← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း။ ၄၃

သူ့ဘေးနားရှိ မြားသမားတစ်ဦးက “အကြီးအကဲလျန် ဒီလူက တော်တော်ရက်စက်တယ်ခင်ဗျ။ မြို့တော်က လေးလံသောဓားဂိုဏ်း ရဲ့ တပည့်တွေကိုတောင် သုတ်သင်ခဲ့တယ်လို့ ကြားရပါတယ် သူ့ကို လျှော့တွက်လို့ မဖြစ်ဘူးနော်” ဟု သတိပေးလိုက်သည်။

“သူက သိုင်းပညာရှင်အဆင့်ကို မရောက်သေးသရွေ့တော့ ဘယ်လောက်ပဲ ခွန်အားကြီးကြီး ငါ့လက်ထဲရောက်ရင် ဆောင်းဦးပေါက်ခါနီး နှံကောင်လိုပဲ... ကြာကြာမခုန်နိုင်ပါဘူး”

အကြီးအကဲလျန်က မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။

“ငါ့ညီအစ်ကိုတွေကို အမှုထမ်းကောင်းအဖြစ် ဂုဏ်ပြုခံရအောင် အခွင့်အရေးပေးချင်လို့သာ မဟုတ်ရင် ငါကိုယ်တိုင် သူ့ကို အလဲထိုးနိုင်တယ်”

သူတို့ စကားပြောနေစဉ်မှာပင် လုံယီသည် သိုးအုပ်ထဲသို့ တိုးဝင်လာသော ကျားတစ်ကောင်ကဲ့သို့ မြားသမားများကြားထဲသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။ သူ၏ပုဆိန်မှာ ပစ်မှတ်ကို အလိုအလျောက် ရှာဖွေနိုင်သကဲ့သို့ပင် နောက်ထပ် လူနှစ်ယောက်ကို လျင်မြန်စွာ သုတ်သင်လိုက်ပြန်သည်။

တစ်ဦးမှာ ခေါင်းပြတ်သွားပြီး အခြားတစ်ဦးမှာမူ ထိပ်မှအောက်သို့ နှစ်ပိုင်းကွဲသွားတော့သည်။ ပါရဂူ အဆင့်ရှိသော လုံယီ၏ ပုဆိန်သိုင်းနှင့် သာမန်လူတို့ထက် များစွာသာလွန်သော ခွန်အားတို့ ပေါင်းစပ်လိုက်သောအခါ ဤမြားသမားများကို နှိမ်နင်းရသည်မှာ ဖရဲသီးကို ခုတ်ထစ်ရသကဲ့သို့ပင် လွယ်ကူနေတော့သည်။

စစ်သည်များ၏ စိတ်ဓာတ်မှာ ပြိုလဲတော့မည့်အခြေအနေသို့ ရောက်နေသည်ကို မြင်သောအခါ မြားသမားတစ်ဦးက “ကျေးဇူးပြုပြီး အကြီးအကဲလျန်... ကိုယ်တိုင် အရေးယူပြီး ဒီလူကို ဖမ်းပေးပါတော့” ဟု တောင်းပြောလိုက်သည်။

အကြီးအကဲလျန်က လက်ကို နောက်ပစ်လျက် အေးအေးလူလူပင် “ဘာလို့ ငါကိုယ်တိုင် လုပ်နေရမှာလဲ သံချပ်ကာဝတ် စစ်သည်တွေကို လွှတ်လိုက်စမ်း”

ချွမ်း... ချွမ်း... ချွမ်း

သံချပ်ကာဝတ်ထားသော မြားသမား ၁၀ ဦးကျော်သည် သင်္ဘောအဝင်ဝသို့ ရောက်ရှိလာပြီး ကျပ်ကျပ်တည်းတည်း ဝိုင်းရံလိုက်ကြသည်။ သာမန်ဝတ်စုံဝတ်ထားသော အခြားစစ်သည်များမှာမူ လုံယီ၏ လက်ချက်ဖြင့် အသက်မပျောက်စေရန် နောက်သို့ ဆုတ်ပေးလိုက်ကြသည်။

ဤမျှများပြားသော သံချပ်ကာဝတ်စစ်သည်များကို မြင်လိုက်ရသောအခါ လုံယီ၏ မျက်မှန်အိမ်များ ကျုံ့ဝင်သွားသည်။ သံချပ်ကာဝတ်ထားသဖြင့် သူတို့၏ ခံနိုင်ရည်နှင့် ခွန်အားမှာ သိသိသာသာ မြင့်တက်နေပေလိမ့်မည်။ ဤအခြေအနေမှာ ရင်ဆိုင်ရ ခက်ခဲလှသည်။

သို့သော် သူ့မှာ အခြားရွေးချယ်စရာမရှိဘဲ တိုက်ခိုက်ရန်သာ ရှိတော့သည်။

ရွှီး... ရွှီး...

လုံယီသည် ရှစ်လုံးပုံစံကို အသုံးပြုကာ လောက်လေးဂွကို လျင်မြန်စွာ နှစ်ချက်ပစ်လိုက်ရာ သံချပ်ကာဝတ်စစ်သည် နှစ်ဦးမှာ လဲကျသွားတော့သည်။ သူတို့၏ ရင်ဘတ်သံချပ်ကာပေါ်တွင် သိသာထင်ရှားသော ချိုင့်ခွက်ကြီးများ ဖြစ်သွားရသည်။

ထိုစစ်သည်များမှာ နာကျင်လွန်းသဖြင့် မျက်နှာများ ပုံပျက်ပန်းပျက်ဖြစ်ကာ မြေပြင်ပေါ်တွင် လူးလိမ့်လျက် သွေးများ အဆက်မပြတ် အန်နေကြတော့သည်။ သံချပ်ကာက ကာကွယ်ပေးထားသော်လည်း ပေါင်တစ်ထောင်ကျော် ခွန်အားဖြင့် ပစ်လွှတ်လိုက်သော ကျောက်ခဲ၏ ရွေ့လျားစွမ်းအင်မှာ အလွန်ပြင်းထန်လှသဖြင့် သံချပ်ကာဝတ်ထားသော်လည်း ဒဏ်ရာမှာ အလွန်ပင် ပြင်းထန်လှသည်။

သို့သော် အရာရှိများမှာ အနားသို့ တဖြည်းဖြည်း တိုးကပ်လာပြီဖြစ်ရာ လောက်လေးဂွမှာ အသုံးမဝင်တော့ချေ။

လုံယီသည် သူ၏ရင်ဘတ်အတွင်း ဝှက်ထားသော ပုဆိန်ကို ဆွဲထုတ်လိုက်ပြီး ကျန်ရှိနေသည့် သံချပ်ကာဝတ် စစ်သည်များကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

အေးစက်မာကြောလှသော သံချပ်ကာများကြောင့် စစ်သည်များသည် သေဘေးကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ ရှိနေကြသည်။ ဝင်းလက်နေသော ဓားသွားအမြောက်အမြားသည် လုံယီထံသို့ တစ်ပြိုင်နက်တည်း ဝိုင်းရံတိုက်ခိုက်လာတော့သည်။ သူသည် မည်သူ့ကိုပင် ထိုးနှက်သည်ဖြစ်စေ အခြားသူများ၏ တိုက်ခိုက်မှုကို တစ်ချိန်တည်းမှာပင် ပြန်လည်ခံယူရမည့် အခြေအနေဖြစ်သည်။

ယခုအချိန်တွင် သူလုပ်နိုင်သည်မှာ သူ၏ ခွန်အားအားလုံးကို အသုံးချပြီး အသက်ရှင်သန်ရာ လမ်းစကို ပုဆိန်ဖြင့် ခုတ်ထွင်ရန်သာ ရှိတော့သည်.

“ဖယ်စမ်း”

လုံယီသည် လက်ထဲရှိ ထင်းခုတ်ပုဆိန်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ခါးနှင့် ကျောရိုးတို့မှ ခွန်အားများ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။ ပေါင်တစ်ထောင်ကျော်ရှိသော သူ၏ ခွန်အားသည် လေထုကို ဖြတ်သန်းသွားပြီး ရှေ့ဆုံးမှ စစ်သည်၏ ဓားကို လွယ်လွယ်ကူကူ ရိုက်ထုတ်ပစ်ကာ ထိုသူ၏ လည်ပင်းကို ဆက်လက်ခုတ်ပိုင်းလိုက်သည်။ လည်ပင်းကာကွယ်သော သံချပ်ကာမှာ ထိုနေရာတွင် ပို၍ပါးလွှာသဖြင့် ထိုစစ်သည်၏ ဦးခေါင်းမှာ ချက်ချင်းပင် ပြတ်တောက်သွားပြီး သွေးများမှာ ရေပန်းကဲ့သို့ ပန်းထွက်ကာ ပတ်ဝန်းကျင်ရှိ မြေပြင်ကို နီရဲသွားစေတော့သည်။

ဒုတိယမြောက် စစ်သည်မှာ ဘယ်ဘက်မှ လျင်မြန်စွာ ချဉ်းကပ်လာပြီး လုံယီကို တုံ့ပြန်ရန် အချိန်မပေးဘဲ ဓားဖြင့် ခုတ်ချလိုက်သည်။ သိုင်းကွက် ပြောင်းလဲရန် အချိန်မမီတော့ဘဲ လုံယီမှာ ဓားချက်အောက်တွင် အသက်ပျောက်ရတော့မည့်အလား ထင်ရသည်။

လုံယီသည် သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် စောင်းလိုက်ကာ ခြေနှစ်ဖက်ဖြင့် မြေပြင်ကို အားပါပါ ကန်လိုက်ပြီး ကြီးမားလှသော အရှိန်အဟုန်ဖြင့် ရန်သူကို အားကုန် ဆောင့်တိုက်ပစ်လိုက်သည်

ဝုန်း….

ထိုစစ်သည်မှာ ရေထဲသို့ လွင့်စဉ်ကျသွားတော့သည်။ ဤခိုက်အတန့်မှာပင် တတိယမြောက် စစ်သည်က နောက်ဘက်မှ တိုက်ခိုက်လာပြန်သည်။ သူ၏ အရည်အချင်းမှာ ယခင်နှစ်ဦးထက် သာလွန်ပြီး ခက်ခဲသော ထောင့်ချိုးနှင့် အချိန်ကိုက် တိုက်ခိုက်လာခြင်းကြောင့် လုံယီကို အလွန်အမင်း အကြပ်ရိုက်စေသည်။

လုံယီသည် သူ၏ အနေအထားကို ပြန်လည်တည်ငြိမ်အောင် လုပ်နေရဆဲ ဖြစ်ပြီး ခွန်အားဟောင်းက ကုန်ခမ်းကာ ခွန်အားသစ်က မထွက်ပေါ်သေးသည့် အချိန်ပင်။ ပုဆိန်ဖြင့် အနိုင်နိုင် လှည့်၍ ကာကွယ်လိုက်သော်လည်း သူ၏ ခွန်အားမှာ ပုံမှန်၏ အနည်းငယ်မျှသာ ရှိပေလိမ့်မည်။

ထိုစစ်သည်မှာလည်း ဤအချက်ကို သတိထားမိပုံရပြီး ကြီးမားသော ဂုဏ်ပြုဆုလာဘ်ကြီးကို ရရှိတော့မည်ဟု ထင်မှတ်ကာ သူ၏ နှုတ်ခမ်းဖျားတွင် အောင်နိုင်သူအပြုံးတစ်ခု ပေါ်လာသည်။ သို့သော် ရုတ်တရက် ထိုအပြုံးမှာ အေးခဲသွားတော့သည်။

သူသည် စိတ်ထဲတွင် တစ်ခဏတာ ဝေဝေဝါးဝါး ဖြစ်သွားပြီး စစ်မြေပြင်တွင် ငိုက်မြည်းသွားသည့်အလား ခံစားလိုက်ရသည်။

သူ သတိပြန်ဝင်လာချိန်၌မူ လည်ပင်းတွင် အေးစိမ့်သွားပြီး မြင်ကွင်းတစ်ခုလုံးမှာ လေထဲသို့ ပျံတက်သွားသကဲ့သို့ မြင့်တက်သွားသည်။ သူ၏ ဦးခေါင်းနှင့်အတူ လေထဲသို့ ဝဲတက်သွားသည်မှာ အမှုထမ်းကောင်းအဖြစ် ဂုဏ်ပြုခံရရန် နီးစပ်ခဲ့သောသူ၏ ဓားသွားပင်။

အလွန်စိုးရိမ်ရသည့် အခြေအနေတွင် လုံယီသည် သူ၏ တောင်ဖြိုခွန်းသိုင်းကွက်၏ စွမ်းပကားကို အသုံးချကာ ရန်သူကို တုန်လှုပ်ခြောက်ခြားစေပြီး အငိုက်ဖမ်း၍ ပြန်လည်သတ်ဖြတ်လိုက်

ခြင်းပင်။ တောင်ဖြိုခွန်း သိုင်းကွက်၏ အရှိန်မသေမီမှာပင် လုံယီသည် သူ၏ အဆုံးစွန်သော ခွန်အားကို ထပ်မံထုတ်ဖော်ကာ သံချပ်ကာဝတ် စစ်သည် သုံးဦးကို မျက်တောင်တစ်ခတ်

အတွင်း၌ပင် ထပ်မံရှင်းလင်းလိုက်၏။

သူသည် ကုန်းပတ်ကို ဖြတ်ကျော်ကာ ကမ်းခြေသို့ ရောက်ရှိသွားပြီး ရန်သူအနည်းဆုံးရှိရာ အရပ်သို့ အတင်းအဓမ္မ ထိုးဖောက်ထွက်လိုက်သည်။

ဘုန်း... ဘုန်း... ဘုန်း... ဟူသော အသံများနှင့်အတူ ကံဆိုးသူ အစောင့်အချို့မှာ ယမမင်းထံသို့ အစောတစီး ရောက်ရှိသွားကြတော့သည်။ ကျန်ရှိနေသော အရာရှိများသည် လုံယီ၏ ရက်စက်ကြမ်းကြုတ်မှုကို မြင်တွေ့လိုက်ရသည့်အတွက် ရှေ့သို့ မတိုးရဲဘဲ တုံ့ဆိုင်းနေကြစဉ်မှာပင် လုံယီမှာ လွတ်မြောက်ရန် နီးစပ်နေပြီ ဖြစ်သည်။

“အင်း... မဆိုးဘူးပဲ”

အကြီးအကဲလျန်ကမူ အရာအားလုံးသည် သူ၏ လက်ခုပ်အတွင်း၌ ရှိနေသကဲ့သို့ အေးဆေးတည်ငြိမ်နေဆဲပင်။

“အရှင်... ကျေးဇူးပြုပြီး အရေးယူပေးပါတော့”

မြားသမားတစ်ဦးက တောင်းပြောလိုက်သည်။

“မလောပါနဲ့ဦး... မြားသမားအဖွဲ့တွေ ဘယ်မှာလဲ”

အကြီးအကဲလျန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ထိုအချိန်မှာပင် မြားသမားတပ်ဖွဲ့တစ်စု ရောက်ရှိလာ၏။

“ကောင်းပြီ... သူ့ကို ပစ်သတ်ကြစမ်း”

အကြီးအကဲလျန်က အမိန့်ပေးလိုက်သည်။

ရွှီး... ရွှီး... ရွှီး...

မြားမိုးများသည် လုံယီရှိရာ အရပ်သို့ တဝေါဝေါ ရွာသွန်းလာပါတော့သည်။ လုံယီသည် အနီးနားရှိ ရုပ်အလောင်းတစ်ခုကို ကောက်ကိုင်ကာ အသားဒိုင်းအဖြစ် အသုံးပြုခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်တွင် မြားအချို့ ထိမှန်သွားခဲ့သည်။

“သူ့ကို ထိသွားပြီ”

“မြန်မြန်... လိုက်ကြ”

လုံယီသည် ဆိပ်ကမ်းမှ အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့သော်လည်း အကြီးအကဲလျန်ကမူ ပြုံးလျက်သားဖြင့်ပင် ဆက်လက်လိုက်လံဖမ်းဆီးရန် အမိန့်ပေးလိုက်သည်။ မြားသမားများသည် ပိုမိုများပြားလာပြီး အားလုံးက မြင်းကောင်းများကို စီးနင်းကာ လုံယီ ထွက်ပြေးရာ လမ်းကြောင်းအတိုင်း ဒုန်းစိုင်းလိုက်ပါသွားကြတော့သည်။

“တကယ့်ကို မြန်လှချေလား”

လုံယီ၏ အရှိန်အဟုန်မှာ ကျားသစ်တစ်ကောင်ကဲ့သို့ လျင်မြန်လွန်းသဖြင့် မြင်းများပင် အနိုင်နိုင် လိုက်နေရသည်ကို မြင်သောအခါ လူအချို့မှာ ထိတ်လန့်တကြား အာမေဍိတ်သံများ ထွက်ပေါ်လာကြသည်။

“သူ လွတ်မှာ မဟုတ်ပါဘူး”

အကြီးအကဲလျန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“မြားအားလုံးကို အထူးဖော်စပ်ထားတဲ့ အဆိပ်တွေ သုတ်ထားတာ။ အချိန်ကြာလာတာနဲ့အမျှ အဆိပ်ရှိန်က ပိုပြင်းလာလိမ့်မယ်။ သိုင်းပညာရှင်တစ်ယောက်တောင် ဒါကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

“ဒီလို ခွန်အားကြီးတဲ့သူမျိုးကို ရင်ဆိုင်တဲ့အခါ စိတ်လောလို့ မရဘူး။ အချိန်ကြာလာတာနဲ့အမျှ သူဟာ အလိုလို အားနည်းချက် ပြလာလိမ့်မယ်။ ရှေးစကားရှိတယ်မဟုတ်လား... တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်ဆိုရင်တော့ အားအင်တွေ ကုန်ခမ်းသွားရတာပဲ”

အကြီးအကဲလျန်က ရယ်မောရင်း “မင်းတို့အားလုံး တစ်ခုခု သင်ယူလိုက်ရပြီလား”

“အကြီးအကဲလျန်က တကယ်ကို ပညာရှိတာပဲ အရာရှိမင်းကတော့ အရာရှိမင်းပါပဲ တကယ့်ကို ပြောင်မြောက်ပါတယ်”

ဘေးနားရှိ မြားသမားများက မြှောက်ပင့်ပြောဆိုကြရာ အကြီးအကဲလျန်မှာ အားရပါးရ ရယ်မောတော့သည်။

“မြို့ပြင်မှာ ဘယ်သူက အစွမ်းအထက်ဆုံး မြို့စောင့်အရာရှိချုပ်လဲဆိုတာကို လူသတ်သမား နင်ရှုံနဲ့ သံလက်သည်း ရှန်ဖန့်တို့ကို သိအောင်ပြရမယ်။ ရိုးရိုးခွန်အားကိုပဲ အားကိုးတာက အနိမ့်ဆုံးအဆင့်ပဲ”

အခြားတစ်ဖက်တွင်မူ...

လုံယီသည် သူ၏ခြေထောက်များမှာ တစ်ဖြည်းဖြည်း လေးလံလာပြီး မျက်ခွံများမှာလည်း ခဲဆွဲထားသကဲ့သို့ အချိန်မရွေး ပိတ်ကျတော့မည့်အလား ခံစားနေရသည်။ တစ်ပြိုင်နက်တည်းမှာပင် ရန်သူ့မြင်းခွာသံများမှာလည်း ပို၍ ပို၍ နီးကပ်လာနေပြီ ဖြစ်သည်။

တောက်... သွားပြီ

လုံယီ စိတ်ပူပန်လာသည်။ ဒီအတိုင်းသာ ဆက်သွားနေပါက တစ်ချိန်မဟုတ် တစ်ချိန် အဖမ်းခံရမည်မှာ သေချာသည်။ အတိတ်ကို ပြန်စဉ်းစားကြည့်လျှင် သူသည် အမြဲတမ်း ခုခံရန် ဖိအားပေးခံခဲ့ရသည်။ ချီမိသားစုနှင့် ရန်ငြိုးဖွဲ့မိသည့် အချိန်ကတည်းက ဤနိဂုံးမှာ သတ်မှတ်ပြီးသား ဖြစ်ပုံရသည်။

အဆက်အသွယ်ရှိသူကို ပြစ်မှားမိပါက... အသေခံရန် စောင့်ဆိုင်းခြင်း သို့မဟုတ် ခက်ခဲစွာ ခုခံရင်း အသတ်ခံရခြင်းမှလွဲ၍ ဒုတိယလမ်း မရှိတော့ဘူးလား။

လုံယီ မကျေနပ်နိုင်ပေ။

ခက်ခက်ခဲခဲ လူပြန်ဖြစ်လာခဲ့ပြီးမှ ဒီလိုမျိုး သေရမှာလား။

လုံယီသည် အလိုလိုပင် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်ရာ မျက်ဝန်းများ ဝင်းလက်သွားသည်။ မျက်နှာပြင်၏ ပထမဆုံးစာကြောင်းရှိ သူ၏အမည်မှာ အစိမ်းရောင်စစ်စစ်မှ အနီဖျော့ရောင်သို့ ပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။

အနီဖျော့ရောင်မှာ သတိပေးချက်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ပြသနေခြင်းဖြစ်ရာ လက်ရှိအခြေအနေနှင့် ကွက်တိပင်။ သို့သော် အမည်၏ ညာဘက်

အပေါ်ထောင့်တွင် အပေါင်းလက္ခဏာသေးသေးလေးတစ်ခု ပေါ်နေသည်ကို သေချာကြည့်မှ သတိထားမိလိုက်သည်။

ဒါက...

လုံယီ၏ မျက်လုံးများ တောက်ပသွားပြီး သူ၏အတွင်းမှ ခွန်အားသစ်တစ်ရပ် ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရကာ ရှေ့ရှိ တောင်တန်းတစ်ခုအတွင်းသို့ ထွက်ပြေးဝင်ရောက်သွားတော့သည်။ ထိုတောင်မှာ သစ်တောများ ထူထပ်ကာ ကျောက်ဆောင်များ ပေါများလှသည့် ကျားနက်နှင့် ပထမဆုံး ဆုံတွေ့ခဲ့သည့် တောင်ပင်။

“ဟေ့... ရပ်ကြ”

အကြီးအကဲလျန်က မြင်းကို ရပ်လိုက်ပြီး လုံယီ ပျောက်ကွယ်သွားသည့်ဘက်ကို အေးစက်သော အပြုံးဖြင့် ကြည့်ကာ “သေခါနီး ရုန်းကန်နေတာပဲ သူ သိပ်ဝေးဝေး မပြေးနိုင်ပါဘူး။ အားလုံးပဲ... အထဲဝင်ရှာကြ”

စွမ်းရည်ပြမျက်နှာပြင်အခြေအနေ…..

[အမည်: လုံယီ (+)]

[အခြေအနေ: အဆိပ်သင့် (အလယ်အလတ်)]

[စွမ်းအင်: ၈]

အခန်း။ ၄၄

အကြီးအကဲလျန်သည် မြင်းပေါ်တွင်ထိုင်ရင်း စစ်သည်များ တောင်ပေါ်သို့ တစ်ဦးပြီးတစ်ဦး တက်သွားသည်ကို ကြည့်ကာ မျက်လုံးများက တစ်ချက်တစ်ချက် ဝင်းခနဲ လက်နေသည်။

“အရှင်... အထဲကို မဝင်သေးဘူးလားခင်ဗျာ”

လက်အောက်ငယ်သားတစ်ဦးက သတိထား၍ မေးလိုက်သည်။

“ဘာလောစရာရှိလဲ ခွေးတွေ ရောက်ပြီလား”

ခဏအကြာတွင်မူ ကျွမ်းကျင်သူများ ဦးဆောင်လာသည့် သန်မာထွားကျိုင်းသော အနက်ရောင် အမဲလိုက်ခွေး တစ်ဒါဇင်ကျော် အခင်းဖြစ်ရာသို့ ရောက်ရှိလာသည်။ ထိုအမဲလိုက်ခွေးများသည် အကြီးအကဲလျန်ကို ဗဟိုပြု၍ အရပ်မျက်နှာအသီးသီးသို့ ဖြန့်ကြက်နေရာယူလိုက်ကြသည်။ ထိုအခါမှသာ အကြီးအကဲလျန်သည် သူ၏ သံခမောက်ကို ဆောင်းကာ ကိုယ်ပေါ်ရှိ သံကွင်းချပ်အင်္ကျီကို တင်းကျပ်အောင် ပြုပြင်ပြီးနောက် လက်အောက်ငယ်သားများ၏ နောက်မှနေ၍ ကျားနက်တောင် ထဲသို့ အေးအေးလူလူ လိုက်ပါသွားတော့သည်။

တောင်ပေါ်ရှိ လူသူမရိပ်မိသော ချုံပုတ်တစ်ခုအတွင်း၌ လုံယီသည် မျက်လုံးများကို မှိတ်လျက် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏မျက်နှာမှာ ဖြူလျော့နေပြီး နဖူးမှ ချွေးစက်ကြီးများမှာလည်း တစ်လုံးပြီးတစ်လုံး စီးကျနေသည်။

သူသည် စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်ရာ ယခင်က မြားသမားအတော်များများကို သတ်ဖြတ်ခဲ့သဖြင့် စုဆောင်းမိထားသော စွမ်းအင်မှာ ၁၇ မှတ် အထိ ရှိနေသည်ကို တွေ့ရသည်။ အမည်ဟု ရေးထားသော အပိုင်းမှာ ပို၍ ရင့်သော အနီရောင်သို့ ပြောင်းလဲနေပြီး တဒိတ်ဒိတ် ခုန်နေကာ သူ၏ခန္ဓာကိုယ် အခြေအနေမှာ အလွန်စိုးရိမ်ရကြောင်း သတိပေးနေသည်။

တကယ့်ကို ပြင်းထန်တဲ့ အဆိပ်ပဲ။

လုံယီ ထိတ်လန့်သွားပြီး နောက်ထပ် အချိန်ဆွဲမနေဝံ့တော့ဘဲ အမည်၏ နောက်ကွယ်မှ အပေါင်းလက္ခဏာပေါ်သို့ စိတ်ကို အာရုံစိုက်လိုက်သည်။ ချက်ချင်းပင် စွမ်းအင် ၂ မှတ် လျော့နည်းသွားတော့သည်။

အလုပ်ဖြစ်တယ်ဟ။

လုံယီ စိတ်ထဲမှ ဝမ်းသာသွားသည်။

တစ်ပြိုင်နက်တည်းမှာပင် သူ၏ခန္ဓာကိုယ်အတွင်း၌ အေးမြသော အရည်ကြည်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး ခြေလက်များ အရိုးများနှင့် ကလီစာများတစ်လျှောက် လျင်မြန်စွာ စီးဆင်းသွားတော့သည်။

ယားလိုက်တာ။

ပြင်းထန်လှသော ယားယံမှုကြောင့် လုံယီမှာ မြေပြင်ပေါ်တွင် လူးလိမ့်ပစ်လိုက်ချင်စိတ် ပေါက်သွားသည်။ သွေးကြောများနှင့် အရိုးများပေါ်တွင် ပုရွက်ဆိတ် ထောင်သောင်းချီ၍ တွားသွားနေသကဲ့သို့ ခံစားရသည်။ သို့သော် အဝေးမှ လူသံများကို သဲ့သဲ့ကြားနေရသဖြင့် သူသည် အံကို ကျစ်ကျစ်ပါအောင် ကြိတ်ကာ ထိုဝေဒနာကို အောင့်အည်းသည်းခံလိုက်သည်။

အသက်ရှူအကြိမ် ၁၀ ခါခန့်အကြာတွင်...

ယားယံသော ခံစားချက်မှာ တဖြည်းဖြည်း လျော့ပါးသွားပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ ကျန်းမာသန်စွမ်းမှုနှင့် သက်လုံများ ပြန်လည်ဝင်ရောက်လာတော့သည်။

စွမ်းရည်ပြမျက်နှာပြင်အခြေအနေ…

[အမည်: လုံယီ (+)]

[အဆင့်: ကိုယ်ခန္ဓာ သန့်စင်ခြင်း (အဆင့် ၁)]

[အခြေအနေ: ကျန်းမာ]

[စွမ်းအင်: ၁၅]

လုံယီသည် တစ်ခါမျှမကြုံဖူးလောက်အောင် လန်းဆန်းမှုကို ခံစားလိုက်ရပြီး အလွန်ကောင်းမွန်သော အိပ်စက်ခြင်းတစ်ခုမှ နိုးထလာသကဲ့သို့ပင်။

သေဘေးကနေ သီသီလေး လွတ်သွားတာ။

ဤစွမ်းအင်သည် ကုသခြင်းလုပ်ဆောင်ချက်ပါ ရှိသည်ကို သူသတိပြုမိလိုက်သည်။ နောင်တွင် မမျှော်လင့်ထားသော အခြေအနေများအတွက် စွမ်းအင်အချို့ကို အမြဲချန်ထားရမည်ဟု လုံယီ တွေးလိုက်မိသည်။

အားနည်းချက်တစ်ခုတော့ ရှိသည်။ ၎င်းမှာ ကုသမှုသည် ချက်ချင်းလက်ငင်း ဖြစ်မလာဘဲ အသက်ရှူအကြိမ် ၁၀ ကြိမ်ခန့် ကြာမြင့်ခြင်းပင်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အသုံးပြုရန် မဖြစ်နိုင်သော်လည်း သူ၏ ရှင်သန်နိုင်စွမ်းကိုမူ အကြီးအကျယ် မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် သူ၏ အဆင့်မြင့်မားလာသည်နှင့်အမျှ ဤကုသမှုကြာချိန်မှာလည်း တိုတောင်းလာနိုင်သည်။

လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ပြန်ကြည့်လိုက်သည်။

[အမည်: လုံယီ]

[အသက်: ၁၉ / ၅၅]

[အဆင့်: မရှိသေးပါ]

[သိုင်းပညာရပ်များ]

[လုံမိသားစုပုဆိန်သိုင်း (ကျွမ်းကျင် 0/30)]

[ခဲပစ်အတတ် (ပါရဂူ 0/30)]

[အခြေခံ လက်သီးသိုင်း (ကျွမ်းကျင် 0/10)]

[အခြေခံ လှံသိုင်း (အခြေခံ 0/6)]

[လျှို့ဝှက်သိုင်း နဂါးထိုးဖောက်ခြင်း အပိုင်းအစ (0/20)]

[စွမ်းအင်: ၁၅]

လက်ကျန်စွမ်းအင် ၁၅ မှတ်မှာ အခြေခံလက်သီးသိုင်းကို အဆင့်မြှင့်တင်ရန် လုံလောက်သည်။ စွမ်းအင် နောက်ထပ် ၅ မှတ် ထပ်ရှာပြီး လျှို့ဝှက်သိုင်းကို လေ့ကျင့်ချင်စိတ် ပေါ်လာသော်လည်း ယခုအချိန်တွင် လက်တွေ့ကျကျ အဆင့်မြှင့်ထားခြင်းက ပိုစိတ်ချရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။

လုံယီသည် မဆိုင်းမတွဘဲ အခြေခံလက်သီးသိုင်းကို ကျွမ်းကျင်အဆင့်မှ ပါရဂူ အဆင့်သို့ မြှင့်တင်လိုက်သည်။ စွမ်းအင် ၁၀ မှတ် ချက်ချင်း ပျောက်ကွယ်သွားပြီး သူနှင့် စိမ်းသက်နေသော အသိဉာဏ် ဗဟုသုတများ သူ၏ဦးနှောက်အတွင်းသို့ စီးဝင်လာတော့သည်။

...

ယွမ်မင်းဆက်နှောင်းပိုင်း မာချန်းမြို့ ဟုန်ယန် သိုင်းသင်တန်းကျောင်း။

သင်တန်းကျောင်းအတွင်း၌ ငွေရောင်ဆံပင်နှင့် သိုင်းဆရာကြီးတစ်ဦးမှာ တည်ကြည်သော မျက်နှာထားရှိနေသည်။ သူ၏ အိုမင်းသော်လည်း ကျယ်လောင်လှသော အသံမှာ ခန်းမအတွင်း ဟိန်းထွက်နေသည်။

“ရင်အုပ်ကိုနှိမ့်၊ ကျောကိုဆန့်၊ ပုခုံးကို လျှော့ချထားစမ်း၊ တံတောင်ကို နှိမ့်ထား၊ ခါးကိုလျှော့ပြီး တင်ပါးကို တင်းထား မင်းတို့ရဲ့ ချီစွမ်းအင်ကို ဒန်တျန်ထဲမှာ စုစည်းထားစမ်း...”

အဖြူရောင် ဝတ်စုံဝတ်ထားသော အမျိုးသား အမျိုးသမီး ၁၀ ဦးကျော်မှာ သိုင်းဆရာကြီးကို အာရုံစိုက်ကြည့်ရင်း တိုင်ကပ်သိုင်းကို လေ့ကျင့်နေကြသည်။ သိုင်းဆရာကြီး ထွက်သွားမှသာ သူတို့အားလုံး စိတ်လျှော့ကာ အနားယူနိုင်ကြတော့သည်။

တစ်စုံတစ်ယောက်က ထောင့်စွန်းတစ်နေရာကို မနာလိုစွာ ကြည့်ရင်း ပြောလိုက်သည်။

"စီနီယာအစ်ကိုကြီးကတော့ အေးဆေးပဲနော် လေ့ကျင့်နေဖို့တောင် မလိုဘူး အဲဒီမှာ ထိုင်နေရုံပဲ"

အခန်း၏ အရှေ့တောင်ဘက် ထောင့်စွန်းတွင် အသက် ၂၇၊ ၂၈ ခန့်ရှိသော အမျိုးသားတစ်ဦးသည် မျက်လုံးများကို မှိတ်လျက် တင်ပျဉ်ခွေ ထိုင်နေသည်။ သူ၏ တည်ကြည်လှသော မျက်နှာထားနှင့် ဖော်ပြမတတ်နိုင်သော အရှိန်အဝါတို့ကြောင့် သူသည် သာမန်လူတစ်ယောက်မဟုတ်ကြောင်း ထင်ရှားလှသည်။

"စီနီယာအစ်ကိုကြီးရဲ့ လက်သီးသိုင်းက အဆုံးစွန်အဆင့်ကို ရောက်နေပြီလေ။ ဆရာကြီးပြောတာတော့ သူက သိုင်းပညာရှင်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာတဲ့။ ဆရာကြီးကိုယ်တိုင်တောင် အသက် ၅၀ နားနီးမှ အဲဒီအဆင့်ကို ရောက်တာ"

အမျိုးသားတစ်ဦးက အားကျစွာ ကြည့်ရင်း ပြောလိုက်သည်။

"နောင်ကျရင် ကျွန်မ ယောင်္ကျားယူရင် စီနီယာအစ်ကိုကြီးလို လူမျိုးပဲ ရှာယူမှာ"

အနီရောင်ဝတ်စုံနှင့် မိန်းကလေးက မျက်နှာလေး နီမြန်းလျက် ပြောလိုက်ရာ အားလုံးက ဝိုင်းရယ်ကြတော့သည်။

"ဂျူနီယာညီမလေးကတော့ အချစ်စိတ်တွေ ထပ်ကြွနေပြန်ပြီ"

ထိုအချိန်တွင် စီနီယာအစ်ကိုကြီး လုံယီမှာမူ ပတ်ဝန်းကျင်မှ စကားများကို လုံးဝသတိမထားမိဘဲ စိတ်ထဲတွင် အခြားအရာတစ်ခုကိုသာ တွေးတောနေခဲ့သည်။ နှစ်ပေါင်းများစွာအတွင်း သူ၏လက်သီးသိုင်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သော်လည်း ယခုနှစ်တွင်မူ လုံးဝရပ်တန့်နေခဲ့သည်။ ၎င်းမှာ သူ၏ရှေ့တွင် ပါးလွှာသော အမြှေးပါးတစ်ခု ကာဆီးထားသကဲ့သို့ဖြစ်ပြီး ထိုအရာကို ဖောက်ထွက်နိုင်မှသာ နယ်ပယ်သစ်တစ်ခုသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ အကယ်၍ မဖောက်ထွက်နိုင်ပါက သူသည် ဤဘဝတစ်လျှောက်လုံး ဤအဆင့်မှာပင် တစ်ဝဲလည်လည် ဖြစ်နေပေလိမ့်မည်။

"ဘယ်လိုလုပ်ပြီး အောင်မြင်အောင် ကျော်ဖြတ်ရမလဲ"

လုံယီသည် ငွေရောင်ဆံပင်နှင့် ဆရာကြီးထံတွင် အကြံဉာဏ်တောင်းခံခဲ့သည်။

ဆရာကြီးက ခဏတာ စဉ်းစားပြီးနောက် "ဂိုဏ်းပေါင်းစုံရဲ့ အားသာချက်တွေကို စုစည်းပြီး မင်းကိုယ်ပိုင် လက်သီးသိုင်းတစ်ခုကို သွန်းလောင်းဖန်တီးရမယ်" ဟု လမ်းညွှန်လိုက်သည်။ ထိုစကားကို ကြားရသောအခါ လုံယီ၏ မျက်လုံးများ ဝင်းလက်သွားတော့သည်။

နောက်တစ်နေ့တွင် မာချန်းမြို့ရှိ နာမည်ကြီး သိုင်းသင်တန်းကျောင်းအားလုံးသို့ အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ဦး ရောက်ရှိလာခဲ့သည်။

"ဟုန်ယန် သိုင်းသင်တန်းကျောင်းက တပည့် လုံယီပါ။ ရန်မိသားစု လက်သီးသိုင်းကို စိန်ခေါ်ဖို့ လာခဲ့တာပါ"

"ဟုန်ယန် သိုင်းသင်တန်းကျောင်းက တပည့် လုံယီပါ။ ဆရာကြီးဝမ်ဆီကနေ လမ်းညွှန်မှု လာတောင်းတာပါ"

"ဟုန်ယန် သိုင်းသင်တန်းကျောင်းက တပည့် လုံယီ... ဒီနေ့ သိုင်းသင်တန်းကျောင်းတစ်ခုလုံးကို စိန်ခေါ်ဖို့ လာတာပါ"

လုံယီသည် သိုင်းပညာရှင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့်အပြင် သူ၏ ငယ်ရွယ်နုပျိုမှုနှင့် ခွန်အားတို့ကြောင့် ဆရာကြီးများနှင့် ရင်ဆိုင်ရလျှင်ပင် ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။ သူ၏နာမည်မှာ လျင်မြန်စွာပင် ကျော်ကြားလာခဲ့သည်။

သိုင်းကျောင်းပေါင်းစုံမှ ဆရာကြီးများနှင့် ယှဉ်ပြိုင်ရင်း လုံယီ၏ လက်သီးသိုင်းမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ သိုင်းကွက်များမှာ ပိုမိုကျစ်လျစ်လာပြီး မလိုအပ်သော လှုပ်ရှားမှုများ မရှိတော့ဘဲ ရန်သူကို အထိရောက်ဆုံး ချေမှုန်းနိုင်မည့် နည်းလမ်းများကိုသာ အာရုံစိုက်လာသည်။ သူ၏ လှုပ်ရှားမှုများမှာ စတုရန်းကွက်ပေါ်မှ နယ်ရုပ်များကဲ့သို့ပင် စီးဆင်းနေပြီး အကွက်တိုင်းတွင် နောက်ထပ် အကွက်ပေါင်းများစွာကို ကြိုတင်တွက်ချက်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

ထိုနေ့တွင် သူသည် မြို့တော်၏ အကြီးဆုံးသော ဟောက်ယွဲ့သိုင်းသင်တန်းကျောင်းမှ မာချန်းမြို့၏ ထိပ်သီးပညာရှင်အဖြစ် ကျော်ကြားသော ဆရာကြီးဟုန်နှင့် ရင်ဆိုင်ခဲ့ရသည်။

အသက် ၆၀ ကျော်ပြီဖြစ်သော ဆရာကြီးဟုန်၏ လက်သီးသိုင်းမှာ အလွန်ရင့်ကျက်လှပြီး လှုပ်ရှားမှုတိုင်းမှာ သဘာဝကျလှသည်။ တိုက်ပွဲတွင် လုံယီကို လုံးဝအသာစီးယူထားသော်လည်း လုံယီ၏ စိတ်ဓာတ်မှာမူ လုံးဝယိမ်းယိုင်ခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်။ ဆရာကြီးဟုန်၏ ပြင်းထန်လှသော လက်သီးချက်များအောက်တွင် လုံယီ ယခင်က လေ့ကျင့်ခဲ့သမျှသော အတွေ့အကြုံများမှာ အာဟာရများအဖြစ်သို့ ပြောင်းလဲကာ စုပ်ယူခြင်း ခံလိုက်ရသည်။

ရုတ်တရက် လုံယီ၏ စိတ်ထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ အတွေးသစ်တစ်ခု ပေါ်လာပြီး သူ၏မျက်ဝန်းများ ဝင်းလက်သွားသည်။ သူသည် ယခင်က အသုံးပြုခဲ့သော ကြမ်းတမ်းသည့် တိုက်စစ်ပုံစံမှ နူးညံ့သိမ်မွေ့သော ပုံစံသို့ ချက်ချင်းပြောင်းလဲလိုက်ရာ ဆရာကြီးဟုန်မှာ အငိုက်မိသွားတော့သည်။ ဆရာကြီးဟုန်၏ အမြင်တွင် လုံယီသည် အိမ်ထဲမှ ဆွဲထုတ်ထားသော ထက်မြက်သည့် ဓားတစ်လက်အသွင်မှ အောက်ခြေတွင် မီးတောင်ရှိနေသော တည်ငြိမ်သည့် ပင်လယ်ပြင်ကြီးအသွင်သို့ ပြောင်းလဲသွားခြင်းပင်။

ဆရာကြီးဟုန်၏ လက်သီးချက်များကြားတွင် အသက်ရှူပေါက်လေးတစ်ခု ပေါ်လာသည့် ခိုက်အတန့်၌ လုံယီသည် ခုခံမှုမှ တိုက်စစ်သို့ ချက်ချင်းကူးပြောင်းလိုက်ပြီး မိုးကြိုးပမာ ပြင်းထန်လှသော လက်သီးချက် ၇ ချက်ကို ဆက်တိုက် ထိုးနှက်လိုက်ရာ ဆရာကြီးဟုန်၏ အားနည်းချက်များကို တည့်တည့်ကြီး ထိမှန်သွားတော့သည်။

ဆရာကြီးဟုန်မှာ နောက်သို့ ဆက်တိုက်ဆုတ်သွားရပြီး လုံယီကလည်း ရှေ့သို့ တစ်လှမ်းချင်း တိုးကာ နောက်ဆုံးတွင် ရင်ဘတ်ကို လက်သီးဖြင့် အားပါပါ ထိုးလိုက်ရာ ဆရာကြီးဟုန်မှာ သွေးများအန်လျက် လဲကျသွားတော့သည်။

အတိတ်မှတ်ဉာဏ်များ ပြီးဆုံးသွားသည်နှင့် လက်တွေ့လောကတွင် လုံယီ မျက်လုံးများကို ဖွင့်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် အလွန်ပြင်းထန်လှသော အပူလှိုင်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ရေကြီးမှုပမာ သားရဲကြီးတစ်ကောင်ပမာ တဟုန်ထိုး စီးဆင်းသွားတော့သည်။

“ဟူး...”

လုံယီသည် အော်ဟစ်ချင်စိတ်ကို အောင့်အည်းရင်း ထိုအပူရှိန်က သူ၏ ခန္ဓာကိုယ်ကို ပြောင်းလဲပေးနေသည်ကို ခံယူလိုက်သည်။ သူ၏ ကိုယ်ပေါ်မှ ညစ်ထေးထေး အဝါရောင်အရည်များ ထွက်ပေါ်လာပြီး အနံ့အနည်းငယ် နံစော်နေသည်။ အသွင်ပြောင်းလဲမှု ပြီးဆုံးသွားသောအခါ သူ၏ အသားအရေမှာ ကြေးနီရောင်စစ်စစ် သို့ ပြောင်းလဲသွားပြီး ယခင်နှင့်မတူသော ခံစားချက်ကို ရရှိစေသည်။

သူသည် မြေပြင်မှ ကျောက်ခဲတစ်လုံးကို ကောက်ယူကာ လက်ဖမိုးကို အားဖြင့် ခြစ်ကြည့်လိုက်ရာ ဖြူဖျော့ဖျော့ အမှတ်အသားလေးတစ်ခုသာ ကျန်ရစ်တော့သည်။

ဒီအသားအရေက နွားသားရေလိုမျိုး တော်တော်ကို မာကျောသွားတာပဲ။

လုံယီ တွေးလိုက်မိသည်။ ထက်မြက်သော သံထည်ပစ္စည်းများကို မခံနိုင်သေးသော်လည်း တုံးသော လက်နက်များကမူ သူ့ကို အလွယ်တကူ ဒဏ်ရာမပေးနိုင်တော့ချေ။ ထို့အပြင် ပါရဂူ အဆင့်သို့ ရောက်ရှိသွားသော လက်သီးသိုင်းမှာ ယခုအခါ ပုဆိန်သိုင်းထက်ပင် ပိုမိုအစွမ်းထက်သော သူ၏ အကောင်းဆုံးလက်နက် ဖြစ်လာခဲ့ပြီဖြစ်သည်။

“မြန်မြန်ရှာကြ”

“ဒီမှာ မရှိဘူး”

လုံယီသည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ နက်ရှိုင်းပြီး အန္တရာယ်ရှိသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ယခုအခါတွင်မူ... သူက ပြန်လည်အမဲလိုက်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

All Chapters