစ်သည်။

တည်ငြိမ်စွာဖြင့် သတိကြီးကြီးထားနေထိုင်သည့် သူ့အတွက် ဤကဲ့သို့ စွန့်စားရန် မလိုအပ်ပေ။ ထိုသို့တွေးတောမိပြီးနောက် လုံယီက ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်သည်။

"ကျွန်တော့်အပေါ် ရက်ရက်ရောရော ကမ်းလှမ်းပေးတဲ့အတွက် မြေပိုင်ရှင်ကြီးကျားကို ကျေးဇူးတင်ကြောင်း ပြောပေးပါဗျ။ ဒါပေမဲ့ ကျွန်တော်က သဘာဝအတိုင်း ပျင်းရိတတ်သူမို့ ကျားမိသားစုအိမ်တော်ရဲ့ နေထိုင်မှုပုံစံနဲ့ အသားကျဖို့ ခက်ပါလိမ့်မယ်"

လုံယီ၏ အဖြေကို ကြားသောအခါ အနက်ရောင်ဝတ်စုံဝတ် စီမံခန့်ခွဲသူသည် မျက်မှောင်ကြုတ်သွားသော်လည်း လုံယီကို အကျပ်ကိုင်ခြင်း မပြုခဲ့ပေ။

"လူတိုင်းမှာ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ရှိတာပဲလေ။ ကျားမိသားစုအိမ်တော်က မင်းကို အချိန်မရွေး ကြိုဆိုနေမှာပါ"

ဤဖြစ်ရပ်အပြီးတွင် လုံယီသည် ငွေ ၁၀ ပြားနှင့်အတူ အိမ်သို့ ပြန်လာခဲ့သည်။

နောက်ရက်များတွင် သူသည် စွမ်းအင်အချို့ကို ထပ်မံရရှိခဲ့ပြီး သူ၏ ကျောက်ခဲပစ်

အတတ်ကို ကျွမ်းကျင်အဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။ ဤသည်က သူ၏ အာရုံခံစားမှု၊ အမြင်အာရုံနှင့် အကြားအာရုံတို့ကို ပိုမိုထက်မြက်လာစေသည်။ ယခုဆိုလျှင် သူသည် ခြေလှမ်းအစိတ်ခန့်အကွာတွင် ပျံသန်းနေသော ပျားတစ်ကောင်၏ အတောင်ပံခတ်သံကိုပင် နားဘေးတွင် ရှိနေသကဲ့သို့ ရှင်းလင်းစွာ ကြားနိုင်နေပြီဖြစ်သည်။

ကျောက်ခဲပစ်အတတ်မှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ မီတာ ၁၀၀ မှ ၂၀၀ အတွင်းရှိ ပစ်မှတ်များကို ၈၀ ရာခိုင်နှုန်းထက်မက တိကျအောင် ပစ်နိုင်လာသည်။ မီတာ ၃၀၀ ကျော်လျှင်မူ တိကျမှု သိသိသာသာ လျော့နည်းသွားသော်လည်း သူ၏ ယခုအဆင့်မှာ ဒဏ္ဍာရီလာ လေးသည်တော်ကြီးများထက်ပင် သာလွန်နေပြီ ဖြစ်သည်။

[အမည်: လုံယီ]

[အသက်: ၁၉ / ၅၅]

[အဆင့်: မရှိသေးပါ]

[စွမ်းအင်: ၀]

ကျောက်ခဲပစ်အတတ်မှာ လုံလောက်သော အဆင့်သို့ ရောက်ရှိသွားပြီဖြစ်၍ လုံယီသည် လုံမိသားစု ပုဆိန်သိုင်းကို ပြန်လည်အဆင့်မြှင့်ရန် စီစဉ်လိုက်သည်။ ကျောက်ခဲပစ်အတတ်မှာ အခြေခံအတတ်ဖြစ်ပြီး အာရုံခံစားမှုကိုသာ မြှင့်တင်ပေးသော်လည်း ပုဆိန်သိုင်း အဆင့်တက်ခြင်းကသာ သူ၏ခန္ဓာကိုယ်ကို ပိုမိုနက်ရှိုင်းစွာ ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။

သို့သော် ပုဆိန်သိုင်းအတွက် လိုအပ်သော စွမ်းအင် ၁၀ မှတ်ကို မြင်သောအခါ လုံယီ ခေါင်းခဲသွားတော့သည်။ စွမ်းအင်စုဆောင်းရမှုမှာ အလွန်နှေးကွေးနေသေးသဖြင့် သူသည် ဝူပြောင်နှင့် ရန်အာတို့လို လူမိုက်များကို ထိရောက်စွာ အသုံးချရန် လိုအပ်လာသည်။

သူကိုယ်တိုင် မသိလိုက်ဘဲ သူ၏ သွေးနွားကြီးကို လက်ဗလာဖြင့် လဲကျအောင် လုပ်ဆောင်ခဲ့သည့် သတင်းမှာ ဆင်းရှန်းနယ်တစ်ခွင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အထူးသဖြင့် သွေးနွားကြီးကို အနိုင်ယူခဲ့သည့် အပိုင်းမှာ ရွာများတွင် အံ့ဖွယ်ပုံပြင်သဖွယ် ပြောစမှတ်ပြုခြင်း ခံနေရသည်။ ယခုအခါ သူ၏ ကျော်ကြားမှုမှာ သူ၏ဖခင် ပညာရှိလုံထက်ပင် မနိမ့်တော့ချေ။

အခန်း။ ၂၀

နံနက်ခင်းတွင် အိမ်မှ ထွက်လာခဲ့သည်။

လုံယီသည် ကျေးရွာအတွင်းရှိ ကျဉ်းမြောင်းပြီး မညီညာသော မြေဝါလမ်းလေးအတိုင်း ထုံးစံအတိုင်း လျှောက်လှမ်းလာခဲ့သည်။ လမ်းဘေးဝဲယာတွင် အိမ်တိုင်း၏ အိမ်သာများရှိနေပြီး အညစ်အကြေးနံ့များမှာ လေနှင့်အတူ လွင့်ပါလာရာ သူ၏နှာခေါင်းကို ရှုံ့လိုက်မိသည်။

‘တကယ်ကို နံစော်နေတာပဲ...’

သို့သော် အိမ်တိုင်းတွင် ရေဆွဲအိမ်သာများ တပ်ဆင်ပြီး မြေအောက်ရေဆိုးထုတ်စနစ် အကြီးအကျယ် တိုးတက်ပြောင်းလဲမလာသရွေ့ နောက်ထပ် နှစ်ပေါင်းရာချီကြာလျှင်ပင် ဤအတိုင်းပင် ရှိနေဦးမည်ဖြစ်ကြောင်း သူသိရှိထားသည်။

“ဟေး... ဒါ သူရဲကောင်းလုံ မဟုတ်လား”

ဒေါ်ကြီးကောင်းသည် အိမ်ထဲမှ ထွက်လာစဉ် လုံယီကို မြင်သည်နှင့် မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။

သူရဲကောင်းလား။

လုံယီသည် မိမိကိုယ်မိမိ ထိုကဲ့သို့ ဘွဲ့ထူးရထားမှန်း မသိသဖြင့် အနည်းငယ် ကြောင်သွားမိသည်။

ဒေါ်ကြီးကောင်း၏ အသံမှာ အလွန်စူးရှလှသဖြင့် သူပြောလိုက်လျှင် အယ်ဟယ်ရွာ၏ တစ်ဝက်ခန့်က ကြားနိုင်ပေသည်။

“အာယီ... မင်း နွားကြီးတစ်ကောင်လုံးကို မလိုက်တယ်ဆိုတာ ဟုတ်လား။ အသေးစိတ်လေး ပြောပြပါဦးအေ”

ဘေးအိမ်က ဒေါ်ကြီးချန်းကလည်း ဆူညံသံကြောင့် ထွက်လာပြီး မေးတော့သည်။

လုံယီ ဘာမှ ပြန်မပြောနိုင်သေးခင်မှာပင် အိမ်တိုင်း၏ တံခါးများတွင် နားပေါက်နေသည့်အလား တစ်ပြိုင်နက်တည်း ပွင့်လာကြပြီး လူအုပ်ကြီး ထွက်လာကြတော့သည်။ ရွှီမိသားစုမှ အဖွားအို၊ လယ်သမားကန်း၊ စကားများသည့် လီ၊ တံငါသည်ဝမ်၊ မရီးကျောက်၊ မရီးလျို... စသည်ဖြင့် လူပေါင်းစုံပါဝင်သည်။

သူတို့၏ မေးခွန်းများမှာ စက်သေနတ်ဖြင့် ပစ်သကဲ့သို့ တရစပ် ထွက်ပေါ်လာတော့သည်။

“နွားက ဘယ်လောက်ကြီးလဲ။ ကျန်းမြို့က ရှားပါးမျိုးစိတ်ဆိုတာ ဟုတ်လား”

“မင်းအဖေက စာပေနတ်မင်း စုတိဆင်းလာတာဆိုရင် မင်းကတော့ သိုင်းနတ်မင်း စုတိဆင်းလာတာပဲ ဖြစ်ရမယ်...”

“သစ်ပင်ခုတ်မနေပါနဲ့တော့။ ငါနဲ့အတူ မြစ်ကမ်းမှာ ကုန်ထမ်းလိုက်စမ်းပါ။ မင်းအခုလုပ်နေတာထက်စာရင် အလားအလာ ပိုရှိသေးတယ်”

“သွားစမ်းပါ... လုံယီက မကြာခင် သိုင်းပညာရှင်ဖြစ်ပြီး မြို့ပေါ်မှာ နာမည်ကြီးတော့မှာ။ ဘယ်သူက မင်းနဲ့အတူ အလုပ်ကြမ်းသမား လုပ်ချင်မှာလဲ”

အထူးသဖြင့် သတ္တိခဲ မုဆိုးမလေး မရီးလျိုဆိုလျှင် ရှေ့သို့ ပြေးတက်လာပြီး လုံယီ၏ ရင်ဘတ်ကို လှမ်း၍ပင် စမ်းလိုက်သေးသည်။

“ဝါး... ဒီအရေပြားက ကျောက်ခဲလိုပဲ မာနေတာပဲ။ ဘယ်လိုများ လေ့ကျင့်ထားတာလဲ”

လုံယီမှာ ထိတ်လန့်သွားပြီး အယ်ဟယ်ရွာထဲမှ အသည်းအသန် ထွက်ပြေးရတော့သည်။ သူ၏ အပြေးမှာ ဒုန်းစိုင်းနေသော မြင်းတစ်ကောင်ထက်ပင် မြန်ဆန်လှသဖြင့် ရွာသားများမှာ အံ့အားသင့်ကာ ကျန်ရစ်ခဲ့ကြသည်။

သူသည် တောင်ကုန်းငယ်လေးပေါ်သို့ ရောက်ရှိလာခဲ့သည်။

တောင်ပေါ်ရှိ သူ၏ လုပ်ဖော်ကိုင်ဖက်များက သူ့ကို အားကျသည့်မျက်လုံးများဖြင့် ကြည့်ကြပြီး ယခင်က တစ်ခါမျှ စကားမပြောဖူးသူများပင် လာရောက် နှုတ်ဆက်ကြသည်။

ကြီးကြပ်ရေးမှူး ဖက်တီးရန်သည် လုံယီကို လူသူကင်းဝေးရာသို့ ခေါ်သွားပြီး အသားမုန့်တစ်လုံး ကမ်းလှမ်းသည်။

“ဒါက ဈေးမနည်းဘူးလေ အစ်ကိုရန် ဘာကိစ္စရှိလို့လဲ”

လုံယီက ရယ်မောရင်း ငြင်းပယ်လိုက်သည်။

သူသည် များသောအားဖြင့် ခရီးသွားလျှင် အဆင်ပြေစေရန် တစ်ခုလျှင် ၃ ဝမ်ပေးရသော ဂျုံကြမ်းပေါင်းမုန့်ကိုသာ ဝယ်စားလေ့ရှိသည်။ ယင်းထက် ပိုကောင်းသည်မှာ ၅ ဝမ်တန် ဂျုံဖြူပေါင်းမုန့် ဖြစ်သည်။ အသားမုန့်မှာမူ ဂျုံဖြူမုန့်ထဲတွင် အသားအစာသွတ်ထားခြင်းဖြစ်ပြီး တစ်လုံးလျှင် ၁၀ ဝမ်ကျော်အထိ ကျသင့်တတ်သည်။ အယ်ဟယ်ရွာတစ်ရွာလုံးတွင် ချီမိသားစုမှ ကောင်လေး ချီချိုင် စားသည်ကိုသာ သူ မြင်ဖူးပြီး သာမန်မိသားစုများမှာ လုံးဝ မစားနိုင်ကြချေ။

“အာယီရာ... အားနာမနေပါနဲ့။ အစ်ကိုက ကျွေးတာပါ”

ဖက်တီးရန်က ပြောလိုက်သည်။

လုံယီက ယူမည့်ပုံမပေါ်သည်ကို မြင်သောအခါ သူသည် အသားမုန့်ကို ရင်ဘတ်ထဲသို့ အောင့်သက်သက်ဖြင့် ပြန်ထည့်လိုက်ရင်း မေးမြန်းတော့သည်။

“မင်း တကယ်ပဲ ငါတို့ ကျားမိသားစုအိမ်တော်ကို ဝင်ဖို့ စိတ်မကူးဘူးလား”

“တစ်လကို လစာ ငွေ ၂ ပြားအပြင် စားစရိတ်၊ နေစရိတ် ငြိမ်းနော်။ ဒါက သာမန်ကိုယ်ရံတော်တွေ ရတဲ့ လစာထက် နှစ်ဆတောင် များတာဗျ”

“အခုချိန်မှာ မြေပိုင်ရှင်ကြီးကျားက စီးပွားရေးကို အကြီးအကျယ် ချဲ့ထွင်ချင်နေတာ။ နောက်ဆိုရင် ဒီလို အခွင့်အရေးကောင်းမျိုး ရှိချင်မှ ရှိတော့မှာ”

ဖက်တီးရန်၏ ရိုးသားသည့် စိတ်စေတနာကို မြင်သဖြင့် လုံယီက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

“အစ်ကိုရန်... ဘယ်သူက ငွေမရှာချင်ဘဲ နေမှာလဲဗျာ။ ဒါပေမဲ့ ကျွန်တော်က ကြောက်တတ်ပြီး ပြဿနာတွေကို မနှစ်သက်လို့ပါ။ ပြီးတော့ သခင်ကြီးရဲ့ တောင်ပေါ်မှာ သစ်ခုတ်နေတာကလည်း ကျားမိသားစုအတွက် အလုပ်လုပ်ပေးနေတာနဲ့ အတူတူပါပဲ”

“ကောင်းပြီလေ... နောက်မှပဲ မင်းဘာသာမင်း ထပ်စဉ်းစားကြည့်ဦးပေါ့”

ဖက်တီးရန်က ဒုတိယအကြိမ်မြောက် ဖျောင်းဖျရန် ကြိုးစားမှု ကျရှုံးသွားခြင်းကို ကိုယ့်ဘာသာ နှစ်သိမ့်လိုက်သည်။

လုံယီသည် အလုပ်လုပ်ရာနေရာသို့ ပြန်လာပြီး ပုဆိန်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ လွှဲရိုက်လိုက်သည်။

‘ဒုန်း’

သူ့ရှေ့ရှိ အမြင့် ၇ မီတာ၊ ၈ မီတာခန့်ရှိသော သစ်ပင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး သစ်ကိုင်းများ ရမ်းခါလျက် သစ်ရွက်များမှာလည်း မိုးရွာသကဲ့သို့ တဖွဲဖွဲ ကြွေကျကုန်သည်။ ဘေးပတ်ဝန်းကျင်ရှိ သစ်ခုတ်သမားများမှာ ထိတ်လန့်သွားကြပြီး လုံယီနှင့် အလှမ်းဝေးရာသို့ အလိုလို ဆုတ်ခွာသွားကြကာ အဝေးမှသာ သစ်ခုတ်ကြတော့သည်။

မွန်းလွဲပိုင်း အချိန်ဝက်ခန့်အတွင်းမှာပင် လုံယီသည် သစ်ပင် ၁၂ ပင်ကို ခုတ်လဲပြီးဖြစ်ရာ ၄၀ ဝမ်ခန့် ရှာဖွေနိုင်ခဲ့သည်။ ၎င်းမှာ သာမန်လူတစ်ဦး၏ လုပ်အားနှုန်းထက် ၄ ဆခန့် ပိုများနေခြင်း ဖြစ်သည်။

‘ငါရှာတဲ့ ငွေက ကိုယ်ရံတော်လုပ်တာထက် သိပ်မနည်းပါလား’

လုံယီက ကျေနပ်စွာ တွေးလိုက်သည်။

သို့သော် အစားအသောက်အတွက် ကုန်ကျစရိတ်ကို တွက်ချက်လိုက်ပါကမူ ကိုယ်ရံတော်လုပ်သည်က ပို၍ အကျိုးရှိပေလိမ့်မည်။ သူ တောင်ပေါ်မှ စောစောဆင်းလာရခြင်းမှာ အသားရှာဖွေရန် ဖြစ်သည်။ သန်မာထည်ဝါသော ခန္ဓာကိုယ်ကြောင့် လုံယီ၏ စားနိုင်စွမ်းမှာလည်း သာမန်လူထက် အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်သည်။

သူသည် ဗိုက်အနည်းငယ်ပြည့်ရုံမျှအတွက်ပင် ဆန်ဖြူငွေ ၅ လုံး၊ ၆ လုံးနှင့် ငှက်သားအိုးကြီးတစ်အိုးကို စားသုံးရသည်။

သူ၏ အတောမသတ်နိုင်သော အမဲလိုက်မှုကြောင့် အယ်ဟယ်ရွာ ပတ်ဝန်းကျင်ရှိ ငှက်များမှာ မျိုးသုဉ်းလုနီးပါး ဖြစ်သွားရသဖြင့် ယခုအခါ လုံယီသည် တခြားရွာများအထိ သွားရောက်ရှာဖွေနေရပြီဖြစ်သည်။

နေဝင်ရိုးရီအချိန်တွင် သူသည် ဆူဖြိုးသော ခိုတစ်ကောင်နှင့် စာကလေးအချို့ကို သယ်ဆောင်လျက် ရွာသို့ ပြန်လာခဲ့သည်။ ရွာထဲသို့ ဝင်ဝင်ချင်းမှာပင် ဂူယုံက သူ့ကို လာရောက်ရှာဖွေတော့သည်။

“အာယီ... ငါတို့အိမ်က ကျောက်ကြိတ်ဆုံကြီးက ညပ်နေလို့ဗျ။ မင်း လာကြည့်ပေးလို့ ရမလား”

“ရတာပေါ့။ ဒါတွေ အိမ်ထဲအရင် သွားချလိုက်ဦးမယ်”

လုံယီက ဖော်ဖော်ရွေရွေ ပြန်ပြောလိုက်သည်။

ယခင်က သူ့မှာ ပေါက်ပြား သို့မဟုတ် ဂေါ်ပြားတစ်ချောင်းတောင် မရှိစဉ်အခါက ဂူမိသားစုကသာ သူ့ကို ကြည်ဖြူစွာ ငှားရမ်းပေးခဲ့ဖူးရာ ထိုကျေးဇူးကို လုံယီက အမြဲအောက်မေ့ထားသူဖြစ်သည်။

သူသည် ဂူမိသားစု၏ ခြံထဲသို့ ရောက်သောအခါ အထက်ပိုင်း သေးပြီး အောက်ပိုင်း ကြီးမားသော ကျောက်ကြိတ်ဆုံကြီး နှစ်ခုကို တွေ့လိုက်ရသည်။ ကျောက်သားမျက်နှာပြင်များမှာ နှစ်ကာလကြာရှည်မှုကြောင့် အချိုင့်အခွက်များဖြင့် ပြည့်နှက်နေသည်။

လုံယီက ရှေ့သို့တိုး၍ စမ်းကြည့်လိုက်ရာ အလယ်မှ ဆက်သွယ်ထားသော ဝင်ရိုးတံ ကျိုးနေသဖြင့် လည်ပတ်၍ မရခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ပြုပြင်ရန်အတွက် အပေါ်မှ ကျောက်ဆုံကို ဖယ်ထုတ်ရန် လိုအပ်သည်။ ထိုကျောက်ဆုံ အသေးမှာပင် လူတစ်ယောက် လက်နှစ်ဖက် ဆန့်တန်းထားသလောက် ကျယ်ဝန်းပြီး အလေးချိန်မှာ ပေါင်တစ်ထောင်ကျော်မှာ သေချာသည်။

“မင်း တစ်ယောက်တည်း လုပ်နိုင်ပါ့မလားကွယ်”

ဂူမိသားစုမှ အဘွားအိုက စိုးရိမ်တကြီး မေးလိုက်သည်။

သူမသည် လုံယီက နွားကို အလဲထိုးခဲ့သည့် သတင်းကို ကြားထားသဖြင့် ဂူယုံကို လုံယီအား သွားရောက်ခေါ်ခိုင်းခြင်း ဖြစ်သည်။ သို့သော် လုံယီ တကယ်လုပ်နိုင်မလားဆိုသည်ကိုမူ သူမကိုယ်တိုင် မသေချာချေ။ လုံယီ၏ ကျော်ကြားမှုမှာ ပျံ့နှံ့နေသော်လည်း သူ့ကို ငယ်စဉ်ကတည်းက မြင်လာရသော အိမ်နီးချင်းတစ်ဦးအနေဖြင့် သူ၏ စွမ်းရည်ကို ချက်ချင်းကြီး ယုံကြည်ရန်မှာ ခက်ခဲလှသည်။

“အို... သူရဲကောင်းလုံက နွားတစ်ကောင်လုံးတောင် မနိုင်တာ။ ဒီကျောက်ဆုံလေးက သူ့အတွက် ဘာပြောစရာ ရှိလို့လဲ”

စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။ ပိန်ပါးသော မျက်နှာရှိသည့် အသက် ၄၀ ကျော် အမျိုးသမီးကြီး ရောက်လာခြင်း ဖြစ်သည်။ ရွာထဲက စကားများသည့် ဒေါ်ကြီးကောင်းမှလွဲ၍ တခြားသူ မရှိနိုင်ပေ။

ဒေါ်ကြီးကောင်း၏ အသံမှာ အလွန်စူးရှလှသဖြင့် အယ်ဟယ်ရွာမှ အိမ်နီးချင်းများမှာ မည်သူမျှ သတိမထားမိခင်မှာပင် ဂူမိသားစု၏ တံခါးဝတွင် စုရုံးရောက်ရှိလာကြတော့သည်။ အားလုံးက လုံယီ ကျောက်ဆုံပြင်သည်ကို ကြည့်ရန် ရောက်လာကြခြင်း ဖြစ်သည်။

လုံယီမှာ အားနာသွားပြီး “ကျွန်တော်က နွားကိုမတာ မဟုတ်ပါဘူး။ လှဲချလိုက်တာပါ” ဟု ပြန်လည် ရှင်းပြလိုက်သည်။ သို့သော် သူ၏ ရှင်းပြချက်က လူများကို ပိုမိုစိတ်လှုပ်ရှားစေခဲ့သည်။

“ဘာကွာလို့လဲဟယ်”

“ကဲ... မင်းရဲ့ ခွန်အားကို ပြလိုက်စမ်းပါဦး”

လုံယီသည် ခေါင်းကိုအသာခါယမ်းလိုက်ပြီး ရှေ့သို့တိုးကာ ကိုယ်ကိုကိုင်းညွှတ်လိုက်သည်။ ထို့နောက် ကျောက်ကြိတ်ဆုံ၏ အောက်ခြေကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာဆုပ်ကိုင်ကာ ရင်ဘတ်ဖြင့် အားပြုလိုက်သည်။

“ဟေ့”

ခပ်တိုးတိုးအော်ဟစ်သံနှင့်အတူ ကျောက်ဆုံငယ်မှာ တဖြည်းဖြည်း ကြွတက်လာတော့သည်။ အထက်သို့ အပြည့်အဝမပြီးမြောက်မီမှာပင် လုံယီ၏ခြေထောက်နှစ်ဖက်မှာ မတ်မတ်ရပ်လျက်သား ဖြစ်နေပြီဖြစ်သည်။ ထို့နောက် သူသည် ထိုကျောက်ဆုံကြီးကို ဘေးရှိနေရာလွတ်သို့ တည်ငြိမ်စွာ ချထားလိုက်သည်။

“သာဓုဗျာ... ကောင်းလိုက်တာ”

တစ်စုံတစ်ဦးက အော်ဟစ်အားပေးလိုက်သည်နှင့် လူအုပ်ကြီးထံမှ လက်ခုပ်သံများ တဖြောင်းဖြောင်း ထွက်ပေါ်လာတော့သည်။

“အာယီရာ... မင်းကတော့ တကယ်ကို အံ့ဩစရာပဲ”

မုဆိုးမလေး မရီးလျိုမှာ လုံယီကိုကြည့်နေရင်း သူမ၏မျက်လုံးများမှာ ပို၍ပင် အရည်လဲ့လာတော့သည်။ လူအုပ်၏အနောက်ဘက်တွင်မူ မျက်နှာလေးထောင့်ကျကျနှင့် မျက်ခုံးထူထူရှိသည့် ချီလုံသည် မျက်နှာပျက်ပျက်ဖြင့် လှည့်ထွက်သွားလေသည်။

“အဖေ... ကျွန်တော်တို့ လုံယီနဲ့ ရန်မဖြစ်တာ အကောင်းဆုံးပဲ”

အိမ်ပြန်ရောက်သည်နှင့် ချီမိသားစု၏ သားကြီးဖြစ်သူက ဦးစွာပြောလိုက်သည်။

“အဟွတ်... အဟွတ်...”

ဆေးတံသောက်နေသည့် သားသတ်သမားချီမှာ ထိုစကားကြောင့် သီးသွားသဖြင့် ချီလုံက အမြန်ပင် ကျောကိုပုတ်ပေးရသည်။

“ငါက ဒီလောက်အူကြောင်ကြောင်နိုင်တဲ့ကောင်ကို ဘယ်လိုများ မွေးမိပါလိမ့်”

သားသတ်သမားချီက ဒေါသတကြီး ဆူပူတော့သည်။

“အဲဒါကြောင့်မဟုတ်ဘူး အဖေ။ အဲဒီကောင်က တကယ်ကို ထူးဆန်းလွန်းလို့”

ချီလုံက မခံချင်စိတ်ဖြင့် ရှင်းပြသည်။

“ခုနကပဲ သူ ပေါင်တစ်ထောင်လေးတဲ့ ကျောက်ဆုံကြီးကို မလိုက်တာ ကျွန်တော်မြင်ခဲ့တာ။ ကျွန်တော် ဖရဲသီးတစ်လုံး မသလိုပဲ... မဟုတ်ဘူး။ ဖရဲသီးထက်တောင် ပိုပြီးပေါ့ပေါ့ပါးပါး မပြသွားတာဗျ။”

ထိုစကားကိုကြားသော် သားသတ်သမားချီမှာ တိတ်ဆိတ်သွားတော့သည်။

“အဖေ... စတုတ္ထကောင် အိမ်ဆောက်တဲ့အခါ လုံယီရဲ့ခြံဘက်ကို ဖဲ့ယူဖို့ မလိုတော့ပါဘူး။ အဲဒီအစား တခြားတစ်ဖက်က မြောင်းကိုပဲ မြေဖို့လိုက်ရင်...”

ချီလုံ စကားမဆုံးမီမှာပင် အမျိုးသမီးတစ်ဦး၏ ကဲ့ရဲ့သံက ကြားဖြတ်ထွက်ပေါ်လာသည်။

“တစ်မိသားစုလုံးက အဖေမရှိတဲ့ ကောင်လေးတစ်ယောက်ကို ကြောက်နေကြတာ ရှက်စရာမကောင်းဘူးလား။ လုံယီက ဘယ်လောက်ပဲ ခွန်အားကြီးကြီး ဒုတိယအစ်ကိုထက် သာပါ့မလား။ အစိုးရရုံးတော်ထက် သာပါ့မလား။ ဒါမှမဟုတ် အနာဂတ်မှာ ချီမိသားစုရဲ့ သိုင်းပညာရှင်ဖြစ်လာမယ့် တတိယအစ်ကိုထက် သာပါ့မလား”

ပြောဆိုသူမှာ ယောက်ျားတစ်ယောက်နီးပါး ကိုယ်လုံးကိုယ်ထည် ကြီးမားသည့် အမျိုးသမီးကြီးဖြစ်ပြီး အရောင်စုံအဝတ်အစားများ ဝတ်ဆင်ကာ မျက်နှာတွင်လည်း ပေါင်ဒါများ အထပ်ထပ်လိမ်းထားသဖြင့် ကြည့်ရသည်မှာ ဟာသတစ်ခုအလားပင်။

ထိုစကားကြောင့် စိတ်လှုပ်ရှားနေသော သားသတ်သမားချီမှာ ခက်ထန်သော မျက်နှာထား ပြန်လည်ဖြစ်ပေါ်လာသည်။

“ဟိုတုန်းက ပညာရှိလုံကို အလျှော့ပေးခဲ့လို့ ထားလိုက်ပါတော့။ အခု သူ့သားကိုတောင် ငါက မကျော်လွှားနိုင်ဘူးဆိုရင် ငါ့မျက်နှာ ဘယ်နားသွားထားရမလဲ”

“အကယ်၍ ဒုတိယသားကို စစ်ဆေးရေးမှူးက သတိထားမိပြီး ရာထူးတိုးပေးမယ်ဆိုရင် အဲဒီကောင်ကို ဖြည်းဖြည်းချင်း နှိပ်ကွပ်လို့ရတာပဲ”

“မင်းတို့... မိန်းမတွေက ဘာမှနားမလည်ဘူး”

ချီလုံသည် ဖခင်ဖြစ်သူကို ဒေါသမထွက်ရဲသဖြင့် သူ၏ဇနီးဖြစ်သူ ထိုဝဖြိုးသောအမျိုးသမီးကိုသာ စိုက်ကြည့်လိုက်သည်။ ထိုအမျိုးသမီးကလည်း သူ့ကို မျက်စောင်းပြန်ထိုးလေသည်။

‘အဆိုးဆုံးဖြစ်လာရင် သူ့ကို ငွေပိုပေးလိုက်မယ်’

ချီလုံက စိတ်ပျက်စွာ တွေးလိုက်သည်။

‘မလိုအပ်ဘဲ ဘာလို့ ရန်သူတွေ ဖန်တီးနေမှာလဲ’

လုံယီမှာမူ ချီမိသားစုက သူ့ကို ကြံစည်နေသည်ကို မသိရှိသလို သိလျှင်လည်း ဂရုစိုက်မည်မဟုတ်ပေ။ သူ၏အာရုံမှာ မကြာမီမှာပင် အခြားကိစ္စတစ်ခုသို့ ရောက်ရှိသွားတော့သည်။ တစ်နေ့တွင် ရန်အာသည် သတင်းဆိုးတစ်ခုနှင့်အတူ သူ့အိမ်သို့ အပြေးအလွှား ရောက်ရှိလာသည်။

“အစ်ကိုကြီး... ဒီရက်ပိုင်း အပြင်တွေ သိပ်မထွက်နဲ့ဦးနော်။ ငါးမိုင် ခြောက်မိုင်လောက်ဝေးတဲ့ ဂန်းဇီရွာမှာ ကျား ထွက်နေလို့ဗျ လူတောင် စားနေပြီတဲ့”

All Chapters