← Chapters

ဓါးအင်မော်တယ်၏ ဗျူဟာမြောက်တိုက်ပွဲ

Vol. 18 Ch. 255

ဓါးအင်မော်တယ်၏ ဗျူဟာမြောက်တိုက်ပွဲ

Vol. 18 Ch. 255

ဂမ်ဒမ် ၁ နှင့် ၂ တို့သည် မြေကမ္ဘာနန်းတော် သို့ ပထမဆုံးအကြိမ် ဝင်ရောက်ပြီး နောက်ထပ်လှုပ်ရှားမှုများ မလုပ်ဘဲ ရှေ့သို့ သတိကြီးကြီးထားကာ ကြည့်လိုက်သည်။ ငွေရောင်ဆံပင်ရှိသော လူလတ်ပိုင်းအရွယ် လူ တစ်ယောက်သည် နန်းတော်၏ ပလ္လင်ပေါ်တွင် နဂါးတစ်ကောင်ပမာ ထိုင်နေသည်။

သူသည်ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အသစ်ရောက်ရှိလာသူများကို အေးဆေးတည်ငြိမ်သော်လည်း သိလိုစိတ်ပြင်းပြသောအကြည့်ဖြင့်ကြည့်နေခဲ့သည်။

“မြေကမ္ဘာနန်းတော်မှ နွေးထွေးစွာ ကြိုဆိုပါတယ်... မိတ်ဆွေတို့....”

ယောက်ျားပီသသည့် နွေးထွေးသည့်အသံကြောင့် လူတိုင်း စိတ်သက်သာရာရသွားကြသည်။

ထိုသူသည်သာမန်အတိုင်း နူးညံ့သိမ်မွေ့သောအပြုအမူရှိသော်လည်း အန်လင်းသည် သူ၏ အစောင့်အရှောက် များကို မရုတ်သိမ်းသေးပေ။ လူတစ်ဦးတစ်ယောက်အား မျက်နှာတစ်ခုတည်းကြည့်ကာ ဆုံးဖြတ်၍မရနိုင်ပေ။

“မင်္ဂလာပါ... ခင်ဗျားရဲ့နန်းတော်မှာ ကောင်းတာလေးတွေများ ရနိုင်မလား ဝုတ်တ်...”

လိုချင်သည့်လမ်းကို တည့်မတ်စွာဖေါက်လိုက် တပိုင်၏ ထုံထိုင်းမှုအား အန်လင်း ဂုဏ်ယူမိသွားသည်။

ထိုလူထံမှ တအံ့တဩရယ်မောသံထွက်ပေါ်လာသည်။ သူတို့ထဲက ခွေးတစ်ကောင်ကတောင် ဒီလောက် စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ။

ထိုလူက အလွန်ရက်ရောသည့် လေသံဖြင့်ပြောလိုက်သည်။ “ ဆောင်းနဂါးသင်္ချိုင်းတစ်ခုလုံး မင်းတို့ကြောင့် ကုန်လုနီးပါးဖြစ်နေတာတောင် မကျေနပ်သေးဘူးလား”

သူ့စကားကြောင့်လူတိုင်း ရှိုးတိုးရှန့်တန့်ဖြစ်သွားကြသည်။ ထို့နောက် လူတိုင်းအား အဓိပ္ပာယ်ရှိသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး "ဒါပေမယ့်.. ငါ့မှာ မင်းတို့စိတ်ဝင်စားမဲ့ဟာတစ်ခုရှိတယ်" ဟုဆက်လက်ပြောလိုက်သည်။

"ဒါပေမယ့် အတင်းအကျပ်ရယူလို့မရဘူး အဲဒါကိုလိုချင်ရင် အဲဒီအရာရဲ့နှလုံးသားကို အရင်ဆုံးအနိုင်ယူနိုင်ရမယ် ”

အန်လင်း၏မျက်ခုံးများပင့်လိုက်ပြီး... "ဒါဆို ကျွန်တော်တို့ တိုက်ခိုက်စရာမလိုဘူးပေါ့ ကောင်းလိုက်တာ… လူတိုင်းက ပိုမို ငြိမ်းချမ်းတဲ့ လူ့ဘောင်ယဉ်ကျေးမှုကို မြှင့်တင်နေကြတာပဲ... ခင်ဗျားရဲ့အဆိုပြုချက်က ကျွန်တော် နဲ့ အတော် ကိုက်ညီတာပဲ”

ထိုသူသည် အန်လင်း၏စကားများကြောင့် အနည်းငယ် အံ့အားသင့်သွားပေမယ့် ငြိမ်းချမ်းတဲ့ လူ့ဘောင် ယဉ်ကျေးမှုဟူသော အယူအဆအား ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ငါ့မှာ နဂါးစာကလေးဓါးဆိုတဲ့ အင်မော်တယ်လက်နက် တစ်ခုရှိတယ် ဒီလက်နက်ဟာ တစ်ချိန်ကရှန်းယင်ရဲ့ လက်နက်ဖြစ်ပြီးတော့ ဒီဓါးကို ရေစက်ပါတဲ့သူကပဲ သုံးနိုင်လိမ့်မယ် ဓားမှာ ယဉ်ပါးဖို့ အလွန်ခက်ခဲတဲ့ စိတ်ဝိညာဉ် ရှိတယ် ဒါပေမယ့် မင်းကို သူ့သခင်အဖြစ် လက်ခံချင်တဲ့စိတ် ရှိမရှိကို ဓါးကိုဆက်သွယ်ပြီး ကြိုးစားကြည့်လို့ ရတယ်”

ထိုသို့ပြောနေရင်း ရှည်လျားသောဓားကို လေထဲပစ်တင်လိုက်သည်။

ချက်ချင်းပင်ကောင်းကင်နှင့်မြေကြီးတွင် စွမ်းအားပြင်းသော ဓါးစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားပြီး နဂါးများနှင့် ဖီးနပ်စ်ငှက်တို့၏ အော်ဟစ်သံများသည် လေထုထဲတွင် တစ်ဟုန်ထိုး ပျံ့နှံ့သွားသည်။ နဂါးစာကလေးဓားသည် အဖြူရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး သန့်စင်ကာ အပြစ်ကင်းသော သွင်ပြင်အား ပိုင်ဆိုင်ထားသည်။

၎င်း၏ဓါးသည်အချိုးအစား မညီဘဲ တစ်ဖက်တွင် ကတ္တီပါရောင် မီးလျှံများ တောက်လောင်နေသော ဖီးနပ်စ်ငှက် တစ်ကောင်ကဲ့သို့ဖြစ်နေပြီး တစ်ဖက်တွင် ရိုင်းစိုင်းသော လျှပ်စီးနဂါးတစ်ကောင်ကဲ့သို့ နက်ရှိုင်းသည့် အပြာရောင် ဖြစ်သည်။ ထိုကဲ့သို့ ထူးခြားနားသည့် လက္ခဏာရပ်များမှာ လုံးဝကွဲလွဲနေခြင်းမျိုး မဟုတ်ဘဲ လိုက်လျော ညီထွေစွာဖြင့် မျှတသောပုံရိပ်ကိုဖြစ်ပေါ်စေသည်။

နဂါးစာကလေးဓါး၏ အဖျားသည် မြေပြင်ဘက်သို့ချိန်ရွယ်ထားပြီး အဖြူ၊ ကတ္တီပါနီနှင့်အပြာရောင်စသည့် တောက်ပသည့်အလင်းများကို ထုတ်လွင့်ကာ လေထဲတွင်စီးမျောနေသည်။

အန်လင်းနှင့် အခြားသူများအားလုံးသည် ဓါးကို မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြသည်။ ဓား၏ ပုံပန်းသဏ္ဌာန်ကပင် အင်မော်တယ်လက်နက်တစ်ခုဟူသော  နာမည်နှင့်လိုက်ဖက်ကာ တန်ဖိုးကြီးမည့်ပုံပေါ်နေ သည်။

မိစ္ဆာရှင်းဓားနှင့် လောကထွင်းအပ်တို့သည်လည်း အင်မော်တယ်လက်နက်များဖြစ်သော်လည်း ထိုဓါးနှင့် နှိုင်းယှဉ် ကြည့်လျှင် နိမ့်ကျသွားရသည်။

ထိုအင်မော်တယ်လက်နက်၏ ဆွဲဆောင်အားသည် အလွန်အားကောင်းသည်ဟုသာ ပြောနိုင်တော့ပြီး ကြည့်မိသူတိုင်း ဖမ်းစားခြင်းခံရမည်ဖြစ်သည်။ ​​ထို့နောက် သူတို့အားလုံး စိတ်အားထက်သန်စွာဖြင့် ဓါး၏ စိတ်ဝိညာဉ်အား ယဉ်ပါးစေရန် ကြိုးစားကြသည်။

"ငါပထမဆုံး စမ်းကြည့်ပေးမယ် ဝုတ်တ်...."

တပိုင် အဆိုတင်သွင်းလိုက်ပြီး နဂါးစာကလေးဓားအနီး ကပ်သွားလိုက်သည်။ သူသည် ချစ်ခင်ကြင်နာတတ်သော မျက်လုံးများဖြင့် ဓားကိုငေးကြည့်ရင်း နှုတ်ခမ်း၏ထောင့်လေးတွန့်ကာပြုံးလိုက်သည်။ သူသည် မာန ထောင်လွှား စွာဖြင့် ခေါင်းကိုမော့လိုက်ပြီး နူးညံ့သိမ်မွေ့သောလေသံဖြင့်ပြောလိုက်သည်။

"ဟေ့ကလေး.... မင်းငါနဲ့လက်တွဲမယ်ဆိုရင် မင်းကိုအမြဲ ကာကွယ်စောင့်ရှောက်မယ်... ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးရှုခင်းတွေကို ကြည့်ရှုရမယ်.... ကမ္ဘာ့အကောင်းဆုံး ပြည့်တန်ဆာအိမ်တွေကို သွားကြပြီး အင်အား အကြီးဆုံး ရန်သူတွေကို သုတ်သင်ကြဖို့ မင့်ကိုငါခေါ်သွားပေးမယ်... မင်းသာအလိုရှိရင် မင်းကို မြတ်မြတ်နိုးနိုးနဲ့ နေ့တိုင်း လျှာနဲ့လျက်ပေးပါ့မယ်... ပြီးတော့....”

ဘုန်း...

တပိုင်သည် သူ၏စကား ဆုံးသည်အထိပြောခွင့်မရလိုက်ဘဲ လျှပ်စီးတန်း၏ ထိုးနှက်ခြင်းခံလိုက်ရပြီး ချက်ချင်း အပြင်သို့လွင့်စင်သွားသည်။

တပိုင်၏ ပါးစပ်ကို ဖွင့်လိုက်သောအခါ သူ၏ ပါးစပ်အတွင်းမှ အဖြူရောင်မီးခိုးများ ထွက်လာသည်။ တပိုင်သည် အလွန်ဝမ်းနည်းနေပုံပေါ်ပြီး သူ၏ကြီးမားသော မျက်လုံးထဲမှ မျက်ရည်များ စီးကျကာနေသည်။

“ဝါး.....ငါ့ရဲ့ ဝန်ခံမှုလေးကို သဘောမကျရင်တောင် ဒီလောက်ကြမ်းကြမ်းတမ်းတမ်းလုပ်ဖို့ မလိုပါဘူး ဝုတ်တ်..”

နဂါးစာကလေးဓားတဝိုက်တွင် လျှပ်စီးတန်းများတောက်ပလာပြီး ကြည့်ရသည်မှာ အနီးတဝိုက်ရှိ လျှပ်စီးများဖြင့် ပစ်ချချင်နေပုံပေါ်နေသည်။ တပိုင်သည် ချက်ချင်းကြောက်လန့်တုန်လှုပ်သွားပြီး ဓား၏ဒေါသအား နှိုးဆွ စေနိုင်မည့် စကားမျှထပ်မပြောရဲတော့ပေ။ တပိုင်၏နည်းဗျူဟာကျဆုံးသွားတော့သည်။

အန်လင်းသည် တပိုင်မှာ ထိုနည်းလမ်းမျိုးအား အသုံးပြု၍ နဂါးစာကလေးဓါးအား ဆွဲဆောင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ တပိုင်၏ ပါးစပ်မှ ထိုမျှနူးညံ့ချွဲပစ်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော စကားများ ထွက်ပေါ်လာသည်ကို အလွန်အံ့အားသင့်နေမိသည်။ ယခုပင် သူ၏ခန္ဓာကိုယ် တစ်လျှောက်လုံးတွင်ကြက်သီးများ ထလျက်ရှိနေသည်။

နဂါးစာကလေးဓားသည် သူ့ကိုလျှပ်စီးဖြင့် ပစ်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပါ။ အကယ်၍ သူသာ ဝန်ခံနေသည့်အတိုင်း ဆက်လက်လုပ်ဆောင်ပါက သူ့ကိုရိုက်နှက်ရန် အန်လင်းပင် စဉ်းစားမိနေပြီဖြစ်သည်။

"ငါကြိုးစားကြည့်မယ်..."

ရှောင်ချိုးသည် စိတ်ပိုင်းဖြတ်ထားသည့်အမူအယာဖြင့် နဂါးစာကလေးဓါး ဆီလျှောက်လှမ်းသွားလိုက်သည်။

သူ၏မီးလုံးကဲ့သို့သော မျက်လုံးများတွင် ဖြောင့်မတ်သည့်အလင်းရောင်များ ဖြာထွက်နေသည်။

“ညီအစ်ကိုနဂါးရေ…  ကမ္ဘာကြီးကို အနိုင်ယူဖို့ ငါနဲ့အတူပူးပေါင်းချင်ရဲ့လား ငါကမ္ဘာရဲ့အကြီးမြတ်ဆုံး နေရာမှာ ရပ်တည်နိုင်တဲ့အခါ မင်းလဲငါနဲ့အတူ အကျိုးကျေးဇူးကိုခံစားစေရမှာပါ”

အန်လင်း နှင့် စုရှောင်လန်တို့နှစ်ဦးစလုံးသည် သူ၏စကားကိုကြားသောအခါ တုန်လှုပ်ချောက်ချားသွားကြသည်။ ဒီလိုကြောက်စရာကောင်းတဲ့ ဇာတ်ညွှန်းမျိုးကို ဘယ်ငရဲမှာများ သင်ယူခဲ့ပါလိမ့်...။

ရှောင်ချိုးက ဆက်လက်ပြီးလေးနက်စွာပြောလိုက်သည်။

“ဒီငွေတုတ်ဟာ ငါ့ရွေးချယ်ခဲ့တဲ့ အကောင်းဆုံးလက်နက်တစ်ခုပဲ... ဒါပေမယ့် မင်းနဲ့ဆိုရင် ငါဓါးသိုင်းကို လေ့ကျင့်ပြီး ငါဓားအင်မော်တယ်မျောက်ဖြစ်လာဖို့ ဆန္ဒရှိပါတယ်... ”

ရှောင်ချိုးသည် သူ၏ငွေတုတ်တံကို  အဝေးသို့ စွန့်ပစ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင်... နဂါး စာကလေးဓါး၏ စိတ်နှလုံးကို လုံးဝဆွတ်ခူးနိုင်ခဲ့သည်။

နဂါးစာကလေးဓားမှ အသံတစ်ချက် ထွက်ပေါ်လာပြီး လေထုထဲတွင် ဓါးအသိစိတ်များပျံ့လွင့်လာသည်။ ရှောင်ချိုးသည် သူ၏ကိုယ်ခန္ဓာအား အသင့်ပြင်ကာ မျှော်လင့်စောင့်စားနေခဲ့သည်။ သူသည် တပိုင် ခံစားခဲ့ရသော ကြမ်းတမ်းသည့် ရိုက်နှက်မှုကို ခံရလိမ့်မည်ဟု ထင်နေသည်။

သို့သော်မကြာမီသူမှားကြောင်းသိရှိသွားခဲ့သည်။ ကတ္တီပါနီရောင် မီးလျှံများသည် လေထုထဲတွင်စာလုံးများအား ဖြစ်ပေါ်စေလိုက်ပြီး စကားပြောရန် ကြိုးစားနေသည့်ပုံပေါ်သည်။ အားလုံး၏မျက်လုံးသည် ထိုမြင်ကွင်းတွင် နစ်မျောနေကြပြီး ရှောင်ချိုး အခွင့်အရေးတစ်ခုရနိုင်သည်ဟု ထင်နေမိကြသည်။ စကားလုံးများသည် တဖြည်းဖြည်းနှင့် စတင်ဖြစ်ပေါ်လာသည်။

“မင်းရဲ့ကြင်နာတဲ့စကားတွေအတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကိုမျောက်ရေ...  ဒါပေမယ့် ငါ့ကို ညီအစ်ကိုနဂါးလို့ မခေါ်ပါနဲ့ ငါကမိန်းကလေးပါ ပြီးတော့ မင်းဟာ ငါ့ရဲ့အလှအပစံနှုန်းတွေအတွက် အလွန်အရုပ်ဆိုးလွန်းတယ် ဒါကြောင့် မင့်ရဲ့ငွေတုတ်နှင့်သာဆက်ပြီးလက်တွဲပါတော့...”

လူတိုင်းထိတ်လန့်တုန်လှုပ်နေစဉ်မီးလျှံအက္ခရာများသည်တဖြည်းဖြည်းနှင့်လေထဲတွင်လောင်ကျွမ်းသွားသည်။

ဘုန်း...

"မင်းကအရမ်းရုပ်ဆိုးတယ်" ဟူသည့် စကားလုံးသည် ရှောင်ချိုး၏အသိစိတ်အား လုံးဝထိခိုက်စေပြီး အပြင်းအထန်ရိုက်နှက်သည်ထက်ပင် ပိုမိုနာကျင်ခံစားသွားရသည်။ ဤသည်မှာ မည်သည့်မန္တန်တိုက်ခိုက်မှု များထက်မဆို ပိုမိုကြောက်ရွံ့စရာကောင်းသော စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတစ်ခုဖြစ်သည်။

အန်လင်း၊ စုရှောင်လန် နှင့် တပိုင်တို့အားလုံးသည် ရှောင်ချိုးအား စာနာထောက်ထားစွာကြည့်လိုက်ကြသည်။

မီးတောက်များတဖြည်းဖြည်းပျောက်ကွယ်သွားသည်.....

ရှောင်ချိုးသည် သတိလက်လွတ်နေသော ကိုယ်ခန္ဓာနှင့် ထွက်သွားခဲ့သည်။

စုရှောင်လန်သည် ရှောင်ချိုး၏ အသက်မဲ့နေသောပုံရိပ်အား မကြည့်ရက်စွာဖြင့် အန်လင်းကိုမေးလိုက်သည်။

"အန်လင်း… ရှောင်ချိုး အဆင်ပြေပါ့မလား"

အန်လင်း လက်ကို ဝှေ့ယမ်းလိုက်သည်။ "အဆင်ပြေမှာပါ သူအဖြစ်မှန်ကိုရင်ဆိုင်နိုင်ဖို့လိုအပ်ပါတယ်..."

တပိုင် နှင့် ရှောင်ချိုးတို့နှစ်ဦးစလုံး မအောင်မြင်ခဲ့သဖြင့် ယခုတွင် သူတို့၏ပိုင်ရှင်ကြိုးပမ်းရန် အလှည့် ရောက်လာပြီ ဖြစ်သည်။

နဂါးစာကလေးဓား၏ တုန့်ပြန်မှုအရ ဓားသည် အလှအပဝေဖန်သူ တစ်ယောက်ဖြစ်မည် ဆိုခြင်းအား ကောက်ချက်ချနိုင်ခဲ့ရာ ထိုအရာသည် အန်လင်း၏ ယုံကြည်မှုကို တိုးမြှင့်စေခဲ့သည်။ သူသည် အရမ်း ချောမောသည့်အတွက် ထိုအရာသည် သူ့အိတ်ထဲရောက်လာမည့်ပုံရှိနေသည်။

ထိုယုံကြည်စိတ်ကြောင့် သူ၏မျက်နှာပေါ်တွင် ယုံကြည်စိတ်ချရသော အပြုံးတစ်ခုပေါ်လာသည်။ သူရှေ့တိုးရန် ပြင်လိုက်ချိန်တွင် အတွေးတစ်ခုဝင်လာပြီး ရုတ်တရက်ခြေလှမ်းကို ရပ်လိုက်သည်။

မဟုတ်သေးဘူး... သူသွားလို့မဖြစ်သေးဘူး

ဇာတ်လမ်းတွေထဲကအတိုင်းဆိုလျှင် အရင်ဆုံးသွားသူများသည် များသောအားဖြင့် အမြောက်စာများသာ ဖြစ်သွားကြသည်။  ဇာတ်လိုက်သည် နောက်ဆုံးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ အန်လင်းသည် စုရှောင်လန်အား နွေးထွေးသည့်အပြုံးဖြင့်ကြည့်ခဲ့သည်။

"ရှောင်လန်… မိန်းကလေးကို ဦးစားပေးမယ်..."

“ဟမ်” စုရှောင်လန်သည် အံ့သားသင့်စွာဖြင့် သူမ၏ကြည်လင်သောမျက်လုံးများအား ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ခေါင်းညိတ်လိုက်သည်။

"အိုး..." သူမသည်ထိုအရာကို သိပ်မစဉ်းစားတော့ဘဲ နဂါးစာကလေးဓားအားသိမ်းသွင်းရန် သွားလိုက်သည်။

အန်လင်းသည် ယုံကြည်မှုအပြည့်ဖြင့်ရှိနေသည်။

ဟီးဟီးဟီး… နဂါးစာကလေးဓါးက မိန်းကလေးပဲ...  ဆန့်ကျင်ဘက်တွေကဆွဲဆောင်နိုင်ပြီး လိင်တူတွေကျတော့ တွန်းကန်ကြတယ်... ဒါဟာသဘာဝပဲ... ငါကဒီနေရာမှာရှိတဲ့အချောဆုံးသူပဲ ဒါကြောင့် နဂါးစာကလေးဓားရေ မင်းရဲ့ပိုင်ရှင်ကငါကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ

စုရှောင်လန်သည် နဂါးစာကလေးဓားဆီ လျှောက်သွားပြီးနောက် ဘာလုပ်ရမည်မသိဘဲ ကြောင်တောင်တောင် ဖြစ်နေသည်။ သူမသည် နဂါးစာကလေးဓားအား မည်သို့စည်းရုံးမည်ဟူ၍ အစီအစဉ်မဆွဲရသေးသဖြင့် မည်သည်ကို ပြောရမည်မသိ ဖြစ်နေသည်။

“မင်္ဂလာပါရှင့်...”

သူမသည် နားဝင်ပီယံဖြစ်သော နှုတ်ခွန်းဆက်စကားဖြင့် စတင်လိုက်သည်။

ဝှစ်…

နဂါးစာကလေးဓားသည် သူမ၏ နှုတ်ခွန်းဆက်စကားကို ပြန်လည်တုံ့ပြန်နှုတ်ဆက်လိုက်သလို အလင်းရောင်များ တောက်ပလာသည်။ စုရှောင်လန်သည် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ နဂါးစာကလေးဓား နှင့် ရှေ့ဆက်ရန် လွယ်ကူသွားသည်ဟု ခံစားလိုက်ရသည်။

စုရှောင်လန်သည် သတိလက်လွတ်ဖြင့် ဓါးရှေ့တွင်ရပ်လိုက်ပြီး သူမ၏လက်ချောင်းထိပ်နှင့် မြတ်နိုးဖွယ်ရာ လှပတောက်ပနေသည့် ဓါးအား အသာအယာတို့ထိလိုက်မိသည်။

အိုး…ဓားသည် နှစ်လိုဖွယ်ချောမွေ့နေပြီး အထင်ကြီးဖွယ်ကောင်းသည်။

“ဝါး... အရမ်းမိုက်တာပဲ...သူက နှုတ်ဆက်စကားတစ်ခွန်းပဲပြောရသေးတာတောင်မှ ဓါးကို ထိနိုင်နေပြီ...ဝုတ်တ်…”

တပိုင်သည် အကူအညီမဲ့စွာဖြင့် အော်ညည်းလိုက်သည်။

အန်လင်းသည် တစ်ခုခုကလွဲမှားနေသလို ခံစားလိုက်ရသည်။ စုရှောင်လန်သည် နဂါးစာကလေးဓါးကိုကိုင်ကာ လေထဲထိုးခုတ်လိုက်သည့်အချိန်တွင် ဓါးသည် တုန်ခါသွားပြီး ကြည်လင်ပြတ်သားကာ ရွှင်မြူးသည့် အော်မြည်သံ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင်  စုရှောင်လန်၏ လက်ချောင်းထိပ်များတွင် ရွှေရောင်မီးတောက်အမှတ်အသားများ ဖြစ်ပေါ်လာသည်။

"ဘာတွေဖြစ်ကုန်တာလဲ ငါ့စွမ်းအင်တွေ အသက်ဝင်လာတာလား”

စုရှောင်လန်သည် သူမ၏ လက်ချောင်းထိပ်တွင် ကခုန်နေသည့်ရွှေရောင်မီးတောက်လေးများအား မယုံနိုင်စွာ ကြည့်ပြီး မျက်လုံးပြူးသွားသည်။

နဂါးစာကလေးဓားသည် သူမ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားကို အဘယ်ကြောင့် သက်ဝင်လှုပ်ရှား စေနိုင်ခဲ့သနည်း။ ဓါးသည် သူမအား ခုချိန်ထိ ပိုင်ရှင်အဖြစ် အသိအမှတ်မပြုသေးပေ။

နန်းတော်အလယ်ရှိ ပလ္လင်ပေါ်တွင်ထိုင်နေသော လူလတ်ပိုင်းအမျိုးသားသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ရုတ်တရက် ထရပ်လိုက်သည်။

ရုတ်တရက် တိမ်နှင့်လေများသည် ပြင်းထန်စွာ လှည့်ပတ်လာကြသည်။ နဂါးစာကလေးဓားသည် ဓားကိုလှည့်ပတ်နေသည့် ကြည်လင်သောနဂါးများနှင့်အတူ လေထဲသို့ ပျံတက်သွားပြီး နဂါးဟိန်းသံများသည် မိုးကြိုးသံအလားထွက်ပေါ်လာသည်။ ဖီးနပ်စ်သည်လည်းအသက်ဝင်လာပြီး လေထုထဲသို့ပျံသန်းသွားကာ မရေမတွက်နိုင်သော နတ်ဘုရားအလင်းတန်းများကိုထုတ်လွှတ်လိုက်သည်။

“နဂါးစာကလေးဓား နိုးထလာပြီ… သူက...သူက ပိုင်ရှင်ကို ရွေးချယ်လိုက်ပြီ”

သက်လတ်ပိုင်းအရွယ်လူသည် စိတ်လှုပ်ရှားမှုများကြောင့် တုန်ရင်နေသည်။

အန်လင်းကြက်သေသေကာ ရပ်တံ့နေမိသည်။

ငလူး ပိုင်ရှင်ကိုအဲလိုကြီးရွေးလိုက်တာလား...

***

All Chapters