← Chapters

ထူးကဲစွမ်းအား

Vol. 19 Ch. 257

ထူးကဲစွမ်းအား

Vol. 19 Ch. 257

“ရှဲ့ကလေးရေ.. ငါ့အတွက်လုပ်စမ်းပါဟ.. နော်လို့” အန်လင်း အနူးအညွတ်တောင်းဆိုလိုက်သည်။

မိစ္ဆာရှင်းဓားမှာမူ သတ္တုအပိုင်းအစ တစ်ခုသဖွယ် မလှုပ်မရှား ရှိနေဆဲပင်။

အန်လင်းမှာ လူတိုင်း၏အကြည့်များရှေ့တွင် ရှက်ရွံ့သွားလေသည်။

ဖာ့ခ် သောက်ရမ်းကိုပဲ။

“ဟဟ အဆင်ပြေပါတယ်။ နင့်ရဲ့ဓားက အရမ်းပင်ပန်းနေလို့ မလှုပ်ချင်တာနေမယ်။” စုရှောင်လန်သည် ချက်ချင်းပင် စကားလုံးများနှင့် နှစ်သိမ့်လိုက်သည်။

အန်လင်း၏ မိစ္ဆာရှင်းဓားထံတွင် ဓားစိတ်ဝိညာဉ် ရှိ၊ မရှိအား သူမ မသိချေ။ သို့သော်လည်း ယင်းမှာ ဤကဲ့သို့သော ကိုးရို့ကားယား အခြေအနေကြီးမှ ထွက်ပေါက်ရှာရန် ကောင်းဆုံးအကြံဖြစ်လေသည်။ ထို့ကြောင့် နှစ်သိမ့်မှုဖြစ်မည့် စကားအချို့ ပြောပေးဖို့ရန် လိုအပ်သည်ဟု သူမ ခံစားရသည်။

အန်လင်းသည် စိတ်မကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် မိစ္ဆာရှင်းဓားအား ကောက်ယူလိုက်သည်။

သူ၏စိတ်ထဲတွင် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခု ပေါ်လာလေသည်။ ယင်းမှာ စနစ်မှ ပေးအပ်ထားသည့် တာဝန် ဖြစ်သည်။

အဆင့် ၁ နတ်ဘုရားလက်နက်မူလစွမ်းအင် _ လိုအပ်ချက် : လက်နက်စိတ်ဝိညာဉ်တစ်ခု ပျိုးထောင်ရမည်။

သူ၏ မိစ္ဆာရှင်းဓားထံတွင် ယခင်ကတည်းက ဓားစိတ်ဝိညာဉ်ရှိနေခြင်းမှာ သေချာလှသည်။ ယင်းသည် သူ့ကိုပင် ပြန်ခံပြောလိုက်သေးသည်။ သို့တိုင်အောင် သူ၏ တာဝန်သည် ယခုချိန်ထိ မည်သည်ကြောင့် မပြီးမြောက်ရသေးသနည်း။

“ရှောင်လန်ရေ.. ငါ့ရဲ့ မိစ္ဆာရှင်းဓားက စကားပြောနိုင်တယ်ဆိုရင် သူ့ဆီမှာ ဓားစိတ်ဝိညာဉ် ရှိနေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။” အန်လင်း စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

စုရှောင်လန် ခေါင်းယမ်းလိုက်သည်။ “လုံးဝ မဟုတ်ဘူးပေါ့။ အင်မော်တယ်ဓားတစ်လက်မှာ စိတ်ဝိညာဉ်တစ်ခု အောင်အောင်မြင်မြင်နဲ့ မွေးဖွားလာပြီဆိုရင် ဓားစိတ်ဝိညာဉ်က ဓားကနေ ခွဲထွက်လာနိုင်ပြီး ကိုယ်ပိုင်ခန္ဓာကိုယ် ဖြစ်တည်လာနိုင်တယ်၊ အင်မော်တယ်ဓားတစ်လက်က ဘယ်လိုစကားပြောရမလဲဆိုတာ သိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ကတော့ သူ့မှာ အသိဉာဏ်ရှိလာပြီး စိတ်ဝိညာဉ်ဖြစ်တည်ဖို့ အစပျိုးနေပြီလို့ ဆိုလိုတယ်။”

အန်လင်းမှာ အနည်းငယ် မကျေမနပ် ဖြစ်မိသည်။ လက်နက်တစ်ခုထံတွင် စိတ်ဝိညာဉ်ပျိုးထောင်နိုင်သည့် နည်းလမ်းများစွာအား သူသိပြီးသား ဖြစ်သည်။ သို့သော်လည်း ထိုနည်းလမ်းမှာ လက်နက်အပေါ် မူတည်၍ အမျိုးမျိုးကွဲပြားလေသည်။ ထို့အပြင် မိစ္ဆာရှင်းဓားအတွက် မည်သည့်နည်းလမ်းအား အသုံးပြုရမည်ကိုလည်း သူမသိချေ။

“ရှဲ့ကလေး.. ရှဲ့ကလေး.. နင့်ဆီမှာ စိတ်ဝိညာဉ်တစ်ခု မွေးဖွားလာဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ငါ့ကိုပြောပြပါလား။” အန်လင်း ဓားအား မေးလိုက်သည်။

မိစ္ဆာရှင်းဓားမှာ တိတ်ဆိတ်နေမြဲ လှုပ်ရှားမှု ကင်းမဲ့နေမြဲပင်။

အန်လင်း : “…”

ကောင်းပါပြီကွာ။ ငါလက်လျှော့လိုက်ပါပြီ။

ယင်းသည် အထက်စီးဆန်ပြီး မောက်မာလွန်းသည့် ဓားတစ်လက်ဖြစ်သည်။ သူ၏ အမှိုက်သခင်မှာ ယင်း၏စကားသံကို ကြားခွင့်ရရန် မထိုက်တန်ချေ။

ခေတ္တမျှ အနားယူပြီးသည့်နောက်တွင် အန်လင်းတို့သည် နောက်ဆုံးကျန်ရှိသည့် နန်းတော်ဆီသို့ ထွက်ခွာလာခဲ့ကြသည်။

ဆောင်းနဂါးသင်္ချိုင်းအတွင်း၌ ကြောက်မက်ဖွယ်အကောင်းဆုံးနှင့် အဆန်းကြယ်ဆုံးသော နေရာမှာ ကောင်းကင်နန်းတော် ဖြစ်သည်။

ကောင်းကင်နန်းတော်အတွင်းသို့ ဝင်ရောက်သွားခဲ့သည့် နောက်ဆုံးသော ကျင့်ကြံသူ အဖွဲ့ ၂ ဖွဲ့မှာ ပြန်ရောက်မလာကြတော့ချေ။

အန်လင်းသည် မြင့်မြတ်သန့်စင်သော အဖြူရောင်အလင်းများ ထုတ်လွှတ်နေသည့် နန်းတော်အား မျှော်ကြည့်လိုက်သည့်အခါတွင် နှလုံးသားထဲ၌ မသက်မသာဖြစ်မှုများ ခံစားလာရသည်။

ထိုအလင်းသည် ကမ္ဘာပေါ်ရှိ လှပကောင်းမွန်သည့် အရာအားလုံးကို ကိုယ်စားပြုနေသကဲ့သို့ ထင်ရပြီး စွဲမက်ဖွယ်ကောင်းလောက်အောင် ညှို့ငင်နေလေသည်။ ထိုအလင်းအား အချိန်ကြာမြင့်စွာ ကြည့်နေမိမည်ဆိုလျှင် နန်းတော်အတွင်းသို့ ပြေးဝင်ချင်စိတ်များ ထိန်းချုပ်မရနိုင်လောက်အောင် ဖြစ်ပေါ်လာမည် ဖြစ်သည်။

ကောင်းကင်နန်းတော်သည် အလွန်ကြီးမားပြီး သာမန်နန်းတော်များထက် အဆပေါင်းများစွာ ကျယ်ပြန့်သည်။ ကောင်းကင်နန်းတော်သည် လွင့်မျောလျက်ရှိသည့် ကျောက်တုံးကြီးတစ်ခုပေါ်တွင် တည်ရှိနေခြင်းဖြစ်ကာ နဂါးဦးခေါင်းနှင့် သဏ္ဌာန်တူကာ ခန့်ညားထယ်ဝါသည့် အော်ရာများ ထုတ်လွှတ်နေလေသည်။

“အရင်အတိုင်းပဲ ဂမ်ဒမ် တစ် နဲ့ ဂမ်ဒမ် နှစ် က အရှေ့ကနေ သွားလိမ့်မယ်။ ရန်သူက အရမ်းအင်အားကြီးနေရင် ငါတို့က ထွက်ပြေးကြမယ်။” အန်လင်းညွှန်ကြားလိုက်သည်။

ဂမ်ဒမ် တစ် နှင့် ဂမ်ဒမ် နှစ် တို့ တံခါးအား တွန်းဖွင့်လိုက်ကြပြီး အန်လင်းတို့ နောက်မှလိုက်ပါသွားကြသည်။

“ဟမ်.. ဒီမှာ ဘာလို့ တစ်ယောက်မှ ရှိမနေကြတာလဲ။” အန်လင်းသည် သူ့ရှေ့ရှိ မြင်ကွင်းကြာင့် အနည်းငယ် အံ့အားသင့်နေမိသည်။

နန်းတော်အတွင်းပိုင်းတွင် အဖိုးတန်ပစ္စည်းများများစားစား မရှိချေ။ သို့သော်လည်း ခေတ်မီပြီး ရှေးကျသည့် ခံစားချက်ကို ပေးစွမ်းသည်။ လတ်ဆတ်သင်းပျံ့သည့် သစ်သားရနံ့သည် လေထုအတွင်း ပျံ့လွင့်နေလေသည်။ နန်းတော်အတွင်း၌ မည်သည့်အန္တရာယ်မျှ မရှိဟူ၍ပင် ထင်လာမိစေသည်။

နန်းတော်အလယ်ဗဟိုတွင် ကောင်းကင်ထိတိုင် ထိုးထွက်နေသည့် အဖြူရောင်အလင်းတန်းတစ်ခု ရှိပြီး ထိုအလင်းတန်းသည် ကောင်းကင်နန်းတော်တစ်ခုလုံးအား အလင်းရောင်ဖြန့်ကျက်နေသည့် ပင်မရင်းမြစ် ဖြစ်ပုံရသည်။

အပြင်ပိုင်းတွင် ထိုသန့်စင်မြင့်မြတ်သည့်အလင်းသည် လွန်စွာညှို့ငင်နိုင်စွမ်းရှိပြီး အတွင်းပိုင်းတွင်မူ ထိုအလင်းသည် ကြည်လင်အေးမြခြင်းကို ပေးစွမ်းလေသည်။

နန်းတော်တစ်ခုလုံးအား စူးစမ်းလေ့လာခြင်း မပြုရသေးခင်မှာပင် ရုတ်တရက်ဆိုသလို အလင်းတန်း၏အရှေ့တွင် လူသားသဏ္ဌာန်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ဂမ်ဒမ် တစ် နှင့် ဂမ်ဒမ် နှစ် တို့သည် ချက်ချင်းဆိုသလို အိုင်းယွန်းပိတ်ပင်တားဆီးအစီအရင်အား အသုံးပြုလိုက်ပြီး လူတိုင်းအား အပြာရောင်အလင်းချပ်ဖြင့် လွှမ်းခြုံလိုက်လေသည်။ (အခုကနေစပြီး အစီအရင်နဲ့ ဝင်္ကပါ ဆိုပြီး သင့်တော်သလို အသုံးပြုသွားပါမယ်။ အရှေ့အပိုင်းတွေမှာ ဖတ်ရတာ အဆင်မပြေတာများ ရှိခဲ့ရင် စိတ်မရှိပါနဲ့_)

လျှပ်တပြက်အတွင်းမှာပင် သူတို့ထံ အဖြူရောင်ဓားခုတ်ချက်တစ်ခု ရောက်ရှိလာသည်။

ဝုန်း

အဖြူရောင်ဓားချက်သည် အိုင်းယွန်းပိတ်ပင်တားဆီးအစီအရင်နှင့် ဝင်တိုက်မိပြီး ပြင်းထန်သည့် စွမ်းအင်ပေါက်ကွဲမှုများ ထွက်ပေါ်လာသည်။

အပြာရောင်အလင်းချပ်သည် ပထမဆုံးအကြိမ်အဖြစ် ပြင်းထန်စွာ တုန်ခါလာပြီး ပြိုလဲတော့လုနီးနီး ဖြစ်လာလေသည်။

ထိုတိုက်ခိုက်မှုသည် အလွန်ရုတ်တရက်ဆန်စွာ ရောက်ရှိလာခြင်း ဖြစ်သဖြင့် ခုခံဖို့ရန် အချိန်မရလိုက်ပေ။ ကံကောင်းစွာဖြင့် ဂမ်ဒမ် တစ် နှင့် ဂမ်ဒမ် နှစ် တို့မှာ စက်ရုပ်များ ဖြစ်နေကြသည်ကြောင့် အလွန်မြန်ဆန်စွာ တုံ့ပြန်နိုင်ကြပြီး ထိုရုတ်တရက် တိုက်ခိုက်မှုအား ခုခံလိုက်နိုင်သည်။

“အိုး.. ဒီစက်ရုပ်တွေက စိတ်ဝင်စားဖို့ကောင်းပါလား။ ခရမ်းကြယ်စင်ကဟာတွေ မဟုတ်လား။”

ရုတ်တရက်ဆိုသလို အဝေးမှနေ အလွန်သိမ်မွေ့လှပချိုသာနူးညံ့သည့် အသံတစ်ခု ထွက်ပေါ်လာသည်။

အလင်းတန်း၏အရှေ့မှ ပုံရိပ်တစ်ခုသည် မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး အဖြူရောင်ဝတ်စုံနှင့် ပိန်ပါးသွယ်လျသည့် အမျိုးသမီးတစ်ဦး ဖြစ်တည်လာသည်။

အန်လင်းသည် ထိုပုံရိပ်အား စူးစိုက်ကြည့်လိုက်သည့်အခါ နတ်မိမယ်တမျှ အလွန်လှပသည့် အမျိုးသမီးတစ်ဦးအား မြင်တွေ့လိုက်ရသည်။ သူမ၏ ဦးခေါင်းထက်တွင် လွန်စွာထူးခြားသည့် အနုစိတ်ပြုလုပ်ထားသော ငွေရောင်နဂါးဦးချိုတစ်စုံလည်း ရှိနေလေသည်။

အန်လင်းမှာ တစ်ကြိမ်မျှသာ ကြည့်လိုက်ခြင်း ဖြစ်သော်လည်း အကြည့်မခွာနိုင်လောက်အောင် ခံစားမိလေသည်။

ထိုနဂါးဦးချိုများသည် ပြီးပြည့်စုံမှုတို့၏ သရုပ်နှင့် တူလှသည်။

နဂါးဦးချိုများမှာ နတ်မိမယ်တမျှ လှပသည့် အမျိုးသမီးထက်ပင် ပိုမိုကာ ညှို့ငင်ဆွဲဆောင်နေလေသည်။ ထို့ထက်ပို ကြည့်နေမိမည်ဆိုလျှင် ထိုဦးချိုများ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားတော့မည်ဟုပင် ခံစားနေမိသည်။

အန်လင်းသည်သာမက စုရှောင်လန်၊ တပိုင်နှင့် ရှောင်ချိုးတို့သည်လည်း ထိုနဂါးဦးချိုတစ်စုံအား ကြည့်နေမိကြပြီး သူတို့အားလုံး မှင်သက်နေကြလေသည်။

ထိုနဂါးဦးချိုတစ်စုံမှာ ကောင်းကင်နန်းတော်၏ ဆုလာဘ်ဖြစ်ပေလိမ့်မည်။

ထိုသို့ဖြစ်လာမည်ဆိုလျှင်လည်း အံ့ဩစရာ မရှိချေ။ လုံးဝ သင့်တင့်လျှောက်ပက်သည့် ဆုလာဘ်တစ်ခု ဖြစ်သည်။

“ကြည့်လို့ဝပြီလား။” အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် သူမ၏ နဂါးဦးချိုများအား သွားရည်ယိုနေသည့် လူတစ်စုကြောင့် အံ့အားသင့်ခြင်း မရှိဘဲ နူးညံ့သည့်အပြုံးတစ်ခုနှင့် ရပ်နေလေသည်။

“တောင်းပန်ပါတယ်ခင်ဗျ။ ကောင်းကင်နန်းတော်ရဲ့ ဆုလာဘ်က အဲဒီ နဂါးဦးချိုလေးတွေလားလို့ မေးလို့ရမလားခင်ဗျ။” အန်လင်းသည် အလွန်ရိုကျိုးစွာဖြင့် မေးလိုက်သည်။

လုံအောင်းထျန်း ပြောပြခဲ့ဖူးသည်မှာ ဆုလာဘ်သည် ရှန့်ယင်၏ သွေးမျိုးဆက်အမွေအနှစ်နှင့် ရတနာတို့ ဖြစ်သည်ဟူ၍ပင်။ သို့သော်လည်း နှိုင်းယှဉ်ရမည်ဆိုလျှင် အန်လင်းသည် ထိုနဂါးဦးချိုများအား ဆုလာဘ်အဖြစ် ပိုမိုသဘောကျပေသည်။

“မဟုတ်ဘူး။” အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် သူ၏မေးခွန်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပုံမရဘဲ ပြုံလျက်သာ ပြန်ဖြေသည်။ “ဒါပေမဲ့လည်း ရမယ့်ဆုကတော့ ဒီနဂါးဦးချိုတွေလိုမျိုး ကောင်းမွန်တဲ့အရာပါပဲ။ ဒါပေမဲ့လည်း ဆုလိုချင်ရင် စမ်းသပ်မှုတစ်ချို့ကိုတော့ လုပ်ဆောင်ရယ်။”

“ဘယ်လိုစမ်းသပ်မှုမျိုးလဲ။” အန်လင်းသိလိုစိတ်ဖြင့် မေးလိုက်သည်။

“ပထမဆုံး စမ်းသပ်မှုကတော့ တိုက်ခိုက်နိုင်စွမ်းပဲ။” အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် နူးညံ့သည့် အပြုံးတစ်ခု ချိတ်ဆွဲကာဖြင့် လေဓားများ ဖန်တီးလိုက်သည်။

သို့သော်လည်း သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်ဆန္ဒများမှာမူ အဆုံးမဲ့ရေခဲမြစ်သဖွယ်ဖြစ်ပြီး လူတိုင်းအား ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ်တုန်ယင်လာစေသည်။

“ဂမ်ဒမ် တစ်၊ ဂမ်ဒမ် နှစ်” အန်လင်းအော်ဟစ်လိုက်သည်။

ဝှစ်

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ခြေတစ်လှမ်း လှမ်းလိုက်ရုံနှင့်ပင် ရုတ်ချည်းဆိုသလို ဂမ်ဒမ် နှစ်ရုပ်ရှေ့သို့ ရောက်ရှိလာပြီး သူမ၏ဓားဖြင့် ခုတ်ပိုင်းလိုက်လေသည်။

ဂမ်ဒမ်တစ်ကောင်သည် အိုင်းယွန်းပိတ်ပင်တားဆီးအစီအရင်အား အသုံးပြုလိုက်သော်လည်း သူမ၏ ခုတ်ချက်ကြောင့် အစီအရင်တွင် အက်ကွဲရာတစ်ခု ဖြစ်ပေါ်လာသည်။

အခြားဂမ်ဒမ်မှာမူ ထိုအမျိုးသမီး၏ အံ့မခန်းအမြန်နှုန်း အလယ်မှာပင် အလင်းဓားချက်တစ်ခုဖြင့် ခုတ်ပိုင်းလိုက်ပြီးဖြစ်ကာ ထိုအလင်းဓားသည် လျှပ်စီးကြောင်းတစ်ခုသဖွယ် လေထုထဲ၌ ပေါ်လာသည်။

ထိုအမျိုးသမီး၏ သွယ်လျလျ လက်ချောင်းများသည် နဂါးလက်သည်းများအဖြစ်သို့ ပြောင်းလဲသွားပြီး သူမအရှေ့ရှိ လေဟာနယ်အား ဆွဲယူလိုက်သည်။

ခလွပ်

ထိုထူးကဲစွမ်းအားသည် လေဟာနယ်အား အေးခဲသွားစေပြီး အလင်းဓားအား သူ၏လမ်းကြောင်းမှာပင် ရပ်တံ့သွားစေသည်။

လျင်လျင်မြန်မြန် နောက်ဆုတ်လိုက်ပြီး သူမအရှေ့တွင်ရှိသည့် ဂမ်ဒမ်အား သူမ၏ဓားဖြင့် ခုတ်ပိုင်းလိုက်လေသည်။

ထို့နောက်တွင် မြင်တွေ့လိုက်ရသည့်အရာကြောင့် လူတိုင်းမှာ တုန်လှုပ်ချောက်ခြားသွားကြလေသည်။

သူမ၏ဓားမှာ နတ်ဘုရားလက်နက်တစ်ခု မဟုတ်ဘဲ ချီစွမ်းအင်များဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိသာလှသည်။ သို့သော်လည်း နားကွဲလုတမျှ ကျယ်လောင်သည့်အသံတစ်ခု ထွက်ပေါ်လာကာ ဓားသွားသည် ဂမ်ဒမ်၏ခန္ဓာကိုယ်အား ထိုးဖောက်သွားလေသည်။

အန်လင်း၏ မျက်လုံးထဲ၌ ဖျက်ဆီးမရနိုင်သည့် ဂမ်ဒမ်မှာ ချက်ချင်းဆိုသလို ကြီးမားသည့် အက်ကွဲရာတစ်ခု ဖြစ်ပေါ်လာကာ မီးပွားများ ပွင့်ထွက်လာပြီး ယိုယွင်းလာလေသည်။

ဂမ်ဒမ်သည် ဒဏ်ရာပြင်းထန်စွာဖြင့် နောက်သို့လွင့်ထွက်သွားလေသည်။

အခြားဂမ်ဒမ်သည် အမျိုးသမီးအား ထိုးနှက်လိုက်သော်လည်း ယင်း၏ဝမ်းဗိုက်သည်သာလျှင် ထိုးနှက်ခံလိုက်ရသည်။

ဘုန်း

တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့်မြေပြင် တုန်ခါလာပြီး ဂမ်ဒမ်၏ပတ်လည်ရှိ လေဟာနယ်မှာ ပုံပျက်ကာ အက်ကွဲလာသည်ကို အန်လင်းမြင်တွေ့လိုက်ရသည်။

ဂမ်ဒမ်၏ သတ္တုခန္ဓာကိုယ်တွင် များပြားသည့်အက်ကွဲရာများ ဖြစ်ပေါ်လာပြီး အမြောက်ဆန်တစ်ခုသဖွယ် လေထဲသို့ လွင့်ပျံသွားလေသည်။

အန်လင်းမှာ သူ၏ရှေ့ရှိ မြင်ကွင်းအား ပါးစပ်အဟောင်းသားနှင့်ပင် ကြည့်နေမိတော့သည်။

အဖြူရာင်ဝတ်စုံနှင့် အမျိုးသမီးသည် လေဟာနယ်အား ထိန်းချုပ်ပျက်စီးစေနိုင်သည်။ ယင်းမှာ ပျက်ပြယ်ခြင်းအဆင့်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များသာလျှင် ပြုလုပ်နိုင်သည့်အရာ ဖြစ်သည်။

“ပြေးးးး” အန်လင်းမှာ တုံ့ဆိုင်းခြင်းမရှိ အော်ဟစ်လိုက်လေသည်။

စုရှောင်လန်၊ တပိုင်နှင့် ရှောင်ချိုးတို့သည် ချက်ချင်းဆိုသလို နန်းတော်တံခါးဝသို့ ဆုတ်ခွာထွက်ပြေးကြသည်။

သို့သော်လည်း ထိုအမျိုးသမီးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ချိုး၏အရှေ့တွင် ပေါ်လာပြီး ရှောင်ချိုးအား ကိုင်ပေါက်ပစ်လွှတ်လိုက်လေသည်။

ကြောက်မက်ဖွယ်ရာစွမ်းအား၏ ထိုးနှက်မှုကြောင့် ရှောင်ချိုးမှာ အနောက်သို့ လွင့်ပျံသွားရင်းနှင့် ပါးစပ်မှ သွေးများစီးကျလာလေသည်။ ထို့နောက်တွင် သူမသည် တပိုင်ထံသို့ လှည့်လိုက်ပြီး သူတို့နှစ်ဦးအကြားရှိ လေထုအား ဖိနှိပ်လိုက်သည်။ တပိုင်သည် ရုတ်တရက်ဆိုသလို အလွန်ကြောက်မက်ဖွယ်ရာ ဖိအား၏အောက်သို့ ရောက်ရှိသွားသည်ဟု ခံစားရပြီး သူ့အား တောင်တန်းကြီးဖြင့် ဖိကြိတ်ထားသလို ဖြစ်ကာ အရိုများ အက်ကွဲလာပြီး ခန္ဓာကိုယ်မှာလည်း မြေကြီးအတွင်းသို့ ချိုင့်ဝင်သွားလေသည်။

“ရှောင်ချိုးးးး တပိုင်...” အန်လင်းသည် သူ၏နောက်တွင် လေအတောင်ပံများ ဖွဲ့စည်းကာဖြင့် အော်ဟစ်လိုက်သည်။ နောက်ဆုံးသောအားထုတ်မှုအဖြင့် ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်အား အသုံးပြုရန်ပြင်စဉ်မှာပင်  မျက်စိတစ်မှိတ်အတွင်း၌ အဖြူရောင်ပုံရိပ်သည် သူ၏အရှေ့တွင်ပေါ်လာပြီး ယင်း၏လက်ဖဝါးမှာ သူ၏ရင်ဘတ်သို့ ဦးတည်နေလေသည်။

သူမမှာ လွန်စွာမြန်ဆန်လှသည်ကြောင့် အန်လင်းထံတွင် သူမ၏ လက်ဖဝါးအား ရှောင်တိမ်းနိုင်စွမ်း မရှိချေ။

အန်လင်း၏ရင်ဘတ်မှာ ထိုလက်ဖဝါးချက်နှင့် ထိခတ်မိပြီးနောက် ပြင်းထန်စွာ ထိခိုက်နာကျင်မှုကြောင့် သွေးတစ်ပွက်အန်လိုက်ရသည်။

“အန်လင်းးးး” ရင်းနှီးနေသည့်အသံလေး ထွက်ပေါ်လာသည်။

စုရှောင်လန်သည် သူမ၏ နဂါးစာကလေးဓားအား ဆွဲကိုင်ကာဖြင့် သူမ၏ လုံခြုံရေးကိုပင် အမှုမထားဘဲ ထိုအဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးထံ ပြေးဝင်သွားလေသည်။

နဂါးစာကလေးဓား၏ ပေါ်ထွက်လာမှုနှင့်အတူ ချက်ချင်းဆိုသလို လေထုထဲ၌ နဂါးနှင့် ဇာမဏီတို့၏  ဟိန်းအော်သံများ ဟစ်ကြွေးသံများ ထွက်ပေါ်လာလေသည်။ ဓားခုတ်ချက်သည် ပေတစ်ရာကျော် ရှည်လျားပြီး လေထုထဲ၌ ရဲရဲတောက် အနီရောင်နှင့် အပြာရောင်တို့ ထွေးယှက်လျက်ရှိကာ ထိုအမျိုးသမီးထံ အထွတ်အထိပ်စွမ်းအားဖြင့် ခုတ်ပိုင်းချလိုက်လေသည်။

“နဂါးစာကလေး” ထိုအမျိုးသမီး၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

ဝုန်း

မီးတောက်နှင့် လျှပ်စီးတို့ ပေါက်ကွဲထွက်လာပြီး ပေတစ်ရာပတ်လည်ရှိ အရာအားလုံးအား ဖျက်ဆီးတိုက်စားကာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ နန်းတော်၏ တစ်စိတ်တစ်ဒေသ သည်ပင်လျှင် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးသွားရသည်။

စုရှောင်လန်သည် ထိုမြင်ကွင်းအား ဂုဏ်ယူနေရန် အချိန်မရှိဘဲ အန်လင်းထံသို့ ပြေးသွားပြီးနောက် နန်းတော်မှထွက်ရန် ကြံရွယ်လိုက်သည်။

သို့သော်လည်း သူမအရှေ့ရှိ လေဟာနယ် အက်ကွဲလာပြီး အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးသည် သူမအရှေ့တွင် ထပ်မံပေါ်ထွက်လာကာ မျက်လုံးထဲ၌ သိလိုစိတ်အပြည့်နှင့် ဖြစ်သည်။

“နင့်နာမည် ဘယ်လိုခေါ်လဲ။” ထိုအမျိုးသမီးသည် လွန်စွာနူးညံ့သည့်အသံဖြင့် မေးလေသည်။

စုရှောင်လန်သည် သူမ၏ အောက်နှုတ်ခမ်းအား ဖိကိုက်ကာဖြင့် အသက်ပြင်းစွာ ရှူရှိုက်လျက် သူမအရှေ့တွင်ရှိနေသည့် အမျိုးသမီးအား ကြည့်လိုက်သည်။ ကြီးမားလှသည့် စွမ်းအားကွာခြားမှုနှင့် ရင်ဆိုင်ရသည့်အခါတွင် စုရှောင်လန်၏အမူအရာမှာ မျှော်လင့်ချက်မဲ့ခြင်းတို့နှင့် ပြည့်လာလေသည်။ လွတ်မြောက်ဖို့ရန်မှာ အိပ်မက်တစ်ခုသာလျှင် ဖြစ်လေသည်။

သူမ၏ အခြေအနေအား ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက် ခုခံတိုက်ခိုက်ဖို့ရန် စွန့်လွှတ်လိုက်သည်။ “ကျွန်မနာမည်က စုရှောင်လန်ပါ။”

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် စုရှောင်လန်၏စကားကို ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက် သူမ၏ မျက်နှာတွင် ကျက်သရေရှိ တင့်တယ်သည့်အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။

“မင်္ဂလာပါနော်။ ငါ့နာမည် ရှန့်ယင် ပါ။”

***

All Chapters