အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း။ ၄၁
လုံခိုမြို့ ရနံ့တစ်ရာ လက်ဖက်ရည်ဆိုင်၌ နီညိုရောင်သန်းနေသော လေးထောင့်စားပွဲပေါ်တွင် အမဲသားပြားတစ်ပန်းကန်၊ သခွားသီးသုပ်တစ်ပန်းကန်၊ မြေပဲတစ်ပန်းကန်နှင့် ဖွင့်ထားပြီးသား ဆန်အရက်အိုးတစ်လုံး ရှိနေသည်။
“ကျန်းထိုင်လွင်ပြင်မှာ မြူမည်းတွေ ထနေတယ်လို့ ငါကြားတယ်။ အဲဒီထဲဝင်သွားတဲ့သူ ဆယ်ယောက်မှာ ကိုးယောက်က ပြန်မထွက်လာနိုင်ဘူးတဲ့”
“ကျန်းမြို့ကိုသွားတဲ့ ကုန်းလမ်းက ကျန်းထိုင်လွင်ပြင်ကို ဖြတ်ရတာလေ ကုန်သည်အဖွဲ့တွေတော့ ဒုက္ခရောက်ကုန်တော့မှာပဲ။ တော်သေးတာက ငါတို့က သင်္ဘောနဲ့သွားမှာမို့လို့”
မီးခိုးရောင် အဝတ်အစားနှင့် ခေါင်းပေါင်းအမည်း ပတ်ထားသော အမျိုးသားနှစ်ဦးသည် အရက်သောက်ရင်း စကားစမြည် ပြောနေကြသည်။
“အစ်ကိုလီ၊ အစ်ကိုဝမ်... မနက်ဖြန် ကျန်းမြို့ကိုထွက်မယ့် သင်္ဘောက အချိန်မှန် ထွက်နိုင်ပါ့မလား မသိဘူးဗျ”
ခဏအကြာတွင် အခြားတစ်ဦး စားပွဲသို့ ချဉ်းကပ်လာသည်။ သူသည် အသိအကျွမ်းဖြစ်ပုံရပြီး ထိုင်လိုက်သည်နှင့် အသံကို ချက်ချင်းနှိမ့်လိုက်ကာ…..
“ဟေ... ဘာဖြစ်လို့လဲ”
“ဆင်ရှန်းမြို့မှာ လူဆိုးတစ်ယောက် ပေါ်လာလို့တဲ့ဗျ။ အရာရှိအတော်များများကို သတ်ပစ်လိုက်လို့ အခု မြို့အနှံ့ ပိုက်စိပ်တိုက် ရှာနေကြတယ် ဆိပ်ကမ်းတွေပါ သက်ရောက်မှုရှိနေပြီ”
“ဟူး... တော်တော်ကို ယုတ်မာတဲ့လူပဲ”
ထိုသုံးဦးမှာ တိုးတိုးတိတ်တိတ် စကားပြောနေကြသဖြင့် သူတို့နှင့် ထောင့်ဖြတ်စားပွဲတွင် ထိုင်နေသော တစ်စုံတစ်ဦး၏ နားရွက်မှာ အနည်းငယ် လှုပ်ခတ်သွားသည်ကို သတိမထားမိကြချေ။
ထိုသူသည် မျက်နှာတစ်ခုလုံးနီးပါးကို ဖုံးအုပ်ထားသည့် ဝါးခပတ်ဦးထုပ်ကြီးကို ဆောင်းထားပြီး မီးခိုးရောင်အင်္ကျီကို ဝတ်ဆင်ထားသည်။ ဘောင်းဘီတစ်ဖက်ကို ဒူးဆစ်အထိ လိပ်တင်ထားကာ ဖုန်ထူနေသော ကောက်ရိုးဖိနပ်ကို ပေါ့ပေါ့ပါးပါး စီးထားပုံမှာ လယ်သမားတစ်ဦးနှင့် အလွန်တူလှသည်။
သူသည် ထမင်းကို အမြန်ပင် လက်ကျန်အနည်းငယ် ခပ်သွင်းလိုက်ပြီးနောက် ငွေရှင်းကာ ထွက်ခွာသွားတော့သည်။
ထိုလယ်သမားမှာ အခြားသူမဟုတ်ဘဲ လုံယီပင်။
လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် မလှမ်းမကမ်းတွင် လူအုပ်ကြီး စုရုံးနေပြီး သူ၏ ပုံတူပါသော ဝရမ်းစာကို ကြည့်နေကြသည်ကို မြင်လိုက်ရသည်။ လမ်းမများပေါ်တွင်လည်း အနက်ရောင် ကင်းလှည့်ဝတ်စုံဝတ် ဓားရှည်များကိုယ်စီ ကိုင်ထားသော မြားသမားအချို့က နိုးနိုးကြားကြားဖြင့် ကင်းလှည့်နေကြသည်။
တုံ့ပြန်မှု တော်တော်မြန်တာပဲ။
လုံယီ တွေးလိုက်မိသည်။
သူ လူသတ်ခဲ့သည်မှာ နှစ်ရက်ပင် မပြည့်သေးချေ။ ဆင်ရှန်းနှင့် မနီးလှသော လုံခိုမြို့သို့ပင် ဤသတင်းမှာ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုင်မြို့၏ ပြင်ပရှိ အခြားမြို့ငယ်များတွင်လည်း ဤကဲ့သို့ပင် ဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
“ဟေ့... မင်း ဒီကို လာခဲ့စမ်း”
မြားသမားတစ်ဦးသည် လုံယီ၏ ထွားကျိုင်းသော ခန္ဓာကိုယ်ကို သတိထားမိသွားပြီး သံသယဖြင့် လှမ်းခေါ်လိုက်သည်။
လုံယီသည် သူနှင့် ငါးလှမ်းအကွာသို့ ရောက်သောအခါ ခြေလှမ်းများကို ရပ်တန့်လိုက်တော့သည်။
“ဦးထုပ်ချွတ်စမ်း”
မြားသမားက သူ၏ဓားရှည်ကို မြှောက်ကာ အလွန်အမင်း သတိထားလျက် အမိန့်ပေးလိုက်သည်။
ထိုလှုပ်လှုပ်ရှားရှား အသံကို ကြားရသည်နှင့် အနီးနားရှိ အခြားမြားသမားများလည်း စုရုံးရောက်ရှိလာကြသည်။ လုံယီသည် သူ၏ဦးထုပ်ကို ချွတ်လိုက်ပြီး မျက်နှာတွင် ကြောက်ရွံ့တုန်လှုပ်နေသော အမူအရာကို ဖော်ပြလိုက်သည်။
“အရာရှိမင်း... ဘာများဖြစ်လို့ပါလဲခင်ဗျာ”
မြားသမားသည် လုံယီ၏မျက်နှာကို ဝရမ်းစာပါ ပုံတူနှင့် သေချာနှိုင်းယှဉ်ကြည့်ပြီးနောက် စိတ်မရှည်သောဟန်ဖြင့် လက်ခါပြလိုက်သည်။
“သွားတော့... သွားတော့။”
ထို့နောက်တွင် သူတို့သည် လုံယီကို စိတ်မဝင်စားတော့ချေ။ လုံယီကလည်း ပြုံးရွှင်သောမျက်နှာဖြင့် ခေါင်းတညိတ်ညိတ်နှင့် အရိုအသေပေးလိုက်သည်။
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါခင်ဗျာ”
ယခုအချိန်တွင် သူ၏ဆံပင်များကို ကတုံးနီးပါး တိုတိုညှပ်ထားပြီး မျက်နှာတစ်ခုလုံးမှာလည်း ဖုန်မှုန့်များ ပေကျံနေကာ မေးစေ့တွင် မုတ်ဆိတ်တိုများ ထွက်နေသည်။ တစ်ချိန်က ထူထဲလှသော သူ၏မျက်ခုံးနှစ်ဖက်မှာလည်း ယခုအခါ ပါးလွှာသော မိုးမခရွက်ပုံစံ ဖြစ်နေတော့သည်။
သူရဲကောင်းဆန်သော လူငယ်တစ်ဦးအသွင်မှ လမ်းဘေးလူလေလူလွင့်တစ်ဦးအသွင်သို့ လုံးဝပြောင်းလဲသွားခြင်းပင်။ ဤသည်မှာ ဆွေယွမ်၏ အကြံပြုချက်အရ ကျွမ်းကျင်သော မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်သည့် စုလိုင်စီကို ငှားရမ်းကာ ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
ဤခေတ်ကာလတွင် ပုံတူဝရမ်းစာများသည် လူတစ်ဦး၏ ထင်ရှားသော အမှတ်အသားများကိုသာ အဓိကထား၍ ရှာဖွေလေ့ရှိကြသည်။ လုံယီတွင် အမာရွတ် မွေးရာပါအမှတ် သို့မဟုတ် အင်္ဂါချို့ယွင်းချက် မရှိသဖြင့် ကောင်းမွန်သော မိတ်ကပ်အတတ်ပညာနှင့်ဆိုလျှင် အလွယ်တကူ မှတ်မိနိုင်ရန် ခက်ခဲလှသည်။
အမှန်စင်စစ် လုံယီက လောင်းကြေးထပ်နေခြင်းပင်။ အကယ်၍သာ အဖမ်းခံရမည်ဆိုလျှင် သူသည် တောနက်ထဲသို့ ထွက်ပြေးကာ ကုန်းလမ်းမှ ခရီးဆက်ရုံသာ ရှိတော့သည်။
လုံယီသည် ဦးထုပ်ကို ပြန်ဆောင်းကာ လမ်းမတစ်လျှောက် အေးအေးလူလူ လျှောက်လှမ်းလာခဲ့သည်။ နေရာအနှံ့တွင် သူ၏ပုံတူဝရမ်းများကို ကပ်ထားပြီး လူအများ၏ ပြောဆိုသံများက သူ၏နားထဲသို့ အဆက်မပြတ် ဝင်ရောက်လာနေသည်
“ဒီလုံယီဆိုတာ ဘယ်သူလဲဟ ငါကြားတာတော့ သူက အရာရှိပေါင်း ဒါဇင်နဲ့ချီပြီး သတ်လိုက်တာတဲ့”
“ငါကြားတာတော့ သူက နေဝင်တောင်က ဓားပြခေါင်းဆောင်တစ်ယောက်ပဲတဲ့။ ဒီကို လူလာပြန်ပေးဆွဲပြီး လူသားအသားကင် လုပ်ဖို့ ခေါ်သွားတာတဲ့”
“တောက် ဒီကောင်တော့ တကယ့်ကို ယုတ်မာလိုက်တာ”
ထိုကဲ့သို့သော အခြေအမြစ်မရှိသည့် စကားများကို ကြားရသောအခါ လုံယီမှာ နားထင်မှ သွေးကြောများပင် တဖျပ်ဖျပ် တုန်လာတော့သည်။
ငါ့ရဲ့ နာမည်ဂုဏ်သတင်းတော့ လုံးဝပျက်စီးသွားပြီပဲ။
အကယ်၍ ငါ့ရဲ့ ပညာရှိဖခင်ကြီးသာ ဒါတွေကို ကြားရင် ဒေါသထွက်လွန်းလို့ ခေါင်းတလားထဲကနေတောင် ပြန်ထလာမလား မသိဘူး။
ဒါပေမဲ့ ဂုဏ်သိက္ခာဆိုတာ အရေးမကြီးပါဘူး။ အသက်ရှင်ဖို့ကသာ အရေးအကြီးဆုံးပဲ။
လုံယီသည် ဆိပ်ကမ်းဘက်သို့ ဦးတည်ထွက်ခွာလာခဲ့ရာ ထိုနေရာတွင်လည်း လုံခြုံရေးများ ပိုမိုတင်းကျပ်ထားပြီး စစ်ဆေးရေးဂိတ်များ သိသိသာသာ တိုးပွားလာသည်ကို သတိပြုမိလိုက်သည်။
မျက်စိဖြင့် ကြည့်ရုံနှင့်တင် ဆိပ်ကမ်းအဝင်ဝတွင် လမ်းပိတ်ဆို့ထားသော မြားသမား တစ်
ဒါဇင်ခန့်ကို တွေ့ရပြီး သူတို့သည် ဖြတ်သန်းသွားလာသူ တစ်ဦးချင်းစီကို သေချာစွာ မေးမြန်းစစ်ဆေးနေကြသည်။ ယခင်က သင်္ဘောစီးရန်အတွက် လက်မှတ်တစ်စောင်ရှိလျှင် လုံလောက်သော်လည်း ယခုအခါ လုံယီ၏အမှုကြောင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးဦး၏ ထောက်ခံစာပါ လိုအပ်နေပြီဖြစ်သည်။
ဤအချက်မှာ လုံယီအတွက် မခက်ခဲလှချေ။ သူ၏ လက်ရှိကျွမ်းကျင်မှုဖြင့်ဆိုလျှင် သူတစ်ပါးအိတ်ကပ်ထဲမှ တစ်စုံတစ်ရာကို နှိုက်ယူရန်မှာ စိန်ခေါ်မှုတစ်ခု မဟုတ်တော့ပေ။ သို့သော် ရုတ်တရက် လုံယီ၏ မျက်မှန်အိမ်များ ကျုံ့ဝင်သွားရသည်။
မြားသမားများ၏ နောက်ကွယ်မှ သာမန်အမဲလိုက်ခွေးများထက် များစွာထွားကျိုင်းသော အနက်ရောင် ခွေးကြီးအချို့ ထွက်လာသည်ကို သူ မြင်လိုက်ရသည်။ ထိုခွေးများ၏ ပါးစပ်တွင် ဟောင်းနွမ်းနေသော ကောက်ရိုးဖိနပ်တစ်ဖက်၊ အင်္ကျီတစ်ထည် သို့မဟုတ် စုတ်ပြဲနေသော စောင်အစအနများကို ကိုက်ထားကြသည်။
ထိုပစ္စည်းအားလုံးမှာ လုံယီ အသုံးပြုခဲ့ဖူးသော ပစ္စည်းများပင်။
အနံ့ခံပြီး လူဖမ်းဖို့ ကြံနေတာပဲ...
လုံယီ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ယခုအချိန်တွင် သူ ဇွတ်တရက် မလုပ်သင့်ကြောင်း သိထားသည်။ သူသည် ထိုခွေးကြီးများ၏ အာရုံစိုက်မှုကို မခံရစေရန် လူမရိပ်မိအောင် တဖြည်းဖြည်း နောက်သို့ ဆုတ်ခွာလာခဲ့သည်။
ငါ့ဆီက ထွက်နေတဲ့ အနံ့ကို ဘယ်လိုဖျောက်ရမလဲဆိုတာ အရင်စဉ်းစားရမယ်။
လုံယီ စိတ်ထဲတွင် ကောင်းမွန်သော အဖြေတစ်ခုကို ချက်ချင်း မစဉ်းစားမိသေးချေ။
ရေချိုးရမလား။ နံ့သာရည် ဆွတ်ရမလား သို့မဟုတ် တမင်တကာ နံစော်နေအောင် လုပ်ရမလား။
မည်သည့်အရာမှ စိတ်ချရပုံမရပေ။ ထိုစဉ် သူ၏ အရင်ဘဝက ကြားဖူးခဲ့သော နည်းလမ်းလေးတစ်ခုကို သတိရသွားပြီး မျက်ဝန်းများ ဝင်းလက်သွားတော့သည်။
သူသည် ဆွေယွမ်ပေးထားသော မြေပုံကို ချက်ချင်းဖွင့်၍ တစ်စုံတစ်ရာကို ရှာဖွေလိုက်သည်။ ထိုမြေပုံကို နွားသားရေဖြင့် ပြုလုပ်ထားပြီး မီးသွေးခဲဖြင့် လမ်းကြောင်းများကို စိပ်စိပ်လေး ဆွဲထားကာ အန္တရာယ်ရှိသော ဇုန်များကို အနီရောင် ကြက်ခြေခတ်များဖြင့် မှတ်သားထားသည်။
တွေ့ပြီ။
လုံခိုမြို့အနီးရှိ အန္တရာယ်ဇုန်တစ်ခုကို လုံယီ ရှာတွေ့သွားပြီး ၎င်း၏ ဖော်ပြချက်ကို ဖတ်ကြည့်လိုက်သောအခါ စိတ်လှုပ်ရှားသွားတော့သည်။
ကျားနက်တောင်၌ တစ်နှစ်ပတ်လုံး ကျားများ ကျက်စားလေ့ရှိသည်။
မြေပုံပေါ်ရှိ လမ်းကြောင်းများအတိုင်း လိုက်သွားရာ မကြာမီမှာပင် လုံယီသည် တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။ ထိုတောင်မှာ မီတာ ၂၀၀ ခန့် မြင့်မားပြီး သစ်တောများ ထူထပ်ကာ ထူးဆန်းသော ကျောက်ဆောင်ကြီးများ ရှိနေသည်။ ပိုးမွှားတို့၏ အော်မြည်သံ ငှက်သံများနှင့်အတူ တောင်အောက်တွင် စမ်းချောင်းလေးတစ်ခု သာယာစွာ စီးဆင်းနေလေသည်။
“ငါ ကျားတစ်ကောင်ကို အမြန်ရှာမှဖြစ်မယ်”
လုံယီသည် စမ်းချောင်းစီးဆင်းရာ လမ်းကြောင်းအတိုင်း တောအုပ်ထဲသို့ တိုးဝင်ခဲ့သည်။ လမ်းမှာ ကြမ်းတမ်းလှသဖြင့် သူ အလွန်သတိထားကာ လျှောက်လှမ်းရသည်။ ယခုအခါ သူ၏ခွန်အားမှာ ကြီးမားနေပြီ ဖြစ်သော်လည်း သူသည် သွေးနှင့်သားနှင့် တည်ဆောက်ထားသော လူသားတစ်ဦးသာ ဖြစ်သေးသဖြင့် အမြင့်မှ ပြုတ်ကျခြင်း သို့မဟုတ် ချော်လဲခြင်းမှာ ပြင်းထန်သော ဒဏ်ရာကို ရရှိစေနိုင်သည်။
အမှန်စင်စစ် လုံယီသည် ကျားရှိမည့်နေရာကို တမင်တကာ လိုက်ရှာနေခြင်း ဖြစ်သည်။ သူ တစ်ခါက ဖတ်ဖူးခဲ့သည်မှာ အကယ်၍ လူတစ်ယောက်သည် အလွန်ကြမ်းတမ်းသော သားရဲကြီးများနှင့် ထိတွေ့မှုရှိခဲ့ပါက ထိုသူ၏ ကိုယ်ပေါ်တွင် သားရဲအနံ့ စွဲကျန်ရစ်တတ်ပြီး သာမန်တိရစ္ဆာန်များနှင့် အမဲလိုက်ခွေးများသည် ထိုအနံ့ကြောင့် ဇဝေဇဝါဖြစ်ကာ အနားသို့ မကပ်ရဲကြတော့ချေ။
ကံဆိုးစွာဖြင့် ကျားကို ရှာရသည်မှာ ထင်သလောက် မလွယ်ကူပေ။ အတော်ကြာ ရှာဖွေပြီးသည့်တိုင် တောယုန်နှင့် တောကြက် အနည်းငယ်ကိုသာ တွေ့ရပြီး ကျား၏ အရိပ်အယောင်ပင် မမြင်ရသေးချေ။
ဒီအတိုင်းဆိုရင်တော့ မဖြစ်ဘူး။ ငါ့မှာ ဒီမှာ အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး။
“ဝေါင်း...”
လုံယီသည် သူ၏ ဒန်တျန်မှ အားယူကာ ကျားဟိန်းသံကို အတုယူ၍ အားပါပါ အော်ဟစ်လိုက်
သည်။ သူ၏ သွေးနှင့် စွမ်းအင်မှာ ပြည့်ဝနေသဖြင့် သူ၏အော်သံမှာ ရထားဥသြဆွဲသံကဲ့သို့ပင် ဟိန်းထွက်သွားပြီး ပတ်ဝန်းကျင်ရှိ သစ်ရွက်များပင် တဖျပ်ဖျပ် လှုပ်ခတ်သွားတော့သည်။
“ဝေါင်း...”
တောင်ပေါ်ရှိ တစ်နေရာမှ ခွန်အားပါပြီး အရှိန်အဝါကြီးမားသော တုံ့ပြန်ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ လုံယီကို ပြန်လည်စိန်ခေါ်လိုက်သည့်အလား ဒေါသသံ အနည်းငယ် ပါဝင်နေသည်။
“ဝေါင်းး...”
လုံယီကလည်း အရှုံးမပေးဘဲ ပြန်လည်ဟိန်းဟောက်လိုက်သည်။ ခဏအကြာတွင်မူ ဘေးနားရှိ သိပ်သည်းလှသော တောအုပ်အတွင်းမှ ဧရာမ သတ္တဝါကြီးတစ်ကောင် ခုန်ထွက်လာပြီး လုံယီကို စူးစိုက်ကြည့်နေတော့သည်။
၎င်းမှာ အလျား ၃ မီတာခန့်ရှိသော ကြောင်နက်ကြီး တစ်ကောင်နှင့် တူလှသည်။ ခန္ဓာကိုယ်ပေါ်တွင် အမည်းနှင့် အဝါရောင် အစင်းကြောင်းများ ပါရှိပြီး ကြေးခေါင်းလောင်းသဖွယ် ကြီးမားလှသော သူ၏မျက်လုံးများထဲတွင် ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ ရှေ့တွင်ရှိနေသော ဤအားနည်းသည့် လူသားက ဘာကြောင့် သူနှင့်
တူသော အသံကို ပြုလုပ်နိုင်သည်ကို သူ နားမလည်နိုင်ပုံပင်။
လုံယီကမူ အေးအေးလူလူပင် သူ၏ခါးမှ လောက်လေးဂွကို ဆွဲထုတ်ကာ ကျောက်ခဲ ကျည်ဆန် ကို တပ်လိုက်သည်။ တစ်ချက်တည်းနှင့် ပစ်လွှတ်လိုက်ရာ ကျောက်ခဲမှာ ကျားနက်ကြီး၏ ကိုယ်ပေါ်သို့ ထိမှန်သွားသဖြင့် ၎င်းမှာ နာကျင်စွာ ခုန်တက်သွားပြီး မျက်ဝန်းများထဲတွင် ဒေါသအဟုန်များ ချက်ချင်း ပြည့်လျှံသွားတော့သည်။
ကျားနက်ကြီးသည် အရှိန်ယူကာ ပေ ၃၀ ခန့် အကွာအဝေးမှ လုံယီထံသို့ တဟုန်ထိုး ခုန်အုပ်လိုက်ရာ လုံယီကို မြေပြင်ပေါ်သို့ ဖိချရန် ကြံစည်တော့သည်။ လုံယီက ဘေးသို့ ရှောင်တိမ်းလိုက်ရင်း တစ်ပြိုင်နက်တည်းမှာပင် ဘေးတိုက်ကန်ချက် တစ်ချက်ကို ကျား၏ကိုယ်ပေါ်သို့ တည့်တည့်ကြီး ကျရောက်စေခဲ့သည်။
ခြေထောက်နှင့် ထိတွေ့လိုက်သည့် ခဏတွင် သူ၏ ကောက်ရိုးဖိနပ်မှာ ပျော့ပြောင်းသော်လည်း ကြံ့ခိုင်လှသော အသားထဲသို့ နစ်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုတုံ့ပြန်အားကို အသုံးချကာ သူသည် ကျားနှင့် အလှမ်းဝေးရာသို့ နောက်ဆုတ်လိုက်သည်။ လုံယီ၏ ကန်ချက်ကြောင့် ကျားနက်ကြီးမှာ မြေပြင်ပေါ်သို့ အရှိန်လွန်၍ လဲကျသွားသည်။ ၎င်းက ပြန်ထရန် ကြိုးစားနေစဉ်မှာပင် လုံယီသည် နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။
အခန်း။ ၄၂
“တောင်ဖြိုခွန်း”
လုံယီ၏ ကြွက်သားအမြှောင်းမြှောင်းမှာ တင်းမာသွားပြီးနောက် ချက်ချင်းပင် ပြန်လည်လျှော့ချလိုက်ရာ ကြီးမားလှသော ခွန်အားများသည် သူ၏လက်သီးများထဲတွင် စုစည်းသွားတော့သည်။ လက်သီးကို ပုဆိန်ကဲ့သို့သဘောထားကာ ရှေ့သို့ ပြင်းထန်စွာ ဝှေ့ယမ်းထိုးနှက်လိုက်သည်။
တစ်ပြိုင်နက်တည်းမှာပင် ဒြပ်မဲ့စွမ်းအင်တစ်ခုသည် ကျားနက်ကြီးထံသို့ ပျံ့နှံ့သွားပြန်သည်။ ကျားနက်ကြီး၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားပြီး မျက်တောင်တခတ်အတွင်းမှာပင် လုံယီ၏ လက်သီးချက် ၄၅ ချက်မှာ ၎င်း၏ကိုယ်ပေါ်သို့ ကျရောက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားစေတော့သည်။
“ဝေါင်း...”
ကျားနက်ကြီး သတိပြန်ဝင်လာသောအခါ ကမ္ဘာပျက်မတတ် ပြင်းထန်လှသော ဒေါသတကြီး ဟိန်းသံကို လွှတ်လိုက်သည်။ သို့သော် လုံယီမှာ ၎င်း၏ကျောပေါ်သို့ လျင်မြန်စွာ ခွစီးလိုက်ပြီးဖြစ်၏။ ကျားနက်ကြီး၏ လည်ဂုတ်မှ ပျော့ပြောင်းသော အရေခွံကို ဆုပ်ကိုင်ထားပြီး သဲအိတ်ခန့်ရှိသော သူ၏လက်သီးများဖြင့် ကျား၏ဦးခေါင်းကို မနားတမ်း ထိုးနှက်တော့သည်။
ကျားနက်ကြီးသည် လူးလိမ့်ကာ လှည့်ထွက်ရန် ကြိုးစားသော်လည်း လုံယီက တင်းကျပ်စွာ ဖိထားသဖြင့် သူ၏ခြေသည်းများမှာ မြေပြင်ကိုသာ အလဟဿ ကျင်းတူးနေမိတော့သည်။ ဤကျားနက်မှာ ယခင်က သူတွေ့ခဲ့သော ကျားကြီးလောက် မကြီးမားသလို လုံယီ၏ခွန်အားမှာလည်း ယခုအခါ ကျားတစ်ကောင်နှင့် ယှဉ်နိုင်သည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။
ရုတ်တရက် တိုက်ခိုက်လိုက်သည့် အသာစီးရမှုကြောင့် ကျားနက်ကြီးမှာ ခဏတာ ရုန်းမထွက်နိုင်ဘဲ နာကျင်စွာ အော်ဟစ်နေရရှာသည်။ ထိုအသံကြောင့် တောအုပ်အတွင်းရှိ ငှက်များနှင့် ယုန်များမှာလည်း ထိတ်လန့်တကြား ထွက်ပြေးကုန်ကြတော့သည်။ အမှန်စင်စစ် ကျားနက်ကြီးမှာ အသက်အန္တရာယ် မရှိနိုင်ချေ။ လုံယီသည် ၎င်း၏ဦးခေါင်းကိုသာ ပစ်မှတ်ထား ထိုးနှက်နေခြင်း ဖြစ်သည်။ ဦးခေါင်းက ကြေးနီ၊ အရိုးက သံမဏိ၊ ခါးက တို့ဖူးဆိုသည့် စကားမှာ အလကား မဟုတ်ပေ။
အတော်ကြာအောင် ထိုးနှက်ပြီးနောက် လုံယီ၏ လက်သီးများမှာ နီရဲလာပြီး ကျားနက်ကြီးမှာလည်း မရုန်းကန်တော့ဘဲ မြေပြင်ပေါ်တွင် ဝပ်နေလျက် ညည်းညူနေတော့သည်။ ကျားနက်ကြီး အညံ့ခံသွားသည်ကို မြင်သောအခါ လုံယီသည် ထိုးနှက်မှုကို ရပ်လိုက်ပြီး ၎င်း၏ကျောပေါ်တွင် ထိုင်ကာ ခဏနားနေလိုက်သည်။ ကျားနက်ကြီးသည်လည်း လုံယီ ရပ်လိုက်သည်ကို သတိပြုမိသော်လည်း လုံးဝ မလှုပ်ရဲတော့ချေ။
သူတို့နှစ်ဦးကြားတွင် ထူးဆန်းသော နားလည်မှုတစ်ခု ဖြစ်ပေါ်နေသည်။ အချိန်အတန်ကြာပြီးနောက် လုံယီသည် ကျားကျောပေါ်မှ ခုန်ဆင်းလိုက်သည်။ ကျားနက်ကြီးမှာ လှုပ်ပင်မလှုပ်ဘဲ ရှိနေသေးသည်ကို မြင်သောအခါ လုံယီသည် ခေါင်းခါလျက် ရယ်မောလိုက်ပြီး နောက်လှည့်ကာ ထွက်ခွာလာခဲ့သည်။ ထိုအခါမှ ကျားနက်ကြီးမှာ သတိထားလျက် ခေါင်းထောင်ကြည့်ကာ ဇဝေဇဝါ ဖြစ်နေတော့သည်။
လုံယီ အလှမ်းဝေးသွားသောအခါ ကျားနက်ကြီးသည် ရုတ်တရက် ထရပ်ကာ နောက်သို့ပင် ပြန်မကြည့်တော့ဘဲ တောနက်ထဲသို့ ဒုန်းစိုင်းပြေးဝင် ပျောက်ကွယ်သွားတော့သည်။
လုံယီ၏ ရည်ရွယ်ချက်မှာ အောင်မြင်သွားခဲ့ပြီဖြစ်သည်။ ကျားနက်ကြီးနှင့် ဤမျှကြာအောင် ထိတွေ့နေခဲ့သဖြင့် သူ၏ကိုယ်ပေါ်တွင် ကျား၏အနံ့များ အများအပြား စွဲကျန်နေပေလိမ့်မည်။ သူသည် အချိန်မဆွဲတော့ဘဲ ဆိပ်ကမ်းရှိရာသို့ အမြန်ဆုံး ပြန်လည် ဦးတည်လိုက်တော့သည်။
ညမှောင်လာသည်နှင့်အမျှ ဆိပ်ကမ်းတွင် လူရှင်းသွားသော်လည်း မြားသမားများကမူ သူတို့၏တာဝန်ကို မပေါ့မပါး ထမ်းဆောင်နေကြဆဲဖြစ်သည်။ သင်္ဘောပေါ်တက်မည့် ခရီးသည်တိုင်းကို စေ့စေ့စပ်စပ် စစ်ဆေးနေကြသည်။
လုံယီသည် မြားသမားတစ်စုရှိရာသို့ အေးအေးဆေးဆေးပင် ချဉ်းကပ်သွားလိုက်သည်။
“ဝါးခပတ်ဦးထုပ် ချွတ်စမ်း... ဘယ်ကိုသွားမှာလဲ”
“ကျန်းမြို့ကိုပါ ခင်ဗျာ။”
“ဘာကိစ္စနဲ့လဲ”
“အမျိုးတွေဆီ အလည်သွားမလို့ပါ”
မြားသမားတစ်ဦးသည် ပုံတူဝရမ်းစာကို ကိုင်ကာ လုံယီ၏မျက်နှာနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။ ထို့နောက် လေချွန်သံပေးကာ နောက်ဘက်မှ အေးစက်သော အကြည့်ရှိသည့် အနက်ရောင် ခွေးကြီးတစ်ကောင်ကို ခေါ်လိုက်သည်။
“ဝုတ်…”
ထိုခွေးကြီးသည် ပြေးလာပြီး လုံယီ၏ ဘောင်းဘီနားကို အနံ့ခံလိုက်သည်။ သို့သော် ချက်ချင်းပင် ဓာတ်လိုက်သွားသည့်အလား နောက်သို့ လန့်၍ ခုန်ဆုတ်သွားတော့သည်။ ထို့နောက် ၎င်း၏ခြေဖဝါးဖြင့် နှာခေါင်းကို အုပ်ကာ မြေပြင်ပေါ်တွင် ဝပ်လိုက်ပြီး မျက်လုံးများမှာလည်း ရုတ်တရက် ကြည်လင်သွားကာ ရန်လိုခြင်းမရှိဘဲ အမြီးတယမ်းယမ်းဖြင့် ချစ်ကြည်ရင်းနှီးမှုကို ပြသနေတော့သည်။
“ဒီခွေးအ”
ဘေးမှ မြားသမားက ဆဲဆိုလိုက်သည်။
ခွေးက ရန်မမူခြင်းမှာ လုံယီတွင် ပြဿနာမရှိဟု ဆိုလိုခြင်းဖြစ်သဖြင့် လုံယီကို ဖြတ်သန်းခွင့် ပေးလိုက်တော့သည်။
အောင်မြင်ပြီ။
လုံယီ စိတ်ထဲတွင် ဝမ်းသာသွားသော်လည်း မျက်နှာတွင်မူ ဘာမှမပေါ်စေရန် ထိန်းထားလိုက်
သည်။ ထိုင်မြို့နယ်မြေကသာ လွတ်သွားခဲ့လျှင် ရှေ့တွင် အခွင့်အလမ်းများစွာက စောင့်ကြိုနေမည်ပင်။
သူသည် ဆိပ်ကမ်းတွင် အကြီးဆုံးဖြစ်သည့် အလျား ပေ ၃၀၀ ကျော်ခန့်ရှိသော သင်္ဘောကြီးဆီသို့ တည်ငြိမ်စွာ လျှောက်သွားလိုက်သည်။ ကျန်းမြို့သို့သွားသော ခရီးမှာ အလွန်ဝေးကွာလှသလို ရေအောက်တွင်လည်း မည်သည့်သတ္တဝါဆိုးများ ရှိနေမည်ကို မည်သူမှမသိနိုင်သဖြင့် သင်္ဘောငယ်လေးများမှာ ဤခရီးကို မဖြတ်သန်းနိုင်ကြချေ။
လုံယီ သင်္ဘောပေါ်သို့ တက်လိုက်ပြီး ကုန်းပတ်ကို ဖြတ်ကာ အခန်းတွင်းသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အေးခဲသွားတော့သည်။
သင်္ဘောခန်းအတွင်း၌ ဓားကိုင်ထားသော မြားသမားအချို့က ခရီးသည်များကို ဒုတိယအကြိမ် ထပ်မံစစ်ဆေးနေကြသည်။ ထိုသူများ၏ ဘေးနားတွင် လုံယီ လုံးဝ မမျှော်လင့်ထားသော ရင်းနှီးသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ အသက် ၄၀ ဝန်းကျင် အနက်ရောင် အဝတ်အစား ဝတ်ဆင်ထားသူ...
ထိုသူမှာ သူနှင့် တစ်ရွာတည်းသားဖြစ်သည့် လက်သမားရှုပင်။
လုံယီ၏ နှလုံးသားမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။
...
သူ့ကို ဖမ်းဆီးရန်အတွက် အာဏာပိုင်များသည် တကယ့်ကို အင်အားနှင့် ငွေကြေး အမြောက်အမြား အသုံးပြုထားကြခြင်း ဖြစ်သည်။ လုံခြုံရေးကို အလွှာလိုက် ထပ်ကာထပ်ကာ ချထားခြင်းမှာ လုံယီကို လုံးဝ လွတ်လမ်းမပေးရန် ဆုံးဖြတ်ထားပုံရသည်။
မြို့တော်တွင် လေးလံသောဓားဂိုဏ်းနှင့် ချင်ယွန်းတို့၏ သြဇာအာဏာ မည်မျှကြီးမားသည်ကို လုံယီ လုံးဝနားမလည်ခဲ့ပေ။ အကယ်၍ သူ ကြိုတင်သိရှိခဲ့လျှင်ပင် အဖမ်းခံ၍ အသေခံမည့်
အစား ယခုကဲ့သို့ပင် ပြန်လည်ခုခံရန် ဆုံးဖြတ်မည်မှာ အသေအချာပင်။
အခင်းဖြစ်ပွားရာ နေရာ၌မူ...
ခရီးသည်များသည် ရုပ်သေးရုပ်များကဲ့သို့ပင် တစ်ဦးပြီးတစ်ဦး ရှေ့သို့တိုးကာ ခန္ဓာကိုယ် စစ်ဆေးမှုကို ခံယူနေကြရသည်။ အမျိုးသမီးများမှာမူ ပို၍ ဒုက္ခရောက်ကြသည်။ အသက်ကြီးသော စစ်သားများက ဂရုမစိုက်ကြသော်လည်း လူငယ်စစ်သားများမှာမူ အခွင့်ကောင်းယူ၍ ကိုယ်ထိလက်ရောက် စော်ကားနေကြသဖြင့် အမျိုးသမီးများ ငိုယိုနေကြသည်။
အယ်ဟယ်ရွာ၏ အောင်မြင်သူတစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသော လက်သမားရှုမှာမူ စစ်သားများရှေ့တွင် ခေါင်းတညိတ်ညိတ်ဖြင့် ဖားနေရပြီး မျက်နှာတွင် အောက်ကျို့နေသော အမူအရာများ အပြည့်ရှိနေသည်။ သူ၏ မျက်နှာတစ်ခြမ်းမှာ ဖောင်းကြွနေပြီး ဘယ်ဘက်
မျက်လုံးမှာလည်း အရိုက်ခံထားရသဖြင့် ပိတ်လုနီးပါးပင်။ သို့သော် သူသည် စစ်သားများကို ကူညီ၍ သံသယရှိသူမှန်သမျှကို အကြောက်တရားဖြင့် လိုက်လံခွဲခြားပေးနေ၏။
"ဟေ့ မင်း... ဒီကို လာခဲ့စမ်း"
လုံယီ သင်္ဘောပေါ်သို့ တက်လာသည်ကို မြင်တွေ့လိုက်သော စစ်သားတစ်ဦးက လှမ်းခေါ်
လိုက်သည်။ လုံယီသည် စိတ်ကို တင်းထားကာ ရှေ့သို့ တိုးသွားလိုက်သည်။ သူ ဦးထုပ်ကို မလိုက်သည့်အချိန်မှာပင် လက်သမားရှု၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားတော့သည်။
"ဘယ်လိုလဲ... ဟုတ်လား"
ခေါင်းဆောင်ဖြစ်သော စစ်သားက စိတ်မရှည်စွာ မေးမြန်းလိုက်သည်။
လက်သမားရှုသည် တံတွေးကို အနိုင်နိုင် မျိုချလိုက်ရပြီး ချက်ချင်း အဖြေမပေးနိုင်သေးပေ။ လုံယီကို ကြည့်နေသော သူ၏ အကြည့်များမှာ တောင်းပန်မှုနှင့် အကူအညီမဲ့မှုများ ရောထွေးနေသည်။ ထိုခဏ၌ပင် လုံယီသည် သူ၏ ဆိုလိုရင်းကို နားလည်သွားသည်။
ဘုန်း….
မည်သည့်စကားမျှ မပြောဘဲ လုံယီက သူ၏ ညာဘက်ခြေထောက်ကို မြှောက်လိုက်ရာ ဘေးရှိ ခုံတန်းလျားကြီးမှာ လေထဲသို့ ဝေ့တက်သွားပြီး ရှေ့မှ မြားသမားနှစ်ဦးကို ပြင်းထန်စွာ ရိုက်မိသွားတော့သည်။ ထို့နောက် သူသည် လှည့်၍ ထွက်ပြေးတော့သည်။
ထိုအချိန်ကျမှ လက်သမားရှု၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
"သူပဲ... သူက လုံယီပဲ"
လုံယီသည် မည်မျှပင် ရုပ်ဖျက်ထားစေကာမူ သူစိမ်းများကိုမူ လှည့်စားနိုင်ပါလိမ့်မည်။ သို့သော် ဆယ်စုနှစ်တစ်ခုမက သိကျွမ်းလာသော လက်သမားရှုကဲ့သို့ အိမ်နီးချင်းမျိုးကို လှည့်စားရန်မှာမူ မဖြစ်နိုင်သလောက် ခက်ခဲလှသည်။ သင်္ဘောပေါ်ရှိ ကျန်ရှိသော စစ်သားများအားလုံး ထိတ်လန့်သွားကြပြီး လုံယီရှိရာသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။
သူတို့ထဲမှ တစ်ယောက်က စူးရှသော လေချွန်သံကို ပေးလိုက်ရာ ထိုအသံသည် ဆိပ်ကမ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ တစ်ခဏချင်းမှာပင် ဆိပ်ကမ်းအနီးရှိ စစ်သည်အားလုံးက အသံလာရာအရပ်သို့ လှည့်ကြည့်လိုက်ကြသည်။
“တရားခံကို တွေ့ပြီ”
သူတို့သည် တက်ကြွသွားကြပြီး လုံယီရှိရာသို့ ဦးတည်လိုက်ကြသည်။ တစ်ယောက်က လေချွန်သံဖြင့် ထပ်ဆင့်အချက်ပေးလိုက်ရာ လမ်းမများပေါ်တွင် ကင်းလှည့်နေသော စစ်သည်များပါ သတိပြုမိသွားကြသည်။ ဤသို့ဖြင့် ကွင်းဆက်မပြတ် သတင်းပျံ့နှံ့သွားပြီး လုံခိုမြို့ရှိ စစ်သည်အားလုံး အချက်ပေးခေါင်းလောင်းသံ ကြားလိုက်ရသလို ဖြစ်သွားတော့သည်။
အထက်စီးနေရာတစ်ခုမှ ကြည့်မည်ဆိုလျှင် အရပ်မျက်နှာအသီးသီးမှ စစ်သည်များသည် ကြာပန်းပွင့်ကြီးတစ်ပွင့် ရုတ်တရက် ငုံ့သွားသကဲ့သို့ သင်္ဘောဦးပိုင်းရှိရာဗဟိုသို့ စုရုံးလာနေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
မြန်မြန်... မြန်မြန်လုပ်မှဖြစ်မယ်။
လုံယီသည် အချိန်ဆွဲနေ၍ မဖြစ်ကြောင်း စစ်သည်အားလုံး စုမိသွားပါက သူ သေတွင်းထဲ ရောက်သွားမည်ဖြစ်ကြောင်း ကောင်းစွာသိထားသည်။ သူသည် ညာလက်တွင် ပုဆိန်ကို ကိုင်ထားပြီး ဘယ်လက်တွင်မူ လောက်လေးဂွကို ကိုင်လျက် အားပါပါ လှည့်ပတ်ကာ ပြေးထွက်လာခဲ့သည်။
ရွှီး...
ငန်းဥခန့်ရှိသော ကျောက်ခဲတစ်လုံးသည် သင်္ဘောခန်းအဝဆီသို့ ပျံသန်းသွားပြီး တိုးဝင်လာသော မြားသမားတစ်ဦးကို ထိမှန်သွားသည်။
“အား...”
ထိုမြားသမားမှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး ကျောက်ခဲ၏ အရှိန်အဟုန်ကြောင့် ခန္ဓာကိုယ်ထဲသို့ နစ်ဝင်သွားကာ သင်္ဘောခန်းအပြင်ဘက်သို့ လွင့်စဉ်ထွက်သွားတော့သည်။ လုံယီသည် ထိုသူကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ကမ်းခြေရှိရာသို့ အရှိန်ဖြင့် ပြေးဝင်ခဲ့သည်။
ကုန်းပတ်ပေါ်တွင် ဓားကိုင်ထားသော မြားသမား ၇ ဦး ၈ ဦးခန့် စုရုံးနေကြပြီဖြစ်သည်။ ကုန်းပတ်အလွန်တွင်မူ ဒါဇင်နှင့်ချီသော သို့မဟုတ် ရာနှင့်ချီသော စစ်သည်များ ရှိနေနိုင်ပေသည်။
“ဖယ်စမ်း”
လုံယီသည် ရင်ဘတ်ထဲမှ ပုဆိန်ကို ဆွဲထုတ်ကာ ရှေ့သို့ အားပါပါ ဝှေ့ယမ်းလိုက်သည်။
ဝူး...
ယခုအခါ သူ၏ခွန်အားမှာ ပေါင်ထောင်ချီ ရှိနေပြီဖြစ်ရာ လေထုကို ဖြတ်သန်းသွားသော ပုဆိန်၏ လေးလံလှသည့် အသံကို လူတိုင်း ကြားနေရသည်။ အနီးဆုံးရှိ မြားသမားမှာ တို့ဖူးတုံးကဲ့သို့ပင် ခါးမှနေ၍ နှစ်ပိုင်း ပြတ်သွားတော့သည်။ အူများ ကလီစာများနှင့် သွေးများမှာ နေရာအနှံ့ ပန်းထွက်သွားပြီး ထိုသူမှာ ချက်ချင်းမသေဘဲ မြေပြင်ပေါ်တွင် လူးလိမ့်အော်ဟစ်နေတော့သည်။
ဤမြင်ကွင်း၏ အကျိုးသက်ရောက်မှုမှာ ချက်ချင်းပင် ထင်ရှားလာသည်။ ရှေ့သို့ တက်မလာသေးသော ကျန်လူများမှာ တုံ့ဆိုင်းသွားကြတော့သည်။
“သူ့ကို သတ်ပစ်ကြစမ်း”
ကမ်းခြေဘက်မှ ဩဇာညောင်းလှသော အသံတစ်ခု ထွက်ပေါ်လာသည်။ အရပ်ရှည်ရှည်ဖြင့် တောက်ပသော အနီရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး ထောင်လွှားသော အကြည့်ရှိသည့် အမျိုးသားတစ်ဦး အခင်းဖြစ်ရာသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူ၏ ဝတ်စုံမှာ သာမန်မြားသမားများနှင့် မတူဘဲ ကွဲပြားနေသဖြင့် သူသည် ခေါင်းဆောင် သို့မဟုတ် အဆင့်မြင့်အရာရှိ တစ်ဦးဖြစ်ကြောင်း ထင်ရှားလှသည်။