← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း။ ၃၁

ဆရာကြီးလင်း၏ စကားအဆုံးတွင်ပင် သစ်ရွက်အများအပြားမှာ အရပ်မျက်နှာအနှံ့ မြေပြင်ပေါ်သို့ စတင်ကျရောက်နေပြီ ဖြစ်သည်။ အချို့မှာ လေထဲတွင် ဝဲပျံနေဆဲဖြစ်ပြီး အချို့မှာမူ အေးအေးလူလူပင် တစ်ရွက်ပြီးတစ်ရွက် ကျနေ၏။

လုံယီသည် နဂိုအတိုင်း မပျက်မစီးဘဲဟူသော စကားလုံးကို စိတ်ထဲ၌ အထပ်ထပ် စဉ်းစားနေမိသည်။ ဆိုလိုသည်မှာ သစ်ရွက်တစ်ရွက်ချင်းစီသည် မြေပြင်ပေါ်သို့ မထိတွေ့မီ ၎င်းတို့ကို တစ်ခုမကျန် ဖျက်ဆီးပစ်ရမည် ဖြစ်သည်။ သူ၏ လက်ရှိ ပုဆိန်သိုင်းအရ သစ်ရွက်အများစုကို ထိမှန်အောင် လုပ်ရန်မှာ မခက်ခဲလှသော်လည်း တစ်ရွက်မျှ မလွတ်စေရန်မှာမူ သူ၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေပေလိမ့်မည်။ အကြောင်းမှာ ပုဆိန်သိုင်းသည် တိုက်ခိုက်မှုစွမ်းအားကိုသာ အဓိကဦးတည်သောကြောင့် ဖြစ်သည်။

လက်နက်တိုင်းမှာ အားသာချက်နဲ့ အားနည်းချက်ဆိုတာ ရှိစမြဲပဲ။

ဆရာကြီးလင်းသည် အရက်အိုးကို မကာ မော့လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချရင်း “တကယ်ကို ကောင်းတဲ့အရက်ပဲ” ဟု ရေရွတ်လိုက်သည်။

“နောင်တစ်ချိန်မှာ ဒီအရက်မျိုးကို ထပ်သောက်ခွင့်ရဖို့ မလွယ်တော့တာ နှမြောစရာပဲ”

ဆရာကြီးလင်းမှာ ဘေးတွင် လူရှိသည်ဟုပင် မထင်ဘဲ တစ်ကိုယ်တည်း စကားပြောနေသဖြင့် လုံယီသည် ယဉ်ကျေးစွာဖြင့်ပင် နှုတ်ဆက်၍ ထွက်ခွာလာခဲ့သည်။ သူ ဝင်းပြင်ပသို့ ရောက်သည်နှင့် အမူအရာ တည်ကြည်လေးနက်နေသော အိမ်တော်ထိန်းဝူ ပေါ်ထွက်လာသည်။

“အခြေအနေ ဘယ်လိုလဲ”

အိမ်တော်ထိန်းဝူ၏ မျက်နှာတွင် စိုးရိမ်မှုများ ရှိနေသည်ကို မြင်သောအခါ လုံယီက ဆရာကြီးလင်း ပေးအပ်ခဲ့သော စမ်းသပ်ချက်အကြောင်းကို ရှင်းပြလိုက်သည်။

“ဒါတောင် မလုံလောက်သေးဘူးလား...”

အိမ်တော်ထိန်းဝူက နောင်တရဟန်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူက “ဒါပေမဲ့ ရလဒ်မရှိတာတော့ မဟုတ်ပါဘူး။ ဆရာကြီးလင်း ပြောတဲ့ တကယ့်ပညာစစ် ဆိုတာ အရင်က သင်ပေးခဲ့တာတွေနဲ့ လုံးဝမတူဘူး။ အဲဒါက တကယ်ကို ထူးခြားဆန်းပြားမှာ အသေအချာပဲ မင်း အဲဒါကို ရအောင်သင်ယူရမယ်”

အိမ်တော်ထိန်းဝူက မျက်မှောင်ကြုတ်လျက် “သစ်ရွက်တစ်ရွက်မှ မလွတ်စေရဘူးဆိုတာ တကယ်တော့ အလွန်ခက်ခဲတဲ့ကိစ္စပဲ။ ပြီးတော့ သူ့ရဲ့ စရိုက်အရ မင်းကို အခွင့်အရေး တစ်ကြိမ်ပဲ ပေးလိမ့်မယ်။ အဲဒီတစ်ကြိမ် လွဲချော်သွားရင်တော့ အကုန်ပြီးပြီပဲ”

“ဆရာကြီးလင်းက တကယ်တော့ ဘယ်လိုလူမျိုးလဲ ခင်ဗျာ”

လုံယီက သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

“သိုင်းပညာရှင်တွေထဲမှာတောင် သူက ထူးခြားထက်မြက်သူလို့ သတ်မှတ်လို့ရတယ်။ အိမ်ရှင်ကြီးဟောင်း ငယ်စဉ်က ကြုံခဲ့ရတဲ့ တိုက်ဆိုင်မှုသာ မရှိခဲ့ရင်... သူ ငါတို့ ကျားမိသားစု စံအိမ်ကို လာမှာ မဟုတ်ဘူး...”

အိမ်တော်ထိန်းဝူက အသေးစိတ်ကို ထုတ်ဖော်ပြောကြားရန် ဝန်လေးနေသော်လည်း လုံယီကို အကြံပြုချက်တစ်ခု ပေးခဲ့သည်။

“ငါလည်း ငယ်ငယ်က သိုင်းပညာ လေ့ကျင့်ခဲ့ဖူးတယ်။ မင်း ငါ့ကို ယုံကြည်တယ်ဆိုရင်တော့... မင်းရဲ့ လှံသိုင်းကိုပဲ အာရုံစိုက်ပြီး လေ့ကျင့်ပါ”

“လှံသိုင်းမှာ လှံဖြင့် သိမ်းကျုံးရိုက်ခတ်ခြင်းဆိုတဲ့ လှုပ်ရှားမှုတစ်ခု ရှိတယ်။ အဲဒီကွက်က ဒီလိုအခြေအနေမျိုးကို ဖြေရှင်းပေးနိုင်လိမ့်မယ်”

သိမ်းကျုံးရိုက်ခတ်ခြင်း... ဟုတ်လား။

လုံယီသည် ဆွေယွမ်ထံမှ လှံသိုင်းသင်ယူနေသူဖြစ်ရာ ဤသိုင်းကွက်ကို ကောင်းကောင်းသိသည်။

လှံသိုင်း၏ အခြေခံများဖြစ်သော ကာကွယ်ခြင်း ထိုးစစ်ဆင်ခြင်း ထိုးနှက်ခြင်းများအပြင် ပင့်တင်ခြင်း၊ ခုတ်ပိုင်းခြင်းနှင့် သိမ်းကျုံးရိုက်ခတ်ခြင်းတို့မှာ အတွေ့ရများသော လှုပ်ရှားမှုများ ဖြစ်ကြသည်။ သိမ်းကျုံးရိုက်ခတ်ခြင်းမှာ မိမိရပ်နေသောနေရာမှ စက်ဝိုင်းပုံစံ ဝှေ့ယမ်းခြင်းဖြစ်ပြီး သုံးမီတာကျော်ရှည်သော လှံရှည်နှင့် လက်မောင်းအကွာအဝေး ပေါင်းစပ်လိုက်ပါက တစ်ပတ်လှည့်ရုံဖြင့် ၇ မီတာ ၈ မီတာပတ်လည် တိုက်ခိုက်မှုအကွာအဝေးကို ရရှိစေသည်။ ၎င်းသည် ဆရာကြီးလင်း၏ စည်းကမ်းချက်ကို ပြည့်မီရန် အနီးစပ်ဆုံး နည်းလမ်းပင်။

အစောပိုင်းက သူသည် လက်သီးသိုင်းကိုသာ အဆင့်မြှင့်တင်ရန် ရွေးချယ်ခဲ့သော်လည်း ယခုအခါ လှံသိုင်းကိုပါ အလေးပေးလေ့ကျင့်ရတော့မည်ဟု မထင်မှတ်ထားခဲ့ချေ။

“ဆရာကြီးလင်းနဲ့ ပတ်သက်တဲ့ကိစ္စတွေကို တခြားသူတွေကို အလွယ်တကူ ထုတ်မပြောနဲ့”

အိမ်တော်ထိန်းဝူက မထွက်ခွာမီ လုံယီကို သတိပေးခဲ့သည်။

“နားလည်ပါပြီ ခင်ဗျာ”

လုံယီက ခေါင်းညိတ်သဘောတူလိုက်သည်။

သူ ဝင်းထဲသို့ ပြန်ရောက်သည်နှင့် လူအချို့က သူ့အနားသို့ ချဉ်းကပ်လာကြသည်။

“ဘယ်လိုလဲ... ဆရာကြီးလင်းက သူ့ရဲ့ အထွတ်အထိပ်ပညာတွေကို သင်ပေးဖို့ သဘောတူလိုက်ပြီလား”

ဝါရင့်ဆရာကြီး ဝမ်အင်း၊ ဆွေယွမ်၊ ကျားတက်တူးနှင့် ရှီကျန့်တို့က စိတ်ဝင်တစား မေးမြန်းကြသည်။

“ဟင့်အင်း... ထင်သလောက် မလွယ်ဘူးဗျ”

လုံယီက ခေါင်းခါပြလိုက်သည်။

“နှမြောစရာပဲ”

ဆွေယွမ်နှင့် အခြားသူများက နှမြောတသဟန် ပြသကြသော်လည်း ထပ်မံ၍ အတင်းအကျပ် မမေးမြန်းကြတော့ပေ။

သို့သော် ဝမ်အင်း၏ မျက်လုံးများမှာမူ လှုပ်ရှားနေသည်။ သူသည် ခေတ္တမျှ ထွက်သွားပြီးနောက် အရက်တစ်အိုးနှင့် အသားခြောက်တစ်တုံးကို ယူဆောင်ကာ လုံယီထံ ပြန်လာခဲ့သည်။

“အာယီ... ဆရာကြီးလင်းက တကယ်ပဲ ဘာမှ မသင်ပေးဘူးလား။ အစ်ကို့ကို တိုးတိုးတိတ်တိတ်လေး ပြောပြပါဦး။ ငါ တခြားဘယ်သူ့ကိုမှ မပြောပါဘူးလို့ ကတိပေးပါတယ်”

မျက်နှာတွင် မှဲ့ခြောက်များဖြင့် ဝမ်အင်းက ရိုးသားဟန်ဆောင်ကာ ပြောလိုက်သည်။

“တကယ် မသင်ပေးတာပါဗျာ”

“ဒါဆို အိမ်တော်ထိန်းဝူက မင်းနဲ့ ဘာလို့ အကြာကြီး စကားပြောနေရတာလဲ”

“အဘိုးကြီးက ကျွန်တော့်ရဲ့ နေထိုင်စားသောက်မှု အခြေအနေတွေကို လာမေးတာပါဗျ”

လုံယီက လွှဲဖယ်ပြောဆိုလိုက်ရင်း ဤလူကို စတင်သတိထားမိလာသည်။ ယခင်ဘဝကဆိုလျှင် ဤကဲ့သို့ အပြုအမူမျိုးကို စည်းကမ်းမရှိသော အပြုအမူဟု ခေါ်ဆိုပေလိမ့်မည်။

“ဟင်း... ဒါဆိုရင်တော့ မင်း အခွင့်အရေးကြီးတစ်ခု လက်လွတ်သွားတာပဲ။ ဆရာကြီးလင်းဆိုတာ သာမန် သိုင်းပညာရှင်မျိုး မဟုတ်ဘူးကွ”

ဝမ်အင်းက လုံယီအတွက် စိတ်မကောင်းဖြစ်ဟန် ပြသနေသော်လည်း သူ၏မျက်လုံးများကမူ လုံယီ၏မျက်နှာထက်မှ မခွာချေ။

လုံယီကမူ မတုန်မလှုပ် တည်ငြိမ်စွာပင် ရှိနေသည်။ လုံယီထံမှ မည်သည့်သတင်းမျှ မရနိုင်တော့ကြောင်း သိသွားသောအခါ ဝမ်အင်းသည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားတော့သည်။

ဝမ်အင်းသည် သူယူဆောင်လာသော အသားနှင့် အရက်ကို ချက်ချင်းပင် ပြန်လည်သိမ်းဆည်းသွားတော့သည်။

...

အယ်ဟယ်ရွာ ချီမိသားစုအိမ်တော်။

မျိုးရိုးနာမည် ချင်ဟုခေါ်သော လူငယ်သည် အိမ်တွင်း အိမ်ပြင်နှင့် ဝင်းတံတိုင်းအပြင်ဘက်တို့တွင် ဟိုဟိုဒီဒီ ကူးချည်သန်းချည်ဖြင့် ခြေရာခံများကို အဆက်မပြတ် ရှာဖွေစစ်ဆေးနေသည်။

“ဒီမှာ ခြေရာတွေ့ပြီ”

သူ၏ ခပ်တိုးတိုးအော်ဟစ်သံကြောင့် လူတိုင်း ထိုနေရာသို့ စုပြုံပြေးလာကြသည်။ ထိုလူငယ်သည် လေးမီတာနီးပါးမြင့်သော တံတိုင်းပေါ်တွင် ရပ်လျက် အောက်သို့ငုံ့၍ သေသေချာချာ စစ်ဆေးနေသည်။ ထို့နောက် ယုံကြည်ချက်ရှိရှိဖြင့် “တစ်ယောက်ယောက် ဒီနေရာကို နင်းသွားတာပဲ” ဟု ထပ်လောင်းပြောလိုက်သည်။

ထို့နောက် သူသည် တံတိုင်းပေါ်မှ အသာအယာ ခုန်ဆင်းလိုက်ရာ မြေပြင်ပေါ်သို့ အသံတစ်ချက်ပင် မထွက်ဘဲ ဆင်းသက်နိုင်ခဲ့သည်။

“ဒီနေရာက မြက်တွေက ပြန်မထောင်နိုင်တော့ဘူး။ အမြင့်ကနေ ခုန်ဆင်းလာတဲ့ တရားခံရဲ့ ဖိအားဒဏ်ကို ခံလိုက်ရတာ ထင်ရှားတယ်။ တစ်ဖက်လူရဲ့ ခုန်နိုင်စွမ်းကတော့ အံ့ဩစရာပဲ ဒါပေမဲ့ ခွန်အားထိန်းချုပ်မှုအပိုင်းမှာ အားနည်းချက်ရှိနေတာ နှမြောစရာပဲ။ တခြားသူဆိုရင်တော့ ဒီခြေရာကို သတိထားမိမှာမဟုတ်ပေမဲ့ ငါ ချင်ယွန်းနဲ့ တွေ့သွားတာကတော့ သူ့အတွက် ကံဆိုးတာပဲ”

သူက ခပ်ပေါ့ပေါ့ပင် ဆိုလိုက်သော်လည်း လေသံမှာ အတော်ပင် ဝင့်ကြွားနေသည်။

ချင်ယွန်းသည် ထိုနေရာမှသည် အိမ်ရှေ့တံခါးမကြီးအထိ ခြေရာများကို ဆက်လက်

ခွဲခြမ်းစိတ်ဖြာပြီးနောက် နောက်ဆုံး၌ နိဂုံးချုပ်လိုက်သည်။

တစ်စုံတစ်ဦးသည် တံတိုင်းကိုကျော်၍ ချီမိသားစုဝင်းထဲသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် ဝင်းတံခါးကို ဖွင့်ပေးခဲ့ပြီး သားရဲကို အထဲသို့ ဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အကယ်၍ လုံယီသာ ဤနေရာတွင် ရှိနေပါက ထိုလူငယ်၏ စွမ်းဆောင်ရည်ကို အလွန်အံ့ဩသွားပေလိမ့်မည်။ အကြောင်းမှာ ထိုလူငယ်သည် ထိုညက လုံယီလုပ်ဆောင်ခဲ့သမျှကို ပုံတူကူးချထားသကဲ့သို့ တိတိကျကျ ပြန်လည်ဖော်ထုတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

“တကယ်ပဲ တစ်ယောက်ယောက်က ငါတို့ကို လုပ်ကြံခဲ့တာပေါ့”

ချီဟု၏ မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်နေပြီး ရေပင်ထွက်ကျတော့မည့်အလား ရှိနေသည်။

သူသည် ကျားတစ်ကောင်ကဲ့သို့ စူးရှသောမျက်လုံးများဖြင့် အနားရှိ လူအားလုံးကို ဝေ့ဝဲကြည့်လိုက်ရာ မည်သူမျှ သူ၏အကြည့်ကို ရဲရဲမဆိုင်ရဲဘဲ အကြည့်လွှဲသွားကြသည်။ အပြင်ဘက်မှ အကဲခတ်နေကြသော အယ်ဟယ်ရွာသားများလည်း ပြဿနာထဲ ပါဝင်သွားမည်စိုးသဖြင့် လျင်မြန်စွာပင် လူစုခွဲထွက်ပြေးသွားကြတော့သည်။

“သာမန်လူတစ်ယောက်ကတော့ ငါ့အိမ်တံတိုင်းကို ကျော်တက်နိုင်မှာ မဟုတ်ဘူး”

ချီဟု၏အသံမှာ ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေသည်။

“ဒါပေမဲ့ ငါတို့အပေါ် ရန်ငြိုးရှိပြီး ဒါကို အလွယ်တကူ လုပ်နိုင်တဲ့လူ တစ်ယောက်တော့ ရှိတယ်”

“လုံယီ... သူကပဲ တရားခံဖြစ်ရမယ်”

“အို... မင်းက ဘာလို့ အဲဒီလောက် ယုံကြည်နေရတာလဲ”

ချင်ယွန်းက စိတ်ဝင်တစား မေးလိုက်သည်။

“ဒီတံတိုင်းက လေးမီတာကျော် မြင့်တာနော် သာမန်လူတွေ တက်ဖို့ မဖြစ်နိုင်ဘူး”

“ဒီလုံယီဆိုတဲ့ကောင်က သာမန်လူမဟုတ်ဘူးဗျ”

အစောပိုင်းက ချီဟု၏ ပါးရိုက်ခြင်းကို ခံခဲ့ရသော ရွာလူကြီးက အခွင့်အရေးရခိုက် ဝင်

ရောက်ပြောလိုက်သည်။

“သူက ဝံပုလွေနှစ်ကောင်ကို သတ်ခဲ့ရုံတင်မကဘူး။ နွားတစ်ကောင်လုံးကိုတောင် လှန်ပစ်နိုင်တဲ့ကောင်ဗျ အဲဒီလောက် ခွန်အားရှိတဲ့ကောင်အတွက် တံတိုင်းတက်တာ ဘာခက်မှာလဲ”

“နွားတစ်ကောင်ကို လှန်ပစ်တယ် ဒါက ကောလာဟလမဟုတ်တာ သေချာလား”

ချင်ယွန်းက မေးလိုက်သည်။

“သေချာတာပေါ့ဗျာ လူတွေအများကြီး ကိုယ်တိုင်မြင်ခဲ့ကြတာ”

ရွာလူကြီးက အခိုင်အမာ ပြောကြားတော့သည်။

“ဒါ့အပြင် သူက အရင်ကလည်း ခင်ဗျားတို့ မိသားစုနဲ့ ပြဿနာဖြစ်ဖူးပြီး ခင်ဗျားရဲ့ အဖေနဲ့ အစ်ကိုကြီးကိုပါ ရိုက်နှက်ခဲ့သေးတာဗျ”

“ဘာ”

ချီဟုက ရွာလူကြီး၏ အင်္ကျီကော်လာကို ရုတ်တရက် ဆွဲကိုင်လိုက်သည်။

“ဒီကိစ္စကို ဘာလို့ စောစောက မပြောရတာလဲ”

ရွာလူကြီးမှာ ချီဟု၏ ဆွဲမလိုက်မှုကြောင့် ခြေထောက်များ မြေပြင်မှ လွတ်သွားပြီး လည်ပင်းညှစ်ခံထားရသလို ဖြစ်နေသဖြင့် အောက်ဆီဂျင်ပြတ်ကာ မျက်နှာတစ်ခုလုံး နီမြန်းလာတော့သည်။ ချီဟုက သူ့ကို ဘေးသို့ ပစ်ချလိုက်သောအခါ မြေပြင်ပေါ်တွင် လဲကျလျက် နှာရည် မျက်ရည်များ ထွက်ကာ တဟွတ်ဟွတ်နှင့် မရပ်မနား ချောင်းဆိုးနေရှာသည်။

ဒုန်း…..

ချီဟုသည် ဝင်းအတွင်းမှ အရှိန်ဖြင့် ထွက်လာပြီး လုံယီ၏ သော့ခတ်ထားသော အိမ်တံခါးကို ကန်ဖွင့်လိုက်သည်။

“ဒီကောင် စုတ်လေး လုံယီ ဘယ်မှာလဲ”

ချီဟုက ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူသည် လုံယီ၏ အိမ်အတွင်းရှိ ပစ္စည်းများကို ကန်ကျောက် ဆွဲလားရမ်းလားလုပ်ကာ ဖျက်ဆီးပစ်လိုက်တော့သည်။

“သူ ကျားမိသားစု စံအိမ်တော်မှာ အစောင့်သွားလုပ်နေတယ်လို့ ကြားတယ်ဗျ”

လူအုပ်ထဲမှ တစ်ဦးက ဝင်ပြောသည်။

“သွားကြမယ် ငါနဲ့အတူ ကျားမိသားစု စံအိမ်ကို လိုက်ခဲ့ကြ အဲဒီကောင့်ကို သွားဖမ်းမယ်”

ချီဟုသည် လူတစ်စုကို ဦးဆောင်ကာ ကျားမိသားစု စံအိမ်တော်ရှိရာသို့ အားမာန်အပြည့်ဖြင့် ချီတက်သွားတော့သည်။

“ဒုက္ခပဲ... ဒုက္ခပဲဟေ့”

လုံယီသည် ကျားမိသားစု၏ လေ့ကျင့်ရေးကွင်းတွင် တုတ်ရှည်ဖြင့် လေ့ကျင့်နေစဉ် ကျားတက်တူးနှင့် ရှီကျန့်မှာ ပျာပျာသလဲဖြင့် သူ့ထံသို့ ပြေးလာသည်။

“ဘာဖြစ်တာလဲ”

လှံသိုင်း သင်ကြားပေးနေသော ဆွေယွမ်က ဆူညံသံကြောင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“စစ်ဆေးရေးဗျူရိုက လူတွေအများကြီး ညီအစ်ကိုယီကို ဖမ်းဖို့ ရောက်နေကြပြီ ညီအစ်ကိုယီကို လူသတ်သမားတဲ့ ချီမိသားစုဝင် ၁၀ ယောက်လုံးကို သတ်ခဲ့တာတဲ့ဗျ”

“ဘာ”

အစောင့်အရှောက်များကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အားလုံးက လုံယီကို ဝိုင်းကြည့်ကြသည်။ အချို့ဆိုလျှင် လုံယီနှင့် အနည်းငယ် ဝေးရာသို့ သိသိသာသာ ဆုတ်ခွာသွားကြသည်။

“ညီအစ်ကိုယီ... မင်း အမြန်ပြေးတော့”

ရှီကျန့်က တိုက်တွန်းသည်။

လုံယီသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤမျှ မြန်မြန်ဆန်ဆန် အစဖော်ခံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ သူသည် အတတ်နိုင်ဆုံး စေ့စပ်သေချာစွာ လုပ်ဆောင်ခဲ့သည်ဟု ထင်သော်လည်း ဤကမ္ဘာ၏ စုံစမ်းစစ်ဆေးနိုင်စွမ်းမှာ သူ၏ ထင်မြင်ချက်ထက် ကျော်လွန်နေခဲ့သည်။

ဘေးပတ်ဝန်းကျင်ရှိ လူများကို ကြည့်လိုက်ရာ သူတို့၏ မျက်နှာထားများမှာ အမျိုးမျိုး ဖြစ်နေကြသည်။ အတူတူရှိခဲ့သည့် အချိန်က နည်းလွန်းလှသဖြင့် လုံယီအပေါ် ကိုယ်ချင်းစာနာစိတ် သိပ်မရှိကြပေ။ သို့သော် လူတစ်ဦးမှာမူ ထူးခြားစွာဖြင့် ပြုံးလျက် ရှေ့သို့ လှမ်းလာသည်။

“ဘာတွေ ထိတ်လန့်နေကြတာလဲ ငါကတော့ အာယီကို ယုံကြည်တယ်။ သူက ဒီလိုလူမျိုး မဟုတ်ပါဘူး”

မျက်နှာတွင် မှဲ့ခြောက်များရှိသော ဝမ်အင်းသည် အပြင်ပန်းတွင် စိုးရိမ်ဟန် ပြနေသော်လည်း လုံယီ ထွက်ပြေးနိုင်မည့် လမ်းကြောင်းကို မသိမသာ ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသဖြင့် လုံယီ၏ စိတ်ထဲမှာ အေးစက်သွားတော့သည်။

အခန်း။ ၃၂

ဝမ်အင်း...

လုံယီ၏ မျက်နှာမှာ အမူအရာ ကင်းမဲ့နေသော်လည်း စိတ်ထဲတွင်မူ သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်း တောက်လောင်နေသည်။ မနက်ပိုင်းကမှ သူ့ကို ညီအစ်ကိုဟု ခေါ်ခဲ့ပြီး နေမစောင်းမီမှာပင် သူ့ကို လုပ်ကြံရန် ကြံစည်နေပြီ ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးမှာ သူ့ကိုယ်သူ ပျက်စီးရာလမ်းသို့ ရွေးချယ်လိုက်ခြင်းပင်။

ဒါပေမဲ့ အခု အခြေအနေမှာ ငါဘာလုပ်ရမလဲ။

လုံယီသည် စိတ်ထဲမှ အပြင်းအထန် တွေးတောနေမိသည်။ ဆရာကြီးလင်း၏ စမ်းသပ်မှုမှာ ဆုံးဖြတ်ချက် မကျသေးသရွေ့ ကျားမိသားစုသည် သူ့ကို အလွယ်တကူ လက်လွှတ်မည် မဟုတ်ကြောင်း သူ ခန့်မှန်းမိသည်။

“ညီအစ်ကိုယီ... မင်း အမြန်ပြေးမှ ဖြစ်မယ်”

ရှီကျန့်က အနားတွင် ကပ်၍ အတင်းတိုက်တွန်းနေဆဲ။

“လျှောက်မပြောနဲ့”

ထိုစဉ် ခပ်လှမ်းလှမ်းမှ အက်ကွဲရှရှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ အမြဲတမ်း တည်ကြည်နေတတ်သော အိမ်တော်ထိန်းဝူသည် ယခင်ကထက်ပင် ပိုမိုခက်ထန်သော မျက်နှာပေးဖြင့် အမြန်လျှောက်လာသည်။

“အခု ပြေးတာက မင်းကိုယ်မင်း လူသတ်သမားပါလို့ ဝန်ခံလိုက်တာနဲ့ အတူတူပဲ”

အိမ်တော်ထိန်းဝူက ရှီကျန့်ကို ငေါက်လိုက်ပြီးနောက် လုံယီဘက်သို့ လှည့်ကာ အကျယ်ကြီး မေးလိုက်သည်။

“လုံယီ... ငါ့ကို အမှန်အတိုင်းပြောစမ်း မင်း လူသတ်ခဲ့သလား”

“မသတ်ခဲ့ပါဘူး”

အိမ်တော်ထိန်းဝူ၏ သဘောထားကို မြင်လိုက်ရသဖြင့် လုံယီ စိတ်အေးသွားသည်။

“ချီမိသားစုဝင်တွေကို ကျားကိုက်သတ်သွားတာ လူတိုင်းသိတာပဲ ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး”

“ကောင်းပြီ အဲဒီစကားတစ်ခွန်း ကြားရရင် ရပြီ”

အိမ်တော်ထိန်းဝူက အေးစက်စွာ ဆက်ပြောသည်။

“ချီဟုက အစိုးရရုံးမှာ အလုပ်လုပ်နေတယ်ဆိုပေမဲ့ ကျားမိသားစုဆီက လူကိုတော့ စိတ်ကြိုက် လာဖမ်းလို့ မရသေးဘူး”

“လုံယီ... ငါနဲ့ လိုက်ခဲ့”

လုံယီသည် အိမ်တော်ထိန်းဝူ၏ နောက်မှ လိုက်ပါသွားပြီး ဝင်းထဲရှိ အခြားအစောင့်အရှောက်များလည်း အားလုံးစုရုံးကာ စံအိမ်တံခါးမကြီးဆီသို့ အင်အားပြ၍ ချီတက်သွားကြသည်။ ထိုနေရာတွင် လူနှစ်စုမှာ တစ်ဦးကိုတစ်ဦး ရင်ဆိုင်လျက် ရှိနေကြသည်။ ကျားမိသားစု စံအိမ်မှ အစောင့်အရှောက်များမှာ တုတ်ရှည်များကိုယ်စီကိုင်ကာ တိုက်ပွဲဝင် အနေအထားဖြင့် တစ်ဖက်လူများကို အထဲသို့ အဝင်မခံဘဲ ပိတ်ဆို့ထားကြသည်။

ချီဟုသည် လေးသမားတစ်စု၏ ရှေ့ဆုံးတွင် ရပ်နေပြီး ညာဘက်လက်တွင် ဓားကို တင်းတင်းဆုပ်ကိုင်ကာ ဒေါသတကြီး မေးခွန်းထုတ်လိုက်သည်။

"ကျားမိသားစုက လူသတ်သမားကို အကာအကွယ်ပေးဖို့ ကြံနေတာလား"

"မင်းမှာ ခိုင်လုံတဲ့ သက်သေအထောက်အထား ရှိလို့လား"

အိမ်တော်ထိန်းဝူက ရှေ့သို့ လှမ်းထွက်လာပြီး "ဒါမှမဟုတ် စစ်ဆေးရေးမှူး ထုတ်ပေးထားတဲ့ ဖမ်းဝရမ်းများ ပါလာလို့လား"

"အခြေအနေက အရေးကြီးနေလို့ပါ တရားခံကို ဖမ်းမိတာနဲ့ ဝရမ်းကို အလိုလို တင်ပြပေးမှာပါ"

ချီဟုက ဒေါသကို ထိန်းကာ ပြောသည်။

"ဝရမ်းမရှိဘူးဆိုရင်တော့ ကျေးဇူးပြုပြီး ပြန်ကြပါတော့"

အိမ်တော်ထိန်းဝူက မကြောက်မရွံ့ဘဲ နှင်ထုတ်လိုက်သည်။

"မင်း..."

ချီဟုမှာ ဒေါသကြောင့် ပေါက်ကွဲမတတ် ဖြစ်သွားသည်။

အိမ်တော်ထိန်းဝူ၏ နောက်ကွယ်တွင် ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်နေသော လုံယီ၏ မျက်နှာကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးထွက်မတတ် ဖြစ်သွားတော့သည်။

"ကျွန်တော်က ထိုင်မြို့ လေးလံသောဓားဂိုဏ်းက ချင်ယွန်းပါ။ ချီမိသားစု တစ်မိသားစုလုံး သေဆုံးသွားတာဟာ တကယ့်သားရဲကြောင့်မဟုတ်ဘဲ လူကဖန်တီးခဲ့တာဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေကို ကျွန်တော် ရှာတွေ့ထားပါတယ်"

"အို... ဒါဆို အဲဒါကို လုံယီလုပ်ခဲ့တာလို့ရော မင်း သက်သေပြနိုင်လား"

ချင်ယွန်း ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း လျင်မြန်စွာပင် ပြန်လည်ဖြေကြားသည်။

"တိုက်ရိုက်သက်သေ မရှိသေးပေမဲ့ အလွန်အမင်း သံသယဖြစ်ဖွယ် အချက်တွေတော့ ရှိပါတယ်"

"ဝေနိုင်ငံတော်ကြီးရဲ့ ဥပဒေမှာ ပြဌာန်းထားတာကတော့ အထောက်အထား ခိုင်လုံမှသာ လူတစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းနိုင်တာပါ"

အိမ်တော်ထိန်းဝူ၏ သဘောထားမှာ အလျှော့ပေးမည့်ဟန် လုံးဝမရှိဘဲ ခိုင်မာနေသည်။

"ဒါမှမဟုတ် ညီအစ်ကိုချင်က သူ့ရဲ့စကားတွေဟာ ဝေနိုင်ငံတော်ရဲ့ ဥပဒေထက် ပိုပြီး အာဏာရှိတယ်လို့ ယုံကြည်နေတာလား"

"ကျွန်တော် အဲဒီလောက်အထိတော့ မဝံ့ရဲပါဘူး"

ချင်ယွန်းက ပြောကာ ဘေးသို့ ဆုတ်ပေးလိုက်သည်။ သို့သော် သူ၏ မျက်လုံးများကမူ လုံယီကို စနောက်လိုသော အမူအရာဖြင့် စိုက်ကြည့်နေဆဲ ဖြစ်သည်။

လုံယီသည် ချင်ယွန်း၏ အကြည့်ကို ခံစားမိသဖြင့် ပြန်လည်စိုက်ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် ထိုလူမှာ ရိုးရှင်းသူတစ်ယောက်မဟုတ်ကြောင်း ခံစားလိုက်ရသည်။ ယခုအခါ လုံယီ၏ အာရုံငါးပါးမှာ သာမန်လူများထက် သာလွန်နေပြီဖြစ်ရာ အန္တရာယ်ကို ကြိုတင်သိမြင်နိုင်သော ဆဋ္ဌမအာရုံမှာလည်း သဘာဝအလျောက် ပိုမိုထက်မြက်လာခဲ့သည်။

တစ်ချက်ကြည့်ရုံဖြင့် ထိုလူငယ်မှာ အသက်ငယ်သော်လည်း ခွန်အားမှာ ထူးခြားထက်မြက်သူဖြစ်ကြောင်း သူ ခန့်မှန်းမိသည်။

တစ်ဖက်တွင်မူ ယနေ့ သူ၏ ရည်မှန်းချက်မှာ အထမမြောက်နိုင်တော့ကြောင်း သိလိုက်ရသဖြင့် ချီဟုသည် နာကျည်းစွာဖြင့် အံကြိတ်နေတော့သည်။ သူသည် လုံယီကို အဆိပ်ပြင်းသော အကြည့်ဖြင့် စိုက်ကြည့်ကာ "လုံယီ... မင်း ပထမတစ်ကြိမ်တော့ လွတ်ချင်လွတ်မယ် ဒါပေမဲ့ နောက်တစ်ကြိမ်တော့ မလွယ်တော့ဘူးနော်"

"မကောင်းမှုမလုပ်တဲ့သူကတော့ အရိပ်ကို ကြောက်စရာမလိုပါဘူး"

လုံယီက ခပ်ကျယ်ကျယ်ပင် ပြန်လည်တုံ့ပြန်လိုက်သည်။

"မင်းက မကောင်းမှုမလုပ်ဘူး ဟုတ်လား ဟက်"

ချီဟုက နှာခေါင်းရှုံ့လျက် လက်ဝှေ့ယမ်းကာ "ပြန်ကြမယ်" ဟု အမိန့်ပေးလိုက်တော့သည်။

ကျားမိသားစု စံအိမ်တော် တံခါးမကြီးရှေ့တွင် စုရုံးနေသော လေးသမားတစ်သိုက်သည် ချီဟုနှင့်အတူ ပြန်လည်ထွက်ခွာသွားကြလေသည်။

"ဒီကလေးက သူ့ကိုယ်သူ တကယ့်စစ်ဆေးရေးမှူးကြီးလို့ ထင်မှတ်နေတာပဲ"

အိမ်တော်ထိန်းဝူက မထီမဲ့မြင်ပြုသော လေသံဖြင့် ပြောလိုက်သည်။

"တကယ်လို့ ချီဟုက စစ်ဆေးရေးမှူးထံကနေ ဖမ်းဝရမ်း အမှန်တကယ် ရရှိလာခဲ့ရင် ဘယ်လိုလုပ်မလဲ"

ရှီကျန့်က စိုးရိမ်တကြီး မေးမြန်းသည်။

"စစ်ဆေးရေးမှူးဆိုတာ အရာရာကို သတိကြီးစွာထားပြီး အမှားအယွင်းမရှိစေရန် အစွန်အဖျားအထိ စိစစ်တတ်တဲ့နေရာမှာ နာမည်ကြီးတယ်။ အထောက်အထား မခိုင်လုံဘဲ သူ ဘာမှလုပ်မှာမဟုတ်ဘူး"

အိမ်တော်ထိန်းဝူက ရှီကျန့်ကို တစ်ချက်ကြည့်၍ တိုက်ရိုက်အဖြေမပေးဘဲ ပြောလိုက်သည်။

ထိုစကားကို ကြားရသောအခါ လုံယီသည် အတန်ငယ် စိတ်သက်သာရာ ရသွားသော်လည်း ၎င်းအချက်အပေါ်၌သာ အကြွင်းမဲ့ ယုံကြည်ကိုးစား၍ မရနိုင်ကြောင်း သိထားသည်။

ယခုအချိန်တွင် သူ့အတွက် အရေးကြီးဆုံးအချက် နှစ်ချက်ရှိကာ ပထမအချက်မှာ သူ၏ ခွန်အားကို မြှင့်တင်ရန်ဖြစ်သည်။ လုံလောက်သော ခွန်အားရှိပါက ဤလောက၌ မည်သည့်အရာကိုမဆို ရင်ဆိုင်ကျော်ဖြတ်နိုင်မည် ဖြစ်သည်။ ဒုတိယအချက်မှာ မြေရှင်ကျား၏ အားကိုးယုံကြည်မှုကို ပိုမိုရရှိရန်ဖြစ်သည်။ ကျားမိသားစုမှာ အရှိန်အဝါကြီးမားသော မိသားစုဖြစ်သဖြင့် သာမန်အစိုးရရုံးမှ လူများက အလွယ်တကူ မထိပါးဝံ့ကြချေ။ မိမိ အားနည်းနေချိန်တွင် ဤကဲ့သို့သော အင်အားကြီးသူတို့၏ အရှိန်အဝါကို မှီခိုအားပြုရန် လိုအပ်ပေသည်။

လှံသိုင်းပညာကို မြှင့်တင်ခြင်းနှင့် ဆရာကြီးလင်း၏ အထွတ်အထိပ်ပညာရပ် ကို သင်ယူခြင်းတို့သည် အောင်မြင်နိုင်သော ရည်မှန်းချက်များ ဖြစ်သည်။ သို့သော် ၎င်းတို့အားလုံးအတွက် အဓိကသော့ချက်မှာ စွမ်းအင်လုံလောက်စွာ စုဆောင်းနိုင်မှုအပေါ်တွင်သာ မူတည်နေသည်။

လုံယီသည် ၎င်း၏ စွမ်းရည်ပြမျက်နှာပြင်ရှိ လစ်ဟာနေသော နောက်ဆုံးကော်လံကို ကြည့်ရှုရင်း ဝူပြောင်း ယန်အာနှင့် အခြားလူမိုက်များထံမှ စွမ်းအင်ရရှိရန် သေသေချာချာ ပြန်လည်ကြပ်မတ်ရမည်ကို သဘောပေါက်လိုက်သည်။

ရုတ်ရုတ်သဲသဲ ဖြစ်ရပ်များ ပြီးဆုံးသွားပြီးနောက် ကျားမိသားစု စံအိမ်တော်၏ ဝင်ပေါက်သည် ပုံမှန်အတိုင်း ပြန်လည်တိတ်ဆိတ်သွားတော့သည်။

"အာယီ"

ဝမ်အင်းသည် လုံယီထံသို့ တက်တက်ကြွကြွ လာရောက်နှုတ်ဆက်သည်။ ၎င်းသည် စောစောက မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ ခင်မင်ရင်းနှီးသော အပြုံးကို ဆင်မြန်းထားပြီး "မင်း ဘာမှမဖြစ်တာ ငါ တကယ်ဝမ်းသာပါတယ်" ဟု ပြောလိုက်သည်။

လုံယီက ၎င်းအား တစ်ချက်ကြည့်လိုက်ပြီး ဤကဲ့သို့သော မျက်နှာနှစ်မျိုးနှင့် လူစားကို စကားပြန်ပြောရန် စိတ်မပါသဖြင့် လျစ်လျူရှုကာ လှည့်ထွက်သွားခဲ့သည်။ ထိုသို့ပြုမူသည်ကို မြင်လိုက်ရသော ဝမ်အင်း၏ မျက်လုံးအစုံတွင် ခေတ္တမျှ မှောင်ရိပ်သန်းသွားသည်။ မြေရှင်ကျားက လုံယီအပေါ် ထားရှိသော အလေးထားမှုမှာ သူထင်မှတ်ထားသည်ထက် များစွာ ပိုမိုနေခဲ့သည်။

"ဒီကလေးက တကယ်ပဲ ဆရာကြီးလင်းရဲ့ ပညာစစ်ကို ရရှိသွားတာများလား"

ထိုသို့ တွေးတောမိသည်နှင့် ဝမ်အင်း၏ ရင်ထဲတွင် မနာလိုဝန်တိုမှုတို့က မီးဟုန်းဟုန်းတောက်သကဲ့သို့ ခံစားရပြီး သူ၏ မျက်နှာမှာ အနည်းငယ် ပုံပျက်သွားတော့သည်။

"ညီအစ်ကိုယီ ဒီလိုလုပ်တာက ဝမ်အင်းကို ရန်စလိုက်သလို ဖြစ်နေပြီ"

ပြန်လာသည့်လမ်းတွင် ရှီကျန့်က စိုးရိမ်တကြီး ပြောလိုက်သည်။

"သူက ကျွန်တော့်အတွက် ဘာအရေးပါလို့လဲ"

"အဓိကကတော့ သူက အမြဲတမ်း အဖွဲ့တွေကို ဦးဆောင်နေရသူဖြစ်လို့ မင်းကို တစ်နည်းနည်းနဲ့ အကျပ်ကိုင်မှာ စိုးရိမ်လို့ပါ"

ရှီကျန့်က ဘေးဘီကို ဝေ့ဝဲကြည့်ရင်း အသံကိုနှိမ့်ကာ ပြောလိုက်သည်။

"ဝမ်အင်းဆိုတဲ့ လူက အရမ်းစိတ်ပုတ်တယ်ဆိုတာ စံအိမ်တော်မှာ ကြာကြာနေဖူးတဲ့သူတိုင်း သိကြတယ်"

"အဲဒါကို မြေရှင်ကျားက ဘာလို့ သူ့ကို အလေးထားနေရတာလဲ"

"သူ့ရဲ့ လက်သီးသိုင်းက တကယ်ကို အစွမ်းထက်ပြီး အောင်မြင်မှုအချို့လည်း ရထားလို့ပါ။ ဒါပေမဲ့ ကျွန်တော့်ကို နောက်ထပ် နှစ်နှစ်လောက် အချိန်ပေးမယ်ဆိုရင် သူ့ထက် အားနည်းမှာ မဟုတ်ဘူး"

ရှီကျန့်က မကျေမနပ် ပြောလိုက်သည်။

ကျားမိသားစု စံအိမ်တော်ရှိ ဝါရင့်သင်တန်းဆရာ နှစ်ဦးအနက် ဆွေယွမ်က လှံသိုင်းတွင် ကျွမ်းကျင်ပြီး ဝမ်အင်းကမူ လက်သီးသိုင်းတွင် အတော်ဆုံး ဖြစ်သည်။ ဆရာကြီးလင်း ပြောကြားခဲ့သည့် စကားများအရ သူတို့နှစ်ဦးစလုံးသည် ဆရာကြီး၏ လမ်းညွှန်မှုကို ယခင်က ခံယူခဲ့ဖူးကြောင်း လုံယီ ခန့်မှန်းမိသည်။

လုံယီနှင့် ရှီကျန့်တို့ စကားလက်ဆုံကျနေစဉ် လူတစ်ဦး ရောက်ရှိလာပြီး "ညီအစ်ကိုယီ အပြင်မှာ လူတစ်ယောက် မင်းကို လာရှာနေတယ် နာမည်က ယန်အာတဲ့" ဟု သတင်းစကား ပါးလေသည်။

"ကောင်းပြီ ငါ အခုပဲ သွားလိုက်မယ်"

လုံယီသည် အလွန်ဝမ်းသာသွားသည်။

အိပ်ချင်နေသည့်အချိန်တွင် ခေါင်းအုံး လာပေးသကဲ့သို့ပင်။

လူမိုက်ယန်အာသည် ကျားစံအိမ်၏ ဝင်ပေါက်တွင် အဝတ်အစားများ ဖရိုဖရဲနှင့် ရင်ဘတ်ကို ဟန်ပါပါ ဖွင့်လျက် ရပ်နေသည်။ သူသည် စံအိမ်တော်၏ နီရဲသော တိုင်လုံးကြီးများနှင့် အနက်ရောင် ကမ္ပည်းပြားများကို အားကျစွာ ငေးကြည့်ရင်း လုံယီ ထွက်လာသောအခါ "ညီအစ်ကို... ဒီလို ခမ်းနားတဲ့နေရာမှာ နေရတာ ငါတို့တောင် အားကျမိတယ်ဗျာ" ဟု ပြောလိုက်သည်။

လုံယီက မချိပြုံးပြုံးလျက် "ငါက တခြားလူ ၅ ယောက်နဲ့ အခန်းတစ်ခန်းထဲမှာ ကျပ်ညပ်နေရတာပါ။ အိမ်တော်ထိန်းရဲ့ အမိန့်ကို နာခံရတယ်။ တစ်ခါတလေ ကင်းစောင့်ရတယ်အပြင်ထွက်ရတယ်။ ဒါက အားကျစရာ လိုလို့လား"

"ဒါပေမဲ့ ငါတို့ထက်တော့ အများကြီး သာပါသေးတယ်။ ငါတို့မှာက နောင်တစ်နပ်စာအတွက်တောင် မသေချာဘဲ နေ့တိုင်း ရုန်းကန်နေရတာလေ"

ဤကဲ့သို့သော လူမိုက်ဘဝမှာ လွတ်လပ်သယောင်ရှိသော်လည်း မတည်ငြိမ်ဘဲ ပြဿနာရှာခြင်းနှင့် လိမ်လည်လှည့်ဖြားခြင်းတို့မှာလည်း အန္တရာယ် မသေးလှပေ။

"ငါ စံအိမ်တော်မှာ အခြေခိုင်သွားပြီဆိုရင် မင်းကိုပါ ခေါ်ယူနိုင်အောင် ကြိုးစားပေးမယ်"

လုံယီက ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။

"ညီအစ်ကိုက တကယ့်ကို သစ္စာရှိတဲ့သူပဲ"

ယန်အာက ဝမ်းသာအားရ ပြောလိုက်သည်။

ထို့နောက် သူသည် မကြာသေးမီက သေဆုံးခဲ့သူများနှင့် ပတ်သက်သည့် သတင်းများကို လုံယီအား ပြောပြသည်။ သတင်းနှစ်ခုရှိရာ ဝူလောင်ရွာမှ အဘွားအိုတစ်ဦးသည် သရဲမြင်သည်ဟု ဆိုကာ အိမ်ပြန်ရောက်သည့်အခါ ရယ်လိုက် ငိုလိုက် ဖြစ်နေပြီး မကြာမီ သေဆုံးသွားကြောင်းနှင့် လင်းဟိုင်ရွာမှ အဖိုးအိုတစ်ဦးမှာမူ ညဘက် အိပ်ပျော်နေစဉ် ငြိမ်သက်စွာ ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။

လုံယီသည် ကြေးပြားအချို့ကို ထုတ်ပေးလိုက်ရင်း "ပိုတာတွေကိုတော့ မင်းအတွက် အရက်ဖိုး သဘောထားလိုက်ပါ" ဟု ပြောလိုက်သည်။

ယန်အာသည် အားနာခြင်းမရှိဘဲ ငွေကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။ သတင်းအချက်အလက်များ ရရှိပြီးနောက် လုံယီသည် အိမ်တော်ထိန်းဝူထံတွင် ခွင့်တောင်းကာ အပြင်သို့ ထွက်လာခဲ့လေသည်။

All Chapters