အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း။ ၄၇
အယ်ဟယ်ကျေးရွာသားများ ရောက်ရှိလာခြင်းကြောင့် ကျားနက်တောင်ပေါ်တွင် ပိုမိုဆူညံပွက်လောရိုက်သွားတော့သည်။ သို့သော်လည်း ကြမ်းတမ်းရက်စက်လှသော လုံယီမှာမူ တစ်စုံတစ်ယောက်ကိုမျှ ထပ်မံရန်မပြုတော့ဘဲ ပျောက်ကွယ်နေသကဲ့သို့ ရှိနေ၏။
“အား...”
ညိုညိုညက်ညက်နှင့် ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦးသည် တောင်စောင်းအတက်တွင် ချော်လဲသွားပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။
“အမေ... အမေ ဘာဖြစ်သွားသေးလဲဟင်”
ဆံပင်ကုပ်ဝဲနှင့် ကောင်လေးငယ်တစ်ဦးသည် နောက်ဘက်မှ ပြေးတက်လာပြီး အမျိုးသမီးကို အလျင်အမြန် ထူပေးလိုက်သည်။ ထိုသားအမိနှစ်ဦးစလုံးမှာ ဖုန်တောထဲတွင် နစ်မွန်းနေပြီး အဝတ်အစားများမှာလည်း နေရာအနှံ့ စုတ်ပြဲနေကာ နီရဲရောင်ကိုင်းနေသော အသားအရေများ ပေါ်ထွက်နေသည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် သူတို့သည် လမ်းခရီးတစ်လျှောက်တွင် များစွာနှိပ်စက်ခံခဲ့ရကြောင်း ထင်ရှားလှသည်။
“မြန်မြန်လုပ်စမ်း အချိန်ဆွဲမနေနဲ့”
နောက်ဘက်ရှိ စစ်သည်များက မည်သည့်ခံစားချက်မျှမရှိဘဲ ခက်ထန်စွာ မောင်းနှင်လိုက်ကြသည်။
“မဟုတ်ဘူး... အမေ ဘာမှမဖြစ်ပါဘူး။ ဒိုကီရဲ့ အမေ့အတွက် စိတ်မပူနဲ့နော်”
ထိုအမျိုးသမီးက နာကျင်စွာ ပြောလိုက်သည်။ သူမသည် ဘေးနားရှိ စူးစိုက်ကြည့်နေသော စစ်သည်များကို မြင်သောအခါ နောက်ထပ် အချိန်မဆွဲဝံ့တော့ဘဲ အားယူ၍ ပြန်ထလိုက်သည်။ သူမ၏ ဒူးခေါင်းမှာ သွေးများဖြင့် နီရဲနေပြီ ဖြစ်သည်။
ထိုအမျိုးသမီးနှင့် ကလေးငယ်မှာ ချန်စွန်း၏ ဇနီးနှင့် သားဖြစ်သူ ဒိုကီတို့ပင်။ လုံယီနှင့် ထူးခြားသော ပတ်သက်မှုရှိခဲ့ခြင်းကြောင့် သူတို့သားအမိမှာလည်း ဖမ်းဆီးခံခဲ့ရပြီး စောင့်ကြပ်သူ အမြောက်အမြားဖြင့် ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။
“အော်စမ်း”
ဘေးရှိစစ်သည်များက အေးစက်စွာ ဖိအားပေးလိုက်ကြသည်။
“လုံ... လုံယီ မင်း ဘယ်မှာလဲ...”
ချန်စွန်း၏ဇနီးသည် ခပ်အုပ်အုပ်အသံဖြင့် အော်ဟစ်လိုက်ရသည်။
“အသံကို မြှင့်အော်စမ်း”
“အရှင်... ကျွန်မ ရေလေးနည်းနည်းလောက် သောက်လို့ရမလားဟင်”
ချန်စွန်း၏ဇနီးသည် ခေါင်းလှည့်၍ တိုးညှင်းသော အသံဖြင့် တောင်းပန်ရှာသည်။
“အလုပ်ရှုပ်လိုက်တာကွာ အော်ရမှာကိုသာ အော်စမ်း”
စစ်သည်များက ဘယ်လိုမှ ဂရုမစိုက်ကြပေ။
“ကျွန်တော်ကြီးလာရင် ခင်ဗျားတို့ကို သေချာပေါက် ပြန်သတ်မယ်”
ဒိုကီ၏ မျက်ဝန်းထဲတွင် နာကျည်းမှုများဖြင့် ပြည့်နှက်နေပြီး သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒီကလေးကတော့ တကယ့်ကို ရက်စက်မယ့်ကောင်လေးပဲ”
မမျှော်လင့်ဘဲ နောက်ကွယ်မှ စစ်သည်က ထိုစကားကို ကြားသွားပြီးနောက် မထီမဲ့မြင် ပြုံးလိုက်သည်။ ထို့နောက် လက်ထဲရှိ ဆူးတပ်နှင်တံကို အားကုန်လွှဲ၍ ရိုက်ချလိုက်တော့သည်။
“ကျွန်တော်မျိုးတို့ကို ချမ်းသာပေးပါ အရှင်”
ချန်စွန်း၏ဇနီးသည် သူမ၏သားငယ် ဒိုကီကို ရင်ခွင်ထဲ၌ တင်းကျပ်စွာ ပွေ့ပိုက်ထားပြီး ကျရောက်လာတော့မည့် နှင်တံချက်ကို သူမ၏ အားနည်းလှသော ကျောပြင်ဖြင့် ခုခံကာကွယ်ရန် ပြင်ဆင်လိုက်သည်။
နှင်တံချက်သည် ချန်စွန်း၏ဇနီးထံသို့ ကျရောက်လုဆဲဆဲ အချိန်မှာပင် .
ရွှီး...
လေထုကို ဖြတ်သန်းသွားသော လေတိုးသံတစ်ခုကို သူမ ရုတ်တရက် ကြားလိုက်ရသည်။ သူမ ခေါင်းမော့ကြည့်လိုက်သောအခါ အရိပ်တစ်ခု ဖျတ်ခနဲ လှုပ်ရှားသွားသည်ကိုသာ မြင်လိုက်ရ၏။
“အား...”
ချက်ချင်းပင် သူမနှင့် သူမ၏သားကို ညှဉ်းပန်းနှိပ်စက်နေသော စစ်သည်မှာ ရင်နာစရာကောင်းလောက်အောင် အော်ဟစ်လျက် သူ၏ဦးခေါင်းနှင့် ခန္ဓာကိုယ်မှာ တခြားစီ ပြတ်တောက်သွားတော့သည်။
“ဦးလေးလုံ”
ဒိုကီက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
သူသည် မိခင်၏ရင်ခွင်ထဲမှ တိုးထွက်ကာ နောက်သို့ လှည့်ကြည့်လိုက်သောအခါ စစ်သည်
အမြောက်အမြားမှာ ချက်ချင်းပင် ရောက်ရှိလာကြပြီး သူတို့၏ မျက်နှာထားများမှာလည်း သိသိသာသာ ပြောင်းလဲသွားကြသည်။
“ငါတို့ မင်းကို စောင့်နေတာ ကြာပြီ”
လူသတ်သမားနှင့် သံလက်သည်းတို့သည် တောအုပ်ထဲမှ ထွက်လာကြပြီး လုံယီကို ဘယ်ညာညှပ်၍ ပိတ်ဆို့လိုက်ကြသည်။
“ဒီတစ်ခါမှ မင်းကို လွှတ်ပေးလိုက်ရင် ငါ့နာမည်ကို မင်းမျိုးရိုးအမည်အတိုင်း ပြောင်းလိုက်မယ်”
လူသတ်သမားသည် သူ၏ ဆူးတပ်တုတ်ကြီးကို ဝှေ့ယမ်းလျက် ကြွက်သားကြီးများကို ထုတ်ပြကာ ခက်ထန်စွာ ပြောလိုက်သည်။
သံလက်သည်းသည် သံမျက်နှာဖုံးကို တပ်ဆင်ထားပြီး သူ၏ ဘယ်ဘက်လက်ရှိ ငွေရောင်ချိတ်များမှာ အေးစိမ့်စွာ ဝင်းလက်နေသည်။ သူသည် စကားတစ်လုံးမျှ မဆိုသော်လည်း လုံယီအတွက်မူ လူသတ်သမားကဲ့သို့ပင် အန္တရာယ်ကြီးမားသူ ဖြစ်သည်။
“သေပေတော့”
လုံယီသည် အရာရှိချုပ်မားကို သတ်စဉ်က ရရှိခဲ့သော လှံတိုကို ဆွဲထုတ်ကာ လူသတ်သမားထံသို့ အရှိန်အဟုန်ဖြင့် စတင်တိုက်ခိုက်လိုက်တော့သည်။
ရွှီး...
လုံယီ၏ အံ့မခန်းလှသော ခွန်အားကြောင့် လှံတိုဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် စူးရှသော လေတိုးသံများ ထွက်ပေါ်လာပြီး အနီးနားရှိ သစ်ရွက်များမှာပင် တရှဲရှဲနှင့် လွင့်စင်ကုန်သည်။ လူသတ်သမားသည် ထိုမြင်ကွင်းကိုကြည့်ကာ စိတ်လှုပ်ရှားသွားပြီး မည်သည့်ကြောက်ရွံ့မှုမျှမရှိဘဲ သူ၏ ဆူးတပ်တုတ်ကြီးကို မြှောက်၍ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
“တောင်ဖြိုခွန်း”
လုံယီသည် ခပ်တိုးတိုး အော်ဟစ်လိုက်ရာ မမြင်နိုင်သော အရှိန်အဝါတစ်ခုမှာ ရန်သူထံသို့ ပျံ့နှံ့သွားသည်။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ ကြွက်သားများမှာ တင်းမာလာပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ ခွန်အားကို တစ်ခဏချင်းမှာပင် စုစည်းလိုက်ကာ နောက်တစ်စက္ကန့်တွင် အားကုန် ထုတ်လွှတ်လိုက်တော့သည်။
ဝူး...
လေတိုးသံမှာ ပိုမိုစူးရှလာပြီး လုံယီ၏ ပုဆိန်သိုင်းအစွမ်းမှာ နောက်ထပ်အဆင့်တစ်ခုသို့ မြင့်တက်သွားကြောင်း သက်သေပြနေသည်။
လူသတ်သမားမှာ ခေတ္တမျှ မှင်သက်သွားပြီး သူ၏လက်ထဲမှ လှုပ်ရှားမှုမှာ အနည်းငယ် တန့်သွားသဖြင့် ဆူးတပ်တုတ်ကြီး၏ အရှိန်အဟုန်မှာ သိသိသာသာ လျော့နည်းသွားတော့သည်။ လုံယီ၏ ပုဆိန်ချက်မှာ သူ့ထံသို့ ကျရောက်လုဆဲဆဲ အချိန်တွင်
လုံယီ၏ ကျောပြင်မှာ ရုတ်တရက် အေးစိမ့်သွားသည်။ သူသည် သူရရှိထားသော အသာစီးအခြေအနေကို စွန့်လွှတ်လိုက်ရပြီး ချက်ချင်းပင် နောက်သို့လှည့်ကာ ခုတ်ချက်ကို ခုခံမှုအဖြစ် ပြောင်းလဲလိုက်ရသည်။
ချွင်….
အလွန်ကျယ်လောင်လှသော သံချင်းရိုက်သံကြောင့် ပတ်ဝန်းကျင်ရှိလူအားလုံး မသိစိတ်ဖြင့် နားကို ပိတ်လိုက်ကြရသည်။ သံလက်သည်း၏ ပုံရိပ်မှာ ငါးလှမ်း ခြောက်လှမ်းခန့် နောက်သို့ ဆက်တိုက်ဆုတ်သွားပြီးမှ ရပ်တန့်နိုင်တော့သည်။ သူ၏ ဖြတ်တောက်ခံထားရသော ဘယ်ဘက်လက်မှ ငွေရောင်ချိတ်ပေါ်တွင် သွေးများစီးကျလာပြီး နီရဲသွားတော့သည်။
“တော်တော်လေးကောင်းတဲ့ အတတ်ပညာပဲ”
သံလက်သည်း၏ အက်ကွဲကွဲအသံမှာ မူမမှန်သော အရိပ်အယောင်များ ပါဝင်နေသည်။ အခြားမြားသမားများ ဝိုင်းရံလာသည်ကို မြင်သောအခါ လူသတ်သမားလည်း သတိပြန်ဝင်လာတော့သည်။ လုံယီသည် ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ကြောင်း သိသဖြင့် တောအုပ်အတွင်းသို့ ပြန်လည်ခုန်ဝင်သွားပြန်သည်။
ရွှီး... ရွှီး... ရွှီး...
သူရပ်နေခဲ့သော နေရာသို့ မြားအမြောက်အမြား ကျရောက်လာတော့သည်။
“ဒီကောင်က ထင်ထားတာထက် ပိုပြီး အန္တရာယ်ရှိတယ်”
သံလက်သည်းက အေးစက်စွာ ပြောလိုက်သည်။
လူသတ်သမား၏ မျက်နှာထားမှာလည်း မကောင်းလှပေ။
“သူ့ကို ဆရာကောင်းတစ်ယောက်ယောက်က သင်ပေးထားတာ ဖြစ်ရမယ်။ သူ့ရဲ့ သိုင်းပညာက အဆင့်တစ်ခုကို ရောက်နေပြီး စိတ်ညှို့အာနိသင်တောင် ပါနေပြီ။ ငါတောင် အငိုက်မိသွားမလို့ပဲ”
“ပြဿနာမရှိပါဘူး သူ့ရဲ့ ဝှက်ဖဲကို ငါတို့သိသွားပြီဆိုတော့ နောက်တစ်ခါက သူ့အတွက် သေမင်းနဲ့ တွေ့ရမယ့်အချိန်ပဲ”
သံလက်သည်းက ပြောရင်း သူ၏ အကြည့်မှာ ဒိုကီတို့ သားအမိထံသို့ မြွေဆိုးတစ်ကောင်ပမာ ကျရောက်သွားတော့သည်။ ထို့နောက် သူသည် လမ်းလျှောက်သွားပြီး ဒိုကီကို ကြမ်းတမ်းစွာ ဆွဲမလိုက်သည်။
“လွှတ် ကျွန်တော့်ကို လွှတ်ပေးကြ”
ဒိုကီက အတင်းအဓမ္မ ရုန်းကန်နေသော်လည်း သံလက်သည်းအတွက်မူ ထိုလက်သီးချက် ခြေကန်ချက်များမှာ ယားယုံမျှသာ ရှိတော့သည်။
“ကျွန်တော့်ကိုလွှတ် လွှတ်ပေးကြပါ”
သံလက်သည်း၏ တင်းကျပ်လှသော ဆုပ်ကိုင်မှုကြောင့် ဒိုကီ၏ မျက်နှာမှာ နီရဲလာပြီး မျက်လုံးများ ပြူးထွက်လာသည်။ ဤအတိုင်းသာ ဆက်သွားပါက ကလေးငယ်မှာ ပြန်လည်ကုသ၍မရနိုင်သော ထိခိုက်ဒဏ်ရာများ ရရှိသွားမည်မှာ အမှန်ပင်။
“အရှင်... ကျွန်မရဲ့ကလေးကို လွှတ်ပေးပါရှင် သူက အသက် ၁၀ နှစ်တောင် မပြည့်သေးပါဘူး” ချန်စွန်း၏ဇနီးသည် မျက်ရည်များ အသွယ်သွယ်စီးကျလျက် သံလက်သည်း၏ရှေ့တွင် ဒူးထောက်ကာ အကြိမ်ကြိမ် ဦးတိုက်တောင်းပန်ရှာသည်။ သူမ၏ နဖူးမှာ မြေပြင်နှင့် ရိုက်မိလွန်းသဖြင့် သွေးများထွက်ကာ စုတ်ပြတ်နေပြီဖြစ်သည်။
“သူ့ကို သေချာစောင့်ကြည့်ထားကြ”
သံလက်သည်းက မည်သို့မျှ ဂရုမစိုက်ဘဲ အေးစက်စွာ အမိန့်ပေးလိုက်သည်။
“ဒါက လုံယီရဲ့ သူငယ်ချင်းမိန်းမပဲ။ သူက ကောလာဟလတွေထဲကလို တကယ်ပဲ သူရဲကောင်းဆန်သလားဆိုတာ ငါ ကြည့်ချင်သေးတယ်”
“ဟားဟား... စိတ်ဝင်စားဖို့ကောင်းသားပဲ။ ငါလည်း အဲဒါကိုပဲ မျှော်လင့်နေတာ”
လူသတ်သမားကလည်း မရပ်မနား ရယ်မောနေတော့သည်။
“အမေ... သူ့ကို... မတောင်းပန်နဲ့...”
အသက်ရှူရန် ခက်ခဲနေသည့်ကြားမှ ဒိုကီ၏ မျက်နှာတွင် ခေါင်းမာသော အရိပ်အယောင်များ ပေါ်နေသည်။
ရွှီး...
အေးစိမ့်သော လေတိုးသံတစ်ခုနှင့်အတူ စစ်သည်များကြားတွင် အော်ဟစ်သံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။ ထိုလေလှိုင်းသည် သံလက်သည်း ရပ်နေသည့်နေရာသို့ ပြင်းထန်စွာ ဦးတည်လာ၏။ သံလက်သည်းသည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး မမျှော်လင့်ဘဲ ဒိုကီကို မြှောက်ကာ လူသားဒိုင်း အဖြစ် အသုံးပြုလိုက်သည်။
“လာလေ ခုတ်စမ်း”
သံလက်သည်းသည် သံမျက်နှာဖုံးအောက်မှနေ၍ သူ၏နီရဲနေသော မျက်လုံးများဖြင့် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သူ၏ဘေးတွင်ရှိသော လူသတ်သမားနှင့် အကြီးအကဲလျန်တို့သည်လည်း လုံယီထံသို့ တဟုန်ထိုး ပြေးဝင်သွားကြသည်။
ချွင် ချွင် ချွင်….
သုံးဦးသားသည် သာမန်လူသား၏ မျက်စိဖြင့် မမြင်နိုင်သော အရှိန်အဟုန်ဖြင့် အကွက်အချို့ ဖလှယ်လိုက်ကြပြီးနောက် လုံယီမှာ သွေးများအန်လျက် တောအုပ်အတွင်းသို့ လွင့်စဉ်ဝင်ရောက်သွားတော့သည်။
“ပစ်ကြစမ်း”
လုံယီ ပျောက်ကွယ်သွားသည့်နေရာသို့ မြားအစင်းပေါင်း ဒါဇင်နှင့်ချီ၍ ပစ်ခတ်လိုက်ကြသည်။
“ဒီကောင်က ငါးရှဉ့်ထက်တောင် ပိုချောသေးတယ်”
အကြီးအကဲလျန်က ကျိန်ဆဲလိုက်သည်။
“စစ်ကူတွေ မကြာခင် ရောက်လာတော့မယ် နောက်တစ်ခါကတော့ သူ့အတွက် သေမင်းနဲ့တွေ့ရမယ့် အချိန်ပဲ”
လူသတ်သမား၏ မျက်နှာထားမှာလည်း မကောင်းလှပေ။ အရာရှိချုပ်အဆင့်ရှိသူ အများအပြားနှင့် စစ်သည်တစ်ရာကျော်ကို ဦးဆောင်နေပါလျက်နှင့် ရက်ပေါင်းများစွာတိုင်အောင် လုံယီကို မဖမ်းနိုင်ခြင်းမှာ သူတို့အတွက် ဂုဏ်ယူစရာ မဟုတ်ချေ။
တောအုပ်အတွင်းရှိ လျှို့ဝှက်သော နေရာတစ်ခုတွင် လုံယီသည် သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ရင်း စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။ သူ၏အမည်မှာ ယခင်က စိမ်းလန်းနေသော အရောင်မှ အဝါရောင်သန်းသော အစိမ်းရောင်သို့ ပြောင်းလဲနေပြီး အနောက်တွင် အပေါင်းလက္ခဏာသေးသေးလေးတစ်ခု ပေါ်နေသည်။ ၎င်းမှာ သူ၏ ခန္ဓာကိုယ်အခြေအနေ ဆိုးရွားနေကြောင်း ပြသနေခြင်းဖြစ်သည်။
တောင်ဖြိုခွန်းသိုင်းကွက်ကို အကြိမ်ကြိမ် အသုံးပြုခြင်းနှင့် သိုင်းပညာရှင်များနှင့် တိုက်ခိုက်ခြင်းတို့ကြောင့် သူ၏ ခန္ဓာကိုယ်မှာ များစွာ ဝန်ပိနေခဲ့ပြီ ဖြစ်သည်။ သူသည် စွမ်းအင်အချို့ကို အသုံးပြုကာ ထိုအပေါင်းလက္ခဏာကို နှိပ်လိုက်သည်။
ချက်ချင်းပင် သူ၏ခန္ဓာကိုယ်အတွင်း၌ အေးမြသော စွမ်းအင်တစ်ခု ပေါ်လာပြီး ဒဏ်ရာများကို လျင်မြန်စွာ ပြုပြင်ပေးလိုက်ရာ ရင်ဘတ်နှင့် ဝမ်းဗိုက်မှ နာကျင်မှုများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သို့သော် လုံယီ၏ မျက်နှာမှာမူ အလွန်ပင် တည်ကြည်လေးနက်နေဆဲပင်။
ယခု သူလုပ်ရမည့်အရာမှာ သူကိုယ်သူ ကာကွယ်ရန်သာမက ဒိုကီ၊ ချန်စွန်း၏ဇနီးနှင့် အခြားသူများကိုပါ ကယ်တင်ရန် ဖြစ်သည်။ ဤအရာမှာ မဖြစ်နိုင်လောက်သော အလုပ်တစ်ခုပင်။
အခန်း။ ၄၈
လုံယီ၏ စိတ်နှလုံးကို ပိုမိုအေးစိမ့်သွားစေသည်မှာ မကြာမီအချိန်အတွင်းမှာပင် အခြားကျေးရွာများမှ မြို့စောင့်အရာရှိချုပ်များသည် ကျားနက်တောင်သို့ အစုလိုက်အပြုံလိုက် ရောက်ရှိလာကြခြင်းပင်။
စစ်သည်များ၏ ပြောစကားများအရ သူတို့၏ အမည်နာမနှင့် အဆင့်အတန်းများကို လုံယီ သိရှိလိုက်ရသည်။
ဆန်းဝမ်ရွာမှ အရာရှိချုပ်လီသည် ရှည်လျားသော ဓားရှည်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ပြီး နာမည်ကျော် ဓားပြများစွာ၏ ဦးခေါင်းကို ဖြတ်တောက်ခဲ့ဖူးသဖြင့် လေအလျင်ဓားဟု အမည်တွင်သူဖြစ်သည်။
ယုံအန်းရွာမှ အရာရှိချုပ်ဝမ်မှာ ထိုက်စီးမြို့အပြင်ဘက် တံတိုင်းတစ်ဝိုက်တွင် ထင်ရှားသော ဓားသမားတစ်ဦးဖြစ်ပြီး အရာရှိချုပ်လီကဲ့သို့ပင် နာမည်ကျော်ကြားသူဖြစ်သည်။
ရှောင်စီးရွာမှ အရာရှိချုပ်ဝူသည် ပုန်းကွယ်ပစ်ခတ်ရသော လက်နက်ပုန်းများတွင် ထူးချွန်သည့် ရှားပါးပါရဂူတစ်ဦးဖြစ်ပြီး ရန်သူကို အစအနမကျန် သတ်ဖြတ်နိုင်သူ ဖြစ်သည်။
ဤအရာရှိချုပ်များအားလုံးသည် သိုင်းပညာရှင်များ ဖြစ်နိုင်ခြေ အလွန်များပြားလှရာ လုံယီအနေဖြင့် သူတို့ကို တစ်ဦးချင်း ရင်ဆိုင်ရန်ပင် ခဲယဉ်းလှပေသည်။ ထို့ထက် ပို၍ဆိုးသည်မှာ ထိုကဲ့သို့သော ထိပ်သီးပညာရှင်များ၏ စောင့်ကြပ်မှုအောက်မှ လူတစ်ဦးကို ကယ်တင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ရန်သူ့အင်အားမှာ အဆမတန် ကြီးမားနေသဖြင့် လုံယီသည် သူ့ကိုယ်သူအလွယ်တကူ ထုတ်မပြတော့ဘဲ ပုန်းကွယ်နေလိုက်သည်။ သို့သော် အယ်ဟယ်ကျေးရွာသားများမှာမူ ဆိုးရွားစွာ ဒုက္ခရောက်နေကြရသည်။ သူတို့သည် သိုးအုပ်တစ်အုပ်ပမာ တောင်ပေါ်တွင် အတင်းအဓမ္မ စေခိုင်းခံရကာ လုံယီကို ရှာဖွေနေကြရ၏။ ရေမရှိ၊ အစားအစာမရှိ၊ အနားယူခွင့်မရှိသည့်အပြင် သဘာဝတရား၏ ခေါ်ဆိုမှုကို ဖြေရှင်းရန်ပင် အစောင့်အကြပ်များဖြင့် သွားလာနေရရာ ကျွန်
ဘဝနှင့် မခြားတော့ချေ။ လုံယီ အဖမ်းမခံမချင်း သူတို့၏ ဒုက္ခမှာ တစ်ရက်မျှ ရပ်တန့်မည်မဟုတ်ပေ။
“မင်းတို့တွေက သာမန်အရပ်သားတွေကို ဒီလိုမျိုး နှိပ်စက်ညှဉ်းပန်းရသလား ငါကိုယ်တိုင် မြို့တော်ကိုသွားပြီး မင်းကို တိုင်ကြားမယ်”
အနီးနားရှိ ရွာတစ်ရွာမှ ထင်ရှားကျော်ကြားသူတစ်ဦးသည် ဤအကြောင်းကို သိရှိသွားပြီးနောက် ဒေါသတကြီး ရောက်ရှိလာကာ အရာရှိချောင်ကို ဆဲဆိုကြိမ်းမောင်းလျက် တားဆီးရန် ကြိုးစားတော့သည်။
“ငါက သူတို့ကို ရာဇဝတ်သား ရှာဖွေဖို့အတွက် အကူအညီတောင်းနေတာပဲ။ ဒါက ဘာရာဇဝတ်မှု မြောက်လို့လဲ”
စစ်ဆေးရေးအရာရှိချောင်က မြင်းစီးလျက် ထွက်လာကာ အေးစက်စွာ ပြန်လည်ချေပလိုက်သည်။
“မတရားလိုက်တာ သူတို့ကို အစားအသောက်နဲ့ ရေမပေးဘဲ တောင်ပေါ်မှာ ရှာခိုင်းနေတာက နှိပ်စက်ညှဉ်းပန်းတာနဲ့ ဘာကွာလို့လဲ”
မြေရှင်ကြီးကျားကလည်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာပြီး အယ်ဟယ်ရွာသားများဘက်မှ ရပ်တည်ကာ ပြောလိုက်သည်။
လူသတ်သမားက သူ၏ လက်အောက်ငယ်သားများကို အချက်ပြလိုက်ရာ သူတို့က ဟန်ပြအဖြစ် ရိက္ခာအနည်းငယ်ကို ဝေငှပေးလိုက်ကြသည်။
“ရုံးတော်က ရာဇဝတ်သားကို ဖမ်းဆီးနေတာဖြစ်လို့ မသက်ဆိုင်တဲ့သူတွေ အဝေးမှာ နေကြစမ်း”
စစ်ဆေးရေးအရာရှိချောင်က လူစုလူဝေးကို အနီးသို့ မကပ်နိုင်ရန် အတင်းအဓမ္မ ဖယ်ရှားခိုင်းလိုက်သည်။
“တိရစ္ဆာန်တွေ”
“ငရဲသားတွေ လူမဆန်လိုက်တာ”
“ဒီအရာရှိချောင်က တကယ့် မြေခွေးအရေခြုံပဲ။ အရင်က ဘယ်သူမှ ဒါကို မရိပ်မိခဲ့ကြပါလား”
ကြည့်ရှုနေကြသော လူထုအတွင်းမှ ဆူညံသံများ ထွက်ပေါ်လာသည်။ အချို့က ဒုက္ခသည်များအပေါ် ကိုယ်ချင်းစာစိတ်ဖြင့်လည်းကောင်း အချို့က အယ်ဟယ်ရွာသားများ၏ ဆွေမျိုးမိတ်သင်္ဂဟများ ဖြစ်ခြင်းကြောင့်လည်းကောင်း အချို့မှာမူ ရွာလူကြီးများကဲ့သို့ စိတ်ကောင်းနှလုံးကောင်း ရှိသူများ ဖြစ်ခြင်းကြောင့် စစ်သည်များ၏ လုပ်ရပ်အပေါ် ဒေါသတကြီး ရှုတ်ချနေကြသည်။
သို့သော်လည်း သူတို့အနေဖြင့် ဘာမျှ အရေးယူဆောင်ရွက်နိုင်စွမ်း မရှိကြချေ။ တိတ်ဆိတ်စွာ စောင့်ကြည့်ရင်း အနည်းငယ်မျှသော ဖိအားကိုသာ ပေးနိုင်ကြသည်။
ထိုလူအုပ်ထဲ၌ပင် အချို့ကမူ လုံယီကိုသာ အပြစ်တင်နေကြသည်။ လုံယီကြောင့်သာ ရွာသားများ ယခုကဲ့သို့ ဒုက္ခရောက်ရခြင်းဖြစ်သည်ဟု ယူဆကာ သူသည် အတ္တကြီးလွန်းသူဖြစ်ကြောင်း ပြောဆိုကြသည်။
“လုံယီက သူတို့ကို ရွာသားတွေကို ဖမ်းခိုင်းလို့လား လုံယီက သူတို့ကို ဒီလို ယုတ်မာတဲ့ အလုပ်တွေ လုပ်ခိုင်းလို့လား”
လုံယီနှင့် အတူအလုပ်လုပ်ဖူးသူ ဆွေယွမ်က လုံယီဘက်မှ မနေနိုင်ဘဲ ကာကွယ်ပြောလိုက်သည်။
ကျားနက်တောင်တစ်ခွင်တွင် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်သံများ ပဲ့တင်ထပ်နေသည်။
“လုံယီ... မြန်မြန်ထွက်လာပါတော့ ငါတော့ တကယ်ကို မောလှပြီ”
လက်သမားရှုသည် သစ်ပင်တစ်ပင်ကို မှီကာ အသက်ကို ပြင်းပြင်းရှူနေရရှာသည်။ သူ၏ အဝတ်အစားပေါ်တွင် ချွေးခြောက်ရာများမှတစ်ဆင့် ဆားပွင့်များပင် ထွက်နေပြီဖြစ်သည်။ တစ်ခါက တက်ကြွစူးရှခဲ့သော သူ၏ မျက်ဝန်းငယ်လေးများမှာ ယခုအခါ အရောင်မှိန်လျက် ရှိနေတော့သည်။
“လုံယီ... ငါတို့ကို ငဲ့ညှာပါဦး။ ကျေးဇူးပြုပြီး သနားပါဦး။ ငါ့ရဲ့ လက်မောင်းနဲ့ ခြေထောက်တွေကတော့ တကယ်ကို မတောင့်ခံနိုင်တော့ဘူး”
အတင်းအဖျင်း ပြောဆိုရသည်ကို ဝါသနာပါသော အရပ်ရှည်ရှည် အစ်မကြီးကောင်းမှာ လဲပြိုလုနီးပါးပင်။
သူမသည် သူမ၏ ကျောပြင်ကို လက်ဖြင့် အဆက်မပြတ် ပုတ်နေရပြီး ချွေးများကြောင့် မျက်နှာနှင့် လည်ပင်းတို့တွင် ကပ်နေသော ဆံပင်ရှည်ကြီးများမှာ သရဲတစ်ကောင်နှင့်ပင် တူနေတော့သည်။
“အို... လောကကြီးရယ်...”
ဆံပင်ဖြူဖြူ ကျောကုန်းကုန်းနှင့် အဘွားအိုလျူမှာလည်း ခြေချော်လဲသွားပြီးနောက် ခေတ္တမျှ ပြန်မထနိုင်တော့ဘဲ မြေပြင်ပေါ်တွင် လဲလျောင်းကာ အားနည်းစွာ ညည်းတွားနေရရှာသည်။ သူမ၏ ဘေးနားတွင်မူ တံငါသည်လျူ၏ အက်ကွဲကွဲ အော်ဟစ်သံများနှင့် ဒေါသတကြီး ဆဲဆိုသံများ ထွက်ပေါ်လာသည်။
“လုံယီ... မင်းလို လူယုတ်မာ တစ်ရွာလုံးကို မင်းအတွက်နဲ့ အသေခံခိုင်းချင်တာလား”
“လုံယီ... အခုချက်ချင်း ထွက်ခဲ့စမ်း”
အယ်ဟယ်ကျေးရွာသားများမှာမူ တိတ်ဆိတ်နေကြသော်လည်း အများစု၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့မှု၊ ထုံထိုင်းမှုနှင့်... နာကျည်းမှုများဖြင့် ပြည့်နှက်နေကြသည်။
“ဟားဟားဟား လုံယီ... မင်းသာ ထွက်မလာဘူးဆိုရင် ဒီအပြစ်မဲ့တဲ့ ရွာသားတွေက မင်းနဲ့အတူ ဒုက္ခခံရမှာပဲ”
လူသတ်သမားက ရူးသွပ်စွာ ရယ်မောလိုက်သည်။
“အလစ်အငိုက် တိုက်ခိုက်ဖို့လည်း မစဉ်းစားနဲ့ ငါတို့အားလုံးကို မင်း မသတ်နိုင်သရွေ့ပေါ့။ မင်း နောက်တစ်ခါ ထပ်တိုက်ခိုက်တာနဲ့ ငါ တစ်ယောက်ကို သတ်ပြမယ်”
တောအုပ်အတွင်း၌ လုံယီမှာမူ တိတ်ဆိတ်နေသည်။
စွမ်းရည်ပြမျက်နှာပြင်ထဲရှိ စွမ်းအင်မှာ ၁၈ မှတ် ရှိနေပြီး နဂါးထိုးဖောက်ခြင်းကို အဆင့်မြှင့်
တင်ရန် ၂ မှတ်သာ လိုတော့သည်။ သို့သော် သူ အဆင့်မြှင့်တင်နိုင်ခဲ့လျှင်ပင် ဘာထူးခြားသွားမှာလဲ။
ရွာသားတိုင်း၏ လည်ပင်းတွင် ဓားတစ်စင်းစီ ကပ်ထားခြင်း ခံနေရသည်။ စစ်သည်အားလုံးကို သူက တစ်ခဏချင်းမှာပင် အကုန်သတ်ပစ်နိုင်ပါ့မလား။
ငါ ဘာလုပ်ရမလဲ။
လုံယီသည် အံကို တင်းတင်းကြိတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတော့သည်။
သူ့စိတ်ထဲတွင်လည်း "သူတို့အသက်ရှင်ရှင် သေသေ ဂရုမစိုက်ပါနဲ့ မင်းက ဒီကမ္ဘာကလူတောင် မဟုတ်ဘူး။ အဆိုးဆုံးဖြစ်လာရင် နောက်မှ သူတို့အတွက် ကလဲ့စားချေပေးလိုက်ပေါ့" ဟု သွေးဆောင်နေသော အသံတစ်ခု ထွက်ပေါ်နေသည်။
သို့သော် တစ်ပြိုင်နက်တည်းမှာပင် လွန်ခဲ့သော အတိတ်က အဖြစ်အပျက်များက သူ့မျက်စိရှေ့၌ တရိပ်ရိပ် ပြန်လည်မြင်ယောင်လာသည်
စုတ်ပြတ်နေသော ကောက်ရိုးဖိနပ်ကို စီးကာ ခြေချောင်းများ ပေါ်ထွက်လျက် တောင်ပေါ်မှ ဆင်းလာစဉ် ဂူမိသားစုမှ ဒေါ်လေးဂူက မြင်သွားပြီး ဖိနပ်အသစ်တစ်စုံ လာပေးခဲ့သည်မှာ သူ မေ့မရနိုင်ပေ။
အိမ်ရှေ့တွင် ထင်းခုတ်နေသော သူ့ကိုကြည့်ကာ မုဆိုးမလျူက နွေးထွေးစွာ လာရောက်၍ ပဝါဖြင့် ချွေးသုတ်ပေးခဲ့သည်မှာလည်း အမှတ်ရနေဆဲပင်။
ချန်ချန်းက စားပွဲတစ်ဖက်တွင် ထိုင်ကာ စကားတွေ အားရပါးရ ပြောနေစဉ် ချန်စွန်းရှီက ဆန်ပြုတ်ကို နွေးထွေးစွာ ခပ်ပေးရင်း သူတို့နှစ်ဦးကို ကြင်နာစွာ ကြည့်နေခဲ့သည့် မြင်ကွင်းများ၊
နောက်ဆုံးတွင် ခွေးကလေးတစ်ကောင်ကဲ့သို့ သူ့ရင်ခွင်ထဲသို့ ခုန်ဝင်လာတတ်သော ပုံရိပ်ငယ်လေး...
“ဦးလေးလုံ”
...
သူတို့ကို မကယ်တင်ဘဲ နေလိုက်မယ်ဆိုရင် ငါ့အတွက် တစ်သက်လုံး ကြီးမားတဲ့ စိတ်ဒဏ်ရာ ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ သူတို့ကို ကယ်ဖို့ဆိုရင် နည်းလမ်းမရှိတာတော့ မဟုတ်ဘူး။ ငါကိုယ်တိုင်တော့ အခက်အခဲတချို့ကို ခံနိုင်ရည်ရှိဖို့ လိုလိမ့်မယ်။
ကျားဂူထဲ မဝင်ဘဲ ကျားသား ဘယ်ရနိုင်ပါ့မလဲ။
လုံယီ၏ စိတ်ထဲတွင် မရေမရာသော အစီအစဉ်တစ်ခု တဖြည်းဖြည်း ပုံဖော်လာသည်။ သူသည် သူ၏ အကြီးမားဆုံး အားကိုးရာဖြစ်သော စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။
ထိုစဉ်မှာပင်
“လုံယီလေး...”
လုံယီသည် ထိုအသံကို ကြားလိုက်ရသဖြင့် အလွန်စိတ်လှုပ်ရှားသွားသည်။
“ဆရာကြီးလင်း ဆရာကြီး ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ”
သူသည် လူကို မမြင်ရသော်လည်း ဆရာကြီးလင်၏ အသံကို ကြားနေရသည်။ ၎င်းမှာ ဆရာကြီးက လျှို့ဝှက်အသံလွှင့်ကျင့်စဉ်ကို အသုံးပြုနေခြင်းဖြစ်ကြောင်း သူသိလိုက်သည်။
“ကျားရုံက ငါ့ကို ဒီကိုလာဖို့ ဖိတ်ထားတာပဲ... ငါ မင်းကို အခု ကယ်ထုတ်ပေးနိုင်တယ် လိုက်မလား”
“ဒီနွားစစ်သားတွေ အကုန်လုံးကို သတ်ပစ်လိုက်ရင် ပြဿနာတက်နိုင်တယ်။ ရုံးတော်မှာ ငါတောင် ကြောက်ရတဲ့ အဘိုးကြီးတချို့ ရှိသေးတယ်”
လုံယီသည် ကောင်းကင်ဘက်သို့ လက်အုပ်ချီ ဦးညွှတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“ဆရာကြီး... ကျွန်တော် အခု မထွက်သွားနိုင်သေးပါဘူး။ ဒါပေမဲ့ ဆရာကြီးကို အကူအညီတစ်ခုတော့ တောင်းချင်ပါတယ်...”
“ဟားဟား... သတ္တိရှိတဲ့ ကောင်လေးပဲ။ စိတ်ချပါ ငါ ဒီမှာ ရှိနေသရွေ့တော့ ဘယ်သူမှ မင်းရဲ့ အသက်ကို မနှုတ်နိုင်စေရဘူး”