← Chapters

ဘိုးဘေးတော်စပ်သူအား ဂါရဝပြုခြင်း

Vol. 19 Ch. 258

ဘိုးဘေးတော်စပ်သူအား ဂါရဝပြုခြင်း

Vol. 19 Ch. 258

“ဘာ.. ရှင်... ရှင်က ရှန့်ယင် ဟုတ်လား။”

စုရှောင်လန်မှာ မယုံကြည်နိုင်မှုကြောင့် မျက်လုံးများ ပြူးကျယ်လာပြီး တုန်လှုပ်လာလေသည်။

ဒဏ်ရာပြင်းထန်စွာ ရရှိထားကြသော အန်လင်း၊ ရှောင်ချိုးနှင့် တပိုင်တို့သည်လည်း ထိုအမျိုးသမီးအား တုန်လှုပ်မှုအပြည့်ဖြင့် ကြည့်နေမိကြသည်။

ရှန့်ယင်တဲ့လား။ ဘယ်လိုတောင် ကြောက်ဖို့ကောင်းတဲ့ ဟာသလဲ။

ဒီ ဆောင်းနဂါးသင်္ချိုင်းက ရှန့်ယင်ရဲ့ အုတ်ဂူ မဟုတ်ဘူးလား။

ကောင်းကင်နန်းတော်၏ သင်္ချိုင်းစောင့်မှာ ရှန့်ယင်ကိုယ်တိုင် ဖြစ်နေမည်ဆိုလျှင် ထိုအဓိပ္ပါယ်မှာ သူမသည် သူမအတွက် သင်္ချိုင်းတစ်ခု တည်ဆောက်ကာ သင်္ချိုင်းစောင့်တာဝန်အား ထမ်းဆောင်နေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။

ဘယ်သောက်ရူးက အဲလိုလုပ်မှာတဲ့တုန်း။

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် အလေးအနက် ခေါင်းညိတ်လိုက်ပြီးနောက် အတည်ပြုပြောကြားလိုက်သည်။ “ငါက ရှန့်ယင်ပါ။ ဒီနဂါးသင်္ချိုင်းရဲ့ ပိုင်ရှင်လေ။”

စုရှောင်လန် : “…”

အန်လင်း၊ ရှောင်ချိုး၊ တပိုင် : “…”

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် အခြားသူများ၏ တုံ့ပြန်မှုများကို သတိထားမိပုံမရချေ။ သူမ၏လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်ပြီးနောက်တွင် အားလုံးအား လွှမ်းခြုံလိုက်နိုင်သော ကြီးမားသည့် ကုသရေးအစီအရင်တစ်ခု ဖြစ်ပေါ်လာလေသည်။

“ဒီစမ်းသပ်မှုကို အောင်မြင်ဖို့ဆိုရင် မင်းတို့က အသက်ရှူချိန် ၁၀ ကြိမ်အထိ ရှင်သန်နေနိုင်ရမယ်။ စမ်းသပ်မှု စတင်တဲ့အချိန်ကနေ အခုအထိဆိုရင် အသက်ရှူချိန် ၁၂ ကြိမ်ကိုတောင် ကျော်လွန်သွားပြီဆိုတော့ အားလုံးပဲ ဂုဏ်ယူပါတယ်။ တိုက်ခိုက်နိုင်စွမ်း စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ခဲ့ကြပါပြီ။” ရှန့်ယင်သည် ပြုံးကာဖြင့် ကြေညာလိုက်သည်။

အန်လင်းနှင့် အခြားသူများမှာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချနိုင်ကြတော့သည်။ ရှန့်ယင်မှာ ပျက်ပြယ်ခြင်းအဆင့်သို့ ရောက်ရှိနေသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူတို့အနေဖြင့် သူမအား အနိုင်ရနိုင်မည့်အကြောင်း လုံးဝမရှိချေ။ ထို့အပြင် ပြီးခဲ့သည့် တိုက်ပွဲကြောင့် သူတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုတို့သာ ကြီးစိုးနေလေသည်။

ကုသရေးအစီအရင်သည် ဆက်တိုက်ဆိုသလို ကုစားပေးလျက်ရှိပြီး အန်လင်းတို့အား ဒဏ်ရာများမှ တဖြည်းဖြည်းချင်း ပြန်လည်သက်သာလာစေကာ မတ်တတ်ရပ်သည်အထိ ကောင်းမွန်လာစေသည်။ ဂမ်ဒမ် တစ် နှင့် ဂမ်ဒမ် နှစ် တို့မှာမူ သိုလှောင်လက်စွပ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြပြီး စိတ်ဝိညာဉ်ကျောက်တုံးများမှ စွမ်းအင်များစုပ်ယူကာ ကိုယ်တိုင်ပြန်လည်ကုစားခြင်းစနစ်ကို လုပ်ဆောင်နေကြလေသည်။

ယခုအချိန်ထိဆိုလျှင် ထိုဂမ်ဒမ် နှစ်ကောင်သည် စိတ်ဝိညာည်ကျောက်တုံး တစ်သိန်းကျော် စုပ်ယူပြီးဖြစ်သည်။ အန်လင်း၏ ရူးလောက်အောင် ကြွယ်ဝမှုတို့ကိုသာ ကျေးဇူးတင်ရပေမည်။ သို့တည်းမဟုတ်ပါက နှလုံးသားကွဲကြေကဖြင့် သေဆုံးသွားပေလိမ့်မည်။

ထိုအဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ ရှန့်ယင်ဖြစ်ကြောင်း စတင်လက်ခံလာစဉ်မှာပင် ရှန့်ယင် ထပ်မံ၍ စကားဆိုလာပြန်သည်။

သူမသည် စုရှောင်လန်ကိုသာ စကားပြောနေဆဲဖြစ်ပြီး စုရှောင်လန်အား အလွန်အမင်း စိတ်ဝင်စားနေခြင်းမှာ သိသာလှသည်။ “စုရှောင်လန်ရေ.. နင့်အပေါ်မှာ မန္တန်တစ်ခုလောက် သုံးလို့ရမလား။”

စုရှောင်လန်သည် ရှန့်ယင်အား သတိအနေအထားဖြင့် ကြည့်လိုက်သည်။ “ဘယ်လိုမန္တန်လဲရှင့်။”

“သွေးမျိုးဆက် စိစစ်တဲ့ မန္တန်ပါပဲ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် နင်နဲ့ငါက အမျိုးတော်တယ်လို့ ခံစားနေရတယ်။”

“နဂါးစာကလေးက အတော်လေး မာနကြီးတဲ့ ဓားတစ်လက်ပဲ။ နင့်ဆီမှာ ရင်းနှီးတဲ့ အငွေ့အသက်ကို အာရုံမခံမိဘူးဆိုရင် သူက စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူကို သခင်အဖြစ်နဲ့ သေချာပေါက် ရွေးချယ်မှာ မဟုတ်ဘူး။” ရှန့်ယင်သည် နူးညံ့သည့််အသံနှင့် ရှင်းပြလာပြီး သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်စောင့်စားသည့် အရိပ်အယောင်များနှင့် ဖြစ်သည်။

စုရှောင်လန်သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် သဘောတူလက်ခံသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ရှန့်ယင်ကဲ့သို့ စွမ်းအားကြီးသည့် ပုဂ္ဂိုလ်မျိုးသည် မန္တန်များအား ဖိအားပေးကာဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ကြသည်။ ရှန့်ယင်သည် သူမ၏ သဘောတူညီမှုအား တောင်းဆိုသည်မှာ လေးစားမှုအား ဖော်ပြခြင်းဖြစ်သည်။ ထို့အပြင် ကောင်းကင်နန်းတော်သည် မည်သည်ကြောင့် သူမအား အလွန်အမင်း ဆွဲဆောင်နေရသည်ကိုလည်း သူမအတော်လေး သိချင်မိသည်။ ထို့ကြောင့် ငြင်းဆိုရန် အကြောင်းမရှိချေ။

အန်လင်း၊ တပိုင် နှင့် ရှောင်ချိုးတို့သည်လည်း တုန်လှုပ်မှုကြောင့် မျက်လုံးများ ပြူးကျယ်လာကြသည်။ ဤနဂါးသင်္ချိုင်းအား စုရှောင်လန်၏ မိသားစုမှ ပိုင်ဆိုင်ခြင်း ဖြစ်နိုင်သည်ဟု သူတို့ ထင်မြင်ယူဆခဲ့မိကြသော်လည်း သင်္ချိုင်းပိုင်ရှင်သည် စုရှောင်လန်၏ဆွေမျိုးတစ်ဦး ဖြစ်နေနိုင်လိမ့်မည်ဟု မမျှော်လင့်မိခဲ့ကြချေ။

ရှန့်ယင်၏ သွယ်လျလျ လက်ချောင်းထိပ်တွင် အနီရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး ထိုလက်ချောင်းထိပ်ဖြင့် စုရှောင်လန်၏ နဖူးအား ညင်သာစွာ ထိတွေ့လိုက်သည်။

စုရှောင်လန်၏မျက်လုံးများ အသာမှိတ်ကျသွားပြီး စိုးရိမ်မှုကြောင့် သူမ၏ မျက်ခွံလေးများ အနည်းငယ် တုန်ယင်နေလေသည်။

အန်လင်းသည် ရှန့်ယင်၏ မျက်နှာကိုသာ အာရုံစိုက်ကြည့်နေမိပြီး သူမ၏ အမူအရာ အပြောင်းအလဲများကို အသေးစိတ် ကြည့်ရှုနေသည့်အတွက် ရုတ်တရက်ဆိုသလို နားလည်လိုက်ရလေပြီ ဖြစ်သည်။

ရှန်ယင်သည် သူမ၏လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်ပြီး မန္တန်ကိုလည်း အဆုံးသတ်လိုက်သည်။

နားကွဲလုတမျှ ပေါက်ကွဲသံမျိုး၊ ဆူညံသံမျိုး ဖြစ်ပေါ်ခြင်း မရှိဘဲ ဖြစ်စဉ်တစ်ခုလုံးမှာ အလွန်သိမ်မွေ့ညင်သာ ငြိမ်းချမ်းလှသည်။

စုရှောင်လန် မျက်လုံးများဖြင့်ကာဖြင့် သူမအရှေ့ရှိ အမျိုးသမီးအား ကြည့်လိုက်သည်။ သူမ၏ အမူအရာမှာ စိုးရိမ်မှုနှင့် မျှော်လင့်စောင့်စားမှုတို့ ရောပြွန်းနေလေသည်။

ရှန့်ယင်၏မျက်လုံးများ တောက်ပလာပြီး စုရှောင်လန်အားကြည့်သည့် အကြည့်များမှာလည်း ပိုမိုနူးညံ့လာလေသည်။

“အခုတော့ အားလုံး သိလိုက်ရပြီ ကလေးရေ.. ဘာတွေကို ရှာတွေ့လိုက်ရသလဲ ပြောပြမယ်နော်။”

အန်လင်း၊ တပိုင်နှင့် ရှောင်ချိုးတို့အားလုံးသည် ရှန့်ယင်၏ စကားများကြောင့် သိလိုစိတ်များ တိုးလာလေသည်။

ရှန့်ယင်သည် နူးညံ့သည့် အသံဖြင့် “ကလေးက ငါ့ အစ်မရဲ့ သားရဲ့ သမီးရဲ့ သမီးရဲ့ သမီးရဲ့ သားကနေ မွေးလာတဲ့ သမီးပဲကွဲ့။”

စုရှောင်လန်မှာ ပါးစပ်အဟောင်းသားဖြင့် “ဟမ်”

အန်လင်း၊ ရှောင်ချိုးနှင့် တပိုင်တို့မှာလည်း သူမ အမူအရာအတိုင်း တစ်ထပ်တည်းပင်။

ရှန့်ယင်ထပ်မံ ရှင်းပြလာပြန်သည်။ “နောက်တစ်နည်းပြောရရင်တော့ ငါက မင့်အဖေရဲ့ အမေရဲ့ အမေရဲ့ အမေရဲ့ အဖေရဲ့ အမေရဲ့ ညီမလေးပဲ။”

အန်လင်း၊ ရှောင်ချိုးနှင့် တပိုင်တို့မှာ ရုပ်တုများအတိုင်း ပါးစပ်အဟောင်းသားဖြင့် ရှိနေကြဆဲပင် ဖြစ်သည်။

စုရှောင်လန်၏နှုတ်ခမ်းလေးများ တုန်ယင်လာသည်။ အရာအားလုံးကို သိလိုက်ရလေပြီ။ သူမသည် ရှန့်ယင်နှင့် ဆွေမျိုးတော်စပ်လေသည်။

သို့သော်လည်း သူမအား မည်ကဲ့သို့ ခေါ်ရမည်နည်း။

“ဘွား.. ဘွားဘွား ရှန့်ယင်..” စုရှောင်လန် တုံ့ဆိုင်းစွာဖြင့် နှုတ်ဆက်လိုက်သည်။

ရှန့်ယင်မှာ ချက်ချင်းဆိုသလို မျက်နှာပျက်သွားပြီး “မမကြီးလို့ခေါ်။”

စုရှောင်လန်မှာ သူမ၏ စကားများကြောင့် ကြောင်အသွားမိသည်။ သို့သော်လည်း ဤကဲ့သို့ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးအား မဆန့်ကျင်ရဲချေ။ “မမကြီး ရှန့်ယင်..”

စုရှောင်လန်သည် စကားဆုံးသည့်အခါတွင် အရေးကြီးသည့် ပြဿနာတစ်ရပ်အား အမှတ်ရလိုက်သည်။ သူမသည် ရှန့်ယင်အား မမကြီးဟု ခေါ်ဆိုမည်ဆိုပါက သူမ၏ မိခင်သည် ရှန့်ယင်အား မည်သို့ခေါ်ဆိုရမည်နည်း။

ရှန့်ယင်သည် စုရှောင်လန်၏စကားကြောင့် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် သူမ၏မျက်နှာတွင် ဝမ်းနည်းမှုတို့ ပြန်ပေါ်လာကာ စုရှောင်လန်၏ဦးခေါင်းအား လက်ဖြင့်အသာပုတ်လိုက်သည်။ “ငါ့ အစ်မရဲ့ သားရဲ့ သမီးရဲ့ သမီးရဲ့ သမီးရဲ့ သားကနေ မွေးလာတဲ့ သမီးလေးက အခု အရွယ်တောင် ရောက်နေလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာတဲ့လဲ။”

စုရှောင်လန် : “…”

နောက်ဆုံးတွင်မှ အန်လင်းအသိပြန်ဝင်လာတော့သည်။ ဤကဲ့သို့ ထူးခြားဖြစ်စဉ်နှင့် တွေ့ကြုံလိုက်ရသည်ကြောင့် လွန်စွာတုန်လှုပ်သွားမိပြီး ရှန့်ယင်သည် သူမ အစ်မ၏ သား၏ သမီး၏ သမီး၏ သမီး၏ သားမှ မွေးလာသော သမီးဖြစ်သူနှင့် ပြန်ဆုံစည်းရလိမ့်မည်ဟု မထင်မှတ်ထားမိခဲ့ချေ။ ထို့ကြောင့် သူမ အစ်မ၏ သား၏ သမီး၏ သမီး၏ သမီး၏ သားမှ မွေးလာသော သမီးသည် အရွယ်ရောက်နေခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ သူမသည် မည်သည့်အတွက် ပူဆွေးနေရသနည်း။

“နင့်ရဲ့ကိုယ်ထဲမှာ နဂါးမျိုးနွယ်ရဲ့ သွေးဆက်ရှိနေတယ်။ အဲဒါက အရမ်းကို သန့်စင်တဲ့သွေးဆက် ဖြစ်ပြီး မျိုးရိုးတစ်ခုတည်းကနေ ဆင်းသက်လာခဲ့တာ။ နင့်ရဲ့အမေက ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ ခေါင်းဆောင်အဖြစ် လျာထားခြင်းခံရတယ်ဆိုတော့ ဇာမဏီနတ်ဘုရားရဲ့ သွေးမျိုးဆက်လည်း ရှိနေမှာပဲ။ ကြောက်မက်ဖွယ်အလားအလာနဲ့ သွေးဆက်ကြောင့် နဂါးစာကလေးက ပိုင်ရှင်အဖြစ် ရွေးချယ်လိုက်တာ အသေအချာပဲ။” ရှန့်ယင် ခေါင်းညိတ်လိုက်သည်။

ရုတ်တရက်ဆိုသလို သူမစိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာသည်။ “ဒါတွေအကုန်လုံးက ကံကြမ္မာရဲ့ စီစဉ်ပေးမှုတွေပဲ။ နဂါးစာကလေးဓားကို ပြုလုပ်ခဲ့တဲ့ အချိန်တုန်းက နဂါးနဲ့ ဇာမဏီရဲ့ စွမ်းအားတွေကို ထည့်သွင်းပေါင်းစပ်ပြီး နတ်ဘုရားလက်နက်တစ်ခုအဖြစ် ဖန်တီးဖို့ ရည်ရွယ်ခဲ့တာ။ အဆုံးမှာတော့ နဂါးစာကလေးဓားကို အောင်အောင်မြင်မြင်နဲ့ ပြုလုပ်နိုင်ခဲ့ပေမဲ့ ငါတို့ရဲ့စွမ်းအားတွေ မကိုက်ညီခဲ့တာမို့ တွဲဖက်မဖြစ်ခဲ့ကြဘူး။”

ရှန့်ယင်သည် စုရှောင်လန်အား လှည့်ကြည့်ကာဖြင့် “နှစ်ပေါင်း ၈၀၀၀ ကျော် ကြာပြီးတဲ့နောက်မှာမှ ဒီဓားက နင်နဲ့တွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ နဂါးနဲ့ ဇာမဏီ သွေးမျိုးဆက် နှစ်ခုလုံးကို ပိုင်ဆိုင်ထားတာကြောင့် ဓားရဲ့ စွမ်းအားအပြည့်အဝကို ထုတ်ယူနိုင်စွမ်းရှိတာပဲ ဖြစ်လိမ့်မယ်။”

“ကံကြမ္မာရဲ့ စီရင်မှုကတော့ တကယ်ကို ရှုပ်ထွေးတာပဲနော်။” အန်လင်း ထေ့ငေါ့ကာဖြင့် ပြောလိုက်သည်။

စုရှောင်လန်သည် နဂါးစာကလေးဓားအား ဗလာမျက်လုံးများဖြင့် ကြည့်လိုက်သည်။

အရာတိုင်းမှာ တိုက်ဆိုင်မှုထက် ကျော်လွန်နေလေသည်။ အမှန်တကယ်ကို ကံကြမ္မာ၏ အလိုအတိုင်းသာ ဖြစ်သည်။

နဂါးစာကလေးဓားသည် သူမ၏လက်ထဲမှ မြောက်တက်သွားပြီးနောက် ရှန့်ယင်အား ကလေးမလေး တစ်ဦးသဖွယ်လှည့်ပတ်ဆော့ကစားနေပြီး “တွဲဖက်မဟုတ်” ဟူသည့် စကားအား ဆန့်ကျင်နေသလိုပင်။

ရှန့်ယင်သည် ပြုံးလျက်နှင့် နဂါးစာကလေးဓားအား အသာပုတ်လိုက်သည်။

ရှန့်ယင်သည် စုရှောင်လန်အား ကြည့်လိုက်ပြီး ဆုံးဖြတ်ချက် ချပြီးဟန်ရှိသည်။ “နင့်ရဲ့ နဂါးသွေးဆက်က အပြည့်အဝ အသက်မဝင်သေးဘူး။ ဘာလို့ဆို ဇာမဏီနတ်ဘုရားသွေးဆက်က အရမ်းစောစော နိုးထလာခဲ့တာကြောင့် နဂါးသွေးဆက်ရဲ့စွမ်းအားကို ကန့်သတ်ထားသလို ဖြစ်သွားတာ။”

“အဲဒါတွေ ထားလိုက်ပါ။ နဂါးသွေးဆက် နိုးထလာအောင် ကူညီပေးမယ်။ တစ်ချိန်တည်းမှာပဲ ငါ့ရဲ့ အမွေအနှစ်တွေနဲ့ ရတနာတွေကို ပေးလိုက်မယ်။”

စုရှောင်လန်မှာ အံ့ဩလွန်းသဖြင့် ကြက်သေသေနေမိသည်။

အန်လင်းမှာ ချက်ချင်းဆိုသလို ဆန္ဒပြ ဆန့်ကျင်တော့သည်။ “မမကြီး ရှန့်ယင် ခင်ဗျ.. မမကြီးရဲ့ အမွေအနှစ်တွေက စမ်းသပ်မှု ပြီးသွားတဲ့အခါကျမှ ပေးအပ်မှာဆိုတော့ လူတိုင်းကို မျှတတဲ့ အခွင့်အရေးတစ်ခု မပေးသင့်ဘူးလားဗျ။”

ရှန့်ယင် အသာရယ်မောလိုက်သည်။ “ကနဦးကတော့ ငါ့အနေနဲ့ သွေးမျိုးဆက် စမ်းသပ်မှုနဲ့ နှလုံးသားစမ်းသပ်မှု ဆိုပြီး စီစဉ်ထားတာ။ အခုတော့ ညီမလေးစုရှောင်လန်ကို ငါက သဘောကျတယ်လေ။ အဲဒီတော့ အရာအားလုံး သူ့ကိုပဲ ပေးလိုက်ဖို့ ဆုံးဖြတ်ထားတယ်။ ကန့်ကွက်စရာ ရှိလား။”

“လုံးဝ မမျှတဘူးဗျ။ ဝုတ်” တပိုင်သည် မျက်ရည်များ ရစ်ဝိုင်းကာဖြင့် ပြောလိုက်သည်။

သူသည် သင်္ချိုင်းသို့ ဝင်ရောက်သည့်အချိန်မှ စကာ သေခြင်းတရားနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း မည်သည့်ဆုလာဘ်မှ ရရှိခဲ့ခြင်း မရှိသည့်အတွက် လုံးဝ မျှတချေ။

“ဒါက ငါ့သင်္ချိုင်း၊ ငါ့ရတနာ။ အဲဒီတော့ ငါလုပ်ချင်သလို လုပ်နိုင်တယ်။” ရှန့်ယင်သည် မေးကိုမော့ကာဖြင့် နဂါးခွန်အားများ ထည့်သွင်းကာ ပြောကြားလိုက်သည်။

အန်လင်း၊ တပိုင်နှင့် ရှောင်ချိုးတို့မှာ တညီတညွတ်တည်း တုန်ယင်လာကြသည်။ မည်သည့်ကန့်ကွက်မှုမျှ မပြုလုပ်ရဲတော့ချေ။

မှန်ပေသည်။ ဤသင်္ချိုင်းမှာ သူမအပိုင်ဖြစ်သည်။ ထို့ကြောင့် သူမအနေဖြင့် အမွေအနှစ်များကို ဆွေမျိုးတော်စပ်သူကိုသာ ပေးအပ်ခြင်းမှာ ဖြစ်သင့်ပေသည်။

အန်လင်းတို့သည် စုရှောင်လန်၏ ဘောင်(မ)တော်စပ်သူ၏ရှေ့တွင် ခေါင်းငုံ့ကာဖြင့် ရှိနေကြလေတော့သည်။

(စုရှောင်လန်ရဲ့ ဂိုဏ်းကို ဗာမီလီယမ်ငှက်ဂိုဏ်းလို့ အရင်တစ်ခါကတည်းက ပြောင်းရေးထားပြီး ဖြစ်ပါတယ်။ အသိမပေးရသေးတာကြောင့် ရှုပ်သွားမှာ စိုးလို့ပါ။ ပြီးခဲ့တဲ့ စာစဉ် ၁၈ မှာ ဇာမဏီကို ဖီးနစ် ဆိုပြီး ရေးခဲ့မိပါတယ်။ အတူတူပဲ ဖြစ်ပေမဲ့ ဇာမဏီလို့ ရေးနေကျကို မှားရေးမိသွားလို့ပါ_)

***

All Chapters