← Chapters

ပုံပြင်တစ်ပုဒ်ပြောပြမယ် နားထောင်

Vol. 19 Ch. 259

ပုံပြင်တစ်ပုဒ်ပြောပြမယ် နားထောင်

Vol. 19 Ch. 259

ရှန့်ယင်၏ ကြင်နာမှုကြောင့် စုရှောင်လန်မှာ ဘာလုပ်ရမည်မှန်း မသိလောက်အောင်ပင် ဖြစ်ရသည်။

ရှန့်ယင်သည် စမ်းသပ်မှုများအား ပယ်ဖျက်ကာဖြင့် သူမ၏ အမွေအနှစ်များအား ပေးအပ်နေသည်မှာ ထူးခြားသည့်ဖြစ်ရပ်ပင် ဖြစ်သည်။

“စိုးရိမ်မနေပါနဲ့။ နဂါးသွေးဆက်နိုးထလာအောင် ကူညီပေးမယ်။” ရှန့်ယင်သည် အကြီးအကဲတစ်ဦး အနေနှင့် သူမ၏ သွေးသားတော်စပ်သူအား ကလေးတစ်ဦးသဖွယ် ကြည့်ကာဖြင့် ချစ်ခင်စွာ ပြုံးပြလိုက်ပြီးလေသည်။

စုရှောင်လန် ခေါင်းညိတ်လိုက်သည်။ သူမ၏ နဂါးသွေးဆက်ပြဿနာမှာ သူမ၏ ဖခင်ဖြစ်သူ ဖြေရှင်းပေးနိုင်သည့်အရာ မဟုတ်ချေ။ ဤပြဿနာ၏ အဖြေမှာ ဆောင်းနဂါးသင်္ချိုင်းတွင် ရှိနေလိမ့်မည်ဟု မည်သူထင်လိမ့်မည်နည်း။ သူမမျှော်လင့်မိသည့် အကြီးမားဆုံးသော ဆုလာဘ်လည်း ဖြစ်လေသည်။

ရှန့်ယင်၏မျက်ဝန်းများသည် ရွှေရောင်ပြောင်းသွားပြီး အထွတ်အထိပ်နဂါးတစ်ကောင်၏ စွမ်းအားများ ဖော်ထုတ်လိုက်သည်။ သူမ၏သွင်ပြင်မှာ နတ်ဘုရားမတစ်ပါးသဖွယ်ဖြစ်ပြီး လူတိုင်းအား အထင်သေးစွာဖြင့် ကြည့်လိုက်သည်။

အလွန်ကြီးမားသည့် မန္တန်အစီအရင်တစ်ခုသည် မြေပြင်အား လွှမ်းခြုံလိုက်လေသည်။

ကောင်းကင်နှင့်မြေပြင်၏ ချီစွမ်းအင်များ ပြင်းထန်စွာ ဝေ့ဝဲလာပြီး လေထုထဲ၌ များပြားသည့် ရွှေရောင်သင်္ကေတများ ပေါ်လာကာ စုရှောင်လန်အား ဝေ့ဝိုက်နေလေသည်။

ရှန့်ယင်၏ နှုတ်ခမ်းများမှ နဂါးဘာသာစကားများ ထွက်ပေါ်လာပြီး သူမ၏ လက်ချောင်းသွယ်သွယ်များသည် လျင်မြန်စွာဖြင့် ချိပ်တံဆိပ်တော် တစ်ခုပြီးတစ်ခု ပြုလုပ်လိုက်လေသည်။

“ဘိုးဘေးနဂါးမင်း၏ နတ်ဘုရားစွမ်းအားဖြင့် ချုပ်နှောင်မှုအကုန်ပွင့်စေ။”

အဆုံးတွင် ရှန့်ယင်သည် အန်လင်းနားလည်နိုင်သည့် စကားတစ်ခွန်း ပြောလာခဲ့ပြီး သူမ၏ လက်ချောင်းများအား စုရှောင်လန်၏ နဖူးဆီသို့ ပေးပို့လိုက်လေသည်။

ဝုန်း

မန္တန်အစီအရင် စတင်လှည့်ပတ်လာပြီး သင်္ကေတအများအပြားသည် စုရှောင်လန်၏ ခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်ဖွယ်ရာ အမြန်နှုန်းဖြင့် ဝင်ရောက်သွားကြလေသည်။

စုရှောင်လန် မျက်မှောင်ကြုတ်လိုက်ပြီး နာကျင်မှုကြောင်း ညည်းတွားလိုက်လေသည်။

ခေတ္တမျှ ကြာပြီးသည့်နောက်တွင် တစ်စုံတစ်ခု နိုးထလာသည်ကို ခံစားမိလိုက်သည်။

စုရှောင်လန်၏အော်ရာမှာ ချက်ချင်းဆိုသလို တစ်ဟုန်ထိုး တိုးတက်လာပြီး အစွမ်းထက်သည့် ဧကရီတစ်ပါးသဖွယ် ဖြစ်လာသည်။

သူမ၏ မျက်ဝန်းများသည် သန့်စင်သည့်ရွှေရောင်ဖြစ်လာပြီး နောက်ကျောတွင် ဇာမဏီတောင်ပံတစ်စုံဖြစ်ပေါ်လာပြီး သူမ၏ခန္ဓာကိုယ် ပတ်လည်တွင် အဇူရာနဂါးတစ်ကောင် ကခုန်နေသယောင်ဖြစ်ကာ အလွန်အမင်း တင့်တယ်လှပနေစေသည်။

အန်လင်းမှာ စုရှောင်လန်၏ ခြေတော်ရင်းတွင် ခစားမိတော့မတတ်ပင် ဖြစ်ရသည်။

ဤသည်မှာ စုရှောင်လန်၏ ဆင့်ကဲပြောင်းလဲလာသည့် ဗားရှင်းအသစ်များလား။ အလွန် တောက်ပလှသည်။

မကြာမီတွင် စုရှောင်လန်၏ မျက်ဝန်းများမှာ ယခင်အတိုင်း အဖြူအနက် အခြေအနေသို့ ပြန်ပြောင်းသွားကာ သူမ၏ အော်ရာမှာလည်း ပြန်လည်ယုတ်လျော့သွားသည်။

ရှန့်ယင်မှာ စွမ်းအင်အလွန်အကျွံ သုံးစွဲလိုက်ခြင်းကြောင့် ခန္ဓာကိုယ် အနည်းငယ် ယိမ်းထိုးနေလေသည်။

စုရှောင်လန်သည် အလျင်အမြန်ပင် ရှန့်ယင်အား ဖေးမလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် ကျေးဇူးတင်စကားဆိုလိုက်သည်။ “ကျေးဇူးပါ မမကြီး ရှန့်ယင်။ အဆင်ပြေရဲ့လား။”

ရှန့်ယင် ခေါင်းခါလိုက်သည်။ “အဆင်ပြေပါတယ်။ အခု အမွေအနှစ်လွှဲပြောင်းတဲ့အဆင့်ကို သွားကြစို့။ ငါ့ရဲ့ အသိပညာတွေ၊ လေ့လာထားမှုတွေနဲ့ သွေးမျိုးဆက်စွမ်းအားတွေကိုပါ အကုန်ပေးလိုက်မယ်။”

ရှန့်ယင်သည် ထိုသို့ပြောရင်း စုရှောင်လန်၏ တုံ့ပြန်မှုအား သူမသတိမမူမိပေ။ သူမ၏ လက်ချောင်းထိပ်များဖြင့် စုရှောင်လန်၏နဖူးအား နောက်တစ်ကြိမ် ထိတွေ့လိုက်ပြန်သည်။

အမွေအနှစ် လွှဲပြောင်းပေးသည့် အချိန်မှာ ပိုမိုကာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိကာ လေထုမှာလည်း လှုပ်ရှားမှု မရှိသလောက်ပင် ဖြစ်သည်။

အချိန်တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ အရှုံးသမားတစ်ဦးဖြစ်သည့် အန်လင်းသည် တပိုင်၏ကျောပေါ်တွင် ခြေကားယား လက်ကားယားဖြင့် လဲလျောင်းနေလေသည်။ ယခုအချိန်တွင် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ၏ရှေ့တွင် ကျောက်ရုပ်များသဖွယ် ငြိမ်သက်လျက်ရှိသည့် ထိုအလှပဂေးနှစ်ဦး၏ဘေးတွင် အသင့်ရပ်စောင့်ကာဖြင့် အသိအမှတ်ပြုရုံသာလျှင်ရှိတော့သည်။

“ဟေး တပိုင်ရေ.. အဲဒီ နှစ်ယောက်ထဲမှာ မင်းဘယ်သူ့ကို ပိုသဘောကျလဲ။” အန်လင်း ရုတ်တရက်ဆန်စွာ မေးလေသည်။

တပိုင်မှာ စုရှောင်လန်၏ ဆင့်ကဲပြောင်းလဲသွားသည့် ပုံစံအပေါ်တွင် အလုံးစုံ ကျရှုံးသွားနှင့်ပြီး ဖြစ်သည့်အတွက် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းဖြေလေသည်။ “သေချာပေါက် စုရှောင်လန်ပဲ။ ဝုတ်”

ဖြန်း

တပိုင်မှာ ချက်ချင်းဆိုသလို ပြင်းထန်သည့် ခေါင်းရိုက်ချက်တစ်ခု လက်ခံလိုက်ရသည်။

“နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးလိုက်မယ်။” အန်လင်း အေးစက်စွာဖြင့် ပြောသည်။

တပိုင် : “… ရှန့်ယင် ပါ။”

အန်လင်း ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သားရဲတစ်ကောင်သည် သခင်ဖြစ်သူ သဘောကျနှစ်သက်သည့် အမျိုးသမီးအား ကြိုက်နှစ်သက်ခွင့်မရှိ။

သူတို့နှစ်ဦး အဓိပ္ပါယ်မဲ့သည့်စကားများ ပြောဆိုနေကြစဉ်မှာပင် စုရှောင်လန်၏ အမွေအနှစ် လွှဲပြောင်းမှုသည်လည်း ဆုံးခန်းတိုင်ခဲ့ပြီဖြစ်သည်။

ရှန့်ယင်သည် သူမ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူမ၏မျက်နှာတွင် စိတ်ပေါ့ပါးသည့်အမူအရာများ ဖြစ်ပေါ်လာသည်။

သူမ၏ သွယ်လျလျလက်ချောင်းများကို ပင့်မြှောက်လိုက်ပြီး လေထုထဲတွင် လှိုင်းကြက်ခွပ်လေးများ ပေါ်လာပြီး သူမ၏ လက်ချောင်းနှင့် ထိလိုက်သည့်အခါ အဖြူရောင်ကွင်းဝိုင်းလေးများ ဖြစ်ပေါ်လာသည်။

ရှန့်ယင်သည် စုရှောင်လန်၏ ကြွေထည်နှင့်တူသည့် လက်များအား သူမ၏ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး လက်စွပ်တစ်ကွင်း ဝတ်ဆင်ပေးလိုက်သည်။

သူမတို့ နှစ်ဦးအပေါ်သို့ သန့်စင်မြင့်မြတ်သည့် အဖြူရောင်အလင်းတန်း ဖြာကျလာပြီး စက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာကာ သူမတို့အား ပတ်ဝန်းကျင်မှ ခွဲထုတ်လိုက်သကဲ့သို့ပင်။ ကမ္ဘာကြီးတစ်ခုလုံးတွင် သူမတို့နှစ်ဦးတည်းသာ ကျန်ရှိတော့သယောင်ပင် ဖြစ်လေသည်။

ရှန့်ယင်သည် သဘာဝဆန်ဆန်လှပသည့် အပြုံးတစ်ခု ချိတ်ဆွဲထားပြီး စုရှောင်လန်၏ မျက်နှာမှာမူ လေးစားအားကျမှုတို့ဖြင့် အနည်းငယ် နီစွေးနေလေသည်။

နူးညံ့သိမ်မွေ့သည့် အလှပဂေးနှစ်ဦးမှာ ခန်းနားထည်ဝါသည့် နန်းတော်အတွင်း ရပ်ကာဖြင့် သန့်စင်မြင့်မြတ်သည့် အလင်းတန်းအောက်တွင် လွဲပြောင်းပေးအပ်ခြင်း ပြုလုပ်နေကြလေသည်။

အန်လင်း၊ တပိုင်နှင့် ရှောင်ချိုးတို့သည် သူတို့အရှေ့ရှိ မြင်ကွင်းအား ငေးငိုင်ကာဖြင့် ကြည့်နေမိကြသည်။ သူမတို့မှာ အလွန်လှပကြသည်၊ အလွန်အေမြကြသည်။ ထိုအခိုက်အတံ့တွင် သူတို့၏ နှလုံးသားထဲရှိ တစ်စုံတစ်ခု နိုးထလာသလိုပင်။

အန်လင်း လျင်မြန်စွာပင် အသိပြန်ဝင်လာပြီး ရုတ်တရက်ဆိုသလို စုရှောင်လန်အား သူ့ထံမှ အဝေးသို့ လုယူသွားခံရတော့မလို ခံစားမိလာသည်။

ကံကောင်းစွာဖြင့်ပင် လက်စွပ်လွှဲပြောင်းခြင်း အခမ်းအနားမှာ အတော်လေး မြန်ဆန်စွာ ပြီးဆုံးသွားပြီး သန့်စင်မြင့်မြတ်ထူးဆန်းသည့် အလင်းတန်းသည်လည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

“မမကြီး ရှန့်ယင်..” စုရှောင်လန်သည် သူမ၏အရှေ့တွင် ရှိနေသည့် အမျိုးသမီးအား မိန်းမောစွာဖြင့် ကြည့်လိုက်သည်။

ရှန့်ယင်သည် သူမ၏ သွေးမျိုးဆက်အား အသက်သွင်းပေးခဲ့ပြီး အင်မော်တယ်လက်နက်များ လက်ဆောင်ပေးခဲ့ရုံသာမက သူမ ဘဝတစ်လျှောက်လုံး စုဆောင်းမိလာသည့် လေ့လာတွေ့ရှိချက်များ၊ အသိပညာများနှင့် သူမ၏ ကျန်ရှိနေသေးသော သွေးမျိုးဆက်စွမ်းအားကိုပါ စုရှောင်လန်ထံ ပေးအပ်လာခြင်းဖြစ်သည်။ ထိုကဲ့သို့သော ထူးခြားသည့်လက်ဆောင်များအား သူမ မိန်းမောနေသည့် အခြေအနေတွင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူမသည် ရှန့်ယင်၏ ဤကဲ့သို့သော ကြင်နာမှုအား လက်ခံရန် ထိုက်တန်ပါ၏လော။

ရှန့်ယင်သည် ပြုံးလျက်နှင့်ပင် လူတိုင်းအား ဝေ့ကြည့်လိုက်သည်။ “စိတ်ဝင်စားဖို့ကောင်းတဲ့ ပုံပြင်တစ်ပုဒ် နားထောင်ချင်ကြရဲ့လား။”

“နားထောင်ချင်ပါတယ်ခင်ဗျ၊ နားထောင်ချင်ပါတယ်” အန်လင်းတို့သည် သံပြိုင်အော်ဟစ်ကာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

နားမထောင်ချင်ဟု တုံ့ပြန်မိလိုက်မည်ဆိုလျှင် သေအောင်ရိုက်ခံရမည်မှာ အသေအချာပင်။

ရှန့်ယင်၏မျက်နှာတွင် အတိတ်အား တမ်းတလွမ်းမောဟန်တို့ ပေါ်လာပြီး သူမ၏ သွင်ပြင်မှာလည်း ပိုမိုကာ နူးညံ့သိမ်မွေ့လာလေသည်။ “ကောင်းပြီလေ။ ပုံပြင်လေးတစ်ပုဒ် ပြောပြရသေးတာပေါ့။ ငါ့ရဲ့ အကြောင်းပေါ့လေ...”

အန်လင်းသည် သိုလှောင်လက်စွပ်အတွင်းမှ ခွေးခြေပုလေးများအား ထုတ်ယူကာဖြင့် ခင်းကျင်းလိုက်သည်။ ဤသို့ဖြင့် သူတို့အားလုံး ထိုင်ကာ နားထောင်နိုင်ကြမည် ဖြစ်သည်။

လူတိုင်း ထိုင်လိုက်ကြပြီး ရှန့်ယင်အား မမှိတ်မသုန် ကြည့်လိုက်ကြလေသည်။ “အဆင်သင့်ဖြစ်ပါပြီ။ ပြောလို့ရပါပြီခင်ဗျ။”

ရှန့်ယင်၏နှုတ်ခမ်းများ အနည်းငယ်မဲ့သွားလေသည်။ ကောင်းမွန်သည့် အခြေအနေအား ဖျက်ဆီးခံလိုက်ရပြီဟု ခံစားနေမိသည်။

သို့သာ်လည်း ရှန့်ယင်သည် စွမ်းအားကြီးပုဂ္ဂိုလ်ပီသပေသည်။ သူမသည် လျင်မြန်စွာပင် ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီး သူမ၏ပါးစပ်အား ဖွင့်ဟကာဖြင့် ပုံပြင်တစ်ပုဒ် စတင်ပြောလာလေသည်။ သို့သော်လည်း သူမနှုတ်ခမ်းဖျားထက်မှ ယုတ္တိရှိသည့်စကားများ ထွက်ပေါ်လာမည့်အစား လှပသည့် သံစဉ်တစ်ခုသာ ထွက်ကျလာလေသည်။

လေထုထဲ၌ လှပသည့် ရစ်သမ်တစ်ခု ပျံ့လွင့်နေပြီး နတ်မိမယ်လေးတစ်ဦးမှ အလွန်လှပသည့် သီချင်းတစ်ပုဒ်အား သီဆိုနေသကဲ့သို့ပင်။ (ရစ်သမ် rhythm က တေးသွားလို့ ဆိုရပါမယ်_)

လူတိုင်းသည် ရှန့်ယင်၏ တေးသီချင်းအား နားထောင်နေစဉ်မှာပင် စိတ်အာရုံအတွင်း၌ ပုံရိပ်များ ပေါ်ပေါက်လာကြသည်။ ယင်းပုံရိပ်များမှာ သာမန်ပုံရိပ်များ ဖြစ်သည်သာမက မှတ်ဉာဏ်များ၊ စိတ်ခံစားချက်များနှင့်အတူ ထင်မြင်ချက်များလည်း ပါရှိနေလေသည်။

ပင်လယ်နက်ထဲတွင် တည်ရှိသည့် တလက်လက်တောက်ပနေသော နဂါးမင်းပိုင်နက်အား မြင်တွေ့လိုက်ရသည်။ သူတို့၏ စိတ်အာရုံအစုံမှာမူ မွေးကင်းစအရွယ်သာ ရှိနေသေးသည့် ကလေးမလေး တစ်ဦးထံတွင်သာ ရောက်ရှိနေကြသည်။ သူမ၏အမည်မှာ ရှန့်ယင် ဖြစ်သည်။

အန်လင်းသည် ရှန့်ယင်မှာ မည်သည်ကြောင့် သီချင်းသီဆိုနေသည်အား နားမလည်နိုင်ချေ။ သို့သော်လည်း သူမ၏ သီချင်းထံမှ ကမ္ဘာလောကကြီးထဲ၌ မွေးဖွားလာသော ထူးခြားသည့် ကလေးငယ်တစ်ဦး၏ သန့်စင်မှု၊ သိမ်မွေ့မှုနှင့် စိတ်ရှုပ်ထွေးမှုတို့အား အာရုံခံမိလေသည်။

ရှန့်ယင်လေးမှာ နှစ်လိုဖွယ်ကောင်းပြီး လိမ္မာလှသည်။ လှပသည့် နဂါးဦးချိုတစ်စုံကြောင့်လည်း သူမ၏ နံဘေးတွင် မနာလိုသူများနှင့် ပြည့်နှက်နေလေသည်။ ထို့အပြင် သူမသည် ဘိုးဘေးနဂါးမင်း၏ အသန့်စင်ဆုံးသွေးမျိုးဆက်အား လက်ခံရရှိခဲ့သည့်အတွက် သန့်စင်သည့် ရွှေရောင်မျက်လုံးများနှင့် မွေးဖွားလာခဲ့ပြီး သူမ၏မျိုးနွယ်စုအတွင့် တုနှိုင်းမဲ့သည့် ဖြစ်တည်မှုတစ်ခု ဖြစ်လာခဲ့သည်။

သူမ၏ ကျင့်ကြံခြင်းလမ်းစဉ်မှာလည်း လွန်စွာပါရမီမြင့်မားသည့်အတွက် များမကြာမီမှာပင် တိမ်တိုက်နဂါးအသွင်သို့ ပြောင်းလာနိုင်ပြီး နောက်ပိုင်းတွင် ချိုနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလာနိုင်သည်။

သူမ၏ သွင်ပြင်မှာ ပြိုင်ဘက်ကင်းလောက်အောင်ပင် တင့်တယ်လှပပြီး တိုက်ခိုက်စွမ်းရည်မှာလည်း မျိုးနွယ်စုတိုင်း၏ သက်တူရွယ်တူများထက် လွန်ကဲစွာ သာလွန်လေသည်။ နဂါးမင်းကိုယ်တိုင်ပင်လျှင် သူမအား ချီးကျူးဂုဏ်ပြုခဲ့ရပြီး များမကြာမီတွင် ကောင်းကင်နဂါးမယ်ဟူ၍ ကျော်ကြားလာခဲ့သည်။

သူမ၏ သီချင်းသံမှာ တဖြည်းဖြည်းချင်း အရှိန်မြင့်လာပြီး တစ်စတစ်စ ကျယ်လောင်လာလေသည်။

ရှန့်ယင်သည် ထိုက်ချူကုန်းမြေကြီးအား စူးစမ်းရှာဖွေရန် ထွက်လာခဲ့ပြီးနောက် သူမ၏ အစွမ်းထက် တိုက်ခိုက်စွမ်းရည်နှင့် လှပသည့် ရုပ်ရည်သွင်ပြင်ကြောင့် များမကြာမီမှာပင် ထိုက်ချူကုန်းမြေကြီး တစ်ခုလုံးတွင် ကောင်းကင်နဂါးမယ်၏ တည်ရှိမှုအား တပ်လှန့်လိုက်သလိုပင်။ သူမသည် နူးညံ့ကြင်နာတတ်သည့် အမျိုးသမီးတစ်ဦး မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် လူသက်လက်နက်တစ်ခုဖြစ်လာကာ သူမ၏ ခရီးစဉ်အတွင်း များပြားလှသည့် မိစ္ဆာဂိုဏ်းများအား ရှင်းလင်းသုတ်သင်ခဲ့ကာ သူမ၏ ကျင့်ကြံခြင်းမှာလည်း တရိပ်ရိပ်တိုးလာလေသည်။

သူမသည် အနောက်အရပ်ရှိ ကိုးပြည်ထောင်နိုင်ငံတော်သို့ ဦးတည်လာခဲ့သည်။

ထိုနေရာတွင် ရန်သူနတ်ဆိုးများ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းအား ခံခဲ့ရသည်။

ထိုဂိုဏ်းအား ချင်ဟွမ်ဂိုဏ်းဟု ခေါ်ပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ အကြီးအကဲ ၈ ဦးဖြင့် သူမအား ဖမ်းဆီးသတ်ဖြတ်ရန် ကြံရွယ်ခဲ့ကြသည်။

ထိုအကြီးအကဲ ၈ ဦး ပေါင်းစပ်ဖွဲ့စည်းလိုက်သည့် မန္တန်အစီအရင်မှာ အလွန်စွမ်းအားကြီးပြီး ပျက်ပြယ်ခြင်းအဆင့်အောက်ရှိ မည်သူ့ကိုမဆို သတ်ဖြတ်နိုင်စွမ်းရှိသည်။ ရှန့်ယင်သည် အတော်လေး အစွမ်းထက်သည် ဆိုသော်ငြား ပျက်ပြယ်ခြင်းအဆင့်သို့ မရောက်ရှိသေးသည့်အတွက် သေခြင်းတရားအား ရှောင်လွှဲမရနိုင်တော့ချေ။

သို့သော်လည်း ဤအခြေအနေမှာပင် သူမ၏ဘဝထဲတွင် ဖီးနစ်ငှက်ကဲ့သို့ တလက်လက်တောက်ပနေသည့် အမျိုးသားတစ်ဦး ရုတ်ချည်းပေါ်လာခဲ့သည်။

ထိုအမျိုးသားမှာ ဗာမီလီယမ်ငှက်ဂိုဏ်း၏ ထိပ်တန်းဂိုဏ်းသားတစ်ဦးဖြစ်သူ တုန်ဖန်မင် ဖြစ်လေသည်။

***

All Chapters