အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
အခန်း ၁၅၃ - ချွမ်ရွှယ်ကျုံး
သတင်းကောင်းတစ်ခုမှာ လင်ချွမ်၏ နားလည်သဘောပေါက်မှုသည် ရလဒ်များ ထွက်ပေါ်လာခြင်း ဖြစ်၏။
အမှန်စင်စစ် ဤအရာမှာ 'အသွင်ပြောင်းလဲခြင်း ၇၂ မျိုး' ထဲမှ ပထမဆုံးတစ်ခုမျှသာ ရှိသေးသည်။
လက်ရှိ လင်ချွမ်၏ အဆင့်အတန်းအရ ဤအရာမှာ ပြောပလောက်သည့်အရာ မဟုတ်ပေ။
သို့သော် လင်ချွမ်သည် မိမိ၏ နားလည်နိုင်စွမ်းနှင့် ပါရမီအပေါ် မည်သည့်အခါမှ ယုံကြည်မှု မရှိခဲ့ပေ။
အမှန်တကယ်တော့ သူ၏အစွမ်းများ တိုးတက်လာသည်နှင့်အမျှ သူ၏ပါရမီမှာလည်း အရည်အသွေးပိုင်းအရ သိသိသာသာ ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။
သို့သော် သူသည် တက်တက်ကြွကြွ ကျင့်ကြံအားထုတ်မှုမျိုး ခဲယဉ်းစွာ ပြုလုပ်လေ့ရှိသောကြောင့် ထိုအချက်ကို သတိမထားမိခဲ့ခြင်း။
'အသွင်ပြောင်းလဲခြင်း ၇၂ မျိုး' ကို စတင်နားလည်လာပြီးနောက် လင်ချွမ်သည် သူ၏ ပျင်းရိသော လူနေမှုဘဝဟောင်းဆီသို့ ပြန်သွားခဲ့၏။
ဆယ်စုနှစ်တစ်ခုကျော်ကြာ သူနှင့်အတူရှိခဲ့သော နွားအိုကြီးကို ဦးဆောင်ကာ နွားကျောင်းသည့်အလုပ်ကို ဆက်လုပ်နေခဲ့သည်။
အမှန်အတိုင်းပြောရလျှင် ဤကမ္ဘာတွင် သူနှင့်သက်တမ်းအကြာဆုံး ရှိနေခဲ့သည့်အရာမှာ ထိုနွားအိုကြီးပင်၏။
သူ ဝူတန်သို့ ရောက်ကတည်းက ဤနွားအိုကြီးမှာ ရှိနေခဲ့ခြင်း။
အချိန်ကြာလာသည်နှင့်အမျှ နွားအိုကြီးသည် လူတို့၏သဘာဝကို နားလည်လာပြီး သူပြောသော ရိုးရှင်းသည့် စကားအချို့ကိုပင် နားလည်လာခဲ့သည်။
နွားအိုကြီး၏ ကျောပေါ်တွင် တင်ပလ္လင်ခွေထိုင်ရင်း လင်ချွမ်က မြက်ပင်တစ်ပင်ကို ပါးစပ်ဖြင့် ကိုက်ကာ "နွားကြီး... သွားစို့" ဟု ခပ်တိုးတိုး ပြောလိုက်သည်။
နွားအိုကြီးကလည်း အော်မြည်ကာ ခြေလှမ်းကျဲကျဲဖြင့် တောင်အောက်သို့ ဆင်းလာခဲ့၏။
လမ်းတစ်လျှောက်တွင် လင်ချွမ်သည် ဝူတန်တပည့်များနှင့် မလွဲမသွေ ဆုံတွေ့ရသည်။
ယခုအခါ တစ်လောကလုံးက ဝူတန်မှ သာမန်နွားကျောင်းသားလေးသည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်လာသည်ကို သိရှိနေကြပြီ ဖြစ်၏။
ထို့ကြောင့် လင်ချွမ်ကို မြင်ရသော ဝူတန်တပည့်များစွာမှာ အဝေးမှနေ၍ပင် ရိုသေစွာ ဂါရဝပြုကြသည်။
သူတို့၏ အကြည့်များတွင် ခန့်ညားကြောက်ရွံ့မှုနှင့် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသည်။
ဤအရာမှာ လင်ချွမ်အနေဖြင့် ယခင်က တစ်ခါမှ မရရှိခဲ့ဖူးသည့်အရာပင်။
သို့သော် လင်ချွမ်သည် ထိုအရာအတွက် အနည်းငယ်မျှ ဝမ်းမသာမိချေ။
ဤပြောင်းလဲမှုအားလုံးအတွက် သူ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း အမှန်တကယ် ကြုံတွေ့ရသောအခါတွင်မူ သူ မတတ်သာသလို ခံစားရနေ၏။
သူ၏ အစွမ်းကို မသိကြခင်က ဝူတန်တပည့်များသည် သူ့ကို အစပြု၍ စကားပြောခြင်း၊ နောက်ပြောင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဝေးမှ မြင်လျှင်တောင် နှုတ်ဆက်ကြသေးသည်။
ယခုမူ သူ၏အစွမ်းများ ပေါ်ထွက်သွားပြီးနောက် ဝူတန်တစ်ခုလုံးတွင် သူ့ကို စကားပြောရဲသူ တစ်ယောက်မှ မရှိတော့ပေ။
ကြီးမားသော အစွမ်းသည် လေးစားမှုကို ရရှိစေသော်လည်း လူများကိုလည်း အလှမ်းဝေးသွားစေနိုင်သည်။
အကယ်၍ နှိုင်းယှဉ်ရမည်ဆိုလျှင် လင်ချွမ်သည် ယခင်က ရိုးရှင်းသော ဘဝကိုသာ ပို၍ နှစ်သက်မိသည်။
ယခုအခါ သူ၏အပေါ်တွင် သဘောထားမပြောင်းလဲဘဲ ရှိနေသူမှာ လင်ယန်ရွှယ် တစ်ယောက်သာ ရှိသည်။ ဖြစ်နိုင်သည်မှာ သူ လင်ယန်ရွှယ်နှင့် စတင်တွေ့ဆုံကတည်းက အစွမ်းထက်သည့် အနေအထားတွင် ရှိနေခဲ့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
သို့မဟုတ် လင်ယန်ရွှယ်၏ အမြင်တွင် လင်ချွမ်၏ အစွမ်းမှာ အရေးမကြီးခြင်းလည်း ဖြစ်နိုင်သည်။
မှန်ပါသည်၊ အကယ်၍ လင်ချွမ်တွင် မည်သည့်အရည်အချင်းမျှ မရှိပါက လင်ယန်ရွှယ်စိတ်ဝင်စားမည်ဟု ဆိုခြင်းမှာ လက်တွေ့မကျပေ။
ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ဆင်းရဲသားတစ်ယောက်၏ အတွင်းစိတ်မှာ မည်မျှ စိတ်ဝင်စားဖို့ကောင်းသည်ကို နားလည်ပေးချင်သူ အလွန်နည်းပါးသကဲ့သို့ပင်။
နွားကြီးသည် လင်ချွမ်ကို တင်ဆောင်ကာ တောင်ခြေရှိ သူနှင့် ရင်းနှီးပြီးသား စမ်းချောင်းလေးဆီသို့ တဖြည်းဖြည်း လျှောက်လာခဲ့သည်။
ယခင်ကလည်း နွားကျောင်းသည့် အခါတိုင်း လင်ချွမ်သည် နွားကြီးကို ဤနေရာသို့ ခေါ်လာလေ့ရှိ၏။
အချိန်ကြာလာသည်နှင့်အမျှ နွားကြီးသည်လည်း ဤလမ်းကို မှတ်မိနေခဲ့ပြီ။
လင်ချွမ်သည် သူစီးလာသော နွားကြီးကို ကြည့်ကာ စိတ်မကောင်းသလို ခံစားလိုက်ရသည်။
သတိမထားမိခင်မှာပင် ဆယ်စုနှစ်တစ်ခုကျော် ကုန်လွန်သွားခဲ့ပြီ။
နွားလေးမှာ နွားအိုကြီး ဖြစ်သွားခဲ့ပြီ။
နွားကြီးမှာ သာမန်နွားတစ်ကောင်သာ။
ဝူတန်ဂိုဏ်းမှ နွားဖြစ်သော်လည်း ၎င်း၏ သက်တမ်းမှာ အနှစ်နှစ်ဆယ်ခန့်သာ ရှိသည်။
လင်ချွမ်သည် နွားကြီး၏ သက်တမ်းမှာ ကုန်ဆုံးခါနီးနေပြီဖြစ်ကြောင်း ခံစားမိ၏။
ထိုအချက်ကို သူ ဘာမှမတတ်နိုင်ပေ။
ဤကမ္ဘာမှာ သိုင်းပညာမြင့်မားသော ကမ္ဘာဖြစ်သော်လည်း သိုင်းလောကတစ်ခုသာ ဖြစ်သည်။
၎င်းသည် နတ်ဘုံ နတ်နန်း သို့မဟုတ် မသေမျိုး အမတ တို့ကမ္ဘာ မဟုတ်ပေ။
နွားကြီးမှာလည်း မည်သည့်လျှို့ဝှက်ဆန်းကြယ်သော သွေးမျိုးဆက် သို့မဟုတ် ကျင့်ကြံမှုမျှမရှိသည့် သာမန်နွားတစ်ကောင်သာ။
လင်ချွမ်က ခေါင်းယမ်းလိုက်ပြီး ခရမ်းရောင် ကျောက်စိမ်းဆေးလုံး တစ်လုံးကို ထုတ်ကာ နွားကြီးထံ ပစ်ပေးလိုက်ရင်း "နွားကြီး... စားလိုက်စမ်း" ဟု ပြောလိုက်သည်။
နွားကြီးသည် ရေသောက်နေစဉ် လင်ချွမ်၏ စကားကို ကြားသောအခါ ခေါင်းမော့၍ အော်မြည်ကာ ပါးစပ်ဖြင့် ဆေးလုံးကို ဖမ်းယူလိုက်သည်။
ထို့နောက် နွားကြီးသည် "ပန်းကို ဝါးစားသလို" (တန်ဖိုးမသိဘဲ စားခြင်း) ဆိုသည့်အတိုင်း ပြုမူလေတော့၏။
နွားကြီးမှာ လင်ချွမ် ကျွေးသည့်အရာ၏ တန်ဖိုးကို မသိပေ။
၎င်းသည် ဆေးလုံးကို တိုက်ရိုက် ဝါးစားပြီး မျိုချလိုက်သည်။
မြေပြင်ပေါ်တွင် ဆေးလုံး၏ အပိုင်းအစအချို့ပင် ကျန်နေခဲ့၏။
သိုင်းသမား အမြောက်အမြား လိုချင်တောင့်တကြသော ထိုဆေးလုံးကို သာမန်နွားတစ်ကောင်အား ကျွေးလိုက်ခြင်းပင်။
ထိုဆေးလုံး၏ အရသာမှာ နွားကြီးအတွက် မည်သို့ရှိမည်ကို မည်သူမျှ မသိနိုင်သော်လည်း၊ အပြင်လောကရှိ သိုင်းသမားများသာ ဤမြင်ကွင်းကို မြင်လျှင် ရင်ကွဲနာကျကြမည်မှာ အသေအချာပင်။
လင်ချွမ်ကမူ ဆေးလုံးတစ်လုံးအတွက် ဂရုမစိုက်ချေ။
သူ သိချင်နေသည်မှာ အကယ်၍ ဤနွားကြီးကို ဆေးလုံးများများ ကျွေးပါက ဒဏ္ဍာရီထဲက မိစ္ဆာများကဲ့သို့ အသိဉာဏ်များ ပွင့်လာနိုင်မလား ဆိုသည်ကိုပင်။
သူ ရှုတောင်အကြောင်း စတင်ကြားသိရစဉ်က ထိုနေရာတွင် မိစ္ဆာများ ရှိလိမ့်မည်ဟု ထင်ခဲ့ဖူးသည်။
သို့သော် အဆုံးတွင် ရှုတောင် မှာ အဆင့်မြင့်သိုင်းဂိုဏ်း တစ်ခုသာ ဖြစ်နေခဲ့၏။
သူ စိတ်ကူးခဲ့သည့် နတ်ဘုရားတောင်တန်းများနှင့် အလှမ်းဝေးလှသည်။
သို့သော် ယခုမူ သူသည် မိမိလက်ဖြင့် အမှန်တကယ် မိစ္ဆာတစ်ကောင်ကို ဖန်တီးရန် အခွင့်အရေး ရနေပြီ။
သို့သော် အတော်ကြာအောင် စောင့်ကြည့်သော်လည်း နွားကြီးမှာ မည်သည့်ထူးခြားမှုမျှ မရှိခဲ့ပေ။
ဆေးလုံးကို စားပြီးနောက် နွားကြီးသည် တစ်ချက်အော်ကာ မြက်ကိုသာ ဆက်စားနေခဲ့သည်။
သူစားလိုက်သည်မှာ တန်ဖိုးကြီးဆေးလုံးမဟုတ်ဘဲ သာမန်ဆေးလုံးတစ်လုံးကဲ့သို့ပင်။
တည်ငြိမ်လှသော လင်ချွမ်ပင်လျှင် ထိုအချိန်တွင် ဆွံ့အသွားခဲ့၏။
အပြင်ပန်းကြည့်လျှင် နွားကြီး၌ မည်သည့်
အပြောင်းအလဲမျှ မရှိပေ။
လင်ချွမ်က သံသယရှိသဖြင့် နွားနားသို့ သွားကာ ၎င်း၏ကိုယ်ပေါ်သို့ လက်တင်လိုက်သည်။
နွားကြီး၏ ခန္ဓာကိုယ်အတွင်းပိုင်း အခြေအနေကို သေချာစွာ အာရုံခံကြည့်ပြီးနောက်မှ လင်ချွမ်သက်ပြင်းချနိုင်တော့၏။
ဆေးလုံးက အလဟဿ မဖြစ်ခဲ့ပါ။
နွားကြီး၏ ခန္ဓာကိုယ်အတွင်း၌ များပြားသော အတွင်းအား များ ပေါ်ပေါက်လာခဲ့သည်။
သို့သော် နွား၏အသိဉာဏ်ဖြင့် ထိုအတွင်းအားများကို မည်သို့အသုံးပြုရမည်ကို မသိပေ။
ထိုအားများသည် နွား၏ကိုယ်ထဲတွင် လင်ချွမ်တစ်ခါမှ မမြင်ဖူးသည့် ပုံစံဖြင့် စီးဆင်းနေကြသည်။
လင်ချွမ်၏ လက်ရှိအမြင်အရ ထိုအတွင်းအား စီးဆင်းမှုမှာ အလွန်ပင် အခြေခံကျလှသည်။
သို့သော် တိရစ္ဆာန်များ၏ အကြောဖွဲ့စည်းပုံမှာ လူများနှင့် အလွန်ကွာခြားလှသဖြင့် လူသားကျင့်စဉ်များ၏ အမြင်နှင့် တိုင်းတာ၍ မရနိုင်ပေ။
ထို့ပြင် အတွင်းအားက နွားကြီး၏ ပါရမီနှင့် အသိဉာဏ်ကို ပြောင်းလဲပေးနိုင်မလား ဆိုသည်ကိုလည်း သူ မသေချာပါ။
ဒဏ္ဍာရီထဲမှ မိစ္ဆာများ အသိဉာဏ်ပွင့်လာရခြင်းမှာ ဝိညာဉ်စွမ်းအင်ကြောင့်ပင်။
အတွင်းအားမှာမူ ထိုသို့သော အကျိုးသက်ရောက်မှု ရှိချင်မှ ရှိလိမ့်မည်။
သို့သော် လက်ရှိတွင် လင်ချွမ် အနေဖြင့် ဤမျှသာ တတ်နိုင်သေးသည်။
သိုင်းပညာရှင် တစ်ယောက်ပင်လျှင် သူတစ်ပါး၏ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းကို မပြောင်းလဲနိုင်ပေ။
မိမိကိုယ်ကိုယ် ပြောင်းလဲရန်သာ အတတ်နိုင်ဆုံး ကြိုးစားနိုင်သည်။
အတွင်းအားအပြင် နွားကြီး၏ ကျန်းမာရေး အခြေအနေမှာလည်း အနည်းငယ် တိုးတက်လာပုံရသည်။
ဆေးလုံး၏ အသက်ရှည်စေသောအာနိသင်မှာ နွားပေါ်တွင်လည်း သက်ရောက်ပုံပင်။
အကယ်၍ ထိုဆေးလုံးကိုသုံး၍ နွားကြီးကို 'ပထမတန်းစား သိုင်းပညာရှင်' အဆင့်ထိ ရောက်အောင် မွေးမြူနိုင်လျှင် သက်တမ်း မည်မျှတိုးလာမည်ကို မသိနိုင်ပေ။
သို့သော် ထိုအရာမှာ စိတ်ကူးယဉ်စရာသာ ဖြစ်ကောင်းဖြစ်လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် နွားကြီးသည် ကျင့်ကြံခြင်းကို နားမလည်သဖြင့် အဆင့်တစ်ခုကို ကျော်ဖြတ်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
ကျင့်ကြံမှုအဆင့် မတက်ဘဲ အတွင်းအားများသာ စုပုံနေပါက အဓိပ္ပာယ်မရှိရုံသာမက အချိန်ကိုက်ဗုံးတစ်ခုကဲ့သို့ပင် ဖြစ်သွားနိုင်၏။
မည်သည့်အချိန်တွင် ထိုအားများ ပေါက်ကွဲ၍ နွားကြီး ပြာဖြစ်သွားမည်ကို မည်သူမျှ မသိနိုင်ပေ။
လင်ချွမ် ခေါင်းယမ်းလိုက်ကာ ထိုအကြောင်းကို ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ နွားကြီးသည် အမှန်တကယ် ပြောင်းလဲနိုင်ပါက သူသည် ဆေးလုံးများကို မနှမြောဘဲ ကျွေး၍ 'ကိုးဆင့်မြောက် သိုင်းသမား' ဖြစ်အောင် ပျိုးထောင်ပေးမည်။
သို့သော် ထိုအားများမှာ အလဟဿသာ ဖြစ်မည်ဆိုလျှင် လင်ချွမ်အနေဖြင့် အဓိပ္ပာယ်မဲ့သော အလုပ်များကို ဆက်လုပ်မည် မဟုတ်ပါ။
နွားကြီးသည် လင်ချွမ်၏ အတွေးကို သိနေသည့်အလား ခေါင်းမော့ကာ လင်ချွမ်၏ လက်ဖဝါးကို ပွတ်သပ်ရင်း တစ်ချက်အော်မြည်လိုက်လေတော့သည်။
(TN note - 'ချွမ်ရွှယ်ကျုံး' ကို ဒီအပိုင်းမှာ ဘာလဲဆိုတာ မဖော်ပြခဲ့ပေမယ့် နောက်အပိုင်းတွေမှာအရေးကြီးတဲ့ နာမည်တစ်ခု အဖြစ် ပါဝင်လာမှာပါ၊ မူရင်းစာရေးသူကိုယ်တိုင်က ဒီအပိုင်းမှာ ဒီနာမည်ရဲ့ ဆိုလိုရင်းကို မဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်^^)
အခန်း ၁၅၄ - စစ်မှန်သော မြေဆိုးဝိညာဉ် ၇၂ ပါး သိုင်းပညာ
နောက်ထပ် နှစ်နှစ်တာကာလအတွင်း လင်ချွမ်သည် လူအများ၏အမြင်မှ ပျောက်ကွယ်သွားခဲ့ပုံရသည်။
ထိုနှစ်နှစ်အတွင်း သူသည် နွားကျောင်းသားဘဝသို့ လုံးလုံးလျားလျား ပြန်လည်ရောက်ရှိသွားခဲ့၏။
မသေနိုင်သော ကျင့်စဉ်များကို လိုက်လံမရှာဖွေတော့သလို၊ ကျော်ကြားသော သမိုင်းဝင်နေရာများသို့လည်း လည်ပတ်ခြင်းမပြုတော့ပေ။
သူသည် ရှောင်းယောက် တောင်ထွတ်တွင်သာ အေးအေးချမ်းချမ်း နေပြီး ကျင့်ကြံနေထိုင်ခဲ့သည်။
ထိုနှစ်နှစ်အတွင်း အနောက်ဘက်ဒေသမှ နတ်ဆိုးဂိုဏ်း သည်လည်း လုံးလုံးလျားလျား တစ်စည်းတစ်လုံးတည်း ဖြစ်သွားခဲ့သည်။
လင်ချွမ်သည် နောက်ကွယ်မှ အင်အားကြီး ထောက်တိုင်အဖြစ် ရှိနေခြင်းနှင့် လင်ယန်ရွှယ် ကိုယ်တိုင်၏ ထူးကဲသော စွမ်းရည်တို့ကြောင့် ဤရည်မှန်းချက်ကို အောင်မြင်ခဲ့ခြင်းဖြစ်သည်။
လင်ယန်ရွှယ်သည် နတ်ဆိုးဂိုဏ်းကို ပေါင်းစည်းရာတွင် အတားအဆီးဟူ၍ လုံးဝမရှိသလောက်ပင်။
ခွန်အားပိုင်းတွင် တစ်ခုလုံးသော နတ်ဆိုးဂိုဏ်းအတွင်း လင်ယန်ရွှယ်ကို တစ်ချက်တည်းနှင့် ယှဉ်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။
အခြားသော နတ်ဆိုးဂိုဏ်းကြီးများတွင် လျှို့ဝှက်အင်အားစုများ ရှိနေသေးသော်လည်း၊ ၎င်းမှာ နတ်ဆိုးဂိုဏ်းအတွင်းပိုင်း အားပြိုင်မှုမျှသာ။
မည်သူမျှ ဤကိစ္စအတွက် နတ်ဆိုးဂိုဏ်း၏ အရင်းအမြစ်များကို အဆုံးရှုံးမခံလိုကြပေ။
ထို့အပြင် လင်ယန်ရွှယ်သည်လည်း ၎င်းတို့ကို အမြစ်ပြတ်သတ်ဖြတ်သည်အထိ အစွန်းမရောက်ခဲ့ပေ။
ထို့ကြောင့်ပင် အခြားသော နတ်ဆိုးဂိုဏ်းများက လွယ်လွယ်ကူကူ အရှုံးပေးခဲ့ကြခြင်းဖြစ်သည်။
နတ်ဆိုးဂိုဏ်းသားများသည် သဘာဝအရပင် အတ္တကြီးပြီး ကိုယ်ကျိုးရှာသူများဖြစ်ရာ ဂိုဏ်းအတွက်နှင့် အသက်အသေခံမည့်သူ မရှိသလောက်ပင်။
နှစ်နှစ်တိုင်တိုင် ကြာမြင့်ခဲ့ရသည့် အကြောင်းရင်းမှာ...
အမှန်တကယ်တွင် တိုက်ခိုက်သိမ်းပိုက်ခြင်းထက် နောက်ဆက်တွဲ စုစည်းမှုများကြောင့် အချိန်ကုန်သွားခြင်းဖြစ်သည်။
နတ်ဆိုးဂိုဏ်းတစ်ခုလုံးကို သိမ်းပိုက်ရန် တစ်လကျော်သာ ကြာခဲ့သော်လည်း၊ ဂိုဏ်းအသီးသီးကို ပေါင်းစည်းခြင်း၊ အရင်းအမြစ်များ ခွဲဝေခြင်းနှင့် အခြားသော ကိစ္စရပ်များကို စီမံခန့်ခွဲခြင်းက ပို၍ ခေါင်းခဲစရာ ကောင်းခဲ့၏။
လင်ယန်ရွှယ်သည် ပထမဆုံးအကြိမ်အဖြစ် ဧကရီတစ်ပါး၏ ဘဝကို တွေ့ကြုံခံစားခဲ့ရသည်။
၎င်းမှာ ဟယ်ဟွမ်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်စဉ်က မကြုံခဲ့ရဖူးသော အတွေ့အကြုံမျိုးဖြစ်၏။
ဟယ်ဟွမ်းဂိုဏ်းသည် နတ်ဆိုးဂိုဏ်းကြီး လေးခုထဲမှ တစ်ခုဖြစ်သော်လည်း အမှန်တကယ်တွင် တပည့်အနည်းငယ်သာ ရှိပြီး ကိစ္စအဝဝကို အကြီးအကဲများကသာ ကိုင်တွယ်ခဲ့သဖြင့် လင်ယန်ရွှယ်အတွက် ပူပန်စရာ မရှိခဲ့ပေ။
သို့သော် ယခုမူ အခြေအနေက ကွဲပြားသွားပြီပင်။
နတ်ဆိုးဂိုဏ်းကြီး လေးခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်သောအခါ များစွာသော ကိစ္စရပ်များကို လင်ယန်ရွှယ် ကိုယ်တိုင်သာ ဆုံးဖြတ်ရတော့သည်။
မူလဂိုဏ်းချုပ်များနှင့် အကြီးအကဲများအကြား အငြင်းပွားမှုများ ဖြစ်ပေါ်လာပြီး မည်သူကမျှ တစ်ဦးကိုတစ်ဦး အလျှော့မပေးလိုကြပေ။
နတ်ဆိုးဂိုဏ်းသည် အစဉ်အမြဲပင် ခွန်အားကြီးသူကသာ အာဏာရှိသည့်နေရာဖြစ်ရာ၊ အင်အားမရှိလျှင် လင်ယန်ရွှယ်၏ သားဖြစ်သူ ပြောသည့်စကားပင် အရာထင်မည်မဟုတ်ပေ။
ထို့ကြောင့် လင်ယန်ရွှယ်သည် ကိစ္စအဝဝကို ကိုယ်တိုင်ကိုင်တွယ်ခဲ့ရသည်။
နှစ်နှစ်အကြာတွင် လင်ယန်ရွှယ်သည် နတ်ဆိုးဂိုဏ်းကြီး လေးခုကို စုစည်းပြီး ဂိုဏ်းတစ်ခုတည်းအဖြစ် ပေါ်ပေါက်လာစေခဲ့သည်။
ထိုဂိုဏ်းသစ်၏ အမည်မှာ အလွန်စိတ်ဝင်စားဖို့ကောင်း၏။
"ချွမ်ရွှယ်ဂိုဏ်း" ဟု ခေါ်သည်။
လင်ချွမ် မှ 'ချွမ်' နှင့် လင်ယန်ရွှယ် မှ 'ရွှယ်' ကို ပေါင်းစပ်ထားခြင်းဖြစ်ရာ အမည်၏ အဓိပ္ပာယ်မှာ ထင်ရှားလှသည်။
ဤအမည်ကို သတ်မှတ်စဉ်က လင်ယန်ရွှယ်၏ တစ်ဦးတည်းသော ဆုံးဖြတ်ချက်ဖြစ်သော်လည်း နတ်ဆိုးဂိုဏ်းအတွင်း မည်သူမျှ ကန့်ကွက်ခြင်းမပြုဝံ့ကြပေ။
နှစ်နှစ်တာ ပြုပြင်ပြောင်းလဲမှုများအပြီးတွင် ချွမ်ရွှယ်ဂိုဏ်းသည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
လင်ယန်ရွှယ်သည် ဂိုဏ်းချုပ်ဖြစ်ပြီး၊ ရှိုလော် နှင့် လင်ယန်ရွှယ်တို့ နှစ်ဦးစလုံး ယုံကြည်ရသော ဟယ်ဟွမ်းဂိုဏ်းမှ အကြီးအကဲဟောင်းတစ်ဦးက ဒု-ဂိုဏ်းချုပ် ဖြစ်လာသည်။
၎င်းတို့၏အောက်တွင် အကြီးအကဲများစွာ ရှိကြပြီး အများစုမှာ ဟယ်ဟွမ်းဂိုဏ်းနှင့် အသူရာ ဂိုဏ်း မှ ဖြစ်ကြသည်။
အခြားသော နတ်ဆိုးဂိုဏ်းချုပ်များမှာလည်း အကြီးအကဲများအဖြစ် တာဝန်ယူရလေ၏။
အချို့သော တပည့်များက မတရားဟု ခံစားရသော်လည်း နတ်ဆိုးဂိုဏ်းသည် မည်သည့်အခါမျှ တရားမျှတမှုကို တန်ဖိုးထားသည့် နေရာမဟုတ်ပေ။
လင်ယန်ရွှယ်သည် အင်အားအကြီးဆုံးဖြစ်သဖြင့် သူမ၏စကားသည်သာ အတည်ပင်။
ချွမ်ရွှယ်ဂိုဏ်း၏ ကိစ္စရပ်များကို အခြေချပြီးသည်နှင့် လင်ယန်ရွှယ်သည် ချက်ချင်းပင် ထွက်ပြေးခဲ့သည်။
သူမသည် ထိုဂိုဏ်းတွင် တစ်မိနစ်မျှပင် ဆက်မနေလိုတော့ပေ။
ဤဂိုဏ်းသည် သူမကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သူမနှင့် လင်ချွမ်အတွက် မျှော်လင့်ချက်များကို ကိုယ်စားပြုသော်လည်း၊ နေ့စဉ် ကြုံတွေ့နေရသော အလုပ်ရှုပ်မှုများကို သူမ အလွန်ငြီးငွေ့နေပြီဖြစ်၏။
နှစ်နှစ်တာအတွင်း သူမသည် သုံးကြိမ်သာ ခိုးထွက်နိုင်ခဲ့သည်။
တစ်ကြိမ်စီတွင် လင်ချွမ်ကို သွားရောက်တွေ့ဆုံပြီး စကားအနည်းငယ် ပြောခွင့်ရခဲ့သော်လည်း၊ ဝူတန်တောင်ခြေတွင် စောင့်နေကြသော တပည့်များ၏ ပြန်ခေါ်ခြင်းကို ခံခဲ့ရသည်။
ဤအကြံကို ပေးသူမှာ ကျန်းခွေ့ နှင့် စုမေ့အာ တို့ ဖြစ်ကြသည်။
သူတို့နှစ်ဦးသည် လင်ယန်ရွှယ်ကို အလွန်သိကြ၏။
အခြားကိစ္စများတွင် မပြောရဲသော်လည်း လင်ယန်ရွှယ် ပျောက်သွားလျှင် လင်ချွမ်ထံ သွားခြင်းသာ ဖြစ်ရမည်ဟု သူတို့ အသေအချာ သိထားကြသည်။
ထို့ကြောင့် ဂိုဏ်းချုပ်ပျောက်ဆုံးမှုကြောင့် ဂိုဏ်းတစ်ခုလုံး ပွက်လောရိုက်ခြင်းကို ကာကွယ်ရန် ဝူတန်တောင်ခြေတွင် တပည့်များကို အလှည့်ကျ စောင့်ကြည့်ခိုင်းထားခဲ့ခြင်း။
ဝူတန်တောင်တန်းအတွက်မူ ဤနှစ်နှစ်တာသည် အလွန်အေးချမ်းသော ကာလဖြစ်ခဲ့သည်။
အရာအားလုံးသည် မူလအခြေအနေသို့ ပြန်ရောက်သွားသကဲ့သို့ပင်။
လင်ချွမ်သည်လည်း အေးအေးဆေးဆေး နွားကျောင်းနေခဲ့သည်။
ထိုအတောအတွင်း လင်ချွမ်သည် သူ၏နွားကြီးကို ဇီကျင်းယွီရုံဆေးလုံး (ခရမ်းရောင် ကျောက်စိမ်း ဆေးလုံး) အချို့ကို တိုက်ကျွေးခဲ့သည်။
ထိုဆေးလုံးများကြောင့် နွားကြီး၏ ခန္ဓာကိုယ်ထဲတွင် အတွင်းအားများစွာ စုစည်းလာခဲ့၏။
နွားကြီး၏ ခန္ဓာကိုယ်ထဲတွင် အလိုအလျောက် ပေါ်ပေါက်လာသော ကျင့်စဉ်မှာ သာမန်မျှသာဖြစ်ပြီး နှစ်နှစ်အကြာတွင် နွားကြီးသည် ကိုယ်ခံပညာရှင်တစ်ဦး၏ ခွန်အားမျိုးကို ရရှိလာသော်လည်း နဝမအဆင့် ကိုပင် မမီသေးပေ။
လင်ချွမ်၏ လက်ရှိအမြင်အရ ထိုကျင့်စဉ်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်ရန် မခဲယဉ်းသော်လည်း၊ ပြဿနာမှာ နွားကြီးကို သင်ကြားပေး၍ မရခြင်းဖြစ်နေ၏။
"နွားနားတရားဟော" သကဲ့သို့ပင်။
လင်ချွမ်သည် နွားကြီး၏ ဉာဏ်ရည်ကို ဖွင့်ပေးနိုင်သည်အထိ မာန်မာနမထောင်လွှားလိုသဖြင့် အရာအားလုံးကို ကံတရားအတိုင်းသာ လွှတ်ထားခဲ့သည်။
သူကိုယ်တိုင်မူ အသွင်ပြောင်းခြင်း ၇၂ မျိုး ပညာ ထဲမှ ပထမဆုံးအတတ်ကို တတ်မြောက်သွားပြီပင်။
အမှန်စင်စစ် ၎င်းမှာ ရုပ်ဖျက်အတတ်မျှသာ မဟုတ်ဘဲ စစ်မှန်သော မြေဆိုးဝိညာဉ် ၇၂ ပါး သိုင်းပညာ တစ်ခု ဖြစ်နေ၏။
လင်ချွမ် ရရှိခဲ့သော ပထမဆုံးအတတ်မှာ နတ်ဘုရားများကို စေခိုင်းခြင်း အတတ် ဖြစ်သည်။
(TN note - ဒီနေရာမှာ မူလအစက လင်ချွမ် သိထားတာက 'အသွင်ပြောင်းခြင်း ၇၂ မျိုးပညာ' ပေါ့နော်၊ သူသိထားတာက ဒီပညာရပ် ၇၂ ပါးဆိုတာ အသွင်ပြောင်းခြင်း၊ ရုပ်ဖျက်ခြင်းနဲ့ပဲ သက်ဆိုင်တယ်ပေါ့၊ တကယ်အစစ်အမှန်က အဲ့ပညာရပ်က 'မြေဆိုးဝိညာဉ် ၇၂ ပါး သိုင်းပညာ' ဖြစ်နေပြီး အဲ့ထဲကမှ သူက 'နတ်ဘုရားများကို စေခိုင်းခြင်း' ပထမဆုံး အတတ်ကို ရရှိသွားတာပါ။ နောက်အပိုင်းတွေမှာ မြေဆိုးဝိညာဉ် ၇၂ ပါး သိုင်းပညာ လို့ပဲ သုံးသွားပါမယ်။ ဘာသာပြန်သူဘက်မှ အပြောင်းအလဲ လုပ်ခြင်းမဟုတ်ပဲ မူရင်းဝတ္ထုအတိုင်းကိုသာ ဘာသာပြန်ထားပါတယ်)
အမည်အတိုင်းပင် နတ်ဘုရားများကို အမိန့်ပေးစေခိုင်းနိုင်ခြင်းဖြစ်၏။
သို့သော် လင်ချွမ်သည် အတတ်ကို တတ်မြောက်သော်လည်း စေခိုင်းရန် နတ်ဘုရားမရှိသေးပေ။
အမှန်တကယ် စေခိုင်းနိုင်ရန် ယဇ်ပလ္လင်ပူဇော်
ခြင်းနှင့် ထုံးတမ်းစဉ်လာများ ပြုလုပ်ရန် လိုအပ်သည်။
ဤမြေဆိုး ဝိညာဉ်နတ်ဆိုးအတတ်များထဲတွင် 'ဓားကို ထိန်းချုပ်ခြင်း' နှင့် 'လေကို နှင်ခြင်း' ကဲ့သို့သော အတတ်များလည်း ပါဝင်သော်လည်း လင်ချွမ်မှာ ထိုအတတ်ပညာများကို အခြားနည်းဖြင့် တတ်မြောက်ထားပြီး ဖြစ်၏။
အချို့သော အတတ်များဖြစ်သည့် 'ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ခွဲထုတ်ခြင်း' ကဲ့သို့သော အတတ်များကိုမူ သူ တစ်သက်လုံး သုံးရန် လိုမည်မဟုတ်ဟု ယူဆထား၏။
စနစ်က သူ၏ လက်ရှိစွမ်းရည်များကို အတတ် ၇၂ ပါးစာရင်းတွင် အသိအမှတ်မပြုသေးသဖြင့် နောင်တွင် အခြားနည်းလမ်းများဖြင့် ထပ်မံရရှိရန် လိုအပ်ဦးမည်။
လင်ချွမ်သည် အတတ်သစ်များကို အတင်းအဓမ္မ လိုက်လံမရှာဖွေသေးဘဲ အခြားသော အခွင့်အရေးများကိုသာ မျှော်လင့်ရင်း အေးဆေးစွာ ဆက်လက်နေထိုင်ခဲ့လေသည်။