အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အခန်း။ ၄၉
လုံယီ၏ မျက်လုံးများမှာ တဖြည်းဖြည်း တောက်ပလာသည်။ ဆရာကြီးလင် ဤနေရာတွင် ရှိနေသရွေ့ သူသည် ဘာကိုမျှ စိုးရိမ်မနေတော့ဘဲ အားကုန် တိုက်ခိုက်နိုင်ပြီ မဟုတ်ပါလား။
...
နေမင်းသည် အနောက်ဘက်သို့ တဖြည်းဖြည်း ဝင်ရောက်သွားပြီး တိမ်တိုက်များကြားမှ လမင်းကြီး ထွက်ပေါ်လာကာ အေးစက်သော လေရူးများ တိုက်ခတ်နေတော့သည်။ အချိန် မည်မျှကုန်လွန်သွားသည်ကို မည်သူမျှ မသိနိုင်ချေ။
“မင်းတို့ သေတာကို သူက ထိုင်ကြည့်နေမယ့်ပုံပဲ”
လူသတ်သမားက လှောင်ပြောင်လိုက်သည်။
“သူက လူညံ့တစ်ယောက်ပဲ အထင်ကြီးစရာ မရှိပါဘူး”
“စိတ်ထားကျဉ်းမြောင်းရင် လူကြီးလူကောင်း မဟုတ်ဘူး။ ရက်စက်မှုမရှိရင်လည်း ယောက်ျားကောင်း မဟုတ်ဘူး”
သံလက်သည်း၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
“ငါသာ သူဆိုရင်လည်း အသေခံဖို့ ထွက်လာမှာ မဟုတ်ဘူး။ အသက်ရှင်နေမှသာ နောင်တစ်
ချိန်မှာ ကလဲ့စားပြန်ချေနိုင်မှာလေ”
“ဟားဟား... မှန်တာပေါ့”
အရာရှိချုပ်ဝမ်ကလည်း ရူးသွပ်စွာ ရယ်မောလိုက်သည်။
“သူသာ အရူးမဟုတ်ရင်တော့ ဘယ်တော့မှ ထွက်လာမှာ မဟုတ်ဘူး”
ထိုစကားကို ကြားရသောအခါ အယ်ဟယ်ကျေးရွာသားများ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုများ ဖြတ်ပြေးသွားတော့သည်။ သူတို့သည် အားအင်ကုန်ခမ်းလွန်းသဖြင့် လုံယီကို ဆဲဆိုရန်ပင် ခွန်အားမရှိကြတော့ချေ။
ချန်စွန်း၏ဇနီးမှာ ငိုက်မြည်းနေသော ဒိုကီကို ပွေ့ပိုက်ကာ မြက်ခင်းပေါ်တွင် ထိုင်လျက် ရှေ့သို့ မှိုင်တွေစွာ ကြည့်နေရှာသည်။ လျူမိသားစုမှ အဘွားအိုမှာမူ မြေပြင်ပေါ်တွင် သတိလစ်နေပြီး အိပ်မက်ထဲတွင် စကားများ ပြောနေ၏။ အစ်မချန်မှာလည်း သစ်ပင်တစ်ပင်ကို မှီလျက် တရှူးရှူး အော့အန်နေပြီး သူမ၏ ပါးစပ်တွင် သွေးမြှုပ်များဖြင့် ပြည့်နေသည်။ အယ်ဟယ်ကျေးရွာသားများ၏ အခြေအနေမှာ လူ့ငရဲခန်းတစ်ခုသို့ ရောက်နေသကဲ့သို့ပင်...
ထိုစဉ်မှာပင်…..
တောက်... တောက်... တောက်...
“ဟင်”
ဓားသမား အရာရှိချုပ်ဝမ်က ရုတ်တရက် ခေါင်းလှည့်၍ အနောက်ဘက်သို့ ကြည့်လိုက်သည်။
တောက်... တောက်... တောက်...
တောက်... တောက်... တောက်...
ခြေသံများမှာ တဖြည်းဖြည်း ပိုမိုကျယ်လောင်လာသည်။ လူတိုင်းက ခေါင်းမော့လိုက်ကြပြီး ထိုအသံထွက်ပေါ်ရာ အရပ်သို့ မျက်တောင်မခတ် စူးစိုက်ကြည့်လိုက်ကြသည်။
နောက်ဆုံးတွင်... အရပ်ရှည်ရှည်နှင့် ရင်းနှီးနေသော ပုံရိပ်တစ်ခုသည် တောအုပ်အတွင်းမှ ထွက်ပေါ်လာတော့သည်။
သူ၏ မျက်နှာမှာ တည်ငြိမ်အေးဆေးလျက် ရှိပြီး “ငါ့ကို ဖမ်းလိုက်ရင် သူတို့ကို လွှတ်ပေးမှာလား” ဟု မေးခွန်းထုတ်လိုက်သည်။
ထိုလူမှာ အသက် ၁၈ နှစ်၊ ၁၉ နှစ်ခန့်သာ ရှိသေးပြီး မျက်နှာတွင် ရဲရင့်ပြတ်သားသော အရှိန်အဝါရှိသည်။ ဂျုံရောင်အသားအရေနှင့် အရပ် ၆ ပေခန့် မြင့်မားသည်။ ဟောင်းနွမ်းသော ချည်ထည်အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း သူ၏ သန်မာလှပသော ကြွက်သားအဖုအထစ်များကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ ထိုသူမှာ အခြားသူမဟုတ် လုံယီပင်။
“ဒါပေါ့”
စစ်ဆေးရေးအရာရှိချောင်သည် တစ်နေရာမှ ထွက်လာပြီး သူ၏မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ရှိနေသည်။
“သူတို့ကို ဒီကို ခေါ်လာရတာက မင်းကို ရှာဖို့ပဲ။ အခု ငါ့ရည်မှန်းချက် အောင်မြင်ပြီဆိုတော့ သူတို့ကို ဆက်ထားထားဖို့ အကြောင်းပြချက် မရှိတော့ပါဘူး။ ပြီးတော့ ငါ့အတွက်လည်း နာမည်ကောင်းရဖို့ လိုသေးတာပဲ”
လုံယီ၏ ပတ်ဝန်းကျင်တွင် အရာရှိများနှင့် စစ်သည်များသည် စက်ဝိုင်းပုံစံ ဝိုင်းရံကာ ဖြည်းဖြည်းချင်း တိုးကပ်လာကြသည်။ သူတို့၏ မျက်နှာများမှာ သတိကြီးစွာ ထားနေကြပြီး မည်သူမျှ ပေါ့ဆရဲခြင်း မရှိကြချေ။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များက လုံယီ၏ ခွန်အားမှာ အရာရှိချုပ်တစ်ဦးနှင့် တူညီနေရုံသာမက သာမန်လူများကို ဝက်သတ်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်သည့်အတွက် ပို၍ပင် အန္တရာယ်ကြီးကြောင်း သူတို့ကို သတိပေးနေသည်။
“ကောင်းပြီ လုံယီ လက်နက်ချတာက ဘာများ အရေးကြီးလို့လဲ။ မင်းတို့တွေ မင်းတို့ပေးတဲ့ ကတိကို တည်ဖို့ပဲ ငါ မျှော်လင့်တယ်”
လုံယီသည် သူ၏ ရင်ဘတ်ကို ဖွင့်ဟလျက် အားပါပါ အော်ဟစ်လိုက်သည်။
သူ၏အသံမှာ တောင်တန်းနှင့် တောအုပ်တစ်ခုလုံးကို တုန်ခါသွားစေပြီး ငှက်အုပ်များကို လန့်ဖျန့်ပျံတက်သွားစေကာ မိုင်ပေါင်းများစွာ အကွာအဝေးအထိပင် ပဲ့တင်ထပ်သွားတော့သည်။
ထိုအသံကို ကြားရသောအခါ အရာရှိချောင်၏ အပြုံးမှာ အေးခဲသွားပြီး သူ၏ အကြည့်များမှာ ပိုမိုနက်ရှိုင်းသွားသည်။ အခင်းဖြစ်ပွားရာနေရာရှိ အရာရှိချုပ်များနှင့် စစ်သည်များမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ မယုံကြည်နိုင်သလို ဖြစ်နေကြသည်။ အယ်ဟယ်ကျေးရွာသားများမှာမူ အံ့အားသင့်စွာဖြင့် ခေါင်းမော့ကြည့်လာကြသည်။
အပြင်ဘက်မှ စောင့်ကြည့်နေသော လူအုပ်ကြီးသည်လည်း ထိုအသံကို ကြားရသောအခါ ထိတ်လန့်တုန်လှုပ်သွားကြပြီး အသံထွက်ပေါ်ရာဆီသို့ စုရုံးလာကြသည်။
“မဖြစ်နိုင်တာ သူ တကယ်ပဲ လက်နက်ချလိုက်တာလား”
“ဒီကောင်က အရူးလား”
“မဟုတ်ဘူး ဒါက အတုပဲဖြစ်ရမယ်။ တစ်ခုခု လှည့်ကွက်ရှိမှာပဲ”
အခင်းဖြစ်ပွားရာ နေရာ၌ လုံယီသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ လျှောက်လှမ်းလာသည်။ သူ့ကို ဝိုင်းထားသော အရာရှိများနှင့် စစ်သည်များမှာမူ လန့်ဖျန့်ကာ နောက်သို့ ဆက်တိုက် ဆုတ်ခွာသွားကြပြီး မည်သူမျှ မဆင်မခြင် မလှုပ်ရှားရဲကြချေ။ အချို့ဆိုလျှင် ကြောက်လန့်လွန်းသဖြင့် လက်ထဲမှ ဓားများပင် လွတ်ကျကုန်ပြီး ပြန်ကောက်ရန်ပင် မေ့လျော့နေကြသည်။
“လာစမ်း ငါ့ကို သံခြေကျင်း လက်ထိပ်တွေ ခတ်လိုက်ကြစမ်း”
လုံယီက ကြိမ်းဝါးလိုက်သည်။
သူ၏အကြည့်တွင် သူ့ကို ဝိုင်းထားသော ရန်သူအင်အားအမြောက်အမြားမှာ ရွှံ့ရုပ်၊ မြေရုပ်များကဲ့သို့ပင် ဘာမျှ အရေးမပါသကဲ့သို့ပင်။
လေထုတစ်ခုလုံးမှာ ခေတ္တမျှ တိတ်ဆိတ်အေးခဲသွားသည်။
“ကောင်းပြီ မင်းကတော့ တကယ့်ယောက်ျားကောင်းတစ်ယောက်ပဲ။ ဒီဖမ်းဆီးမှုမှာ ငါဆက်ပြီး မပါဝင်တော့ဘူး”
ဆန်းဝမ်ရွာမှ အရာရှိချုပ်လီသည် လုံယီကို လေးနက်စွာ တစ်ချက်ကြည့်ပြီးနောက် လှည့်ထွက်သွားတော့သည်။
အခြားအရာရှိများနှင့် စစ်သည်များကမူ ဤကဲ့သို့သော ကောင်းမှုကုသိုလ် သို့မဟုတ် အကျိုးအမြတ်ကို လက်လွှတ်မခံလိုကြပေ။ လုံယီသည် ဟန်ပြလက်နက်ချနေခြင်းမဟုတ်ကြောင်း အတတ်သိကြသဖြင့် စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းအုံပြေးဝင်လာကြတော့သည်။
...
အရာရှိများနှင့် စစ်သည်များ တောင်ပေါ်မှ ပြန်ဆင်းလာချိန်တွင် အပြင်ဘက်တွင် စောင့်နေကြသော လူအားလုံးမှာ လုံယီ၏ အခြေအနေကို မြင်တွေ့လိုက်ကြရသည်။
တစ်ပေခန့် ထူထဲသော သစ်သားထိတ်ခတ်ကြီးမှာ သူ၏လည်ပင်းတွင် ရှိနေပြီး သူ၏လက်နှစ်ဖက်ကိုလည်း ထိုသစ်သားပေါက်များအတွင်း၌ ချုပ်နှောင်ထားသည်။ လက်ကောက်ဝတ်များကို သံခြေကျင်းများဖြင့် ခတ်ထားပြီး ထိတ်ခတ်၏ မျက်နှာပြင်တွင်လည်း ခိုင်ခံ့စေရန် သံပြားများ မြှုပ်နှံထားသည်။
သူ၏ ခြေထောက်များကိုလည်း စတီးလ်အမာစား ခြေကျင်းများ ခတ်ထား၏။ ဆံပင်များမှာ ရှုပ်ပွနေပြီး တစ်ကိုယ်လုံးတွင်လည်း သွေးစွန်းလျက် သနားစဖွယ် အခြေအနေသို့ ရောက်ရှိနေသည်။
“ဒီသစ်သားထိတ်ခတ်က နှစ်တစ်ရာသက်တမ်းရှိတဲ့ အမာသားနဲ့ လုပ်ထားတာ သိုင်းပညာရှင်တစ်ယောက်ဆိုရင်တောင် ရုန်းထွက်နိုင်ဖို့ ခဲယဉ်းလိမ့်မယ်”
“သူ့ရဲ့ ခြေဖနောင့်ကြောနဲ့ လက်ကောက်ဝတ်ကြောတွေကို ဖြတ်ထားတာပဲ”
အကဲခတ်ကောင်းသူတစ်ဦးက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
ထိုစကားကို ကြားရသောအခါ လူတိုင်း မျက်လုံးပြူးသွားကြသည်။
“ဒါဆိုရင် သူက လူစဉ်မမှီတဲ့ ဒုက္ခိတတစ်ယောက် ဖြစ်သွားပြီပေါ့”
“အခုတော့ သူတကယ်ပဲ သေမယ့်ရက်ကို စောင့်နေရတော့မှာပဲ”
“တကယ့်ကို သူရဲကောင်းပီသတဲ့ လူတစ်ယောက်ပါပဲ။ တကယ့်ကို သူရဲကောင်းပါပဲ”
လူအများက သက်ပြင်းချရင်း ပြောကြသည်။
“ဦးလေးလုံ... ဦးလေးလုံ”
ဒိုကီသည် တောအုပ်နောက်ဘက်မှ ရုတ်တရက် ပြေးထွက်လာပြီး လုံယီ၏ ခြေထောက်ကို ဖက်ကာ ငိုကြွေးတော့သည်။
ဖုန်တောထဲတွင် ပေပွနေသော သူ၏မျက်နှာငယ်လေးမှာ မျက်ရည်များကြောင့် ပိုမိုညစ်ပတ်သွားရရှာသည်။
“ဦးလေး ကျွန်တော့်အတွက် စိတ်ပူနေစရာ မလိုပါဘူး မလိုအပ်ဘဲနဲ့”
သွေးစွန်းနေသော လုံယီ၏ မျက်နှာပေါ်တွင် နူးညံ့သောအပြုံးတစ်ခု ပေါ်လာသည်။ သူသည် အားယူ၍ ဆောင့်ကြောင့်ထိုင်လိုက်ကာ ဒိုကီ၏ ညစ်ပတ်နေသော ခေါင်းလေးကို သူ၏တံတောင်ဆစ်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
“နောင်ကျရင် အမေ့စကားကို ပိုပြီး နားထောင်နော်”
“နားထောင်ပါ့မယ် ဦးလေးလုံ မသွားပါနဲ့ဦး...”
ဒိုကီက ငိုယိုကာ တောင်းပန်နေရှာသည်။
“ဂရုစိုက်ကြပါ”
ချန်စွန်း၏ဇနီးသည်လည်း မျက်ရည်များဖြင့် ပြည့်နှက်နေပြီး ဒိုကီကို တင်းကျပ်စွာ ပွေ့ပိုက်ထားကာ လုံယီကို အရာရှိများက ဝိုင်းရံခေါ်ဆောင်သွားသည်ကို ကြည့်နေမိသည်။ အယ်ဟယ်ကျေးရွာသား အခြားသူများမှာမူ ဘေးကင်းသွားပြီဖြစ်သဖြင့် သက်ပြင်းချနိုင်ကြပြီး လုံလောက်သော ရေနှင့် အစားအစာများကို ရရှိကြတော့သည်။
အချို့မှာ သစ်ပင်ကိုမှီ၍ အနားယူနေကြပြီး အချို့မှာ မြေပြင်ပေါ်တွင် ထိုင်နေကြသော်လည်း အားလုံး၏ အကြည့်များမှာ ထွက်ခွာသွားသော လုံယီ၏ ကျောပြင်ဆီသို့ ရှုပ်ထွေးသော ခံစားချက်များဖြင့် ရောက်ရှိနေကြသည်။
လုံယီနှင့် ပတ်သက်မိ၍ သူတို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သော်လည်း လုံယီက သူတို့အတွက် အသက်ပေး၍ ကယ်တင်သွားသည့် လုပ်ရပ်မှာ ပြဇာတ်နှင့် ပုံပြင်များထဲတွင်သာ တွေ့ရလေ့ရှိသဖြင့် လူတိုင်းကို များစွာ တုန်လှုပ်စေခဲ့သည်။
“ချောင်ထျန်းလင်... မင်းသာ လုံယီကို လမ်းမှာ တိတ်တဆိတ် လုပ်ကြံဖို့ ကြိုးစားမယ်ဆိုရင် ငါကိုယ်တိုင် မြို့စားမင်းရုံးတော်အထိ သွားပြီး တိုင်တန်းမယ်”
မြေရှင်ကြီးကျားသည် သူ၏ အစေအပါးတစ်စုနှင့်အတူ စစ်ဆေးရေးအရာရှိချောင်ကို ခက်ထန်သော မျက်နှာထားဖြင့် ကြည့်ကာ သတိပေးလိုက်သည်။ လုံယီ လမ်းခရီးတွင် အသတ်ခံရမည်ကို သူ စိုးရိမ်နေခြင်းဖြစ်သည်။
အရာရှိချောင်သည် ဒေါသဖြစ်ပုံမပြဘဲ အေးအေးဆေးဆေးပင် ပြန်လည်ပြောဆိုခဲ့သည်။
“လုံယီရဲ့ ပြစ်မှုက အရမ်းကြီးမားတယ်။ ဒါကို ဥပဒေအရပဲ ဖြေရှင်းမှာပါ။ တခြားသူတွေ သင်ခန်းစာရအောင် သူ့ကို လူပုံအလယ်မှာပဲ စီရင်ချက်ချမှာပါ”
ထိုသို့ပြောပြီးနောက် သူသည် လက်ဝှေ့ယမ်းပြလိုက်ရာ စစ်သည်တစ်စုက လုံယီကို ထောင်လှောင်အိမ်ပေါ်သို့ တင်လိုက်ကြသည်။ လှောင်အိမ်ဘောင်အပြင်ဘက်တွင် သူ၏ခေါင်းတစ်ခုသာ ပေါ်နေတော့သည်။
“သူ့ကို အရင်ဆုံး မြေအောက်အကျဉ်းထောင်ထဲ ခေါ်သွားလိုက် ပြီးမှ နေဝင်တောင်တန်းက ဓားပြကြီးနဲ့အတူ မြို့ထဲကို ပို့ဆောင်မယ်”
အရာရှိချောင်က လူသတ်သမားကို ညွှန်ကြားလိုက်သည်။
လုံယီသည် ထောင်လှောင်အိမ်ထဲတွင် ထုံထိုင်းနေသော မျက်ဝန်းများဖြင့် ရပ်နေသည်။ သို့သော် သူ၏ရင်ထဲတွင်မူ သက်ပြင်းချနိုင်ခဲ့ပြီ ဖြစ်သည်။
အခက်ခဲဆုံး အပိုင်းကို သူ ကျော်ဖြတ်နိုင်ခဲ့ပြီ မဟုတ်ပါလား။
အရာရှိချောင်သည် သူ၏အမှားကို ပြန်လည်ပေးဆပ်ရန်နှင့် လေးလံသောဓားဂိုဏ်း ကို မျက်နှာသာပေးရန်အတွက် လုံယီကို ထိုက်စီးမြို့သို့ အသက်ရှင်လျက် ပို့ဆောင်ရမည်မှာ သေချာသည်။ ဤအချက်ကပင် လုံယီအတွက် လှုပ်ရှားရန် အခွင့်အရေး ပိုမိုရရှိစေသည်။
“ကလေး... ငါ မင်းနဲ့ တစ်ချိန်လုံး အတူရှိနေပေးလို့ မရဘူး။ မင်း ဒီအတိုင်း ထောင်ထဲဝင်ဖို့ သေချာရဲ့လား”
ဆရာကြီးလင်၏ အသံကို သူ၏နားထဲတွင် ကြားလိုက်ရသည်။
လုံယီက သူတစ်ပါးမရိပ်မိအောင် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။ ဆရာကြီးလင်က နောက်ထပ် အသံမထွက်တော့ချေ။
သူ တကယ်ပဲ ထွက်သွားပြီလားဆိုသည်ကိုမူ မသိနိုင်ပေ။
“အရာရှိချောင်... ဒီတစ်ခါမှာ အားလုံးက ဝိုင်းဝန်းကူညီခဲ့ကြတာပဲ။ သူ့ကို ငါတို့ရွာက ရုံးတော်တွေကို ဖြတ်သွားပြီး အမှတ်အသားတစ်ခုခု လုပ်ခဲ့ရင် မကောင်းဘူးလား”
ယုံအန်းရွာမှ အရာရှိချုပ်ဝမ်က အကြံပြုရာ အခြားအရာရှိချုပ်များကလည်း ချက်ချင်းပင် ထောက်ခံကြသည်။ လုံယီသည် မြို့စားမင်းရုံးတော်မှ သတ်မှတ်ထားသော အရေးကြီး တရားခံဖြစ်သဖြင့် အခြားရုံးတော်များကလည်း သူတို့၏ ပါဝင်မှုကို သက်သေပြနိုင်ရန်နှင့် ကုသိုလ်ယူလိုကြခြင်း ဖြစ်သည်။
ဤတောင်းဆိုချက်မှာ အလွန်အကျွံမဟုတ်ဘဲ ရက်အနည်းငယ်သာ ကြန့်ကြာမည်ဖြစ်သဖြင့် အရာရှိချောင်က စဉ်းစားပြီး သဘောတူလိုက်သည်။ ဆွေးနွေးပြီးနောက် သူနှင့် သံလက်သည်းတို့သည် ရယ်မောရင်း မြင်းစီးထွက်ခွာသွားကြပြီး အခြားရွာများမှ အရာရှိများလည်း ပြန်
ကုန်ကြသည်။ လုံယီကို ဝိုင်းရံပိတ်ဆို့နေသည့် ရက်များအတွင်း သူတို့၏ အဓိကတာဝန်များကို ပစ်ပယ်ထားခဲ့ရသဖြင့် အမြန်ပြန်၍ အဖတ်ဆယ်ကြရခြင်းဖြစ်သည်။
ဒုက္ခိတတစ်ဦး ဖြစ်သွားပြီဖြစ်သော လုံယီကို စောင့်ကြပ်ရန်အတွက် လူသတ်သမား ဦးဆောင်သော စစ်သည် ဆယ်ဂဏန်းခန့်သာ ကျန်ရစ်ခဲ့တော့သည်။ လုံယီအနေဖြင့် ပြဿနာထပ်ရှာရန် မဖြစ်နိုင်တော့ဘူးဟု သူတို့က ယူဆထားကြသည်။
တစ်ချိန်တည်းမှာပင် လုံယီသည် သူ၏အသက်ကို ရွာသားများအတွက် လဲလှယ်ခဲ့သည့်သတင်းမှာ ထိုက်စီးမြို့အပြင်ဘက်တွင် တောမီးပမာ ပြန့်နှံ့သွားတော့သည်။ ပညာရှိတစ်ဦးကမူ ဤဖြစ်ရပ်ကို ပုံပြင်စာအုပ်အဖြစ်ပင် ရေးသားခဲ့လေသည်။
သစ္စာရှင် လုံဒါလန်ဟူသော အမည်မှာ လူတိုင်းသိသော နာမည်တစ်ခု ဖြစ်လာခဲ့ပြီး သူ၏ဖခင်
ဖြစ်သူ ပညာရှိလုံထက်ပင် ကျော်ကြားသွားခဲ့တော့သည်။
အခန်း။ ၅၀
ဆင်ရှန်းမြို့ ဆိတ်ငြိမ်သော လမ်းကြားတစ်ခုရှိ သူရဲကောင်းစုဝေးရာလက်ဖက်ရည်ဆိုင်၌….
“ဟေ့... မင်းကြားပြီးပြီလား။ လုံယီကို လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ဖမ်းမိသွားပြီတဲ့”
“ဘာ ဘယ်လိုဖြစ်ပြီး မိသွားတာလဲ”
“သူ့ဘာသာသူ အဖမ်းခံလိုက်တာလေ”
“ကိုယ့်ဘာသာ အဖမ်းခံတယ်ဆိုတာ သေတွင်းထဲ ဆင်းတာနဲ့ အတူတူပဲ မဟုတ်လား”
“ဒီလိုကွ... အစိုးရရုံးက အယ်ဟယ်ရွာသားတွေ အကုန်လုံးကို ဖမ်းပြီး တောင်ပေါ်မှာ သူ့ကို အတင်းလိုက်ရှာခိုင်းတယ်လေ။ အစားလည်းမကျွေး အနားလည်းမပေးဘဲနဲ့။ အကယ်လို့ လုံယီသာ အဖမ်းမခံရင် သူ့ရွာသားတွေ အကုန်လုံး အလုပ်ပိပြီး သေကုန်ကြမှာပေါ့”
“ဒီစောက်စစ်သားတွေကတော့ကွာ”
“ဒါမှ တကယ့်သူရဲကောင်းကွ”
စားပွဲတစ်ခုတွင် ထိုင်နေသော အင်္ကျီလက်ပြတ်ဝတ်ထားသည့် လူနှစ်ဦးမှာ ပတ်ဝန်းကျင်ရှိ ဧည့်သည်များ ကြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အားတက်သရော ဆွေးနွေးနေကြသည်။
ထိုစကားကို ကြားသောအခါ လက်ဖက်ရည်ဆိုင်အတွင်းရှိ လူအုပ်ကြီးမှာ ချက်ချင်းပင် တစ်ခဲနက် ဒေါသထွက်ကာ မကျေနပ်ချက်များကို အသံကျယ်ကျယ်ဖြင့် ပြောဆိုလာကြတော့သည်။
“ဒီစစ်ဆေးရေးအရာရှိကတော့ တကယ့်ကို အဂတိလိုက်စားပြီး ယုတ်မာတဲ့ကောင်ပဲ”
“ဝမ်ကျန်းခရိုင်က ဝေးလံခေါင်းပါးပြီး ခေတ်နောက်ကျနေတော့ ဥပဒေတွေကလည်း ရှေးမဆန်လွန်းဘူးလား။ အစိုးရရုံးကလည်း အာဏာကို အလွဲသုံးစားလုပ်နေတာပဲ။ အလယ်ပိုင်းဒေသတွေမှာဆိုရင် ဒီထက်အများကြီး ပိုကောင်းမယ်လို့ ငါကြားဖူးတယ်”
“ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ တောရိုင်းတိရစ္ဆာန်တောင်တန်းကြီးက လမ်းမှာ ခံနေတော့ အလယ်ပိုင်းဒေသက အာဏာစက်တွေတောင် ဒီအထိ မရောက်နိုင်ဘူးလေ”
“ပညာရှိလုံရဲ့ သားအတွက်တော့ နှမြောစရာပါပဲ။ အကယ်လို့ သူသာ စစ်မက်ထူပြောတဲ့ ခေတ်ကာလမှာ မွေးဖွားခဲ့ရင်တော့ သေချာပေါက် သူရဲကောင်းတစ်ယောက် ဖြစ်လာမှာ”
လူအများမှာ တော်လှန်ပုန်ကန်လိုသော စိတ်ဆန္ဒများကို ဘေးလူကြားမည်စိုး၍ပင် မထိန်ချန်တော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုနေကြသည်။ အမှန်စင်စစ် ဤလက်ဖက်ရည်ဆိုင်မှာ မျက်မှန်းတန်းမိသော ဖောက်သည်ဟောင်းများဖြင့်သာ ပြည့်နှက်နေသဖြင့် မည်သူကမျှ အစိုးရထံ သွားရောက် သတင်းပေးတိုင်တန်းမည့်သူ မရှိကြောင်း ယုံကြည်ထားကြသောကြောင့် ဖြစ်သည်။
လက်ဖက်ရည်ဆိုင်၏ တောင်ဘက်နံရံတွင်…….
ထိုနေရာတွင် အမည်းရောင် ပုဆိုးစဖြင့် ဖုံးအုပ်ထားသော စက်ဝိုင်းခြမ်းပုံစံ တံခါးပေါက်တစ်ခု ရှိပြီး ၎င်း၏ နောက်ကွယ်၌မူ ကျယ်ဝန်းလှသော ရင်ပြင်တစ်ခု ရှိသည်။
ထိုရင်ပြင်၏ အလယ်ရှိ ကြီးမားသော ကုလားထိုင်ပေါ်တွင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားပြီး အသက် ၅၀ ကျော်ခန့်ရှိသော မျက်စိတစ်ဖက်ကန်းနေသော အဘိုးအိုတစ်ဦး ထိုင်နေသည်။ သူ၏ မျက်နှာမှာ ညိုမည်းနေပြီး လက်နှစ်ဖက်ကို သဘာဝအတိုင်း ချထားကာ မျက်စိတစ်ဖက်ကို မှိတ်ထားသော်လည်း သူ၏ နားရွက်များမှာမူ အဆက်မပြတ် လှုပ်ရှားနေသည်။ သူသည် လက်ဖက်ရည်ဆိုင်အတွင်းမှ ဆူညံသံများကို အာရုံစိုက် နားထောင်နေခြင်းပင်။
ခေတ္တမျှကြာသော်...
လုံယီအဖမ်းခံရသည့် သတင်းကို ဖြန့်ဝေခဲ့သည့် လူနှစ်ဦးသည် အစေအပါးများ၏ တားဆီးမှုကို ဂရုမစိုက်ဘဲ အမည်းရောင်ပိတ်စကို မတင်ကာ တံခါးပေါက်ကို ဖြတ်ကျော်လျက် အဘိုးအို၏ ရှေ့မှောက်သို့ အပြေးအလွှား ရောက်ရှိလာကြသည်။
ထိုလူနှစ်ဦးမှာ တစ်ဦးမှာ အရပ်ရှည်ရှည် သန်သန်မာမာနှင့် လက်မောင်းနှစ်ဖက်တွင် ကြောက်မက်ဖွယ် မြွေတက်တူးများ ရှိသည်။ အခြားတစ်ဦးမှာမူ ဖရိုဖရဲနိုင်သော မျက်နှာပေး ဖွာလန်ကြဲနေသော ဆံပင်များ မညီညာသော ဖိနပ်များ ဝတ်ဆင်ထားပြီး အင်္ကျီကို ပင့်တင်ထားသဖြင့် သူ၏ ဝမ်းဗိုက်သားကြီးမှာ အထင်းသား ပေါ်လွင်နေသည်။
အကယ်၍ လုံယီသာ ဤနေရာတွင် ရှိနေပါက ၎င်းတို့မှာ သူတစ်ချိန်က ဆုံးမခဲ့ဖူးသော လူမိုက်များဖြစ်သည့် ဝူပြောင်နှင့် ယန်အာတို့ဖြစ်ကြောင်း ချက်ချင်း သိရှိပေလိမ့်မည်။
အဘိုးအိုသည် သူ၏ မျက်စိတစ်ဖက်ကို ဖွင့်လိုက်သည်။ ထိုမျက်လုံးမှာ ရင့်မှည့်သော အဝါရောင်သန်းနေပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ကိန်းအောင်းနေသဖြင့် ဝူပြောင်နှင့် ယန်အာတို့မှာ မျက်နှာချင်းမဆိုင်ဝံ့ဘဲ အကြည့်ကို လွှဲလိုက်ကြရသည်။
“မင်းတို့ရဲ့ အကြံအစည်တွေကို ငါအကုန်သိပြီးသား စကားကို လှည့်ပတ်မနေနဲ့ လိုရင်းကိုပဲ ပြောစမ်း။ ငါစားခဲ့တဲ့ ဆားက မင်းတို့စားခဲ့တဲ့ ဆန်ထက်တောင် ပိုများသေးတယ်”
“အဘိုးကြီးယန်... အဘိုးက အမြဲတမ်း သူရဲကောင်းတွေကို လေးစားတတ်တာ မဟုတ်လား။ လုံယီကို အသေမခံသင့်ဘူးလေ”
“ဟား... ဒီလောကမှာ သူရဲကောင်းတွေ အများကြီးရှိတာပဲ။ ငါက တစ်ယောက်ချင်းစီတိုင်းကို လိုက်ကယ်နေရမှာလား”
“ဒါပေမဲ့ လုံယီက ပညာရှိလုံရဲ့ သားလေ။ အရင်တုန်းက ပညာရှိလုံက အဘိုးအပေါ် ကျေးဇူးရှိခဲ့ဖူးတယ် မဟုတ်လား”
“ဟမ့် အဲဒီကောင်လေးကို ထင်းခုတ်တဲ့ အလုပ်နဲ့ မိတ်ဆက်ပေးခဲ့ကတည်းက ကျေးဇူးကြွေးက ကျေပြီးသားပဲ။ ပြီးတော့ ချောင်ထျန်းလင်က သူ့ကို တခြားသူတွေ သင်ခန်းစာရအောင် သေဒဏ်ပေးဖို့ အပိုင်တွက်ထားတာ ဒီကိစ္စထဲ ဝင်ပါရင် ငါပါ နစ်သွားလိမ့်မယ်”
အဘိုးကြီးယန်၏ စကားကို ကြားသောအခါ ဝူပြောင်နှင့် ယန်အာတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ မျှော်လင့်ချက်မဲ့သွားကြသည်။ ခေတ္တမျှကြာသော် ယန်အာသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ဟန်ဖြင့် အသက်ကို ပြင်းပြင်းရှူကာ တိုးတိုးလေး ပြောလိုက်သည်။
“အဘိုးကြီးယန်... အဘိုးက ကလဲ့စားမချေချင်တော့ဘူးလား”
ထိုစကားကို ကြားလိုက်ရသည်နှင့် အဘိုးကြီးယန်၏ မျက်လုံးမှာ ဝင်းခနဲ ဖြစ်သွားပြီး သူတို့ကို စိုက်ကြည့်လိုက်ရာ လူနှစ်ဦးစလုံး တုန်လှုပ်သွားကြတော့သည်။
“အဘိုးကြီးယန်... အရင်တုန်းက အဘိုးက ချင်းပန်းဂိုဏ်းကို တည်ထောင်ခဲ့ပြီး ဆင်ရှန်းမြို့တစ်ခွင်ကို စိုးမိုးလုနီးပါး ဖြစ်ခဲ့တာလေ အရာရှိချောင်ရဲ့ ကြားဝင်နှောင့်ယှက်မှုသာ မရှိခဲ့ရင်ပေါ့...
အခု လုံယီက ဆရာကောင်းဆီမှာ သိုင်းသင်ထားတာ သူ့ရဲ့ ပါရမီကလည်း အံ့မခန်းပဲ။ အကယ်၍ သူသာ ဒီတစ်ခါ လွတ်သွားမယ်ဆိုရင် သေချာပေါက် ကလဲ့စားပြန်လာချေလိမ့်မယ် အဲဒီကျရင် အရာရှိချောင်လည်း အသက်ဘေးက လွတ်မှာမဟုတ်ဘူး”
စကားအဆုံးတွင် သူတို့နှစ်ဦးမှာ အဘိုးကြီးယန်၏ မျက်နှာရိပ်မျက်နှာကဲကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ အဘိုးကြီးယန်သည် သူ၏ ကန်းနေသော မျက်စိကို အသာအယာ ထိတွေ့ရင်း တိတ်ဆိတ်စွာ စဉ်းစားနေတော့သည်။
ချွင်….
ချွင်…..
ဘုန်း…..
ဘုန်း……
“မြန်မြန်လျှောက်စမ်း သွက်သွက်လုပ်”
ထိတ်ခတ်နှင့် သံခြေကျင်းများဖြင့် ချုပ်နှောင်ခံထားရသော လုံယီသည် ထောင်လှောင်အိမ်ပေါ်မှ ဆင်းကာ ခဲယဉ်းစွာ ရှေ့သို့ လျှောက်လှမ်းနေရသည်။ သူ့နောက်ကွယ်မှ စစ်သည်များက နှင်တံဖြင့် ရိုက်နှက်ကာ ကျိန်ဆဲ၍ မောင်းနှင်နေကြ၏။ ရက်အနည်းငယ် ကြန့်ကြာပြီးနောက်တွင်မူ ဆင်ရှန်းမြို့ စစ်ဆေးရေးရုံးသို့ နောက်ဆုံးတွင် ဦးတည်လာနိုင်ခဲ့ပြီ ဖြစ်သည်။
မြားသမားများမှာ ဆာလောင်မွတ်သိပ်နေကြပြီဖြစ်သဖြင့် လမ်းဘေးရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ စိတ်ကြိုက်ဝင်ရောက်ကာ စားသောက်ကြတော့သည်။ လုံယီမှာမူ ထိုင်ခုံနေရာ မရှိသော်လည်း သူတို့၏ အမြင်အာရုံမှ ပျောက်ကွယ်သွား၍ မရသဖြင့် ဆိုင်အလယ်တွင် ရပ်လျက် မြားသမားများ စားသောက်နေသည်ကို ကြည့်နေရသည်။
“အရာရှိမင်းတို့... ဘာများ သုံးဆောင်ချင်ပါသလဲခင်ဗျာ”
နှာခေါင်းပေါ်တွင် မှည့်အနက်ကြီးပါသော ဆိုင်ရှင်က ပျာပျာသလဲ လာရောက်ကြိုပြောလိုက်သည်။
“အမဲသားချက် အရက်ဝါနဲ့ မြေပဲ... အကောင်းဆုံးတွေသာ ချခဲ့စမ်း”
လူသတ်သမား ရှန်ဖန်းက သူ၏ ဧရာမဆူးတပ်တုတ်ကြီးကို ဘုန်းခနဲ မြည်အောင် ချလိုက်ရင်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
ခရီးတစ်ခုလုံးတွင် သူ၏ ခံတွင်းမှာ ပျက်နေခဲ့ရသည်။ မူလက တာဝန်ထမ်းဆောင်စဉ်အတွင်း အရက်သောက်ခြင်းကို တားမြစ်ထားသော်လည်း ရှန်ဖန်းကိုယ်တိုင် ဦးဆောင်နေသဖြင့် ကျန်သောစစ်သည်များမှာလည်း ဘာမျှ မစိုးရိမ်တော့ဘဲ အားရပါးရ စားသောက်ကြတော့သည်။
လုံယီသည် ဆိုင်အလယ်တွင် တိတ်ဆိတ်စွာ ရပ်နေရင်း အရာရှိများကို အေးစက်စွာ စောင့်ကြည့်နေသည်။ ခရီးတစ်လျှောက်တွင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နှိပ်စက်မှုများကို ခံခဲ့ရသော်လည်း သူသည် မျက်မှောင်တစ်ချက်ပင် မကုတ်ဘဲ ကြံ့ကြံ့ခံခဲ့သည်။ ယင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးမှာ သူ၏ စိတ်ဓာတ်နှင့် ဇွဲလုံ့လမှာ ယခင်ကထက် ပိုမိုခိုင်မာလာခြင်းပင်။
၂၁ ရာစုမှ ငြိမ်းချမ်းစွာ နေထိုင်ခဲ့သော လူငယ်လေးတစ်ဦးနှင့် ယခု လုံးဝ မတူတော့ချေ။
သူသည် စွမ်းရည်ပြမျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်သည်။ အမည်နေရာတွင် တစ်ဝက်မှာ အနီရောင် တစ်ဝက်မှာ အစိမ်းရောင် ပြနေပြီး သူ၏ အခြေအနေမှာ အလွန်စိုးရိမ်ရကြောင်း ဖော်ပြနေသည်။
သို့သော် လုံယီမှာမူ စိုးရိမ်ပူပန်ခြင်း မရှိပေ။ စွမ်းရည်ပြမျက်နှာပြင်နှင့် သူစုဆောင်းထားသော စွမ်းအင်မှတ်များ ရှိနေသရွေ့ အကောင်းဆုံး အခြေအနေသို့ ပြန်ရောက်ရန်မှာ မိနစ်ပိုင်းသာ လိုအပ်သည်။ ဤသစ်သားထိတ်ခတ်များသည် သာမန်သိုင်းပညာရှင်များကိုပင် မချုပ်နှောင်နိုင်ပါက သူ့အတွက်ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
အဓိကသော့ချက်မှာ ယခင်အမှားမျိုးကို နောက်ထပ်မကျူးလွန်မိရန်နှင့် ဒိုကီတို့ သားအမိအပါအဝင် ရွာသားများကို အန္တရာယ်ကြားထဲ ထပ်မံမကျရောက်စေရန်ပင်။
နောင်တစ်ချိန်မှာ ခြိမ်းခြောက်ခံရမယ့် အခြေအနေမျိုးကို အမြစ်ပြတ်အောင် လုပ်မှဖြစ်မယ်။ လုံယီ၏ စိတ်ထဲတွင် အကြမ်းဖျင်း အစီအစဉ်တစ်ခု ရှိနေပြီဖြစ်သည်။
ထိုသို့တွေးလိုက်စဉ်မှာပင် ဘုန်းခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။ စစ်သည်တစ်ဦး၏ ခေါင်းမှာ စားပွဲပေါ်သို့ အရှိန်ဖြင့် မှောက်ကျသွားခြင်းပင်။
“ဟားဟား... ဒီကောင်တော့ သောက်တာလွန်သွားပြီထင်တယ်”
ဘေးမှလူတစ်ယောက်က ရယ်မောလိုက်သည်။
သို့သော် ထိုသူမှာလည်း ကြာကြာမခံလိုက်ပေ။ ခေတ္တမျှအကြာတွင် သူကိုယ်တိုင်လည်း ဟင်းရည်ပန်းကန်ထဲသို့ မျက်နှာအပ်ကာ မှောက်ကျသွားပြီး အရက်များကြားတွင် သတိလစ်သွားတော့သည်။ မကြာမီမှာပင် လုံယီကို စောင့်ကြပ်နေသည့် မြားသမား ဆယ်ဂဏန်းကျော်မှာ တစ်ဦးပြီးတစ်ဦး ဘာမျှမသိတော့ဘဲ အိပ်မောကျသွားကြတော့သည်။
လူသတ်သမားတစ်ဦးသာ ရုန်းကန်နေဆဲဖြစ်ပြီး “မင်းတို့... ခွေးကောင်တွေ... ငါ့ကို ဆေးခတ်တယ်ပေါ့” ဟု ဟိန်းဟောက်လိုက်သည်။
သူသည် သူ၏ ဆူးတပ်တုတ်ကြီးကို ကောက်ကိုင်ရန် ကြိုးစားသော်လည်း ခြေကုန်လက်ပန်း ကျနေပြီဖြစ်ရာ ဆိုင်ရှင်ဖြစ်သူက ရှေ့သို့ ပြေးထွက်လာပြီး သူ့ကို ကန်ချလိုက်တော့သည်။
“မင်း သောက်တာ မဝသေးဘူးထင်တယ်”
ဆိုင်ရှင်က အပြုံးဖျော့ဖျော့ဖြင့် နှာခေါင်းပေါ်ရှိ မှည့်အနက်ကြီးကို ပွတ်ရင်း လူသတ်သမား၏ မျက်နှာပေါ်သို့ အရက်များကို အားရပါးရ လောင်းချလိုက်ရာ သူ၏ အရှိန်အဝါများမှာ ပျက်သုဉ်းကုန်တော့သည်။
“မင်း... ငါ... မင်းကို သတ်မယ်”
ရုန်းကန်နေသော လူသတ်သမားကို လူနှစ်ဦးက ဖိထားလိုက်ပြီး အခြားတစ်ဦးက သူ၏ပါးစပ်ကို အတင်းဖြဲကာ အရက်များကို မရပ်မနား တိုက်ကျွေးလိုက်ကြသည်။ သိုင်းပညာရှင်တစ်ဦး ဖြစ်သော်လည်း မူးယစ်ဆေး၏ အာနိသင်ကို မလွန်ဆန်နိုင်ဘဲ လူသတ်သမား၏ မျက်ခွံများမှာ တဖြည်းဖြည်း ပိတ်ကျသွားကာ နောက်ဆုံးတွင် မြေပြင်ပေါ်၌ သတိလစ်လဲကျသွားတော့သည်။
“မြန်မြန်လုပ်ကြ သူရဲကောင်းကို အချုပ်အနှောင်ကနေ လွှတ်ပေးလိုက်”
ဆိုင်ရှင်က အမိန့်ပေးလိုက်သည်။
စကားအဆုံးတွင် မီးဖိုချောင်အတွင်းမှ လူအချို့ ပြေးထွက်လာကြသည်။
“အစ်ကိုကြီး လုံယီ”
လုံယီ မော့ကြည့်လိုက်သောအခါ တစ်ချိန်က သူဆုံးမခဲ့ဖူးသော လူမိုက်များဖြစ်သည့် ယန်အာနှင့် ဝူပြောင်တို့ကို မြင်လိုက်ရသည်။
“မင်းတို့... ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ”
လုံယီ အလွန်အံ့အားသင့်သွားသည်။
“အစ်ကိုကြီးလုံ... ဒီလူနှစ်ယောက်က အဘိုးကြီးယန်ဆီမှာ အသနားခံပေးလို့ပါ ကျွန်တော်တို့ကတော့ အမိန့်အတိုင်း လာလုပ်ပေးတာပါ”
ဆိုင်ရှင်က ရှင်းပြသည်။
“ဒိုကီရဲ့ အမေကလည်း ကျွန်တော်တို့ကို အသနားခံထားလို့ပါ။ ကျွန်တော်တို့ အစွမ်းကုန် ကူညီပေးပါ့မယ်”
ယန်အာက ခေါင်းကို ကုတ်ရင်း ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
“အားလုံးကို ကျေးဇူးတင်ပါတယ် ဒီကျေးဇူးကို စကားနဲ့တောင် ပြောပြဖို့ မတတ်နိုင်တော့ဘူး”
လုံယီမှာ ထိတ်ခတ်မိနေသဖြင့် ဦးညွှတ်၍မရဘဲ ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။
“အစ်ကိုကြီးလုံ... မလောပါနဲ့ဦး”
လူအုပ်ထဲမှ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက တစ်နေရာမှ ကွေးကွေးလေးဖြစ်နေသော ငွေအပ်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ပြုံးလျက် “ဘယ်လောက်ပဲ ခိုင်မာတဲ့ သောခလောက်ဖြစ်ဖြစ် ကျွန်တော့်ရဲ့ မျိုးရိုးစဉ်ဆက် ငွေအပ်နဲ့တွေ့ရင်တော့ အရှုံးပေးရမှာပဲ”
ထို့နောက် သူသည် ထိုငွေအပ်ကို လုံယီ၏ ထိတ်ခတ်သောပေါက်အတွင်းသို့ ထည့်လိုက်သည်။ မည်သည့် အားစိုက်မှုမျှ မတွေ့ရဘဲ ကလောက်ဟုမြည်ကာ သံပြားများ မြှုပ်ထားသော ထိတ်ခတ်ကြီးမှာ ပွင့်သွားပြီး လုံယီ၏ လည်ပင်းမှာ လွတ်မြောက်သွားတော့သည်။