ဖိတ်ခေါ်မှုအား အလေးထားခြင်း
Vol. 19 Ch. 256
ထိုသို့ မဖြစ်နိုင်ချေ။ မဟုတ်ချေ။ ဤဇာတ်လမ်းမှာ ထိုကဲ့သို့ မဖြစ်နိုင်ချေ။
အန်လင်းသည် မယုံကြည်နိုင်မှုများဖြင့် လေထဲရှိ နဂါးစာကလေးဓားအား ကြည့်နေမိသည်။ သူ့နှလုံးသားမှာလည်း နာကျင်လာလေသည်။
သို့သော်လည်း ထိုအချိန်မှာပင် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုအား နားလည်လိုက်မိသည်။
လွန်စွာလက်တွေ့ကျသည့် ပြဿနာတစ်ရပ်အား သတိပြုလိုက်မိလေပြီ။ တစ်ဦးတစ်ယောက်သည် လိင်တူချင်း သဘောကျနှစ်သက်သူ ဖြစ်နေမည်ဆိုပါက မည်သည့်အခါတွင်မျှ ဆန့်ကျင်ဘက်လိင်၏ ဆွဲဆောင်မှုခံရလိမ့်မည် မဟုတ်ချေ။ ဤသို့ဖြင့် ဂေးများ ဖြစ်လာရသလို လက်စဘီယံများ မှိုလိုပေါက်လာရခြင်းပင်။ (လက်စဘီယံဆိုတာ မိန်းကလေးချင်း သဘောကျသူကို ခေါ်ပါတယ်_)
နဂါးစာကလေးဓားမှာ လက်စဘီယံ တစ်ဦးပင်။
အန်လင်း၏ စိတ်ထဲတွင် ခဏချင်းပင် ဤသုံးသပ်ချက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အဆုံးတွင် လှပသည့် ဓားတစ်လက်အား ပိုင်ဆိုင်ခွင့်နှင့် လွဲချော်လိုက်ရပြန်လေပြီ။
“မြန်မြန်လေး မင်းရဲ့သွေးအဆီအနှစ်ကို ဖောက်ထုတ်လိုက်စမ်း။” သက်လတ်ပိုင်းအရွယ်လူကြီးသည် အနည်းငယ် ဆွံ့အနေသည့် စုရှောင်လန်အား အော်လိုက်သည်။
စုရှောင်လန်သည် တုံ့ဆိုင်းခြင်းမရှိ လက်ချောင်းအား ကိုက်ဖောက်လိုက်သည်။ တလက်လက် တောက်ပနေသော သွေးအဆီအနှစ် တစ်စက်မှာ လေထဲတွင် လွင့်မျောနေလေသည်။ ထိုသွေးအဆီအနှစ်ထဲတွင် ဇာမနီနတ်ဘုရားသွေးမျိုးဆက် ပါဝင်နေပြီး အလိုအလျောက်ပင် နဂါးစာကလေးဓားဆီသို့ ရွေ့လျားကာ ပေါင်းစပ်သွားလေသည်။
ဝှစ်
နောက်ထပ်တစ်ကြိမ် ပျော်ရွှင်စွာ မြည်ဟည်းသံ ထွက်ပေါ်လာပြီးနောက် ရာသီဥတု ဖောက်ပြန်မှုများလည်း စတင်ပျောက်ကွယ်လာသည်။
နဂါးစာကလေးဓားသည် ကောင်းကင်မှဆင်းသက်ကာ ရွှင်မြူးသည့်အသံများ ထုတ်ဖော်ကာဖြင့် စုရှောင်လန်ထံသို့ နာခံကျိုးနွံစွာဖြင့် မဝံ့မရဲ လျှောက်လှမ်းသွားလေသည်။
သက်လတ်ပိုင်းအရွယ်လူသည် စုရှောင်လန်ထံသို့ စိတ်လှုပ်ရှားစွာဖြင့် လျှောက်လှမ်းလာပြီး တုန်ယင်စွာဖြင့် ပြောလေသည်။ “နဂါးစာကလေးဓားက သခင်တစ်ဦးကို အသိအမှတ်ပြုလိမ့်မယ်လို့ ဘယ်သူထင်မှာတဲ့လဲ။ လုံးဝကို အံ့ဩဖို့ကောင်းလွန်းပါတယ်။”
ထိုနဂါးစာကလေးဓား၏ မောက်မာဂုဏ်ဆာမှုများအား သူကောင်းစွာသိသည်။ ထို့အပြင် ယင်းဓားအား ယဉ်ပါးအောင် ပြုလုပ်ရန်မှာလည်း လွန်စွာခက်ခဲလှသည်။ ထိုဓားသည် ယင်းအား ယဉ်ပါးအောင် ပြုလုပ်ဖို့ရန် ရောက်ရှိလာခဲ့ကြသည့် ပျက်ပြယ်ခြင်းအဆင့်များကိုပင် အဖက်မတန်သလို ဆက်ဆံခဲ့သည်။
သို့သော်လည်း ထိုမာနကြီး မောက်မာလှသည့်ဓားသည် သူ၏အရှေ့တွင်ရှိနေသည့် မိန်းမပျိုလေးအား အလိုအလျောက်ပင် သခင်အဖြစ် အသိအမှတ်ပြုခဲ့သည်။
“ကျွန်တော့်ရဲ့နာမည်က လုံအောင်းပါ။ ဒီငယ်ရွယ်တဲ့ ကျင့်ကြံသူလေးရဲ့ နာမည်ကို သိခွင့်ရမလား။” ထိုသက်လတ်ပိုင်းအရွယ်လူသည် စိတ်လှုပ်ရှားစွာဖြင့် မေးလေသည်။
ယခင်က ထိုကဲ့သို့ ဖြစ်လာမည်ဟု မထင်မိသည့်အတွက် မိတ်ဆက်ခြင်းမပြုခဲ့ပေ။ အဆုံးသတ်ရလဒ်မှာ မည်သို့ဆိုစေ ကျရှုံးမည်သာ ဖြစ်သည့်အတွက် သူ၏စကားလုံးများအား မဖြုန်းတီးလိုခဲ့ချေ။
သို့သော်လည်း ထိုနဂါးစာကလေးဓားသည် သခင်ဖြစ်သူအား အမှန်တကယ်ရွေးချယ်ခဲ့လေသည်။
ထိုအချက်သည် သူ၏ကမ္ဘာကြီးအပေါ် ရှုမြင်ခြင်းအား ပြောင်းလဲသွားစေခဲ့သလို သူ၏အရှေ့တွင် ရှိနေသည့် မိန်းမပျိုလေးနှင့် ပတ်သက်သည့်အရာများကိုလည်း လွန်စွာသိလိုလာစေသည်။
“အိုး ကျွန်မနာမည် စုရှောင်လန်ပါ။” စုရှောင်လန် ခေါင်းညိတ်လိုက်သည်။
အန်လင်းသည် ထိုသက်လတ်ပိုင်းအရွယ်လူ၏ နာမည်ကြောင့် အနည်းငယ် အံ့အားသင့်သွားမိသည်။ ထို့နောက်တွင် မဝံ့မရဲဖြင့် “ဆရာကြီး လုံအောင်းထျန်းဆီမှာ တခြားပစ္စည်းကောင်းလေးတွေများ ရှိသေးပါသလား ခင်ဗျာ။”
လုံအောင်းသည် စုရှောင်လန်နှင့် ဆက်လက်စကားပြောရန် ပြင်နေခြင်းဖြစ်ပြီး အန်လင်း၏ အမေးကြောင့် ချက်ချင်းပင် ခေါင်းယမ်းလိုက်သည်။ “ငါ့နာမည် လုံအောင်း၊ လုံအောင်းထျန်း မဟုတ်ဘူး။”
ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် သူ့မျက်လုံးများ အရောင်လက်လာသည်။ “ဒါပေမဲ့လည်း လုံအောင်းထျန်းဆိုတဲ့နာမည်က ဆိုးတော့မဆိုးပါဘူး။ အင်း အခုကစပြီး ငါ့နာမည်ကို လုံအောင်းထျန်းလို့ ပြောင်းလိုက်ပြီကွာ။”
အန်လင်းသည် ခေါင်းညိတ်လိုက်ပြီးနောက် “ဆရာကြီး လုံအောင်းထျန်းက ကျွန်တော်မေးထားတဲ့ တခြားပစ္စည်းကောင်းလေးများ ရှိသေးလားဆိုတာ မဖြေရသေးဘူးဗျ။”
လုံအောင်းထျန်းသည် ပြုံးကာဖြင့် ခေါင်းယမ်းလိုက်ပြီးနောက် “နဂါးစာကလေးဓားက မြေကမ္ဘာနန်းတော်မှာကျန်ခဲ့တဲ့ တစ်ခုတည်းသော ရတနာပဲ။ သူက ရှန့်ယင်ရဲ့ လက်နက်ဖြစ်ခဲ့ဖူးတယ်လေ။ ဒီဓား သခင်အသစ် ရသွားတဲ့အချိန်အထိ ငါအသက်မရှည်လောက်ဖူးလို့ တွေးနေမိခဲ့တာ။ အခုတော့ ကျေးဇူးတင်ဖို့ကောင်းလောက်အောင်ပဲ သခင်အသစ်ကို ရွေးချယ်သွားတာကို မြင်တွေ့ခွင့်ရခဲ့တယ်လေ။ ကံကောင်းလို့ပေါ့။”
သူ၏မျက်လုံးထဲတွင် မျက်ရည်များ ရစ်ဝိုင်းလာပြီး စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာလေသည်။
သူ၏အပြုအမူအား ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် “ရှန့်ယင်ချန်ထားရစ်တဲ့ ရတနာတွေ သွေးဆက်အမွေအနှစ်တွေကို လိုချင်ရင် ကောင်းကင်နန်းတော်ကိုသွားဖို့အတွက် အကြံပေးချင်တယ်။ ဒါပေမဲ့လည်း မင်းတို့ ဒီနေရာမှာပဲ ရပ်တံ့ဖို့အတွက် မျှော်လင့်ပါတယ်။ နဂါးစာကလေးဓားက အခုလေးတင်မှ သခင်အသစ်ကို ရွေးချယ်လိုက်တာလေ။ ဘယ်လောက်မှတောင်မကြာဘူး သူ့သခင်အသစ်ကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် ဖြေဆည်နိုင်မှာ မဟုတ်ဘူး။”
စုရှောင်လန်သည် ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ခေါင်းယမ်းလိုက်သည်။ “ကျွန်မနဲ့ ကောင်းကင်နန်းတော်မှာ ဆက်သွယ်ချက်ရှိနေတယ်လို့ ခံစားနေရတယ်။ ကောင်းကင်နန်းတော်ကို မသွားရင် အဲဒီဆုံးဖြတ်ချက်အတွက် ကျန်ရှိနေတဲ့ တစ်ဘဝလုံး နောင်တရနေလိမ့်မယ်လို့ ကျွန်မရဲ့ အသိစိတ်က ပြောနေတယ်။”
စုရှောင်လန်၏ စကားများကို ကြားသည့်အခါတွင် မည်သည့်ကြောင့်ရယ်မသိ အန်လင်း၏စိတ်ထဲ၌ ခိုင်မာသည့် အယူအဆတစ်ခု ဖြစ်တည်လာသည်။ ယင်းမှာ ဤဆောင်းနဂါးသင်္ချိုင်းသည် သေချာပေါက် စုရှောင်လန်မိသားစု၏ အပိုင်ဖြစ်သည်ဟူ၍ပင်။
စုရှောင်လန် ပြောစကားကို ကြားလိုက်သည့်အခါ လုံအောင်းထျန်း၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။ “မင်း.. မင်းက ရှန့်ယင်နဲ့ ဆက်နွယ်နေတာလား။”
စုရှောင်လန် ခေါင်းယမ်းကာဖြင့် “ကျွန်မလည်း မသိဘူး။ အနည်းဆုံးတော့ ကျွန်မရဲ့ မိသားစုထဲမှာ သူမရဲ့နာမည်ကိုပြောတာ တစ်ခါမှ မကြားဖူးခဲ့ဘူး။”
လုံအောင်းထျန်း၏ စိတ်လှုပ်ရှားမှုတို့တွင် စိတ်ပျက်မှုများ နေရာယူလာသည်။
အန်လင်းသည် ချက်ချင်းဆိုသလို အကြံတစ်ခု ပြုလေသည်။ “ဆရာကြီး လုံအောင်းထျန်းခင်ဗျ.. ကျွန်တော်တို့နဲ့အတူ ကောင်းကင်နန်းတော်ကို လိုက်ခဲ့မယ်ဆိုရင်ကော။ ဆရာကြီးရဲ့ ကာကွယ်ပေးမှု နဲ့ဆိုရင် နဂါးစာကလေးဓားက သူ့ရဲ့ပိုင်ရှင်ကို ဆုံးရှုံးရမှာ စိုးရိမ်စရာ မလိုတော့ဘူးလေ။”
လုံအောင်းထျန်း : “... မင်းက ငါ့ကို မင်းတို့ရဲ့ အဖွဲ့ဝင်အဖြစ် ဆက်ဆံနေတာလား။”
အန်လင်းသည် လုံအောင်းထျန်းအား ရိုးသားစွာဖြင့် ကြည့်လိုက်သည်။ “ဆရာကြီးက ကျွန်တော်တို့အဖွဲ့ထဲက မဟုတ်ဘူးလားဗျ။”
လုံအောင်းထျန်းသည် ရိုးသားစွာဖြင့် “ငါ့ရဲ့ ဘယ်အချက်တွေကများ လူဆိုးတစ်ယောက်နဲ့ တူနေစေတာလဲကွာ။ ပြောစမ်းပါ ပြင်ရအောင်လို့။”
အန်လင်းမျက်လုံးများ အရောင်လက်လာသည်။ “ဆရာလူဆိုးကြီးခင်ဗျ.. ကျွန်တော်တို့လို အမှိုက်လေးတွေအတွက် ကောင်းကင်နန်းတော်ကို စမ်းတဝါးဝါး ဝင်ရောက်သွားမယ်ဆိုရင် ရန်သူတွေနဲ့ အနိုင်ကျင့်ခြင်းကို ခံရမှာပေါ့။”
လုံအောင်းထျန်း : “.. ငါက အတော်လေး သဘောကောင်းတဲ့သူ ဆိုတာကတော့ အမှန်ပဲ။ ဒါပေမဲ့လည်း ငါ့ရဲ့ အသိဉာဏ်ကို မစော်ကားပါနဲ့။”
“ရိုးရိုးသားသား ပြောမယ်ကွာ။ ကောင်းကင်နန်းတော်မှာ မင်းတို့တွေ ဘယ်လိုရန်သူမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ငါတကယ်ကို မသိဘူး။ ကောင်းကင်နန်းတော်ဆိုတာ ငါတို့လို လူမျိုးတွေ အတွက်တောင် ဝင်ဖို့အတွက် အတားအဆီးတွေ အရမ်းများတယ်ကွ။ မင်းတို့ကို ပြောပြနိုင်တာက ရှန့်ယင်ရဲ့ သွေးမျိုးဆက် အမွေအနှစ်တွေ ရတနာတွေ အားလုံး အဲဒီမှာ ရှိနေတယ် ဆိုတာပဲ။”
အန်လင်းတို့မှာ အခြားနည်းလမ်း မရှိတော့ကြောင်း သိလိုက်ရသည်။ ကောင်းကင်နန်းတော်၌ မည်သည့်အန္တရာယ်များ စောင့်ကြိုနေမည်ကို မသိနိုင်ကြချေ။
လုံအောင်းထျန်းသည် လက်သီးလက်ဝါး ယှက်လိုက်သည်။ “ငါက ရှန့်ယင်ကို ဆန့်ကျင်မိခဲ့တဲ့ အမှားကြောင့် ဒီနေရာမှာ နှစ်ပေါင်း ၈၀၀၀ ကျော် ပိတ်လှောင်ခံခဲ့ရတယ်။ သေဆုံးတဲ့အချိန်အထိ ဒီနေရာကနေ မလွတ်မြောက်နိုင်တော့ဘူးလို့ တွေးမိခဲ့တယ်။ ဒါပေမဲ့လည်း နဂါးစာကလေးဓားကို ယဉ်ပါးအောင် သိမ်းသွင်းနိုင်ခဲ့တာကြောင့် လွတ်လပ်မှုကို ရရှိခဲ့ပြီ။ ဒီအကြောင်းကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ တစ်နေ့မှာ ပြန်တွေ့ပြီး အကူအညီလိုလာမယ်ဆိုရင် တတ်နိုင်သလောက် အစွမ်းကုန် ကူညီပါ့မယ်။”
ထိုသို့ပြောရင်း လုံအောင်းထျန်းထံမှ အော်ရာများ ပေါက်ကွဲထွက်လာသည်။ ထိုအော်ရာမှာ အလွန်အမင်း စွမ်းအားကြီးပြီး ယုံကြည်မှုပြင်းထန်လေသည်။
“ဘဝဆိုတာ တစ်ခါတစ်ရံမှာ အနိမ့်အမြင့် အတက်အကျတွေနဲ့ ပြည့်နှက်နေတတ်တယ်။ ဒါပေမဲ့လည်း အရာဝတ္ထုတွေကတော့ မျက်စိတစ်မှိတ်လေးအတွင်းမှာကို ပြောင်းလဲသွားနိုင်တယ်။ ငါကအခု ပြန်လည်ပြီး လွတ်မြောက်လာခဲ့ပြီ။ ဆန္ဒရှိသလို ရယ်မောနိုင်ပြီး လောကကြီးကို ကြည့်ရှုနိုင်ပြီ။ နောက်ထပ်တစ်ဖန် ကောင်းကင်ထက်မှာ ဂုဏ်ယူစွာနဲ့ ပျံသန်းနိုင်ခဲ့ပြီ။”
“ကျင့်ကြံသူလေးတို့.. ငါအခု ထွက်သွားတော့မယ်။ ကောင်းကင်ဘုံက ငါ့ကို ဖိနှိပ်မယ်ဆိုရင် အဲဒီ သောက်ကောင်းကင်ဘုံကို ဆန့်ကျင်ပစ်မယ်။ မင်းတို့နဲ့ နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါကျရင် ငါ့နာမည်က ကုန်းမြေကြီးတစ်ခုလုံးမှာ ကျော်ကြားနေလိမ့်မယ်။” လုံအောင်းထျန်းသည် စိတ်အားထက်သန်မှု အပြည့်ဖြင့် ရှိနေလေသည်။ အန်လင်းတို့သည် ထိုတလက်လက်တောက်ပနေသော ဝံ့ကြွားမှုအပြည့်နှင့် ပုံရိပ်အား ကြည့်နေစဉ်မှာပင် ယင်းသည် လေထဲသို့ ခြေလှမ်းလှမ်းကာဖြင့် ပျောက်ကွယ်သွားလေသည်။
အန်လင်းမှာ နှုတ်ခမ်းများ တွန့်ကွေးကာဖြင့် လုံအောင်းထျန်း၏ ပျောက်ကွယ်သွားသော ပုံရိပ်အား ကြည့်နေမိသည်။ သားရဲအုပ်၏ နင်းခြေခြင်းခံလိုက်ရသို နှလုံးသားထဲ၌ ခံစားနေမိသည်။
သူ၏ နာမည်အသစ်သည် အကျင့်စရိုက်များကိုပါ ပြောင်းလဲသွားစေနိုင်သည်လား။ လုံအောင်းထျန်း၏ အမည်မှာ ထိုက်ချူကုန်းမြေကြီးပေါ်တွင် အချိန်အတော်ကြာသည့်အထိ ကျော်ကြားခဲ့ဖူးသည်။
မည်သို့ပင်ဆိုစေ လုံအောင်းထျန်း ထွက်ခွာသွားပြီး ဖြစ်သည်။
ထို့နောက်တွင် အန်လင်းသည် နဂါးစာကလေးဓားနှင့် ပျော်ရွှင်စွာ ဆော့ကစားနေသော စုရှောင်လန်ထံသို့ အကြည့်ပို့လိုက်သည်။
နဂါးစာကလေးဓားသည် ငယ်ရွယ်သည့် မိန်းမဆိုးလေး တစ်ဦးသဖွယ် စုရှောင်လန်အား ဝိုင်းပတ်ကာ ပျံဝဲနေလေသည်။
စုရှောင်လန်သည် သူမ(နဂါးစာကလေးဓား)အား တိုက်ခိုက်ရန် မီးတောက်များ ဖန်တီးပေးလိုက်သည်။ သို့သော်လည်း သူမသည် စုရှောင်လန်၏ မီးတောက်များအား သူမအပိုင်သဖွယ် ထိန်းချုပ်အသုံးပြုနေပြီး ထိုမီးတောက်များသည် ရဲရဲနီသည့် နတ်သမီးလေးများသဖွယ် ပျံသန်းနေလေသည်။
“ဟူး.. လှပတဲ့ မိန်းမတစ်ယောက်မှာ လှပတဲ့ ဓားတစ်လက် ရှိတာ ပြီးပြည့်စုံလွန်းတဲ့ အတွဲအစပ်ပါလား။” အန်လင်းသည် ခေါင်းယမ်းကာဖြင့် သက်ပြင်းချလိုက်သည်။
သူ၏ မိစ္ဆာရှင်းဓားအား ထုတ်ယူလိုက်ပြီး ထိုနက်မှောင်ထိုင်းမှိုင်းသည့် ဓားအား စိုက်ကြည့်လိုက်သည်။ “ဟျောင့် နဂါးစာကလေးဓားကို ကြည့်လိုက်စမ်း။ သူမရဲ့ သခင်နဲ့တောင် ဆော့ကစားနေသေး။ အေး ပြီးရင် မင့်ကိုယ်မင်း ပြန်ကြည့်စမ်း။ မင်းမှာ သောက်ဓားစိတ်ဝိညာဉ်လေးတောင် ရှိမနေဘူးကွ။ မင်းနဲ့ ဟိုသောက်ရမ်း ရုပ်ဆိုးတဲ့ ဖရိုဖရဲ သတ္တုအုတ်ခဲနက်နဲ့ ဘာများကွာခြားသေးလဲ ပြောပါဦး။ မင်းတို့နှစ်ကောင်လုံးက အနက်တွေဆိုတော့ ညီအစ်ကိုတွေလားကွ ဟမ်”
အန်လင်းလက်ထဲရှိ မိစ္ဆာရှင်းဓားမှာ တိတ်ဆိတ်နေမြဲပင်။
“ဟူး.. မင်းက ပထမတန်းစား အင်မော်တယ်လက်နက် ဖြစ်ခဲ့တယ်ဆို။ အင်ပါယာကျိဝေကိုယ်တိုင် ကိုင်ဆောင်ခဲ့ဖူးတယ်ဆိုပြီး ဘာလို့များ သောက်သုံးမကျရတာလဲ။”
“ဟင်းးး ငါ့ရဲ့ပိုင်ရှင်က တကယ်ကို အမှိုက်ကောင်ပဲ။ ငါက စကားမပြောချင်လို့ဟဲ့ သိလား။”
အန်လင်း၏စိတ်ထဲတွင် အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသဖြင့် အံ့ဩမှုကြောင့် တုန်ယင်သွားလေသည်။
ခ.. ခဏလေး အဲဒီအသံက ဘယ်ကနေ ရောက်လာတာလဲ။
အန်လင်းသည် သူ၏လက်ထဲရှိ မိစ္ဆာရှင်းဓားအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။ “နင်လား.. နင်ငါ့ကို စကားပြောနေတာလား။”
မိစ္ဆာရှင်းဓား : “…”
ထိုနက်မှောင်နေသည့် မိစ္ဆာရှင်းဓားမှာ အန်လင်း၏လက်ထဲတွင် ဆိတ်ဆိတ်နေမြဲပင်။
အန်လင်းသည် မျက်တောင်ခတ်လိုက်ပြီးနောက် ထိုပြဿနာအားဖြေရှင်းရန် ခြိမ်းခြောက်ဖို့အတွက် ဆုံးဖြတ်လိုက်သည်။ “အေး အခုလိုဆက်ပြီး စကားမပြောဘဲနေရင် နောက်ချေးပုံထဲ စိုက်ထားပစ်မယ်။”
“ဒီဖေ..”
အန်လင်း၏စိတ်ထဲတွင် အမျိုးသမီးတစ်ဦး၏ ဒေါသတကြီးအော်ဟစ်သံ ထွက်ပေါ်လာသည်။
ထိုအော်ဟစ်သံမှာ အတော်လေး စွမ်းအားကြီးပြီး အန်လင်း၏စိတ်အား လျှပ်စီးနှင့် ပစ်ခတ်လိုက်သလိုပင်။
သို့သော်လည်း ထို့ကြောင့်နှင့် စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း အလျဉ်းမရှိ။ အလွန်ပီတိဖြာကာဖြင့် “ဟားဟားဟားဟား အားလုံးပဲ ကြည့်ကြစမ်း။ ငါ့ရဲ့ဓားမှာလည်း စိတ်ဝိညာဉ်ရှိလာပြီဟ။”
အန်လင်း၏အော်သံသည် အခြားသူများ၏ အာရုံအား ဆွဲဆောင်လိုက်နိုင်သည်။
အန်လင်းသည် မိစ္ဆာရှင်းဓားအား လေထဲသို့ ပစ်လွှတ်လိုက်ပြီးနောက် “ရှဲ့ကလေးရေ.. ကျွမ်းဘားကတာလေး ပြလိုက်စမ်းပါဦး။” (ရှဲ့ ဆိုတာ တရုတ်လိုဆိုရင် မိစ္ဆာ လို့ ဆိုပါတယ်။ ရှဲ့ကလေးကတော့ အန်လင်း တစ်ထိုင်တည်းပေးလိုက်တဲ့ နာမည်ပြောင်လေးပေါ့_)
မိစ္ဆာရှင်းဓားသည် လေထဲသို့ မြင့်တက်သွားပြီးနောက် လူတိုင်း၏ရှေ့မှာပင် မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာပြီး မလှုပ်မယှက်ဖြင့် ရှိနေလေသည်။
စုရှောင်လန် : “…”
အန်လင်း : “…”
***