← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း။ ၅၇

“တော်ကြစမ်း တော်ကြစမ်း အငြင်းမပွားကြနဲ့တော့”

ခေါင်းဆောင်ကြီးက သူတို့နှစ်ဦးကို တားဆီးလိုက်ပြီးနောက် ဆက်လက်၍ “တတိယညီလေး... မင်းလည်း နေရာဖယ်ပေးဖို့ မပြောနဲ့တော့။ ညီလေးလုံက သူရဲကောင်းတစ်ယောက်ပဲ ငါတို့ နေဝင်တောင်တန်းမှာ စတုတ္ထမြောက် ခေါင်းဆောင်နေရာတစ်ခု တိုးချဲ့ဖို့ အချိန်တန်ပြီလို့ ငါထင်တယ်”

သူသည် လုံယီကို ကြည့်ကာ “ညီလေးလုံရော... ငါတို့နဲ့အတူ လက်တွဲဖို့ ဆန္ဒရှိရဲ့လား” ဟု မေးမြန်းလိုက်သည်။

လုံယီ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဖြတ်သန်းသွားသော်လည်း ကျူတာရွေ့၏ မျှော်လင့်တကြီး ကြည့်နေသော အကြည့်ကို မြင်သောအခါ သူက ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်ရင်း “ကျွန်တော့်အပေါ် အလေးထားပေးတဲ့အတွက် ခေါင်းဆောင်ကြီးကို ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။

“ခေါင်းဆောင်ကြီးလို့ ခေါ်နေတုန်းလား”

ခေါင်းဆောင်ကြီးက စိတ်ဆိုးဟန်ဆောင်လိုက်သည်။

“ကျွန်တော့်ကို အထင်ကြီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အစ်ကိုကြီး နောင်တစ်ချိန်မှာလည်း ညီအစ်ကိုတို့အားလုံးက ကျွန်တော့်ကို စောင့်ရှောက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်”

လုံယီက စိတ်ထဲမှ အနေရခက်မှုကို အောင့်အည်းလျက် ပြောလိုက်သည်။

“ဘာမှ မပူနဲ့ ငါတို့အားလုံး စုပေါင်းပြီး ဒီစခန်းကို ပိုမိုခိုင်မာအောင် တည်ဆောက်ကြမယ်။ ထိုက်စီးမြို့က လူတွေကတော့ ငါတို့ကို ကြည့်ပြီး မနာလိုဖြစ်နေရုံပဲ ရှိမှာပေါ့ ဟားဟားဟား”

ခေါင်းဆောင်ကြီးက လူတိုင်းအတွက် အလားအလာကောင်းသော အနာဂတ်ပုံရိပ်ကို ဝင့်ကြွားစွာ ပြောလိုက်သည်။

ဒုတိယခေါင်းဆောင်၏ မျက်နှာမှာမူ ပုတ်သိုးနေပြီး ဘာတစ်ခွန်းမျှ မပြောတော့ချေ။

ထိုသို့ စကားပြောဆိုရင်း လုံယီသည် ခေါင်းဆောင်နှစ်ဦး၏ အမည်ကို သိရှိခဲ့ရသည်။ ခေါင်းဆောင်ကြီး၏ အမည်မှာ ရှူရှီးဖြစ်ပြီး ဒုတိယခေါင်းဆောင်မှာ ဝူယီဖိန်ဖြစ်သည်။

ထို့နောက်တွင် လုံယီနှင့် ကျူတာရွေ့တို့သည် အကျဉ်းသား ၃၀၊ ၄၀ ခန့်ကို ဦးဆောင်၍ တောင်ပေါ်သို့ ပြန်လည်တက်လာခဲ့ကြသည်။ သဋတို့အထဲတွင် မူလကတည်းက ဓားပြဖြစ်သူများနှင့် တောင်ပေါ်သို့ တစ်ခါမျှ မရောက်ဖူးသော အကျဉ်းသားများ ပါဝင်ပြီး နေဝင်တောင်တန်း၌ တရားဝင် အခြေချနေထိုင်ခွင့် ရရှိသွားကြသည်။

လုံယီနှင့် လူအုပ်ကြီးမှာ ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်သဖြင့် တောင်ပေါ်တွင် အခန်းများ အဆင်သင့် မရှိသေးချေ။ ထို့ကြောင့် လူတိုင်းသည် ကျူတာရွေ့၏ မူလလက်အောက်ငယ်သားများနှင့်အတူ အခန်းတစ်ခုတည်းတွင်ပင် ပြည့်ကျပ်စွာဖြင့် ထိုညကို ကုန်ဆုံးခဲ့ကြရသည်။

နောက်တစ်နေ့တွင်မူ ဒုတိယခေါင်းဆောင် တာအိုပညာရှင်နှင့် ပုံစံတူသော တာအိုဝတ်စုံဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လုံယီကို လာရောက်ရှာဖွေကာ “စတုတ္ထခေါင်းဆောင်... ခင်ဗျားအတွက် နေရာ အဆင်သင့်ဖြစ်ပါပြီ ဒါပေမဲ့...” ဟု ပြောလိုက်သည်။

သူ၏ မတည်ငြိမ်သော အကြည့်များကို မြင်သောအခါ လုံယီသည် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရပြီး “ဒါပေမဲ့ ဘာဖြစ်လို့လဲ” ဟု မေးမြန်းလိုက်သည်။

“အဲဒီနေရာက အခြေအနေက နည်းနည်းတော့ ဆိုးတယ်ဗျ။ ဒါပေမဲ့ ကျွန်တော့်ဆရာနဲ့ ကျွန်တော် စကားပြောထားပြီးပါပြီ။ ခင်ဗျားအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို မကြာခင်မှာ ထပ်ဖြည့်ပေးမယ်လို့ သူပြောပါတယ်” ဟု ပြန်ဖြေလေသည်။

လုံယီသည် မျက်မှောင်ကြုတ်လျက် ထိုလူလတ်ပိုင်းတာအိုပညာရှင်နောက်သို့ လိုက်ပါသွားခဲ့ရာ သတ်မှတ်ပေးထားသော နေရာသို့ ရောက်ရှိသောအခါ သူ၏မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။

မွဲပြာ၍ ပျက်စီးနေသော သစ်သားတံခါးပေါ်တွင် ပင့်ကူအိမ်များ အလွှားလိုက် ဖုံးလွှမ်းနေသည်။ အိမ်အတွင်းပိုင်း အခြေအနေမှာ ပို၍ပင် ဆိုးရွားလှရာ သူ ဝင်လိုက်သည်နှင့် ဖုန်မှုန့်များက မျက်နှာကို လာရောက်ရိုက်ခတ်ပြီး ကြွက်များမှာလည်း ဝူးခနဲ အသံနှင့်အတူ ဟိုဟိုဒီဒီ ပြေးလွှားကုန်ကြသည်။

“အချိန်က သိပ်မရလိုက်တာနဲ့ သန့်ရှင်းရေးက သေချာမလုပ်ရသေးဘူးဗျ။ ခွင့်လွှတ်ပါ စတုတ္ထခေါင်းဆောင်...”

ဤမျှ ရှုပ်ပွနေသည်ကို မြင်သောအခါ လူလတ်ပိုင်းတာအိုပညာရှင်က အနေရခက်စွာ ပြောလေသည်။

“ကိစ္စမရှိပါဘူး ကျွန်တော့်လူတွေကိုပဲ သန့်ရှင်းရေး လုပ်ခိုင်းလိုက်ပါ့မယ်”

ထိုလူ ထွက်ခွာသွားပြီးနောက် လုံယီသည် သူ၏လက်အောက်ငယ်သားများကို အိမ်သန့်ရှင်းရေးလုပ်ရန် ခိုင်းစေလိုက်သည်။ သူ၏ လက်အောက်ငယ်သားများမှာ များသောအားဖြင့် ဆင်ရှန်းအကျဉ်းထောင်မှ လွတ်လာသည့် ရာဇဝတ်သားများပင်။ သူတို့အထဲတွင် ခိုးမှုကျူးလွန်သူ သူတစ်ပါးကို နာကျင်စေသူ သို့မဟုတ် ခယ်မနှင့် ဖောက်ပြန်၍ အဖမ်းခံရသူ စသည်ဖြင့် လူစုံလှသော အုပ်စုတစ်စု ဖြစ်သည်။

သို့သော် သူတို့သည် လုံယီနှင့်အတူ နေဝင်တောင်တန်းသို့ လိုက်ပါလာသူများ ဖြစ်သဖြင့် လုံယီက သူတို့ကို သူ၏ အခြေခံအင်အားစုအဖြစ် သဘောထားကာ အတိတ်မှ ကိစ္စများကို လျစ်လျူရှုပေးထားသည်။ နေဝင်တောင်တန်းရှိ မူလလူဟောင်းများ၏ ခွဲခြားဆက်ဆံမှုကို ခံရသောအခါ ထိုအကျဉ်းသားဟောင်းများမှာ ဒေါသထွက်ကာ တိုးတိုးတိတ်တိတ် ကျိန်ဆဲနေကြတော့သည်။

“တောက်... ငါတို့က အခုမှ ရောက်လာခါစဆိုပြီး နှိမ်တာပေါ့လေ ဟုတ်လား”

“လောလောဆယ်တော့ ဒီဒေါသကို မျိုသိပ်ထားရမယ်။ နောင်တစ်ချိန်ကျမှ အဲဒီကောင်ကို အရင်းအနှီးနဲ့တကွ ပြန်ပေးဆပ်ခိုင်းမယ်”

သူတို့သည် လုံယီကို ကြောက်ရွံ့ကြသဖြင့် သူ၏အမိန့်ကို မဖီဆန်ရဲကြသော်လည်း မကျေမနပ် ညည်းညူနေကြဆဲပင်။ ခဏအကြာ သန့်ရှင်းရေးလုပ်နေစဉ် ကျူတာရွေ့ ရောက်ရှိလာသည်။ ထိုအခြေအနေကို မြင်လိုက်ရသောအခါ သူသည် အကြီးအကျယ် ဒေါသထွက်သွားတော့သည်။

“ဒီအဘိုးကြီးက ငါတို့ကို ဒီလိုမျိုး ဆက်ဆံရဲတယ်ပေါ့ စတုတ္ထညီလေး... ဒီမှာပဲ ခဏစောင့်နေ ငါ အစ်ကိုကြီးဆီ သွားပြောလိုက်မယ်”

“နေပါဦး တတိယအစ်ကိုရာ ကျွန်တော်တို့က ဒီကို ရောက်ခါစပဲ ရှိသေးတာဆိုတော့ ကိစ္စတွေ ရှုပ်ကုန်မှာ စိုးလို့ပါ”

လုံယီက ကျူတာရွေ့ကို တားဆီးလိုက်ပြီး ဆက်လက်၍ “ဒီနေရာက သန့်ရှင်းရေးလုပ်လိုက်ရင် နေလို့ရသွားမှာပါ။ ပြီးတော့ နေရာကလည်း မဆိုးပါဘူး တောင်နောက်ဖက်နဲ့ နီးတော့ အမဲလိုက်ဖို့လည်း အဆင်ပြေတာပေါ့” ဟု ပြောလိုက်သည်။

လုံယီ၏ စကားကို ကြားသောအခါ ကျူတာရွေ့၏ ဒေါသမှာ အနည်းငယ် ပြေလျော့သွားပြီး “ဒါ ဟိုတာအိုစုတ်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ် ဒီတစ်ခါတော့ သူ့ကို လွှတ်ပေးလိုက်မယ်” ဟု မကျေမချမ်း ပြောလိုက်သည်။

သူသည် ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း “ဒီတောင်ပေါ်က အိမ်တွေက အရင်လူတွေ ထားခဲ့တာတွေပဲ အစ်ကိုကြီးက ငါတို့ကို ဒီခေါ်လာပြီး အဲဒီအတိုင်း တိုက်ရိုက် သိမ်းခိုင်းလိုက်တာ” ဟု ရှင်းပြသည်။

“ဒီမှာ အိမ်လွတ်တွေ အများကြီးရှိတာပဲ ငါ့လူတွေကိုပါ ဒီဘက်ကို ခေါ်လာခဲ့ရင် မကောင်းဘူးလား”

“ဒါဆိုရင် ဟိုတာအိုစုတ်နဲ့ သူ့လက်ပါးစေတွေကို နေ့တိုင်း မြင်နေစရာ မလိုတော့ဘူးပေါ့။ မမြင်ရတော့ စိတ်အေးရတာပေါ့ကွာ”

“ကောင်းသားပဲ”

လုံယီက ပြုံး၍ ပြန်ပြောလိုက်သည်။

ကျူတာရွေ့က သူ၏လူများကို ခေါ်ဆောင်လာလိုခြင်းမှာ လုံယီနှင့် တစ်ဖက်တည်း ရပ်တည်ကြောင်း ပြသလိုက်ခြင်းပင်။ ဤသို့ သူတို့နှစ်ဦး ပေါင်းစည်းမိခြင်းမှာ ရှုပ်ထွေးလှသော ဤတောင်တန်းပေါ်တွင် ရှင်သန်ရပ်တည်ရန် ပိုမိုလွယ်ကူသွားစေသည်။

ကျူတာရွေ့သည် အလုပ်တွင် အလွန်သွက်လက်သူဖြစ်ရာ ညမကျမီမှာပင် သူ၏ သစ္စာရှိလက်အောက်ငယ်သား ၅၀၊ ၆၀ ခန့်ကို ခေါ်ဆောင်လာခဲ့သည်။ လုံယီ၏ လူများနှင့် ပေါင်းလိုက်သောအခါ စုစုပေါင်း အင်အားမှာ တစ်ရာနီးပါး ရှိလာပြီး ၎င်းမှာ နေဝင်တောင်တန်းရှိ ဓားပြအင်အား တစ်ဝက်နီးပါးခန့် ရှိလေသည်။

အခြားတစ်ဖက်တွင်မူ ခေါင်းဆောင်ကြီး ရှူရှီးရှိရာနေရာသို့ ဒုတိယခေါင်းဆောင် ဝူယီဖိန်မှာ အလျင်အမြန်ပင် သတင်းသွားပို့တော့သည်။

“အစ်ကိုကြီး... တတိယညီလေးကတော့ စိတ်ကသိကအောက် ဖြစ်နေပုံပဲ။ သူ ဘာလုပ်ချင်နေတာလဲ သီးသန့် အင်အားစုတစ်ခု ထူထောင်ချင်နေတာလား”

“တတိယညီလေးရဲ့ မကျေနပ်မှုကို ငါနားလည်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့အကြိမ်က သူ့ကို သေတွင်းထဲ ပို့လိုက်မိသလို ဖြစ်သွားခဲ့တာဆိုတော့...”

“ကျွန်တော်တို့ အတူဖြတ်သန်းခဲ့တဲ့ သံယောဇဉ်တွေက ဒီလောက်တော့ မရိုးရှင်းနိုင်ပါဘူး။ ကျွန်တော့်အမြင်အရတော့ ဟိုလူသစ် လုံယီက မြှောက်ပင့်ပေးနေတာ ဖြစ်ရမယ်။ သူက ဒီနေရာကို သိမ်းပိုက်ချင်နေတာ ဖြစ်လိမ့်မယ်...”

ထိုစကားကို ကြားလိုက်ရသောအခါ ရှူရှီး၏ မျက်နှာမှာ ရုတ်တရက် အုံ့မှိုင်းသွားတော့သည်။

...

...

“မင်း ဘာတွေပြောနေတယ်ဆိုတာရော ကိုယ့်ကိုယ်ကိုယ် သိရဲ့လား။ အသက်ရှူကျင့်စဉ် ဆိုတာ ခေါင်းဆောင်ကြီးရဲ့ မိသားစု အမွေအနှစ်ကွ။ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းရင်တောင် သားယောက်ျားလေးတွေကိုပဲ ပေးတာ မိန်းကလေးတွေကိုတောင် မပေးဘူး။ အခု မင်းက ခေါင်းဆောင်ကြီးဆီကနေ အဲဒီကျင့်စဉ်ကို တောင်းမယ်ပေါ့ ဟုတ်လား”

“ကျွန်တော် ဂရုမစိုက်ဘူး။ အဲဒီတုန်းက ခေါင်းဆောင်ကြီးအတွက် ကျွန်တော် အသက်နဲ့ရင်းပြီး လုပ်ပေးခဲ့တာပဲ။ ကျွန်တော်သာ အသက်ရှင်ခဲ့ရင် ဘာတောင်းတောင်း ပေးမယ်လို့ သူပြောခဲ့တယ် မဟုတ်လား”

“အဲဒီလိုဆိုပေမဲ့လည်း အသက်ရှူကျင့်စဉ် ကိုတော့ အတင်းအကျပ် မတောင်းဆိုသင့်ဘူးလေ။ ဒီလောက် တန်ဖိုးရှိတဲ့အရာက ကလေးကစားစရာမှ မဟုတ်တာ”

“ကျင့်စဉ်က တန်ဖိုးရှိတယ်ဆိုရင် ကျွန်တော့်အသက်ကရော တန်ဖိုးမရှိဘူးလား။ ပြီးတော့ ခေါင်းဆောင်ကြီးရဲ့ ကတိကရော အတည်မဖြစ်တော့ဘူးလား”

နေဝင်တောင်တန်း ညီညွတ်ရေးခန်းမသည် တောင်နံရံကို ထွင်းထုပြုလုပ်ထားသော ကြီးမားသည့် ဂူကြီးတစ်ခုအတွင်း တည်ရှိသည်။ ကြမ်းတမ်းသော မွဲပြာရောင် ဂူနံရံများပေါ်တွင် အကွာအဝေး အနည်းငယ်စီခြား၍ ဆီမီးခွက်များ ထွန်းညှိထားသည်။ ပေတစ်ဆယ်ခန့် မြင့်မားသော ဂူအမိုးပေါ်တွင်မူ အလင်းမှိန်မှိန် ထုတ်လွှတ်နေသည့် ကျောက်သလင်းများစွာကို မြှုပ်နှံထားသဖြင့် ဂူအတွင်း၌ အလင်းရောင်မှာ အတော်အတန် ကောင်းမွန်လှသည်။

ယခုအချိန်တွင် မုတ်ဆိတ်ဗလပွနှင့် ကျူတာရွေ့နှင့် ဝူယီဖိန်တို့သည် ခန်းမအတွင်း၌ အကြီးအကျယ် အငြင်းပွားနေကြပြီး ဒေါသကြောင့် မျက်နှာများမှာ နီရဲနေကြသည်။ အထက်ရှိ ခေါင်းဆောင်နေရာတွင် ထိုင်နေသော ကတုံးပြောင်ပြောင်နှင့် ရှူရှီးမှာမူ မကျေနပ်သော အမူအရာ ပေါ်လွင်နေ၏။

သူသည် လုံယီကို မကြာခဏ လှည့်ကြည့်သော်လည်း လုံယီ၏ မျက်နှာမှာ တည်ငြိမ်နေပြီး စိတ်ထဲတွင် ဘာတွေးနေသည်ကို လုံးဝ ခန့်မှန်း၍မရနိုင်ချေ။

“တော်ကြစမ်း အငြင်းမပွားကြနဲ့တော့။ ဒီအသက်ရှူကျင့်စဉ် အကြောင်းကိုလည်း နောက်ထပ် မပြောကြနဲ့တော့။ နောက်ပြီး မင်းတို့ အသက်အရွယ်နဲ့ ဒါကို သင်ယူလို့ မရနိုင်တော့ဘူး။ တခြား တောင်းဆိုချက်တစ်ခုခုပဲ စဉ်းစားလိုက်ပါ”

ရှူရှီးသည် စိတ်ပျက်လက်ပျက် အမူအရာဖြင့် သူတို့နှစ်ဦး၏ အငြင်းပွားမှုကို အသံကျယ်ကျယ်ဖြင့် တားဆီးလိုက်သည်။

“အစ်ကိုကြီး အဲဒီတုန်းက အစ်ကိုကြီးပဲ ဘာတောင်းတောင်း ရစေရမယ်လို့ ပြောခဲ့တာလေ...” ကျူတာရွေ့က ဆက်လက် ငြင်းခုံချင်သေးသော်လည်း ရှူရှီး၏ ခက်ထန်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားတော့သည်။

“ကောင်းပါပြီ... နောက်မှပဲ ပြန်စဉ်းစားလိုက်ပါ့မယ်”

ထိုစကားကို ကြားလိုက်ရသောအခါ လုံယီသည် စိတ်ထဲမှ နှမြောတသ ဖြစ်သွားသော်လည်း အပြင်ပန်းတွင်မူ ဘာမျှ မပြသခဲ့ချေ။

ကျူတာရွေ့က ရှူရှီးထံမှ ကျင့်စဉ်ကို တောင်းဆိုခြင်းမှာ လုံယီအား ပေးခဲ့သော ကတိကို တည်စေရန်ဖြစ်သည်။ လုံယီသည်လည်း အသက်ရှူကျင့်စဉ်ကို အလွန်အမင်း လိုလားတောင့်တနေမိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ခွန်အားများ တိုးတက်လာသည်နှင့်အမျှ လူ့သက်တမ်း၏ ကန့်သတ်ချက် ဖိအားများကို သူ စတင်ခံစားလာရသောကြောင့် ဖြစ်သည်။

သူသည် သိုင်းပညာကို ဆက်လက်လေ့ကျင့်၍ ခွန်အားများ မည်မျှပင် တိုးတက်လာပါစေ သူ၏ သက်တမ်းမှာ တိုးမလာဘဲ အသက် ၅၅ နှစ်အထိသာ နေထိုင်နိုင်မည်ဆိုပါက တစ်လောကလုံးတွင် အနှိုင်းမဲ့ ခွန်အားရှင် ဖြစ်လာလျှင်ပင် ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။

သို့သော် အသက်ရှူကျင့်စဉ်ကမူ သူ၏ သက်တမ်းကို များစွာ ရှည်ကြာစေနိုင်မည် ဖြစ်သည်။

ထားလိုက်ပါတော့... သည်းခံပြီး အခွင့်အရေးကိုပဲ စောင့်ရတော့မှာပေါ့။

လုံယီက စိတ်ထဲမှ ရေရွတ်လိုက်သည်။

ကျားရေခင်းထားသော ထိပ်ဆုံးနေရာတွင် ထိုင်နေသည့် ရှူရှီးသည် အခြားကိစ္စတစ်ခုကို ဆွေးနွေးရန် လမ်းကြောင်းပြောင်းလိုက်သည်။

“တောင်ပေါ်က ရိက္ခာသိုလှောင်ရုံမှာ ဆန်စပါးတွေ ကုန်သလောက် ဖြစ်နေပြီ။ ဆောင်းရာသီကလည်း နီးလာပြီဆိုတော့ ရိက္ခာအတွက် ဟိုကုန်သည်ကြီးတွေဆီ ချဉ်းကပ်ရတော့မယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်မှာ မိုးခေါင်ခဲ့လို့ လူတွေရဲ့ ဘဝက ခက်ခဲနေကြတာ။ အဲဒီကုန်သည်တွေကလည်း ငါတို့နဲ့ ပူးပေါင်းချင်ကြမှာ မဟုတ်ဘူး”

“စတုတ္ထညီလေး... မင်း ဒီအလုပ်အတွက် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး သွားချင်ရဲ့လား”

ရှူရှီးက သူ့ကို တိုက်ရိုက်ညွှန်ပြလာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် လုံယီ၏ စိတ်ထဲတွင် လှုပ်ခတ်သွားတော့သည်။

အခန်း။ ၅၈

ရိက္ခာစုဆောင်းခြင်းဟူသည်မှာ လွယ်ကူသောကိစ္စရပ် မဟုတ်ပေ။

ရှူရှီး၏ ပေါ့ပါးသော အပြောအဆိုနောက်ကွယ်တွင် တိုက်ခိုက်သတ်ဖြတ်မှုများနှင့် အသက်ပေါင်းများစွာ ဆုံးရှုံးရမှုများ အမြဲတစေ ဒွန်တွဲနေတတ်သည်ကို လျှော့တွက်၍ မရနိုင်ချေ။

ငါ ဒီနေရာကို ရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးတာ။ ဒါကို သူတို့က အခုလို အရေးကြီးတဲ့ တာဝန်ကို လုပ်ခိုင်းတာလား။ ဒါမှမဟုတ် ငါ့ရဲ့အင်အားစုကို လျော့ပါးသွားအောင် ကြံစည်နေတာလား။

လုံယီသည် သေချာစွာ စဉ်းစားချင့်ချိန်ပြီးနောက် ငြင်းပယ်ရန် ဆုံးဖြတ်လိုက်ပြီး “အစ်ကိုကြီး... ကျွန်တော် ဒီကိုရောက်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ အခုလို အဖွဲ့ကို ဦးဆောင်ဖို့ ကျွန်တော့်မှာ အရည်အချင်း မပြည့်ဝသေးပါဘူး။ ညီအစ်ကိုတွေကို လမ်းမှားခေါ်သွားမိရင် နှစ်သစ်ကိုတောင် ကောင်းကောင်း ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူးဗျ။ နောက်ပြီး ကျွန်တော့်လက်အောက်က လူအတော်များများကလည်း ဒီအရပ်က ရေမြေနဲ့ မတည့်ကြသေးလို့ ဝမ်းလျှောဝမ်းပျက် ဖြစ်နေကြတာ လမ်းတောင် မလျှောက်နိုင်ကြသေးဘူး။ သူတို့ကို အနားပေးပြီး ကုသဖို့ အချိန်ပေးရပါဦးမယ်”

ထိုသို့ပြောကာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံဖြင့် ပြောလိုက်သည်။

လုံယီ၏ အကြောင်းပြချက်မှာ အလွန်ပင် ယုတ္တိရှိလှသဖြင့် ရှူရှီးအနေဖြင့် ဘာမျှ ထပ်မံပြောဆိုနိုင်ခြင်း မရှိတော့ဘဲ ကျူတာရွေ့ဘက်သို့ အကြည့်လွှဲလိုက်ရတော့သည်။

“တတိယညီလေး”

“အစ်ကိုကြီး... ကျွန်တော်လည်း ဒီနှစ်ရက်မှာ ခေါင်းတအားကိုက်နေလို့ ဒီတာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်မှာ မဟုတ်ဘူးဗျ”

ကျူတာရွေ့မှာလည်း ကျင့်စဉ်တောင်းဆိုမှု ငြင်းပယ်ခံရသည်ကို မကျေမနပ်ဖြစ်နေသဖြင့် ခပ်ရိုင်းရိုင်းပင် တုန့်ပြန်လိုက်သည်။

“ဒုတိယအစ်ကိုက အရည်အချင်းရှိတာပဲ သူ့ကိုပဲ လွှတ်လိုက်ပါ”

“ဟေ...”

ရှူရှီးသည် ဒေါသကြောင့် ပေါက်ကွဲမတတ် ဖြစ်သွားသော်လည်း သူကိုယ်တိုင်က ကတိကို အရင်ဖျက်ခဲ့သူဖြစ်ရာ ဒေါသပုံချရန် နေရာမရှိတော့ချေ။ ထို့ကြောင့် ဒုတိယခေါင်းဆောင် ဝူယီဖိန်ဘက်သို့သာ လှည့်ကြည့်လိုက်ရတော့သည်။

ဝူယီဖိန်မှာ ဒေါသကြောင့် မုတ်ဆိတ်မွေးများပင် တလှုပ်လှုပ်ဖြစ်ကာ မျက်လုံးပြူးကြည့်နေမိသော်လည်း လုံယီနှင့် ကျူတာရွေ့တို့က နောက်ဆုတ်သွားကြပြီဖြစ်ရာ ရှူရှီး၏ မျက်နှာကို ထောက်ထားသောအားဖြင့် မတတ်သာဘဲ တာဝန်ကို လက်ခံလိုက်ရတော့သည်။

နေဝင်တောင်တန်း၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှာ မသာယာသော လေထုအတွင်း၌ပင် ပြီးဆုံးသွားခဲ့ရသည်။ ခန်းမအပြင်ဘက်ရှိ ဓားပြများမှာလည်း တစ်ဦးကိုတစ်ဦး ဝေခွဲမရသည့် အကြည့်များဖြင့် ကြည့်နေကြတော့သည်။

စတုတ္ထခေါင်းဆောင် နေဝင်တောင်တန်းသို့ ရောက်ရှိလာပြီးနောက်ပိုင်း စခန်း၏အခြေအနေမှာ အင်အားစု နှစ်ခုအဖြစ် သိသိသာသာ ကွဲထွက်သွားသည့် အလားအလာရှိနေကြောင်း သူတို့ အာရုံခံမိနေကြသည်။

“ဒီလိုလုပ်တာ အစ်ကိုကြီးကို စိတ်ဆိုးအောင် လုပ်လိုက်သလို မဖြစ်ဘူးလား”

ညီညွတ်ရေးခန်းမမှ ထွက်လာစဉ် လုံယီက ကျူတာရွေ့အား တိုးတိုးတိတ်တိတ် မေးမြန်းလိုက်သည်။

“ဟွန်း သူ့အပေါ် ငါဆပ်ရမယ့် ကျေးဇူးတွေက ကြာလှပြီ။ အခုက သူကသာ ငါ့ကို ပြန်ပြီး အကြွေးတင်နေတာ။ နောက်ပြီး သူက သူ့ကတိကို အရင်ဖျက်ခဲ့တာပဲ”

ကျူတာရွေ့က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“သူကသာ ငါတို့ရဲ့ ညီအစ်ကိုသံယောဇဉ်ကို အလေးမထားဘူးဆိုရင်လည်း ဒီပတ်သက်မှုကို ဖြတ်လိုက်ရုံပဲရှိတာပေါ့။ ငါတို့ တောင်အောက်ဆင်းပြီး ကိုယ့်ဘာသာ အခြေစိုက်စခန်း အသစ်တစ်ခု တည်ဆောက်ကြတာပေါ့”

ဒီလူက အပေါ်ယံကြည့်ရင် ကြမ်းတမ်းပေမဲ့ သူ့စိတ်ထဲမှာတော့ ကိုယ်ပိုင် ချိန်ခွင်လျှာနဲ့ တွေးတတ်ခေါ်တတ်သားပဲ။ လူတစ်ယောက်အပေါ်မှာပဲ မျက်ကန်းသစ္စာရှိနေမယ့်သူမျိုးတော့ မဟုတ်ဘူး။

လုံယီက တွေးတောလိုက်မိသည်။

ထို့နောက် ကျူတာရွေ့၏ အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေသော အသံကို ကြားလိုက်ရသည်။

“စတုတ္ထညီလေး... မင်း အစ်ကိုကြီးကို ကြောက်နေတာတော့ မဟုတ်ဘူး မဟုတ်လား”

“ကျွန်တော် ဒုတိယအဆင့် ချီစွမ်းအင်ရှိတဲ့ သိုင်းပညာရှင်တစ်ယောက်နဲ့ တစ်ခါမှ မထိတွေ့ဖူးသေးဘူး။ ဒါကြောင့် အနိုင်ရဖို့ သိပ်ပြီး ယုံကြည်ချက် မရှိဘူးဗျ”

လုံယီက ပွင့်လင်းစွာ ပြန်လည်ဖြေကြားလိုက်သည်။

“ဟေ...”

ထိုစကားကို ကြားသောအခါ ကျူတာရွေ့၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားတော့သည်။

အခြားတစ်ဖက်ရှိ ညီညွတ်ရေးခန်းမအတွင်း၌မူ…

“အစ်ကိုကြီး... ဒီလုံယီကိုတော့ ငါတို့ တကယ် ဆက်ထားလို့ မရတော့ဘူး”

လူသူကင်းဝေးသွားသည်နှင့် ဝူယီဖိန်က စိုးရိမ်တကြီးဖြင့် စတင်ပြောဆိုတော့သည်။

“ကြည့်စမ်းပါဦး သူ ရောက်လာကတည်းက တတိယညီလေးက စကားနားမထောင်တော့ဘူး။ ပြီးတော့ မကြုံစဖူး အသက်ရှူကျင့်စဉ်ကိုပါ စိတ်ဝင်စားလာတယ်။ ဒါဟာ သေချာပေါက် ဟိုလုံယီရဲ့ ရည်မှန်းချက်ပဲ ဖြစ်ရမယ်။ အောက်ကလူတွေကရော ဘယ်လိုထင်ကြမလဲ အစ်ကိုကြီးရဲ့ ဂုဏ်သိက္ခာတွေ အများကြီး ကျဆင်းနေပြီ”

“ဒီလုံယီရဲ့ ကိုယ်ထဲမှာ လျှို့ဝှက်ချီစွမ်းအင်ရှိမရှိကို ငါ လုံးဝ အာရုံခံလို့ မရဘူးဖြစ်နေတယ်”

ရှူရှီးက သူ၏ ကတုံးပြောင်ပြောင်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

“တတိယညီလေး ပြောတာတော့ သူက လူသတ်သမားကို အကွက်အနည်းငယ်အတွင်းမှာတင် သတ်နိုင်ခဲ့တယ်ဆိုတော့ သူက အရည်အချင်းရှိတဲ့သူ ဖြစ်ရမယ်။ ပုံမှန်ဆိုရင် သူ တိုက်ခိုက်တာကို ငါတစ်ခါမှ မမြင်ဖူးသလို ချီစွမ်းအင် အငွေ့အသက်ကိုလည်း သူက လုံးဝ ထုတ်မပြဘူး။ ဒါကြောင့် သူ ဘယ်နှစ်ဆင့်အထိ ရောက်နေပြီလဲဆိုတာ ငါ မခန့်မှန်းနိုင်ဘူး ဖြစ်နေတာ”

“ဒီကောင်က သူ့ရဲ့ ချီစွမ်းအင်ကို ဖုံးကွယ်ထားနိုင်တဲ့ ကျင့်စဉ်တစ်ခုခုကို လေ့ကျင့်ထားတာ ဖြစ်ရမယ်”

တာအိုပညာရှင်၏ မျက်နှာထားမှာ တည်ကြည်သွားသည်။

“ဒါပေမဲ့ သူ တိုက်ခိုက်လိုက်တာနဲ့ ဒါကို ဖုံးကွယ်ထားနိုင်မှာ မဟုတ်တော့ဘူး”

သူသည် သူ၏ ဆိတ်မုတ်ဆိတ်ဖြူဖြူကို စဉ်းစားဟန်ဖြင့် ပွတ်သပ်ရင်း ခန်းမအတွင်း ဟိုဟိုဒီဒီ လမ်းလျှောက်နေကာ ခြေသံများမှာ ဂူအတွင်း ပဲ့တင်ထပ်နေတော့သည်။ ထို့နောက် သူက ရုတ်တရက် ပြောလိုက်သည်။

“တောင်နောက်ဖက်က ဟို တောရိုင်းသတ္တဝါ ကို သုံးပြီး စမ်းသပ်ရင် မကောင်းဘူးလား”

ထိုစကားကြောင့် ရှူရှီး၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။

“အကောင်းဆုံးပဲ။ အဲဒီအကောင်က ငါ့ကိုတောင် ခေါင်းခဲစေတာ။ သူ့ရဲ့ အစွမ်းကို အဲဒီအကောင်နဲ့ စမ်းသပ်ကြည့်ဖို့က အတော်ဆုံးပဲ”

...

နှစ်ရက်အကြာတွင် ညီညွတ်ရေးခန်းမအတွင်း၌ နေဝင်တောင်တန်း၏ ခေါင်းဆောင်လေးဦးနှင့် အဓိက အဖွဲ့ဝင်အချို့သည် ဆောင်းရာသီမတိုင်မီ ရိက္ခာစုဆောင်းရေး ကိစ္စရပ်များကို အပြင်းအထန် ဆွေးနွေးနေကြသည်။ ထိုသို့ ဆွေးနွေးနေစဉ်အတွင်း အစေခံလုလင်တစ်ဦးမှာ အသည်းအသန် ပြေးဝင်လာတော့သည်။

“မကောင်းတော့ဘူး... အခြေအနေတွေ တော်တော်ဆိုးနေပြီ”

“ဘာဖြစ်တာလဲ”

ရှူရှီးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ကျွန်တော်တို့ ညီအစ်ကိုအချို့ တောင်နောက်ဖက်ကို အမဲလိုက်ဖို့ သွားကြတာ တောရိုင်းမျောက်တစ်ကောင်ရဲ့ တိုက်ခိုက်တာခံရလို့ အပြင်းအထန် ဒဏ်ရာရလာကြတယ်”

“မြန်မြန်... မျက်မမြင်အိုကြီးကို သွားခေါ်ခဲ့ကြစမ်း”

ထိုမျက်မမြင်အိုကြီးမှာ အမှန်တကယ် မျက်စိကွယ်နေသူ မဟုတ်ပေ။ သူ၏ မျက်တွင်းများမှာ အလွန်အမင်း နက်ဝင်နေပြီး မျက်လုံးများမှာလည်း အမြဲတမ်း မှေးစပ်နေသဖြင့် မျက်မမြင်တစ်ဦးကဲ့သို့ ထင်မှတ်ရခြင်းသာ ဖြစ်သည်။ သူ၏ ပုံပန်းသဏ္ဌာန်မှာ စုတ်ပြတ်သတ်နေသော်လည်း တောင်ပေါ်ရှိ မည်သည့်ဓားပြမျှ သူ့ကို အထင်မသေးရဲကြချေ။ အဘယ်ကြောင့်ဆိုသော် သူသည် တစ်တောင်လုံးတွင် တစ်ဦးတည်းသော ဆေးဆရာဖြစ်သောကြောင့်ပင်။

“ဒီတောရိုင်းမျောက်က လက်ချက်မညှာဘူးပဲ ဒီဒဏ်ရာတွေက ဒီအတိုင်း ထားရင်တော့ အလိုလို ပျောက်မှာမဟုတ်ဘူး”

မျက်မမြင်အိုကြီးက ဒဏ်ရာရသူအချို့ကို စစ်ဆေးပြီးနောက် သူ၏လက်ထောက်များကို ညွှန်ကြားလိုက်သည်။

“ငါ့ရဲ့ အပ်နဲ့ ချည်မျှင်ကို ယူခဲ့ကြစမ်း”

မြေပြင်ပေါ်တွင် လူသုံးဦးမှာ ဟိုတစ်စဒီတစ်စ လဲလျောင်းနေကြပြီး တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ်ရာ ဒဏ်ရာများစွာဖြင့် အသည်းအသန် ညည်းတွားနေကြသည်။

“တောင်နောက်ဖက်မှာ ဒီလို အန္တရာယ်ရှိတဲ့အကောင် ရှိနေတာက ညီအစ်ကိုတွေ အမဲလိုက်ဖို့ ခက်ခဲစေရုံတင်မကဘူး သူတို့ရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေသလို ဖြစ်နေပြီ”

ရှူရှီးက လုံယီကို ကြည့်ကာ “စတုတ္ထညီလေး... ငါတို့က နောက်ရက်တွေမှာ ရိက္ခာစုဆောင်းရေးအတွက် အလုပ်ရှုပ်နေကြမှာဆိုတော့ မင်းပဲ ဒီဘေးဒုက္ခကို ရှင်းလင်းပေးဖို့ အကူအညီတောင်းပါရစေ” ဟု ပြောလိုက်သည်။

“အစ်ကိုကြီးကလည်း အားနာစရာတွေ ပြောနေပြန်ပြီ”

လုံယီက လက်အုပ်ချီလျက် “သတင်းကောင်း ပါလာစေရပါ့မယ်” ဟု ပြန်လည် တုန့်ပြန်လိုက်သည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် ထပ်မံ ငြင်းပယ်နေပါက မယဉ်ကျေးရာ ရောက်ပေလိမ့်မည်။ လုံယီက တာဝန်ကို လွယ်လွယ်ကူကူ လက်ခံလိုက်ခြင်းကြောင့် ရှူရှီး၏ မျက်နှာမှာ သိသိသာသာ ပြေလည်သွားတော့သည်။

“ကျွန်တော်လည်း လိုက်မယ်”

တတိယခေါင်းဆောင် ကျူတာရွေ့က အော်ဟစ်ကာ ပြောလိုက်သည်။ သူသည် ယခုအခါ လုံယီ၏ နောက်ကွယ်မှ အရိပ်တစ်ခုပမာ ဖြစ်နေ၏။

ထိုစကားကို ကြားသောအခါ ရှူရှီး၏ မျက်နှာမှာ တစ်ဖန် ပြန်လည် ပုပ်သိုးသွားသော်လည်း ကျူတာရွေ့ကမူ ဘာမျှ သတိမပြုမိဘဲ ရှိနေသည်။

“မင်းတို့ပြောတဲ့ တောရိုင်းမျောက်က ဘယ်လိုပုံစံလဲ ဘာတွေက အန္တရာယ်အရှိဆုံးလဲ”

လုံယီက ဒဏ်ရာရသူများကို မေးမြန်းလိုက်သည်။

“မြန်လွန်းတယ်... ကောင်းကောင်းတောင် မမြင်လိုက်ရဘူး...”

“မီးခိုးရောင် မျောက်ဝံကြီး တစ်ကောင်ပဲ...”

“ကျွန်တော်လည်း သေချာမသိဘူးဗျ...”

အတော်ကြာအောင် မေးမြန်းခဲ့သော်လည်း အသုံးဝင်သော သတင်းအချက်အလက် များများစားစား မရရှိခဲ့ချေ။ သိရှိရသမျှမှာ ထိုမျောက်သည် အဖြူရောင် အမွေးအမှင်များရှိပြီး သာမန် သားရဲတိရစ္ဆာန်များထက် ထူးကဲသော အရှိန်အဟုန်ဖြင့် လှုပ်ရှားနိုင်ကြောင်းသာ ဖြစ်သည်။

သူ၏ နေအိမ်သို့ ပြန်ရောက်သောအခါ လုံယီသည် ကျူတာရွေ့နှင့်အတူ တိုင်ပင်ပြီး သစ္စာရှိသော လက်အောက်ငယ်သား အနည်းငယ်ကိုသာ ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။ လူအများအပြား ခေါ်ဆောင်သွားပါက မျောက်မှာ လန့်ဖျပ်၍ ပုန်းအောင်းသွားနိုင်ပြီး ပိုမို ဒုက္ခများစေနိုင်သောကြောင့်ပင်။

ကျူတာရွေ့၏ လက်အောက်ငယ်သားများသည် နေဝင်တောင်တန်းမှ ဝါရင့်ဓားပြဟောင်းများ ဖြစ်ကြသည်။ သူတို့အထဲတွင် အကျဉ်းထောင်အတွင်း၌ လုံယီကို အနိုင်ကျင့်ရန် ကြိုးစားခဲ့ဖူးသော ဟွမ်လေ့လည်း ပါဝင်ပြီး သူသည် နေဝင်တောင်တန်းတွင် လေးအတတ်၌ အကျွမ်းကျင်ဆုံးသူ တစ်ဦးဖြစ်သည်။

လုံယီနှင့်အတူ ထောင်ထဲမှ ပါလာသူများထဲတွင်မူ အလွန်အားကိုးရသော ထူးချွန်သူ နှစ်ဦးရှိသည်။ သူတို့သည် အစိုးရရုံးကို စီးနင်းတိုက်ခိုက်စဉ်က လုံယီကို ကာကွယ်ပေးခဲ့ကြပြီး ကျေးဇူးသိတတ်သူများ ဖြစ်ကြသည်။

ပထမတစ်ဦးမှာ အရပ်ရှည်၍ သန်မာထွားကျိုင်းသော လုရန်ဖြစ်သည်။ သူသည် ယခင်က သားသတ်သမားတစ်ဦးဖြစ်ပြီး ရန်ပွဲအတွင်း လူမိုက်တစ်ဦးကို သတ်မိခဲ့သဖြင့် သေဒဏ်ချမှတ်ခံထားရသူ ဖြစ်သော်လည်း လုံယီက ကယ်တင်ခဲ့သဖြင့် လုံယီအပေါ် အသက်ထက်ဆုံး ကျေးဇူးတင်နေသူ ဖြစ်သည်။

ဒုတိယတစ်ဦးမှာ ရုပ်ရည်သန့်ပြန့်ကာ ဓားသိုင်းပညာ ကျွမ်းကျင်သော လျူယွမ်ဖြစ်သည်။ သူ ထောင်ကျရသည့် အကြောင်းရင်းမှာမူ အတော်ပင် ထူးဆန်းလှ၏။ သူသည် ခယ်မဖြစ်သူနှင့် ဖောက်ပြန်နေသည်ကို သူ၏အစ်ကိုဖြစ်သူက လက်ပူးလက်ကျပ် မိသွားပြီး အစိုးရရုံးသို့ တိုင်ကြားခဲ့သဖြင့် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

သူတို့အုပ်စုသည် ဓား၊ လေးနှင့်မြား စသော လက်နက်များကို ကိုင်ဆောင်ကာ တောင်နောက်ဖက်သို့ အမဲလိုက်ရန် ထွက်ခွာခဲ့ကြသည်။ စည်ကားလှသော တောင်ရှေ့ဖက်နှင့် မတူဘဲ နေဝင်တောင်တန်း၏ နောက်ဖက်မှာမူ လုံးဝ ပြုပြင်မွမ်းမံထားခြင်း မရှိသော အပျိုစင်

တောနက်ကြီးသဖွယ် ဖြစ်နေတော့သည်။

သစ်ပင်များမှာ ထူထပ်လှပြီး မြက်ရိုင်းများမှာ ခါးလောက်အထိ မြင့်မားနေသည်။ ထိုကျယ်ဝန်းလှသော တောအုပ်ကြီးအတွင်း၌ ငှက်များ သားရဲများနှင့် ပိုးမွှားမျိုးစုံ ပုန်းအောင်းနေကြပြီး ၎င်းတို့၏ အော်မြည်သံများနှင့် လှုပ်ရှားသံများမှာ လေထုအတွင်း ပဲ့တင်ထပ်နေ၏။

“တစ်ယောက်နဲ့တစ်ယောက် သိပ်ပြီး ဝေးဝေးမသွားကြနဲ့”

တောင်နောက်ဖက်သို့ ဝင်လိုက်သည်နှင့် လုံယီက ကျူတာရွေ့နှင့် အခြားသူများကို ညွှန်ကြားလိုက်သည်။

လုံယီသည် သူ၏ ဘယ်လက်တွင် စခန်းသိုလှောင်ရုံမှ ယူလာသော ပုဆိန်တိုတစ်လက်ကို ကိုင်ထားပြီး ညာလက်တွင်မူ အသစ်ပြုလုပ်ထားသော လေးခွတစ်လက်ကို ကိုင်ဆောင်ထားသည်။ သူသည် ခေါင်းတွင် ကောက်ရိုးဦးထုပ် ဆောင်းထားပြီး တစ်ကိုယ်လုံးကိုလည်း အဆိပ်ရှိသော ပိုးမွှားများ၏ အန္တရာယ်မှ ကာကွယ်ရန် အဝတ်ကြမ်းများနှင့် လျှော်တေများဖြင့် တင်းကြပ်စွာ ပတ်ထားလေသည်။

တောင်နောက်ဖက်သို့ ဝင်ပြီး မကြာမီမှာပင်…..

ရှူး….

ဟွမ်လေ့သည် မြားတစ်စင်းကို လွှတ်လိုက်ရာ သစ်ပင်ပေါ်တွင် နားနေသော ရွာရှိ ငန်းတစ်ကောင်ထက်ပင် ကြီးမားသည့် ငှက်ကြီးတစ်ကောင်ကို ထိမှန်သွားသည်။ သူက “ဒီညအတွက်တော့ ညစာ ဟင်းတစ်ခွက် ရပြီဟေ့” ဟု ရယ်မောရင်း ပြောလိုက်သည်။ နေဝင်တောင်တန်းရှိ ဓားပြများအတွက် တောင်နောက်ဖက်တွင် အမဲလိုက်ခြင်းမှာ ရိက္ခာစုဆောင်းရန် အရေးကြီးသော နည်းလမ်းတစ်ခု ဖြစ်သည်။

“ညီအစ်ကိုတို့... သတိထားကြဦး ဒီမျောက်က လူလို အသိဉာဏ်ရှိနေတယ်ဆိုရင် ကိုင်တွယ်ရ ခက်လိမ့်မယ်”

ကျူတာရွေ့က အသံကုန်ဟစ်၍ အော်လိုက်သည်။

“အသံကို နည်းနည်းလျှော့စမ်းပါ သူ့ကို လန့်ပြီး ထွက်ပြေးအောင် လုပ်နေတာလား”

လုံယီက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

သူတို့အုပ်စုသည် နံနက်မှ ညနေစောင်းအထိ ရှာဖွေခဲ့ကြရာ တောကောင်အချို့ကို ရရှိခဲ့သော်လည်း တောရိုင်းမျောက်၏ အရိပ်အယောင်ကိုမူ မတွေ့ရသေးချေ။

“အားလုံး နည်းနည်းစီ ခွဲပြီး ရှာကြစမ်း အန္တရာယ်တွေ့ရင် ဝီစီမှုတ်ဖို့ မမေ့နဲ့ဦး”

လုံယီသည် ရှာဖွေရေးဧရိယာ ကျယ်ပြန့်စေရန်နှင့် လူအုပ်ကြီးကြောင့် မျောက်လန့်မသွားစေရန်အတွက် လူစုခွဲခိုင်းလိုက်ရတော့သည်။

ထိုသို့ လုပ်ဆောင်လိုက်ခြင်းမှာ ချက်ချင်းပင် ထိရောက်မှု ရှိလာသည်။

မကြာမီမှာပင် လုံယီရှိနေသော နေရာနှင့် မီတာရာဂဏန်းခန့် ဝေးကွာသော တောအုပ်ထူထပ်

သည့် ဘက်မှ အသည်းအသန် ဝီစီမှုတ်သံတစ်ခု ထွက်ပေါ်လာတော့သည်။

All Chapters