← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း။ ၅၃

လုံယီက အရှင်သခင်ဟွမ်ဟု ခေါ်သော ဟွမ်လေကို လွှတ်ပေးလိုက်ပြီး “ထောင့်မှာ သွားဆောင့်ကြောင့်ထိုင်နေစမ်း နောက်တစ်ခါ ငါ့ကို လှည့်ကွက်သုံးဖို့ ကြိုးစားတာမိရင် မင်းရဲ့ခြေထောက်သုံးချောင်းစလုံးကို ငါချိုးပစ်မယ်” ဟု သတိပေးလိုက်သည်။

ဟွမ်လေက ကြောက်ကြောက်လန့်လန့်ဖြင့် ခေါင်းငြိတ်သဘောတူလိုက်သော်လည်း သူ့မှာ ခြေထောက်သုံးချောင်း ဘယ်ကရမှာလဲဟု တွေးတောရင်း ဝေခွဲမရဖြစ်နေရှာသည်။

အကျဉ်းခန်းဖော် ခြောက်ဦးစလုံးကို အသေအချာ ခြိမ်းခြောက်ပြီးနောက် လုံယီသည် ကောက်ရိုးဖျာပေါ်တွင် ရဲရဲဝံ့ဝံ့ ထိုင်ချလိုက်သည်။ ကျန်သောလူများမှာမူ လုံယီ၏ အာရုံစိုက်မှုကို မခံရစေရန်အတွက် အိမ်ဝင်ခါစ ချွေးမလေးများကဲ့သို့ ထောင့်တစ်နေရာတွင် ကျုံ့ကျုံ့လေး ကပ်ထိုင်နေကြတော့သည်။ ပျင်းရိလာသဖြင့် လုံယီက သူတို့ကို စကားစမြည်ပြောရန် ဆုံးဖြတ်လိုက်သည်။

“မင်းတို့အားလုံးက နေဝင်တောင်တန်းက ဓားပြတွေပဲလား”

“ဟုတ်ပါတယ် အရှင်... ဒါပေမဲ့ ကျွန်တော်တို့က တကယ့်ဓားပြတွေ မဟုတ်ပါဘူး။ ဖိအားတွေကြားမှာ အသက်ရှင်ဖို့အတွက် တောင်ပေါ်ကို အတင်းတက်ခိုင်းခံရလို့ပါဗျာ”

“နေဝင်တန်းတောင်ရဲ့ နာမည်ဆိုးကတော့ တော်တော်ကြီးတာပဲ။ ငါ မင်းတို့အကြောင်း ကြားလာတာ နှစ်နှစ်တောင် ရှိပြီ။ အစိုးရက ဘာလို့ မင်းတို့ သောင်းကျန်းနေတာကို ဒီအတိုင်း လွှတ်ထားရတာလဲ”

လုံယီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“အရှင်... အစိုးရရဲ့ နှိမ်နင်းမှုတွေက ဒီနှစ်တွေအတွင်း တစ်ခါမှ မရပ်နားခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးက အင်အားကြီးမားတဲ့ သွေးနှစ်ဆင့်သိုင်းသမားတစ်ယောက်ဖြစ်နေလို့ပါ။ ပြီးတော့ နေဝင်တောင်တန်းကလည်း ခုခံဖို့လွယ်ပြီး တိုက်ခိုက်ဖို့ခက်တဲ့ နေရာဖြစ်နေလို့ အခုထိ ကြံ့ကြံ့ခံနိုင်နေတာပါ”

လုံယီ၏လက်ချက်ဖြင့် ပထမဆုံး လဲကျသွားခဲ့သော လူမိုက်က ဂုဏ်ယူစွာဖြင့် ပြန်ပြောသည်။

“သွေးနှစ်ဆင့်သိုင်းသမား အဲဒီ သွေးနှစ်ဆင့်ဆိုတာက ဘာလဲ”

လုံယီက စိတ်ဝင်တစား မေးလိုက်သည်။

ရွာသားတစ်ဦးဖြစ်ခဲ့သော လုံယီအတွက် သိုင်းပညာရှင်လောကသည် အမြဲတမ်း ပဟေဠိတစ်ခု ဖြစ်ခဲ့သည်။ သူတို့သည် အဆင့်အတန်း မြင့်မားသည်ဟုသာ သူသိထားပြီး ကျင့်စဉ်စနစ် သို့မဟုတ် အခေါ်အဝေါ်များကိုမူ ဘာမျှမသိချေ။ အာဏာရှိသူများက ထိုအချက်အလက်များကို တမင်သက်သက် ဖုံးကွယ်ထားပုံရသည်။ ထိုလူမိုက်မှာလည်း အခြေခံလောက်သာသိပြီး အချက်အချာကျသော မေးခွန်းများကို မေးသောအခါ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတော့သည်။

“အဲဒါကို ငါ နည်းနည်းသိတယ်”

ဘေးခန်းမှ တတိယခေါင်းဆောင် ကျူတာရွေ့၏ အသံ ထွက်ပေါ်လာသည်။

“သာမန်လူတွေ သိုင်းသင်တဲ့အခါ ချီစွမ်းအင်တွေကို စုဆောင်းကြရတယ်။ ခန္ဓာကိုယ်က အတိုင်းအတာတစ်ခုအထိ သန်မာလာတဲ့အခါ ရွှမ်တံခါးကို ချိုးဖျက်ပြီး ချီစွမ်းအင်တွေကို အစိုင်အခဲတစ်ခုအဖြစ် ပေါင်းစည်းလိုက်တယ်။ အဲဒါကို လျှို့ဝှက်ချီစွမ်းအင်လို့ ခေါ်ပြီး အဲဒီအဆင့်ရောက်မှ တကယ့်သိုင်းပညာရှင်လို့ ခေါ်တာပဲ”

“ဒီလျှို့ဝှက်ချီစွမ်းအင်ကို ပိုင်ဆိုင်ထားတဲ့အတွက် သိုင်းပညာရှင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အာရုံခံနိုင်ကြပြီး အပြန်အလှန် အဆင့်အတန်းကို ခန့်မှန်းနိုင်ကြတာပေါ့”

ထိုစကားကို ကြားရသောအခါ လုံယီသည် အတိတ်က ခြုံခိုတိုက်ခိုက်ခံရမှုကို သတိရသွားသည်။ ထိုသိုင်းပညာရှင်များသည် သူသည် သိုင်းသမားတစ်ယောက်မဟုတ်ကြောင်း ဘာကြောင့် အတတ်ပြောနိုင်ခဲ့သလဲဆိုသည်ကို သူ ယခုမှ နားလည်သွားတော့သည်။

“သိုင်းသမား အများစုဟာ ဒီအဆင့်မှာပဲ သူတို့ရဲ့ ပါရမီ ကုန်ဆုံးသွားတတ်ကြပြီး ရှေ့ဆက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ဒါပေမဲ့ အဲဒီအဆင့်ကို ထပ်ပြီး ကျော်ဖြတ်နိုင်ပြီး ဒုတိယမြောက် လျှို့ဝှက်ချီစွမ်းအင် အစိုင်အခဲကို ပေါင်းစည်းနိုင်ရင်တော့ ခွန်အားက သိသိသာသာကို တိုးတက်လာလိမ့်မယ်”

“ထိုက်စီးမြို့မရုံးတော်မှာတောင် သွေးနှစ်ဆင့်အဆင့် သိုင်းသမားတွေက အများကြီး မရှိဘူးကွ”

ကျူတာရွေ့၏ ရှင်းပြချက်မှာ ရှင်းလင်းပြတ်သားလှသဖြင့် အကျဉ်းသားအများစုမှာ ဤအကြောင်းအရာကို ပထမဆုံးအကြိမ် ကြားဖူးကြခြင်းဖြစ်ပြီး ဗဟုသုတအသစ်များ ရရှိသွားကြတော့သည်။

လုံယီသည် စိတ်ထဲတွင် ဝေခွဲမရဖြစ်နေမိသည်။ သူ၏ခန္ဓာကိုယ်မှာ အကြိမ်ကြိမ် သန်မာလာခဲ့ပြီး အစိုးရရုံးမှ သိုင်းပညာရှင် အရာရှိချုပ်များကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်သည့် စွမ်းအားရှိသော်လည်း လျှို့ဝှက်ချီစွမ်းအင်မူ မဖြစ်ပေါ်လာသေးချေ။

ပြီးတော့ ရွှမ်တံခါးဆိုတာကရော ဘာလဲ။ ဘယ်နေရာမှာ ရှိတာလဲ။

၎င်းမှာ ဆရာမရှိဘဲ ကိုယ့်ဘာသာ လမ်းစရှာနေရသူတို့၏ ကံဆိုးမှုပင်။ တစ်သက်လုံး ကိုယ့်အားကိုယ်ကိုးနေရုံနှင့် ဘာမှဖြစ်မလာနိုင်သည့် အခြေအနေမျိုးဖြစ်သည်။ စွမ်းရည်ပြမျက်နှာပြင်က မည်မျှပင် အစွမ်းထက်စေကာမူ ရှိပြီးသားအရာကိုသာ မြှင့်တင်ပေးနိုင်ပြီး မရှိသည့်အရာကို အသစ်ဖန်တီးပေး၍ မရနိုင်ချေ။

ဤအချက်ကို တွေးမိလေ လုံယီသည် အသက်ရှူကျင့်စဉ်ကို ပို၍ လိုလားတောင့်တလာလေ ဖြစ်တော့သည်။

အချိန်မှာ ညသို့ ရောက်ရှိလာခဲ့သည်။ လုံယီသည် လှဲမအိပ်ဘဲ သစ်သားထိတ်ခတ်ကြီးကိုပင် ခေါင်းအုံးသဖွယ် အသုံးပြုကာ နံရံကို မှီ၍ အနားယူလိုက်သည်။ သူတစ်ပါးကို အလွယ်တကူ မယုံကြည်သင့်ကြောင်း သူသိသည်။ ဤအကျဉ်းခန်းလေးထဲတွင် မေ့လျော့နေတုန်း တိုက်ခိုက်ခံရမည်ကို သူအဖြစ်မခံနိုင်ချေ။ အရှင်သခင်ဟွမ်နှင့် သူ၏အပေါင်းအပါများမှာမူ လုံယီကို ကြောက်လွန်းသဖြင့် အသံပင် မထွက်ရဲကြတော့ချေ။

မစင်နံ့၊ ဆီးနံ့၊ ခြေပုပ်နံ့နှင့် ပုပ်သိုးနေသော အသားနံ့များကြားတွင် လုံယီသည် မျက်လုံးများကို မှိတ်ထားသော်လည်း အိပ်ရေးမဝဘဲ တစ်ညလုံး အကြိမ်ကြိမ် နိုးနေခဲ့သည်။

...

“ထကြစမ်း အကုန်လုံး ထကြစမ်း”

ထောင်ဝန်ထမ်းတစ်ဦး အစားအသောက် လာပို့သဖြင့် လူတိုင်း နိုးလာကြသည်။ အကျဉ်းသားများအတွက် အစားအစာမှာ ပန်းကန်လုံးငယ်လေးများထဲတွင် ထည့်ထားသည့် ဂျုံကြမ်းပေါင်မုန့်နှင့် မဆေးရသေးသော မုန်လာဥအနည်းငယ်သာ ဖြစ်သည်။ အရသာမှာလည်း ဆိုးဝါးလှပြီး ပမာဏမှာလည်း ဗိုက်ဝဖို့ထက် မသေရုံတမယ်သာ ရှိသည်။

“မင်း အပြင်ထွက်ခဲ့စမ်း”

လုံယီ စားဖို့ပြင်နေတုန်းမှာပင် ထောင်ဝန်ထမ်းတစ်ဦးက သူ့ကို လက်ညှိုးထိုးခေါ်လိုက်သည်။

အပြင်ဘက် လမ်းကြားတွင် မီးတုတ်ကိုင်ထားသည့် လူအများအပြား ရှိနေသဖြင့် မှောင်မည်းနေသော အကျဉ်းထောင်မှာ လင်းထိန်သွားသည်။ သူ အပြင်ထွက်လိုက်သည်နှင့် မြားသမားအချို့က သူ့ကို ဝိုင်းဖိထားလိုက်ကြသည်။

“မင်း ဘာလို့ အားဟူကို သတ်လိုက်တာလဲ”

စစ်ဆေးရေးအရာရှိ ချောင်သည် နောက်ဘက်မှ ထွက်ပေါ်လာပြီး သွေးတက်နေသော မျက်လုံးများဖြင့် လုံယီကို စိုက်ကြည့်လိုက်သည်။

“သူက ကျွန်တော့်ကို သတ်ဖို့ လုပ်နေတာလေ ကျွန်တော့်လည်ပင်းကို အသာလေး ထိုးပေးထားရမှာလား”

“သူက အရာရှိ မင်းက သာမန်လူတန်းစား မင်း ဘယ်လိုတောင် လုပ်ရဲရတာလဲ”

အရာရှိချောင်၏ မျက်နှာမှာ မည်းမှောင်သွားသည်။

“မင်းလို အောက်တန်းစား လူတစ်ရာလောက် သေသွားတာက ဝမ်းနည်းနေဖို့တောင် မတန်ဘူး”

“ကျွန်တော့်ကို သတ်တဲ့သူကို ကျွန်တော် ပြန်သတ်တာပဲ”

လုံယီက အရာရှိချောင်ကို ရဲရဲဝံ့ဝံ့ စိုက်ကြည့်ကာ တုန့်ပြန်လိုက်သည်။

“ရိုင်းစိုင်းလိုက်တာ”

ဆံပင်ဖြူဖြူနှင့် ထောင်မှူးကြီးလီသည် ရုတ်တရက် ခုန်ထွက်လာပြီး စီရင်ချက်တုတ်ကို ကိုင်ကာ လုံယီကို အားကုန် ရိုက်နှက်တော့သည်။

လုံယီ၏ ကျယ်လောင်လှသော အော်ဟစ်သံ များကြောင့် မြားသမားများမှာ သဘောကျကာ ရယ်မောနေကြသည်။ သို့သော် လုံယီ၏ ခုခံနိုင်စွမ်းမှာ သာမန်လူများထက် အဆပေါင်းများစွာ သာလွန်နေသဖြင့် ဤရိုက်နှက်မှုအဆင့်မှာ သူ့အတွက် ယားရုံသာရှိသည်ကို သူတို့ မသိကြချေ။

“သူ့ကို အရိုးတွေဘာတွေ ကျိုးအောင်မလုပ်နဲ့ဦး။ နောက်နှစ်ရက်နေရင် မြို့မရုံးတော်ကို ပို့ရဦးမှာ”

အရာရှိချောင်က ခပ်ပေါ့ပေါ့ပင် မှာကြားပြီးနောက် လှည့်ထွက်သွားသည်။

“ခင်ဗျားက ဥပဒေအကြောင်း ခဏခဏ ပြောနေတာပဲ။ အကျဉ်းသားကို အခုလို နှိပ်စက်တာကကော ဥပဒေထဲမှာ ပါလို့လား”

လုံယီက မနေနိုင်ဘဲ မေးခွန်းထုတ်လိုက်သည်။

“ဟားဟား”

အရာရှိချောင်က လှည့်ကြည့်လာပြီး ပြက်လုံးတစ်ခုကို ကြားလိုက်ရသကဲ့သို့ လုံယီကို လက်ညှိုးထိုးကာ “ဥပဒေဆိုတာ လူတွေကြားဖို့ ပြောတာကွ။ ငါ့မျက်လုံးထဲမှာတော့ မင်းက မြက်ပင်တစ်ပင်နဲ့ မခြားဘူး။ မင်းကို ငါက ဘာလို့ ဥပဒေအကြောင်း ပြောပြနေရမှာလဲ”

အရာရှိချောင် ထွက်သွားပြီးနောက် ဆံပင်ဖြူဖြူနှင့် ထောင်မှူးကြီးလီက ထူးဆန်းသော မျက်နှာပေးဖြင့် အနားတိုးလာသည်။

“မင်းက ပိုင်မာရွာက အရာရှိချုပ်မားကို သတ်ခဲ့တာဆို”

လုံယီက ပြန်မဖြေသည်ကို မြင်သောအခါ သူက ဆက်ပြောသည်။

“မင်းလိုလူက သိုင်းပညာရှင်တစ်ယောက်ကို သတ်နိုင်တယ်ဆိုတာ ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတယ် အဲဒါက မင်းကိုယ်တိုင်လည်း သိုင်းသင်ထားလို့ပဲ ဖြစ်ရမယ်။ အကယ်လို့ မင်းသိထားတဲ့ အဲဒီသိုင်းကျင့်စဉ်ကို ငါ့ကို ပြောပြမယ်ဆိုရင် ကျန်တဲ့ရက်တွေမှာ မင်း သက်သက်သာသာ နေရအောင် ငါစီစဉ်ပေးမယ်”

“ခင်ဗျား ရုပ်က ဆိုးပေမဲ့ စိတ်ကူးယဉ်တာတော့ တော်တော် တော်တာပဲ”

လုံယီက အေးစက်စွာ ပြောလိုက်သည်။

ထောင်မှူးကြီးသည် လုံယီ၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ ဆက်၍ ခြိမ်းခြောက်လိုက် ချော့လိုက်သာ လုပ်နေပြန်သည်။

“မင်းသာ ပြောပြရင် ငါ မင်းအတွက် အကောင်းဆုံး အရက်နဲ့ အမဲသားတွေ လာပို့ခိုင်းမယ်။ မင်းသာ မပြောရင်တော့ ငါ့ရဲ့ ဆယ်စုနှစ်ချီ စုဆောင်းထားတဲ့ နှိပ်စက်နည်းတွေ အကုန်လုံးကို မင်းအပေါ် သုံးရလိမ့်မယ်”

“ကျွန်တော် ကြားဖူးတာကတော့ တကယ့်သိုင်းပညာရှင်စစ်စစ် ဖြစ်ဖို့ဆိုရင် သံကို မီးနဲ့ လောသလိုမျိုး ကိုယ့်ရဲ့ စိတ်ဓာတ်ကို အပြင်းအထန် အရောင်တင်ရတယ်ဆိုပဲ။ အဲဒီတော့ ခင်ဗျားပဲ ကျွန်တော့်ကို ကူညီပြီး အရောင်တင်ပေးလိုက်ပါဦး”

လုံယီက ခေတ္တမျှ ရပ်လိုက်ပြီးနောက် မမျှော်လင့်ဘဲ ဤသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“ကောင်းပြီ ကောင်းပြီ မင်း ဘယ်လောက်အထိ ကြံ့ကြံ့ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့” ထောင်မှူးကြီးသည် ဒေါသကြောင့် ရယ်မောလိုက်တော့သည်။

သူသည် သူ၏လူများကို နှင်တံများ လက်သည်းညှပ်ကိရိယာများ သံပူခတ်သည့် ကိရိယာများနှင့် သံနှင်တံများ အစရှိသည့် နှိပ်စက်ရေး ကိရိယာမျိုးစုံကို ယူဆောင်လာရန် အမိန့်ပေးလိုက်

သည်။ ထောင်မှူးကြီး မသိသည်မှာ လုံယီတွင် စွမ်းရည်ပြမျက်နှာပြင်ရှိနေပြီး မည်မျှပင် ပြင်းထန်သော ဒဏ်ရာရစေကာမူ ခဏချင်းအတွင်း အသစ်အတိုင်း ပြန်လည် ကုသနိုင်သည်ကိုပင်။

လုံယီ တစ်ယောက် ပြင်းထန်သော နှိပ်စက်မှုများကို ခံယူရတော့မည့် ဆဲဆဲတွင် ဘေးခန်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။

“သူ့ကို လွှတ်ပေးလိုက်စမ်း။ မင်း ပြီးခဲ့တဲ့တစ်ခါက ငါ့ကိုမေးတဲ့ ငွေစက္ကူတွေအကြောင်း အဲဒါတွေ ဘယ်မှာလဲဆိုတာ ငါပြောပြမယ်”

နေဝင်တောင်တန်းမှ တတိယခေါင်းဆောင် ကျူတာရွေ့က ရုတ်တရက် ကြားဝင်ကူညီလိုက်

ခြင်းပင်။

“ဒါဆိုရင်တော့ ငါတို့ တတိယခေါင်းဆောင်ကြီးရဲ့ မျက်နှာကို ထောက်ထားရမှာပေါ့”

ထောင်မှူးကြီး၏ မျက်နှာမှာ ခေတ္တမျှ ပြောင်းလဲသွားပြီးနောက် သူသည် လှောင်ပြောင်လျက် သူ၏လူများကို ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။ ကျူတာရွေ့ကို အပြင်သို့ ခေါ်ထုတ်သွားပြီး လုံယီကိုမူ အကျဉ်းခန်းထဲသို့ ပြန်ထည့်လိုက်သည်။

ထိုအခါမှသာ လုံယီသည် နေဝင်တောင်တန်း၏ တတိယခေါင်းဆောင်၏ ရုပ်ရည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ အရပ်အမောင်း မြင့်မားကာ မုတ်ဆိတ်မွေး ဗလပွနှင့် သူ၏မျက်လုံးများမှာ ကြေးခေါင်းလောင်းကြီးများပမာ ဝိုင်းစက်နေပြီး ကြမ်းတမ်းသော ပုံစံရှိသည်။ သူ၏ ခြေလက်များမှာလည်း အချုပ်အနှောင်များ ရှိနေသော်လည်း လုံယီနှင့် နှိုင်းယှဉ်လျှင် သက်သာသောအချက်မှာ သူသည် သစ်သားထိတ်ခတ်ကြီး အခတ်ခံမထားရခြင်းပင်။

“ဘယ်မှာလဲ”

ထောင်မှူးကြီး လီက စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်တော့သည်။

“အနားတိုးလာခဲ့ မဟုတ်ရင် လူတိုင်းကြားအောင် ငါအော်ပြောပစ်မှာနော်”

အဘိုးကြီးလီသည် မလိုချင်သော်လည်း ကိုယ်ကိုကိုင်းကာ နားစွင့်လိုက်ရသည်။ ခဏအကြာတွင် သူ၏မျက်လုံးများ၌ လောဘရိပ်များ ထင်ဟပ်လာတော့သည်။

“ဒီနေ့တော့ မင်းကို ယာယီလွှတ်ပေးလိုက်မယ် လိမ်လိမ်မာမာနေ”

အဘိုးကြီးလီက လုံယီကို သတိပေးပြီးနောက် သူ၏လူများနှင့်အတူ အလျင်အမြန်ပင် ထွက်ခွာသွားသည်။

“ငါ မင်းကို ကယ်လိုက်တာပဲ ဒါကို ကျေးဇူးဆပ်တယ်လို့ သတ်မှတ်လို့ရမလား”

တတိယခေါင်းဆောင် ကျူတာရွေ့က လုံယီကို မေးလိုက်သည်။

“အမှန်အတိုင်းပြောရရင် ကျွန်တော့်အတွက် မလိုအပ်ပေမဲ့ ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ တစ်ခုတော့ အကြွေးတင်သွားပြီပေါ့”

လုံယီက ခေတ္တစဉ်းစားပြီး ပြန်ဖြေသည်။

“ဟားဟား မင်းရဲ့ စိတ်ဓာတ်ကို ငါကြိုက်တယ်”

ကျူတာရွေ့က ရယ်မောလိုက်သည်။

“ဒီစောက်ကျိုးနည်းနေရာသာ မဟုတ်ရင် မင်းနဲ့အတူ အရက်သောက်ချင်ပါသေးတယ်ကွာ”

“နောင်တစ်ချိန်မှာ အခွင့်အရေးရှိမှာပါလေ”

လုံယီ၏ စကားကို ကြားသောအခါ ကျူတာရွေ့က မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်သည်။ ထောင်မှူးကြီးတစ်ယောက် ငွေစက္ကူတွေရှာဖို့ အလုပ်ရှုပ်နေ၍လားမသိ ထိုညတွင် လုံယီ ဘာနှောင့်ယှက်မှုမျှ မခံရပေ။

နောက်ထပ် တစ်ည ကုန်ဆုံးသွားပြန်သည်။

နောက်တစ်နေ့တွင်မူ ရှုပ်ထွေးလှသော ခြေသံများကြောင့် လူတိုင်း နိုးလာကြသည်။

“တောက်... မင်း ငါ့ကို လှည့်စားရဲတယ်ပေါ့လေ”

ထောင်မှူးကြီး၏ ဒေါသတကြီး အော်သံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။

“အဲဒီနှစ်ကောင်လုံးကို အပြင်ထုတ်ခဲ့စမ်း”

သူပြောသည်မှာ လုံယီနှင့် ကျူတာရွေ့တို့ နှစ်ဦးကို ဖြစ်သည်။

ဖြောင်း…

ထောင်မှူးကြီးသည် ရှေ့သို့တိုးလာကာ ကျူတာရွေ့ကို ပါးရိုက်လိုက်သည်။

“နေရာအတုနဲ့ ငါ့ကို အရူးလုပ်ဖို့ မင်းမှာ သတ္တိတွေ သိပ်ရှိနေတယ်ပေါ့လေ”

“မဖြစ်နိုင်တာ”

ကျူတာရွေ့က ဒေါသတကြီး ရုန်းကန်လိုက်သည်။

“ငါပြောတဲ့နေရာက အစစ်ပါ အဲဒီမှာ ငွေစင် ရာချီရှိနေရမယ်”

သို့သော် ခြေလက်များ အချုပ်ခံထားရပြီး ထောင်ဝန်ထမ်း ၃၊ ၄ ဦး၏ ဖိနှိပ်ခြင်းကို ခံထားရသဖြင့် သူ ဘာမှမတတ်နိုင်ချေ။ ထောင်ဝန်ထမ်းများ၏ မျက်လုံးများတွင်မူ လှောင်ပြောင်ရိပ်များ ထင်ဟပ်နေသည်။

ဤမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူမှာ ကတိဖျက်ရန် ကြံစည်နေပြီး ကိုယ်ကျင့်တရား လုံးဝမရှိကြောင်း လုံယီ နားလည်လိုက်သည်။

ထို့နောက် ထောင်မှူးကြီးသည် လုံယီကို လောဘဇောများဖြင့် စိုက်ကြည့်လာပြန်သည်။

“မင်းရဲ့ လျှို့ဝှက်ကျင့်စဉ်ကို ရွတ်ပြစမ်း မဟုတ်ရင် ရှင်လျက်နဲ့ ငရဲကျတာ ဘာလဲဆိုတာ ငါပြပေးမယ်”

“ဒီနေ့က လေးရက်မြောက်နေ့ပဲ”

ဘယ်ကနေ ဘယ်လို ထွက်ပေါ်လာမှန်းမသိသော စကားတစ်ခွန်းကို လုံယီက ရုတ်တရက် ပြောလိုက်သည်။

“ဘာ”

ထောင်မှူးကြီး ကြောင်အသွားသည်။

ထိုခဏမှာပင် လုံယီ၏ လက်မှ လက်ထိပ်များသည် ချွင်ခနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ဘုန်း…

သစ်သားထိတ်ခတ်ကြီးမှာလည်း နှစ်ခြမ်းကွဲထွက်သွားပြီး လုံယီ၏ ကိုယ်အထက်ပိုင်းမှာ လုံးဝလွတ်လပ်သွားခဲ့သည် ထို့နောက် သူသည် လျှာအောက်တွင် ဝှက်ထားသော ငွေအပ်ကို တည်ငြိမ်စွာပင် ထွေးထုတ်လိုက်ပြီး လက်ဖြင့် ဖမ်းဆွဲလိုက်သည်။

သူသည် ငုံ့လိုက်ကာ ခြေကျင်းများကို ဖြုတ်ရန် ပြင်လိုက်တော့သည်။

“သူ့ကို မြန်မြန် ဖိထားကြစမ်း”

ထောင်မှူးကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

အခန်း။ ၅၄

အနားရှိ မြားသမားအချို့သည် ရှူးခနဲ အသံနှင့်အတူ သူတို့၏ ဓားများကို ဆွဲထုတ်ကာ လုံယီထံသို့ တိုးကပ်လာကြသည်။ လုံယီကို သူ၏ခြေကျင်းများ ဖြုတ်ရန် အခွင့်အရေး မပေးလိုကြခြင်းပင်။

“လာကြစမ်း”

လုံယီက အားရပါးရ ရယ်မောလိုက်ပြီး ပေါင် ၅၀၊ ၆၀ ခန့် လေးလံသော သစ်သားထိတ်ခတ် တစ်ခြမ်းကို ကောက်ကိုင်ကာ အနီးဆုံးလူထံသို့ အရှိန်ပြင်းစွာ လွှဲရိုက်လိုက်သည်။ ထိုလူသည် ဓားဖြင့် အသည်းအသန် ကာကွယ်လိုက်သော်လည်း တောင်ကြီးတစ်လုံး ဖိချလိုက်သကဲ့သို့ မတွန်းလှန်နိုင်သော ခွန်အားကြီးတစ်ခု စီးဆင်းလာသည်ကို ခံစားလိုက်ရသည်။

ဘုန်း…..

ထိုလူ၏ ဦးခေါင်းခွံမှာ ကွဲအက်သွားပြီး မျက်လုံးများ လန်တက်လျက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ ကျန်ရှိသောလူများမှာ ထိတ်လန့်သွားကြပြီး အလိုအလျောက် နောက်ဆုတ်သွားကြသည်။ ထိုအခွင့်အရေးကို အသုံးချကာ လုံယီသည် မြေပေါ်တွင် ကျန်ရစ်သော ဓားကို ကောက်ကိုင်ပြီး သူ၏ခြေကျင်းများကို အားကုန် ခုတ်ချလိုက်တော့သည်။

ချွင်….ချွင်….ချွင်…

မျက်တောင်တစ်ခတ်အတွင်း လုံယီသည် ငါးကြိမ်ဆက်တိုက် ခုတ်ချလိုက်ရာ ခြေကျင်းများမှာ နှစ်ပိုင်းပြတ်သွားတော့သည်။ ယခုအခါ လုံယီသည် လုံးဝလွတ်လပ်သွားပြီဖြစ်ရာ လှောင်အိမ်မှ ထွက်လာသော ကျားတစ်ကောင်ပမာ အရာရှိများရှိရာသို့ ပြေးဝင်တော့သည်။

သူသည် ဓားကို ပုဆိန်တစ်ခုသဖွယ် အသုံးပြုကာ ကျွမ်းကျင်အဆင့်ရှိသော ပုဆိန်သိုင်းနှင့် ပေါင်တစ်ထောင်ကျော်သော ခွန်အားတို့ ပေါင်းစပ်လိုက်သောအခါ အရာရှိများကို မုန်လာဥ ကညင်ဥများပမာ တစ်ဦးပြီးတစ်ဦး ခုတ်ပိုင်းလေတော့သည်။

“ပြေးကြဟေ့”

ထောင်မှူးကြီးလီသည် မျက်နှာဖြူဖျော့သွားကာ ထွက်ပြေးရန် ကြိုးစားတော့သည်။ သို့သော် ထောင်လမ်းကြားမှာ ကျဉ်းမြောင်းလှပြီး အခြားမြားသမားများကလည်း သူ့နည်းတူ ပြေးရန်ပြင်နေကြသဖြင့် တစ်ဦးနှင့်တစ်ဦး ပိတ်ဆို့နေကြရာ လုံယီအတွက် ဖမ်းဆီးရန် အလွန်လွယ်ကူသွားတော့သည်။

လုံယီသည် ကရုဏာမဲ့စွာပင် ဓားကို မြှောက်ကာ ခုတ်ချလိုက်ရာ သူ၏ စွမ်းရည်ပြမျက်နှာပြင်တွင် စွမ်းအင်မှတ် ၃ မှတ် ထပ်မံတိုးလာတော့သည်။ သူသည် ထောင်မှူးကြီးလီတစ်ဦးတည်းကိုသာ ချန်ထားခဲ့ပြီး သူ၏ခေါင်းကို ဆွဲကာ မူလနေရာသို့ တရွတ်တိုက် ဆွဲခေါ်လာခဲ့သည်။

ထိုနေရာတွင် နေဝင်တောင်တန်း၏ တတိယခေါင်းဆောင် ကျူတာရွေ့မှာ မှင်သက်လျက် ဤမြင်ကွင်းကို ကြည့်နေဆဲပင်။

“ဒါ... ဒါက တကယ့်ကို ကြမ်းလွန်းတာပဲ...”

ကျူတာရွေ့ သတိမဝင်သေးခင်မှာပင် လုံယီက သူ၏ဓားကို မြှောက်လိုက်သဖြင့် “ငါတော့ သေပြီ” ဟု ရင်ထဲ ထိတ်လန့်သွားတော့သည်။

ချွင်….ချွင်…

နောက်တစ်စက္ကန့်တွင် သူ၏လက်ခြေမှ သံကြိုးများ ပြတ်တောက်သွားပြီး လွတ်လပ်ခွင့် ရရှိသွားခဲ့သည်။

“မင်း ငါ့ကို ကျေးဇူးကြွေး တစ်ခု တင်သွားပြီနော်”

လုံယီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဓားကို ထောင်မှူးကြီး၏ လည်ပင်းတွင် တေ့ကာ “မြင်းတွေ ဘယ်မှာလဲ”

“အသက်ချမ်းသာပေးပါ အသက်ချမ်းသာပေးပါ”

ထောင်မှူးကြီးမှာ အသည်းအသန် တောင်းပန်ရင်း “အစိုးရရုံးရဲ့ နောက်ဖေးကွင်းထဲမှာ မြင်း ၁၀ ကောင်ကျော် ရှိပါတယ်” ဟု အသက်ရှင်လိုဇောဖြင့် လျှို့ဝှက်ချက်ကို ဖွင့်ပြောလိုက်တော့သည်။

ခြေကြောလက်ကြော အဖြတ်ခံထားရသော လုံယီက ဘယ်လိုဖြစ်ပြီး သံကြိုးတွေကို ချိုးဖျက်

နိုင်တာလဲ။

ထောင်မှူးကြီး စဉ်းစားမရနိုင်အောင် ဖြစ်နေသည်။ လုံယီသည် သူ၏ခန္ဓာကိုယ်ကို အကောင်းဆုံးအခြေအနေသို့ ပြန်လည်ကုသပြီး ယနေ့ကဲ့သို့ ဖောက်ထွက်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ကြောင်း သူ မသိရှာချေ။

“အစိုးရရုံးရဲ့ နောက်ဖေးကွင်း...”

လုံယီသည် မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။

ထိုအချိန်တွင် အကျဉ်းထောင်အတွင်းမှ ရုတ်တရက်ဖြစ်ပွားလာသော ဆူညံသံများကို အခြားအကျဉ်းခန်းရှိ အကျဉ်းသားများကလည်း အာရုံခံမိသွားကြသဖြင့် တစ်ထောင်လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။

“ငါ့ကို လွှတ်ပေးပါဦး ငါ့ကို လွှတ်ပေးပါဦး”

“သူရဲကောင်းကြီး... ကျွန်တော့်ကိုသာ လွှတ်ပေးမယ်ဆိုရင် ကျွန်တော့်ရဲ့အသက်ကို ခင်ဗျားအတွက် ပေးအပ်ပါ့မယ်”

“ဒီအဘိုးကြီးကို သတ်ပစ်လိုက် ဒီသူခိုးကြီးက သူ့ကိုယ်ကျိုးအတွက် ငါတို့ကို နေ့တိုင်း နှိပ်စက်နေတာ”

“ပါးစပ်ပိတ်ကြစမ်း ဆက်ပြီး ဆူညံနေတဲ့သူမှန်သမျှကို ဒီအတိုင်း ပစ်ထားခဲ့မယ်”

လုံယီက အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်ရာ ထောင်တွင်းရှိ ဆူညံသံများမှာ ချက်ချင်းပင် ငြိမ်ကျသွားသည်။ သူသည် စစ်ဆေးရေးရုံးက ရိပ်မိသွားမည့်အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်ထားလိုခြင်း ဖြစ်သည်။

ထို့နောက် ကျူတာရွေ့၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် သူသည် ကြမ်းပြင်ပေါ်၌ တင်ပလ္လင်ခွေ ထိုင်ချလိုက်သည်။

“ခဏလောက် စောင့်ဦး ငါ အချိန်အနည်းငယ် ယူရမယ်”

လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။

[အမည် - လုံယီ]

[အသက် - ၁၉/၅၅]

[နယ်ပယ် - မရှိ]

[ကျွမ်းကျင်မှုများ - လုံမျိုးနွယ်ပုဆိန်သိုင်း (ကျွမ်းကျင် 0/30)၊ ကျောက်ခဲပစ်နည်း (ကျွမ်းကျင် 0/30)၊ အခြေခံလက်ဝှေ့ကျင့်စဉ် (ကျွမ်းကျင် 0/30)၊ အခြေခံလှံသိုင်း (အခြေခံ 0/6)၊ လျှို့ဝှက်ကျင့်စဉ် - နဂါးထိုးဖောက်ခြင်း (အပိုင်းအစ 0/20)]

[စွမ်းအင် - ၂၄]

စွမ်းအင်မှတ်မှာ ၂၀ ပြည့်နေပြီဖြစ်ရာ နဂါးထိုးဖောက်ခြင်း ကျင့်စဉ်ကို အဆင့်မြှင့်တင်ရန် အခြေအနေ ပြည့်စုံသွားပြီဖြစ်သည်။ သူ တွန့်ဆုတ်မနေတော့ဘဲ ….

“အဆင့်မြှင့်တင်မယ်”

ထိုအခါ စွမ်းအင်မှတ် ၂၀ သည် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

[လျှို့ဝှက်ကျင့်စဉ် - နဂါးထိုးဖောက်ခြင်း (အပိုင်းအစ 0/20) → လျှို့ဝှက်ကျင့်စဉ် - နဂါးထိုးဖောက်ခြင်း (အပိုင်းအစ - အဆင့် ၁)]

သူစိမ်းဆန်သော မှတ်ဉာဏ်များသည် လုံယီ၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ အိမ်မက်ကမ္ဘာ တစ်ခုအတွင်းတွင် သူသည် နာကျည်းချက်များဖြင့် ပြည့်နှက်နေသော လက်တစ်ဖက်ပြတ် အမျိုးသားတစ်ဦး ဖြစ်လာကာ သူ၏ဖခင်နှင့် ရင်းနှီးသူတစ်ဦးထံတွင် ပညာသင်ယူနေရသည်။ ထိုဆရာ၏ ရုပ်ရည်မှာ ဆရာကြီးလင်းနှင့် ၇၀ ၈၀ ရာခိုင်နှုန်းခန့် တူညီနေသည်။

“မင်းမှာ လက်တစ်ဖက်ပဲ ရှိတယ်။ မင်းရဲ့ ခွန်အားက အများဆုံးရှိလှ သာမန်လူတစ်ယောက်ရဲ့ ၇၀ ၈၀ ရာခိုင်နှုန်းပဲ ရနိုင်မယ်။ ဒါက မူလက အားနည်းချက် ဖြစ်ပေမဲ့ နဂါးထိုးဖောက်ခြင်း ကျင့်စဉ်ရဲ့ အနှစ်သာရနဲ့ကျတော့ အံ့ဩစရာကောင်းလောက်အောင် ကိုက်ညီနေတယ်”

“အသက်ကို ရှူသွင်းလိုက် ပြီးရင် လက်သီးတစ်ချက် ထိုးစမ်း”

လုံယီသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ သူ၏ ရင်ဘတ်မှာ ဖောင်းတက်လာပြီး ဝမ်းဗိုက်မှာ ချိုင့်ဝင်သွားကာ သူ၏ ဘယ်လက်သီးကို အားကုန် ထိုးထုတ်လိုက်သည်။ သို့သော် သူ၏ ညာလက် ပျောက်ဆုံးနေသဖြင့် ဘယ်ဘက်နှင့် ဟန်ချက်မညီဘဲ သာမန်လူတစ်ယောက်၏ အဆင့်ကိုသာ ရောက်ရှိသွားသည်။

ထိုအချိန်တွင် ဆရာဖြစ်သူက လုံယီ၏ ရင်ဘတ်ရှိ အချို့သော အကြောမှတ်တစ်ခုကို ရုတ်တရက် ထိုးနှက်လိုက်ရာ ထုံကျင်သော ခံစားချက်နှင့်အတူ နွေးထူးသော စွမ်းအင်တစ်ခု စီးဆင်းလာသည်။ ထို့နောက် ထိုအမှတ်မှ ခွန်အားအသစ်တစ်ခုမှာ လျှံကျလာသော စမ်းချောင်းတစ်ခုပမာ သူ၏ ဘယ်ဘက်လက်မောင်းဆီသို့ အဟုန်ပြင်းစွာ စီးဝင်သွားတော့သည်။

ဝူး….

ထပ်ဆင့်အားများ၏ အရှိန်အောက်တွင် ဘယ်လက်သီးမှာ လေထုကို ခွဲထွက်သွားသည့် အသံပင် မြည်ဟည်းသွားတော့သည်။

“လူ့ခန္ဓာကိုယ်က ချီစွမ်းအင်တွေနဲ့ ပြည့်နှက်နေတာ အထူးသဖြင့် ရင်ဘတ်ပိုင်းမှာပေါ့။ အဲဒီစွမ်းအင်ကို မင်းဆွဲထုတ်နိုင်ရင် မင်းရဲ့ ပုန်းကွယ်နေတဲ့ အစွမ်းအစတွေကို နှိုးဆွပေးနိုင်လိမ့်

မယ်”

“ငါခုနက ထိုးပြခဲ့တဲ့ အကြောမှတ်က အကောင်းဆုံးနေရာ မဟုတ်သေးဘူး။ မင်းအတွက် အသင့်တော်ဆုံးနေရာကို ရှာတွေ့ဖို့ အကြိမ်ကြိမ် လေ့ကျင့်ရလိမ့်မယ်”

“မင်း တကယ်ကျွမ်းကျင်သွားတဲ့အခါ လက်နဲ့ ထောက်ပြနေဖို့တောင် မလိုတော့ဘူး။ ချီစွမ်းအင်တွေက သူ့အလိုလို ပေါက်ကွဲထွက်လာလိမ့်မယ်”

ဆရာဖြစ်သူက လှည့်ထွက်သွားပြီး လုံယီတစ်ယောက်တည်း နက်နက်ရှိုင်းရှိုင်း တွေးတောရင်း ကျန်ရစ်ခဲ့သည်။ လက်တစ်ဖက်တည်းသာ ရှိသူဖြစ်ရာ သူသည် သူ၏ ချီစွမ်းအင်ကို အချည်းနှီး မဖြုန်းတီးနိုင်ချေ။ သူသည် အသက်ကို ပြင်းပြင်းရှူသွင်းရင်း သူ၏ရင်ဘတ်ရှိ အကြောမှတ်များကို လက်ဖြင့်ထောက်ကာ အာရုံခံကြည့်သည်။

ပထမတွင် ဘာတုန့်ပြန်မှုမျှ မရှိသဖြင့် သူသည် ဖိအားနှင့် နေရာကို အကြိမ်ကြိမ် ပြောင်းလဲစမ်းသပ်သည်။ အကြိမ်ပေါင်း ထောင်ချီ ကြိုးစားပြီးနောက်တွင်မူ ရင်ဘတ်မှ ပူနွေးလာသော ခံစားချက်ကို သူ စတင်ခံစားလိုက်ရသည်။ လုံယီသည် ဝမ်းသာအားရဖြင့် မနားတမ်း ဆက်လက်လေ့ကျင့်တော့သည်။

တစ်ခါတွင်မူ တစ်ကိုယ်လုံး စိမ့်တက်သွားပြီး သူ၏ ချီစွမ်းအင်များသည် မီးတောင်ပေါက်ကွဲသကဲ့သို့ နိုးထလာကာ သူ၏လက်မောင်းဆီသို့ အဆုံးမဲ့ခွန်အားများ စီးဝင်သွားတော့သည်။

“အောင်မြင်ပြီ”

ပထမအကြိမ် အောင်မြင်ပြီးနောက် ဒုတိယအကြိမ် တတိယအကြိမ်... ဤသို့ဖြင့် ရက်များမှ လများ လများမှ နှစ်များသို့ ကူးပြောင်းသွားသည်။

သုံးနှစ်အကြာတွင် လုံယီသည် သူ၏ ချီစွမ်းအင်ကို နှိုးဆွပေးနိုင်သည့် အကြောမှတ်ကို အချိန်မရွေး တိကျစွာ ထိတွေ့နိုင်လာသည်။ သာမန်လူများအတွက်မူ ဤအဆင့်မှာ လုံလောက်နေပြီဖြစ်သော်လည်း လက်တစ်ဖက်တည်းရှိသော သူ့အတွက်မူ ဝေးကွာနေသေးသည်။

ကိုးနှစ်အကြာတွင် ချီစွမ်းအင်များ ပေါက်ကွဲစီးဆင်းခြင်းမှာ သူ၏ဗီဇတစ်ခုလို ဖြစ်လာပြီး ရင်ဘတ်အတွင်း၌ တိကျသော ကြွက်သားလမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ လက်ဖြင့် ထောက်ပြနေစရာမလိုဘဲ ကြွက်သားမှတ်ဉာဏ်ဖြင့်ပင် ချီစွမ်းအင်ကို နှိုးဆွနိုင်လာသည်။ ယခုအခါ နဂါးထိုးဖောက်ခြင်း ကျင့်စဉ်၏ အနှစ်သာရကို သူ အပြည့်အဝ နားလည်သွားပြီဖြစ်သည်။ ၎င်းမှာ လက်ဝှေ့ကျင့်စဉ်တစ်ခုတည်း မဟုတ်ဘဲ ဓားသိုင်း လှံသိုင်း အစရှိသည့် မည်သည့်သိုင်းကွက်တွင်မဆို အသုံးပြုနိုင်သော လျှို့ဝှက်စွမ်းအားတစ်ခု ဖြစ်လာသည်။

ဆယ်နှစ်အကြာတွင် လုံယီသည် သူ၏ ညာလက်ကို ဖြတ်ခဲ့သော ရန်သူဖြစ်သူ နာမည်ကျော် ဓားသမား ဝမ်ချီကို ဓားတစ်လက်ဖြင့် လူသိရှင်ကြား စိန်ခေါ်လိုက်သည်။ လူအများ၏ လှောင်ပြောင်မှုနှင့် သနားစောင့်ကြည့်မှုများကြားတွင်... လက်တစ်ဖက်တည်းဖြင့် ဓားကိုဝှေ့ယမ်းကာ ဆယ်ကွက်မြောက်တွင် နဂါးထိုးဖောက်ခြင်း ကျင့်စဉ်ကို ထုတ်ဖော်လိုက်ရာ ခွန်အားမှာ အဆပေါင်းများစွာ တိုးတက်သွားပြီး အဆင်သင့်မဖြစ်သေးသော ဝမ်ချီကို နှစ်ပိုင်းပြတ်အောင် ခုတ်ပိုင်းလိုက်တော့သည်။ တစ်လောကလုံး တုန်လှုပ်သွားခဲ့ရသည်။

ထိုမှတ်ဉာဏ်များမှာ ရုတ်တရက် ရပ်တန့်သွားသည်။

လက်တွေ့ဘဝတွင် လုံယီသည် သူ၏ခန္ဓာကိုယ်အတွင်း၌ ပွက်ပွက်ဆူနေသော စွမ်းအင်မှတ်များ စီးဝင်လာပြီး ခြေလက်အင်္ဂါ အနှံ့အပြားသို့ ဖြည်းညင်းစွာ ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။ ဘယ်ခြေ၊ ဝမ်းဗိုက်၊ညာလက်၊ ရင်ဘတ်၊ ဘယ်လက်၊ညာခြေ... တိကျသော လမ်းကြောင်းအတိုင်း အရှိန်အဟုန်ဖြင့် အကြိမ်ကြိမ် လှည့်ပတ်စီးဆင်းနေသည်။

အချိန်အနည်းငယ်ကြာသောအခါ ထိုစွမ်းအင်များမှာ ငြိမ်သက်သွားပြီး စစ်ထုတ်ပြီးသား စွမ်းအင်မျှင်လေးတစ်ခုအဖြစ် သူ့ရင်ဘတ်ထဲတွင် ကိန်းအောင်းသွားတော့သည်။ သို့သော် ထိုစွမ်းအင်လမ်းကြောင်းမှာ လုံယီ၏ စိတ်ထဲတွင် ဗီဇတစ်ခုလို စွဲထင်ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

လုံယီသည် မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရှူသွင်းကာ သူ၏ဘယ်ဘက်လက်ဝါးကို ထောင်တံခါးဆီသို့ အားကုန်တွန်းထုတ်လိုက်သည်။

ထိုခဏမှာပင် သူ၏ရင်ဘတ်ရှိ ကြွက်သားအချို့မှာ မြွေတစ်ကောင်ပမာ တစ်ဟုန်ထိုး လှုပ်ရှားသွားပြီး လမ်းကြောင်းတစ်ခုအတိုင်း စီးဆင်းသွားတော့သည်။ ရုတ်တရက် သူ၏ရင်ဘတ်မှာ ထုံကျင်သွားပြီးနောက် ချီစွမ်းအင်များမှာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားကာ စွမ်းအင်အားလုံးသည် ဘယ်ဘက်လက်မောင်းဆီသို့ တခဏချင်း စုစည်းသွားတော့သည်။

ဘုန်း…

ထပ်ဆင့်အားနှစ်ရပ်၏ အရှိန်အောက်တွင် ရှေ့သို့တွန်းထုတ်လိုက်သော လက်ဝါး၏အရှိန်မှာ သိသိသာသာ တိုးတက်သွားပြီး ထောင်တံခါးကို ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။

ဂုန်း….

သံပြားများကာထားသော ထောင်တံခါးကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ဖုန်မှုန့်များမှာ ဝူးခနဲ အရှိန်ဖြင့် လွင့်စင်ကျလာသည်။ တံခါးပေါ်တွင်မူ သံပူဖြင့် ခတ်နှိပ်ထားသကဲ့သို့ ထင်ရှားလှသော လက်ဝါးရာကြီးတစ်ခု ထင်ကျန်ရစ်ခဲ့လေသည်။

ဒီခွန်အားကတော့...

လုံယီသည် သူ၏လက်ဝါးချက်၏ စွမ်းပကားကိုကြည့်ကာ အံ့အားသင့်သွားရသည်။ ၎င်းမှာ ပထမဆုံး အကြောမှတ်ဖြစ်သော ဖယောင်းတိုင်နဂါးအမှတ်ကို နှိုးဆွရုံဖြင့် ရရှိလာသော အစွမ်းသာ ရှိသေးသည်။

အကယ်၍ ဒုတိယနဲ့ တတိယအမှတ်တွေကို နှိုးဆွနိုင်မယ်ဆိုရင် ဘယ်လောက်အထိ ပြင်းထန်လောက်မလဲ။

ကံဆိုးသည်မှာ လျှို့ဝှက်ကျင့်စဉ်မှာ အပိုင်းအစသာဖြစ်ပြီး နောက်ဆက်တွဲမရှိခြင်းပင်။ စွမ်းရည်ပြမျက်နှာပြင်တွင်လည်း အတင်းအကျပ် အဆင့်မြှင့်တင်ပေးနိုင်သည့် လုပ်ဆောင်ချက် မရှိသေးပေ။ သို့သော် လောလောဆယ်တွင်မူ ဤအစွမ်းမှာ လုံလောက်နေပြီ ဖြစ်သည်။ သူသည် သိုင်းပညာရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အပြည့်အဝ တတ်စွမ်းနိုင်ပြီဟု ခံစားလိုက်ရသည်။

“သူတို့အားလုံးကို လွှတ်ပေးလိုက်”

လုံယီက နေဝင်တောင်တန်း၏ တတိယခေါင်းဆောင် ကျူတာရွေ့ကို အမိန့်ပေးလိုက်သည်။

ကျူတာရွေ့မှာမူ လုံယီ၏ လက်ဝါးချက်စွမ်းအားကြောင့် မှင်သက်နေဆဲပင်။ ခဏလေးအတွင်းမှာပင် တစ်ဖက်လူက ဘာကြောင့် ဒီလောက်ထိ အစွမ်းထက်လာရတာလဲဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။ တိုက်ပွဲအတွင်း ရုတ်တရက် အဆင့်တက်သွားသည့် ပုံပြင်များကို ဒဏ္ဍာရီဟုသာ သူ အမြဲထင်မှတ်ခဲ့ခြင်း ဖြစ်သည်။

“ကောင်းပါပြီ... ကောင်းပါပြီ...”

ကျူတာရွေ့သည် ပြတ်သားသောသူဖြစ်ရာ ထောင်မှူးကြီး၏ ကိုယ်ပေါ်တွင် သော့များကို အမြန်ရှာဖွေတော့သည်။

“ငါ့ကို လွှတ်ပေးပါဦး ငါတို့ကို လွှတ်ပေးကြပါ”

“ညီအစ်ကိုတို့ရေ... ငါတို့ ဒီငရဲခန်းကနေ လွတ်တော့မယ်ဟေ့”

အကျဉ်းထောင်တစ်ခုလုံးမှာ တစ်ဖန်ပြန်၍ ဆူညံပွက်လောရိုက်သွားပြီး အပေါ်ထပ်သို့ပင် ထိုအသံများ ရောက်ရှိသွားသည်။ သော့ဖွင့်သံများ သံကြိုးဖြတ်သံများဖြင့် ထောင်ကြီးမှာ အသက်ဝင်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်နှစ်ထပ်စလုံးရှိ အကျဉ်းသား ၄၀၊ ၅၀ ခန့်မှာ လွတ်မြောက်သွားကြသည်။ လူတိုင်းမှာ ငရဲမှ တက်လာသူများပမာ ညစ်ပတ်ပေရေကာ အနံ့အသက်များ ဆိုးဝါးနေကြသော်လည်း သူတို့ထဲတွင် ကျူတာရွေ့ထက်ပင် ထွားကျိုင်းသန်မာသော ထောင်မကျမီက နာမည်ကြီးခဲ့ဟန်တူသော ပုဂ္ဂိုလ်အချို့လည်း ပါဝင်နေသည်။

“ညီလေး... မင်းဟာ ငါ့အတွက် ဒုတိယအကြိမ် အသက်ပေးတဲ့ မိဘတစ်ယောက်လိုပါပဲ”

“ဒီနေ့ကစပြီး ငါ လျူယွမ်ရဲ့ အသက်ဟာ မင်းအပိုင်ပဲ”

လူအုပ်ကြီးသည် ကျေးဇူးတင်ခြင်း ကြောက်ရွံ့ခြင်းနှင့် စိတ်လှုပ်ရှားခြင်းများ ရောပြွမ်းနေသော မျက်လုံးများဖြင့် လုံယီကို စိုက်ကြည့်နေကြသည်။

“ငါ့နောက်ကို လိုက်ခဲ့ကြ အစိုးရရုံးကို စီးနင်းပြီး မြင်းတွေကို သိမ်းပိုက်မယ်”

လုံယီက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

“ကျေးဇူးကို ကျေးဇူးနဲ့ဆပ်မယ် ရန်ကိုတော့ ရန်နဲ့ပဲ ပြန်ဆပ်ကြတာပေါ့”

“ကျေးဇူးရှင်နောက်ကို လိုက်ကြဟေ့... တိုက်”

“စောက်အရာရှိတွေကို သတ်ကြစမ်း”

“ငါ ကလဲ့စားချေချင်ပြီ”

လူတိုင်း၏ မျက်လုံးများထဲတွင် မငြိမ်မသက်ဖြစ်နေသော အငြိုးအတေးအလင်းတန်းများ တောက်ပလာတော့သည်။

All Chapters